Chapter 28
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 28 - အခန်းများနေရာချခြင်း
အပိုင်း (၂၈) – အခန်းများနေရာချခြင်း
👻👻👻
ကုန်းကျယ်အခန်းထဲဝင်သည်နှင့် တစ်ခန်းလုံးရှိစောင့်ကြည့်ကင်မရာများကို အရင်လိုက်လံစစ်ဆေးလိုက်သည်။ အခန်းထောင့်နေရာတွင်ကင်မရာတစ်လုံးစီတပ်ဆင်ထားသည်။ ရေချိုးခန်းထဲဝင်ကြည့်ပြီးနောက် သူစိတ်သက်သာရာရသွားသည်။ ကံကောင်းထောက်မစွာဖြင့် ပရိုဂရမ်အဖွဲ့က ရေချိုးခန်းထဲတွင် ကင်မရာမတပ်ထားပေ။
သူတို့လုပ်သမျှပြောသမျှ ကင်မရာရှေ့တွင်ဖြစ်နေတာကြောင့် အခန်းထဲရောက်နေသည့်တိုင် သူတို့နှစ်ဦးစလုံးသိပ်ရင်းရင်းနှီးနှီးမနေရဲပေ။ ထို့ကြောင့် စကားအပြောအဆိုဆင်ခြင်ကာ အနည်းငယ်ယဉ်ကျေးစွာပြောလိုက်သည်။
“ဆရာဝမ်၊ ဘယ်ကုတင်မှာအိပ်မလဲ။”
ကုန်းကျယ်ထိုသို့လှမ်းခေါ်တော့ ဝမ်ကယ်ဘာမှပြန်မပြောနိုင်ခင် အရင်ကြက်သီးထသွားသည်။
ဆရာဆိုသည့်အခေါ်အဝေါ်က ညစ်ညမ်းရုပ်ရှင်များတွင်ပါသည့်အသုံးအနှုန်းနှင့်တူနေသည်။
ဝမ်ကယ်ကိုယ်တိုင်လည်း ဒီအခေါ်အဝေါ်ကိုတစ်မျိုးကြီးဖြစ်နေတာကြောင့်ပြောင်းပစ်ချင်နေသည်။ သို့နှင့် သူကပေါ့ပေါ့ပါးပါးဟန်ဆောင်ပြောလိုက်သည်။
“ဆရာလို့မခေါ်ပါနဲ့၊ ကျွန်တော်တို့နှစ်ယောက်ကအသက်သိပ်မကွာတော့ နာမည်ပဲတိုက်ရိုက်ခေါ်ရအောင်။”
ကုန်းကျယ်ကပြုံးပြီး ပြောသည်။
“ကောင်းပြီလေ၊ ဝမ်ကယ်။”
တကယ်တော့ ကုန်းကျယ်က သူ့ကို ဘေဘီလေး၊ ဇနီးလေး ဒါမှမဟုတ် ထိုထက်ပိုအီစီကလီနိုင်သည့်အခေါ်အဝေါ်များသုံးကာခေါ်ချင်ပေသည်။ သို့သော်ကင်မရာရှေ့တွင်ဖြစ်တာကြောင့် ဒုတိယအကောင်းဆုံးအခေါ်အဝေါ်ကိုသာ သူရွေးချယ်လိုက်သည်။ ဆရာတပ်ခေါ်တာထက်စာလျှင်တော့ နာမည်ခေါ်တာကပိုကောင်းေပသည်။
ဝမ်ကယ်ကလည်း သူ့ကိုကုန်းကျယ်ဟုနာမည်တပ်ခေါ်လိုက်သည်။
“ကျွန်တော်အတွင်းဘက်မှာအိပ်မယ်။”
ဝမ်ကယ်ကပြောလိုက်သည်။
“ရတယ်။”
အိပ်ရာအနေအထားနှင့်ပတ်သက်လျှင် သူတို့နှစ်ဦးစလုံးက တစ်ယောက်အကြောင်းတစ်ယောက်သိနေသည်။ အိမ်မှာဆိုဝမ်ကယ်က ညာဘက်တွင်အိပ်ပြီး ကုန်းကျယ်ကဘယ်ဘက်တွင်အိပ်လေ့ရှိသည်။ သို့သော် ဒီအစီအစဉ်မှာတော့ သူတို့ကသူငယ်ချင်းပင်မဟုတ်၊ အခုမှဆုံဖူးသည့်သူစိမ်းများဖြစ်သည်။ ထို့အတွက် ပြောသင့်ပြောထိုက်သောစကားများကို သူတို့ပြောရဆိုရပေဦးမည်။
သို့နှင့် ကုန်းကျယ်ကထပ်မေးသည်။
“မင်းအိပ်တဲ့ပုံစံကဘယ်လိုလဲ။ ကျွန်တော်က တစ်ခါတစ်လေသွားကြိတ်တတ်တယ်။ အဆင်ပြေရဲ့လား။”
ဝမ်ကယ်ကပြုံးပြီးခေါင်းခါပြကာ ပါးစပ်ကလည်းကိစ္စမရှိကြောင်းပြောလိုက်သည်။ သို့သော် စိတ်ထဲမှာတော့ အရင်ကအကြောင်းများကို တစ်ခုပြီးတစ်ခုပြန်အမှတ်ရမိသွားသည်။
ကုန်းကျယ်တွင် ငယ်ငယ်ကသွားကြိတ်သည့်အကျင့်ရှိသည်။ ဒါက အာဟာရချို့ယွင်းချက်အကြောင်းရင်းတချို့ကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပြီး ငယ်စဉ်က သွားကြိတ်သည့်ပြဿနာဟာ အတော်ဆိုးခဲ့သည်။
သို့သော် ကုန်းကျယ်က ဝမ်ကယ်နှင့်အတူအိပ်ရတာအလွန်သဘောကျတာကြောင့် ဝမ်ကယ်ခမျာ နေ့တိုင်းကုန်းကျယ်သွားကြိတ်သည့်အသံကြောင့် ညဘက်မအိပ်ရဘဲ(၁၂)ကြိမ်မကအိပ်ရာနိုးနေတတ်သည်။ ဝမ်ကယ် အချိန်တစ်ခုကြာေအာင်မျက်နှာညှိုးနေသည်ကိုမြင်တော့ မိဘလေးဦးလုံးစိတ်မကောင်းဖြစ်ကြသည်။ ထို့ကြောင့် မိဘများက ကုန်းကျယ်ကို ဝမ်ကယ်နှင့်အတူမအိပ်ဖို့တင်းကျပ်စွာတားမြစ်ခဲ့သည်။
နောက်ပိုင်း ကုန်းကျယ်ကြီးလာသည့်အခါ အာဟာရပြန်ပြည့်လာပြီး အံကြိတ်သည့်အကျင့်လည်းအများကြီးသက်သာသွားကာ ဝမ်ကယ်နှင့်အတူပြန်အိပ်ခွင့်ရခဲ့သည်။ ကုန်းကျယ်ကြောင့်ဝမ်ကယ်အိပ်ရာမှလန့်နိုးတာမျိုးလည်းမရှိတော့ပေ။ တကယ်တော့ ဝမ်ကယ်ကကုန်းကျယ်အံကြိတ်သံကိုဆူညံသည်ဟုမခံစားရဘဲ နားထောင်လေပိုကျင့်သားရလေဖြစ်သည်။ ထိုအချိန်က သူတို့နှစ်ဦး အထက်တန်းတက်ကာ ချစ်သူတွေဖြစ်နေကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့၌ ညဘက်အိပ်တာအပြင်အခြားလုပ်စရာများရှိနေသည်။ ဝမ်ကယ်မှာ နေ့တိုင်းအချစ်ခံရ၍ စိတ်ရောကိုယ်ပါအားအင်ကုန်ခမ်းကာ သွားကြိတ်သံ၊ ဟောက်သံများကိုစိုးရိမ်ပူပန်ဖို့ အင်အားမရှိတော့ပေ။ တစ်ခါတရံသွားကြိတ်သံကိုမကြားရသည့်တိုင် သူကောင်းကောင်းအိပ်မပျော်နိုင်ပေ။
အချိန်က မနက်(၁)နာရီ (၂)နာရီခန့်ရှိပြီဖြစ်တာကြောင့် ဝမ်ကယ်အလွန်အိပ်ချင်နေသည်။ သူက ရေမိုးချိုးပြီးနောက် သန်းဝေကာအိပ်ရာထဲဝင်သွားသည်။
ကုန်းကျယ်က ကင်မရာများကိုတစ်ချက်လှမ်းကြည့်ကာ တဘက်ယူပြီးကင်မရာလေးခုစလုံးကိုအုပ်ကာ မဲ့ပြုံးပြုံးလိုက်၏။
“ကျွန်တော်တို့အိပ်တော့မှာ၊ မသင့်တော်တာတွေမကြည့်ကြနဲ့။”
ကင်မရာများအုပ်ပြီးမှ ကုန်းကျယ်သက်ပြင်းချကာ ကုတင်နားတွင်ဘောင်းဘီချွတ်ပြီး အတွင်းခံတစ်ထည်တည်းဖြင့် ရေချိုးခန်းထဲဝင်သွားသည်။ ဆယ်မိနစ်ကြာတော့ ကုန်းကျယ် ရေချိုးတဘက်တစ်ထည်ပတ်ကာပြန်ထွက်လာသည်။ ဝမ်ကယ်ကတော့အိပ်ပျော်နေပြီဖြစ်သည်။ဆံပင်လေမှုတ်စက်သုံးလျှင် ဆူညံပြီး ဝမ်ကယ်နိုးသွားမည်စိုးတာကြောင့် ဆံပင်တဝက်ခြောက်အောင်တဘက်ဖြင့်သုတ်လိုက်သည်။ ထို့နောက် အတွင်းခံေဘာင်းဘီ၊ ဘောင်းဘီတိုများပြန်ဝတ်ကာ ဖုန်းယူပြီးလသာဆောင်ဘက်ထွက်ခဲ့သည်။
တောင်ေပါ်လေညင်းကအေးမြသော်လည်းချမ်းအေးမနေပေ။ လေပြေလေညင်းများက ပေါ့ပါးနွေးထွေးသည့်နွေဦးလေပြေကဲ့သို့ သိမ်မွေ့ညင်သာပြီး လူပေါ်တိုက်ခတ်သွားသည့်အခါ အလွန်သက်တောင့်သက်သာရှိလှသည်။ တစ်ဝက်ခြောက်နေသည့်သူ့ဆံပင်များလည်း တောင်ပေါ်လေညင်းကြောင့် လျင်မြန်စွာပြန်လည်ခြောက်သွေ့သွားသည်။
ကုန်းကျယ် ဝိုင်တစ်လုံး၊ မှတ်စုတစ်အုပ်၊ စီးကရက်တစ်ဘူးရှေ့ချ၍ ကြိမ်ကုလားထိုင်တွင်ထိုင်လိုက်ပြီး ဝိုင်တစ်ခွက်ငှဲ့ကာ ဖြည်းဖြည်းချင်းသောက်လိုက်သည်။
ထို့နောက် ဝိုင်ကိုဘေးဖယ်၍ စီးကရက်တစ်လိပ်ကိုမီးညှိကာ ခပ်ပြင်းပြင်းဖွာရှိုက်လိုက်သည်။ နီကိုတင်းဓာတ်၏လှုံဆော်မှုအောက် ပင်ပန်းနွမ်းနယ်မှုများအများကြီးသက်သာသွားသည်။
ကုန်းကျယ်တစ်ယောက် ပါးစပ်ကစီးကရက်ဖွာရင်း မှတ်စုစာအုပ်ယူကာ မနက်ဖြန်အစီအစဉ်များကို စတင်အချိန်ဇယားဆွဲလိုက်သည်။ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာတော့ လူတိုင်းအတွက်သူတာဝန်ယူရပေမည်။
ကုန်းကျယ် ကျူးဘားအကြောင်းသိပ်များများစားစားမသိပေ။ ထို့ကြောင့် သူ့ခရီးစဉ်လမ်းေကြာင်းက အခြားသူများသွားလေ့သွားထရှိသောခရီးသွားမှတ်တမ်းနှင့် မိန်းကလေးအဖွဲ့ဝင်များသွားလိုသည့်နေရာများအပေါ်အခြေခံထားသည်။ကျူးဘားခရီးသွားလက်ကမ်းစာစောင်များကိုစစ်ဆေးကာ ကျူဘားမြေပုံပေါ်တွင် အမှတ်အသားများရေးဆွဲလိုက်သည်။
ကြိမ်ကုလားထိုင်ကအနည်းငယ်ပုနေတာကြောင့် နောက်ကျောမှကြည့်လျှင် ကုန်းကျယ်ပုံစံက ထိုင်ခုံသေးသေးလေးတွင်ခြစ်ကုတ်ထိုင်နေသော ဗလတောင့်တောင့်လူကြီးနှင့်တူပေသည်။ ထို့အပြင် သူက အပေါ်ပိုင်း၌ရှပ်အင်္ကျီလည်းမဝတ်ထားဘဲ သန်မာသည့်လက်မောင်းကြွက်သားများကိုမြင်နေရသဖြင့် သူ့ပုံစံက ပို၍ပင်ညပ်ညပ်သပ်သပ်ဖြစ်နေသည်။
ဝမ်ကယ်အပြင်ထွက်လာသည့်အခါ ဒီမြင်ကွင်းကိုကြည့်ပြီး ဘာကြောင့်မှန်းမသိ၊ သူ့လူကသန်မာသော်ငြား အနည်းငယ်သနားစရာကောင်းသည်ဟုခံစားမိလေသည်။
သူ့မျက်လုံးများကိုပွတ်ကာ ကုန်းကျယ်ဘေးဝင်ထိုင်လိုက်၏။
“မင်းဘာလို့မအိပ်သေးတာလဲ။”
လသာဆောင်တွင်ကင်မရာများမရှိသလို ဝမ်ကယ်အပြင်ထွက်လာတုန်းကလည်း လသာဆောင်တံခါးကိုပြန်ပိတ်ခဲ့သည်။
ထို့ကြောင့် သူတို့နှစ်ဦးနောက်ဆုံးတော့ လွတ်လွတ်လပ်လပ်စကားပြောနိုင်သွားသည်။ သို့သော် သူတို့သိပ်အကျယ်ကြီးမပြောရဲဘဲ ခပ်အုပ်အုပ်သာပြောကြသည်။
“ငါမနက်ဖြန်ခရီးစဉ်အတွက် အချိန်ဇယားဆွဲနေတာ။ ပြီးတော့မယ်။ မင်းဆက်အိပ်လေ။”
ကုန်းကျယ် စီးကရက်မီးကိုအမြန်သတ်လိုက်ပြီး ကျန်နေသောမီးခိုးငွေ့များကို မှတ်စုစာအုပ်နှင့်ခတ်ထုတ်လိုက်သည်။ ဝမ်ကယ်ကအသက်ရှုလမ်းကြောင်းသိပ်မကောင်းတာကြောင့် သူ့ရှေ့တွင် ကုန်းကျယ်ဘယ်တော့မှဆေးလိပ်မသောက်ပေ။ တစ်ခါတရံစိတ်ပြေလက်ပျောက်ဆေးလိပ်သောက်ချင်လျှင်လည်း ဝမ်ကယ်ကိုရှောင်ပြီးမှသောက်လေ့ရှိသည်။ ဝမ်ကယ်က ကုန်းကျယ်ဆေးလိပ်သောက်သည်ကိုမတားသော်လည်း ကုန်းကျယ်ကျန်းမာရေးထိခိုက်မည်စိုးတာကြောင့် အများကြီးသောက်ခွင့်မပေးဘဲ တစ်ပတ်သုံးလိပ်သာသောက်ခွင့်ပေးထားသည်။
ဝမ်ကယ်က ဝိုင်ခွက်ကောက်ကိုင်ကာ ဝိုင်တစ်ငုံသောက်ပြီး ဖြည်းဖြည်းချင်းလက်နှစ်ချောင်းထောင်ပြသည်။
“ဒီအပတ်အတွက် (၂)လိပ်ပဲကျန်တော့တယ်။”
ကုန်းကျယ်ရယ်ကာ ဝမ်ကယ်ကိုပွေ့ဖက်နမ်းရှိုက်လိုက်သည်။ ဝမ်ကယ့်နှုတ်ခမ်းတွင် ဝိုင်များစွန်းထင်ကုန်ကာ အနည်းငယ်ချိုမြသွား၏။ ကုန်းကျယ်အစက ခပ်ဖွဖွသာနမ်းချင်ခဲ့သည်။ သို့သော် အနမ်းများကိုမရပ်တန့်နိုင်ဘဲ တဖြည်းဖြည်းနက်ရှိုင်းစွာနမ်းရှိုက်ရင်း နှုတ်ခမ်းချင်းပိုမိုငြိတွယ်ရစ်ပတ်သွားသည်။
ဝမ်ကယ် ကုန်းကျယ်ပေါင်ပေါ်ထိုင်၍ သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့်သိုင်းဖက်လိုက်သည်။မျက်လုံးများမှိတ်ကာ ဝိုင်ရနံ့ရောယှက်နေသောနွေးထွေးသည့်အနမ်းများပေါ် အပြည့်အဝနစ်မျောပစ်လိုက်သည်။
အချိန်အတော်ကြာတော့ နှုတ်ခမ်းနှင့်လျှာများပြန်လည်ခွဲခွာကာ နှစ်ဦးစလုံးအနည်းငယ်မောဟိုက်သွားသည်။ ရီဝေနေသောမျက်ဝန်းများနှင့် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း တစ်ဖက်လူ၏မျက်ဝန်းများတွင်ဖုံးကွယ်နေသောရမ္မက်ဆန္ဒများကို မြင်နေရသည်။ ထို့နောက် သူတို့၏ခန္ဓာကိုယ်များ အနည်းငယ်ပူပြင်းလာသည်။ သို့သော် ငါးစက္ကန့်ကြာတော့ နှစ်ယောက်လုံး ပခုံးများပြန်လည်လျော့ကျသွားသည်။
ဝမ်ကယ်က မျှော်လင့်ချက်မရှိသလိုကုန်းကျယ်ပခုံးပေါ်မှီနေပြီး ကုန်းကျယ်က ဝမ်ကယ့်ခါးကိုဖျစ်ညှစ်ကာ အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်နေသည်။
“ငါလုပ်ချင်တယ်။”
‘ငါလည်းလုပ်ချင်တာပေါ့။’
ဝမ်ကယ်နှုတ်ခမ်းစေ့ကာ ကုန်းကျယ်ကုပ်ပိုးကိုပွတ်သပ်ေပးလိုက်သည်။
“သည်းခံထားဦး၊ ဒီနေရာမှာအဆင်မပြေဘူး။”
“အိုက်ယား၊သနားစရာငါတို့လင်မယား (မန်းဒရင်းဘဲလေးတစ်စုံ)ကလည်းနော်။ တရားဝင်လက်ထပ်ထားတာတောင် လုပ်ချင်တိုင်းလုပ်လို့မရဘူး။”
ကုန်းကျယ်က ဝမ်ကယ့်လည်တိုင်ကြားခေါင်းတိုးကာပွတ်သပ်လိုက်သည်။
ဝမ်ကယ်သက်ပြင်းချကာ ချစ်သူကိုရင်ခွင်ထဲအကြာကြီးပွေ့ဖက်ထားခဲ့သည်။ ငါးမိနစ်ကြာတော့ သူ မတ်တတ်ထရပ်ကာ နောက်ဆုံးကျန်နေသည့်ဝိုင်အနည်းငယ်ကိုသောက်လိုက်၏။ ထို့နောက် ကုန်းကျယ်ကျောကုန်းကိုမှီကာ ပြောလိုက်သည်။
“မင်းဆက်လုပ်၊ ငါဒီမှာေနပြီးမင်းကိုစောင့်ပေးမယ်။”
ညအတော်နက်နေပြီဖြစ်တာကြောင့် ကုန်းကျယ် ဝမ်ကယ်ကို အကြာကြီးမစောင့်ခိုင်းရဲပေ။ သို့သော် ဝမ်ကယ်ကအရင်မအိပ်ဘဲ သူ့ကိုဆက်စောင့်နေသည်။ သို့နှင့် ကုန်းကျယ်လည်း နောက်ဆုံးနေရာအချို့ကို ဖြစ်သလိုအမှတ်မှတ်၍အမြန်အပြီးသတ်လိုက်ကာ လူကိုအခန်းထဲပြန်ခေါ်လာသည်။
သူတို့အခန်းထဲဝင်သည်နှင့် ခိုးကြောင်ခိုးဝှက်ေနရသည့်အခြေအနေသို့ပြန်လည်ရောက်ရှိသွားသည်။ သူတို့ပြောဆိုေနသံများကိုကြားသွားမည်စိုးတာကြောင့် နောက်ဆုံး သူတို့နှစ်ဦးလက်ဟန်ခြေဟန်များစတင်သုံးကြကာ ပါးစပ်လှုပ်ရုံသာစကားပြောနေရသည်။ နှစ်ပေါင်းများစွာအတိုင်အဖောက်ညီပြီး အချင်းချင်းနားလည်မှုရှိတာကြောင့် တစ်ယောက်ကိုတစ်ယောက်ဘာပြောချင်မှန်း အလိုလိုသဘောပေါက်ကြသည်။
ဝမ်ကယ်အိပ်ရာထဲပြန်ဝင်လိုက်သည်နှင့် ကုန်းကျယ်လည်း သူ့နောက်မှလိုက်ကာ ခြုံစောင်မ’ပြီးကုတင်ပေါ်တက်လာသည်။
ကုတင်က တစ်ယောက်အိပ်ကုတင်ဖြစ်ပြီးအလွန်ကျဉ်းကာ အရွယ်ရောက်ပြီးသူလူကြီးနှစ်ယောက်အတူအိပ်ဖို့ အတော်ေလးကျပ်နေသည်။ သို့သော် ဘယ်သူမှအိပ်ရာခွဲမအိပ်ချင်တာကြောင့် အဆင်ပြေသလိုသာအိပ်ကြသည်။ ဝမ်ကယ်က နံရံဘက်မျက်နှာမူကာလှဲအိပ်ပြီး ကုန်းကျယ်က သူ့ကိုအနောက်ကဖက်ကာ နှစ်ယောက်ကြားဆံချည်မျှင်တစ်မျှင်ပင်မခြားအောင် ဝမ်ကယ့်ကိုတွယ်ကပ်ထားသည်။
ချစ်သူ၏အားရပါးရပွေ့ဖက်မှုနှင့်အတူ ဝမ်ကယ် သက်တောင့်သက်သာဖြစ်လာကာမျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း နောက်ဆုံးအိပ်ပျော်သွားသည်။ ဝမ်ကယ် နိုးတစ်ဝက်အိပ်တစ်ဝက်ဖြင့် ခါးပေါ်ကလက်တစ်စုံကိုလှမ်းပြီးဆုပ်ကိုင်လိုက်သည်။ ကုန်းကျယ်က ညင်သာစွာပြုံးကာ ဝမ်ကယ့်လက်ကိုပြန်လည်ဆုပ်ကိုင်လိုက်၏ဗ။ ထို့နောက် ရင်ခွင်ထဲကလူကိုခပ်တင်းတင်းဖက်ကာ မျက်လုံးများကိုမှိတ်လိုက်သည်။
ညကအလွန်နောက်ကျမှအိပ်ရာဝင်ကြတာကြောင့် နောက်တစ်နေ့တွင် လူတိုင်းအိပ်ရာထနောက်ကျနေသည်။
မနက်(၈)နာရီဝန်းကျင်တွင် ကုန်းကျယ်နိုးလာသည်။ အပြင်ဘက်တွင်နေသာနေပြီး ခန်းစည်းလိုက်ကာကြားမှနေရောင်ခြည်တချို့က သူ့မျက်လုံးပေါ်ဖြာကျနေသည်။
သူလက်ဆန့်၍ နေရောင်ခြည်များကိုကာပြီး မျက်လုံးမှိတ်လိုက်၏။ ထို့နောက်မျက်စိအသားကျမှ မျက်လုံးများပြန်ဖွင့်လိုက်သည်။
သူတို့နှစ်ဦးအိပ်နေသည့်ပုံစံက နောက်ကသိုင်းဖက်ထားရာမှ မျက်နှာချင်းဆိုင်ဖက်နေသည့်အနေအထားဖြစ်သွားသည်။ ဝမ်ကယ့်မျက်နှာတစ်ခုလုံး ကုန်းကျယ်ရင်ခွင်ထဲနစ်မြှုပ်နေသည်။ သူက အသက်ဖွဖွရှူရင်း ကုန်းကျယ်ရင်ဘတ်ကိုပွတ်သပ်လိုက်သည်။
ကုန်းကျယ်က မိမိလက်ကိုဂရုတစိုက်ဆွဲထုတ်ကာ အိပ်ရာပေါ်မှဆင်းလိုက်သည်။ သူ့လှုပ်ရှားမှုများကို တတ်နိုင်သမျှညင်သာအောင်ထိန်းသော်လည်း ဝမ်ကယ်က ချက်ချင်းနိုးသွားသည်။
“ဘယ်အချိန်ရှိပြီလဲ။”
ဦးနှောက်ကနိုးနေသော်လည်း စိတ်ကတော့ကောင်းကောင်းမနိုးသေးတာကြောင့် ကင်မရာများရှိနေမှန်း ဝမ်ကယ်မေ့သွားကာ မသိစိတ်ကအလိုလိုထုတ်မေးလိုက်သည်။
သူ့စကားလုံးများထဲတွင် မှီခိုအားထား၍ ရင်းနှီးကျွမ်းဝင်မှုများအလွန်သိသိသာသာပါဝင်နေသည်။ ကုန်းကျယ်က အသံခပ်အုပ်အုပ်ဖြင့် သူ့နားအမြန်သွားပြီးသတိပေးလိုက်သည်။
“ငါတို့အခုကျူးဘားရောက်နေတာလေ။”
ဝမ်ကယ် ချက်ချင်းမျက်လုံးပွင့်လာကာ လုံးဝအိပ်ရာနိုးသွားသည်။ ထို့နောက် သူထထိုင်ကာ စိတ်အနှောင့်အယှက်ဖြစ်သလို ဆံပင်များကိုထိုးဖွလိုက်၏။
ကုန်းကျယ်က သူ့ခေါင်းကိုပွတ်ပေးကာ တီးတိုးပြောပြီးနှစ်သိမ့်လိုက်သည်။
“ရပါတယ်၊ မိုက်ခ်မတပ်ထားတော့ အသံသိပ်ကျယ်မှာမဟုတ်ဘူး။”
ဝမ်ကယ်ခေါင်းညိတ်ပြကာ နည်းနည်းစိတ်ဓာတ်ကျသွားသည်။ ယခု သူမအိပ်ချင်တော့တာကြောင့် နှစ်ယောက်အတူတူ အိပ်ရာထလိုက်သည်။
သူတို့နှစ်ဦးကိုယ်လက်သန့်စင်ကာ အဝတ်အစားလဲလိုက်၏။ ထို့နောက် ကုန်းကျယ်က တစ်ညလုံးအုပ်ထားသည့်ကင်မရာများပေါ်ကတဘက်များကိုဖယ်ကာနှုတ်ဆက်လိုက်သည်။
“မင်္ဂလာနံနက်ခင်းပါ။”
သူ့အပြုံးများက တောက်ပကာစွဲမက်ဖွယ်ကောင်းပေသည်။ စောင့်ကြည့်ခန်းထဲတွင် အမျိုးသမီးဝန်ထမ်းများအလုပ်ဆင်းနေကြပြီဖြစ်ကာ သူတို့တွေအကုန်လုံး ကြမ်းပြင်ပေါ်ချက်ချင်းပြိုလဲကျကုန်သည်။
သူတို့နှစ်ဦး အခန်းထဲမှအတူတူထွက်လာပြီး ဒုတိယထပ်သို့ဆင်းခဲ့သည်။ ဒုတိယထပ်တွင် အခန်းသုံးခန်းစလုံးတိတ်ဆိတ်နေကာ မနိုးကြသေးပုံပင်။
ပရိုဂရမ်အဖွဲ့ရှာဖွေထားသည့်တည်းခိုရိပ်သာက ကိုယ်ထူကိုယ်ထဖြစ်ပြီး မနက်စာစီစဉ်ပေးထားတာမျိုးမရှိပေ။ သို့နှင့် ကုန်းကျယ်ကမနက်စာကိုယ်တိုင်လုပ်စားဖို့ဆုံးဖြတ်လိုက်သည်။
သူတို့ပထမထပ်သို့ဆင်းလာတော့ ကင်မရာမန်းက ရိုက်ကူးရေးလုပ်ဖို့သူတို့ေနာက်လိုက်လာသည်။ ကုန်းကျယ်က မီးဖိုခန်းထဲတွင်အလုပ်ရှုပ်နေပြီး ဝမ်ကယ်ကတော့ထိုင်ကြည့်နေသည်။
ဝမ်ကယ်ကကင်မရာမန်းကိုတစ်ချက်လှမ်းကြည့်ပြီး ကုန်းကျယ်ကိုမေးလိုက်သည်။
“မင်းဟင်းချက်တတ်တယ်လား။”
ကုန်းကျယ်ကပြုံးပြီးပြောသည်။
“အင်း၊ တက္ကသိုလ်တုန်းက အပြင်မှာအိမ်ငှားနေတာလေ၊ ပါဆယ်ဝယ်စားတာကျန်းမာရေးနဲ့မညီညွတ်လို့ ကိုယ့်ဟာကိုယ်ချက်စားနိုင်အောင်သင်ထားတာ။”
ဝမ်ကယ်ကဒိန်ချဉ်သောက်ရင်း ဟန်ဆောင်ပန်ဆောင်သက်ပြင်းချလိုက်ကာ:
“သိပ်တော်တာပဲ။ ကျွန်တော်ဆိုမချက်တတ်ဘူး။ အဲ့ဘက်မှာပါရမီမပါတာ။ နည်းနည်းသင်ကြည့်ပြီးဘာတိုးတက်မှုမှမရှိလို့ လက်လျှော့လိုက်ရတယ်။”
“တကယ်တော့ ဟင်းချက်တာကအရမ်းရိုးရှင်းပါတယ်။ ကျွန်တော်အချိန်ရတယ်။ မင်းကိုသင်ရလွယ်တဲ့ဟင်းချက်နည်းလေးတွေသင်ပေးမယ်လေ။”
“ကောင်းသားပဲ။”
ဝမ်ကယ် နှစ်သက်သလိုခေါင်းညိတ်ပြလိုက်သည်။
“ဒါဆိုမင်းငါ့ကိုပေါင်မုန့်နည်းနည်းေလာက်မီးကင်ပေးနိုင်မလား။ ဒီလောက်ဆိုအဆင်ပြေမယ်ထင်တယ်။”
ကုန်းကျယ်ကပေါင်မုန့်ထုပ်ယူကာ ဝမ်ကယ့်ဆီကမ်းပေးပြီးနောက် ကြက်ဥဆက်ကြော်လိုက်သည်။
မီးသုံးရတာကလွဲလျှင် အခြားမီးဖိုခန်းသုံးပစ္စည်းများကိုတော့ ဝမ်ကယ်ကောင်းကောင်းအသုံးပြုတတ်သည်။ သို့နှင့် သူအဆင်ပြေပြေပင် ပေါင်မုန့်မီးကင်လိုက်သည်။
ပါဝင်ပစ္စည်းများမပြည့်စုံတာကြောင့် သူတို့ အသားညှပ်ပေါင်မုန့်သာလုပ်စားလို့ရသည်။ ကုန်းကျယ်က ကြက်ဥကြော်ပြီး စည်သွပ်ဗူးအသား(spam)ကို စတင်ပြင်ဆင်သည်။
ဝမ်ကယ် လုပ်စရာရှိတာအားလုံးလုပ်ပြီးတော့ ထပ်ပြီးကူညီချင်သော်လည်း အခြားအလုပ်များမလုပ်တတ်တာကြောင့် ထိုင်ခုံတစ်လုံးရွှေ့ကာ မီးဖိုခန်းဘားတွင်အေးအေးဆေးဆေးထိုင်လိုက်သည်။
မနက်စာလုပ်နေစဉ်တစ်လျှောက်လုံး သူတို့ချင်းအကြိမ်ေပါင်းများစွာအကြည့်ချင်းဆုံကြသည်။ သို့သော် ချစ်ကြည်နူးသည့်အကြည့်များမဖြစ်သွားအောင် စိတ်ကိုထိန်းချုပ်ထားရသည်။
သူတို့ချင်း ယဉ်ယဉ်ကျေးကျေးစကားပြောနေသည့်လေသံကိုနားထောင်ရင်း နှစ်ယောက်စလုံးသက်ပြင်းချလိုက်ကြသည်။ကင်မရာရှေ့တွင်မရင်းနှီးချင်ယောင်ဆောင်ရသည်က ချစ်ခင်ကြင်နာပြရသည်ထက်ပင် ပိုမိုခက်ခဲနေေလသည်။
*****
Aurora Novel Translation Team