Chapter 32
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 32 - နောက်တစ်ခါမူးပြန်ပြီ
အပိုင်း (၃၂) – နောက်တစ်ခါမူးပြန်ပြီ
👻👻👻
နောက်တစ်နေ့တွင် ထင်သည့်အတိုင်း ဝမ်ကယ်အိပ်ရာထနောက်ကျလေသည်။ ကုန်းကျယ်နိုးလာတော့ ညဝတ်အင်္ကျီနှင့် ခြေအိတ်များပြန်ဝတ်လိုက်သည်။ ထို့နောက် အနမ်းရာများကိုသေချာကွယ်ပြီး ကင်မရာပေါ်အုပ်ထားသည့်တဘက်ကိုဖယ်လိုက်သည်။
တီဗွီဖန်သားပြင်မှတစ်ဆင့်စောင့်ကြည့်နေသော ဒါရိုက်တာက အိပ်ရာထက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ဝမ်ကယ်ကိုမြင်တော့ ထခုန်မတတ်ပျော်သွားကာ ကင်မရာကိုဝမ်ကယ့်ဘက်အမြန်ချိန်လိုက်သည်။
ကုန်းကျယ်က အောက်ထပ်ဆင်းနှင့်ပြီး မနက်စာပြင်လိုက်သည်။ ကုန်းကျယ်ထွက်သွားပြီး နောက်ထပ်နာရီဝက်လောက်အိပ်ပြီးမှ ဝမ်ကယ်အိပ်ရာနိုးလာသည်။ သူကမျက်နှာသစ်သန့်စင်ပြီး နာကျင်ကိုက်ခဲနေသောခါးလေးကိုပွတ်ကာ အောက်ထပ်ဆင်းလာလိုက်သည်။
ကျန်လူများကအသင့်နေရာယူနှင့်ကာ မနက်စာစားဖို့စောင့်နေသည်။
“ဆရာဝမ်ဒီနေ့အိပ်ရာထနောက်ကျတယ်နော်။ မနေ့ညကကောင်းကောင်းမအိပ်ရဘူးလား။”
ဝမ်ကယ်မနေ့ကလောက် မျက်နှာမကောင်းတာမြင်တော့ စွန်းရှောင်ဖေးစိတ်ပူပြီးမေးလိုက်သည်။
ဝမ်ကယ်က အနည်းငယ်ငြီးတွားပြီးပြောလိုက်သည်။
“နည်းနည်းအိပ်မပျော်လို့ပါ။”
ကုန်းကျယ်က ဝမ်ကယ့်အရှေ့သို့မနက်စာချပေးပြီး သူ့ကိုအလေးအနက်ကြည့်ကာပြောလိုက်သည်။
“တွေးစရာများနေလို့လား။ မနေ့ညကမင်းအိပ်ရာဝင်နောက်ကျတာတွေ့တယ်။”
ဝမ်ကယ်ခေါင်းငုံ့ကာ မျက်ဖြူလှန်လိုက်သည်။ တွေးစရာများရမှာလား! မင်းပဲငါ့ကိုည(၂)ချက်ထိုးအထိ ရေချိုးကန်ထဲဖိထားလို့ ခုလိုအိပ်ရေးမဝဖြစ်ရတာမဟုတ်ဘူးလား! နောက်ပြီးအိပ်တာချင်းအတူတူ ဘာလို့မင်းကအားအင်အပြည့်နဲ့တက်ကြွနေရတာလဲ! မင်းကပိုပြီးပင်ပန်းနေသင့်တယ်မဟုတ်ဘူးလား!။
ဝမ်ကယ်ခေါင်းငုံ့ပြီး ဘာမှပြန်မပြောတာမြင်တော့ သူ့ကိုမေတ္တာပို့နေမှန်း ကုန်းကျယ်သိလိုက်သည်။ သို့နှင့်သူပြုံးကာ ဝမ်ကယ့်ဘေးဝင်ထိုင်ပြီး သူ့ကိုယ်တာကြက်ဥမွှေကြော်ကို ဝမ်ကယ့်ပန်းကန်ပြားထဲထည့်ပေးလိုက်သည်။
“ဆရာဝမ်၊ ကျွန်တော်မင်းကိုဒီကြက်ဥပေးမယ်၊ အားမွေးလိုက်ဦး။”
“ကျေးဇူးပဲ။”
ဝမ်ကယ်အံကြိတ်ပြီးပြန်ပြောလိုက်သည်။
စွန်းရှောင်ဖေးက ဘေးကနေသက်ပြင်းချလိုက်သည်။
“ဆရာတို့နှစ်ယောက်က မမျှော်လင့်ဘဲအရမ်းတည့်ကြတယ်နော်။ ဒီအစီအစဉ်ကြောင့်သာမဟုတ်ရင် ကျွန်မလည်းအင်တာနက်သုံးတဲ့သူတွေအားလုံးလို ဆရာတို့နှစ်ယောက်ကို ရန်သူတွေလို့ထင်မိမှာ။”
ဒီအကြောင်းရောက်သွားတော့ အခြားသူများကလည်း သိသိသာသာထောက်ခံကြသည်။
လျိုမော့ကပြောသည်။
“ဟုတ်တယ်၊ ဘယ်မီဒီယာကများ ဆရာတို့နှစ်ယောက်ကိုဒီလိုရန်တိုက်တဲ့သတင်းတင်လိုက်တာလဲမသိဘူး။ အတင်းအဖျင်းဆိုတာလူကိုသေစေနိုင်တာပဲ။”
ကုန်းကျယ်က ဒီကိစ္စအပေါ်မကျေနပ်ချက်အပြည့်ရှိနေသည်။ သို့နှင့်သူက ပါးစပ်ဟကာစပြောလိုက်သည်။
“ဒီကိစ္စကို ကျွန်တော်လည်းအတော်စိတ်အနှောင့်အယှက်ဖြစ်တယ်။ ကျွန်တော်အစောကြီးကတည်းက ဆရာဝမ်နဲ့သိကျွမ်းချင်နေတာ။ ဒါပေမဲ့ မီဒီယာတွေကတည့်ကြီးပြောနေတော့ ကျွန်တော်လည်းဆရာဝမ်ကျွန်တော့်ကိုသဘောမကျဘူးထင်နေတာ။ အဲ့ဒါကြောင့် သူ့ကိုစကားစမပြောရဲခဲ့ဘူး။”
ဝမ်ကယ်ကလည်းပြောသည်။
“ကျွန်တော်လည်းအတူတူပါပဲ။”
ဒီကိစ္စနှင့်ပတ်သတ်၍ သူတို့နှစ်ဦးစလုံးကကြိုတင်တိုင်ပင်ထားခြင်းမရှိပါဘဲ နှစ်ပေါင်းများစွာ အချင်းချင်းနားလည်မှုဖြင့်ပြောချလိုက်ခြင်းဖြစ်သည်။
ဘယ်သူကမှဒါကိုကုန်းကျယ်ဇာတ်လမ်းဆင်ပြောနေမှန်းမတွေးမိကြပေ။ အားလုံးက ဝမ်ကယ်ဘက်မှတုံ့ပြန်မှုကြည့်ပြီး သူတို့ရှင်းပြသည်ကိုချက်ချင်းယုံကြည်သွားသည်။
“ရုတ်တရက်ကြီး ဆရာနှစ်ယောက်ရဲ့အဖြစ်ကမလွယ်ပါလားလို့ခံစားမိတယ်။ ကျွန်မအမြင်တော့ ဆရာတို့နှစ်ယောက်ကလူရင်းတွေကျနေတာပဲ။ အချင်းချင်းသိတာရက်နည်းနည်းပဲရှိသေးတယ်၊ ဆက်ဆံရေးဒီလောက်ကောင်းနေပြီ။ အစကတည်းကတည်ဆောက်လို့ရတဲ့ဆက်ဆံရေးကို မီဒီယာတွေကအတင်းဖျက်နေသလိုပဲ။”
စွန်းရှောင်ဖေးက ခေါင်းခါပြီးသက်ပြင်းချလိုက်သည်။
ထို့နောက် သူ(မ)က ရုတ်တရက်ပါးစပ်ကိုလက်နှင့်အုပ်ရယ်ကာ အံ့အားသင့်သလိုပြောလိုက်သည်။
“ရုတ်တရက်ကြီး ဆရာတို့နှစ်ယောက်အဖြစ်ကို နျိုလန်နဲ့ကျစ်နွီတို့ရဲ့အချစ်ဇာတ်လမ်းလိုပါပဲလားလို့ခံစားရတယ် (မြန်မာအခေါ် ခွန်စံလောနှင့်နန်းဦးပြင်) တွေ့ချင်ရက်နဲ့မတွေ့နိုင်ကြဘူးလေ။”
လူတိုင်းကခဏအံ့အားသင့်သွားပြီးနောက် ဝါးခနဲပွဲကျသွားသည်။
“ဟားဟားဟား၊ နင်အဲ့လောက်ကွက်ကွက်ကွင်းကွင်းကြီးမပြောနဲ့လေ။”
ကုန်းကျယ်နှင့်ဝမ်ကယ်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာပြုံးလိုက်သည်။
ဒါကရယ်စရာတင်စားပြောခြင်းဖြစ်တာကြောင့် မည်သူမှအတည်မမှတ်ယူဘဲ နားထဲကြားသည်နှင့် ချက်ချင်းမေ့ပျောက်သွားသည်။ သို့သော်လူတချို့ကတော့ တစ်စုံတစ်ရာကိုသတိရသွားသည်။ ဒါရိုက်တာက တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေသည့်သူတို့နှစ်ဦးကို တီဗွီဖန်သားပြင်မှတစ်ဆင့်ကြည့်ကာ အတွေးထဲနစ်မျောသွားသည်။
မနက်စာစားပြီးနောက် သူတို့(၈)ဦး ဒုတိယနေ့ခရီးစဉ်ကို တရားဝင်စတင်ကြသည်။
ဒီတစ်ခါတော့ သူတို့ကားစင်းလုံးငှားထားကာ လမ်းလျှောက်စရာမလိုဘဲ တောင်အောက်သို့တန်းဆင်းလာသည်။ သူတို့ကအခြားမြို့သို့သွားရမည်ဖြစ်ပြီး ထိုနေရာတွင်တောင်တက်ခြင်း၊ တောလမ်းမှသွားရခြင်းမျိုးရှိနိုင်တာကြောင့် ကုန်းကျယ်က ခရီးကြမ်းမောင်းနှင်နိုင်အောင် ကားနှစ်စီးငှားပြီး ယောကျာ်းလေး (၂)ယောက်၊ မိန်းကလေး(၂)ယောက်ဖြင့် လေးယောက်တစ်စီးစီးကြသည်။
အဖွဲ့ဖွဲ့ပုံမှာ အခန်းဖော်အချင်းချင်းရင်းနှီးပြီးဖြစ်တာကြောင့် တမင်လူပြန်မခွဲဘဲ ဝမ်ကယ်နှင့်ကုန်းကျယ်က ရှောင်းရှောင်းနှင့်ရှထျန်းကိုခေါ်ကာ၊ ယင်ဟန်နှင့် ယွီရန်က စွန်းရှောင်ဖေးနှင့်လျိုမော့ကိုခေါ်လိုက်သည်။
ယင်ဟန်က စကားနည်းပြီးပျင်းစရာကောင်းသူဖြစ်သည်။ ယွီရန်ကငယ်ရွယ်ပြီး ရှက်တတ်တာကြောင့် စကားမပြောရဲပေ။ သို့နှင့်ကုန်းကျယ်က သူတို့ကိုပျင်းစရာမကောင်းရလေအောင် သွက်သွက်လက်လက်ရှိသည့်စွန်းရှောင်ဖေးနှင့်လျိုမော့ကိုတမင်ထည့်ပေးလိုက်သည်။
ဒုတိယနေ့ခရီးစဉ်က ကျူးဘားနိုင်ငံ၏မြို့တော်ဟာဗားနားမှ သုံးနာရီကြာကားမောင်းရသော ဗဲနာလီမြို့ဖြစ်သည်။
သိပ်မကြာခင်မှာပဲ ကားများက ဟာဗားနားမြို့ထဲမှထွက်ခွာလာသည်။ လမ်းပေါ်တွင်လူသွားလူလာနည်းသွားပြီး ထန်းပင်ရှည်ရှည်များကို မျက်စိတစ်ဆုံးမြင်ရသည်။
ဟာဗားနားမြို့အထွက်မှစ၍ တစ်နာရီကြာသည်အထိ လမ်းတစ်လျှောက်လူတစ်ဦးတစ်ယောက်မှမတွေ့ရပေ။ ရှောင်းရှောင်းက ဒိန်ချဉ်သောက်ရင်း ရုတ်တရက်တွေးမိသွားသည်။
“အကယ်၍ ခုချိန်ကားပျက်သွားရင် ဘယ်လောက်တောင်ဒုက္ခရောက်လိုက်မလဲ ဟားဟားဟားဟား။”
သူ(မ)ပြောပြီးသည်နှင့် ကားအင်ဂျင်သံရုတ်တရက်ဆူညံလာသည်။ လူတိုင်းကဘာဖြစ်မှန်းမသိတာကြောင့် ကားကိုစက်သတ်လိုက်၏။
ထို့နောက်သူတို့လေးယောက်လုံးမျက်လုံးပြူးသွားသည်။ ဒါဘယ်လိုအခြေအနေကြီးလဲ။
ရှောင်းရှောင်းက သူ့ပါးစပ်သူလက်နှင့်ရိုက်ကာ:
“ဒီကျီးကန်းပါးစပ်(နိမိတ်မကောင်းသည့်ပါးစပ်)ကတော့လေ၊ နင်ပါးစပ်ဟလိုက်တာနဲ့ဘာကောင်းတာရှိလဲ။”
ထို့နောက်ရှောင်းရှောင်းကခေါင်းကုတ်ပြီး ရှက်ရွံ့စွာပြောလိုက်သည်။
“ကျွန်မကနောက်ပြီးပြောတာပါ။ ဘာဖြစ်သွားတာလဲဟင်။ ဂတ်စ်မရှိတော့တာလား။”
ကုန်းကျယ်က ဂတ်စ်ဂိတ်ကိုတစ်ချက်ကြည့်လိုက်သည်။ ဂတ်စ်အပြည့်ဖြစ်နေတာမြင်တော့ ကားစက်နိုးကြည့်လိုက်သည်။ သို့သော်ဘာတုံ့ပြန်မှုမှရှိမလာပေ။
“ဘယ်နေရာမှာဘာများဖြစ်သွားတာလဲ။ ကားပေါ်ကဆင်းပြီးကြည့်ကြမလား။”
ဝမ်ကယ်ကပြောလိုက်သည်။
သို့နှင့် သူတို့လေးဦးကားပေါ်မှဆင်းလိုက်သည်။ တခြားကားပေါ်ကလူများက သူတို့ကားရပ်သွားတာမြင်တော့ နောက်ပြန်လှည့်လာကာ သူတို့ဘေးတွင်ရပ်လိုက်သည်။
“ဘာဖြစ်တာလဲ။”
ယင်ဟန်ကကားမှန်ချပြီး သူတို့ကိုလှမ်းမေးသည်။
“ကားပျက်သွားတာထင်တယ်။”
ရှောင်းရှောင်းက ကားအင်ဂျင်စစ်နေသော ယောကျာ်းလေးနှစ်ယောက်ကို လက်ညှိုးထိုးပြကာပြောသည်။
ကားတစ်ခုခုဖြစ်တယ်ကြားတော့ လူတိုင်းကားပေါ်မှဆင်းလာသည်။
“ဘယ်လိုလဲ၊ ဘယ်နားဖြစ်တာလဲ။”
ကုန်းကျယ်ကအကျပ်ရိုက်သလို ပြောလိုက်သည်။
“ငါတို့မမြင်ရဘူး။ တတ်ကျွမ်းတဲ့ကားပြင်ဆရာတစ်ယောက်ခေါ်ပြမှရမယ်။”
“ဒီနေရာက လူနေအိမ်လည်းမရှိဘူး။ ကားဝပ်ရှော့လည်းရှိမဲ့ပုံမပေါ်ဘူး။ မဟုတ်မှလွဲရော ဟားဗားနားပြန်လှည့်ပြီးပြင်ရမှာလား။”
စွန်ရှောင်းဖေးကမေးလိုက်သည်။
“ကားငှားတဲ့ကုမ္ပဏီကို လူလွှတ်ပြီးလာကြည့်နိုင်မလားဆိုတာ အရင်ဖုန်းဆက်မေးမယ်။”
ကုန်းကျယ်ဖုန်းထုတ်၍ ဖုန်းနံပါတ်ရိုက်ဖို့လုပ်ပြီးနောက် လေးပင်စွာသက်ပြင်းချလိုက်သည်။
“ဘာဖြစ်လို့လဲ။”
“ဒီမှာဖုန်းလိုင်းမမိဘူး။”
ကုန်းကျယ် ခါးသီးစွာပြုံးလိုက်သည်။
“သွားရော! ကျွန်မတို့ကံအတော်ဆိုးပါလား။ ဒါဆိုအခုဘယ်လိုလုပ်ကြမလဲ။”
ရှထျန်းက လမ်းဘေးတွင်ဆောင့်ကြောင့်ထိုင်ချကာ တရားခံဖြစ်သူကိုမကျေမနပ်နှင့်လှမ်းကြည့်လိုက်သည်။
ရှောင်းရှောင်းက အပြစ်မကင်းသလိုမျက်နှာနှင့်:
“ဘာလို့ငါ့ကိုကြည့်တာလဲ။ ငါကဒီအတိုင်းပြောလိုက်တာပါ။ ပါးစပ်ကပြောရုံနဲ့ကားထိုးရပ်လောက်အောင် ငါကအဲ့လိုအစွမ်းမရှိပါဘူး။”
“အရင်ဆုံးရန်မဖြစ်ကြနဲ့ဦး။”
ဝမ်ကယ်က သူ့တို့ကိုစကားဖြတ်လိုက်သည်။
“အခုငါတို့ဟာဗားနားပြန်မှရမယ်။ ယင်ဟန်အပြန်လမ်းမှာ မင်းကားနဲ့အရှေ့ကနေ ငါတို့ကားကိုဆွဲသွား။”
“ကောင်းပြီ။”
ယင်ဟန်ကခေါင်းညိတ်လိုက်သည်။
မထင်မှတ်ထားသည့်ကိစ္စကြောင့် ဒုတိယနေ့ဗီနဲလီသို့သွားမည့်ခရီးစဉ်လုံးဝပျက်သွားကာ မတတ်သာသည့်အဆုံးဟာဗားနားသို့သာပြန်ခဲ့ရသည်။
တစ်နာရီကြာမောင်းနှင်ပြီးနောက် သူတို့လူစု ဟာဗားနားသို့ပြန်ရောက်လာသည်။ ကားကိုစစ်ဆေးပြီးနောက် ကားအငှားကုမ္ပဏီက ကားအင်ဂျင်အစိတ်အပိုင်းတစ်ခု ယိုယွင်းပျက်စီးနေတာတွေ့သွားသည်။ ကားက သူတို့ကုမ္ပဏီမှကားဖြစ်တာကြောင့် ကုမ္ပဏီက သူတို့အား ကားအသစ်တစ်စီးနှင့် အလကားပြန်လဲပေးသည်။
ကားအသစ်ရောက်အလာကိုစောင့်ရင်း အချိန်ကညနေ(၄)နာရီနီးပါးဖြစ်သွားသည်။ အနှောင့်အယှက်များကြုံပြီးနောက် လူတိုင်းခရီးသွားချင်စိတ်များလျော့ကျသွားသည်။ သို့နှင့် ကုန်းကျယ်ကအိမ်ပြန်ပြီး ဟော့ပေါ့လုပ်စားဖို့အကြံပြုလိုက်သည်။
ထိုအကြံပြုချက်ကို လူတိုင်းလက်ခံသဘောတူကြသည်။ သို့နှင့်သူက တရုတ်တန်းသို့တန်းမောင်းပြီး ဟော့ပေါ့အရည်နှင့်အချဉ်ဝယ်လိုက်သည်။ ထို့နောက် အသီးအရွက်ဈေးသို့သွားကာ အရံဟင်းအနည်းငယ်ဝယ်လိုက်သည်။ လူရှစ်ယောက်စားမည့်ပမာဏက ကြည့်လိုက်လျှင်နည်းနည်းတော့လန့်စရာပင်။ သူတို့ဈေးထဲမှပြန်ထွက်လာတော့ လူတိုင်းလက်ထဲတွင်အထုပ်များပြည့်နေသည်။
သူတို့အိမ်ပြန်ရောက်တော့ ညစာစားချိန်ညနေ(၆)နာရီအတိဖြစ်သည်။
ဒီတစ်ခေါက်တော့ ကုန်းကျယ်တစ်ယောက်တည်းဦးဆောင်ချက်ပြုတ်တာမဟုတ်ပေ။ မိန်းကလေးများက အသီးအရွက်များဆေးကြောကာ လှီးဖြတ်သည့်တာဝန်ယူကြသည်။ ယင်ဟန်နှင့်ယွီရန်က သောက်စရာများလုပ်ကြသည်။
ဝမ်ကယ်တစ်ယောက်တည်းလုပ်စရာမရှိဘဲအားနေသည်။ သူက လူတိုင်းအလုပ်ရှုပ်နေချိန်တွင် ဟိုလျှောက်ဒီလျှေိာက်လုပ်ကာ မိန်းကလေးများထံမှ လှီးလတ်စသခွားသီးတစ်လုံးယူစားလိုက်သည်။
“ဆရာဝမ်၊ ဝင်မကူဘူးလား။”
စွန်းရှောင်ဖေးက အသီးအရွက်များရွေးရင်းပေါ့ပေါ့ပါးပါးမေးလိုက်သည်။
ဝမ်ကယ်ကပြန်မဖြေခင် သခွားသီးတစ်ကိုက်ကိုက်လိုက်သည်။ သို့သော် ကုန်းကျယ်က သူ့ထက်အရင်ဦးကာ:
“သူ့ကိုမလိုဘူး။ လူအင်အားလောက်နေပြီ။ သူအစကတည်းက ကောင်းကောင်းနားရသေးတာမဟုတ်ဘူး။ ထပ်အပင်ပန်းမခံနဲ့တော့။”
“ဟုတ်သားပဲ။”
စွန်းရှောင်ဖေးက ဝမ်ကယ်ဒီနေ့သိပ်တက်တက်ကြွကြွမရှိတာတွေးမိပြီး သူ့ကိုမီးဖိုခန်းထဲက အမြန်ထုတ်လိုက်သည်။
“ဒါဆို ဆရာဝမ်ထိုင်နားနေလေ။ ဒီမှာကျွန်မတို့နဲ့တင်လုံလောက်တယ်။”
သို့နှင့် ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင်ဆရာဝမ်က သက်တောင့်သက်သာပင် ထမင်းစားခန်းထဲအရင်သွားထိုင်နေသည်။
လူတိုင်းဟော့ပေါ့အိုးများ၊ ဟင်းပွဲများကိုင်ပြီးထွက်လာတော့ ဝမ်ကယ် သူ့အတွက်သူအချဉ်စပ်လိုက်သည်။ ကုန်းကျယ်က ငရုတ်သီးတစ်ပုံတစ်ပင်နှင့် အချဉ်ပန်းကန်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
ဆယ်မိနစ်စောင့်ပြီးနောက် ဟော့ပေါ့အိုးကိုဖွင့်လိုက်သည်။ လူတိုင်းက ဟင်းအမယ်များကိုယူကာ ဟော့ပေါ့အိုးထဲထည့်ပြုတ်စားဖို့လုပ်လိုက်သည်။ တချို့လူများက အစပ်မစားနိုင်တာကြောင့် အစပ်တစ်ခြမ်း၊ အချိုတစ်ခြမ်းပါသည့် ယွမ်ယန်ဟော့ပေါ့ပဲလုပ်စားဖြစ်ကြသည်။
ဝမ်ကယ်က ဝက်သုံးထပ်သားကိုယူပြီး အသင့်ပြင်ထားသည့်အချဉ်ခွက်ထဲနှစ်စားဖို့လုပ်လိုက်သည်။ သို့သော် သူငုံ့ကြည့်လိုက်တော့ သူ့ရှေ့ကအချဉ်ခွက်ထဲမှာပါဝင်ပစ္စည်းများထူးဆန်းစွာပြောင်းလဲနေသည်။
‘သူ အဆီများတဲ့အချဉ်ရည်ရွေးထားတာကို ဝက်သုံးထပ်သားနှစ်လိုက်မှ ဘာလို့နှမ်းဆီအချဉ်ဖြစ်သွားတာလဲ။’ ထို့နောက် ဘေးတွင်ထိုင်နေသည့်ကုန်းကျယ်အချဉ်ခွက်ကို သူလှမ်းကြည့်လိုက်သည်။ ထိုအခါ ကုန်းကျယ်အချဉ်ခွက်က သူခုနေလးတင်စပ်ထားသည့်အချဉ်ပန်းကန်ဖြစ်နေတာမြင်တော့ ဝမ်ကယ်ချက်ချင်းမကျေမနပ်ဖြစ်သွား၏။
အခြားသူများကအစားအသောက်အပေါ်အာရုံရောက်နေကာ ဘယ်သူမှသူတို့ကိုသတိမထားမိပေ။ ကုန်းကျယ်က ဟော့ပေါ့အချိုအိုးထဲမှ သိုးသားတစ်တုံးယူပြီး ဝမ်ကယ့်နှမ်းဆီအချဉ်ပန်းကန်ထဲထည့်ပေးလိုက်သည်။
ဝမ်ကယ်က ကုန်းကျယ်ကိုတစ်ချက်လှမ်းကြည့်ပြီး သူ့ကျန်းမာရေးအတွက်စိုးရိမ်လို့လုပ်မှန်းတွေးမိတာကြောင့် ဘာမှမပြောဘဲနေလိုက်သည်။ သူကဝက်သုံးထပ်သားကို နှမ်းဆီအချဉ်ထဲနှစ်ကာ သိုးသားကိုစားလိုက်သည်။
ကုန်းကျယ်ကခပ်ဖွဖွပြုံးကာ စားပွဲခင်းအောက်ကနေ ဝမ်ကယ်ပေါင်ကိုလက်နှင့်အသာပုတ်လိုက်သည်။
ဟော့ပေါ့အိုးတစ်ဝက်ကျိုးတော့ လူတိုင်းဗိုက်ပြည့်လုနီးပါးဖြစ်သွားပြီး စကားပြောရင်းသောက်ကြစားကြသည်။
စွန်းရှောင်ဖေး ယနေ့တွင်သိသိသာသာပျော်ရွှင်ေနသည်။ သူ(မ)က လူတိုင်းကိုရှုံးလျှင် အရက်တစ်ခွက်သောက်ရသည့်ဂိမ်းကစားဖို့ခေါ်လိုက်သည်။
ဝမ်ကယ်ကတော့ ဒီနေ့ကံမကောင်း၍ပဲလားမသိ၊ ဂိမ်း(၄)ပွဲ(၅)ပွဲဆော့ပြီးတာတောင် သူချည်းတောက်လျှောက်ရှုံး၍ တစ်ခွက်ပြီးတစ်ခွက်သောက်နေရသည်။ ကုန်းကျယ်ကသူ့ကိုစိုးရိမ်တကြီးကြည့်လိုက်သည်။ သူဝမ်ကယ့်အစားအပြစ်ဒဏ်ခံကာကူသောက်ပေးချင်သော်လည်း အကြောင်းပြချက်ရှာလို့မတွေ့ဖြစ်နေသည်။ သို့နှင့် ကုန်းကျယ်မှာ ဝမ်ကယ်အရက်သောက်နေသည်ကိုသာ ထိုင်ကြည့်နေရသည်။
လူတိုင်းပျော်ရွှင်နေတာကြောင့် ဝမ်ကယ်ငြင်းဆန်ဖို့ခက်ခဲနေသည်။ သူကမတတ်သာသည့်အဆုံးအရက်သောက်ရင်း သောက်တာများပြီး အသိစိတ်လွတ်သွားသည်။
“ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား။”
ဝမ်ကယ်ခေါင်းငုံ့ပြီးမလှုပ်မယှက်ဖြစ်နေတာမြင်တော့ ကုန်းကျယ်စိုးရိမ်လာသည်။ သူက ရိုက်ကူးရေးလုပ်နေသည်ကိုပင်ဂရုမစိုက်တော့ဘဲ ဝမ်ကယ့်ကိုလှုပ်နှိုးကာ စိုးရိမ်တကြီးမေးလိုက်သည်။
ဝမ်ကယ်က လိမ်လိမ်မာမာခေါင်းမော့လာသည်။ သူက ရီဝေဝေမျက်ဝန်းများဖြင့် ကုန်းကျယ်ကိုခဏကြည့်လိုက်ပြီး ရုတ်တရက်ထရယ်ကာ မူးမူးနှင့်ခပ်တိုးတိုးလေးခေါ်လိုက်သည်။
“ကျွမ်းကျွမ်း—“
“ဖွီး—-“
လူတိုင်းအရက်သီးကုန်ကာ ကုန်းကျယ်လည်း နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ်တွန့်တက်သွားသည်။
*****
Aurora Novel Translation Team