Chapter 33
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 33 - ရေထဲကအနမ်း
အပိုင်း (၃၃) – ရေထဲကအနမ်း
👻👻👻
ဝမ်ကယ်မူးလာတော့ ကုန်းကျယ်ပေါ်ပိုမို၍မှီတွယ်လာသည်။ သူ့ခေါင်းကချာချာလည်နေပြီး လက်ရှိရိုက်ကူးရေးလုပ်နေသည်ကိုပင်လုံးဝမေ့လျော့သွားသည်။ သူက ကုန်းကျယ်ရှေ့ အလိုလိုတိုးသွားကာ ပို၍ညင်သာသောအသံဖြင့်:
“ကျွမ်းကျွမ်း၊ ဖက်မယ်။”
လူတိုင်း အသက်ရှုဖို့ပင်မေ့လျော့သွားကာ လူချင်းအလွန်နီးကပ်နေသောသူတို့နှစ်ဦးကို အလန့်တကြားလှမ်းကြည့်နေကြသည်။
“ဆရာကုန်း၊ ဆရာဝမ်က ဆရာ့ကိုဘာလို့ကျွမ်းကျွမ်းလို့ခေါ်တာလဲ။ အဲ့ဒါဆရာ့အိမ်နာမည်လား။”
စွန်းရှောင်ဖေးက ခက်ခက်ခဲခဲဖြင့် ဤစကားထုတ်မေးလိုက်သည်။
“ဘုရားရေ၊ ဆရာတို့က တစ်ယောက်အိမ်နာမည်တစ်ယောက်ခေါ်ရလောက်အောင် ဆက်ဆံရေးအရမ်းကောင်းနေပြီပဲ။”
လျိုမော့က ဆံပင်များထိုးဖွကာ အလန့်တကြားပြောလိုက်သည်။
ကုန်းကျယ်နှုတ်ခမ်းထောင့်များတွန့်ခနဲဖြစ်သွား၏။ သူ့လက်များက ဝမ်ကယ့်ပခုံးကိုခပ်တင်းတင်းဖမ်းဆုပ်ကာ ဝမ်ကယ်သူ့ရင်ခွင်ထဲပြုတ်မကျလာအောင်ထိန်းထားသည်။ သူနှစ်ချက်သုံးချက်ခန့်ရင်ခုန်သံမြန်သွားပြီးနောက်ချက်ချင်းပုံမှန်ပြန်ဖြစ်ကာ အားလုံးကိုရှင်းပြလိုက်သည်။
“ကျွမ်းကျွမ်းဆိုတာဆရာဝမ်ရဲ့ခွေးနာမည်။ ဆရာဝမ်ကသူမူးနေတဲ့အချိန်ဆို သူ့ခွေးလေးနာမည်ခေါ်ရတာကြိုက်တယ်လို့ပြောဖူးတယ်။”
“ဒါပေမဲ့ ဘာလို့ဆရာ့ဘက်လှည့်ပြီးခေါ်နေတာလဲ။”
ဒီအကြောင်းတွေးမိတော့ လူတိုင်းကုန်းကျယ်ရှင်းပြချက်ကိုချက်ချင်းလက်မခံနိုင်ဖြစ်သွားသည်။ ကုန်းကျယ်လည်း သူတို့အားလုံးအခုလိုမရမကဆက်မေးနေလိမ့်မည်ဟုမထင်ထားပေ။
သို့နှင့်ကုန်းကျယ်က စိတ်အနှောင့်အယှက်ဖြစ်သည်ကိုခဏဘေးချိတ်ကာ နောက်ဆုံး၌အံကြတ်ပြီးပြောလိုက်သည်။
“ကျွန်တော်က သူ့အိမ်ကခွေးနဲ့တူေနလို့ဖြစ်မယ်။”
ပြည်တွင်း၌ကျန်ရစ်ခဲ့သောသကြားခဲလေး ယင်ယွီထျန်းလက်ထဲမှာ ရုတ်တရက်နှာချေလိုက်သည်။ ယင်ယွီထျန်းက သကြားခဲလေးကျောကိုအသာပုတ်ပေးကာ:
“မင်းဘာလို့နှာချေတာလဲ။ မင်းအဖေနှစ်ယောက်မင်းကိုသတိရနေလို့များလား။”
သကြားခဲလေးကတဂူးဂူးအသံပြုကာ ယင်ယွီထျန်းရင်ဘတ်ကိုခေါင်းမီ္ှပြီး အပူအပင်ကင်းစွာ အိပ်မက်ကမ္ဘာထဲပြန်လည်ဝင်ရောက်သွားသည်။
ကုန်းကျယ်ရှင်းပြသည်ကိုနားထောင်ပြီးနောက် ကျူဘားရှိလူတစ်စုမှာ ကုန်းကျယ်၏အကြောင်းပြချက်က အကျိုးသင့်အကြောင်းသင့်ရှိရဲ့လားပင်ဂရုမစိုက်တော့ဘဲ ဝါးခနဲရယ်ချလိုက်ကြသည်။ တစ်ယောက်ယောက်က ကိုယ့်ကိုယ်ကိုယ်ခွေးနှင့်တူသည်ဟုပြောတာကို ဒါပထမဆုံးကြားဖူးခြင်းပင်။ နောက်ပြီး ထိုသို့ပြောသည့်လူက ရုပ်ရှင်လောက၌အဆင်းရောအချင်းပါပြည့်စုံ၍ ဆွဲဆောင်မှုအပြည့်ရှိသည်ဟု အများကသတ်မှတ်ထားသူ ကုန်းကျယ်ကိုယ်တုိင်ဖြစ်နေသည်။
ကုန်းကျယ်စိတ်ထဲအတော်ဘုသွားသည်။ သူ့လိုနာမည်ကြီးပြီး ရုပ်ရည်လည်းပြောစရာမရှိအောင်ချောမောသည့်လူက သူတို့အိမ်ကလျှာတန်းလန်းထုတ်ဖို့အပြင် ဘာဆိုဘာမှမသိသည့်ခပ်တုံးတုံးခွေးလေးနှင့်ဘယ်လိုလုပ်တူမှာတဲ့လဲ။ သို့သော်ယခုအချိန်မှာတော့ လူတိုင်းကိုလှည့်စားနိုင်ဖို့အတွက် သူသူ့ကိုယ်သူအနစ်နာခံလိုက်သည်။
ဝမ်ကယ်ဒီမှာဆက်နေနေလျှင် နောက်ထပ်တုန်လှုပ်စရာကိစ္စတွေထပ်ပြောမိမှာစိုးရသည်။ ထို့ကြောင့် ကုန်းကျယ်ကသူ့ကိုအခန်းပြန်ပို့ပြီး အရင်နားခိုင်းဖို့လုပ်လိုက်သည်။
“မင်းလျှောက်နိုင်လား။ ကျွန်တော်မင်းကိုကျောပိုးရမလား။”
ကုန်းကျယ် ဝမ်ကယ်ကိုမေးလိုက်သည်။
“မလိုချင်ဘူး။”
ဝမ်ကယ်က ခေါင်းခါပြပြီးငြင်းသည်။
ကုန်းကျယ်က “ဒါဆိုမင်းကိုကူတွဲပေးမယ်” ဟုပြောမည်အလုပ်၊ ဝမ်ကယ်က လက်ဆန့်ကာကုန်းကျယ်ကိုဝမ်းနည်းသလိုကြည့်ပြီးပြောလိုက်သည်။
“ဖက်မယ်လို့။”
ဒီတစ်ခါတော့ လူတိုင်းသိုသိုသိပ်သိပ်သာချောင်းဟန့်လိုက်ကြပြီး ထိုင်ခုံများပေါ်ကပြုတ်ကျမသွားအောင် ကိုယ့်ကိုယ်ကိုယ်မနည်းထိန်းလိုက်ရသည်။
ကုန်းကျယ်က ကောင်းကင်ကိုမော့ကာညည်းတွားချင်စိတ်ပေါက်လာသည်။ သူ့အိမ်သားက သူတို့နှစ်ေယာက်ရဲ့ဆက်ဆံရေးကို ကင်မရာရှေ့မှာတကယ်ကြီးဝန်ခံလိုက်မလို့လား။
‘အချစ်ရေ၊ အခုခေတ်မှာ တုံးတုံးအအအင်တာနက်အသုံးပြုသူတွေများတယ်ဆိုေပမဲ့ သူတို့ကမျက်စိကန်းနေတာမဟုတ်ဘူး။ အမှန်ကိုမသိလည်းဦးနှောက်ရှိတယ်ဟုတ်ပြီလား။ ပြောမရဘူး၊ ဒီအစီအစဉ်ထုတ်လွှင့်ပြီးသွားရင် ငါတို့ထုတ်ပြောစရာတောင်မလိုဘဲ ပရိသတ်တွေကအလိုလိုခန့်မှန်းမိသွားလောက်တယ်။’
ကုန်းကျယ် နည်းနည်းဖုံးဖုံးဖိဖိလုပ်ဖို့လိုအပ်သည်ဟုတွေးလိုက်သည်။ သူတို့ကအများရှေ့ချပြဖို့စီစဉ်ထားသော်လည်း ဒီရသစုံရှိုတွင်ချပြမှာတော့မဟုတ်ပေ။ ထို့ကြောင့် သူကလက်မြှောက်ပြီး လူတိုင်းကိုအပြစ်ကင်းသလိုကြည့်ကာပြောလိုက်သည်။
“ဆရာဝမ်ဘက်က အရင်စတာမင်းတို့လည်းမြင်တယ်နော်၊ ငါ့အပြစ်မဟုတ်ဘူး။”
လူတိုင်းကရယ်ချင်စိတ်ကိုထိန်းကာ သူတို့မြင်ကြောင်းခေါင်းညိတ်ပြလိုက်သည်။
အနုပညာလောက၏လက်ရှိအခြေအနေကဤသို့ပင်ဖြစ်၏။ ပေါ်တင်ဂေးပြလျှင်တောင် လူတိုင်းကအတည်မယူသည့်အပြင် အတော်စိတ်ဝင်စားကြပြီး လူအများအာရုံကိုဆွဲဆောင်နိုင်ပေသည်။ ထို့ကြောင့်ကုန်းကျယ်ထိုသို့ပြောလိုက်သည်နှင့် လူတိုင်းကအစီအစဉ်အတွက်လုပ်သည်ဟုယူဆကာ သိပ်အများကြီးမတွေးကြပေ။ ဘာပဲပြောပြော အမျိုးသားအနုပညာရှင်များအဖို့ ဤကိစ္စမျိုးက ထမင်းစားရေသောက်ပင်။
ထို့အပြင်ဒီတစ်ခေါက်၌ဝမ်ကယ်မူးနေပြီး အပြုအမူများလည်း ထူးဆန်းနေသည်။ ထို့ကြောင့် အစောကြီးကတည်းကအမှန်ကိုသိထားသည့်ယွီရန်မှအပ ကျန်လူအားလုံးမှာ ဒီကိစ္စကိုစိတ်ထဲမထားကြပေ။ အဲ့ဒီအစား သူတို့ကဝမ်ကယ့်အပေါ် အမြင်အသစ်များရှိလာသည်။
ရှောင်းရှောင်းက ကုန်းကျယ် ဝမ်ကယ့်ကိုပွေ့ချီကာ အပေါ်ထပ်တက်သွားသည်ကိုကြည့်ရင်း စွန်းရှောင်ဖေးအင်္ကျီစကိုဆွဲ၍ တီးတိုးပြောလိုက်သည်။
“ငါ ဆရာဝမ်ကိုအဲ့လောက်ချစ်စရာကောင်းလိမ့်မထင်ထားဘူး။ သူကမူးနေရင် ကလေးလေးလိုပဲနော်။”
စွန်းရှောင်ဖေးကလည်း ခေါင်းညိတ်ထောက်ခံလိုက်ကာ:
“ခုနက ငါစိတ်မထိန်းနိုင်ဖြစ်ပြီး ဆရာဝမ်ကိုပြေးဖက်ချင်တာအရမ်းပဲ။”
“ဟားဟားဟား၊ ငါရောပဲ။ ငါဆို ခြေလှမ်းတစ်ဝက်တောင်လှမ်းပြီးနေပြီ။”
ဝမ်ကယ်မသိသေးသည်မှာ ဤအပိုင်းထုတ်လွှင့်ပြီးသည်နှင့် သူ့ကိုယ်ပိုင်ပုံရိပ်လေးပျက်ယွင်းသွားမည်ဆိုတာကိုပင်။ အရင်ကသူနှင့်မဆိုင်ခဲ့သော “တုံးအအလေး” “နူးညံ့ပြီးချစ်စရာလေး” စသည့်စကားလုံးများမှာ နောင်တွင်သူထံသို့အလုံးအရင်းဝင်ရောက်လာလေသည်။ ယခင်ကဆို ဖန်များကသူ့ကို “ယောကျားရေ၊ ငါနင့်ကိုချစ်တယ်၊ နင့်အတွက်ကလေးလေးတစ်ယောက်မွေးပေးချင်တယ်” စသဖြင့်အရူးအမူးပြောဆိုကြသော်လည်း နောက်ပိုင်းမှာတော့ “ရှောင်ကယ်လေး၊ မားမားကိုကြည့်ပါဦး! မားမား မင်းကိုချစ်တယ်နော်” စသည့်အကြင်နာစကားများအဖြစ်ပြောင်းလဲသွားသည်။ သို့နှင့် ဝမ်ကယ့်ခမျာ ထိုဖန်များကို အချိန်ခဏလောက်မျက်နှာချင်းမဆိုင်ချင်ဖြစ်ခဲ့ရသည်။
လက်ရှိမှာတော့ ဝမ်ကယ်က ကုန်းကျယ်ရင်ခွင်ထဲတွင် အပူအပင်ကင်းကင်းအိပ်ပျော်နေသည်။
ကုန်းကျယ်က သူ့ကိုအိပ်ရာပေါ်တင်ပေးလိုက်သည်။ ကင်မရာများမအုပ်ရေသးတာကြောင့် သူသိပ်ရင်းရင်းနှီးနှီးမနေဘဲ ဝမ်ကယ့်ကိုစောင်ခြုံပေးကာ အခန်းထဲမှပြန်ထွက်လာသည်။
ကျန်လူများက ဒုတိယအချီဟော့ပေါ့ပြန်စားဖို့လုပ်နေသည်။ ကုန်းကျယ်လည်းဝင်ထိုင်ကာ ခဏစားသောက်လိုက်သည်။ သို့သော် လူတစ်ယောက်လျော့နေတာကြောင့် တစ်ခုခုလိုနေသလိုခံစားရသည်။ သို့နှင့် ဒုတိယအချီစားသောက်ပြီးနောက် သူတို့လူစုခွဲကာ ကိုယ့်အခန်းကိုယ်ပြန်ကြသည်။
ကုန်းကျယ်အခန်းထဲပြန်ဝင်လာသည်။ ဝမ်ကယ်ကတော့ ခြုံစောင်ထဲခေါင်းနှစ်ကာ အိပ်မောကျနေဆဲဖြစ်သည်။ ကုန်းကျယ် ကုတင်ဘေးသွားရပ်ပြီး ဝမ်ကယ့်ကိုခဏကြည့်လိုက်သည်။ သူက ကြင်နာစွာပြုံးရင်း ကင်မရာကိုကျောပေးကာခဏရပ်ကြည့်ပြီးနောက် ရေမိုးချိုးဖို့ရေချိုးခန်းထဲဝင်သွားသည်။
မိနစ်(၂၀)လောက်ကြာတော့ ကုန်းကျယ်အဝတ်ဗလာနှင့်ပြန်ထွက်လာသည်။ သူ့ဆံပင်များမှရေတစက်စက်ကျနေသည်။ သူက ခေါင်းသုတ်ရင်းကင်မရာများမအုပ်ရသေးမှန်းသတိရသွားကာ ကင်မရာများကိုအုပ်လိုက်သည်။
ဆံပင်ခြောက်သွားတော့ ကုန်းကျယ်ရေချိုးခန်းထဲပြန်ဝင်ကာ တဘက်တစ်ထည်ရေညှစ်လိုက်သည်။ ထို့နောက် ဝမ်ကယ်ကိုအိပ်ရာပေါ်ကဆွဲထူပြီး ရေပတ်တိုက်ပေးလိုက်သည်။
ဝမ်ကယ်က ကုန်းကျယ်ကိုကြိုက်သလိုလုပ်ခွင့်ပေးကာ မျက်လုံးများမှိတ်ထားပြီး သူအနေရခက်သည့်အခါမျိုးမှသာ မျက်မှောင်ကြုတ်ညည်းညူလိုက်သည်။
ကုန်းကျယ်က ဝမ်ကယ့်နဖူးကိုချော့မြှူနမ်းရှိုက်လိုက်ပြီး နားနားကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။
“ရပြီ၊ အိပ်တော့နော်။”
ဝမ်ကယ် မသိစိတ်ကနေပြန်လည်တုံ့ပြန်လာသည်။ သူကကုန်းကျယ်လွှတ်လိုက်သည်နှင့် ခြုံစောင်ထဲကနေ ကုတင်အတွင်းဆုံးဘက်သို့လှိမ့်သွားပြီး နံရံမှီကာဆက်အိပ်နေသည်။
ကုန်းကျယ်က သူ့တင်ပါးလေးကိုဖျစ်ညှစ်လိုက်၏။ သူကတဘက်ကိုကုတင်ခေါင်းရင်းသို့လှမ်းပစ်ကာ အိပ်ရာထဲဝင်လှဲလိုက်သည်။ ထို့နောက်ဝမ်ကယ့်ထံမှခြုံစောင်ဆွဲယူကာ စောင်ထဲအတင်းတိုးဝင်လိုက်သည်။
အနောက်တည့်တည့်မှ အနွေးဓာတ်လေးရလာတော့ ဝမ်ကယ်သူ့ခါးပေါ်ဖက်ထားလက်ကို အလိုလိုဆုပ်ကိုင်ပြီး ခေါင်းအုံးကိုမျက်နှာအပ်ကာ ဗလုံးဗထွေးခေါ်လိုက်၏။
“ယောကျာ်း။”
ကုန်းကျယ်က ဝမ်ကယ့်ကိုထပ်မံပွေ့ဖက်နမ်းရှိုက်ကာ နားရွက်နားကပ်ပြောလိုက်သည်။
“ငါဒီမှာရှိတယ်။ စိတ်ချလက်ချအိပ်။”
သို့သော် ဝမ်ကယ်အိပ်နေရင်း နှုတ်ခမ်းထောင့်လေးများကွေးညွှတ်သွားသည်ကိုတော့ ကုန်းကျယ်မမြင်လိုက်ပေ။
နောက်တစ်နေ့နိုးလာတော့ ဝမ်ကယ်ခေါင်းကွဲမတတ်နာကျင်ကိုက်ခဲနေသည်။ သူက ကုတင်ပေါ်တွင်မျက်လုံးမှိတ်လျက်သား နာရီဝက်ကျော်လောက်ထိုင်နေပြီးမှ ခေါင်းတစ်ခါခါနှင့်အိပ်ရာထလိုက်သည်။
ကုန်းကျယ်က အသံကြားတော့ ရေချိုးခန်းထဲမှထွက်လာပြီးမေးသည်။
“နိုးပြီလား။ ခေါင်းကိုက်နေလား။”
“အင်း။”
ဝမ်ကယ်က ဖျော့တော့စွာပြန်ဖြေသည်။
“ငါဘာဖြစ်သွားတာလဲ။”
“မေ့သွားပြီလား၊ မင်းမနေ့ညကမူးသွားတာလေ။”
“မူးသွားတယ်?။”
ဝမ်ကယ်အံ့အားသင့်သွားကာ ကုန်းကျယ်ကိုလှမ်းကြည့်သည်။ ကုန်းကျယ်တစ်ယောက်ခါတိုင်းထက်ပိုတည်ကြည်နေတာ သူသတိထားမိသည်။ သို့နှင့် ဝမ်ကယ် နိမိတ်မကောင်းသလိုခံစားရကာ ရင်ထိတ်သွားသည်။
“မနေ့က ငါထူးထူးဆန်းဆန်းတွေမပြောမိပါဘူးနော်၊ ဟုတ်လား။”
ကုန်းကျယ်က ရယ်ချင်စိတ်ကိုထိန်းကာ ဝန်မခံသလို၊ ငြင်းလည်းမငြင်းဘဲ တစ်ခွန်းတည်းသာပြောလိုက်သည်။
“ကျွန်တော် ဆရာဝမ်ကိုအရက်မူးရင် ဒီလောက်ချစ်စရာကောင်းလိမ့်မယ်မထင်ထားဘူး။”
! ! !
ချစ်စရာကောင်းတယ်! !
ကျွမ်းကျွမ်းက သူ့ကိုကင်မရာရှေ့မှာချစ်စရာကောင်းတယ်လို့ပြောတယ်! ! !
ငါမနေ့ကအရက်မူးပြီး မတော်တဆထုတ်ပြောမိလိုက်ပြီလား?!။
သို့သော် ကုန်းကျယ်၏ပေါ့ပေါ့ပါးပါးဖြစ်နေပုံထောက်လျှင် သူတို့နှစ်ယောက်ဆက်ဆံရေးပေါ်သွားပုံမရတာေသချာသည်။
ဝမ်ကယ်က အဖြေမထွက်သော်လည်း ကုန်းကျယ်ထိုသို့ပြောလာသည့်အခါ ဘာမှထပ်မပြောတော့ပေ။ ကုန်းကျယ်က ဝမ်ကယ့်အတွက်သွားတိုက်ဆေးကိုညှစ်ပေးပြီး ဝမ်ကယ့်အတွက်မနက်စာအမူးပြေစွပ်ပြုတ်ချက်ပေးဖို့ အောက်ထပ်ဆင်းသွားသည်။
ရေချိုးခန်းထဲတွင် ဝမ်ကယ်တစ်ယောက် တည်းနဝေတိမ်တောင်နှင့်သွားတိုက်ရင်း မနေ့ညက သူဘာတွေပြောပြီး ဘာတွေလုပ်ခဲ့သည်ကို သတိပြန်ရအောင်တွေးတောနေသည်။ သို့သော်အကြာကြီးစဉ်းစားလည်း ဘာမှစဉ်းစားမရဘဲခေါင်းသာပိုကိုက်လာသည်။
အိုက်ယား၊ ငါဘာပဲပြောခဲ့ပြောခဲ့၊ ကျွမ်းကျွမ်းက ပြန်အဖတ်ဆယ်နိုင်မယ်လို့မျှော်လင့်ရတာပဲ။
ဝမ်ကယ်ကထိုသို့တွေးလိုက်ရင်း သွားတိုက်ဆေးများကိုထွေးထုတ်လိုက်သည်။ သို့သော် သူပလုတ်ကျင်းနေရင်း ရုတ်တရက်တစ်ကိုယ်လုံးတောင့်တင်းသွားသည်။
ကျွမ်းကျွမ်း…..
ကျွမ်းကျွမ်း!
သူမနေ့က ကုန်းကျယ်ကိုကျွမ်းကျွမ်းလို့ ခေါ်လိုက်မိတာလား?!!။
ဒီကိစ္စက ဝမ်ကယ်ကိုအရှိုက်ထိသွားစေသည်။ သူအောက်ထပ်ဆင်းလာသည့်အခါ ခြေလှမ်းများပင်ယိုင်တိုင်တိုင်ဖြစ်နေသည်။
ထမင်းစားပွဲတွင်ထိုင်နေသောအဖွဲ့ဝင်များက သူ့ကိုလှည့်ကြည့်တော့ သူနောက်လှည့်ကာ အခန်းထဲချက်ချင်းပြန်သွားချင်စိတ်ပေါက်မိသည်။
တကယ်တော့ လူတိုင်းကဝမ်ကယ့်ကိုမြင်သည့်နှင့် ရယ်ချင်သွားသည်။ ဒါက လှောင်ပြောင်ချင်သည့်သဘောမဟုတ်ဘဲ မနေ့ညကဝမ်ကယ်အရမ်းချစ်စရာကောင်းကြောင်းပြန်တွေးမိကြသောကြောင့်ဖြစ်သည်။ သို့သော် သူတို့ကယဉ်ကျေးသမှုဖြင့် ရယ်ချင်စိတ်ကိုအောင့်ကာ ကိုယ့်ပေါင်ကိုယ်ဆိတ်၍ မင်္ဂလာန့နက်ခင်းပါဟုနှုတ်ဆက်လိုက်သည်။
ဝမ်ကယ်က ခုံမှာတိတ်တဆိတ်ဝင်ထိုင်ပြီး ကုန်းကျယ်ကိုယ်တိုင်ချက်ပေးသည့် အမူးပြေစွပ်ပြုတ်ကိုသောက်လိုက်သည်။ စိတ်ထဲမှာတော့ သူဒီနေ့အဖို့ပျောက်ကွယ်သွားချင်နေပြီး ဘယ်သူမှသူ့ကိုစကားလာမပြောဖို့ဆုတောင်းနေသည်။
သို့သော် ဘုရားကသူ့ဆုတောင်းကိုဖြည့်ဆည်းမပေးချင်မှန်းသိသာသည်။ သူနေရာမှာထိုင်ပြီးတစ်မိနစ်ပင်မပြည့်၊ စွန်းရှောင်ဖေးက အတင်းတုတ်ချင်စိတ်ထိန်းမရဖြစ်ကာမေးလိုက်သည်။
“ဆရာဝမ်၊ ဆရာ့ခွေးလေးနာမည်က ကျွမ်းကျွမ်းလား။”
“ဖွီး___”
ဝမ်ကယ့်ဘဝမှာဒီလောက်ရှက်စရာကောင်းတဲ့အပြုအမူမျိုးတစ်ခါမှမလုပ်ဖူးမှန်း ကျိန်တွယ်ပြောရဲသည်။ သို့သော် စွန်းရှောင်ဖေးကိုလည်းအပြစ်တင်၍မရပေ။ ဘယ်သူက သူ(မ)မေးခွန်းကြောင့် ဒီလောက်ကြီးဖြစ်သွားလိမ့်မယ်ထင်မှာလဲ။
“ဘာ၊ ဘာရယ်။”
ဝမ်ကယ် အထစ်အထစ်အငေါ့ငေါ့ဖြင့်မေးလိုက်သည်။ ဘာလို့ သူ့ခွေးနာမည်ကကျွမ်းကျွမ်းဖြစ်ရမှာလဲ။ ဝမ်ကယ်မနေနိုင်ဘဲ သူ့အိမ်သားကျွမ်းကျွမ်းကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ ထိုအခါ ကုန်းကျယ်နှုတ်ခမ်းထောင့်များအနည်းငယ်တွန့်သွားတာတွေ့ရသည်။
“ဆရာမေ့သွားပြီလား။”
စွန်းရှောင်ဖေးက စေတနာအပြည့်ဖြင့် သူ့ကိုပြန်ရှင်းပြသည်။
“မနေ့ညက ကျွန်မတို့ဟော့ပေါ့စားရင်း ဆရာမူးသွားတယ်လေ။ ပြီးတော့ ဆရာကုန်းကို ကျွမ်းကျွမ်းလို့အော်ခေါ်နေတာ။ ဆရာကုန်းကပြောတယ်၊ ကျွမ်းကျွမ်းက ဆရာ့ခွေးနာမည်တဲ့။”
“ဟုတ်၊ ဟုတ်လား။ ကျွန်တော်ဘာလို့မမှတ်မိတာပါလိမ့်။”
ဝမ်ကယ်နှုတ်ခမ်းထောင့်များတွန့်သွားသည်။ သူ သူ့ကိုယ်သူပဲအပြစ်တင်ရမလား၊ ကုန်းကျယ်ကိုအပြစ်တင်ရမလား မဝေခွဲနိုင်တော့ပေ။
“ကြည့်ရတာ အရမ်းမူးသွားလို့ထင်တယ်။ ဆရာက ဆရာကုန်းကို ကျွမ်းကျွမ်းလို့ချည်းခေါ်နေတာ။ နောက်ဆုံးဆရာကုန်းက ဆရာ့ကိုပွေ့ပြီး အခန်းထဲပြန်ခေါ်သွားရတယ်။ မထင်ထားဘူး၊ ဆရာဝမ်က အရက်မူးရင် အရမ်းချစ်စရာကောင်းတာပဲ။”
စွန်းရှောင်ဖေးက တစ်ယောက်တည်းဆက်တိုက်ပြောလိုက်သည်။
သူ(မ)တစ်ခွန်းပြောလိုက်တိုင်း ဝမ်ကယ်ပါးစပ်တစ်ခါတွန့်သွားသည်။ နောက်ဆုံးသူအမူအရာပင်မထိန်းနိုင်ဘဲ မျက်နှာပျက်သွားကာ:
“ဆရာ မနေ့ညကကျွန်တော့်ကိုအပေါ်ထပ်ပွေ့ချီသွားတာလား။”
ဝမ်ကယ်က ကုန်းကျယ်ကိုကြည့်ရင်း အသံများတုန်လာသည်။
ကုန်းကျယ် စိတ်ထဲကရယ်ချင်စိတ်ကိုထိန်းလိုက်သည်။ သူ့ချစ်သူမျက်နှာပျက်သွားတာမြင်ဖူးတာ ဒါပထမဆုံးပင်။ အဲ့ဒါက သိပ်ချစ်ဖို့ကောင်းတာကြောင့် သူမနေနိုင်ဘဲစချင်လာသည်။
“ဟုတ်တယ်လေ၊ ကျွန်တော်မင်းကိုကုန်းပိုးမယ်ပြောတာ ဆရာကလက်မခံဘဲ လက်ဆန့်ပြီးဖက်ခိုင်းနေတာ။ ကျွန်တော်မဖက်ရင် ဆရာကငိုတော့မလိုဝမ်းနည်းတဲ့ပုံဖြစ်သွားတော့ ကျွန်တော်က မိန်းမကိုပစ်ပြီးဖောက်ပြန်သွားတဲ့ကောင်ကျနေတာပဲ။”
ကုန်းကျယ် မတတ်သာသလိုဟန်လုပ်ကာပြောလိုက်သည်။
ကျန်လူများက မနေနိုင်ဘဲရယ်လိုက်ကြသည်။ ဝမ်ကယ်ကတော့ သေချင်စော်နံသွားသည်။ သူတို့ဆက်ဆံရေးကို လူတွေသံသယဝင်မဝင် သူစိတ်မဝင်စားတော့ပေ။ လောလောဆယ် သူ့ပုံရိပ်လေးပျက်ယွင်းသွားချေပြီ။ သူ၏မာနကြီးပြီးအေးစက်စက်စရိုက်က လုံးဝပြိုလဲပျက်စီးသွားသည်။ ဒီလိုဆို ပြန်အဖတ်ဆယ်လို့တောင်ရပါ့မလားမသိပေ။
အရက်မူးသွားသည့်ထိုးနှက်ချက်က အလွန်ပြင်းထန်တာကြောင့် ဝမ်ကယ့်တစ်နေ့လုံး စိတ်နဲ့ကိုယ်နဲ့မကပ်သလို၊ ရှုခင်းအလှများကို ခံစားသက်ဝင်ဖို့လည်း စိတ်မပါတော့ပေ။
သို့သော် သူတစ်ယောက်တည်းကြိတ်ပြီးအရှက်ရနေတာသာဖြစ်ပြီး လူတိုင်းကဝမ်ကယ့်ကိုအရင်ကထက်ပိုခင်ဖို့ကောင်းလာသည်ဟုခံစားရသည်။
ပုံမှန်ဆိုလျှင် ဝမ်ကယ်ကအဘက်ဘက်မှပြီးပြည့်စုံသူတစ်ယောက်ဖြစ်၏။ ဤကဲ့သို့ပြီးပြည့်စုံတာကြောင့်ပင် လူတိုင်းက သူ့အနားမကပ်ရဲကြပေ။ တစ်ခါတစ်ရံ သူဘက်ကစဟာသပြောလျှင်တောင် အနည်းငယ်ဝေးကွာနေသလိုခံစားရသည်။
သို့သော် သူမူးလာသည့်အခါ ပျော်ရွှင်လျှင်ရယ်မော၍ ဝမ်းနည်းလျှင် စိတ်မကောင်းဖြစ်တတ်သော ဝမ်ကယ်၏မတူညီသောပုံစံသစ်ကို လူတိုင်းမြင်တွေ့ခဲ့ကြသည်။ ထို့ကြောင့် လူတစ်ယောက်လုံး အသက်ဝင်လှုပ်ရှားလာကာ ဝေးကွာသည့်ခံစားမှုများလည်း ပျောက်ကွယ်သွားသည်။
ထိုနေ့ညမှစ၍ သူတို့လူတစ်စုတိတ်တိတ်ခိုးတုိင်ပင်၍ ဝမ်ကယ့်ကိုအရက်တိုက်ရန် ဖြားယောင်းသွေးဆောင်ဖို့ကြိုးစားကြသည်။ သူတို့က အရက်မူးလာလျှင် ချစ်စရာကောင်းသောဝမ်ကယ့်ကိုထပ်မံမြင်တွေ့လိုကြသည်။ သို့သော် ကံမကောင်းစွာနှင့် အစီအစဉ်ရိုက်ကူးရေးပြီးဆုံးသည်အထိ ဝမ်ကယ်အရက်မူးတာကို သူတို့ဘယ်ေတာ့မှထပ်မမြင်ရတော့ပေ။ အကြောင်းက ထိုကိစ္စပြီးကတည်းက ဝမ်ကယ်ဘယ်တော့မှအရက်မသောက်တော့သောကြောင့်ဖြစ်၏။
ကျူဘားနိုင်ငံ၏လူနေမှုဘဝကဆူညံမှုများ၊ အင်တာနက်များနှင့်ဝေးကွာကာ မြို့ပြမှရှေးခေတ်သို့ပြန်ရောက်သွားသည့်အလားထင်မှတ်ရပြီး အပူအပင်ကင်း၊ ဖိအားများကင်းပြီး အဆုံးမဲ့ပျော်ရွှင်မှုများနှင့် သာယာပျော်ရွှင်သော နေ့စဉ်ဘဝကိုပေါ့ပါးစွာဖြတ်သန်းကြသည်။
သူတို့လူတစ်စု ကျူဘားသို့ပထမဆုံးအကြိမ်ရောက်တုန်းက အင်တာနက်မရှိလျှင်ပျင်းစရာကောင်းမလားဟု စိုးရိမ်ပူပန်ခဲ့သည်။ သို့သော်အနေကြာလာတော့ လျှပ်စစ်ပစ္စည်းများကိုပင် သူတို့မေ့လျော့သွားသည်။
သူတို့ ဖုန်းထုတ်ပြီးသုံးခဲလာသလို၊ ကျူဘားရှိမိနစ်တိုင်း၊ စက္ကန့်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းချင်လာသည်။
ကိုးရက်မြောက်နေ့တွင် လူတိုင်းအလွန်တုံ့ဆိုင်းနေကြ၏။ သူတို့က ပရိုဂရမ်အဖွဲ့ကိုပင် ဒီမှာရက်အနည်းငယ်ထပ်နေလို့ရမလားဟု ဆွေးနွေးချင်လာသည်။ သို့သော် ထိုတောင်းဆိုချက်က သေချာပေါက်အကြင်နာမဲ့စွာ ငြင်းပယ်ခံလိုက်ရသည်။
ကျူဘား၏နောက်ဆုံးနေ့မတိုင်မီရှေ့တစ်ရက်တွင် အားလုံးဗာရာဒယ်ရိုသို့ ကားမောင်းသွားကြသည်။ သူတို့အားလုံး၏ပန်းတိုင်ကတော့ ကမ်းေြခပင်ဖြစ်၏။
ထိုနေရာရောက်သည်နှင့် သူတို့ရေကူးဝတ်စုံများချက်ချင်းလဲ၍ နေရောင်ကာခရင်မ်များလိမ်းကာ ပင်လယ်ထဲတန်းဆင်းကြသည်။
သဲဖြူဖြူများက ကမာခွံများကဲ့သို့ဖြူဖွေးပြီး အထိအတွေ့ကအလွန်နူးညံ့သည်။ သဲပြင်ပေါ်ေခြလှမ်းလိုက်သည့်အခါ ခြေဖဝါးများအနမ်းခံလိုက်ရသလိုထုံကျင်သွားသည်။ ကမ်းခြေတွင်မတ်တပ်ရပ်ပါလျှင် အရှေ့၌အဆုံးမဲ့ပင်လယ်ပြင်ကြီးက အပြာနုမှအပြာရင့်သို့၊ အပြာရင့်မှ အစိမ်းရောင်သို့ တစ်လွှာချင်းပြောင်းလဲသွားသည်။
ပင်လယ်ရေကသိပ်မနက်လှဘဲ မီတာ(၃၀၀) လောက်သွားမှ ခါးအထိရောက်လေသည်။ သို့နှင့် ကုန်းကျယ်က မိန်းကလေးများကိုမတားဘဲ ရေနက်ထဲဆင်းခွင့်ပြုထားသည်။
ယင်ဟန်က ဘေးမှာသွေးပူအောင်လုပ်ကာ ခဏဒိုက်ထိုးနေသည်။
ယွီရန်ကတော့ ကမ်းခြေထိုင်ခုံတွင်ထိုင်နေသည်။ သူက ဘောင်းဘီပွပွဝတ်ကာ လိမ္မော်ရည်သောက်ရင်း ကျန်အမျိုးသားသုံးယောက်ရေထဲဆင်းဖို့ပြင်နေသည်ကိုကြည့်နေသည်။
“ရေထဲတကယ်မဆင်းချင်ဘူးလား။ ဒီရေကတိမ်တိမ်လေး၊ အန္တရာယ်မရှိဘူး။”
ဝမ်ကယ်က ယွီရန်တစ်ယောက်တည်းနေခဲ့လျှင် အထီးကျန်နေမည်စိုးတာကြောင့် သူ့ကိုပါခေါ်သွားချင်နေသည်။
ယွီရန်ကအဲ့ဒါကိုကြားတော့ ခေါင်းခါပြီးပြောသည်။
“ဟင့်အင်း၊ ဆရာတို့ပဲကစားကြပါ။ ကျွန်တော်ဒီမှာထိုင်ပြီးပဲကြည့်တော့မယ်။ ကျွန်တော်ရေမကူးတတ်ဘူး။ ပြီးတော့ ငယ်ငယ်ကရေနစ်ဖူးတော့ ကျွန်တော်ရေကြောက်တယ်။”
ကလေးဘဝကကြောက်စိတ်ဖြစ်တာကြောင့် ကျော်လွှားဖို့ခက်ပေသည်။ သို့နှင့် ဝမ်ကယ်အတင်းမတိုက်တွန်းဘဲ ယွီရန်ကိုဘယ်မှလျှောက်မသွားဖို့ ဒီမှာလိမ်လိမ်မာမာနေခဲ့ဖို့မှာလိုက်သည်။ ထိုနောက် ကုန်းကျယ်နောက်လိုက်ကာ ရေထဲဆင်းလိုက်သည်။
ယင်ဟန်က သွေးပူလေ့ကျင့်ခန်းလုပ်ပြီး ပြန်ရောက်လာသည်။ သူကလိမ္မော်ရည်တစ်ငုံသောက်ကာ ယွီရန်ကိုကြည့်ပြီးမေးလိုက်သည်။
“တကယ်မသွားဘူးလား။ ရေမကူးတတ်ရင် သင်ပေးမယ်လေ။”
“ဟင့်အင်း၊ ဆရာကိုယ့်ဟာကိုယ်ပဲဆော့ပြီးပျော်ပါ။”
ယွီရန်က ထိုနေ့ညငါးဆင့်စားသောက်ဆိုင်၌ ယင်ဟန်သူ့မျက်နှာလာကိုင်ပြီးကတည်းက သူနှင့်တမင်ဝေးဝေးနေခဲ့သည်။
အကယ်၍ ဝမ်ကယ်ကသူ့ကိုရေကူးသင်ပေးမည်ဟုပြောလာလျှင်တောင် သူချက်ချင်းသဘောတူချင်တူလိမ့်မည်။ သို့သော် ယခုမေးလာသူက ယင်ဟန်ဖြစ်နေတော့ သူတစ်ချိန်လုံးဘူးခံငြင်းနေသည်။
သို့သော် ယင်ဟန်ကလည်းဘာကြောင့်မှန်းမသိ၊ မရမကတိုက်တွန်းနေသည်။ သူက ယွီရန်ကိုဆွဲထူဖို့ကြိုးစားကာ:
“ကိစ္စမရှိဘူး။ ရေကူးတာကအရမ်းလွယ်တယ်။ ခဏလေးနဲ့တတ်သွားမှာ။ ပြီးတော့ ငါဘေးမှာရှိနေတာပဲ၊ မင်းလုံးဝရေမနစ်စေရဘူး။”
ယွီရန်က ထိုင်ခုံကိုဆွဲထားပြီး ငြင်းလိုက်သည်။
“ဟင့်အင်း၊ ကျွန်…ကျွန်တော်က တုံးတယ်၊ သင်လို့တတ်မှာမဟုတ်ဘူး။”
“ဘယ်လောက်တုံးတုံး သင်လို့တတ်ပါတယ်။ ယောကျာ်းလေးဖြစ်ပြီး ဘာလို့ရေမကူးတတ်ရမှာလဲ။”
ယင်ဟန်ကဆွဲထူ၍မရတော့ မဲ့ပြုံးပြုံးကာ ခြိမ်းခြောက်လိုက်သည်။
“မင်းမထရင် ငါမင်းကိုအတင်းခေါ်သွားမှာနော်။”
“မလုပ်…..”
“အား—“
ယွီရန်စကားမဆုံးခင် ယင်ဟန်က သူ့ကိုပခုံးပေါ်ထမ်းတင်ကာ ကမ်းခြေသို့ပြေးထွက်သွားသည်။
ယွီရန်အော်သံက အတော်လေးကျယ်သွားကာ ခရီးသွားများသူ့တို့ဘက်လှမ်းကြည့်လာသည်။ ကုန်းကျယ်နှင့်ဝမ်ကယ်လည်း သူတို့ကိုတစ်ချက်ကြည့်လိုက်၏။
“သူတို့ဘာလုပ်နေတာလဲ။”
ဝမ်ကယ် မျက်မှောင်ကြုတ်ကာမေးလိုက်သည်။
ကုန်းကျယ်က သူ့ကိုလှမ်းကြည့်ပြီး ပေါ့ပေါ့ပါးပါးပြန်ဖြေသည်။
“စနောက်နေကြတာနေမှာပေါ့၊ သူတို့ကအစကတည်းက ဆက်ဆံရေးတော်တော်ကောင်းတယ်။”
“ဟုတ်လို့လား။”
ဝမ်ကယ် မရေမရာမေးလိုက်သည်။
သူတို့က ခပ်လှမ်းလှမ်းတွင်ရောက်နေတာကြောင့် ဝမ်ကယ် နှစ်ယောက်လုံးကိုသေချာမမြင်ရပေ။ နောက်ပြီးသူတို့ချင်းအတော်သင့်မြတ်နေပုံရတာကြောင့် ဝမ်ကယ်လည်းသူတို့ဆီသွားပြီးမမေးဖြစ်တော့ပေ။ သို့သော် သူစိတ်ထဲမှာေတာ့သံသယဖြစ်မိသည်။ ယင်ဟန်က ဒီရက်ပိုင်းအများကြီးတည်ငြိမ်သွားသလို၊ သူ့ရှေ့သို့တမင်ရောက်ရောက်လာတာမျိုးလည်းမရှိတော့ပေ။
ဒီအကြောင်းတွေးနေတုန်း ရုတ်တရက်သူ့ကျောကိုရေလှမ်းပက်လိုက်တာကြောင့် ဝမ်ကယ်ထအော်မိမတတ်ဖြစ်သွားသည်။ သို့နှင့် သူယင်ဟန်နှင့်ယွီရန်အကြောင်းမစဉ်းစားနုိင်တော့ဘဲ နောက်လှည့်ကာရေလှမ်းပက်သည့်တရားခံနှင့်စာရင်းရှင်းဖို့လုပ်လိုက်သည်။
သူနောက်အလှည့်တွင် ပင်လယ်ရေများသူ့ခေါင်းပေါ်နောက်တစ်ကြိမ်အပက်ခံလိုက်ရပြန်သည်။ သူဆံပင်ပုံစံလည်းချက်ချင်းပျက်သွားကာ မျက်နှာတစ်ခုလုံးရေတွေရွှဲသွားသည်။
တရားခံဖြစ်သူကတော့ပြုံးရွှင်ကာ ပင်လယ်ထဲေဆာ့ကစားနေသည်။
ဝမ်ကယ်မျက်နှာကရေများကိုသုတ်ပြီး ကုန်းကျယ်နောက်ပြေးလိုက်သွားသည်။ ထို့နောက် ကုန်းကျယ်သတိမထားမိချိန်၌ ခြေထောက်မြှောက်ကာ သူ့ကိုရေထဲကန်ချလိုက်သည်။ ကုန်းကျယ် ရေထဲကနေတဖျပ်ဖျပ်ကူးကာပြန်ထလာတာမြင်တော့ ဝမ်ကယ်က သူ့ခေါင်းကိုထပ်ဖိချပြီး ရေပေါ်ပြန်မတက်နိုင်အောင်လုပ်လိုက်သည်။ သူ့ပုံစံက ရက်စက်ပြီး ရေအောက်ကလူက သူနှင့်အငြိုးကြီးကြီးမားမားရှိနေသလားတောင်ထင်ရသည်။
ကင်မရာများက ရေစိုမခံတာကြောင့် ကင်မရာမန်းက သူတို့ခပ်လှမ်းလှမ်း ရေတိမ်တွင်သာရပ်ကာ ရိုက်ကူးရေးလုပ်နေသည်။
ရေထဲဆင်းကြတာကြောင့် ဝမ်ကယ်လည်း သူ့မိုက်ခရိုဖုန်းကိုချွတ်ထားခဲ့သည်။ ထို့ကြောင့် ဝမ်ကယ်အတင့်ရဲကာ လက်နှစ်ဖက်ဖြင့် ကုန်းကျယ်ကိုဖိချပြီး ရက်စက်သည့်မျက်နှာထားဖြင့်ပြောလိုက်သည်။
“ကုန်းကျွမ်းကျွမ်း၊ သတ္တိတော်တော်ကောင်းနေတယ်ပေါ့။ ငါ့ကိုတောင်လုပ်ကြံရဲတယ်။ မိသားစုပထမဆုံးစည်းကမ်းကို မေ့သွားပြီးလား။”
ကုန်းကျယ်က ရေအောက်တွင်ရုန်းကန်နေရတာကြောင့် ဘာမှပြန်မပြောနိုင်ဘဲ ခေါင်းခါပြရုံသာတတ်နိုင်သည်။ သူက ဝမ်ကယ့်ခါးကိုဖက်ကာ ကလေးတစ်ယောက်လို အမှားဝန်ခံကြောင်းပြောဖို့ကြိုးစားနေသည်။
သေချာပေါက်ဝမ်ကယ်က ကုန်းကျယ်ကိုတကယ်ရေနစ်အောင်မလုပ်ရက်ပေ။ သူကစိတ်ထဲကနေတစ်ဆယ်အထိရေတွက်ပြီး ပြန်လွှတ်ပေးလိုက်သည်။ သူလက်လွှတ်လိုက်သည်နှင့် ကုန်းကျယ် ရေထဲမှခုန်ထကာ အသက်ပြင်းပြင်းရှုလိုက်သည်။
“အသုံးမကျလိုက်တာ၊ ဆယ်စက္ကန့်ပဲရှိသေးတယ်။ မင်းအဆုတ်အားက အတော်ဆိုးနေပြီ။ ကျွတ်ကျွတ်ကျွတ်။”
ဝမ်ကယ်က စိတ်ပျက်သလိုခေါင်းခါပြလိုက်သည်။
ကုန်းကျယ်ကစိတ်ထဲမထားဘဲ ဆံပင်ကိုအနောက်သို့သပ်ကာ မျက်ခုံးပင့်၍ဝမ်ကယ့်ကိုကြည့်လိုက်သည်။
“ဒါဆို ပြိုင်မလား။”
“စိမ်လိုက်လေ။”
ဝမ်ကယ်ကမေးငေါ့လိုက်၏။
“မင်းအဖေငါ့လို အဆိုတော်တစ်ယောက်က မင်းလိုသရုပ်ဆောင်တစ်ယောက်နဲ့ ဘာလို့ အဆုတ်အားကောင်းမကောင်း မပြိုင်နိုင်ရမှာလဲ။”
“ကောင်းပြီလေ၊ ဒါဆို ငါသုံးအထိရေပြီးရင် အတူတူရေငုပ်ကြမယ်။ အရင်ဆံုးရေပေါ်တက်သွားတဲ့သူအရှုံး။”
ကုန်းကျယ်က ဝမ်ကယ်နှင့်မျက်နှာချင်းဆိုင်ရပ်လိုက်သည်။
“တစ်…နှစ်…သုံး။”
သုံးအထိရေပြီးသည်နှင့် နှစ်ယောက်လုံးပင်လယ်ကြမ်းပြင်သို့တစ်ပြိုင်တည်းဆင်းသွားသည်။ ရေအောက်ရောက်သည်နှင့် ကုန်းကျယ်က ဝမ်ကယ့်ကိုရုတ်တရက်ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ ထို့နောက်သူကခပ်တင်းတင်းစေ့ထားသော ဝမ်ကယ့်နှုတ်ခမ်းသားများကို ေခါင်းငုံ့နမ်းရှိုက်လိုက်သည်။
*****
Aurora Novel Translation Team