Chapter 29
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 29 - အဖေကြီးကုန်း
အပိုင်း(၂၉) အဖေကြီးကုန်း
👻👻👻
မနက်စာကရိုးရိုးရှင်းရှင်း အသားညှပ်ပေါင်မုန့်နှင့်လိမ္မော်ရည်ဖြစ်ပြီး ပြင်ဆင်ရတာအလွန်ရိုးရှင်းသည်။ နာရီဝက်ပင်မကြာလိုက်၊ လူရှစ်ယောက်စာပြင်ဆင်ပြီးစီးသွားသည်။ ကျန်အဖွဲ့ဝင်များလည်း တစ်ယောက်ပြီးတစ်ယောက်အောက်ထပ်ဆင်းလာကြသည်။
ယင်ဟန်နှင့်ယွီရန်တို့ အရင်ဆင်းလာသည်။ သူတို့ကစားပွဲပေါ်ကမနက်စာများကိုမြင်တော့ အနည်းငယ်အံ့အားသင့်သွားသည်။ ထို့နောက် ခါးစည်းဝတ်ထားသည့်ကုန်းကျယ်ကိုတွေ့ကာ သူတို့ပိုအံ့အားသင့်သွားသည်။
“မနက်စာက ဆရာကုန်းလုပ်တာလား။”
ဝမ်ကယ်က ကုန်းကျယ်ဘေးကနေပြန်ဖြေသည်။
“ဟုတ်တယ်၊ ဆရာကုန်းကအားလုံးအတွက်ချက်ပေးတာ၊ မင်းတို့ကံကောင်းသွားပြီ။”
သူတို့နှစ်ဦးကကျေးဇူးတင်ကြောင်းပြောကာ စားပွဲတွင်ဝင်ထိုင်လိုက်သည်။ ထို့နောက် မိန်းကလေး(၄)ဦးလည်း အောက်ထပ်ဆင်းလာသည်။
သူတို့အတွက်ကုန်းကျယ်မနက်စာပြင်ပေးထားတာသိသွားတော့ မိန်းကလေးများ၏တုံ့ပြန်မှုက ယောက်ျားလေးနှစ်ယောက်ထက်ပို၍ကြီးမားသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် နင့်ငါဆိတ်၊ ငါ့သူဆိတ်နှင့် ဒီကိစ္စအိပ်မက်မက်နေတာမဟုတ်ကြောင်းေသချာေအာင်အတည်ပြုနေသည်။
ကုန်းကျယ်က အသီးအရွက်သုတ်ကိုမွှေကာ စားပွဲပေါ်တင်လိုက်သည်။ မိန်းကလေး(၄)ဦးက ဖုန်းကိုယ်စီထုတ်၍ မနက်စာကိုဓာတ်ပုံရိုက်ကြသည်။
“ပြန်သွားရင် ဆရာကုန်းကိုယ်တိုင်ချက်ကျွေးတဲ့မနက်စာဆိုပြီး Weibo မှာပို့စ်တင်ပစ်မယ်။ ဟားဟားဟား၊ ကျွန်မကလူမုန်းခံရအောင်လုပ်ဦးမှာ။”
ယင်ဟန်က ရှားရှားပါးပါးတစ်ခွန်းဝင်နောက်လိုက်သည်။
“နောက်ပိုင်းရိုက်စရာတွေရှိပါသေးတယ်။ ပြောမရဘူး၊ မနက်စာအပြင်ရေချိုးပြီးစပုံတို့ဘာတို့အများကြီးရိုက်လို့ရတယ်လေ။ အဲ့ဒီအချိန်ကျ အင်တာနက်တစ်ခုလုံးကဆရာကုန်းဖန်တွေ မင်းကိုလိုက်ဖမ်းမှာကိုသာေစာင့်ေနလိုက်။”
လျိုမော့ကဖုန်းပြန်သိမ်းပြီး အပျော်ကြီးပျော်ကာပြောလိုက်သည်။
“အကယ်၍ တကယ်အဲ့ဒီလို အလိုရှိစာရင်းထဲဝင်သွားရင် ကျွန်မကအဖမ်းခံလိုက်မှာ။”
“ဒီမှာက ဟင်းအမယ်တွေမစုံဘူး။ ဒီနေ့တော့ဖြစ်သလိုစားလိုက်ကြဦး။ ညကျမှဟင်းအမယ်နည်းနည်းဝယ်လာမယ်။ ေပးထားတဲ့အသုံးစရိတ်ကသိပ်မများတော့ အနပ်တိုင်းအပြင်ထွက်စားဖို့မဖြစ်နိုင်ဘူး။ ဒီတော့မဖြစ်မနေကလွဲရင် ကျန်တာအားလုံးအိမ်မှာပဲကိုယ်တိုင်ချက်စားကြတာပေါ့။”
ကုန်းကျယ်ကပြောရင်း ဝမ်ကယ်ဘေးဝင်ထိုင်လိုက်၏။ သူကအဖွဲ့ခေါင်းဆောင်ဖြစ်ကတည်းက အရာအားလုံးတာဝန်ယူပြီး မနေ့ညအိပ်ရာမဝင်ခင် နေ့စဉ်အသုံးစရိတ်ကိုစတင်အစီအစဉ်ချခဲ့သည်။
အခြားသူများတွင် သေချာပေါက်ကန့်ကွက်စရာအကြောင်းမရှိပေ။ သူတို့ကရုပ်ရှင်ဧကရာဇ်ကုန်းကိုယ်တိုင်ချက်ကျွေးသော ထမင်းဟင်းများကိုစားခွင့်ရမည်ဖြစ်သည်။ ဒီအခွင့်အရေးက စားသောက်ဆိုင်လေးများတွင်သွားစားသည်ထက်ပင်ပိုတန်ဖိုးကြီးနေတာကြောင့် သူတို့ဝမ်းသာလို့မဆုံးပေ။
ထမင်းစားပွဲရှည်တွင် လူ(၈)ယောက်အပြည့်ထိုင်ကာ မနက်စာစားနေသည်။ ကုန်းကျယ်ကစားရင်းသောက်ရင်း အစည်းအဝေးအသေးစားလေးတစ်ခုစလိုက်သည်။
“မနေ့ညက ဒီနေ့နဲ့မနက်ဖြန်အတွက် ကျွန်တော်အကြမ်းဖျင်းခရီးစဉ်ဆွဲထားတယ်။ မင်းတို့ ဘာထပ်ထည့်ချင်တာရှိလဲကြည့်ကြည့်ဦး။”
ကုန်းကျယ်က ခရီးစဉ်ဇယားကိုတစ်ယောက်တစ်လှည့်ကြည့်နိုင်အောင် ဝမ်ကယ်ဘက်ကစပြီးေဘးသို့ကမ်းပေးလိုက်သည်။ ဝမ်ကယ်က ခရီးစဉ်ဇယားကိုမနေ့ညကတည်းကမြင်ပြီးသားဖြစ်တာကြောင့် သူ့ဘေးကလူကိုချက်ချင်းကမ်းပေးလိုက်သည်။
မှတ်စုစာအုပ်က အစဉ်အတိုင်းလည်ကာ နောက်ဆုံးကုန်းကျယ်ထံပြန်ရောက်လာသည်။ လူတိုင်းက သူဆွဲသည့်ခရီးစဉ်အပေါ် ဘယ်သူမှကန့်ကွက်ခြင်းမရှိပေ။ သူတို့(၈)ယောက်လုံးက ဒီအစီအစဉ်မတိုင်ခင် ကျူးဘားသို့တစ်ယောက်မှမရောက်ဖူးတာကြောင့် တစ်စုံတစ်ရာပြောချင်လျှင်တောင် ဘာပြောလို့ေပြာရမှန်းမသိဖြစ်နေသည်။
မနက်စာစားပြီးနောက် သူတို့အဖွဲ့ စတင်ထွက်ခွာဖို့ပြင်ကြသည်။
သူတို့က အိမ်မှာတော့အားလုံးညီတူညာတူဖြစ်သော်လည်း အိမ်ပြင်ရောက်သည်နှင့် စတင်သဘောထားကွဲလွဲတော့သည်။ သူတို့၏ကွဲလွဲမှုက ဘယ်နည်းနှင့်ခရီးသွားကြမလဲဆိုတာပင်။ တချို့က တက္ကစီငှားစီးဖို့အဆိုပြုကြပြီး တစ်ချို့ကလကားစင်းလုံးငှားသည်က ပို၍ပိုက်ဆံသက်သာသည်ဟုတွေးကြသည်။
လျိုမော့ကပြောသည်။
“ကျွန်မတို့ကဒီမှာ(၁၀)ရက်နေမှာဆိုတော့ ကားစင်းလုံးငှားတာ သေချာပေါက်ပိုသက်သာတယ်။ နောက်ပြီး ကိုယ့်ဟာကိုယ်ကားမောင်းသွားတာကပိုပြီးအဆင်ပြေတယ်။”
သို့သော် စွန်းရှောင်ဖေးကပြောသည်။
“ဒါပေမဲ့ ဒီကနာမည်ကြီးရှေးဟောင်းကားလေးတွေကိုငါစီးကြည့်ချင်တယ်။”
ငြင်းခုန်ရင်းအဖြေမထွက်တာကြောင့် လူတိုင်းက ကုန်းကျယ်ကိုလှည့်ကြသည်။ လက်ရှိတွင် ကုန်းကျယ်လည်းအနည်းငယ်စိတ်ရှုပ်နေသည်။ သူမနေ့ညကဒီကိုအတော်နောက်ကျမှရောက်ပြီး အခန်းများနေရာချကာ ခရီးသွားအစီအစဉ်များရေးဆွဲခဲ့သည်။ ထို့နောက်သူခေါင်းမူးကာ အရေးအကြီးဆုံးအချက်ကိုမေ့လျော့သွားသည်။
လူတစ်စုဂိတ်ပေါက်ဝတွင်ရပ်ပြီး ကင်မရာတစ်ဒါဇင်ကျော်က သူတို့ကိုချိန်ထားတာကြောင့် လမ်းသွားလမ်းလာများကသူတို့ကိုသတိထားမိလာသည်။
နောက်ဆုံး ဝမ်ကယ်ကအကြံပြုလိုက်သည်။
“ကျွန်တော်အမြင် ဒီနေ့အလည်သွားမဲ့နေရာကသိပ်မဝေးဘူး။ ဒီတော့ဒီနေ့တက္ကစီငှားစီးပြီး မနက်ဖြန်မှကားနှစ်စီးစင်းလုံးငှားကြတာပေါ့။”
“ရတယ်။”
ယင်ဟန်ကသဘောတူလိုက်သည်။
အခြားမိန်းကလေးနှစ်ဦးကလည်း ဒီအကြံကိုလက်ခံပြီး ဝမ်ကယ်၏အကြံပြုချက်က စွန်းရှောင်ဖေးနှင့်လျိုမော့တို့လိုချင်တာနှင့်လည်းကိုက်ညီနေသည်။ သို့နှင့်သူတို့ကဘာမှထပ်မပြောတော့ပေ။
သူတို့တည်းခိုသည့်နေရာနား ဖြတ်သွားဖြတ်လာတက္ကစီအတော်နည်းတာကြောင့် လူတိုင်းလမ်းပဲလျှောက်ရသည်။
လူစည်ကားရာတောင်ခြေနှင့်ဤေနရာကသိပ်မဝေးလှ၊ ခန့်မှန်းခြေမီတာ (၆၀၀) (၇၀၀)ခန့်သာကွာဝေးသည်။ သို့သော်တောင်ဆင်းတောင်တက်ဖြစ်တာကြောင့် အကွေ့အကောက်အလွန်များပြီး မီတာရာအနည်းငယ်လျှောက်ရတာကပင်အတော်ပင်ပန်းပေသည်။ ဆယ်မိနစ်ကြာတော့ သူတို့တောင်ခြေရောက်လာသည်။ မိန်းကလေးအချို့က အလှပျက်မှာပင်စိတ်မပူဘဲ မြေကြီးပေါ်တိုက်ရိုက်ထိုင်ချလိုက်သည်။
ယွီရန်ကဒါကိုမြင်တော့အနီးအနားရှိ ဆိုင်လေးတစ်ဆိုင်မှ ရေခဲရေရေသန့်ဘူးအနည်းငယ်ဝယ်ပြီး တစ်ယောက်ပြီးတစ်ယောက်လိုက်လံခွဲဝေပေးသည်။
“ယွီရန်လေး၊ မင်းက တကယ့်နတ်သားပဲ။ မမ မင်းကိုအရမ်းချစ်သွားပြီ။”
စွန်းရှောင်ဖေးရင်ထဲထိသွားကာ ယွီရန်ကိုဖက်လိုက်သည်။
ယွီရန်က အသက်(၁၈)နှစ်သာရှိပြီး ကျန်လူအားလုံးထက်အများကြီးပိုငယ်သည်။ သူကရုပ်ချောသလို၊ အကျင့်စာရိတ္တကောင်းပြီး လိမ္မာတာကြောင့် စကတည်းကမိခင်မေတ္တာများလွှမ်းခြုံေနသောမိန်းကလေးအဖွဲ့ကကြွေသွားကာ မောင်လေးတစ်ယောက်လိုအပြိုင်အဆိုင်ဆက်ဆံကြလေသည်။ နောက်ပြီးသူ(မ)က ယွီရန်မကြာသေးခင်ကမှပွဲဦးထွက်ထား၍ အတွေ့အကြုံမရှိသေးမှန်းသိတာကြောင့် ရိုက်ချက်များများမရမည်စိုးကာ သူ့ကိုမကြာခဏစကားစရှာပြောပြီး ရိုက်ချက်များများရအောင်လုပ်ပေးသည်။
သူတို့နားနေစဉ် ဘေးမှတက္ကစီအချို့ဖြတ်သွားသည်။ ထိုအခါလူတိုင်းက အနားယူဖို့ကိုအသာထား၍ တက္ကစီနောက်ပြေးလိုက်ကာ တက္ကစီတားကြသည်။ သူတို့စုစုပေါင်းတက္ကစီလေးစီးရကာ နှစ်ယောက်တစ်စီးစီးရမည်ဖြစ်သည်။ မိန်းကလေးများက ကိုယ့်အတွဲနှင့်ကိုယ်ကားပေါ်တက်သွားသည်။
ယင်ဟန်ကဝမ်ကယ်ဆီသွားမည်အလုပ်၊ ယွီရန်ကအရှေ့တိုးကာပြောလိုက်သည်။
“အစ်ကိုယင်၊ ကျွန်တော်နဲ့တစ်စီးစီးကြမယ်။”
ဝမ်ကယ်ကတော့ ကုန်းကျယ်နှင့်အတူကားခေါင်းခန်းတွင်ဝင်ထိုင်ပြီးနေပြီ။ ယင်ဟန်ကဝမ်ကယ့်ကျောပြင်ကို နောင်တရသလိုလှမ်းကြည့်ပြီး ယွီရန်နောက်ကနေကားပေါ်တက်လိုက်သည်။
ခရီးစဉ်၏ပထမနေရာက တော်လှန်ရေးရင်ပြင်ဖြစ်သည်။ ကုန်းကျယ်က သွားမည့်နေရာပြောပြီးနောက် ဟာဗားနားမြို့ဟောင်းသို့ ကားလေးစီးဖြင့်စတင်ထွက်ခွာလာသည်။
သူတို့သွားလိုသည့်နေရာရောက်တော့ ရင်ပြင်ရှိအရောင်အသွေးစုံရှေးဟောင်းကားများက လူတိုင်း၏အာရုံကိုဖမ်းစားသွားသည်။ မိန်းကလေးများထံမှ အာမေဍိတ်သံများထွက်လာသည်။ ယောကျာ်းလေးများက အသံမထွက်သော်လည်း မျက်လုံးများကတော့ အံ့ဩမှုများပြည့်နှက်နေသည်။
ကားပေါင်းများစွာ၊ အရောင်အသွေးမျိုးစုံက အလွန်လက်ရာမြောက်သည့်စုစည်းမှုတစ်ခုနှင့်တူပြီး နောက်ခံအရောင်စုံအိမ်များနှင့်ပေါင်းစပ်လိုက်သည့်အခါ အလွန်မျက်စိပသာဒရှိလှသည်။
ကားများကိုမြင်တော့ သူတို့လူတစ်စု ဒီကိုလာသည့်အကြောင်းအရင်းကိုပင်မေ့လျော့သွားသည်။ သူတို့ကအလွန်စိတ်လှုပ်ရှားကာ ရှေးဟောင်းကားများကိုလက်ညှိုးထိုးပြီး ကုန်းကျယ်ကိုပြောလိုက်သည်။
“ကျွန်… ကျွန်မတို့ ဒါစီးမယ်။”
ကုန်းကျယ်ကပြုံးကာ:
“မလောနဲ့၊ စီးရမှာ။ အဲ့ဒီအချိန်ကျ ကိုယ့်ဟာကိုယ်မောင်းချင်လည်းရတယ်။ ခုတော့ခရီးစဉ်ဇယားအတိုင်းအရင်လုပ်ကြတာပေါ့။”
“တကယ်လား။”
ကိုယ်တိုင်မောင်းလို့ရသည်ကြားတော့ လူတိုင်းစိတ်ဝင်စားသွားသည်။ သူတို့ကအနားရောက်လာပြီး ကုန်းကျယ်ကိုစိတ်အားထက်သန်စွာဝိုင်းကြည့်ကြသည်။
ကုန်းကျယ်က မတတ်သာသလိုခေါင်းညိတ်ပြကာ အနည်းငယ်ရယ်ချင်သွားသည်။ သူအမြင်မမှားဘူးဆို ခုနကဝမ်ကယ့်အကြည့်များတစ်မျိုးပြောင်းသွားတာသူတွေ့လိုက်သည်။ သို့နှင့် သူနားမလည်နိုင်တာကြောင့်တွေးမိသွားသည်။ ဒီကားတွေကနည်းနည်းရှေးကျပြီး အရောင်နည်းနည်းပိုတောက်တာကလွဲရင် ဘာတွေများဒီလောက်တောင်စိတ်ဝင်စားစရာကောင်းနေပါလိမ့်။
မူလက ကုန်းကျယ်ရင်ပြင်တွင်တစ်နာရီလောက်နေမည်မှန်းထားသော်လည်း အခြားအဖွဲ့ဝင်များက ရင်ပြင်အလယ်တွင်ရပ်ထားသောရှေးဟောင်းကားများကို မကြာခဏလှမ်းလှမ်းကြည့်သည်။ သူတို့စိတ်ကဒီမှာရှိမနေတာအသိသာကြီးပင်။ သို့နှင့် သူလည်းကြာကြာမနေတော့ဘဲဤနေရာခရီးစဉ်ကိုမြန်မြန်အဆုံးသတ်ကာ လက်ကိုင်ဖုန်းထုတ်ပြီးဖုန်းခေါ်လိုက်သည်။
သိပ်မကြာခင် သက်လတ်ပိုင်းအရွယ်ကျူးဘားအမျိုးသားတစ်ဦးရောက်ရှိလာသည်။ သူက ကုန်းကျယ်နှင့်စကားအနည်းငယ်ပြောပြီးနောက် ငါးမိနစ်ပင်မကြာလိုက် ကားသော့အချို့ပေးပြီး အမြန်ပြန်ထွက်သွားသည်။
“သူကဘယ်သူလဲ။”
ဝမ်ကယ်က သူတို့စကားပြောပြီးတာစောင့်ပြီးမှ အနားေရာက်လာသည်။ အခြားသူများလည်း သူ့အနားဝိုင်းလာသည်။
“ကားငှားတဲ့ကုမ္ပဏီကတာဝန်ခံ။”
ကုန်းကျယ်က လက်ထဲကကားသော့လေးစုံကိုလှုပ်ပြကာ အားလုံးကိုမေးလိုက်သည်။
“ဘယ်သူအရင်လာမလဲ။ ကားသော့လာယူကြ။ ခုနကလိုနှစ်ယောက်တစ်စီးပဲ။”
“ကျွန်မ၊ ကျွန်မ၊ ကျွန်မ။”
ရှထျန်းက အရင်ဦးဆုံးလက်ထောင်လိုက်သည်။ ပုံမှန်ဆိုသူ(မ)ကစကားနည်းပြီး ရှိနေမှန်းပင်မသိရအောင် ဘာသိဘာသာနေတတ်သည်။ သို့သော် ဒီတစ်ခါတော့ သူ(မ)စိတ်လှုပ်ရှားေနသည်ကို အားလုံးပထမဆုံးအကြိမ်မြင်ဖူးသွားသည်။ ကြည့်ရတာ သူ(မ)က ဒီအမိုးပွင့်ကားကိုအလွန်သဘောကျပုံရသည်။ အားလုံးကလည်းပြိုင်မလုဘဲ သူ(မ)ကိုဦးစားပေးလိုက်သည်။
လျိုမော့က နားမလည်သလိုမေးလိုက်သည်။
“ဒါပေမဲ့ ကျွန်မတို့မှာနိုင်ငံတကာကားမောင်းလိုင်စင်မရှိဘူး။ နိုင်ငံခြားမှာကားမောင်းလို့မရဘူး။”
ဝမ်ကယ်ကရှင်းပြသည်။
“တရုတ်နိုင်ငံကယာဉ်မောင်းလိုင်စင်ရှိရင် ကျူးဘားမှာမောင်းလို့ရတယ်။”
“ဒီလိုလား၊ ဒါဆိုကျွန်မလည်းမောင်းချင်တယ်။”
စွန်းရှောင်ဖေးက စိုးရိမ်စရာမလိုတော့တာကြောင့် ကားမောင်းဖို့လက်ယားနေသည်။ မိန်းကလေးများအတွက် ကားနှစ်စီးပြည့်သွားတာကြောင့် ကျန်နှစ်ယောက်ကကားသော့ထပ်မယူတော့ဘဲ ကားတစ်စီးစီနောက်လိုက်သွားကြသည်။ အချိန်တန်သူတို့လည်းမောင်းချင်သည့်အခါ လူချင်းလဲမောင်းဖို့သဘောတူလိုက်သည်။
ယင်ဟန်ကလည်း ကားသော့တစ်စုံယူလိုက်သည်။ ယွီရန်က ငယ်သေးတာကြောင့် ယာဉ်မောင်းလိုင်စင်မရှိပေ။ သူကတော့ သေချာပေါက်ကားမောင်းလို့မရပေ။ သို့နှင့် သူက ခွဲတမ်းအတိုင်း ယင်ဟန်ကားပေါ်တက်လိုက်သည်။
ထူးဆန်းစွာပင် ဒီတစ်ခါတော့ယင်ဟန်က ယွီရန်ကိုသူ့ကားပေါ်တက်ဖို့အရင်စခေါ်လိုက်တာကြောင့် ယွီရန်ရော၊ ဝမ်ကယ်ပါအံ့အားသင့်သွားသည်။
“မှတ်ထားဦး၊ သွားမဲ့နေရာက မာလီကွန်ကမ်းခြေနော်။ ဒီနေရာကလိုင်းသိပ်မမိလို့ ဖုန်းကနေရာပြတာကိုသုံးလို့မရဘူး။ အဲ့ဒါကြောင့် ကျွန်တော်နောက်ကပ်လိုက်ကြ။ အကယ်၍ပြဿနာတစ်ခုခုရှိရင် ဝေါ်ကီတော်ကီကနေ လှမ်းဆက်သွယ်လိုက်။”
သူတို့စတင်မထွက်ခွာမီ ကုန်းကျယ်က လူတိုင်းကိုထပ်မံသတိပေးလိုက်ပြီး သူတို့လူစုကလည်း လိမ်လိမ်မာမာခေါင်းညိတ်ပြကြသည်။ သူတို့ပုံစံက ကုန်းကျယ်ကို ကလေးတစ်သိုက်ကိုလိုက်ထိန်းနေရသလိုခံစားရစေသည်။ သို့နှင့်သူဒီအကြောင်းတွေးမိလေ၊ ပိုစိတ်မချလေဖြစ်လာသည်။
အရောင်မတူသည့်အမိုးပွင့်ကားလေးစီး တစ်စီးပြီးတစ်စီးစတင်ထွက်ခွာလာသည်။ သူတို့ ပင်မလမ်းမကြီးပေါ်မောင်းနှင်လာပြီးနောက် ကမ်းရိုးတန်းလမ်းတစ်လျှောက် မာလီကွန်ကမ်းခြေသို့ဦးတည်မောင်းနှင်လာသည်။
ကုန်းကျယ်က သိပ်မြန်မြန်မမောင်းရဲဘဲ ကားအမြန်နှုန်းကိုထိန်းထားသည်။ သူက တစ်ယောက်ယောက်နောက်မှာပြတ်ကျန်ခဲ့မည်စိုးတာကြောင့် နောက်ကြည့်မှန်မှတစ်ဆင့် မကြာခဏလှမ်းလှမ်းကြည့်နေသည်။
ဝမ်ကယ်က ခေါင်းခန်းတွင်ထိုင်ကာ နေကာမျက်မှန်တပ်ထားသည်။ သူ့ဆံပင်များက လေတိုးကာရှုပ်ပွလာတာကြောင့် လက်တစ်ဖက်ဖြင့်ထိန်းထားရသည်။ သူကမျက်လုံးထောင့်ကနေ ကုန်းကျယ်၏စိုးရိမ်နေသောမျက်နှာကိုမြင်တော့ မနေနိုင်ဘဲရယ်မောကာ ပြောလိုက်သည်။
“အဖေကြီးတစ်ယောက်လိုသိပ်စိုးရိမ်မနေပါနဲ့။ သူတို့အားလုံးကအသက်(၂၀)ကျော်နေပြီ။ နှစ်နှစ်သားလေးတွေမဟုတ်ဘူး။ တကယ်လမ်းပျောက်သွားရင်တောင် အိပ်ပြန်လမ်းကိုရှာတတ်ပါတယ်။
ကုန်းကျယ်ကိုယ်တိုင်လည်း သူ့ဟာသူနည်းနည်းအစိုးရိမ်လွန်နေသည်ဟုထင်မိသည်။ သို့သော် သူမနေနိုင်ဘဲစိတ်ပူမိသည်။ မိန်းကလေးနှစ်ဖွဲ့ကိုအလယ်မှာထား၍ သူတို့ကအရှေ့ကလမ်းပြကာ ယင်ဟန်ကနောက်ကနေစောင့်ပြီးလိုက်တာကြောင့် လမ်းပျောက်ဖို့ဆိုတာမဖြစ်နိုင်ပေ။ နောက်ပြီးယင်ဟန်က အဖွဲ့ထဲတွင်တတိယစီနီယာအကျဆုံးဖြစ်သလို အလွန်စိတ်ချရသူလည်းဖြစ်သည်။ ထို့ကြောင့် တကယ်ဘာမှစိတ်ပူစရာမလိုပေ။
ကုန်းကျယ်ကစိတ်ပူရင်း အဖေကြီးဟုအခေါ်ခံရသည်ကိုတစ်ချိန်လုံးတွေးတောနေမိသည်။ အဲ့ဒါကရယ်စရာပြောမှန်းသူသိသော်လည်း မနေနိုင်ဘဲအထွန့်တက်လိုက်သည်။
“ကျွန်တော်ကအရမ်းအိုနေလို့လား။ မင်း ကျွန်တော့်ကို အဖေကြီးလို့ခေါ်လိုက်တယ်နော်။ ကျွန်တော်က မင်းထက်နှစ်နှစ်ငယ်တယ်လေ။”
သူ့လေသံက သူငယ်ချင်းတွေကြား မကျေမနပ်ပြောပုံနှင့်တူနေသည်။ သို့နှင့်ဝမ်ကယ်လည်းမပြောသင့်တာမပြောမိအောင် အများကြီးစောင့်ထိန်းမနေတော့ပေ။ သူ မနေနိုင်ဘဲရယ်ပြီးပြောလိုက်သည်။
“ကျွန်တော်ဘယ်တုန်းကမင်းကိုအိုတယ်ပြောလို့လဲ။ မင်းလုပ်ပုံကိုင်ပုံကအဖေကြီးနဲ့တူတယ်လို့ပဲပြောတာပါ။ မင်းက ကျွန်တော်တို့ရဲ့အိမ်ထောင်ဦးစီးပဲကို။ အဖေကြီးလို ကျွန်တော်တို့ကိုသေချာဂရုစိုက်နေတာ။”
ကုန်းကျယ်လည်း စိတ်ထဲရှိတာကို လွှတ်ခနဲပြောလိုက်မိသည်။
“ကျွန်တော်ကအဖေဆို၊ မင်းကအမေပဲ။”
ထိုစကားပြောမိလိုက်သည်နှင့် သူတို့နှစ်ဦး၏မျက်နှာကအပြုံးများ အနည်းငယ်တောင့်တင်းသွားသည်။ ဝမ်ကယ်ကအမြန်အသိဝင်ကာ ချက်ချင်းပြုံးရင်းပြန်ပက်လိုက်သည်။
“ဟေးဟေး၊ အဲ့ဒါတော့များသွားပြီ။ ကျွန်တော်ကမင်းကိုအဖေလို့ပဲပြောတာ၊ အနည်းဆုံးတော့ ကျား၊မ မပြောင်းဘူး။ မင်းကတော့ကောင်းရော ငါ့ကိုကျား၊မပါပြောင်းပေးလိုက်တယ်။”
ကုန်းကျယ်က အခွင့်အရေးကိုအမိအရယူကာ စကားပြန်ဖြည်လိုက်သည်။
“အသက်အရွယ်အရစီရင် မင်းအလှည့်ပဲ။ နောက်ပြီး ဘယ်လိုကြည့်ကြည့်မင်းက ကိုယ့်ကလေးကို မျက်စိမှိတ်အလိုလိုက်တဲ့အမေတွေနဲ့တူတယ်။”
ဝမ်ကယ်ကပြုံးကာခေါင်းခါပြီး ဒီအကြောင်းဆက်မပြောတော့ပေ။ သို့သော် သူတို့နှစ်ယောက်ထိုသို့ပြောလိုက်ပြီးနောက် ဒီအဖေနှင့်အမေအကြောင်းက ထင်သလောက်ရုတ်တရတ်မဆန်တော့ပေ။
အစီအစဉ်နမူနာထုတ်လွှင့်ချိန်တွင် ပရိုဂရမ်အဖွဲ့က ထိုစကားများကိုထပ်ခါထပ်ခါထုတ်လွှင့်ပြသခဲ့သည်။ ဤသို့ဖြင့် ကုန်းကျယ်၏အဖေကြီးဇာတ်ရုပ်မှာ ထိုနေ့မှစတင်၍တရားဝင်ပေါ်ပေါက်လာသည်။ နောက်ပိုင်းအစီအစဉ်များတွင် ပရိုဂရမ်အဖွဲ့က သူ့နာမည်အရင်းကိုမခေါ်တော့ဘဲ အဖေကြီးဟုသာခေါ်ဝေါ်သုံးနှုန်းတော့သည်။ ဖန်သားပြင်ထက်တွင်သူပေါ်လာသည်နှင့် ဘေးတွင် “အဖေကြီး….”ဟူသောစာတန်းထိုးကာ အစီအစဉ်အား ရယ်မောစရာများတိုးလာစေသည်။
လက်ရှိမှာတော့ ကုန်းကျယ်က သူ့ကိုယ်သူ နောက်ပိုင်းတွင် အစီအစဉ်၏ရယ်စရာတစ်စိတ်တစ်ပိုင်းဖြစ်လာမည်ဟုမသိဘဲ ခေါင်းဆောင်တာဝန်ကိုကျေပွန်စွာထမ်းဆောင်နေသည်။ သူက ဝေါ်ကီတော်ကီသုံး၍ အဖွဲ့ဝင်များ၏အခြေအနေကိုနောက်တစ်ကြိမ်စစ်ဆေးလိုက်သည်။
ဝမ်ကယ်ကတော့ ခေါင်းခါကာ တကယ်မနိုင်ဘူးဟုတွေးလိုက်မိသည်။
“အပြင်ထွက်လည်တာ ကောင်းကောင်းပျော်စမ်းပါ။ လှပတဲ့ရှုခင်းတွေကိုမလွတ်စေနဲ့။”
ဝမ်ကယ်က လက်ဝါးဖြန့်ပြီး မျက်လုံးများမှိတ်ကာ လက်ချောင်းများကြားတိုးဝင်လာသော လေပြေလေညင်းများကိုထိေတွ့ခံစားလိုက်သည်။
အဖွဲ့အခြေအနေများစစ်ဆေးပြီးနောက် ကုန်းကျယ်နောက်ဆုံးတော့ စိတ်သက်သာရာရသွားသည်။ သူက ကားပြတင်းပေါက်ေဘာင်ပေါ်လက်တင်ကာ ကမ်းရိုးတန်းအလှတရားကိုခံစားလိုက်သည်။
ကျူးဘားနိုင်ငံတွင် ကမ္ဘာ့အရှည်လျားဆုံးကမ်းရိုတန်းရှိပြီး ကမ်းရိုးတန်းလမ်းမှာ ကမ်းရိုးတန်းနှင့်အပြိုင်ပင်မလမ်းမကြီးဖြစ်သည်။ ကားလမ်းနှင့်ကပ်လျက်တွင် အဆုံးမဲ့အပြာရောင်ပင်လယ်ကြီးရှိပြီး လေအတိုက်တွင် ပင်လယ်မှတိုက်ခတ်လာေသာဆားရနံ့ကိုရှူရှိုက်နိုင်သည်။
ဤကဲ့သို့လှပသည့်ရှုခင်းနှင့်အတူ ချစ်သူကလည်း သူ့ဘေးတွင်ထိုင်နေသည်။ ကုန်းကျယ်မှာ စိတ်နှလုံးထဲကျေနပ်ပီတိစိတ်များလျှံကျလာတော့မလိုခံစားလိုက်ရသည်။ သူ ချစ်ရသူ၏လက်လေးကိုကိုင်ကာ အလှတရားများကိုအတူတူခံစားချင်သည်။ သို့သော် သူတို့နောက်တွင် မီးသီးကြီးတစ်လုံးထိုင်နေသည်။
(T/N – မီးသီး = third wheel = အတွဲများကြားကန့်လန့်ပါနေသည့် လူပို။)
ကုန်းကျယ်ကကားနောက်ခန်းတွင် ပခုံးပေါ်ကင်မရာကြီးထမ်းတာထိုင်နေသော ကင်မရာမန်းအစ်ကိုကြီးကိုကြည့်ကာ စိတ်ထဲမှကြိတ်ပြီးရေရွတ်လိုက်သည်။
‘မင်္ဂလာပါ မီးသီးကြီးရေ။”
*****
Aurora Novel Translation Team