Chapter 3
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 3 - လျှို့ဝှက်အကြည်စိုက်ခြင်း
အပိုင်း (၃) – လျှို့ဝှက်အကြည်စိုက်ခြင်း
👻👻👻
လုစီးမင်သည် အစီအစဉ်တင်ဆက်သူများဖြစ်သော စုန့်ချောင်၊ ဖုယွဲ့ကျယ်တို့နှင့်အတူ စင်ပေါ်တက်လာသည်။
စုန့်ချောင်နှင့်ဖုယွဲ့ကျယ်တို့မှာ ရွှေအဆင့်တွဲဖက်များဖြစ်သလို အပြင်မှာလည်း စုံတွဲများဖြစ်သည်။ သူတို့နှစ်ဦးသည် ဤအစီအစဉ်၌ ပွဲဦးထွက်ခဲ့ပြီး နာမည်ကြီးလာကြသည်။ ထို့ကြောင့် “စနေနေ့တွေ့ကြမယ်အစီအစဉ်”နှင့် သူတို့နှစ်ဦးအချစ်ရေးက ကိုင်းကျွန်းမီကျွန်းကိုင်းမီဟုဆိုနိုင်သည်။ ထို့ကြောင့် နှစ်ဦးစလုံးသည် အစီအစဉ်ဆက်လက်ရှင်သန်နိုင်ရေးကို အခြားသူများထက်ပို၍စိုးရိမ်ပူပန်ကြသည်။
သူတို့လည်း လုစီးမင်၏လိမ်ညာပြောဆိုကာ လုပ်ချင်တာအရင်လုပ်ပြီးမှ နောက်ဆက်တွဲပြဿနာများကိုစဉ်းစားသည့် နောင်ခါလာနောင်ခါဈေးလုပ်ရပ်အပေါ် အလွန်စည်းမစောင့်ရာကျသည်ဟုခံစားမိကြသည်။ သို့သော် အစီအစဉ်ဆက်လက်ထုတ်လွှင့်နိုင်ဖို့အရေး လုစီးမင်၏စက်ဆုပ်ဖွယ်လုပ်ရပ်ကို သူတို့က မျက်စိမှိတ်လိုက်လျောဖို့သာ တတ်နိုင်သည်။
ကုန်းကျယ်နှင့်ဝမ်ကယ်က ဆိုဖာတစ်လုံးပေါ်အတူထိုင်ကာ ကျန်သုံးယောက်က အလယ်ဆိုဖာရှည်တစ်လုံးပေါ် ဝင်ထိုင်လိုက်သည်။
လုစီးမင်က သူတို့ကို ပရိုဂရမ်အသွားအလာများအကြောင်း ပြောပြနေသည်။ ဝမ်ကယ်က မှတ်စုစာအုပ်ကိုငုံ့ကြည့်ရင်း တိတ်ဆိတ်စွာလိုက်နားထောင်သည်။ ကျန်လူများကလည်း မှတ်စုစာအုပ်ပေါ် အသီးသီးအာရုံစိုက်နေကြသည်။ ထို့ကြောင့် မည်သူကမှ ကုန်းကျယ် ဝမ်ကယ့်ကို တစ်ချိန်လုံးစိုက်ကြည့်နေမှန်း သတိမထားမိကြပေ။ ကုန်းကျယ်က ပေါင်ပေါ်ရှိ မှတ်စုစာအုပ်ကို တစ်ရွက်မှမလှန်သလို၊ မျက်လုံးအစုံက လုစီးမင်ရှင်းပြနေသည်များကို နည်းနည်းမှလိုက်နားမထောင်မှန်းသိသာသည်။
ဝမ်ကယ် ရေယူသောက်ဖို့လုပ်ရင်း ခေါင်းမော့လိုက်တော့ ကုန်းကျယ်က သူ့အားစိုက်ကြည့်နေရာမှ မျက်စိတစ်ဖက်ခိုးမှိတ်ပြလာသည်။
ကုန်းကျယ်သည် အမျိုးသမီးများလက်ထပ်အယူချင်ဆုံးသူအဖြစ် သုံးနှစ်ဆက်တိုက်ရွေးချယ်ခံရသူပီပီ သဘာဝအရပင် သာမန်ထက်ထူးကဲသည့်စွဲဆောင်မှုမျိုးပိုင်ဆိုင်ထားသည်။ ပုံမှန်ဆို သူ့ဆီကအပြုံးတစ်ချက်က လူအုပ်ကြီးတစ်ခုလုံးကို မိန်းမောသွားစေနိုင်သည်။ ယခုလို ညှို့ဓာတ်ပြင်းသည့်မျက်လုံး၊ ဘာလိုလိုအကြည့်များနှင့်ဆိုလျှင်ကားဆိုဖွယ်ရာမရှိ။ သို့နှင့် ဒီမျက်နှာကြီးကို ရွံမုန်းနေတာကြာပြီဖြစ်သူဝမ်ကယ်ပင် ခဏစိတ်မထိန်းနိုင်ဖြစ်၍ ရင်ဖိုသွားကာ နှလုံးခုန်သံများ ပိုမိုမြန်ဆန်လာသည်။
သူ ကုန်းကျယ်၏အကြည့်များကို ပြန်မကြည့်ဘဲမနေနိုင်ပေ။ရေခွက်လှမ်းယူဖို့ကိုပင်မေ့လျော့ကာ ကုန်းကျယ်ကို တည့်တည့်ပြန်ကြည့်လိုက်သည်။ လုစီးမင်ပြောနေသည့်စကားများကိုလည်း သူ နားမထောင်နိုင်တော့ပေ။
ကုန်းကျယ်က ဝမ်ကယ်၏တုန့်ပြန်မှုကြောင့် စိတ်အားတက်ကြွသွားကာ ဆက်လက်၍ တိတ်တခိုးစနောက်လိုက်သည်။ သူက နောက်ထပ်အနမ်း(fly kiss)များထပ်လွှတ်ကာ နှုတ်ခမ်းကနေ စကားလုံးသုံးလုံးကို အသံတိတ်ပုံဖော်ပြောလိုက်သည် – “စိတ်မဆိုးပါနဲ့။”
ဝမ်ကယ်က နှုတ်ခမ်းအသာဟကာ ကုန်းကျယ်လိုပါးစပ်လိုက်လှုပ်ပြီး ပြောကြည့်သည်။ ဘာကိုဆိုလိုမှန်းသိသွားတော့ သူ ဟန်မပျက်ဆက်နေနေလိုက်သည်။ သို့သော် ကုန်းကျယ်က ထပ်မံနှုတ်ခမ်းစူပြကာ ချစ်စရာသနားစဖွယ်ပုံစံလေးလုပ်ပြလာသည်။သို့နှင့် သူ မနေနိုင်ဘဲ ‘ခွီ’ခနဲထရယ်လိုက်မိတော့သည်။
သူ့ရယ်သံက လူတိုင်း၏အာရုံကို စွဲဆောင်သွားသည်။
လုစီးမင်က သူ့ကို ကြောင်တောင်ဝောာင်နှင့်လှမ်းမေးသည်။
“ဘာဖြစ်လို့လဲ၊ တစ်ခုခုအဆင်မပြေတာရှိလို့လား။”
ဝမ်ကယ်က ပြုံးနေတာရပ်ပြီး ကုန်းကျယ်လည်း ခပ်တည်တည်ပြန်ဖြစ်သွားကာ သူနှင့်မဆိုင်သလို အပြစ်ကင်းသည့်အမူအရာဖြင့် ဝမ်ကယ့်ကိုလှမ်းကြည့်လာသည်။
ဝမ်ကယ် စိတ်ထဲကနေ ကုန်းကျယ်ကို မေတ္တာပို့ပြီးနောက် ခေါင်းခါပြရင်း လုစီးမင်ကိုပြောလိုက်သည်။
“မရှိပါဘူး။ ဆက်ပြောပါ။”
ထို့နောက် လုစီးမင်က ဆက်ပြောသည်။
စုန်းချောင်နှင့် ဖုယွဲ့ကျယ်လည်း ခေါင်းပြန်ငုံ့သွားသည်။ ကုန်းကျယ်က ဝမ်ကယ့်ကို ထပ်ပြီးမျက်စိမှိတ်ပြပြန်သည်။ ဒီတစ်ခါတော့ ဝမ်ကယ်က သူ့ကိုပြန်မကြည့်ဘဲ မျက်ဖြူလှန်ပြကာ လုစီးမင်စကားများအပေါ်သာ သေချာအာရုံစိုက်လိုက်သည်။ ကုန်းကျယ် မျက်လုံးနှင့်ဘယ်လောက်အချက်ပြပြ၊ ဝမ်ကယ်က သူ့ကိုအဖက်လုပ်ဖို့ ငြင်းဆန်နေသည်။
ဆွေးနွေးစရာများပြီးသွားဝောာ့ လုစီးမင်က အစီအစဉ်တင်ဆက်သူနှစ်ယောက်နှင့်အတူ ထွက်ခွာသွားသည်။
ဒါကိုမြင်တော့ ကုန်းကျယ် စိတ်လှုပ်ရှားသွားကာ ဝမ်ကယ်အနားကိုသွားဖို့လုပ်လိုက်သည်။ သို့သော် ဝန်ထမ်းနှစ်ယောက်ပြန်ဝင်လာတာကြောင့် သူ့ရဲ့ခြေလှမ်းများ ချက်ချင်းရပ်တန့်သွားသည်။
ဝမ်ကယ်က အဝတ်အစားစားပွဲမှာထိုင်ပြီး stylist (အလှဖန်တီးရှင်)ကို နောက်ဆုံးအကြိမ် ပြန်စစ်ခိုင်းနေသည်။ ကုန်းကျယ်က အခန်း၏အခြားတစ်ဖက်တွင်ထိုင်ကာ ဝမ်ကယ့်ဆီက အာရုံစိုက်ခံရအောင်ကြိုးစားနေသည်။ သို့သော် တခြားသူတွေမြင်သွားမှာစိုးရတာကြောင့် သူ ကြီးကြီးမားမားတော့မလုပ်ရဲပေ။ သူက စက္ကန့်အနည်းငယ်ကြာတိုင်း ဝမ်ကယ့်ဘက်သို့ မကြာမကြာ ခိုးကြည့်ရုံသာတတ်နိုင်သည်။ ထို့နောက် သူ အတွေးပေါက်သွားကာ Wechat ကိုဖွင့်လိုက်သည်။
ဝမ်ကယ် Wechat မက်ဆေ့သံကြားလိုက်သည်။ သို့သော် အဲ့ဒီအချိန် သူ့နောက်မှာ မိတ်ကပ်ဆရာရှိတာကြောင့် ချက်ချင်း ဖွင့်မကြည့်ပေ။ မိတ်ကပ်ဆရာထွက်သွားမှ ထိပ်ဆုံးကမက်ဆေ့ကို သူ အမြန်ဖွင့်ဖတ်လိုက်သည်။
ဆက်သွယ်သည့်သူနေရာတွင် “ကျွမ့်ကျွမ့်” ဟုအမည်တပ်ထားကာ ထိုသူက လွန်ခဲ့သောငါးမိနစ်က သူ့ဆီကို လှုပ်ရှားနေသော emoji တစ်ခုပို့ထားသည်။
ဝဝတုတ်တုတ်ကာတွန်းရုပ်လေး၏ခေါင်းမှ “ငါမင်းကိုချစ်တယ်” ဆိုသည့်စာလုံးလေးများ တစ်လုံးချင်းပေါ်လာတာကိုကြည့်ရင်း ဝမ်ကယ်၏အေးတိအေးစက်မျက်နှာ၌ နွေးထွေးသောအပြုံးလေးတစ်ခု ဖြည်းညင်းစွာပေါ်လာသည်။ သူ ထိုပုံလေးကိုနှစ်မိနစ်လောက်ကြည့်ပြီးမှ စာပြန်ဖို့သတိရသွားသည်။ အကြိုက်ဆုံး emoticon များထဲမွှေနှောက်ရှာလိုက်ကာ အဲ့ဒီအထဲမှတစ်ခုကိုရွေးပြီး send ခလုတ်ကိုနှိပ်လိုက်သည်။
ကုန်းကျယ်တစ်ယောက် ဖုန်းနှစ်ခါတုန်သံကြားသည်နှင့် Wechat ကိုချက်ချင်းဖွင့်လိုက်သည်။ သို့သော် သုံးစက္ကန့်ကြာတော့ သူ မျက်နှာပျက်သွားကာ မပျော်မရွှင်ဖြစ်သွားသည်။ အဖြူအမဲပန်ဒါတစ်ကောင်အော်ဟစ်နေသည့် emoticon ကြီးကိုကြည့်ရင်း နောင်ကို ပန်ဒါစီးရီး emoticon မှန်သမျှ ဘလော့ခ်လုပ်ပစ်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။
နောက်ဆုံးငါးမိနစ်အလိုမှာ ဝန်ထမ်းတစ်ယောက်ရောက်လာပြီး သူတို့နှစ်ဦးကို အရှေ့ဘက်စင်မြင်သို့ သွားဖို့ပြောသည်။
ကုန်းကျယ်တစ်ယောက် နောက်ဆုံးမှာ အခွင့်အရေးရှာတွေ့သွားသည်။ သူက စင်ပေါ်မတက်ခင် တစ်မိနစ်အလို၌ ဘေးနားဝိုင်းနေသည့်လူအုပ်ကြီးကို အခွင့်ကောင်းယူကာ အမှောင်ထဲကနေ ဝမ်ကယ့်လက်ကိုလှမ်းဆွဲလိုက်သည်။ ဝမ်ကယ်က သူ့လက်ကိုအမြန်ရိုက်ထုတ်ပြီး ဖယ်လိုက်သည့်တိုင် သူကတော့ အချိန်တော်တော်ကြာသည်အထိ ပျော်ရွှင်အူမြူးသွားသည်။
အစီအစဉ်တင်ဆက်သူက အထူးဧည့်သည်များကို မိတ်ဆက်ပေးပြီးနောက် သူတို့နှစ်ယောက်စင်ပေါ်တက်သွားသည်။
သူတို့နှစ်ဦးထွက်လာသည်နှင့် ပရိတ်သတ်များထံမှ လက်ခုပ်တီးအော်ဟစ်အားပေးသံများ လျှံထွက်လာသည်။
လုစီးမင်သည် ပရိုဂရမ်ကို ချောမွေ့စွာထုတ်လွှင့်နိုင်ရန် ပရိုဂရမ်အချက်အလက်များကို အတိအကျမှန်ကန်အောင်စီစဉ်ထားသည်။ ရိုက်ကွင်းရှိပရိတ်သတ်အများစုသည်လည်း သူတို့စီစဉ်ထားတာဖြစ်သည်။ တွဲဖက်ဒါရိုက်တာက အစီအစဉ်မစမီ ကြိုတင်ရှင်းပြထားတာကြောင့် ဝမ်ကယ်နှင့်ကျန်းကျယ် အတူတွဲထွက်လာတော့ ပရိတ်သတ်များက ကြီးကြီးမားမားတုန့်ပြန့်မှုမရှိကြပေ။ သို့သော် သူတို့၏အော်ဟစ်အားပေးသံများကတော့ ရင်ထဲကလာတာဖြစ်သည်။
သူတို့ကနှစ်ဦးနှစ်ဖက်ဖန်များမဟုတ်သော်လည်း နှစ်ယောက်ကြားမကျေနပ်ချက်များကိုတော့ အနည်းငယ်သတိထားမိသည်။ ထို့ကြောင့် ယခုကဲ့သို့ပထမဆုံးအကြိမ် နှစ်ဦးစလုံးကို စတိတ်စင်တစ်ခုတည်းပေါ်မှာ အတူတူမြင်ရတော့ အားလုံးစိတ်လှုပ်ရှားအံ့ဩသွားကြသည်။
လက်ခုပ်သံများစဲသွားချိန်တွင် စုန့်ချောင်နှင့် ဖုယွဲ့ကျယ်တို့က စင်မြင့်အလယ်သို့ လမ်းလျှောက်ဝင်လာကာ သူတို့နှစ်ဦး၏ ဘေးတစ်ဖက်တစ်ချက်မှာ ဝင်ရပ်လိုက်သည်။
ပရိတ်သတ်များ၏အားပေးသံက အလွန်မြိုင်ဆိုင်နေတာကြောင့် တစ်မိနစ်ပြည့်အောင်စောင့်ပြီးကာမှ စုန့်ချောင် စကားပြောခွင့်ရတော့သည်။
“နတ်ဘုရားနှစ်ပါးကို ခုလိုတစ်ပြိုင်တည်းမြင်ရတော့ အားလုံးစိတ်လှုပ်ရှားနေမယ်လို့ထင်ပါတယ်။ ကျွန်တော်လည်း အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ဒါဆို နှစ်ယောက်စလုံးကို အားလုံးနဲ့နှုတ်ဆက်စကားလေးအရင်ပြောခိုင်းမယ်ဆိုဘယ်နှယ့်လဲ။”
ပရိတ်သတ်ကြီးက တဖြည်းဖြည်း ငြိမ်ကျသွားသည်။
ဝမ်ကယ်က အရင်ပြောလိုက်သည်။
“အားလုံးမင်္ဂလာပါ။ ကျွန်တော်က ဝမ်ကယ်ပါ။”
တိုလွန်းသည့်နှုတ်ဆက်စကားဖြစ်သော်လည်း ပရိတ်သတ်များထံမှ နွေးထွေးသည့်လက်ခုပ်သံများ ထွက်ပေါ်လာသည်။
လူတိုင်းကသူ့နာမည်ဝိုင်းခေါ်ကြတော့ ဝမ်ကယ်က ခပ်ဖွဖွပြုံးပြကာ ဘာမှထပ်မပြောတော့ပေ။ ဝမ်ကယ်သည် အေးစက်သောနတ်ဘုရားတစ်ပါးအဖြစ် အသိအမှတ်ပြုခြင်းခံထားရသလို၊ ပရိတ်သတ်ရှေ့၌ဖြစ်စေ၊ နောက်ကွယ်၌ဖြစ်စေ စကားနည်းသူဖြစ်ပြီး မျက်နှာအမူအရာလည်း သိပ်မများလှပေ။ သူက လောကအလယ်ရှိ ကြည်လင်အေးစက်သောကြာပန်းတစ်ပွင့်နှယ် ရပ်တည်နေသည်။
ကုန်းကျယ်က သူ့ထက်ပို၍ဖလှယ်တကင်းရှိသည်။ သူက ညင်သာစွာပြောဆိုတတ်သလို ဝမ်ကယ်ထက်လည်းစကားပိုများသည်။နှုတ်ဆက်စကားပြောပြီးသည်နှင့် အားလုံးကို နွေးထွေးကြင်နာစွာပြုံးပြခဲ့သည်။ စင်အောက်မှ အုန်းခနဲအော်ဟစ်သံများ အမိုးပွင့်မတတ်ထွက်ပေါ်လာသည်။
စုန့်ချောင်နှင့်ဖုယွဲ့ကျယ်တို့မှာ ဤထိန်းသိမ်းရခက်သည့်အခြေအနေမျိုးကို ယခုမှပထမဆုံးအကြိမ်ကြုံဖူးကြသည်။ သူတို့က မကြာခဏဆိုသလို ပြောလတ်စစကားများရပ်ကာ ပရိတ်သတ်ကိုထိန်းနေရသည်။ ဤသည်မှာ သူတို့နှစ်ဦး၏ စင်မြင့်ထက်ကကျော်ကြားမှုအရှိန်အဝါကို ထပ်မံသက်သေထူနေခြင်းပင်။
ပရိတ်သတ်အများစုက ကြားနေဖန်များဖြစ်တာကြောင့် ကြီးကြီးမားမား အုတ်အော်သောင်းနင်းမဖြစ်ပေ။ တကယ်လို့ ရောက်လာသူများက သူတို့ဖန်အစစ်များသာဆို နေရာမှာပင်တစ်ခါတည်းရှော့ခ်ရသွားနိုင်သည်။
ပဏာမနှုတ်ဆက်စကားပြောပြီးသွားတော့ ပရိုဂရမ်၏တရားဝင်ရိုက်ကူးရေးစတင်လာသည်။
“စနေနေ့တွေ့ကြမယ်” အစီအစဉ်သည် ဖျော်ဖြေရေးနှင့် ဘဝအမောပြေရေးကို အသားပေးထားသည်။ ထို့ကြောင့် ပရိုဂရမ်အကြောင်းအရာအများစုက ဂိမ်းကစားခြင်းနှင့် ကြားဖြတ်အင်တာဗျူးအစီအစဉ်များ ရောယှက်ထားသည်။
အစီအစဉ်က တင်ဆက်မှုပုံစံမပြောင်းလဲသလို၊ ကစားပွဲများကလည်း အရင်အတိုင်း အနည်းငယ်သာပါဝင်သည်။ သို့သော် ယနေ့၏အထူးဧည့်သည်များမှာ ကုန်းကျယ်နှင့်ဝမ်ကယ်ဖြစ်တာကြောင့် ရလဒ်ကတော့ ခါတိုင်းထက်များစွာကွာခြားနေသည်။
နှစ်ဦးစလုံးသည် အလွန်မျက်နှာတည်ပြီး ပရိုဂရမ်တလျှောက်လုံး အရယ်အပြုံးမရှိသလောက်ပင်။ သို့သော် ချောမောခန့်ညားသည့်နတ်ဘုရားနှစ်ပါး အားသွန်ခွန်စိုက်ဂိမ်းဆော့ကစားနေသည်ကိုကြည့်ရင်း လူအုပ်ကြီးက ဝံပုလွေများလိုအော်ဟစ်အားပေးကာ ရိုက်ကူးရေးရလဒ်က မထင်မှတ်ထားလောက်အောင် ကောင်းမွန်ခဲ့သည်။ ပရိတ်သတ်များကို အနည်းငယ်အားမရဖြစ်စေသည်က နတ်ဘုရားနတ်ပါးမှာ အစီအစဉ်တလျှောက်လုံး အပြန်အလှန်စကားပြောဆိုခြင်းမရှိဘဲ အခြေခံအားဖြင့် ကိုယ့်အပိုင်းကိုယ်သာ တင်ဆက်သွားကြသည်။ တစ်ယောက်က အစီအစဉ်တင်ဆက်သူမေးတာဖြေနေလျှင် ကျန်တစ်ယောက်က ဘာမှဝင်မပြောဘဲ နှုတ်ဆိတ်နေသည်။
ပရိတ်သတ်များက အနည်းငယ်ဘဝင်မကျဖြစ်နေသော်လည်း လုစီးမင်ကတော့ အလွန်အားရကျေနပ်နေသည်။ အမှန်တော့ သူတို့နှစ်ဦးစလုံး စင်ပေါ်မှာ အချင်းချင်းမျက်နှာမလွှဲထားသည်ကပင် သူ့အတွက် ဘုရားပေးသည့် ကောင်းချီးမင်္ဂလာဖြစ်သည်။
ဝမ်ကယ်နှင့်ကုန်းကျယ်တို့ ယခုလို အတော်လေးသင့်မြတ်နေ၍လားမသိ၊ လုစီးမင်တစ်ယောက် သေမှာကိုမကြောက် တစ်ခုခုလုပ်ချင်လာပြန်သည်။ထို့ကြောင့် သူက နောက်ဆုံးပိုင်း၏ဂိမ်းအစီအစဉ်ကို အနည်းငယ်ပြောင်းလဲလိုက်သည်။
နောက်ဆုံးအပိုင်းက အပြန်အလှန်နားလည်နိုင်စွမ်းကိုယှဉ်ပြိုင်ကာ တစ်ဦးကသရုပ်ဖော်ပြောပြပြီး ကျန်တစ်ဦးက ဘာဆိုတာခန့်မှန်းရမှာဖြစ်သည်။ မူလအစတွင်အဖွဲ့ခွဲထားသည်က အစီအစဉ်တင်ဆက်သူတစ်ဦးနှင့် ဧည့်သည်တစ်ဦးကတစ်ဖွဲ့ဖြစ်ရမည်။ သို့သော် လုစီးမင်က တစ်ခုခုလုပ်ချင်လာကာ ခေါင်းစဉ်ငယ်တစ်ခုထပ်ထည့်ပြီး အထူးဧည့်သည်နှစ်ယောက်ကို တစ်ဖွဲ့နေခိုင်းလိုက်သည်။
စုန်းချောင်နှင့်ဖုယွဲ့ကျယ်တို့ အနည်းငယ်စိုးရိမ်သွားသည်။ ဘာပဲပြောပြော သူတို့နှစ်ယောက်စလုံးက စင်ပေါ်မှာတည့်နေသည်မှာ တစ်ယောက်နှင့်တစ်ယောက် စကားပြောဖို့မလိုတာကြောင့်ဖြစ်သည်။ဒါပေမဲ့ သူတို့နှစ်ယောက်ကိုသာ အတူတွဲပေးလိုက်ရင် နှစ်ယောက်စလုံး ပေါက်ကွဲထွက်ကုန်မယ်မဟုတ်လား။
သို့သော် အမှန်က ပေါက်ကွဲထွက်ဖို့နေနေသာသာ၊ ကုန်းကျယ်က ဒီလိုပြောင်းလဲသွားသည့်အပေါ် အလွန်ကျေနပ်နေသည်။ သူ့မျက်နှာပေါ်ကအပြုံးက မဖုံးနိုင်မဖိနိုင်ဖြစ်ကာ အနည်းငယ်ပိုမိုတောက်ပလာသည်။ ဝမ်ကယ်ကတော့ ထုံးစံအတိုင်း သုန်မှုန်နေပြီး သိပ်ဝမ်းမသာသလို ငြင်းလည်းမငြင်းပေ။
သို့နှင့် စုန်းချောင်နှင့်ဖုယွဲ့ကျယ်က အရင်ကစားလိုက်သည်။
သူတို့နှစ်ဦးသည် (၁၅)နှစ်ကြာ အလုပ်တွဲလုပ်ခဲ့ကြသလို၊ စုံတွဲများလည်းဖြစ်တာကြောင့် အပြန်အလှန်နားလည်မှုရှိကာ တစ်မိနစ်အတွင်း မေးခွန်း (၁၅)ခုကို မှန်ကန်စွာ ဖြေဆိုနိုင်ခဲ့သည်။
ထို့နောက် ကုန်းကျယ်နှင့်ဝမ်ကယ်အလှည့်ရောက်လာသည်။
“နှစ်ယောက်က ဘယ်လိုတာဝန်ခွဲထားလဲ၊ ဘယ်သူကသရုပ်ဖော်ပြီး ဘယ်သူကခန့်မှန်းမှာလဲ”
ဖုယွဲ့ကျယ်က မေးလိုက်သည်။
စုန်းချောင်က သူတို့ကိုအကဲခတ်နေသည်။ ရိုက်ကူးရေးတလျှောက်လုံး နှစ်ယောက်သား အဆက်အဆံမရှိတာသိထားတာကြောင့် သူက သူတို့ဒီအကြောင်းလုံးဝမဆွေးေနွးထားလောက်ဘူးဟု မျှော်လင့်ထားသည်။ သို့နှင့် သူက အခြေအနေအေးစက်မသွားအောင် ကြားကဝင်သတ်မှတ်ပေးဖို့ပြင်လိုက်သည်။ ထိုအချိန်မှာပဲ ကုန်းကျယ်က သရုပ်ဖော်မည့်နေရာဆီသွားကာ ဝမ်ကယ်က ခန့်မှန်းမည့်နေရာသို့ တန်းတန်းမတ်မတ်ထထွက်သွားသည်။
စုန်းချောင်တစ်ယောက် စိတ်ထဲမှာ ရုတ်တရက်သံသယဝင်လာသည်။ သူတို့နှစ်ယောက် ငါတို့မသိလိုက်တဲ့အချိန် တိုင်ပင်လိုက်တာများလား။
ကစားပွဲစတော့ စုန်းချောင်က ကာထားတာဖယ်ပြီး ပထမဆုံးမေးခွန်းကို ကုန်းကျယ်အား ပြလိုက်သည်။ ကုန်းကျယ်က တစ်ချက်လှမ်းကြည့်ပြီးသည်နှင့် ပြောလိုက်သည်။
“ခြင်္သေ့”
စုန်းချောင်က ကုန်းကျယ်အစဖော်ပေးပုံကို တိုးလွန်းသည်ဟုထင်ကာ နည်းနည်းပိုပြောဖို့ သတိပေးမည်အလုပ်၊ ဝမ်ကယ့်ဆီက ဖြည်းဖြည်းချင်းပြန်ဖြေသံထွက်လာသည်။
“စင်ဘာ” (T/N – ‘စင်ဘာ’ဆိုတာကလည်း ကာတွန်းကားတစ်ခုထဲကခြင်္သေ့ရဲ့နာမည်ပါ။)
စုန့်ချောင် မယုံနိုင်ဖြစ်ကာ စက္ကန့်အနည်းငယ်ကြောင်သွားပြီးမှ ပြောလိုက်မိသည်။
“မှန်…မှန်တယ်”
ထို့နောက် သူ ဒုတိယမေးခွန်းမေးလိုက်သည်။
ကုန်းကျယ်က ဒုတိယမေးခွန်းကို တစ်ချက်စောင်းကြည့်ပြီး:
“ကောင်းကင်အမြင့်မှာ”
“လေထီး”
ဝမ်ကယ်က ကြားသည်နှင့်တန်းဖြေလိုက်၏။
ဒီတစ်ခါတော့ စုန့်ချောင်သာမကပရိတ်သတ်များပါ အံ့အားသင့်ကုန်သည်။ ဒါ… ဒါ ဘယ်လိုတောင်လဲ၊ ဒီလောက်နဲ့ အဖြေတန်းထွက်တာလား၊ တစ်ခုခုလွဲနေသလားလို့။
သို့သော် ပရိတ်သတ်များမည်မျှမယုံနိုင်ဖြစ်ပါစေ၊ သူတို့နှစ်ဦးကတော့ စင်ပေါ်မှာ သုံးစက္ကန့် တစ်ပုဒ်နှုန်းဖြင့် အဖြေမှန်နှုန်းကို (၁၀၀) ရာခိုင်နှုန်းဆက်လက်ထိန်းသိမ်းထားသည်။
တစ်နစ်မပြည့်ခင်မှာ သူတို့နှစ်ယောက်က မေးခွန်းအခု (၂၀) ကို မှန်အောင်ဖြေဆိုနိုင်ခဲ့သည်။ စုန့်ချောင်က မေးခွန်းဘုတ်ပြားကိုလှမ်းကြည့်ပြီး မေးခွန်းတစ်ခုတည်းကျန်တာမြင်တော့ အချိန်ကိုတစ်ချက်ကြည့်လိုက်သည်။ နောက်ဆုံးငါးစက္ကန့်သာလို့တော့သည်။ အကယ်၍ သူတို့သာ နောက်ဆုံးမေးခွန်းကိုမှန်အောင်ဖြေနိုင်လျှင် အဖွဲ့၏အဖြေမှန်နှုန်းက မယုံနိုင်လောက်စရာ (၁၀၀) ရာခိုင်နှုန်းဖြစ်သွားပေလိမ့်မည်။
နောက်ဆုံးမေးခွန်းက နိုင်ငံတစ်ခု၏အမည် – အာဂျန်တီးနားဖြစ်သည်။ မေးခွန်းက ခက်ခဲမှုအဆင့်သိပ်မမြင့်ပေ။ အထင်ကရအရာတချို့ပြောလိုက်လျှင် အလျင်အမြန်ခန့်မှန်း၍ရနိုင်သည်။ သို့သော် ကုန်းကျယ်က မဆီမဆိုင် “လက်ထပ်ခွင့်တောင်းခြင်း” ဆိုပြီး တစ်ခွန်းတည်းပြောလိုက်သည်။
လူတိုင်းက ပဟေဠိဖြစ်ကုန်သည်။ ဝမ်ကယ်လည်းနားမလည်သလို သူ့ကိုကြည့်လိုက်၏။ သူ ခန့်မှန်းလို့မရမှန်း အသိအသာကြီးပင်။ သို့သော် ကုန်းကျယ်က အဲ့တစ်ခွန်းသာပြောပြီး ဘာမှထပ်မပြောတော့ပေ။ နောက်ဆုံးအချိန်စေ့ချိန်မှာ ဝမ်ကယ်က အဖြေမှန်ကိုမခန့်မှန်းနိုင်ဘဲ ကစားပွဲအဆုံးတွင် အဖြေမှန်နှုန်းက (၁၀၀) ရာခိုင်နှုန်းမဖြစ်ခဲ့ပေ။
သို့သော် မယုံနိုင်စရာကောင်းသည့်စွမ်းဆောင်ရည်က အားလုံးကို အံ့အားသင့်စေသည်။ အားလုံးက ဉာဏ်ကောင်းတဲ့လူတွေများ ဂိမ်းဆော့တာတောင် သူများနဲ့မတူဘူးဟုတွေးကာ သက်ပြင်းချမိသည်။
နောက်ဆုံးမေးခွန်းကို ကုန်းကျယ်အစဖော်ပေးပုံက အတော်ထူးဆန်းတာကြောင့် စုန့်ကျယ်က ထိုအကြောင်းကို ထပ်မေးလာသည်။
ကုန်းကျယ်ကပြုံးပြီး သူတို့ကိုအံ့ဩသလိုကြည့်ကာ:
“လက်ထပ်ခွင့်တောင်းခြင်းဆိုတဲ့ ရုပ်ရှင်ကြည့်ဖူးကြတယ်မလား။ အဲဒါ အာဂျန်တီးနားကလေ။ ကျွန်တော်က အဲလိုပြောလိုက်ရင် အားလုံးသိလောက်မယ်ထင်တာ။”
ပရိတ်သတ်များက ရုတ်တရက် သဘောပေါက်သွားပြီး ထပ်မံသက်ပြင်းချကြပြန်သည်။ နတ်ဘုရားကတော့ နတ်ဘုရားပါပဲ။ တွေးပုံခေါ်ပုံကတောင် အရမ်းတမူထူးခြားနေတယ်!
ဤသို့ဖြင့် နောက်ဆုံးဂိမ်းကစားပွဲ ပြီးဆုံးသွားသည်။ အစီအစဉ်တင်ဆက်သူက နိဂုံးချုပ်နှုတ်ဆက်စကားပြောပြီးနောက် ရိုက်ကူးရေးပြီးဆုံးသွားလေသည်။
*****
Aurora Novel Translation Team