Chapter 27
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 27 - ကျူးဘားသို့ရောက်ရှိခြင်း
အပိုင်း (၂၇) – ကျူးဘားသို့ရောက်ရှိခြင်း
👻👻👻
ကျူးဘားသို့ရောက်တော့ အချိန်က ညသန်းခေါင်ထိုးခါနီးပြီ။
အပူပိုင်းဒေသတွင်းနိုင်ငံဖြစ်တာကြောင့် ဖေဖော်ဝါရီလပင်ရှိသေးသော်လည်း ရာသီဥတုက အလွန်ပူပြင်းေနသည်။ လူတိုင်းက သေချာပြင်ဆင်လာပြီး လေယာဉ်ပေါ်ကဆင်းသည်နှင့် မိမိတို့အဝတ်အစားများကို အေးမြသောနွေရာသီဝတ်စုံများနှင့်လဲလှယ်ဝတ်ဆင်လိုက်သည်။
“ဝါး၊ နွေးလိုက်တာ။”
စွန်းရှောင်ဖေးက နွေဦးရာသီအဝင်ချမ်းအေးသောတရုတ်နိုင်ငံမှ ချစ်ချစ်တောက်ပူပြင်းသည့်ကျူးဘားနိုင်ငံသို့ ရုတ်တရတ်ပြောင်းလဲသွားသည့်အပေါ် စိတ်ထဲမှသက်ပြင်းအသာချလိုက်၏။
စင်္ကြံလမ်းအတိုင်းေလျှာက်ရင်း သူ(မ)နောက်မှလိုက်လာသူ ရှောင်းရှောင်းက စွန်းရှောင်ဖေးခေါင်းကိုပွတ်ကာ စကားပြင်ပေးလိုက်သည်။
“နင် ပူလိုက်တာလို့ပြောသင့်တာ။”
ကျူဘား၏ရာသီဥတုက တကယ်ကိုပူပြင်းသည်။ အေးမြသည့်အဝတ်အစားများဝတ်ထားပါသော်လည်း ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် နဖူးတွင်ချက်ချင်းချွေးများစို့လာသည်။
လူတိုင်းက ကျူးဘားမြေပေါ်ခြေချလိုက်သည်နှင့် မျက်နှာကိုဖြတ်သန်းတိုက်ခတ်လာသည့်လေပူများကြောင့် ကြိုတင်မတိုင်ပင်ထားဘဲ အားလုံးကအလိုလိုစကားတစ်ခွန်းရေရွတ်လိုက်ကြသည်။
“ပူလိုက်တာ!”
စွန်းရှောင်ဖေးက လူတိုင်းမျက်နှာပေါ်ရှိအသက်မရှင်ချင်သလိုအမူအယာကိုမြင်တော့ မြေကြီးပေါ်ဆောင့်ကြောင့်ထိုင်ကာ အကြာကြီးရယ်မောလိုက်သည်။
ကုန်းကျယ်နှင့်ဝမ်ကယ်တို့ နောက်ဆုံးမှထွက်လာသည်။ သူတို့၏တုံ့ပြန်မှုကတခြားသူများလောက်မသိသာပေ။ သို့သော် သူတို့လည်း အလွန်ပူအိုက်သောရာသီဥတုကြောင့် အနည်းငယ်မလန်းမဆန်းဖြစ်နေသည်။
လူတစ်စုက ခရီးဆောင်အိတ်များသယ်ကာ လေဆိပ်ထဲမှလမ်းလျှောက်ထွက်လာသည်။ ထို့နောက် လူရှင်းသည့်ထောင့်တစ်နေရာရှာကာ လူ(၈)ယောက် တန်းစီမတ်တတ်ရပ်လိုက်သည်။
ဒါရိုက်တာက သူတို့ရှေ့တွင်ရပ်ကာကြေညာ၏။
“အားလုံး ကျူးဘားနိုင်ငံကနေကြိုဆိုပါတယ်။ ကျွန်တော်တို့ခရီးစဉ်ကို အခုချိန်ကစပြီး တရားဝင်စတင်ပါပြီ။ အခုကစပြီး စား၊ဝတ်၊နေရေးနဲ့သွားရေးလာရေးကိစ္စတွေကို အားလုံးကိုယ့်အားကိုယ်ကိုးရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဘာအကူအညီမှပေးမှာမဟုတ်ပါဘူး။”
ပြောပြီးသည်နှင့် ဒါရိုက်တာက စာအိတ်တစ်လုံးကိုထုတ်ေပးသည်။
“ဒါ မင်းတို့ကျူးဘားမှာနေမဲ့ အချိန်(၁၀)ရက်စာအသုံးစရိတ်ပဲ။ ကျေးဇူးပြုပြီးအားလုံးမျှမျှတတခွဲေဝသုံးကြပါ။ အသုံးလွန်ပြီးကုန်သွားရင် ကျွန်တော်တို့နောက်တစ်ခါထပ်ပေးမှာမဟုတ်ပါဘူး။”
လူတိုင်းက ဒီကိုမလာခင် စည်းမျဉ်းစည်းကမ်းများလေ့လာထားပြီးဖြစ်တာကြောင့် သိပ်မအံ့ဩပေ။ သို့သော် ပေးထားသည့်အသုံးစရိတ်ပမာဏကိုသိသွားပြီးနောက် အားလုံးမတည်မငြိမ်ဖြစ်လာသည်။
အဖွဲ့၏အငယ်ဆုံးလည်းဖြစ်၊ အတွေ့အကြုံအနုဆုံးလည်းဖြစ်သည့်ယွီရန်က အလိုလိုတောက်တိုမယ်ရလုပ်ေပးကာ စာအိတ်သွားယူပြီး အထဲကပိုက်ဆံကိုရေတွက်လိုက်သည်။
“၃,၀၂၆ ပီဆို။”
(T/N – ပီဆို -လက်တင်အမေရိကနိုင်ငံများနှင့် ဖိလစ်ပိုင်နိုင်ငံသုံးငွေကြေး။)
“အဲ့တာက RMB နဲ့ဆိုဘယ်လောက်လဲ။”
(T/N – RMB (ရမ်မင်ဘီ) -တရုတ်နိုင်ငံသုံးငွေကြေး-ယွမ်။)
လူတိုင်းက ကျူဘား၏ငွေလဲနှုန်းကိုသေချာမသိတာကြောင့် ဖုန်းကိုယ်စီထုတ်ရှာကြသည်။
သို့သော် ကုန်းကျယ်က အစွန်ဆုံးတွင်တည်ငြိမ်စွာမတ်တတ်ရပ်ရင်းပြောလိုက်သည်။
“RMB ယွမ် (၂)သောင်း။”
ထိုအချိန် အခြားသူများလည်း ဖုန်းထဲမှတစ်ဆင့်ရှာတွေ့သွားကြသည်။ ငွေပမာဏက ကုန်းကျယ်ပြောသည့်အတိုင်းကွက်တိဖြစ်နေသည်။ သို့နှင့် သူတို့ကအရပ်ရှည်ပြီးရုပ်ရည်ချောမောသည့်ရုပ်ရှင်ဧကရာဇ်ကိုလေးစားသွားကာပြောလိုက်သည်။
“ဆရာကုန်း အရင်ကကျူဘားကိုရောက်ဖူးလား။”
ကုန်းကျယ်ကခေါင်းခါပြကာ:
“မရောက်ဖူးပါဘူး။ ဒီမလာခင်နည်းနည်းသိအောင်လေ့လာထားတာ။”
လူတိုင်းသဘောပေါက်သွားကာ အသုံးစရိတ်ငွေပမာဏအပေါ်အားလုံးပြန်အာရုံရောက်သွားသည်။
“လူရှစ်ယောက်အတွက်ဆယ်ရက်စာအသုံးစရိတ်ကို ယွမ်နှစ်သောင်းပဲပေးတာမနည်းလွန်းဘူးလား။ ဒါရိုက်တာကြီး၊ ဆရာတို့က ကျွန်မတို့အေးစက်ဆာလောင်နေတာမြင်ချင်လို့ ဒီလောက်ပဲတမင်ပေးတာလား။”
လျိုမော့တစ်ယောက် သိပ်မထူလှသောငွေစက္ကူတစ်ထပ်ကိုကိုင်ကြည့်ပြီး တောင်းစားရမည့်ဘဝရောက်ဖို့သိပ်မဝေးတော့သလိုခံစားလိုက်ရသည်။
ဒါရိုက်တာကရယ်နေသော်လည်း ဘာမှထပ်မပြောပေ။
ပိုက်ဆံရပြီးသက်ပြင်းတစ်ချချလုပ်နေကြသည့် မိန်းကလေးများနှင့်ယှဉ်လျှင် ယောကျာ်းလေး(၄)ယောက်က အများကြီးပိုတည်ငြိမ်သည်။ ဝမ်ကယ်က ကျူဘားနိုင်ငံ၏ယဉ်ကျေးမှုဓလေ့ထုံတမ်းများကို ရသခံစားကာအလုပ်များနေပြီး သူတို့စကားဝိုင်းအပေါ်အာရုံမရှိပေ။ ယင်ဟန်က ယွီရန်ပိုက်ဆံသွားယူနေချိန်အချိန်ကောင်းယူကာ ဝမ်ကယ်ဘေးတိတ်တဆိတ်ဝင်ရပ်ပြီး တမင်ဘာစကားမှမပြောဘဲနေနေသည်။ သို့သော် သူက ကင်မရာကိုကျောပေးထားချိန်တွင် ဝမ်ကယ်ကိုမကြာခဏလှမ်းလှမ်းကြည့်နေသည်။ ကုန်းကျယ်က ဝမ်ကယ့်ဘေးမရပ်ရဘဲ သူတို့နှစ်ယောက်ကြား ယင်ဟန်နှင့်ယွီရန်ခြားနေတာကြောင့် အနည်းငယ်သဘောမကျဖြစ်ေနသည်။ ထို့ကြောင့် သူ့မှာ မိန်းကလေးများပြောဆိုနေသည်ကိုနားမထောင်နိုင်အား၊ စိတ်ထဲတွင် သူ့မိန်းမနှင့်အလွန်ဝေးနေသည်ကို မကျေမနပ်ညည်းညူ၍ မပျော်မရွှင်ဖြစ်နေသည်။ ယွီရန်က အလုပ်အပေါ်စိတ်အားအထက်သန်ဆုံးဖြစ်ကာ မိန်းကလေးများကိုနှစ်သိမ့်လိုက်သည်။
“တကယ်တော့ဒါလည်းအဆင်ပြေပါတယ်။ ကျူဘားမှာဈေးအတော်နိမ့်တယ်ပြောကြတာကြားဖူးတယ်။ ကျွန်တော်တို့နည်းနည်းလောက်ချွေတာလိုက်ရင်ရမှာပါ။”
မိန်းကလေးများက ပါးစပ်ကသာညည်းတွားပြီး ပိုက်ဆံကိုလက်ခံယူလိုက်သည်။
ဒါရိုက်တာကဆက်ပြော၏။
“ဒီခရီးစဉ်အတောအတွင်း အဖွဲ့ဝင်တွေရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို တာဝန်ယူကြီးကြပ်ဖို့ အားလုံးထဲကနေခေါင်းဆောင်တစ်ယောက်ရွေးမယ်။ ခေါင်းဆောင်နေရာအတွက် အားလုံးတိုင်ပင်ပြီးတစ်ယောက်ရွေးပေးပါ။”
ဒါရိုက်တာပြောပြီးသိပ်မကြာလိုက်၊ သူတို့လူတစ်စု စတင်ဆွေးနွေးတိုင်ပင်ပြီးနောက် မိန်းကလေးများက ခေါင်းဆောင်ကိုယောကျာ်းလေး(၄)ဦးထဲမှရွေးချယ်သင့်ကြောင်း တစ်ညီတစ်ညွတ်တည်းသဘောတူကြသည်။
“ဒီလိုကိစ္စမျိုးက ယောကျာ်းလေးတွေလုပ်မှစိတ်ချရမယ်။”
မိန်းကလေးများကပြောသည်။
နောက်ဆုံးရွေးချယ်ခံရမည့်သူကဘယ်သူမှန်းေသချာမသိရသေးပေ။ သို့နှင့်လူတိုင်းကတစ်ယောက်ယောက်ရှေ့ထွက်ပြီး ဒီတာဝန်ကိုယူဖို့စောင့်ဆိုင်းနေသည်။
အဖွဲ့ခေါင်းဆောင်လုပ်ရသည်မှာ မလွယ်မှန်းသိသာသည်။ ယင်ဟန်က ပင်ပင်ပန်းပန်းလုပ်ချင်စိတ်မရှိတာကြောင့် အရင်ဆုံးပြောလိုက်၏။
“ကျွန်တော်ကအင်္ဂလိပ်စာလည်းမရဘူး။ ပြောဆိုဆက်ဆံတာလည်းသိပ်မလုပ်တတ်ဘူးဆိုတော့လုပ်ချင်ပေမဲ့ မလုပ်နိုင်ဖြစ်နေတယ်။”
ထိုအခါ ယွီရန်က မထင်မှတ်ဘဲဘေးကနေလှမ်းပြောသည်။
“ကျူဘားမှာ အင်္ဂလိပ်စကားသိပ်မသုံးပါဘူး။ အားလုံးက စပိန်စကားပိုပြောကြတာ။”
အဓိပ္ပါယ်က အင်္ဂလိပ်စာညံ့သည်ကိုအကြောင်းပြချက်ပေးပြီး ရှောင်ပြေးလို့မရပေ။ တကယ်တမ်းတော့ ယွီရန်က သူ့သဘောအရဆို ယင်ဟန်ကိုခေါင်းဆောင်လုပ်စေချင်သည်။ သည်လိုဆို သူလည်းအလုပ်များပြီး ဝမ်ကယ့်ကိုအနှောင့်အယှက်ပေးဖို့အချိန်ရမည်မဟုတ်ပေ။
ယွီရန်အတွက် အချက်ကအလွန်ကောင်းေနသော်လည်း ယင်ဟန်က အနုပညာအသိုင်းအဝိုင်းတွင် နှစ်အချို့ကျင်လည်လာသူဖြစ်နေသည်။ သူက ယွီရန်၏မသိမသာအပြောကို တည်ငြိမ်အေးဆေးစွာပြန်ပြောလိုက်သည်။
“ယွီရန်လေးကအရမ်းချစ်ဖို့ကောင်းတာပဲ။ ကျွန်တော်က အင်္ဂလိပ်စာတောင်မရတာ၊ စပိန်စကားဆိုပိုတောင်ဆိုးသေးတယ်။”
ယင်ဟန်က အကျင့်စရိုက်အရ မေးခွန်းထုတ်ချင်စရာကောင်းနေသော်လည်း ရုပ်ရည်ကတော့တော်တော်ချောသည်ဟုဆိုရမည်။ သူကလူငယ်ကြိုက်ဇာတ်လမ်းတွဲများစွာတွင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး မျက်လုံးအစုံကအချစ်စိတ်အပြည့်နှင့်ကြည့်နိုင်အောင်လေ့ကျင့်ထားသည်။ ဒီတစ်ခေါက်သူယွီရန်ကိုကြည့်လိုက်သည့်အခါ သူ့အကြည့်တွင် မသိမသာချစ်ခင်ကြင်နာသည့်အကြည့်များပါဝင်နေသည်။ ယွီရန်ကချက်ချင်းမျက်နှာရဲသွား၏။ အဲ့ဒါက သူ၏ချစ်ခင်ကြင်နာသည့်အကြည့်ကြောင့်လား၊ မင်းကချစ်ဖို့ကောင်းတယ်ဆိုသည့်စကားကြောင့်လားတော့ သူလည်းမသိသော်လည်း ယင်ဟန်သည် တစ်ဖက်သတ် CP အတင်းတွဲတတ်သည့်သူဖြစ်တာကြောင့် သူဘာမှထပ်မပြောရဲတော့ပေ။
သို့သော်ယွီရန်၏စကားကြောင့် လူတိုင်းခေါင်းဆောင်ရွေးချယ်ဖို့အကြံသစ်ရသွားသည်။
“ဘယ်သူစပိန်စကားတတ်လဲ။”
လူတိုင်းက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးခေါင်းခါလိုက်သည်။ ထို့နောက်အားလုံးက ကုန်းကျယ်နှင့်ဝမ်ကယ်ခေါင်းမခါသလို၊ ခေါင်းလည်းမညိတ်တာတွေ့တော့ စိတ်ထဲတွင်မျှော်လင့်ချက်ရောင်ခြည်သန်းသွားသည်။
“ဆရာကုန်း၊ ဆရာဝမ်၊ ဆရာတို့စပိန်စကားပြောတတ်လား။”
နှစ်ယောက်လုံးက စိတ်ထဲမှာသက်ပြင်းချကာ စိတ်မပါ့တပါ့ခေါင်းညိတ်ပြကြသည်။
“တက္ကသိုလ်တုန်းက အဲ့ဒီဘာသာစကားကို မိုင်နာဘာသာယူခဲ့တာ။”
ကုန်းကျယ်ပြောလိုက်သည်။
သူတို့နှစ်ဦးလုံး ဒီအကြောင်းဝန်မခံချင်ပေ။ တကယ်အရမ်းလုပ်ချင်နေသည့်လူမဟုတ်လျှင် ဘယ်သူမှဒီလိုကျေးဇူးအတင်မခံရမည့်အလုပ်မျိုးမလုပ်ချင်ကြပေ။ သို့သော် သူတို့နှစ်ဦး၏ အခြေခံအချက်အလက်များကို အစောကြီးကတည်းကအင်တာနက်တွင် လူအများကိုချပြထားခဲ့ပြီးဖြစ်သည်။ “ပြောတတ်သည့်ဘာသာစကား – စပိန်ဘာသာ” ဆိုသည့်စာလုံးများကို အဖြူအမည်းနှင့် ထင်းနေအောင်ရေးထားသည်။ သူတို့ငြင်းချင်တောင် ငြင်းလို့မရနိုင်ပေ။
“ဒါဆိုဘယ်သူခေါင်းဆောင်လုပ်မှာလဲ။ ဆရာတို့နှစ်ယောက်မှာ လုပ်ချင်တဲ့သူရှိလား။”
မိန်းကလေးများက လက်များကိုပွတ်ကာ ပွဲကြည့်ပရိတ်သတ်လုပ်နေသည်။
ဝမ်ကယ်က ခပ်ဖွဖွပြုံးပြီး ကုန်းကျယ်ဘက်တစ်ချက်လှည့်ကြည့်လိုက်သည်။ သူ့မျက်ဝန်းများကကြင်နာပြီး အပြင်လူများအဖို့အလွန်သမားရိုးကျနိုင်သည့်ပုံမှန်အကြည့်တစ်ချက်ဖြစ်သည်။ သို့သော် ကုန်းကျယ်ကတော့ ထိုအကြည့်ထဲတွင်ခြိမ်းခြောက်မှုကြီးတစ်ခုမြင်နေရသည်။
မြန်မြန်လက်ထောင်လိုက်၊ မဟုတ်ရင် နောင်ကိုအိပ်ရာပေါ်တက်အိပ်ဖို့မစဉ်းစားနဲ့။
ဒါဝမ်ကယ်၏ကြင်နာသောမျက်ဝန်းများထဲတွင်ပါနေသည့်အဓိပ္ပါယ်ဖြစ်သည်။
ကုန်းကျယ်စိတ်ထဲတွင်ပြုံးကာ သူ၏ချစ်စရာကောင်းသည့်ချစ်သူကို ချက်ချင်းတကယ်ဆွဲဖက်ပြီးနမ်းရှိုက်ပစ်ချင်စိတ်ပေါက်သွားသည်။ သူတို့ချင်းသုံးစက္ကန့်လောက်စိုက်ကြည့်နေပြီးနောက် ကုန်းကျယ်က ဝမ်ကယ်၏တိတ်ဆိတ်သောအကြည့်များအောက်တွင် ြဖည်းညင်းစွာလက်ကိုမြှောက်လိုက်၏။
“ကျွန်တော်လုပ်လိုက်မယ်။ စီနီယာအထက်တန်းတုန်းက ကျောင်းဘတ်စကက်ဘောအသင်းကိုခေါင်းဆောင်ပြီး နွေရာသီစခန်းသွင်းလေ့ကျင့်ရေးလုပ်ဖူးတော့ ကျွန်တော့်မှာအတွေ့အကြုံပိုရှိတယ်။”
လူတိုင်းက လက်ခုပ်တီးကြိုဆိုလိုက်ကြသည်။
ခေါင်းဆောင်ကိုတရားဝင်ခန့်အပ်ပြီးသွားတော့ သူတို့က ခရီးတစ်လျှောက်အသုံးစရိတ်ပိုက်ဆံကို ကုန်းကျယ်ဆီအပ်လိုက်သည်။
ရာထူးအသစ်ရသည်နှင့် ငါးမိနစ်တောင်မကြာလိုက် ကုန်းကျယ်ကသူ၏ပထမဆုံးတာဝန်ဖြစ်သည့် ကားငှားသည့်အလုပ်ကိုစတင်လုပ်လိုက်သည်။
ကုန်းကျယ်က ဝန်ထမ်းတစ်ယောက်ရှာပြီး သူလိုချင်သောကား၏လိုအပ်ချက်များပြောလိုက်သည်။
သူဝန်ထမ်းနှင့်ပြောဆိုညှိနှိုင်းနေစဉ် လူစုကဘေးတွင်ရပ်ကာ မျက်နှာကိုလက်ထောက်ပြီးဝိုင်းကြည့်နေသည်။ လူတိုင်း၏မျက်လုံးများ၌ ကြည်ညိုလေးစားမှုများပြည့်နှက်နေသည်။
“နတ်ဘုရားစပိန်စကားပြောနေတဲ့ပုံက သိပ်မိုက်တာပဲ။ ပစ်ဝင်သွားချင်လာတယ်……။”
လျိုမော့ကပြောလိုက်သည်။
“ရုပ်ရှင်ဧကရာဇ်ကုန်းက ဘက်စုံသိပ်တော်တာပဲ။”
စွန်းရှောင်ဖေးကပြောသည်။
“အမေရေ၊ ဒီလိုဘေးတိုက်ပုံစံမျိုး၊ ဒီလိုရုပ်ရည်မျိုးနဲ့။ ငါေတာ့မူးမေ့လဲသွားနိုင်တယ်။”
ရှောင်းရှောင်းကပြောလိုက်သည်။
“အစ်ကိုကြီးကုန်းမလုပ်နိုင်တာဘာများရှိသေးလို့လဲ။ သရုပ်ဆောင်၊ အချက်အပြုတ်၊ ခွေးနဲ့လမ်းလျှောက်ထွက်၊ အစ်ကိုဝမ်အပေါ်……..”
“ဟတ်ချိုး!”
ဝမ်ကယ်နှာချေလိုက်၏။
ကုန်းကျယ်က ချက်ချင်းလုပ်နေတာရပ်ကာ စိုးရိမ်တကြီးမေးလိုက်သည်။
“အအေးမိသွားတာလား။”
ဝမ်ကယ်က နှာခေါင်းကုတ်ကာပြောလိုက်သည်။
“မဟုတ်ပါဘူး။ နှာခေါင်းနည်းနည်းယားသွားလို့။”
ဒီတော့မှ ကုန်းကျယ်စိတ်သက်သာရာရသွားကာ စကားဆက်ပြောလိုက်သည်။
လူတိုင်းကနောက်ဆုံးတော့ အချစ်စိတ်မွှန်နေရာမှပြန်လည်အသိဝင်လာသည်။ သူတို့က မျက်နှာဟိုကုတ်ဒီကုတ်လုပ်ကာ ကုန်းကျယ်ကိုကြည့်ပြီး ဝမ်ကယ်ကိုကြည့်လိုက်သည်။ သူတို့ဘာများလွတ်သွားလဲ။
ယွီရန်က တစ်ခုခုမူမမှန်ဖြစ်သွားသည်ကိုသတိမထားမိသော်လည်း ခုနကဝမ်ကယ်နှာချေလိုက်သည့်အချိန်က သိပ်ကိုတိုက်ဆိုင်လွန်းနေသည်။ ထို့ကြောင့် သူဟိုအကြောင်းပြောနေလို့ဖြစ်မည်ဟုတွေးမိကာ ဘာမှထပ်ေလျှာက်မတွေးရဲတော့ပေ။ သို့နှင့် သူဝမ်ကယ့်ဘေးတွင်လိမ်လိမ်မာမာရပ်ကာ ကားအလာကိုစောင့်လိုက်သည်။
ဆယ်မိနစ်လောက်ကြာတော့ ဘယ်ညာလူဆယ်ယောက်ထိုင်လို့ဆန့်သည့် မီနီဘက်စ်တစ်စီးသူတို့ရှေ့ရပ်လိုက်သည်။
လူတိုင်းကားပေါ်အထုပ်တင်ပြီးနောက် ညအမှောင်ထုထဲတွင်ကားစက်နှိုးကာ သူတို့နေထိုင်မည့်နေရာသို့ ဦးတည်မောင်းနှင်လိုက်သည်။
သူတို့အတွက်ပရိုဂရမ်အဖွဲ့စီစဥ်ေပးထားသည့်နေရာက တောင်ငယ်လေးတစ်ခု၏တောင်ခါးပန်းရှိ နာမည်ကြီးနေရာတစ်ခုဖြစ်သည်။ ကွေ့ကွေ့ကောက်ကောက်တောင်တက်လမ်းပေါ်တွင် အရောင်စုံအိမ်လေးများတည်ရှိနေပုံက တောင်တန်များကြားလမ်းမှားရောက်လာသော မှင်စာလေးများလိုအရောင်အသွေးစုံကာ ချစ်စရာကောင်းပေသည်။
ညမှောင်နေပြီဖြစ်သော်လည်း တောင်တက်လမ်းတစ်လျှောက်တွင် မီးအိမ်ငယ်လေးများချိတ်ဆွဲထားကာ အလင်းရောင်ပေးနေသည်။ ဤနေရာကတည်ခိုရိပ်သာများစုပေါင်းတည်ရှိပုံရကာ အိမ်လေးများ၏အပြင်ဘက်၌ “ကြိုဆိုပါသည်” ဟူသောမီးဆိုင်းဘုတ်ငယ်လေးများချိတ်ဆွဲထားသည်။
ကားတောင်တက်လမ်းပေါ်တက်သည်နှင့် မိန်းကလေးများက ဖုန်းထုတ်ကာဓာတ်ပုံရိုက်ကြပြီး ဓာတ်ပုံရိုက်ရင်းလည်း လှပသောရှုခင်းများကိုတအံ့တဩကြည့်ရှုေနကြသည်။
ကားကကွေ့ပတ်ေမာင်းနှင်ရင်း နောက်ဆုံးတွင် အပြာရောင်သုံးထပ်တိုက်အိမ်လေးတစ်လုံးရှေ့၌ရပ်တန့်သွားသည်။ ယာဉ်မောင်းကိုကျေးဇူးတင်စကားပြောပြီးနောက် ကုန်းကျယ်ဦးဆောင်ကာ အိမ်ထဲဝင်ကြသည်။
အထဲဝင်လိုက်သည်နှင့် လေဟာပြင်ခြံဝန်းငယ်လေးတစ်ခုရှိနေသည်။ ခြံစည်းရိုးပေါ်တွင် ပန်းမန်အပြည့်စိုက်ပျိုးထားပြီး ခြံဝန်းထောင့်၌ စားပွဲငယ်ေလးတစ်လံုးနှင့်ထိုင်ခုံများချထားသည်။ ကြမ်းပြင်ကိုဖန်သားအကြည်ဖြင့်လုပ်ထားပြီး အတွင်း၌ ကျောက်စရစ်နှင့်ရေများရှိကာ ရောင်စုံငါးကလေးများ လွတ်လပ်စွာယိမ်းနွဲ့ကူးခတ်နေသည်။ ရေအောက်တွင် အပြာရောင် LED မီးများထွန်းထားကာ ရေအောက်ကမ္ဘာရောက်နေသလားထင်မှတ်ရသည်။
မိန်းကလေးများကပင်ပန်းဖို့ကိုပင်မေ့သွားကာ မိမိတို့ပုံရိပ်ကိုမငဲ့ဘဲ မြေကြီးပေါ်ဆောင့်ကြောင့်ထိုင်ပြီး ထိုမြေအောက်ကမ္ဘာငယ်လေးကိုစိတ်ဝင်တစားကြည့်ရှုကြသည်။
ယောကျာ်းလေးများကတော့ မိန်းကလေးများထက်ပိုပြီးတည်ငြိမ်သည်။ နောက်ပြီးထိုအရာများက သူတို့အာရုံကိုသိပ်မဆွဲဆောင်နိုင်ပေ။ သို့နှင့် သူတို့က မိန်းကလေးများကိုတစ်ချက်ကြည့်ပြီး အိမ်ထဲဆက်ဝင်သွားကြသည်။ သူတို့ကမိန်းကလေးများ၏ခရီးဆောင်အိတ်များကိုပါ လမ်းကြုံသယ်လာသည်။
အခန်းကအလွန်သန့်ရှင်းသပ်ရပ်သည်။ ပရိုဂရမ်အဖွဲ့က သူတို့မလာခင်ကြိုတင်ပြင်ဆင်ထားတာကြောင့် ပရိုဂရမ်အမှတ်တံဆိပ်နှင့် အစီအစဉ်စပွန်ဆာေပးသည့်ထုတ်ကုန်များ နေရာအနှံ့မြင်တွေ့နိုင်သည်။
ကုန်းကျယ်က ထမင်းစားခန်းထဲတွင်ထားထားသည့် မစ်ရှင်ကတ်ကိုချက်ချင်းရှာတွေ့သွားကာ ခရီးဆောင်အိတ်ကိုဘေးချပြီး ကတ်ကိုအရင်ယူကြည့်လိုက်သည်။
ထိုအချိန်တွင် မိန်းကလေးများလည်းအိမ်ထဲဝင်လာသည်။ ကုန်းကျယ်က အသံထွက်ဖတ်လိုက်၏။
“ကျူဘားမှကြိုဆိုပါတယ်။ အားလုံးဒီနေရာမှာ (၁၀)ရက်ကြာအပန်းဖြေခရီးရက်ရှည်ကိုပျော်ပျော်ပါးပါးဖြတ်သန်းကြရမှာဖြစ်ပါတယ်။ ဒီအချိန်အတောအတွင်း လုပ်ဆောင်ချက်အချိန်ဇယားအားလုံးကို ကိုယ့်ဟာကိုယ်စီစဉ်ရေးဆွဲရမှာဖြစ်ပြီး ပရိုဂရမ်အဖွဲ့ကဝင်ရောက်နှောင့်ယှက်မှာမဟုတ်ပါဘူး။ အားလုံးပျော်ရွှင်စရာအချိန်လေးပိုင်ဆိုင်ကြပါစေ။”
“အမ်။ ကိုယ့်ဟာကိုယ်ခရီးစဉ်အချိန်ဇယားဆွဲရမယ်တဲ့လား။ ဒါဆိုကျွန်မတို့လုပ်ချင်တာလုပ်လို့ရတာပေါ့။”
“ဘုရားရေ၊ ဒါကအပန်းဖြေခရီးထွက်သလိုပေါ့။ ကျွန်မတော့ ဒီအစီအစဉ်ကိုကြိုက်သွားပြီ။ ဒါရိုက်တာကြီး ဒုတိယတွဲရိုက်ရင်လည်း ကျွန်မကိုဖိတ်ပါနော်။”
မနက်ဖြန်ခရီးစဉ်အတွက် လူတိုင်းတွင်အတွေးကိုယ်စီရှိနေကြကာ တစ်ယောက်နှစ်ယောက်ကအကြံပြုရန်တက်ကြွစွာလက်ထောင်လာသည်။ ကုန်းကျယ်မှာစကားဝိုင်းပြောတာနားထောင်ပြီး အနည်းငယ်ခေါင်းကိုက်လာသည်။ သူက မတတ်သာသည့်အဆုံး အသံထွက်ကာစကားစဖြတ်လိုက်သည်။
“ဒါတွေအားလုံးကအလျင်မလိုပါဘူး။ အခုအခန်းအရင်ခွဲကြမယ်။”
အိမ်တွင်စုစုပေါင်းအခန်းလေးခန်းပါပြီး သေချာပေါက် နှစ်ယောက်တစ်ခန်းနေရမှာဖြစ်သည်။ မိန်းကလေး(၄)ယောက်က အခန်းဖော်များကိုယ်စီရွေးပြီးသားဖြစ်သည်။ သူတို့ကအိမ်ကိုပတ်ကြည့်ပြီးနောက် ရှုခင်းအလှဆုံးအခန်းနှစ်ခန်းကိုရွေးလိုက်သည်။
ယောကျာ်း(၄)ယောက်သာကျန်သည်။ ကုန်းကျယ်နောက်ဆုံးတော့ခေါင်းဆောင်လုပ်ရသည့်ကောင်းကွက်ကိုရှာတွေ့သွားသည်။ အကြောင်းကအခန်းများကို သူကိုယ်တိုင်ခွဲဝေနိုင်သောကြောင့်ဖြစ်သည်။ ဘယ်သူကဘယ်သူနှင့်တစ်ခန်းတည်းနေမလဲဆိုသည့်ကိစ္စကတော့ ခေါင်းဆောင်ဖြစ်သူကုန်းကျယ်၏ဆုံးဖြတ်ပေါ်လုံးဝမူတည်နေသည်။
ယင်ဟန်က သေချာပေါက်ဝမ်ကယ်နှင့်တစ်ခန်းတည်းနေချင်သည်။ သို့သော် သူဒီကိစ္စကိုအလျင်စလိုထုတ်ပြောလျှင် အလွန်ထူးဆန်းရာကျသွားမည်စိုးတာကြောင့် ကုန်းကျယ်စီစဉ်သည်ကိုသာစောင့်နေရသည်။
ကုန်းကျယ်က ယင်ဟန်ဘာတွေးနေမှန်းမသိပေ။ သို့နှင့် သူကအေးအေးဆေးဆေး အခန်းနေရာချလိုက်၏။
“ယွီရန်နဲ့ယင်ဟန်က ဒီအခန်းမှာနေ၊ ကျွန်တော်က ဆရာဝမ်နဲ့ တတိယထပ်အခန်းမှာနေမယ်။”
*****
Aurora Novel Translation Team