Chapter 26
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 26 - ဂိမ်းကစားကြမယ်
အပိုင်း (၂၆) – ဂိမ်းကစားကြမယ်
👻👻👻
နောက်တစ်နေ့ည(၈)နာရီကျော်တွင် တိုရွန်တိုသို့လေယာဉ်ဆိုက်ရောက်လာသည်။
လေယာဉ်မဆိုက်ခင် ရိုက်ကူးရေးဝန်ထမ်းများက ကင်မရာများပြန်လည်တပ်ဆင်ကာ ရိုက်ကူးရေးလုပ်ဖို့ပြင်ဆင်ကြသည်။ မိန်းကလေး(၄)ဦးက ထိုင်ခုံတွင်ထိုင်၍ မိတ်ကပ်လိမ်းကြပြီး ယွီရန်ကလည်း သူ့ကိုယ်သူသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန်ပြင်နေသည်။ ယင်ဟန်က အားလုံးပြင်ဆင်ပြီး၍ ထိုင်ခုံတွင်ထိုင်ပြီး ကျန်လူများအလုပ်များနေသည်ကိုကြည့်နေသည်။ သူခဏထိုင်ရင်း အရှေ့တစ်တန်းတွင်အသံတိတ်နေတာသတိထားမိကာ နေရာမှထကြည့်လိုက်သည်။
ကုန်းကျယ်ကသန့်စင်ခန်းသွားနေပြီး ဝမ်ကယ်ကအိပ်ပျော်နေဆဲဖြစ်သည်။ ဝမ်ကယ်အိပ်နေတာမြင်တော့ ယင်ဟန်တစ်ချက်ပြုံးကာ ဝမ်ကယ့်အနား မသိမသာလျှောက်သွားလိုက်သည်။
ဝမ်ကယ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေ၏။ သူ့ခေါင်းက လျှောက်လမ်းဘက်အနည်းငယ်စောင်းနေကာ မျက်လုံးများကိုတင်းကျပ်စွာမှိတ်ထားသည်။ ရှည်လျားထူထပ်သည့်မျက်တောင်များက သူ့မျက်ခွံများပေါ် အရိပ်ကျနေသည်။ နှာတံစင်းစင်းနှင့် ဖြူဖျော့ေဖျာ့နှုတ်ခမ်းဖူးဖူးတို့က အနည်းငယ်ပွင့်ဟနေကာ သူ့မျက်နှာသွင်ပြင်က အလွန်နူးညံ့သိမ်မွေ့နေသည်။ ယင်ဟန် အိပ်မောကျနေသည့်ဝမ်ကယ်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေမိသည်။ သူ့အကြည့်များက တစ်စထက်တစ်စပိုမိုပူနွေးလာပြီး စွဲလမ်းေနသလိုပြင်းပြလာသည်။
သူ ဘေးဘီတစ်ချက်ကြည့်လိုက်ပြီး လူတိုင်းဒီဘက်ကိုအာရုံမစိုက်တာမြင်တော့ ဘယ်လက်ကိုဖြည်းဖြည်းချင်းဆန့်လိုက်သည်။အနည်းငယ်တုန်ခါနေသောသူ့လက်ချောင်းထိပ်တွေ ဝမ်ကယ့်ပါးပြင်ကိုမထိခင် ဘေးနားမှအေးစက်စက်အသံတစ်ခုထွက်ပေါ်လာသည်။
“မင်းဘာလုပ်နေတာလဲ။”
ယင်ဟန်ထိတ်လန့်ကာ ဘယ်လက်ကိုအလိုလိုပြန်ရုတ်လိုက်သည်။ ထို့နောက် ကုန်းကျယ်က သူ့အနောက်တွင်ရပ်ကာ အနည်းငယ်ရန်လိုသောအကြည့်များဖြင့် သူ့အားကြည့်နေတာတွေ့လိုက်ရသည်။ သူ ပြုံးပြီးရှင်းပြလိုက်၏။
“ကျွန်တော် ဆရာဝမ်အိပ်နေသေးတာတွေ့လို့နှိုးမလို့ပါ။”
အကြောင်းပြချက်က အကျိုးအကြောင်းသင့်သည်။ ကုန်းကျယ်၏ရှုထောင့်မှကြည့်လျှင် ယင်ဟန်အနေအထားက ဝမ်ကယ်ကိုတကယ်နှိုးတော့မည့်ပုံပေါ်နေ၏။သို့သော် ကုန်းကျယ်ကသတိမလျှော့ပေ။ သူ အနည်းငယ်အေးစက်စွာပြောလိုက်သည်။
“မင်း ကိုယ့်ဘာသာကိုယ်အရင်ပြင်စရာရှိတာသွားပြင်လိုက်ပါ။ ငါသူ့ကိုနှိုးလိုက်မယ်။”
ယင်ဟန်ကလည်း အတင်းမလုပ်ပေ။ သူ့အိတ်ကပ်ထဲလက်နှိုက်ကာ သူနေရာသို့ ဖြည်းဖြည်းချင်းပြန်လျှောက်သွားလိုက်သည်။ သူ ေနရာတွင်မထိုင်ခင် အမျိုးအမည်မသိနိုင်သောအပြုံးမျိုးပြုံး၍ ကုန်းကျယ်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။
ယင်ဟန်ထွက်သွားတော့ ကုန်းကျယ်နေရာပြန်ပြီး ဝမ်ကယ်ကိုအသာလှုပ်နှိုးလိုက်သည်။ ခဏနေတော့ဝမ်ကယ်နိုးလာကာ အိပ်ချင်မူးတူးနှင့်မျက်လုံးများပွင့်လာသည်။ သူ ကုန်းကျယ်ရင်ခွင်ထဲအလိုလိုတိုးဝင်ပြီး ပါးစပ်က ကြောင်လေးတစ်ကောင်လိုညည်းတွားကာ ပွတ်သီးပွတ်သပ်လုပ်လိုက်သည်။ သို့သော် ကုန်းကျယ်မှာတော့ ချစ်သူ၏ချစ်စရာအမူအရာလေးအပေါ်အာရုံမစိုက်နိုင်ပေ။ဝမ်ကယ် သူ့အနားတိုးလာသည့်တစ်ခဏ၌ အနောက်သို့အမြန်လှမ်းကြည့်ပြီး ဘယ်သူမှသတိမထားမိတာသေချာမှ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။ သို့သော် သူ လူကိုအကြာကြီးဖက်မထားရဲပေ။ ထို့ကြောင့် ဆံပင်လေးများကိုပွတ်သပ်ေပးပြီး အသာတွန်းဖယ်ကာ ခေါင်းငုံ့၍ခပ်တိုးတိုးပြောလိုက်သည်။
“အခြားသူတွေရှိသေးတယ်၊ နည်းနည်းထိန်းဦး။”
ဒီတော့မှ သူတို့အိမ်မှာမဟုတ်ဘဲ လေယာဉ်ပေါ်မှာသာရှိသေးပြီး ဘေးတွင်လူတစ်စုနှင့်ကင်မရာတွေအများကြီးရှိနေတာကို ဝမ်ကယ်သတိရသွားသည်။ သူချက်ချင်းအိပ်ရာနိုးသွားကာ ကိုယ်ကိုမတ်၍ မလုံမလဲနှင့်နောက်သို့အရင်လှည့်ကြည့်လိုက်သည်။
ထိုအချိန် ရိုက်ကူးရေးဝန်ထမ်းက သူ့တို့ဘက်လှမ်းကြည့်လာသည်။ သူကဝမ်ကယ်နိုးနေတာမြင်တော့ သူတို့နှစ်ဦးအတွက်မိုက်ခ်များယူလာေပးသည်။
“ဆရာကုန်း၊ ဆရာဝမ်၊ ကျွန်တော်တို့ခဏနေရိုက်ကူးရေးစပါတော့မယ်။ ကျေးဇူးပြုပြီး မိုက်ခ်တွေတပ်ပေးပါ။”
ရိုက်ကူးရေးဝန်ထမ်းက တခြားလုပ်စရာများရှိနေသည်။ သူက မိုက်ခရိုဖုန်းများကိုပေးပြီးပြန်ထွက်သွားသည်။ ဝမ်ကယ်လည်း မိုက်ခ်တပ်ပြီး ကုန်းကျယ်ဘက်လှည့်ကာ တိတ်တိတ်လေးလျှာထုတ်ပြလိုက်သည်။ သူ့ပုံစံက ကလေးလေးတစ်ယောက်လိုအပြစ်ကင်းစင်ကာ ချစ်စရာကောင်းနေသည်။
ကုန်းကျယ် အသည်းတွေယားလာ၏။ သူ မနေနိုင်တော့ဘဲ ထိုင်ခုံနောက်မှီကိုကွယ်၍ သူ့လက်ညှိုးဖြင့် ဝမ်ကယ့်လက်သန်းကိုချိတ်လိုက်သည်။
သူတို့နှစ်ဦးက အပြင်ဘက်တွင်တည်ငြိမ်နေသည်ဟုထင်ရသော်လည်း တကယ်တမ်း နှစ်ဦးလုံးစိတ်ထဲတွင် ယခုကဲ့သို့လူသူမသိအောင် တိတ်တခိုးချစ်ကြိုးသွယ်ရသည့်အပေါ်နေသားကျသွားသည့်အခါ အတော်စိတ်လှုပ်ရှားစရာကောင်းသည်ဟုတွေးနေမိသည်။
လေယာဉ်က တိုရွန်တိုမြို့၊ ဖာဆန်လေဆိပ်သို့ဆိုက်ရောက်လာသည်။ လူတိုင်း ဆယ်နာရီေကျာ်လေယာဉ်စီးပြီးနောက် ပင်ပန်းနေကြပြီ။ သို့သော် အလုပ်ဖြစ်တာကြောင့် အဖွဲ့ဝင်(၈)ဦးစလုံးအားမွေးလိုက်ကာ ကင်မရာရှေ့၌ တက်တက်ကြွကြွထွက်ပေါ်လာသည်။
မက်ဆီကိုမှကျူးဘားသို့ပျံသန်းမည့်လေယာဉ်က နောက်နာရီဝက်နေလျှင်စတင်ထွက်ခွာမည်ဖြစ်သည်။ သို့နှင့် သူတို့လူစု ခရီးဆောင်အိတ်နှင့်ဗီဇာများအစစ်ဆေးခံရန်အမြန်လုပ်လိုက်သည်။ အားလုံးပြီးသွားတော့ အမောဖြေအနားယူရန်အချိန်အနည်းငယ်ရလာသည်။
မိန်းကလေးအဖွဲ့က ကိစ္စများအပြေးအလွှားလုပ်ပြီးနောက် ပို၍ပင်ပန်းသွားသည်။ သူတို့က အလှပျက်မည်ကိုပင်သတိမထားနိုင်တော့ဘဲ ထိုင်ခုံပေါ်မှောက်ကုန်ကြ၏။
ဝမ်ကယ်နှင့်ကုန်းကျယ်ကအတူတူထိုင်ပြီး ဖုန်းဆော့နေသည်။ ယွီရန်က ဝမ်ကယ့်ကိုကာကွယ်ရန် ဝမ်ကယ့်ဘေးမှာအရင်ဝင်ထိုင်သည်။ ယင်ဟန်က သူတို့သုံးယောက်နှင့်မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်သည်။
စွန်းရှောင်ဖေးက ခဏမှောက်အိပ်ပြီးနောက် အတော်လေးတက်တက်ကြွကြွဖြစ်လာသည်။ သို့နှင့် သူ(မ)က လက်ခုပ်တီးကာ လူတိုင်း၏အာရုံကိုဆွဲဆောင်လိုက်သည်။
“အချိန်နည်းနည်းရသေးတယ်။ ကျွန်မတို့ဂိမ်းလေးတစ်ခုလောက်ဆော့ရအောင်။”
“ဘာဂိမ်းလဲ။”
လျိုမော့က အလွန်စိတ်ဝင်တစားမေးလိုက်သည်။
စွန်းရှောင်ဖေးက ခဏစဉ်းစားပြီး:
“Truth or Dare (အမှန်ပြောမလား၊ ခိုင်းတာလုပ်မလား) ဂိမ်းဆိုရင်ရော။”
“ကောင်းတယ်၊ ကောင်းတယ်။”
ရှထျန်းကလည်း ဂိမ်းကစားရတာကြိုက်တတ်သူဖြစ်သည်။ သူ(မ)က ဂိမ်းကစားမည်ပြောသည်နှင့် အရင်ဆုံးလက်ထောင်ကာ သဘောတူလိုက်သည်။
စွန်းရှောင်ဖေးက တခြားသူများသဘောကိုမေးတော့ အားလုံးကမကန့်ကွက်ပေ။ ဘာပဲဖြစ်ဖြစ် လက်ရှိတွင် သူတို့ချင်းအမြန်ရင်းနှီးေအာင်လုပ်ဖို့လိုအပ်နေပြီး ဂိမ်းကစားခြင်းက ရင်းနှီးဖို့အကောင်းဆုံးနည်းလမ်းဖြစ်သည်။
VIP စောင့်ဆိုင်းခန်းတွင် သူတို့အဖွဲ့တစ်ဖွဲ့တည်းသာရှိတာကြောင့် တခြားသူများကိုအားနာစရာမလိုပေ။ သူတို့က ထိုင်ခုံများရွှေ့ကာ စက်ဝိုင်းပုံဝိုင်းထိုင်ပြီးနောက် အဖွဲ့ဝင်(၈)ဦးစလုံး တစ်ယောက်ပြီးတစ်ယောက် အသီးသီးနေရာယူလိုက်သည်။
ဒီတစ်ခါတော့ ယွီရန်မှာ စွန်းရှောင်ဖေးခဏဆွဲခေါ်သွားတာခံခဲ့ရပြီး အရင်ဆုံးနေရာလုဖို့အချိန်မရလိုက်ပေ။ သို့နှင့် ယင်ဟန်က ခြေတစ်လှမ်းဦးကာ ဝမ်ကယ်ဘေးတွင်နေရာယူလိုက်သည်။ ဝမ်ကယ်လည်း ယွီရန်ကိုလှမ်းကြည့်ရင်း နှစ်ယောက်စလုံးကူကယ်ရာမဲ့နေခဲ့သည်။ ထို့နောက် ဝမ်ကယ်က ကုန်းကျယ်ဘက်သို့ ထိုင်ခုံကို မသိမသာအနည်းငယ်ရွှေ့လိုက်သည်။
ယွီရန်က နောက်ဆုံးမှနေရာယူရသူဖြစ်တာကြောင့် ရွေးချယ်စရာမရှိဘဲမိန်းကလေးအဖွဲ့ကြားရောက်သွားသည်။
ကုန်းကျယ်၏ဘယ်ဘက်တွင် လျိုမော့ကနေရာယူထားပြီး ယင်ဟန်၏ညာဘက်တွင် ရှထျန်းထိုင်နေသည်။ ထို့ကြောင့် ယောကျာ်းလေးဆိုလို့ သူတစ်ယောက်တည်း စွန်းရှောင်ဖေးနှင့်ရှောင်းရှောင်းကြားရောက်နေပြီး ယွီရန်အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
အချိန်သိပ်မရတာကြောင့် သူတို့တွင်ဂိမ်းဆော့ဖို့ဘာပစ္စည်းမှမရှိပေ။ သို့သော်စွန်းရှောင်ဖေးက ဘယ်ကနေဘယ်လိုရလာမှန်းမသိ ရသစုံရှိုးများတွင်သုံးသောအန်စာတုံးကြီးတစ်ခုယူလာပြီး ထိုင်ခုံနေရာအစဉ်လိုက် အန်စာတုံးပစ်ခိုင်းသည်။ သတ်မှတ်နံပါတ်ကိုပစ်မိသူက အမှန်အတိုင်းဖြေရင်ဖြေ၊ သို့မဟုတ် လုပ်ခိုင်းတာလုပ်၍အပြစ်ဒဏ်ခံရမည်ဖြစ်သည်။ ဂိမ်းကိုမျှမျှတတဖြစ်စေရန် နံပါတ်များကိုဒါရိုက်တာအဖွဲ့က သတ်မှတ်ပေးပြီး သတ်မှတ်နံပါတ်ကနံပါတ်(၂)ဖြစ်လာသည်။
လျိုမော့က အရင်ဆုံးအန်စာပစ်လိုက်ပြီး နံပါတ်(၁)ကျကာ အောင်မြင်စွာကျော်ဖြတ်နိုင်သွားသည်။ ထို့နောက် နာရီလက်တံအတိုင်း တစ်ယောက်ပြီးတစ်ယောက်အလှည့်ကျအန်စာတုံးပစ်ကြသည်။ ရေခြားမြေခြားရောက်၍ အားလုံးကံကောင်းနေလို့လားမသိ၊ ငါးယောက်ဆက်တိုက် ဘယ်သူမှ သတ်မှတ်နံပါတ်မကျခဲ့ပေ။
“ဘုရားရေ၊ ဘယ်သူမှ(၂)မကျဘဲမနေလောက်ပါဘူးနော်။”
စွန်းရှောင်ဖေးက ခြောက်ယောက်မြောက်အန်စာပစ်သူယင်ဟန် နံပါတ်(၆)ကျတာမြင်တော့ စိတ်ပူသလိုပြောလိုက်သည်။
“ဒီနှစ် ကိုယ့်ကိုယ်ကိုယ်ကံမကောင်းဘူးလို့ဘယ်သူပြောလဲ၊ အခုဒီမှာဒီလောက်ကံကောင်းနေတဲ့ဟာ။”
လျိုမော့က သဘောတူသလိုပြောလိုက်သည်။
ရှောင်းရှောင်းက လက်မြှောက်ပြီးမေးလာ၏။
“အကယ်၍ ပထမပွဲမှာဘယ်သူမှ(၂)မကျရင် အစကပြန်စမှာလား။”
“ဒါပေါ့၊ သေချာပေါက်အပြစ်ဒဏ်ခံမဲ့သူတစ်ယောက်ထွက်လာအောင် အမိဖမ်းရမယ်။ “
စွန်းရှောင်ဖေးက အပြစ်ဒဏ်ကတ်တစ်ထပ်ကိုင်ကာ ကတ်တစ်ခုချင်းစီ၌အပြစ်ဒဏ်များချရေးပြီး အဆင်သင့်ပြင်နေသည်။
မမျှော်လင့်ဘဲစွန်းရှောင်ဖေးပြောပြီးသည်နှင့် ပြစ်ဒဏ်ခံရမည့်သူပေါ်လာသည်။ လူတိုင်းက အန်စာတုံးေပါ်ရှိနံပါတ်(၂)ကိုအရင်ကြည့်ပြီးနောက် အရင်လိုအေးဆေးတည်ငြိမ်နေဆဲမျက်နှာထားနှင့်ဝမ်ကယ့်ကိုလှမ်းကြည့်ပြီး ဝမ်းသာအားရရယ်မောလိုက်ကြသည်။
စွန်းရှောင်ဖေးက ဝမ်ကယ့်ရှေ့သို့ပြစ်ဒဏ်ကတ်များအမြန်ကမ်းပေးကာ:
“တစ်ခုဆွဲ၊ တစ်ခုဆွဲ၊ ကတ်တွေကဆရာ့ကိုစောင့်နေတာ။ ဟီးဟီး။”
လူတိုင်းက ဝမ်ကယ့်ကိုစိတ်အားထက်သန်စွာလှမ်းကြည့်ေနသည်။ သူတို့ကဝမ်ကယ်အပြစ်ဒဏ်ခံရမှာကိုစိတ်ဝင်စားနေမှန်းအလွန်သိသာသည်။
ဝမ်ကယ်ကအလျင်မလိုဘဲ ကတ်ဆွဲရမည့်အစား ကုန်းကျယ်ကိုလက်ညှိုးထိုးကာ ပြုံးပြီးပြောလိုက်သည်။
“မလောပါနဲ့။ တစ်ယောက်ကျန်သေးတယ်မလား။ အပြစ်ဒဏ်ခံရမဲ့သူက ကျွန်တော်တစ်ယောက်တည်းဟုတ်ချင်မှဟုတ်မှာ။”
“ဒါဆရာဝမ်က ဆရာကုန်းကိုပါ ဘူပိတ်အောင်လုပ်တာပဲ။”
လျိုမော့က တီးတိုးပြောလိုက်သည်။
ဝမ်ကယ် အဲ့ဒါကိုကြားတော့ပြုံးမိသွားကာ ကုန်းကျယ်ဘက်လှည့်ပြီး:
“ဆရာကုန်း၊ မင်းဘာလုပ်ရမလဲသိတယ်မလား။”
ထိုစကားက အမှန်တစ်ဝက်၊အမှားတစ်ဝက်ဖြစ်၏။ တခြားသူများကဝါးခနဲရယ်လိုက်ကြသည်။ ကုန်းကျယ်ကလည်းပြုံးကာ ခေါင်းတညိတ်ညိတ်လုပ်ရင်း ‘OK’ ပုံလက်ဟန်ပြလိုက်သည်။ ခဏနေတော့ သူ အန်စာတုံးယူပြီးပစ်လိုက်သည်။ အန်စာတုံးက မြေပေါ်တွင်အကြိမ်အနည်းငယ်လိမ့်သွားပြီးနောက် ဖြည်းဖြည်းချင်းရပ်သွား၏။ ထိုအခါ အံ့ဩစရာကောင်းလောက်အောင် အန်စာတုံးမျက်နှာပြင်က တောက်ပသောအစက်ကလေးနှစ်စက်ဖြစ်နေသည်။
“ဝါး!”
လူတိုင်းထံမှအာမေဍိတ်သံထွက်ေပါ်လာသည်။ ထို့နောက် ဝမ်းသာအားရစတင်လက်ခုပ်တီးကြ၏။
မမျှော်လင့်ဘဲ ပထမပွဲတွင်ပြစ်ဒဏ်ခံရမည့်လူက နတ်ဘုရားနှစ်ပါးဖြစ်နေသည်။ ဒါတကယ့်ကိုစိတ်လှုပ်ရှားစရာပင်။
ဒီတစ်ခါစွန်းရှောင်ဖေးက ပြစ်ဒဏ်ကတ်များ ထပ်မံကမ်းပေးလာသည်။ ဝမ်ကယ်က နောက်ဆုံးတွင် ကတ်ဆွဲဖို့မငြင်းေတာ့ဘဲ အလိုက်သင့်လေး တစ်ကတ်ဆွဲလိုက်သည်။ ကုန်းကျယ်လည်း တစ်ကတ်ဆွဲလိုက်သည်။
ဝမ်ကယ်က သူ့ကတ်ကိုအရင်ပြလိုက်၏။ ကတ်က “အမှန်တရား” ကတ်ဖြစ်ပြီး မေးခွန်းက – “အချစ်ဦးကိုအသက်ဘယ်အရွယ်မှာေတွ့တာလဲ။”ဖြစ်သည်။ လူတိုင်းကထိုမေးခွန်းကိုမြင်တော့ အတင်းတုတ်ချင်သည့်ပုံစံဖြစ်သွားသလို တစ်ချိန်တည်းမှာ အနည်းငယ်စိုးရိမ်သွားသည်။
“ဒီမေးခွန်းကိုဖြေရင် Hot Search တက်သွားမှာသေချာတယ်။”
စွန်းရှောင်ဖေးက ဟန်လုပ်ကာပိုပိုသာသာလေးပြောလိုက်သည်။
“ဆရာဝမ်၊ ဆရာပြန်ဖြေဖို့ငြင်းပြီး ခိုင်းတာလုပ်ဖို့ရွေးလည်းရတယ်။”
ယခင်ဖြစ်ဖြစ်၊ ယခုဖြစ်ဖြစ်အနုပညာရှင်ကြယ်ပွင့်များက ယေဘုယျအားဖြင့် မိမိတို့အချစ်ရေးကိုထိန်းသိမ်းကာကွယ်ထားသည်။ ထို့ကြောင့် စွန်းရှောင်ဖေးက အကယ်၍ ဝမ်ကယ်မဖြေချင်ခဲ့သည်ရှိသော် သူ့အတွက်လိုရမယ်ရလွတ်လမ်းရှာပေးခြင်းဖြစ်သည်။
သို့သော် ဘယ်သူမှမထင်မှတ်ထားဘဲ ဝမ်ကယ်ကဘာမှမဖြစ်သလိုပြောလာသည်။
“ရတယ်။ ဒါကဘာလျှို့ဝှက်ချက်မှလည်းမဟုတ်ပါဘူး။”
ဝမ်ကယ် ခဏစဉ်းစားပြီးဖြေလိုက်သည်။
“အချစ်ဦးက အသက်(၁၃)နှစ်တုန်းက။”
လူတိုင်းပါးစပ်အဟောင်းသားဖြစ်သွားသည်။ ထို့နောက် စိတ်ထဲကနေသက်ပြင်းချကာ စကားတစ်ခွန်းကိုရေရွတ်လိုက်မိကြ၏။
“စောလှချည်လား!”
ဝမ်ကယ် ဒီမေးခွန်းကိုတမင်မရှောင်တာမြင်တော့ မိန်းကလေး(၄)ဦးက ချက်ချင်းစကားနှိုက်သည့်သတင်းထောက်များဖြစ်သွားကာ မေးခွန်းတစ်ခုပြီးတစ်ခုဆက်မေးကြတော့သည်။
“အချစ်ဦးက ဆရာဝမ်ရဲ့အတန်းဖော်လား။”
“ကျောင်းတူတယ်၊ အတန်းမတူဘူး။ သူက ကျွန်တော့်ထက်နှစ်တန်းငယ်တယ်။”
ဝမ်ကယ်လည်း ပြန်ဖြေလိုက်သည်။
“ဘယ်သူက ဘယ်သူ့ကိုစလိုက်တာလဲ။”
ဝမ်ကယ်ဖြေရင်း ကုန်းကျယ်ကိုတိတ်တဆိတ်လှမ်းကြည့်လိုက်သည်။
“သူကစလိုက်တာ။”
“အားကျလိုက်တာ။”
လျိုမော့က နောက်ပြောင်သလိုပြောလိုက်သည်။
ဝမ်ကယ်လည်းရယ်လိုက်၏။ ကျန်မိန်းကလေးများက ဆက်မေးချင်နေကြသည်။ သို့သော် ဘေးတွင်စောင့်နေသောကုန်းကျယ်က ချောင်းတစ်ချက်ဟန့်လိုက်၏။
သည်တော့မှ သူတို့ ဒီနတ်ဘုရားကိုအကြာကြီးလျစ်လျူရှုမိမှန်းသတိရသွားကာ ဘာအချစ်အကြောင်းမှထပ်မမေးရဲတော့ဘဲ ရုပ်ရှင်ဧကရာဇ်ကုန်းကို တလေးတစားကတ်ပြခိုင်းကြသည်။
ကုန်းကျယ်ကအပြစ်ဒဏ်ကတ်ရွေးမိပြီး သူလုပ်ရမည်က ကစားသူတစ်ဦးကိုချီ၍ ထိုင်ထအခါ(၂၀)လုပ်ရန်ဖြစ်သည်။
မိန်းကလေးဧည့်သည်အားလုံးက သူ့ထက်ငါအရင်ချက်ချင်းလက်မြှောက်ကာ ကံထူးရှင်ဖြစ်ဖို့ယှဉ်ပြိုင်ကြတော့သည်။
ကုန်းကျယ်က ဝမ်ကယ့်ကိုချီချင်တာဖြစ်သည်။ သို့သော်အခြေအနေအရ ယောကျာ်းလေးထက် မိန်းကလေးကိုချီတာပိုပြီးသင့်တော်သည်။ သို့သော် သူ့အိမ်ကချစ်ဇနီးက သူ့ကိုဘေးကနေထိုင်ကြည့်နေတာကြောင့် ကိုယ့်ချစ်သူမျက်စိအောက်တွင် တခြားမိန်းကလေးနှင့်ဒီလိုတရင်းတနှီးကစားနည်းမျိုးသူမကစားဝံ့ပေ။ သို့နှင့် သူလည်း အတူကစားမည့်ကစားေဖာ်ကိုမရွေးရဲဘဲ နှေးတုံ့နှေးတုံ့လုပ်နေလိုက်သည်။
ထိုအချိန် ယွီရန်က ဘေးကနေ ကတ်ကိုင်ပြီးအော်လိုက်၏။
“ဒီမှာ လိင်တူတဲ့ကစားဖော်ကိုချီပြီး ထိုင်ထအခါ(၂၀)လုပ်ရမယ်လို့ရေးထားတာ။”
“အာ။”
လူတိုင်းကြက်သေသေသွားသည်။
ယင်ဟန်က အနားကိုတိုးကြည့်လာသည်။
“တကယ်လိင်တူတဲ့ကစားဖော်လို့ရေးထားတာပဲ။ အားလုံးရဲ့မျှော်လင့်ချက်လေးပျက်စီးသွားပြီ။”
မိန်းကလေးများမှာ နှင်းကိုက်ထားသောခရမ်းသီးများပမာ ခုနကအားမာန်တက်ကြွနေသည်များပျောက်ဆုံးသွားသည်။
ကုန်းကျယ် စိတ်သက်သာရာရသွား၏။
ယင်ဟန်က သူ့ကိုမေးလာသည်။
“ဆရာကုန်း၊ ဆရာ ကျွန်တော်တို့သုံးယောက်ထဲကဘယ်သူ့ကိုရွေးမှာလဲ။”
ကုန်းကျယ်က လေ့လာအကဲခတ်သလိုဟန်ဆောင်လိုက်ပြီးနောက် ယင်ဟန်ကိုအရင်ကျော်လိုက်သည်။
“မင်းက တစ်ချက်ကြည့်ရုံနဲ့အားကစားလုပ်တဲ့ပုံပေါက်တယ်။ ကြွက်သားတွေချည်းပဲ။ ငါမင်းကိုမ’မနိုင်ဘူး။ PASS ကျော်တယ်။”
ယင်ဟန်က ဒါကိုမျှော်လင့်ထားပြီးသားဖြစ်သည်။ သူကပခုံးတွန့်ကာ ယွီရန်နှင့်ဝမ်ကယ်ကိုချန်ပြီး ဘေးဖယ်နေလိုက်သည်။
ယွီရန်က ဒါကိုမြင်တော့ သူလည်းဘေးဖယ်နေချင်သည်။ သို့သော် ထိုအခိုက် စွန်းရှောင်ဖေးလှမ်းပြောတာကြားလိုက်ရသည်။
“ယွီရန်လေးက ကိုယ်လုံးကိုယ်ပေါက်အသေးဆုံးပဲ။ တစ်ချက်ကြည့်ရုံနဲ့အရမ်းပေါ့မှန်းသိသာတယ်။ ဆရာကုန်း ယွီရန်လေးကိုပဲချီလိုက်ပါလား။”
ယွီရန်က မတတ်သာသည့်အဆုံး နေရာတွင်ဆက်ရပ်နေရသည်။ အခြားသူများကလည်း စွန်းရှောင်ဖေး၏အကြံကိုသဘောတူပြီး ကုန်းကျယ်ကို ယွီရန်အားချီရန်တိုက်တွန်းနေသည်။ ယွီရန် ဦးရေပြားများပါထုံကျဉ်ကာ ဝမ်ကယ်ဘက်အလိုလိုလှမ်းကြည့်မိသည်။
တစ်ဖက်လူ၏မျက်နှာအမူအရာက ပုံမှန်အတိုင်းရှိနေသော်လည်း သူကြောက်ဒူးတုန်ကာ ကုန်းကျယ် သူ့ကိုရွေးလိုက်မှာစိုးနေသည်။
သူ “third wheel” မဖြစ်ချင်ပါဘူးနော်။
(T/N – third wheel – ချစ်သူအတွဲနှစ်ယောက်ကြား ကန့်လန့်ပါနေသည့်လူပို။)
သို့သော် သူ အတွေးလွန်နေမှန်းသိသာသည်။ မိန်းကလေးများက ကုန်းကျယ်ကို ယွီရန်အားရွေးချယ်ရန်တိုက်တွန်းနေသော်လည်း ကုန်းကျယ်ကတော့ သူတို့စကားလုံးဝနားမထောင်ဘဲ ဝမ်ကယ့်ဆီသာ တန်းတန်းမတ်မတ်လျှောက်သွားသည်။ ထို့နောက် သူက ဝမ်ကယ့်ရှေ့ရပ်ကာ စကားတစ်လုံးမှမပြောဘဲချက်ချင်းပွေ့ချီလိုက်သည်။
ဝမ်ကယ်လန့်သွားကာ ကုန်းကျယ်လည်ပင်းကိုအမြန်ဖက်လိုက်၏။
“ဝါး!”
မိန်းကလေးများအားလုံးထံမှ နောက်တစ်ကြိမ်အာမေဍိတ်သံထွက်လာသည်။
ကုန်းကျယ်က မိန်းကလေး(၄)ယောက်ကိုကြည့်ကာ စသလိုနောက်သလိုရှင်းပြသည်။
“ဆရာဝမ်နဲ့ဆက်ဆံရေးကောင်းအောင်လုပ်ချင်တယ်လို့ကျွန်တော်ပြောထားတယ်မဟုတ်လား။ မင်းတို့က ကျွန်တော့်ကို တလွဲအကြံတွေပေးနေတယ်။”
မိန်းကလေးများ ရယ်မောသွားကြသည်။
ကုန်းကျယ်က ဝမ်ကယ့်ကိုထပ်မံငုံ့ကြည့်ကာ:
“ဆရာဝမ်၊ ကျွန်ဝောာ်မင်းကိုရွေးမယ်၊ ရလား။”
ဝမ်ကယ်ကမျက်ဖြူလှန်ပြလိုက်ကာ:
“လက်တောင်ပါပြီးနေပြီကို၊ ကျွန်တော်ကဘယ်လိုဖြေရမှာလဲ။”
ကုန်းကျယ်ပြုံးကာ ဝမ်ကယ့်ခါးလေးကိုညှစ်လိုက်သည်။ ထို့နောက် စပြီးထိုင်ထလုပ်လိုက်၏။
မိန်းကလေးများကတော့ ယခုကဲ့သို့ ကုန်းကျယ်၏မမျှော်လင့်ထားသောလုပ်ရပ်က အစီအစဉ်အား အကျိုးရှိစေရန်ရည်ရွယ်သည်ဟုသာတွေးကြသည်။ ထို့ကြောင့် သူတို့စိတ်ထဲတွင် ဘာသံသယမှမရှိဘဲ ထိုင်ထအကြိမ်ရေကို ကူညီရေတွက်ပေးနေသည်။ ယွီရန်ကလည်း ကပ်ဆိုးဆိုက်ေတာ့မည့်အန္တရာယ်မှလွတ်မြောက်သွားသဖြင့် စိတ်သက်သာရာရကာသက်ပြင်းချလိုက်သည်။
စည်းဝိုင်းအပြင်ဘက်တွင်ရပ်နေသည့်ယင်ဟန်တစ်ဦးတည်းသာ အတွဲညီညီပူးပေါင်းလုပ်ဆောင်နေသောသူတို့နှစ်ဦးကိုကြည့်ရင်း မဲ့ပြုံးပြုံးလိုက်လေသည်။
*****
Aurora Novel Translation Team