Chapter 24
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 24 - ယင်ဟန်ကိုသတိထား
အပိုင်း (၂၄) – ယင်ဟန်ကိုသတိထား
👻👻👻
ရိုက်ကူးရေးလုပ်နေတာကြောင့် သူတို့ရုပ်ဖျက်ပြီးလာလို့မဖြစ်ပေ။ ထို့ကြောင့်နှစ်ယောက်စလုံး နေကာမျက်မှန်များတပ်ကာ လေဆိပ်၌ပေါ်ပေါ်ထင်ထင်ထွက်ပေါ်လာသည်။ သူတို့နောက်တွင်ကင်မရာထမ်းထားသောလူများစွာလိုက်ပါလာပြီး ထိုခမ်းနားသည့်မြင်ကွင်းက လူတိုင်း၏အာရုံကိုချက်ချင်းဖမ်းစားသွားသည်။
ထို့နောက် စက္ကန့်ပိုင်းအတွင်း လူအားလုံးကသူတို့ရှေ့တွင်ရပ်နေသော ချောမောခံ့ညားသည့်အမျိုးသားနှစ်ဦးကိုမှတ်မိသွားသည်။ ဒါခုတလောနာမည်အရမ်းကြီးနေတဲ့ ရုပ်ရှင်ဧကရာဇ်ကုန်းနဲ့ ရေခဲမင်းသားလေးဝမ်ကယ်မဟုတ်လား? မိန်းကလေးငယ်များစွာ က စိတ်လှုပ်ရှားပြီးချက်ချင်းအော်ဟစ်လိုက်ကြသည်။ သူတို့ကကိုယ်ရံတော်များသာဝန်းရံမထားလျှင် ဆာလောင်မွတ်သိပ်နေသောဝံပုေလွများလို သူတို့ထံပြေးဝင်လာလောက်သည်။
ဘေးပတ်ဝန်းကျင်၌အတော်လေးဆူညံသွားသည်။ သို့သော်သူတို့နှစ်ဦးကိုကင်မရာများချိန်ထားဆဲဖြစ်ကာ ရိုက်ကူးရေးဆက်လက်လုပ်ဆောင်နေသည်။ ကုန်းကျယ်က ဝမ်ကယ်ဆီလျှောက်သွားချင်စိတ်ကိုထိန်းကာ ဝမ်ကယ်နှင့်ေခြလှမ်းသုံးလှမ်းအကွာမှာရပ်လိုက်သည်။ ကုန်းကျယ်ပြုံးပြကာ ဝမ်ကယ်ထံသို့လက်ဆန့်ထုတ်ရင်း:
“ထပ်တွေ့ပြန်ပြီနော်။ ဒီတစ်ခေါက်လည်း ကောင်းကောင်းလက်တွဲနိုင်ဖို့မျှော်လင့်ပါတယ်။”
ဝမ်ကယ်ကလည်း လက်ဆန့်၍ပြန်လည်လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူက ကုန်းကျယ်လက်ကိုင်ပြီးနှစ်စက္ကန်ေလာက်ကြာတော့ပြန်လွှတ်ချင်သည်။ သို့သော် ကုန်းကျယ်ကဝမ်ကယ့်လက်ကိုဖမ်းဆုပ်ကာ လက်ဖဝါးကိုအသာကုတ်လိုက်၏။ ဝမ်ကယ်ကနှုတ်ခမ်းကိုအတင်းပြုံးထားရင်းပြောလိုက်သည်။
“ကောင်းကောင်းလက်တွဲကြမယ်။”
နှုတ်ဆက်ပြီးနောက် သူတို့နှစ်ဦးအတူတူဝင်လာသည်။ အထဲရောက်တော့ ရိုက်ကူးရေးအဖွဲ့၏ LOGO အမှတ်တံဆိပ်ကိုအလွန်ထင်ရှားစွာချိတ်ဆွဲထားသည်။ သူတို့ကို တခြားသူများက အဝေးကနေလက်ပြနှုတ်ဆက်နေတာမြင်ရသည်။ သို့နှင့် သူတို့လည်းပြန်လည်လက်ပြလိုက်သည်။
နားနေခန်းထဲဝင်သည်နှင့် မိန်းကလေး(၄)ဦးက သူတို့အားနွေးထွေးစွာလာနှုတ်ဆက်သည်။ ယခင်ကကြိုတင်အစည်းအဝေးလုပ်ဖူးတာကြောင့် သူတို့ ယခုမှအခြားသူများနှင့်ပထမဆုံးဆုံဖူးသော်လည်း လေထုကသိပ်ကိုးရိုးကားယားမနိုင်လှပေ။
ကုန်းကျယ်နှင့်ဝမ်ကယ်တို့ကိုယ်တိုင်လည်း တရင်းတနှီးနေတတ်သူများမဟုတ်တာကြောင့် သူတို့ပုံစံကသိပ်တက်တက်ကြွကြွမရှိပေ။ သို့သော် သူတို့က သိပ်တည်တည်တံ့တံ့မနေဘဲ မိန်းကလေးများစကားပြောသည့်အခါ အလိုက်အထိုက်ပြန်ပြောဖြစ်ကြသည်။
သူတို့အားနှုတ်ဆက်ပြီးနောက် မိန်းကလေးများကမိမိတို့ထိုင်ခုံေနရာများတွင်ပြန်ဝင်ထိုင်လိုက်သည်။ သူတို့ကနတ်ဘုရားနှစ်ပါးရှေ့တွင် ဆက်ပြီးရင်းနှီးမှုရအောင်လုပ်ချင်ေသးသော်လည်း လူချင်းသိပ်မရင်းနှီးသေးသလို၊ နတ်ဘုရားနှစ်ပါးကလည်း သူတို့အပေါ်ဟက်ဟက်ပက်ပက်ရှိပုံမရတာကြောင့် ရွေးစရာမရှိသည့်အဆုံး လေယာဉ်စီးနင်းရန်ပြင်ဆင်ရင်းဖြည်းညင်းစွာစောင့်ဆိုင်းလိုက်သည်။
မိန်းကလေးများထွက်သွားသည်နှင့် ယွီရန်နှင့်ယင်ဟန်က သူတို့ထံလာနှုတ်ဆက်သည်။
“ဆရာကုန်း၊ ဆရာဝမ်။”
ယွီရန်ကကျန်ဧည့်သည်များနှင့်သိပ်မရင်းနှီးတာကြောင့် သူတို့မလာခင်နာရီဝက်ခန့်အလိုက စကားေပြာရင်းအိုးတိုးအမ်းတမ်းဖြစ်ကာဘာလုပ်ရမှန်းမသိဖြစ်နေသည်။ ထို့နောက် သူနှင့်သိသည့် ကုန်းကျယ်နှင့်ဝမ်ကယ်ရောက်လာတာမြင်တော့ သူမနေနိုင်ဘဲစိတ်သက်သာရာရပြီးသက်ပြင်းချလိုက်သည်။ သူ၏နှုတ်ဆက်စကားဆိုသည့်လေသံမှာလည်း မသိမသာပိုမိုရင်းနှီးနေသည်။
ကုန်းကျယ်ကခေါင်းညိတ်တုံ့ပြန်လိုက်၏။ ဝမ်ကယ်ကပြုံးကာ ယွီရန်ပခုံးကိုပုတ်လိုက်သည်။ သူနှင့်ယွီရန်က ကုမ္ပဏီတစ်ခုတည်းမှအနုပညာညီအစ်ကိုများဖြစ်တာကြောင့် ဆက်ဆံရေးပိုမိုကောင်းမွန်သည်ဟုဆိုနိုင်သည်။
ထင်သည့်အတိုင်း ယွီရန်အပေါ်ဝမ်ကယ့်သဘောထားကိုမြင်တော့ တစ်ယောက်ကချက်ချင်းဝင်မေးသည်။
“ဆရာဝမ်နဲ့ရှောင်ယွီရန်တို့ကသိကြတာလား။”
ဝမ်ကယ်ကခေါင်းညိတ်လိုက်သည်။
“ကျွန်တော်နဲ့သူက ကုမ္ပဏီတစ်ခုတည်းလေ၊ အနုပညာလုပ်ဖော်ကိုင်ဖက်တွေဆိုပါတော့။”
စွန်းရှောင်ဖေးကမိုက်ခရိုဖုန်းတပ်ရန်ပြင်ရင်း ရုတ်တရက်စကားတစ်ခွန်းေပြာသံကြားတော့အမြန်ပြန်ပြေးလာသည်။ သူ(မ)က ယွီရန်လက်မောင်းကိုကိုင်ကာ အလေးအနက်ပြောလိုက်သည်။
“ဒါဆိုကျွန်မ ယွီရန်လေးပေါင်ကိုသေချာဖက်ထားရမယ်။ ပြောမရဘူး၊ နောင်ကျမင်းသားလေးဝမ်ကိုယ်တိုင်ရေးပေးတဲ့သီချင်းတစ်ပုဒ်လောက်ရချင်ရလာမှာ။”
စွန်းရှောင်ဖေးက သဘာဝရသစုံရှိုးအတွက်မွေးဖွားလာသလားထင်မှတ်ရသည်။ သူ(မ)က သွက်သွက်လက်လက်ဖြင့် ရေလိုက်ငါးလိုက်နေတတ်ကာ ရှိုးအတွက်ပထမဆုံးေသာရယ်မောသံများကိုဆောင်ကျဉ်းပေးပြီး အိုးတိုးအမ်းတမ်းဖြစ်ေနသည့်လေထုကိုဖြေလျှော့ပေးလိုက်သည်။
လူတိုင်းကရယ်မောလိုက်ကြသည်။ ယနေ့မနက်ကတင် စွန်းရှောင်ဖေးနှင့်သိကျွမ်းခဲ့သည့်ရှောင်းရှောင်းက စွန်းရှောင်ဖေးကို သူ(မ)ဘေးပြန်ခေါ်ကာ စိတ်ပျက်သလိုပြောလိုက်သည်။
“နင်ကော်ဖီသောက်တာများပြီး အ’သွားတာလား။ မင်းသားလေးဝမ်တစ်ယောက်လုံးဒီမှာရှိနေတဲ့ဟာ၊ နင်ကသူ့ပေါင်ကိုမဖက်ဘဲဘာလို့ဝေ့ဝိုက်နေတာလဲ။”
စွန်းရှောင်ဖေးက ခေါင်းလေးကျုံ့သွားကာ မှန်တစ်ဝက်၊ မှားတစ်ဝက်ပြောလိုက်သည်။
“ငါမလုပ်ရဲလို့ပေါ့၊ ပြောရင်နင်ယုံမှာတောင်မဟုတ်ဘူး။ ဒီနတ်ဘုရားနှစ်ပါးနဲ့ရှိုးတစ်ခုတည်းအတူတူရိုက်ကူးရေးလုပ်ရတာ ငါအခုထိတကယ်မယုံနိုင်သေးဘူး။ ဒီကိုမလာခင်ငါ့အေးဂျင့်ကိုတောင်မေးနေသေးတာ။ ငါထင်ယောင်ထင်မှားများဖြစ်နေတာလားလို့။ တကယ်တော့ ရုပ်ရှင်ဧကရာဇ်ကုန်းတို့၊ မင်းသားလေးဝမ်တို့ဆိုတာ လုံးဝမရှိခဲ့ဘူးမလားဆိုပြီးတော့လေ။”
သူ(မ)အဲ့လိုပြောသည်နှင့် တခြားမိန်းကလေးများကလည်း ချက်ချင်းထောက်ခံလိုက်သည်။
ဝမ်ကယ်နှင့်ကုန်းကျယ် ရယ်ရမလို၊ငိုရမလိုဖြစ်သွား၏။
ကုန်းကျယ်က တိုက်ရိုက်မေးလိုက်သည်။
“ကျွန်တော်တို့ကအဲ့လောက်ကြောက်ဖို့ကောင်းလို့လား။”
လူတိုင်းကပြိုင်တူခေါင်းခါလိုက်ကြကာ:
“ကြောက်ဖို့ကောင်းတာမဟုတ်ဘူး။ တကယ်ရောဟုတ်ရဲ့လားဆိုပြီးခံစားရတာ။ ရှင်တို့က ကျွန်မတို့ရင်ထဲကစံပြအနုပညာရှင်တွေလေ။ အခုလိုရင်ထဲကအနုပညာရှင်တွေနဲ့အတူတူအစီအစဉ်ရိုက်ကူးရတော့ ဒီနေ့လိုမျိုးရှိလာမယ်လို့ ကျွန်မတို့အရင်ကတွေးတောင်မတွေးမိခဲ့ဘူး။ ကျွန်မတို့အခုအရမ်းကိုစိတ်လှုပ်ရှားနေကြတာ။”
ဘာပဲပြောပြောသူတို့ကရိုက်ကူးရေးလုပ်နေတာဖြစ်သည်။ ထို့ကြောင့် ဝမ်ကယ်ကသူစိမ်းများနှင့်ဆက်ဆံရတာအဆင်မပြေလှသော်လည်း အရဲစွန့်ကြိုးစားကာရှိုးအတွက်စကားပြောလိုက်သည်။
“စိတ်မလှုပ်ရှားပါနဲ့၊ ကျွန်တော်နဲ့ဆရာကုန်းက ကျားကြီးတွေသားရဲကြီးတွေမှမဟုတ်တာ။ ကျွန်တော်တို့က (၂)လလောက်အတူတူနေရဦးမှာမို့လို့ ပုံမှန်အတိုင်းဆက်ဆံကြပါ။”
ဝမ်ကယ်က အပြင်လောကတွင်ရေခဲနတ်ဘုရားဟုအမြဲခေါ်တွင်ခြင်းခံရသည်။ သို့သော်ယခုတော့ ထိုရေခဲနတ်ဘုရားက သူတို့အားညင်သာစွာနှစ်သိမ့်ပေးနေသည်။ ထို့ကြောင့် လူတိုင်းစိတ်လှုပ်ရှားကာရင်ထဲထိသွားပြီး တင်းမာေနမှုများ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
“ဆရာနှစ်ယောက်ကိုအရင်ေပးထိုင်ပါဦး။ တစ်ချိန်လုံးရပ်နေရတာပင်ပန်းတယ်။”
ယင်ဟန်က တစ်ချိန်လုံးဘေးတွင်စကားမပြောဘဲတိတ်ဆိတ်စွာထိုင်နေရာမှ ရုတ်တရက်အသံထွက်လာကာသတိပေးလိုက်သည်။
သည်တော့မှ မိန်းကလေးများက နတ်ဘုရားနှစ်ပါးမတ်တတ်ရပ်နေသေးတာသတိထားမိသွားသည်။ ထို့နောက် သူတို့က လမင်းကြီးကိုကြယ်ပွင့်များဝန်းရံနေသလို သူတို့နှစ်ယောက်ကိုအလယ်မှာေနရာချကာ ထိုင်ဖို့ကြိုဆိုလိုက်သည်။
မိန်းကလေးများက ကုန်းကျယ်၏ဘယ်ဘက်တွင်ထိုင်ပြီး ယင်ဟန်နှင့်ယွီရန်က ဝမ်ကယ့်ဘယ်ဘက်တွင်ထိုင်လိုက်သည်။
ယင်ဟန်က ဝမ်ကယ်ဘေးနားမှာထိုင်ဖို့အမြန်ပြေးသွားတာမြင်တော့ ယွီရန်အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ သို့သော် ချက်ချင်းပြန်လည်ပျောက်ကွယ်သွားကာ ယွီရန်က ဘာမှမပြောဘဲ ယင်ဟန်ဘေးတွင်သာဝင်ထိုင်လိုက်သည်။
လေယာဉ်မထွက်ခင်အချိန်အနည်းငယ်လိုသေးတာကြောင့် အဖွဲ့ဝင်(၈)ဦး အတူတကွစကားထိုင်ပြောပြီး တစ်ယောက်နှင့်တစ်ယောက်သိကျွမ်းအောင်လုပ်ကြသည်။
ယင်ဟန်က ဝမ်ကယ်နှင့်စကားပြောဖို့ စကားလမ်းစရှာနေသည်။ ကုန်းကျယ်ကိုတော့ လျိုမောနှင့်ရှောင်းရှောင်းက ရုပ်ရှင်ကားအကြောင်းပြောရန်ဆွဲခေါ်သွားသည်။ တိုက်တိုက်ဆိုင်ဆိုင်သူတို့သုံးဦးစလုံးက ယခုနှစ်နွေဦးပေါက်တွင် စတင်ရိုက်ကူးမည့် <<တရားဝင်သား>>ဇာတ်ကားတွင်သရုပ်ဆောင်ရန်ပါဝင်နေသည်။ မကြာသေးခင်နှစ်များမှ ရုပ်ရှင်နှင့်အနုပညာလောကတွင်ထူးထူးချွန်ချွန်ပေါ်ထွက်လာသော တက်သစ်စအမျိုးသမီးသရုပ်ဆောင်ေလးများမှာ ကုန်းကျယ်နှင့်ရုပ်ရှင်တစ်ကားတည်းအတူတူသရုပ်ဆောင်ခွင့်ရတာကြောင့် အလွန်စိတ်လှုပ်ရှားခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ သူတို့ပျော်လို့မဝသေးခင် ဒါရိုက်တာနေမကောင်းဖြစ်သွားခဲ့သည်။ ဤသို့ဖြင့် သူတို့ကရုပ်ရှင်ကားမရိုက်လိုက်ရသော်လည်း ရှားရှားပါးပါးပြောစရာခေါင်းစဉ်လေးတစ်ခုရသွားတော့ သေချာပေါက်စကားပြောဖို့ကောင်းကောင်းအသုံးချနေကြသည်။
သူတို့စကားပြောနေတုန်း စွန်းရှောင်ဖေးက ရုတ်တရက်ေပြာစရာရှိသလို လက်မြှောက်လိုက်သည်။
“ဆရာကုန်း၊ ဆရာဝမ်။ ကျွန်မမရိုမသေေမးခွန်းလေးတစ်ခုလောက်မေးချင်လို့။ ရလားဟင်။”
စကားခေါင်းစဉ်ကိုသိပ်အလေးအနက်မဖြစ်စေရန် သူ(မ)ကတမင်ချစ်စဖွယ်ပြောလိုက်သည်။
လူတိုင်းပြောဆိုနေသည်များရပ်တန့်သွားကာ စွန်းရှောင်ဖေးကိုကြည့်လိုက်သည်။ ကာယကံရှင်နှစ်ဦးက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။ သူတို့က စွန်းရှောင်ဖေးဘာမေးချင်မှန်းသိနေသည့်အလား ခေါင်းညိတ်ပြကာ သူ(မ)ကိုမေးဖို့အမူအရာပြလိုက်သည်။
စွန်းရှောင်ဖေးက လည်ချောင်းတစ်ချက်ရှင်းပြီး သတိကြီးကြီးထားကာမေးလိုက်သည်။
“ဟိုဟာ…..ဆရာတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက မီဒီယာတွေပြောနေသလို တကယ်မတည့်ကြဘူလား။ ဒီလိုဆို ဒီရှိုးမှာအတူတူပါတာ အိုးတိုးအမ်းတမ်းမဖြစ်ဘူးလား။”
ကျန်လူများအားလုံးအံ့အားသင့်သွားသည်။ စွန်းရှောင်ဖေးက ဤကဲ့သို့ပေါ်တင်မေးချလိမ့်မည်ဟု သူတို့ဘယ်တုန်းကမှမထင်မှတ်ထားခဲ့ပေ။ သူတို့ကိုယ်တိုင်လည်း ဧည့်သည်စာရင်းမြင်ကတည်းက ဒီမေးခွန်းနှင့်ပတ်သက်၍စိုးရိမ်မိသော်လည်း တိုက်ရိုက်မေးကြည့်ဖို့ေတာ့မဝံ့ရဲပေ။ သူတို့က စွန်းရှောင်ဖေး၏တဲ့တိုးဆန်မှုကိုလေးစားမိသလို၊ ကာယကံရှင်နှစ်ဦး၏အဖြေကိုလည်း တိတ်တဆိတ်စောင့်မျှော်နေသည်။
စွန်းရှောင်ဖေးမှာမျက်ရည်မထွက်ဘဲကြိတ်ငိုနေရသည်။ သူ(မ)ကပရိသတ်များရှေ့တွင်ကျားကျားယားယားမိန်းမသားဖြစ်သော်လည်း ယခုလိုလူအများရှေ့တွင် နတ်ဘုရားနှစ်ပါးကို မေလးမစားအရဲစွန့်မေးဖို့သတ္တိမရှိပေ။ သို့သော် ဒါကပရိုဂရမ်အဖွဲ့မှသူ(မ)အား ပေးထားသောတာဝန်ဖြစ်တာကြောင့် သူ(မ)မဖြစ်မနေလုပ်ရမည်ဖြစ်သည်။ သူတို့အားလုံးထဲတွင် သူ(မ)က အစီအစဉ်တင်ဆက်သည့်အတွေ့အကြုံအရှိဆုံးဖြစ်ပြီး ပင်ကိုစရိုက်အရ ပေါ့ပေါ့ပါးပါးရှိကာ ရိုးရှင်းသောစိတ်ထားရှိသည်။ ထို့ကြောင့် သူ(မ)ကသာဒီလိုဉာဏ်မဲ့သည့်မေးခွန်းမျိုးမေးနိုင်ချေအရှိဆုံးဖြစ်သည်။ ထို့အပြင် ဒီကိစ္စက ပရိုဂရမ်အဖွဲ့သာမက နိုင်ငံတစ်ဝှမ်းရှိအင်တာနက်သုံးစွဲသူများပါသိချင်နေသည့်အကြောင်းအရာလည်းဖြစ်တာကြောင့် နာမည်ကြီးသွားအောင်လုပ်ရပေမည်။
တခြားသူများ၏ရှုပ်ယှက်ခတ်နေသောစိတ်ခံစားချက်များ၊ စိုးရိမ်စိတ်လှုပ်ရှားမှုများနှင့်ယှဉ်လျှင် ကာယကံရှင်နှစ်ဦးကတည်ငြိမ်အေးဆေးနေသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက်လှမ်းကြည့်ကာ တည်ငြိမ်စွာပြုံးလိုက်သည်။ ကုန်းကျယ်ကပြန်မေး၏။
“မင်းတို့က ကျွန်တော်တို့ဆက်ဆံရေးကို ဘယ်လိုထင်လို့လဲ။”
ခေါင်းငုံ့ကာကြိတ်ပြုံးနေသည့်ယွီရန်မှအပ ကျန်လူအားလုံးမှာ ပြန်မေးခွန်းအထုတ်ခံရတာကြောင့် ဘယ်လိုဖြေရမှန်းမသိဖြစ်သွားသည်။
ဝမ်ကယ်က ကုန်းကျယ်အမေးကိုကြားတော့ ခပ်ဖွဖွပြုံးလိုက်သည်။ သူတို့က တွေ့လိုက်တိုင်းမတည့်သည့်ရန်သူတော်များမဟုတ်သော်လည်း အပြင်လောကတွင်တော့ဆုံခဲသည့်သူစိမ်းများဖြစ်ေနေသးတာကြောင့် သိပ်ရင်းနှီးသည့်ပုံပြ၍မဖြစ်ပေ။ ထို့ကြောင့် စလာကတည်းကစကားသိပ်မပြောသလို၊ အကြည့်ချင်းတောင်သိပ်မဆုံဘဲ အရင်းနှီးဆုံးသူစိမ်းများအဖြစ် ပြီးပြည့်စုံစွာသရုပ်ဆောင်ခဲ့ကြသည်။ ဒါရိုက်တာအဖွဲ့ကတော့ လက်ရှိတွင် သူတို့နှစ်ဦးအား ေနာင်ကိုအချင်းချင်းအထိအတွေ့ပိုများအောင် ဘယ်လိုစီစဉ်ရမလဲဟူ၍ သေချာဂရုတစိုက်စဥ်းစားနေသည်။ ရန်သူတွေမဟုတ်တောင် နတ်ဘုရားနှစ်ပါး၏ထိပ်တိုက်တွေ့ဆုံမှုက အလွန်စိတ်ဝင်စားစရာကောင်းနေသည်မဟုတ်ပါလား။
ကုန်းကျယ်၏မေးခွန်းကို မည်သူကမှလက်လွတ်စပယ်မဖြေဝံ့ပေ။ သူတို့သည်အထင်အမြင်များပြောင်းလဲသွားသော်လည်း ကိုယ်ပိုင်အတွေးကိုယ်စီေတာ့ရှိနေဆဲဖြစ်၏။ သို့သော် သူတို့နှစ်ဦးရှေ့တွင်ထုတ်ေဖာ်ပြောဖို့တော့ မည်သူမျှသတ္တိမရှိပေ။ အကြောင်းက သူတို့၏စိတ်ထဲတွင် သူတို့နှစ်ဦးနှင့်ပတ်သက်သည့်ကိစ္စမှန်သမျှ အနုပညာလောကတွင်အထိအခိုက်မခံသည့်ခေါင်းစဉ်များဟုဆိုနိုင်ပြီး ထိမိသူအားလုံးသေပွဲဝင်ရမည်ဖြစ်သည်။ ကုန်းကျယ်နှင့်ဝမ်ကယ်တို့ကိုယ်တိုင်မလုပ်သည့်တိုင် သူတို့နှစ်ဦး၏တိုက်ခိုက်မှုအားပြင်းသောနှစ်ဖက်ဖန်များက နယ်နယ်ရရမဟုတ်ပေ။ ထို့ကြောင့် သူတို့ကဲ့သို့ယခုမှနာမည်ကြီးခါစကြယ်ပွင့်လေးများက ဤသို့ေသာအတင်းအဖျင်းကိစ္စမျိုးတွင်ဝင်ပါပြီး နာမည်အညစ်နွမ်းခံဖို့မလိုပေ။
အချိန်အတော်ကြာသည်အထိအဖြေမထွက်တာမြင်တော့ ကုန်းကျယ်ကပြုံးပြီးဆက်ပြောသည်။
“တကယ်တော့ ကျွန်တော်ကအစောကြီးကတည်းက ဆရာဝမ်နဲ့သိကျွမ်းချင်နေတာပါ။ ဒါပေမဲ့ ဘေးကနေကြည့်ေနသူတွေက အလုပ်မရှိအားေနတိုင်း ကျွန်တော်တို့ကိုရန်သူတွေပါ၊ ဂူတစ်ဂူတည်းခြင်္သေ့နှစ်ကောင်မအောင်းဘူးဆိုပြီးပြောနေကြတော့ ကျွန်တော်လည်း ဆရာဝမ်ကိုဘယ်လိုမျက်နှာချင်းဆိုင်ရမှန်းတောင်မသိတော့ဘူး။”
ကုန်းကျယ်ေလသံကရယ်ရယ်မောမောပြောနေတော့ ရိုက်ကူးရေးလုပ်နေ၍ပြောတာလား၊ စိတ်ရင်းနှင့်ပြောတာလားဆိုတာ သူတို့မခွဲခြားနိုင်ပေ။ နောက်ပြီး ဒီစကားကိုဘယ်လိုပြန်ဖြေရမှန်းလည်းမသိတာကြောင့် သူတို့ရယ်ရုံသာရယ်လိုက်ကြသည်။
ကုန်းကျယ်ကဆက်ပြော၏။
“အခုကျွန်တော်ပြောပြီးပြီဆိုတော့ မင်းတို့ကျွန်တော်တို့နှစ်ယောက်ကိုစိတ်ဝမ်းကွဲအောင်မလုပ်ပါနဲ့။ ကျွန်တော် ဒီအစီအစဉ်ကနေ ဆရာဝမ်နဲ့ဆက်ဆံရေးပိုကောင်းလာဖို့မျှော်လင့်ပါတယ်။”
ဒီတစ်ခါကတော့ လူတိုင်းက တကယ်ပွဲကျသွားကာ အားလုံးက မလုပ်ရဲပါဘူး၊ မလုပ်ရဲပါဘူးဟုအခါခါပြောကြသည်။
ကုန်းကျယ်က ဝမ်ကယ်ကိုထပ်ကြည့်ကာ ဝမ်ကယ့်ရှေ့ဟန်ဆောင်ပန်ဆောင်မတ်တတ်ရပ်လိုက်သည်။ ထို့နောက် သူက နောက်တစ်ကြိမ်လက်ဆန့်ကာ:
“ဆရာဝမ်၊ ကျွန်တော်တို့အစကနေပြန်မိတ်ဆက်ရအောင်၊ ကျွန်တော်ကမင်းရဲ့ဖန်၊ ကုန်းကျယ်ပါ။”
ဝမ်ကယ် ရယ်ရလွန်း၍ အူတက်မတတ်ပင်။ သို့သော် သူ့မျက်နှာကိုတတ်နိုင်သမျှတည်အောင်ထိန်းထားကာ မတ်တတ်ရပ်၍ ကုန်းကျယ်လက်ကိုပြန်လည်ဆုပ်ကိုင်လိုက်၏။
“တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်လည်းမင်းရဲ့ဖန်ပါ။ မင်းရဲ့အနုပညာလက်ရာအားလုံးကို ကျွန်တော်သဘောကျပါတယ်။”
တကယ်တော့ဒီလိုအခြေအနေမျိုးတွင် ဝမ်ကယ့်စကားက ယဉ်ကျေးသမှုဖြင့်ခွန်းတုံ့ပြန်သည်ဟုယူဆနိုင်သည်။ ထို့ကြောင့်လူတိုင်းကအလေးအနက်မမှတ်ယူဘဲ ဒီအတိုင်းနားထောင်လိုက်သည်။ သို့သော် ယင်ဟန်ကအာရုံစိုက်ခံရရန်ကြိုးစားချင်၍လားမသိ၊ ရုတ်တရက်မေးခွန်းထမေးလိုက်သည်။
“ဆရာကုန်းရဲ့အနုပညာလက်ရာတွေကို ကျွန်တော်လည်းကားတိုင်းကြည့်ဖူးတယ်။ ဆရာဝမ်က ဘယ်တစ်ခုကိုအကြိုက်ဆုံးလဲမသိဘူး။”
မိန်းကလေးများမှာ ဝမ်ကယ်ကိုယဉ်ကျေးသမှုဖြင့်ပြောခြင်းဖြစ်သည်ဟုယူဆတာကြောင့် ဒီမေးခွန်းကဝမ်ကယ်ကိုအနေရခက်သွားေစမည်ဟုထင်လိုက်သည်။ သို့သော် ဝမ်ကယ်ထံမှ ကုန်းကျယ်ပါဝင်သောဇာတ်ကားတစ်ဒါဇင်ကျော်အမည်စာရင်းများ မနှေးမမြန်ေတာက်ေလျှာက်ရွတ်ပြလာတာကို သူတို့ကြားလိုက်ရသည်။ နောက်ပြီးအချို့ဇာတ်ကားများက ကုန်းကျယ်ပွဲဦးထွက်ခါစတွင်ဇာတ်ရံနေရာမှရိုက်ကူးခဲ့သည့်ဇာတ်ကားများဖြစ်သည်။ ထိုဇာတ်ကားများမှာဝါရင့်ရုပ်ရှင်ဖန်များမှလွဲလျှင် အခြေခံအားဖြင့်မည်သူမျှမသိနိုင်သောဇာတ်ကားများဖြစ်သည်။ သို့သော်ဝမ်ကယ်က ထိုဇာတ်ကားများကိုအိမ်ကရတနာပစ္စည်းများကိုရေတွက်သလိုအလွယ်လေးသိနေကာ ဇာတ်အိမ်အကြောင်းများကိုပင်ရွတ်ပြသွားနိုင်သည်။ သို့နှင့်လူတိုင်း၏မူလအတွေးအမြင်များ စတင်ယိမ်းယိုင်လာသည်။ ကြည့်ရတာ ယဉ်ကျေးသမှုနဲ့ပြောတာမဟုတ်ဘဲ၊ ပရိသတ်အစစ်ဖြစ်နေတာကိုး။
ယင်ဟန်က ဝမ်ကယ်၏အကြိုက်ဆုံးဇာတ်ကားစာရင်းကိုကြားတော့ရုတ်တရက်စိတ်လှုပ်ရှားသွားသည်။
“ဆရာဝမ်လည်း <<လိမ္မော်ရောင်အလင်း>>ကိုသဘောကျတာကိုး။ အဲ့ဒီဇာတ်ကားကလည်းကျွန်တော်အကြိုက်ဆုံးဇာတ်ကားထဲမှာပါတယ်။ အဲ့ဒီတုန်းက ကျွန်တော်လည်းပွဲဦးထွက်ခါစဆိုတော့ အဲ့ဒီဇာတ်ကားရဲ့ဇာတ်ရံနေရာတစ်ခုမှာဝင်သရုပ်ဆောင်ထားတာ။ ဒါပေမယ့်ဇာတ်ရုပ်ကနာမည်တောင်မရှိတော့ ဆရာဝမ်မှတ်မိမှာမဟုတ်ဘူး။”
ခဏနေတော့ယင်ဟန်က သူသရုပ်ဆောင်ခဲ့သည့်ဇာတ်ကောင်ကိုပြောပြသည်။ သို့သော် ဝမ်ကယ်ကထိုဇာတ်ကောင်ပါမှန်းကိုမမှတ်မိပေ။ ကိုယ်တိုင်သရုင်ဆောင်ခဲ့သူကုန်းကျယ်ပင် ထိုဇာတ်ရုပ်ကိုမမှတ်မိပေ။ ယင်ဟန်ကလည်း ရှက်စရာကောင်းသည်ဟုမတွေးဘဲ ခပ်ဖွဖွပြုံးလိုက်သည်။
ယွီရန်သည် အစကတည်းကအာရုံစိုက်ခံရအောင်ကြိုးစားတတ်သည့်လူမျိုးမဟုတ်ပေ။ ထို့ကြောင့် လူတိုင်းစကားပြောကာ ကင်မရာရိုက်ချက်များများရအောင်ကြိုးစားနေစဉ်တွင် သူကတော့ခပ်ဖွဖွပြုံးကာ သူတို့ပြောနေသည်များကိုတိတ်ဆိတ်စွာထိုင်နားထောင်နေသည်။ သို့သော် ယင်ဟန် ဝမ်ကယ်နှင့်စကားပြောလိုက်သည့်အခါ ယွီရန်မျက်မှောင်ကြုတ်ပြီး ယင်ဟန်၏လှုပ်ရှားမှုတိုင်းကိုသေချာစိုက်ကြည့်နေသည်။ ဝမ်ကယ်ခေါင်းတစ်ချက်လှည့်လိုက်သည့်အခါ ယွီရန်၏လေးလေးနက်နက်အမူအရာကိုမြင်ပြီး သူလန့်သွား၏။ သို့သော် ယွီရန်ကချက်ချင်းခေါင်းပြန်ငုံ့သွားသည်။
နောက်ဆုံးတော့ လေယာဉ်မထွက်ခင် ဝမ်ကယ်သန့်စင်ခန်းသွားမည်ဟုပြောလိုက်သည်။ ယင်ဟန်ကသူ့အေးဂျင့်နှင့်ပြောစရာရှိနေတာကြောင့်လိုက်မလာနိုင်ပေ။ ယွီရန်က အဲ့ဒါကိုမြင်တော့ သူလည်းသန့်စင်ခန်းသွားမည်ဟုကပျာကယာပြောကာ ဝမ်ကယ်ကိုဆွဲပြီး သန့်စင်ခန်းထဲအမြန်ဝင်လာသည်။
“ယွီရန်၊ ဘာဖြစ်တာလဲ။ မင်းဒီနေ့ဘာလို့ထူးဆန်းနေတာလဲ။”
ဝမ်ကယ်ကရေချိုးခန်းထဲဆွဲခေါ်ခံရ၍ နားမလည်ဖြစ်နေသည်။ သူ့စိတ်ထဲ ဒီနေ့ယွီရန်သိပ်မူမမှန်မှန်းခံစားသိနေသည်။
ယွီရန်ကချက်ချင်းစကားမပြောသေးဘဲ သန့်စင်ခန်းထဲလူတစ်ယောက်မှမရှိတာသေချာအောင်စစ်ဆေးကြည့်ပြီးမှ ဝမ်ကယ့်နားနားကပ်ကာ တီးတိုးပြောလိုက်သည်။
“အစ်ကိုဝမ်…ယင်ဟန်ကိုသတိထား။”
*****
Aurora Novel Translation Team