Chapter 30
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 30 - ကမ်းခြေဆည်းဆာ
အပိုင်း (၃၀) – ကမ်းခြေဆည်းဆာ
👻👻👻
မာလီကွန်ကမ်းခြေသို့ရောက်ရှိချိန်တွင်ညနေစောင်းလုပြီဖြစ်ပြီး မာလီကွန်ကမ်းခြေ၏အလှပဆုံးအချိန်လည်းဖြစ်၏။ မာလီကွန်ကမ်းခြေ၏နေဝင်ဆည်းဆာအလှကိုခံစားဖို့အကောင်းဆုံးနည်းလမ်းမှာ အမြင့်တစ်နေရာမှကြည့်ရှုခြင်းဖြစ်သည်။ ထို့ကြောင့်သူတို့လူစု ကားများကိုထားခဲ့ပြီး ဒုတ္တာပြာကျောက်လမ်းများကိုဖြတ်၍ ဖြည်းဖြည်းချင်း တောင်ပေါ်တက်ခဲ့သည်။
ချစ်သူစုံတွဲများကြားတွင် ရိုက်ကူးရေးပစ္စည်းများသယ်၍ရောက်လာသောသူတို့လူစုက အခြားသူများနှင့်အတော်ကွဲထွက်နေသည်။ ရဲရဲတင်းတင်းရှိသောမိန်းကလေးတစ်ယောက်က သူတို့ကိုစပ်စုချင်စိတ်နှင့်လာမေးသည်။ ထို့နောက် ဤနိုင်ငံတွင် ရုပ်သံအစီအစဉ်လာရောက်ရိုက်ကူးမှန်းသိသွားတော့ သူ(မ)က နွေးထွေးစွာပွေ့ဖက်ကြိုဆိုကာ ကင်မရာဘက်သို့လက်မထောင်ပြပြီးပြောသည်။
“တရုတ်ပြည် ကောင်းတယ်! တရုတ်လူမျိုးတွေကောင်းတယ်! ငါတို့ကသူငယ်ချင်းတွေ။”
အမေရိကတိုက်တွင်တစ်ခုတည်းသောဆိုရှယ်လစ်နိုင်ငံဖြစ်တာကြောင့် ကျူးဘားလူမျိုးများက တရုတ်လူမျိုးများကိုအလိုလိုသဘောကျကြသည်။ စစ်ကူတိုက်ပွဲနှင့်စီးပွားရေးပူးပေါင်းမှုများကြောင့် နှစ်နိုင်ငံကြားချစ်ကြည်မှုများတဖြည်းဖြည်းနက်ရှိုင်းကာ အမြဲအတူမခွဲတမ်းလက်တွဲသည့်ညီအစ်ကိုကောင်းများဖြစ်လာခဲ့သည်။
လူတိုင်းက နွေးထွေးပြီးချစ်စရာကောင်းသောကျူးဘားအမျိုးသမီးကြောင့်ပျော်ရွှင်သွားပြီး ခဏတာရပ်၍ တရုတ်၊ ကျူးဘားနှစ်နိုင်ငံချစ်ကြည်ရေးဖလှယ်ခဲ့ကြသည်။
ကျူးဘားနိုင်ငံသူမိတ်ဆွေကိုနှုတ်ဆက်ပြီးနောက် သူတို့အဖွဲ့ ဆက်လက်လမ်းလျှောက်လာသည်။ ထိုအချိန်တွင် နေဝင်ဆည်းဆာအလှစတင်ပေါ်ထွက်လာသည်။ ကောင်းကင်တွင်မီးတောက်သဖွယ်လိမ္မော်နီရောင်များပျံနှံ့ကာ စတင်တိမ်တောက်လာသည်။ အပြာရောင်ပင်လယ်ကြီးမှာ လိမ္မော်နီရောင်များဖြင့် တဖြည်းဖြည်းအရောင်ဆိုးသွားသည်။ ပင်လယ်လေပြည်အတိုက် ရွှေအိုရောင်လှိုင်းလုံးများက အလင်းရောင်တဖျပ်ဖျပ်လက်လျက်ရှိသည်။
သူတို့လူစုမှာ လှပသည့်ရှုခင်းကိုခံစားရင်း အကြာကြီးတွေဝေမိန်းမောနေမိသည်။ ချစ်သူစုံတွဲများကလည်း အချင်းချင်းပွေ့ဖက်နမ်းရှိုက်ကြတော့သည်။ ထိုအချိန်တွင် တစ်ကိုယ်တော်ခရီးသွားများက ကင်မရာကိုင်၍ အလှတရားများပြည့်နှက်နေသည့်ရှုခင်းကို ဓာတ်ပုံရိုက်ပြီးထာဝရသိမ်းဆည်းလိုက်ကြသည်။
သူတို့လူ(၈)ဦးတွင် စွန်းရှောင်ဖေးက လက်ကိုင်ဖုန်းအမြန်ထုတ်၍ ကိုယ့်ဘာသာကိုယ်ဆယ်လ်ဖီဆွဲလိုက်၊ သူများနှင့်ဓာတ်ပုံတွဲရိုက်လိုက်လုပ်နေသည်။
“တကယ်အရမ်းကိုလှတယ်။”
ဝမ်ကယ်ကသက်ပြင်းချလိုက်သည်။ သူ့မျက်နှာတွင် ခပ်ဖွဖွအပြုံးတစ်ခုတွဲလွဲခိုနေသည်။ သူ့မျက်ဝန်းများက အဝေးရှိခမ်းနားလှပသောအနီရောင်နေဝင်ဆည်းဆာ၊ ကောင်းကင်နှင့်ပင်လယ်ပြင်ကြီးကိုလှမ်းကြည့်ရင်း တလက်လက်တောက်ပနေသည်။
ကုန်းကျယ် ဝမ်ကယ့်ကိုလှည့်ကြည့်လိုက်သည်။ ဝင်ခါနီးနေမင်းကြီး၏အလင်းရောင်က ဝမ်ကယ့်မျက်နှာပေါ်ဖြာကျနေသည်။ အလင်းရောင်ဖျော့ဖျော့အောက်တွင် သူ့မျက်လုံးများက ပို၍နူးညံ့ညင်သာနေသည်။
ကုန်းကျယ်က ဝမ်ကယ့်ကိုအကြင်နာမျက်ဝန်းများဖြင့်တိတ်တဆိတ်လှမ်းကြည့်ရင်း အနောက်တွင်ကင်မရာမန်းရှိနေသည်ကို ခဏတာမေ့လျော့သွားသည်။ ယခုအချိန်၌ ကုန်းကျယ်၏စိတ်ထဲတွင် ဝမ်ကယ့်မျက်နှာလေးကို စိတ်ထဲစွဲမြဲစွာမှတ်ထားချင်စိတ်သာရှိတော့သည်။
ယွီရန် အစကတော့ နေဝင်ဆည်းဆာကိုကြည့်နေသည်။ သို့သော် ကုန်းကျယ်မိန်းမောနေတာမြင်တော့ သူ့စိတ်ထဲဒိန်းခနဲဖြစ်သွား၏။ သူက ဘာမှမဖြစ်သလိုဟန်ဆောင်ကာ သူတို့နားလျှောက်သွားပြီး ကင်မရာကို ကိုယ်လုံးနှင့်ကွယ်လိုက်သည်။
ယွီရန်အနားရောက်လာတော့ ကုန်းကျယ်အသိပြန်ဝင်လာသည်။ သူက ရှုထောင့်ပြောင်းနေသည့်ကင်မရာမန်းကိုတစ်ချက်လှမ်းကြည့်ပြီးနောက် အပြစ်ကင်းသလိုလုပ်နေသည့်ယွီရန်ကိုကြည့်ကာ ခေါင်းငုံ့ပြုံးလိုက်သည်။
မိန်းကလေးများက လုပ်စရာအသစ်တစ်ခုရသွားပုံပင်။ သူတို့က စိတ်အားထက်သန်စွာဆွေးနွေးတိုင်ပင်ရင်း အသံများပင်အနည်းငယ်ကျယ်လောင်လာသည်။ ခဏနေတော့ သူတို့ ဒီဘက်ကိုအပြေးရောက်လာသည်။
“ဘားမှာသွားသောက်ရအောင်။”
မြို့ရိုးပေါ်တွင်ထိုင်၊ ချစ်သူသို့မဟုတ်သူငယ်ချင်းနှင့်အတူတစ်ခွက်တစ်ဖလားသောက်ရင်း မယ်လကွန်ကမ်းခြေအလှကိုခံစားရသည်က မတူညီသောခံစားချက်များပေးစွမ်းနိုင်သည်ဟုသူကြားဖူးသည်။ သို့နှင့် ရိုမန့်တစ်ဆန်၍ စူးစမ်းလိုသောမိန်းကလေးတစ်စုက အလိုလိုဆွဲဆောင်ခံရကာ ဒီအစီအစဉ်ကိုအကြံပြုကြသည်။
မကြာမီ သောက်စရာများရောက်လာသည်။ လူ(၈)ဦး ဘီယာ(၈)လုံးဖြင့် အမြင့်ဆုံးေနရာအထိလျှောက်သွားကာ လေဟာပြင်တွင်ထိုင်လိုက်ကြသည်။ မိမိပုံရိပ်ကိုဂရုအစိုက်ဆုံးငယ်ငယ်ရွယ်ရွယ်အနုပညာရှင်(၈)ဦးမှာ ယခုတော့ပုံရိပ်ပျက်မည်ကိုပင်အာရုံမထားဘဲ ကြမ်းပြင်ပေါ်ထိုင်နေကြသည်။ သူတို့က တောင်နံရံအစွန်းတွင်ခြေထောက်များတွဲလျောင်းချထားသည်။ အောက်ဘက်မှလူတချို့က သူတို့အားခေါင်းမော့ကြည့်ကာ ပြုံးပြီးလက်ပြနှုတ်ဆက်ကြသည်။
သူတို့ကလည်း စပိန်လို “ဟိုလာ”ဟုပြန်လည်နှုတ်ဆက်လိုက်သည်။ တစ်ဖက်မှာတော့ အဖွဲ့ဝင်များကြား ဆက်ဆံရေးပိုနည်းနေသည်။ လူတိုင်းက တိတ်ဆိတ်နေပြီး ဘီယာသောက်ရင်း ပင်လယ်ပြင်ကြီးကိုငေးကြည့်နေသည်။ လေထုကတိတ်ဆိတ်နေသော်လည်း အနေရခက်တာမျိုးမရှိပေ။
“ဒီလောက်လှတဲ့ရှုခင်းကြီးနဲ့၊ အရက်ပဲထိုင်သောက်ရတာနှမြောဖို့ကောင်းတယ်။ ရှောင်ထျန်းထျန်း သီချင်းတစ်ပုဒ်လောက်ဆိုပြပါလား။”
ငါးမိနစ်ကြာတော့ စွန်းရှောင်ဖေးမနေနိုင်ဘဲ တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သည်။
ရှထျန်းကဘီယာတစ်ငုံသောက်ပြီး ပလုတ်တုတ်လေးလိုခေါင်းတွင်တွင်ခါယမ်းကာ:
“မလုပ်နဲ့၊ မလုပ်နဲ့၊ ဆရာဝမ်ရှေ့မှာ ငါရယ်စရာဖြစ်နေပါ့မယ်။ ဒီလိုရှားရှားပါးပါးအခွင့်အရေးမျိုးမှာ သေချာပေါက် ဆရာဝမ်သီချင်းဆိုတာကိုနားထောင်သင့်တာပေါ့။”
သို့နှင့် သူတို့ကအသံထွက်အားပေးကာ ဝမ်ကယ့်ကိုသီချင်းဆိုဖို့တောင်းဆိုကြလေသည်။ ဝမ်ကယ်က ဘီယာပုလင်းကိုချပြီး လက်နှစ်ဖက်လုံးဖြန့်ပြကာပြောလိုက်သည်။
“ဘာမှမပြင်ဆင်ရသေးဘူးလေ။”
ထိုစကားကြားသည်နှင့် စွန်းရှောင်ဖေးက မျက်လှည့်ပြလိုက်သလို ဂီတာတစ်လက်ကမ်းပေးလာသည်။ လူတိုင်း၏အားပေးတောင်းဆိုသံများ ပိုမိုကျယ်လောင်စွာထွက်ပေါ်လာပြီး ဝမ်ကယ့်နာမည်ကိုအော်ဟစ်ကြတော့သည်။
ဝမ်ကယ်လည်းမတတ်နိုင်သည့်အဆုံး ပြုံးပြကာ ဂီတာကိုလှမ်းယူပြီးသံစဉ်ညှိလိုက်သည်။ ကြိုးညှိပြီးသွားတော့ သူကမေးသည်။
“မင်းတို့ဘာသီချင်းနားထောင်ချင်လဲ။”
“ဘာပဲဖြစ်ဖြစ်ရတယ်။ ဆရာဝမ်ဆိုတာဆို ကျွန်မတို့အားလုံးကြိုက်ပြီးသား။”
ဝမ်ကယ့်ဖန်လေးများက ပြန်ဖြေသည်။
ဝမ်ကယ်က ခေါင်းမော့ကာခဏစဉ်းစားပြီးနောက် ညာဘက်လက်ဖြင့်ဂီတာကြိုးများကိုအသာတီးခတ်လိုက်၏။
“ဇွန်လမှာနှင်းကျပြီး ဆောင်းတွင်းမှာနွေဦးပန်းပွင့်တယ်ဆိုတဲ့ကားကိုကြည့်ဖူးကြလား။”
ထိုစကားကြားသည်နှင့် လူတိုင်းအံ့အားသင့်သွားပြီး အားလုံးက ကုန်းကျယ်ကိုလှည့်ကြည့်ကြသည်။ ကုန်းကျယ်က မျက်ခုံးတစ်ဖက်အသာပင့်ကာ သူ့မျက်ဝန်းများတွင် အံ့ဩမှုအရိပ်အယောင်များရှိနေသည်။
ဝမ်ကယ်ခေါင်းငုံ့ပြီး သီချင်းဆိုဖို့ကိုအာရုံစိုက်လိုက်သည်။ နောက်ဆုံးတော့ လူတိုင်းက ဝမ်ကယ်တစ်ယောက် ကုန်းကျယ်၏သီချင်းကိုတကယ်သီဆိုပြနေမှန်း လူတိုင်းသေချာသွားသည်။
ကုန်းကျယ်သည် သရုပ်ဆောင်ဖြစ်ရန်စိတ်နှစ်ထားသည့်အတွက် ရုပ်ရှင်ရိုက်ကူးခြင်းအပေါ်အလုံးစုံအာရုံစိုက်ကာ အခြားအပရိကကိစ္စများကိုလုပ်ခဲလှသည်။ ပရိုမိုးရှင်းဆင်းဖို့မဟုတ်လျှင် ပရိုဂရမ်အစီအစဉ်များတွင်ပါဝင်လေ့မရှိပေ။ အနုပညာရှင်ပေါင်းများစွာက ဖျော်ဖြေရေးလုပ်ကာသီချင်းများသီဆိုကြသော်လည်း သူကတော့ဒါကိုဘယ်တော့မှစိတ်ထဲမထားခဲ့ပေ။
သို့သော် နောက်ပိုင်း၌ သူပါဝင်သရုပ်ဆောင်ထားသောရုပ်ရှင်ဇာတ်ကားတစ်ခုတွင် ကုန်းကျယ်က ဇာတ်ဝင်တေးတစ်ပုဒ်ပါဝင်သီဆိုခဲ့သည်။ ဒီကိစ္စက လူတိုင်းကိုအလွန်အံ့အားသင့်စေကာ ကုန်းကျယ်၏ အဆိုဘက်သို့ပထမဆုံးခြေလှမ်းလည်းဖြစ်ခဲ့သည်။ ထို့ကြောင့်သူ ဇာတ်ဝင်တေးတစ်ပုဒ်သီဆိုခဲ့သည့်သတင်းက တစ်ပတ်လုံး Hot Search ပေါ်မှမဆင်းဘဲ ထိပ်ဆုံးနေရာတွင်ရပ်တည်နေခဲ့သည်။ နောက်ပြီး Hot Search များကြောင့်ပင် ထိုရုပ်ရှင်ဇာတ်ဝင်တေးသီချင်းက ထိုနှစ်အတွက် တစ်နှစ်တာရုပ်ရှင်နှင့်ရုပ်မြင်သံကြားရွှေစာရင်းဝင်ဆုကို ဆွတ်ခူးရရှိခဲ့သည်။
ထိုအချိန်မှစ၍ လူတိုင်းက ကုန်းကျယ်အား သရုပ်ဆောင်လည်းလုပ်သလို၊ သီချင်းလည်းဆိုတော့မည်ဟုထင်ကြေးပေးခဲ့ကြသည်။ သို့သော် အားလုံးက စောင့်ပြီးရင်းသာစောင့်လိုက်ရကာ တစ်နှစ်ကြာသည့်တိုင် ဒုတိယမြောက်သီချင်းဆိုတာမျိုးမရှိခဲ့ပေ။ ထို့အပြင်ယခင်တေးသီချင်းမှာလည်း ဇာတ်ဝင်တေးမူရင်းအသံဖိုင်သာရှိပြီး တိုက်ရိုက်ဖြေဖျော်တင်ဆက်မှုမျိုးလုံးဝမရှိပေ။ ကုန်းကျယ်ကိုယ်တိုင် ဒီသီချင်းအပေါ် သိပ်အာရုံမစိုက်တာကြောင့် ဘာလို့အစကတည်းကဒီသီချင်းကိုဆိုခဲ့သလဲဟု လူတိုင်းကမေးခွန်းထုတ်လာသည်။
ကုန်းကျယ်၏အဖြေက:
“ဒီသီချင်းက စာသားရော၊ သံစဉ်ရော ကျွန်တော့်အတွက်အရမ်းကိုအရေးပါပါတယ်။”
သို့နှင့် လူတိုင်းက စာသားနှင့်သီချင်းရေးစပ်မှုအပေါ် စတင်လေ့လာကြသည်။ ထိုအခါ စာသားနှင့်သံစဉ်အားလုံးကို တေးရေးဆရာတစ်ယောက်တည်းကသာ ရေးစပ်သီကုံးထားကာ တေးရေးဆရာအမည်ကလည်း ဘယ်သူမကြားဖူးသည့်ဝမ်ကျီထုန်ဆိုသူဖြစ်နေသည်။ သူတို့က ဒီတေးရေးဆရာအကြောင်း ဆက်လက်ရှာဖွေချင်သော်လည်း တခြားဘာနာမည်ကြီးသတင်းမှဖော်ပြထားခြင်းမရှိသလို၊ အင်တာနက်ပေါ်တွင်လည်း ထိုလူအကြောင်းမည်သည့်အချက်အလက်မှမရှိတာကြောင့် ဆက်လက်ရှာဖွေဖို့ လက်လျှော့လိုက်ပြီး ကုန်းကျယ်၏သီချင်းကိစ္စလည်း ဤတွင်ပြီးဆုံးသွားသည်။
အောင်မြင်မှုက အချိန်ကာလတစ်ခုကြာပြီးနောက် ဒီသီချင်းမှာလည်း တေးသံရှင်၏အာရုံစိုက်ခြင်းမခံရတာကြောင့် သီချင်းပင်လယ်ကြီးအောက် တဖြည်းဖြည်းနစ်မြုပ်သွားသည်။ အချိန်ကြာသည့်အခါ ကုန်းကျယ်ဖန်များမှလွဲ၍ လူတိုင်း ဒီအကြောင်းမေ့လျော့လုနီးပါးဖြစ်သွားသည်။ ရလဒ်အနေဖြင့် ငါးနှစ်အကြာတွင် ဒီသီချင်းက လောကကြီးထဲသို့ပြန်လည်ထွက်ပေါ်လာသည်။ သို့သော် ကုန်းကျယ်ကြောင့်မဟုတ်ဘဲ သူ၏ဂန္တဝင်ရန်သူတော်ဟောင်းဟု အများကသတ်မှတ်ထားသူ ဝမ်ကယ်ကြောင့်ဖြစ်နေသည်။
ရုပ်ရှင်ဇာတ်လမ်းသွားက နိုင်ငံရေးပရိယာယ်ပါတာကြောင့် သီချင်းသီဆိုဟန်ကလည်းပိုမိုခံ့ညားထည်ဝါသည်။ ကုန်းကျယ်က ဤသီချင်းကို အားမာန်အပြည့်နှင့် စစ်သူကြီးတစ်ဦး စစ်တိုက်မထွက်ခင် မိမိဇနီးအားနှုတ်ဆက်သည့်ဟန်ဖြင့်သီဆိုထားသည်။ ဝမ်ကယ်ကတော့ ပင်ကိုအသံအရ ဤသီချင်းသီဆိုသည့်အခါ အားမာန်အနည်းငယ်လျော့၍ ပရိယာယ်ပိုပါနေသည်။ ထို့ကြောင့် သူ၏သီဆိုမှုက စစ်တိုက်ထွက်မည့်လင်ယောကျာ်းအား ဇနီးဖြစ်သူမှ နှုတ်ဆက်စကားဆိုနေသည်နှင့်တူပေသည်။
ခံစားချက်နှစ်ခုက ပုံစံအလွန်ကွာခြားသည်။ သို့သော်လူတိုင်းက ဤသီဆိုပုံနှစ်ခုကို ယှဉ်ပြိုင်ရန်နှိုင်းယှဉ်ကြည့်လို့မရဘဲ လင်ယောကျာ်းအမြင်နှင့် ဇနီးဖြစ်သူအမြင်နှစ်ခုက ပြီးပြည့်စုံစွာလိုက်ဖက်ညီနေသည်။
သီချင်းဆုံးသွားတော့ လူတိုင်းအသိပြန်မဝင်သေးဘဲ သီချင်းထဲလုံးဝစီးမျောနေသည်။ ဝမ်ကယ် ဂီတာကိုချပြီး လက်တစ်ဖက်ကဘီယာပုလင်းယူကာတစ်ငုံသောက်လိုက်သည်။ အမှောင်ကျ၍သေချာမမြင်ရတာကြောင့် ဝမ်ကယ် ကုန်းကျယ်ပုလင်းကိုမှားယူမိသွားသည်။ သို့သော် သူတို့နှစ်ယောက်စလုံး ဒါကိုသတိမထားမိပေ။
ဝမ်ကယ်က ပုလင်းတစ်လုံးကိုယူတော့ ကုန်းကျယ်ကအလိုလိုနောက်တစ်ပုလင်းကိုယူလိုက်သည်။ သို့သော် တစ်ဝက်ကျော်ကျန်နေသေးသည့်ပုလင်းကိုကြည့်ကာ ကုန်းကျယ်ထူးဆန်းသွားသည်။ သူခုနလေးတင် တစ်ဝက်ကျော်သောက်ပြီးပါပြီ။ ဘာလို့ပြန်ပြည့်လာတာပါလိမ့်။
သူထပ်ပြီးမစဉ်းစားနိုင်ခင် သူတို့ထဲမှတစ်ယောက်ကပြောလိုက်သည်။
“လာ၊ အားလုံးခွက်ချင်းတိုက်ပြီးဂုဏ်ပြုရအောင်။ <<စွန့်စားလူငယ်များ>> အစီအစဉ်ကို နံပါတ်တစ်ဖြစ်ဖို့ဆုတောင်းပါတယ်။ ပြီးတော့ အစီအစဉ်ကိုကျေးဇူတင်ပါတယ်။ အားလုံးနဲ့တွေ့ပြီးရင်းနှီးခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။”
လူတိုင်းကဒီစကားကြားတော့ နှလုံးသားထဲအနည်းငယ်တုန်ခါသွားသည်။ အစတုန်းက သူတို့ဒီခရီးစဉ်ကိုအလုပ်ခရီးသက်သက်ဟုသဘောထားခဲ့သလို၊ အခြားအဖွဲ့ဝင်များနှင့်ရင်းနှီးဖို့ဆိုသည်မှာ မစ်ရှင်တာဝန်တစ်ခုသက်သက်သာဖြစ်၍ သာမန်ကာလျှံကာမျှသာအားထုတ်ခဲ့ကြသည်။
သို့သော် မယ်လီကွန်ကမ်းခြေဆည်းဆာကိုကြည့်ရင်း ညအမှောင်တွင်အတူသောက်၊ စကားပြောကြပြီးနောက် စိတ်ခံစားချက်များသိသိသာသာပြောင်းလဲသွားသည်။ သူတို့နှလုံးအိမ်ထဲတွင်အသံတစ်ခုက “ဒါငါတို့ရဲ့အပျော်ခရီး၊ အလုပ်မဟုတ်ဘူး၊ ပျော်ပစ်၊ ခံစားပစ်။ ငါတို့စိတ်ရင်းအမှန်နဲ့တုံ့ပြန်ရင် လိုချင်တာအားလုံးရနိုင်တယ်”ဟု ပြောနေသကဲ့သို့ပင်။
သို့နှင့် လူ(၈)ဦးက ကင်မရာရှေ့တွင် ပထမဆုံးအကြိမ် စိတ်ရင်းနှင့်အပြုံးများဖလှယ်လိုက်ကြသည်။ ပုလင်းတိုက်သံများတချွင်ချွင်မြည်သွားကာ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်းပြုံးလိုက်ကြသည်။ ထို့နောက်အချင်းချင်းတိုင်ပင်မထားဘဲ ကောင်းကင်သို့မော့ကာ အော်ဟစ်လိုက်ကြ၏။
“စွန့်စားလူငယ်များ အောင်မြင်ပါစေ။”
သူတို့မမြင်လိုက်သည်မှာ သူတို့နောက်မှဝန်ထမ်းများကလည်း နွေးထွေးစွာအပြုံးပန်းဝေသွားကြခြင်းပင်။
မယ်လီကွန်တွင်ညနေဆည်းဆာကြည့်ဖို့ လူတိုင်း တောင်ပေါ်တွင်တစ်နာရီကျော်ကြာနေခဲ့သည်။ သူတို့တောင်အောက်ပြန်ဆင်းလာတော့ လရောင်ထွန်းလင်းနေလေပြီ။
“တခြားအစီအစဉ်ရှိသေးလား။ ကျွန်မအရမ်းဗိုက်ဆာနေပြီ။”
လျိုမော့က သူ(မ)၏ဗိုက်ပြားပြားလေးကိုကိုင်ရင်း ဗိုက်ထဲကတဂွီဂွီမြည်သံ မိုက်ကရိုဖုန်းမှတစ်ဆင့် အသံဖမ်းစက်ထဲပါသွားမှာစိုးနေသည်။
“ဒါဆိုပြန်ကြမယ်လေ။ တစ်နေ့လုံးလျှောက်လည်ရတာ အားလုံးပင်ပန်းနေရောပေါ့။”
အစကတည်းက အသုံးစရိတ်ရန်ပုံငွေနည်းပါးတာကြောင့် ကုန်းကျယ်က တတ်နိုင်သမျှနည်းနည်းသာသုံးဖို့ပြောခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင် လူတိုင်းတွေးသည်က အနီးအနားတွင်စားသောက်ဆိုင်ရှာ၍ညစာစားရန်မဟုတ်ဘဲ အိမ်တန်းပြန်ဖို့သာဖြစ်သည်။ သို့သော် သူတို့အိမ်မပြန်ခင် ငှားလာသောကားများပြန်အပ်ရမည်ဖြစ်သည်။
တော်လှန်ရေးရင်ပြင်သို့ပြန်ရောက်သွားတော့ နေ့လယ်က ကုန်းကျယ်နှင့်တွေ့ခဲ့သည့်ကျူဘားအမျိုးသားတာဝန်ခံက အသင့်စောင့်ဆိုင်းနေသည်။ ကုန်းကျယ်က ကားသော့များပြန်အပ်ကာ လူတိုင်းကိုခေါ်ပြီးပြန်ထွက်လာသည်။
သူတို့အလာတုန်းက တက္ကစီစီးလာသော်လည်း အပြန်ကျတော့ လမ်းလျှောက်ပြန်ကြသည်။ အားလုံးကဒီနေရာတွင်ကားငှားရခက်သည်ထင်တာကြောင့်အများကြီးမစဉ်းစားဘဲ ကုန်းကျယ်နောက်ကသာလိုက်ကြသည်။ သို့သော်ဆယ်မိနစ်ကျော်လျှောက်ပြီးနောက် သူတို့ဘေးတွင်တက္ကစီများတွေ့လာသည်။ သို့သော်တက္ကစီတစ်စီးပြီးတစ်စီးဘေးကဖြတ်သွားသော်လည်း ကုန်းကျယ်ကတားဖို့အစီအစဉ်မရှိတာမြင်တော့ လူတိုင်းနားမလည်နိုင်ဖြစ်သွားသည်။
“ဆရာကုန်း၊ ကျွန်တော်တို့အိမ်မပြန်ဘူးလား။”
သူတို့ထဲမှတစ်ယောက်ကမေးလိုက်သည်။
ကုန်းကျယ်ကလက်ကိုင်ဖုန်းကိုင်ရင်းက လမ်းလျှောက်နေသည်ကိုရပ်ကာ အားလုံးဘက်လှည့်ပြောလိုက်သည်။
“အသုံးစရိတ်ကန့်သတ်ထားတာမို့လို့ ခြွေတာသုံးရမှာတော့မှန်ပါတယ်။ ဒါပေမဲ့ ဒီနေ့က ခရီးစဉ်ရဲ့ပထမဆုံးနေ့ဆိုတော့ ကျူးဘားရောက်ပြီးပထမဦးဆုံးညစာကို ကောင်းကောင်းစားရမှာပေါ့။ အဲ့တော့ ဒီနေ့ ငါတို့တွေခမ်းခမ်းနားနားစားကြမယ်။”
လူတိုင်းပျော်ရွှင်သွားကြသည်။ သူတို့ကဘာမှမပြောသော်လည်း ဒီကိုရောက်လာမှတော့ ဒေသခံဟင်းပွဲများကိုမြည်းစမ်းကြည့်ချင်သည်။
ကုန်းကျယ်က နံရံပေါ်တွင်မီးရောင်လင်းနေသော အဝါရောင်ဆိုင်းဘုတ်အဝိုင်းလေးတစ်ခုကိုလက်ညှိုးထိုးပြကာ:
“ဒါ ငါးဆင့်(cent)တန်စားသောက်ဆိုင်လေ၊ အဲ့ဒီမှာ ဒီပင်လယ်ကမ်းခြေကဒေသခံတွေအကြိုက်ဆုံး မိုဂျီတိုရှိတယ်။”
*****
Aurora Novel Translation Team