Chapter 34
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 34 - အာဖရိကသို့ခရီးသွားခြင်း
အပိုင်း (၃၄) – အာဖရိကသို့ခရီးသွားခြင်း
ရေအောက်၌နွေးထွေးသောအထိအတွေ့များက ပိုမိုသိသာသည်။ ဝမ်ကယ် အမှတ်တမဲ့မျက်လုံးဖွင့်ကြည့်တော့ ကုန်းကျယ်က သူ့ကိုငေးစိုက်ကြည့်နေတာကိုတွေ့လိုက်ရသည်။ ဆယ်စုနှစ်(၂)ခုကျော်ကြာအတူရှိခဲ့တာကြောင့် ကုန်းကျယ်မျက်ဝန်းများထဲရှိ နူးညံ့သည့်အချစ်ရိပ်များကို ဝမ်ကယ်ချက်ချင်းသဘောပေါက်လိုက်သည်။ ဝမ်ကယ် မျက်ဝန်းများကွေးညွတ်သည်အထိပြုံးလိုက်ပြီး အချစ်များကိုပြန်လည်တုံ့ပြန်လိုက်သည်။ သူက ကုန်းကျယ်လည်ပင်းကိုသိုင်းဖက်ကာ မျက်လုံးများမှိတ်၍ စိတ်လိုလက်ရပြန်လည်နမ်းရှိုက်လိုက်သည်။
နှာခေါင်းမှအသက်ရှူ၍မရတာကြောင့် တင်းကျပ်စွာထိကပ်ထားသောနှုတ်ခမ်းများကသာ လိုအပ်သည့်လေကိုထိန်းသိမ်းထားသည်။ အသက်ရှုရခက်ခဲသည့်ပင်လယ်ပြင်အောက်၌ နှုတ်ခမ်းနှင့်လျှာများရစ်ပတ်ရှုပ်ထွေးနေသည့်အထိအတွေ့က ယခင်ကထက်ပင်ပိုမိုနက်ရှိုင်းကာ ရင်ခုန်သံများပိုမိုသိသာလာပြီး အနမ်းများလည်းတဖြည်းဖြည်းရှည်ကြာသွားသည်။
အဆုတ်ထဲရှိလေများကုန်ခမ်းသွားသောကြောင့်သာမဟုတ်လျှင် အနမ်းများကဆက်လက်ရှည်ကြာနေဦးမှာသေချာသည်။
သူတို့နှစ်ဦး ရေထဲမှအတူပြန်ထွက်လာပြီး တစ်ယောက်ကိုတစ်ယောက်မောဟိုက်စွာကြည့်လိုက်သည်။ သူတို့ စကားမပြောကြသော်လည်း မျက်ဝန်းများမှတစ်ဆင့် စကားအခွန်းပေါင်းများစွာကို အကြည့်ချင်းဖလှယ်နေခဲ့သည်။
မိန်းကလေးများကအဝေးမှပြန်ရောက်လာကာ သူတို့နှစ်ဦးမျက်နှာချင်းဆိုင်ရပ်နေတာမြင်တော့ သိလိုစိတ်နှင့်မေးလိုက်သည်။
“ရေထဲမှာဘယ်သူအသက်ပိုအောင့်နိုင်လဲပြိုင်နေတာ။”
ကုန်းကျယ်ကပြန်ဖြေသည်။
“ဒါဆိုဘယ်သူနိုင်သွားလဲ။”
“ဘယ်သူမှမရှုံးဘူး၊ ဘယ်သူမှလည်းမနိုင်ဘူး။”
ပြောပြီးသည်နှင့် ကုန်းကျယ်က ဝမ်ကယ်နှင့်အတူကမ်းပေါ်ပြန်တက်သွားသည်။
မိန်းကလေးများကခေါင်းကုတ်ရင်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။
“သူတို့ပြောတာဘာအဓိပ္ပါယ်လဲဟင်။”
“သရေပဲလို့ပြောတာထင်တယ်။”
ဝမ်ကယ်နှင့်ကုန်းကျယ်ကမ်းပေါ်ပြန်ရောက်တော့ ယွီရန်လည်း ယင်ဟန်လက်ထဲက ရှက်ရှက်နှင့်ပြန်ထွက်ပြေးလာသည်။
“ရေကူးတတ်သွားပြီလား။”
ဝမ်ကယ်က သူ့ဆံပင်များကိုရေသုတ်ဖို့ တဘက်ကမ်းပေးလိုက်သည်။
“တတ်သွားပြီ။”
ယွီရန် ဆံပင်သုတ်ရင်း ဗလုံးဗထွေးပြောလိုက်သည်။
“ယင်ဟန်က တော်တော်တော်တာပဲ။ မင်းကိုအချိန်တိုအတွင်းရေကူးတတ်အောင်သင်နိုင်တယ်။”
ကုန်းကျယ်က ဘေးကနေဝင်ပြောလိုက်သည်။
ယွီရန်က ကိုးရိုးကားယားနိုင်စွာ တဟဲဟဲရယ်ရင်း ရေထဲမှာဒိုင်ပင်းထိုးကျန်နေခဲ့သည့်ယင်ဟန်ကိုလှမ်းကြည့်လိုက်သည်။ သို့သော် သူစိတ်ထိခိုက်ကာ သူတို့ကိုလည်းပြောမပြရဲပေ။
ယခင်က ယင်ဟန် သူ့အပေါ်ထူးဆန်းနေသည်ဟုသာ သူသံသယဝင်ခဲ့သည်။ သို့သော် ယခုတော့ သူလုံးဝသေချာသွားပြီ။ သူ့အပေါ်ထားသည့်ယင်ဟန်၏သဘောထားက အရမ်းကိုထူးဆန်းနေသည်။
ရေကူးသင်လျှင် ခန္ဓာကိုယ်ချင်းအထိအတွေ့ရှိမည်မှာမလွဲမရှောင်သာကိစ္စပင်။ သူလည်းဒါကိုသဘောပေါက်ထားသည်။ သို့သော် ယင်ဟန်က တမင်ရည်ရွယ်ချက်ရှိရှိလုပ်နေတာလားဆိုတာတော့ သူမသိပေ။
သူတို့ဘေးတွင်ဘယ်သူမှမရှိခိုက် ယင်ဟန်၏လက်များက ရေအောက်ကနေ သူ့တင်ပါးနှင့်ရင်ဘတ်ကို မကြာခဏမတော်တဆလိုလို လာထိကိုင်တတ်သည်။ သို့သော် ယင်ဟန်က ခပ်တည်တည်လုပ်နေတာကြောင့် ယွီရန်ဘာမှမပြောနိုင်ဘဲ ရှက်သွေးဖြာသွားရသည်။
သို့နှင့် ယင်ဟန်လက်မှလွတ်ဖို့ ယွီရန်ကြိုးကြိုးစားစားသင်ယူခဲ့သည်။ ထွက်ပြေးချင်စိတ်ပဲများနေ၍လားမသိ၊ နာရီဝက်တည်းနှင့် သူရေကူးတတ်သွားသည်။ သို့နှင့် သူ အချိန်မဆိုင်းဘဲ ခဏနားမည်ဟုအကြောင်းပြကာ ကမ်းခြေသို့ပြန်ပြေးလာသည်။
ယင်ဟန်က သူ့ကိုနက်ရှိုင်းစွာကြည့်နေပြီး ခပ်ဖွဖွပြုံးလိုက်၏။ ထို့နောက် သူ့ကိုအတင်းမလုပ်ဘဲပြန်လွှတ်ပေးကာ ရေပိုနက်နက်ထဲသို့ဒိုင်ပင်ထိုးဆင်းသွားသည်။
ယွီရန်သက်ပြင်းချကာ နားလည်ရခက်၍ ခါးသီးသည့်အမူအရာဖြင့် ဝမ်ကယ့်မျက်နှာကိုကြည့်လိုက်သည်။
ယင်ဟန်က ပစ်မှတ်ကို အစ်ကို့ဆီကနေ သူ့ဆီပြောင်းလိုက်ပုံရသည်ဟု ဝမ်ကယ့်ကို သူပြောပြချင်မိသည်။
“ဘာဖြစ်နေတာလဲ။”
ဝမ်ကယ်က သူ့ကိုမေးလာသည်။
ယွီရန်ခေါင်းခါပြကာ ဝမ်ကယ့်ကိုဒီအကြောင်းမပြောဖို့ဆုံးဖြတ်လိုက်သည်။ ပြဿနာကိုမဖြေရှင်းနိုင်မှတော့ သူပြောလိုက်လည်း ပိုဒုက္ခများရုံသာရှိပေမည်။
ဝမ်ကယ်က ယွီရန်ရေကူးသင်ပြီးပင်ပန်းသွားသည်ဟုထင်ကာ ခေါင်းကိုပွတ်ပေးရင်းပြောလိုက်သည်။
“မင်းပင်ပန်းနေရင်နားလိုက်ဦး၊ ခဏနေအသားကင်စားကြမယ်။”
“ဟုတ်ကဲ့။”
ယွီရန်က ထိုအကြောင်းစဉ်းစားရင်း တဘက်အောက်ကနေ မျက်လုံးမှိတ်လိုက်သည်။
ညစာမှာ အသားကင်ဖြစ်သည်။ ကုန်းကျယ်က အနားရှိဟိုတယ်သို့သွားကာ အကင်စင်ငှားလိုက်သည်။ ထို့နောက် အသီးအရွက်နှင့်အသားများဝယ်ပြီး ကမ်းခြေမှာပင်နေရာချလိုက်သည်။
ကောင်းကင်က အနည်းငယ်မှောင်စပျိုးနေပြီး ရောင်စုံအလင်းများက ကမ်းခြေတစ်ခုလုံးပေါ် ထွန်းလင်းတောက်ပနေသည်။ လူအများက မီးပုံပွဲပါတီကျင်းပနေကြပြီး ဂိမ်းများဆော့ကစား၍ သီချင်းဆိုကခုန်နေကြသည်။
မိန်းကလေးများက အကင်စားဖို့စောင့်ရင်း သူတို့နှင့်အတူဝင်ရောက်ပျော်ပါးကာ သူတို့နောက်လိုက်၍ ခဏကခုန်လိုက်ကြသည်။ အသားကင်ရနံ့က ကမ္ဘာလှည့်ခရီးသွားအချို့ကိုပင်ဆွဲဆောင်သွားသည်။ တချို့ကအနားရောက်လာပြီး ကြက်တောင်ပံ့အချို့ပင်ကုန်းဆင်းသွားသည်။
ပင်လယ်လေတဖြူးဖြူးတွင် အသားကင်စား၍ သီချင်းဆိုကခုန်နေသည်များကို အနီးကပ်ကြည့်ရှုရသည်က ဘဝတွင်ပျော်စရာအကောင်းဆုံးဟုဆိုနိုင်သည်။
“မနက်ဖြန်ပြန်ရတော့မှာ၊ နည်းနည်းတော့မပြန်ချင်ဖြစ်မိတယ်။”
စွန်းရှောင်ဖေးတစ်ယောက် ဘီယာသောက်ရင်း အဝေးတွင်ပြုံးပျော်နေကြသောကျူးဘားလူမျိုးများကိုငေးကြည့်ပြီး ပိုမပြန်ချင်ဖြစ်နေသည်။
“ငါရောပဲ၊ ဒီနေရာကိုအရမ်းချစ်တယ်။ ငါတကယ်ဒီမှာတစ်သက်လုံးနေသွားချင်တယ်……”
လျိုမော့ကလည်း ပြန်ရမှာတုံ့ဆိုင်းနေသည်။
“မေးစရာရှိတယ်။”
ရှောင်းရှောင်းက လက်မြှောက်ကာပြောလိုက်သည်။
“အားလုံးအတူရှိတာဆယ်ရက်ရှိသွားပြီဆိုတော့ တခြားသူတွေအပေါ် ပထမဆုံးတွေ့တုန်းကအမြင်နဲ့ အခုလက်ရှိအမြင်ကိုပြောကြည့်ရအောင်။”
ထိုသို့ပြောလိုက်သည်နှင့် စွန်းရှောင်ဖေးက အရင်လက်မြှောက်ကာ:
“ငါအရင်ပြောမယ်။”
“ထျန်းထျန်းလေးအပေါ် ကျွန်မရဲ့ပထမဆုံးအမြင်က သီချင်းဆိုတော်ပြီးနူးညံ့သိမ်မွေ့တဲ့ကောင်မလေး။ လက်ရှိ သူ(မ)အပေါ်အမြင်က ရူးသွပ်ပြီး စွန့်စားရတာကိုသဘောကျတဲ့ ကျားကျားလျားလျားမိန်းမသား။ ရှောင်းရှောင်းအပေါ် ပထမဆုံးအမြင်က ရှက်တတ်ပြီး စကားနည်းတယ်၊ အခုလက်ရှိအမြင်ကတော့ နိမိတ်မရှိတဲ့ပါးစပ်နဲ့ ကျားကျားလျားလျားမိန်းမသားကြီး…..”
စွန်းရှောင်ဖေးက လူတိုင်းအကြောင်းကို တစ်ယောက်ချင်းစီပြောနေခဲ့သည်။
သူ(မ) လူတစ်ယောက်အကြောင်းပြောလိုက်တိုင်း အားလုံးက ခေါင်းညိတ်ထောက်ခံကာ ခေါင်းစဉ်ခဏရပ်ပြီး ဆက်စပ်သမျှစိတ်ဝင်စားစရာအကြောင်းများဝိုင်းပြောကြသည်။
လူတိုင်းကိုပြောပြီးနောက် ကုန်းကျယ်နှင့်ဝမ်ကယ်သာကျန်တော့သည်။ စွန်းရှောင်ဖေးက ဝိုင်တစ်ငုံသောက်ကာ ပိုအာဝဇ္ဇန်းရွှင်လာပြီး ဆက်ပြောသည်။
“ဆရာကုန်းအပေါ်ပထမဆုံးအမြင်က နတ်ဘုရားတစ်ပါး။ ပြီးပြည့်စုံတဲ့နတ်ဘုရား။ ရုပ်ရှင်ဧကရာဇ်။ လက်လှမ်းမမီနိုင်တဲ့လူတစ်ယောက်။ လက်ရှိအမြင်ကတော့ အရာအားလုံးကိုဂရုစိုက်ပေးတတ်တဲ့အဖေကြီး။”
စွန်းရှောင်ဖေးပြောပြီးသည်နှင့် လူတိုင်းမြေကြီးပေါ်လှိမ့်ကာ အူတက်သွားကြသည်။ ကုန်းကျယ်ကိုယ်တိုင်လည်း ရယ်ရမလို၊ ငိုရမလိုဖြစ်သွားသည်။
“တကယ်ကြီးလား။”
စွန်းရှောင်ဖေး ခေါင်းညိတ်မပြနိုင်ခင် အခြားသူများကအရင်ပြန်ဖြေလိုက်သည်။
“ဟားဟားဟား၊ ကျွန်မလည်းအဲ့လိုထင်တယ်။ ဆရာကုန်း ကျွန်မတို့ကိုကြည့်လိုက်တိုင်း သူ့မျက်လုံးထဲမှာ အဖေကြီးက ကလေးတွေအတွက်စိတ်ပူနေသလိုခံစားချက်မျိုးရတယ်။”
ကုန်းကျယ် ကိုယ့်နဖူးကိုယ်ကိုင်ကာ စကားမပြောနိုင်လောက်အောင် စိတ်ပျက်သွားသည်။
စွန်းရှောင်ဖေးက ဝမ်ကယ့်အကြောင်းဆက်ပြောသည်။ သူ(မ)က မပြောခင် ဝမ်ကယ့်ကိုတစ်ချက်ကြည့်ပြီးမှ သတိကြီးကြီးထားကာပြောလိုက်သည်။
“ဆရာဝမ်အပေါ်ပထမဆုံးအမြင်က နတ်သားတစ်ပါးလိုပါရမီရှိတဲ့ အသံပိုင်ရှင်။ အေးစက်တဲ့နတ်ဘုရား။ ပေါင်းရသင်းရခက်တယ်။ လက်ရှိအမြင်က….. အရက်မူးရင် ဖက်ရတာကြိုက်တဲ့ ချစ်စရာကောင်းသူလေး…..”
ဒီတစ်ခေါက်တော့ လူတိုင်းက ပိုပြီးကျယ်လောင်စွာရယ်လိုက်ကြသည်။ လျိုမော့က အားရပါးရရယ်ကာ မြေပေါ်လှိမ့်နေသည်။ ဝမ်ကယ်ကတော့ရှက်လွန်း၍ မျက်နှာမည်းသွားကာ သူ၏အတိတ်အရိပ်မည်းကိုဖျောက်ရခက်ပါပြီဟုပြောလိုက်သည်။
ရယ်လို့အားရတော့ လျိုမော့ကထပ်ပြောသည်။
“ဒါနဲ့ အခုမှသတိထားမိတယ်။ ဆရာဝမ်က ဒီနေ့လိမ္မော်ရည်ပဲသောက်နေတယ်။”
“ကြည့်ရတာထပ်မူးမှာစိုးလို့ထင်တယ်။”
လက်ရှိလေထုကအလွန်ကောင်းတာကြောင့် လူတိုင်းကဝမ်ကယ်ကိုစနောက်ရဲလာသည်။
ဝမ်ကယ်ရှက်ရှက်နှင့်ဒီကလေးတွေကိုဂရုမစိုက်နိုင်တော့။ သူကအလွန်ရှက်ပြီး စကားမပြောချင်တော့တာကြောင့် ခေါင်းငုံ့ကာလိမ္မော်ရည်သောက်လိုက်သည်။
ကုန်းကျယ်က မတတ်သာသလိုပြုံးကာ မျက်လုံးထောင့်မှမျက်ရည်စများကိုသုတ်ပြီး ဝမ်ကယ့်ကိုစသလိုနောက်သလိုမေးလိုက်သည်။
“ဆရာဝမ်၊ ဖက်ပေးရဦးမလား။”
ထို့နောက် သူ ဝမ်ကယ့်ဘက် လက်ဆန့်ပေးလိုက်သည်။
“သွားစမ်း။”
ဝမ်ကယ်က စိတ်ထဲရှိသည့်အတိုင်း မှန်တစ်ဝက်မှားတစ်ဝက်ပြောလိုက်သည်။
ကုန်းကျယ်ရယ်သံက ပို၍ပင်ကျယ်လောင်လာသည်။
ကမ်းခြေထက်၌ တစ်ခုပြီးတစ်ခုထွက်ပေါ်လာသောရယ်သံများသာ ကျန်ရစ်ခဲ့သည်။
လေယာဉ်က နောက်တစ်နေ့နေ့လယ်မှထွက်ခွာမည်ဖြစ်တာကြောင့် လူတိုင်းက ဗာရာဒယ်ရိုတွင်ညမအိပ်ဘဲ (၇)နာရီထိုးတော့ ဟာဗားနားသို့ပြန်ခဲ့သည်။
နောက်တစ်နေ့တွင် သူတို့ အနည်းငယ်နောက်ကျမှမနက်စာစားကာ လေဆိပ်ဆင်းကြပြီး ဒုတိယမြောက်ခရီးစဉ်စတင်ဖို့အသင့်ဖြစ်နေသည်။
လေယာဉ်စောင့်ဆိုင်းနေစဉ် ဒါရိုက်တာက သူတို့နောက်ထပ်သွားရမည့်နေရာကို ကြေညာလိုက်သည်။
“အာဖရိကလား။”
စွန်းရှောင်ဖေးအံ့အားသင့်သွားသည်။
“မြက်ခင်းပြင်ဒေသ၊ တိရစ္ဆာန်တွေရဲ့သုခဘုံ။ အဲ့ဒီနေရာကိုအမြဲတမ်းအန္တရာယ်များမယ်လို့ထင်ခဲ့တာ။”
စွန်းရှောင်ဖေးစိုးရိမ်ပူပန်တာနှင့်ယှဉ်လျှင် ရှောင်းရှောင်ကပို၍အားရကျေနပ်နေသည်။ သူ(မ)က ဒါရိုက်တာနောက်ပြေးလိုက်ကာမေးသည်။
“ခြင်္သေ့တွေမြင်ရမှာလား၊ ဆာဗားနားမြက်ခင်းပြင်ဆီသွားကြမှာလား။”
စွန်းရှောင်ဖေးက သူ(မ)ကိုတအံ့တဩကြည့်ကာ:
“ရှောင်ထျန်းထျန်း၊ နင်က တကယ်ကြောက်စရာကောင်းတဲ့မိန်းမပဲ။”
“အဖွဲ့ခေါင်းဆောင်ကရော၊ ပြန်ရွေးမှာလား။”
လျိုမော့က ဒါရိုက်တာကိုမေးလိုက်သည်။
ဒီတစ်ခေါက်တော့ ဒါရိုက်တာပြန်မဖြေခင် ကုန်းကျယ်ကအရင်ပြောလိုက်သည်။
“ကျွန်တော်တော့ ပြန်ရွေးတာကောင်းမယ်ထင်တယ်။”
သို့သော် ဒါရိုက်တာကလုပ်နေကြအတိုင်းမလုပ်ဘဲ စကားတစ်ခွန်းသာပြောလိုက်သည်။
“ကုန်းကျယ်ရဲ့လုပ်ဆောင်ချက်တွေက အရမ်းကောင်းနေတာတွေ့ရတယ်။ သူက အာဖရိကခရီးစဥ်အတွက်လည်း အဖွဲ့ခေါင်းဆောင်အဖြစ် ဆက်ပြီးတာဝန်ထမ်းဆောင်ပါလိမ့်မယ်။”
ထိုအခါ လူတိုင်း၏မျက်လုံးထဲ၌ ကုန်းကျယ်ပခုံးများနိမ့်လျှောကျသွားတာကိုတွေ့လိုက်ရသည်။
ဝမ်ကယ်က သူ့ပခုံးကိုပုတ်ပေးလိုက်၏။ သို့သော် မျက်လုံးများကတော့ ဝင်းလက်တောက်ပနေသည်။ ကုန်းကျယ်တစ်ယောက် နှလုံးသားလေးပို၍ဟန်ချက်ပျက်သွားသည်။ သို့သော် သူ ကင်မရာရှေ့တွင် ဆက်ပြီးပြုံးနေရပေဦးမည်။
ကျူးဘားမှအာဖရိကသို့တိုက်ရိုက်လေယာဉ်မရှိပေ။ ခရီးသွားမိုင်တိုင်သိပ်မများသော်လည်း အလှည့်အပြောင်းများရှိတာကြောင့် အာဖရိက၊ကိတ်ပ်မြို့သို့ရောက်ရန်နှစ်ကြိမ်၊သုံးကြိမ်ခန့် လေယာဉ်ပြောင်းစီးရင်း နာရီ(၃၀)နီးပါးကြာမြင့်ခဲ့သည်။
ကိတ်ပ်မြို့သို့ရောက်ပြီးနောက် တစ်ညသာနားခွင့်ရခဲ့သည်။ ထို့နောက် လူတို့လူတစ်စု နောက်မှတ်တိုင်တစ်ခုဖြစ်သော နမီဘီယားသို့ မနားတမ်းဆက်လက်မောင်းနှင်ခဲ့သည်။
ကျူးဘားခရီးစဉ်ကလွတ်လပ်ပေါ့ပါးသည်ဆိုလျှင် အာဖရိကခရီးစဉ်က အစကတည်းကအရိုင်းဆန်ကြမ်းတမ်းသည်။
ကားက နမီးဘီယားရောက်ဖို့နီးလာသည်နှင့် လမ်းတွင် လူသူပိုမိုနည်းပါးလာပြီး အထပ်မြင့်တိုက်တာအိမ်ရာများအစား လေဟာပြင်သဲပြင်ဝါဝါများ တဖြည်းဖြည်းပေါ်ထွက်လာသည်။
ဘေးပတ်ပတ်လည်ကိုကြည့်လျှင် အဝါရောင်မြေပြင်၊ အဝါရောင်မြက်ခင်းနှင့် အဝါရောင်သစ်ပင်များသာမြင်ရသည်။ တိရစ္ဆာန်များက ထိုအဝါပြင်ကြီးအောက်ဖုံးအုပ်ကာ တောအုပ်ထဲ၌တိမ်မြှုပ်ပျောက်ကွယ်နေသည်။
အာဖရိကမြေသို့ခြေချလိုက်သည်နှင့် ကျူးဘားတွင်တက်ကြွခဲ့သည့်မိန်းကလေးများအားလုံး ငြိမ်ကျသွားသည်။ သူတို့က စကားကျယ်ကျယ်မပြောဝံ့ကြပေ။ သူတို့စကားပြောလိုက်လျှင် ဤနေရာတွင်ကျက်စားသောသားရိုင်းတိရစ္ဆာန်များ အနှောင့်အယှက်ဖြစ်သွားမှာစိုးနေသည်။ ကျားကျားလျားလျားမိန်းမသားဖြစ်သူရှထျန်းတစ်ဦးတည်းသာ မြက်ခင်းပြင်ဒေသကို ပိုနက်ရှိုင်းစွာတိုးဝင်သွားလေ ပိုပြီးစိတ်လှုပ်ရှားလာလေဖြစ်နေသည်။ သူ(မ)က မကြာခဏဆိုသလို လမ်းဘေးတွင်လှဲနေသောခြင်္သေ့များကိုမြင်တိုင်း အနီးကပ်သွားကြည့်ချင်နေသည်။ ထိုအချိန်မျိုးဆို လူတိုင်းက သားရိုင်းသတ္တဝါတစ်ကောင်ကိုကြည့်သလို သူ(မ)အားဝိုင်းကြည့်လိုက်သည်။
ကျူးဘားတွင်နေရထိုင်ရတာသိပ်မကောင်းလှသော်လည်း သူတို့ သက်တောင့်သက်သာနေခဲ့ရသေးသည်။ ယခုအာဖရိကမှာတော့ လူတိုင်းမမျှော်လင့်ထားလောက်အောက် ကွာခြားချက်အလွန်ကြီးမားနေသည်။
ကျူးဘားတွင်တည်းခိုသည့်နေရာက ဇိမ်မကျသော်လည်း အနည်းဆုံးတော့လေဒဏ်မိုးဒဏ်မှကာကွယ်ပေးနိုင်သေးသည်။ သို့သော် အာဖရိကသို့ရောက်သည့်အခါ သူတို့အားလုံးအပြင်မှာတဲထိုးနေကြရသည်။
ကားက သွားလိုရာအရပ်သို့ရောက်သည်နှင့် သူတို့အနားမယူဘဲ စခန်းချမည့်နေရာသို့တန်းသွားလိုက်သည်။
မိန်းကလေးများက စုတ်ပြတ်နေသည့်နေရာထိုင်ခင်းကိုကြည့်ကာ အော်ဟစ်ညည်းညူကြသည်။ ထို့နောက် ရေနွေးမရဘဲ ရေအေးနှင့်သာရေချိုးရမယ်မှန်းသိသွားကြတော့ ကျူးဘားပြန်မည်ဟုငိုယိုအော်ဟစ်ကြသည်။
ယောကျာ်းလေးများက တဲထိုးရင်းအလုပ်များကာ မိန်းကလေးများကိုမနှစ်သိမ့်နိုင်အားပေ။
စခန်းချမည့်နေရာတွင် အခန်းနေရာများခွဲခြားထားကာ ထိုအတိုင်းတဲထိုးကြရသည်။ ယောကျာ်းလေး (၄)ယောက်က တစ်ခန်းဖြစ်ပြီး မိန်းကလေး (၄)ယောက်ကတစ်ခန်းဖြစ်သည်။ အခန်းများက တစ်ခုနှင့်တစ်ခုကပ်နေတာကြောင့် အန္တရာယ်ရှိမှာမစိုးရိမ်ရပေ။
သူတို့အားလုံးတွင် ယခင်ကတဲထိုးအိပ်ဖူးသည့်အတွေ့အကြုံမရှိကြတာကြောင့် လူတိုင်းကအိပ်ပျော်ဖို့ခက်ခဲမည်ဟုထင်ခဲ့သည်။ သို့သော်မထင်မှတ်ဘဲ အဝေးရှိအသံဗလံများကိုနားထောင်ရင်း အားလုံးအလျင်အမြန်အိပ်ပျော်သွားကာ တစ်ညလုံးကောင်းစွာအိပ်စက်နိုင်ခဲ့သည်။
နောက်တစ်နေ့တွင် စခန်း၌မနက်စာစားကြပြီး သူတို့အဖွဲ့ ခရီးဆက်ခဲ့သည်။ ကျူးဘား၏ လွတ်လပ်ပေါ့ပါးပြီး ဖြည်းဖြည်းအေးအေးဘဝနှင့်ယှဉ်လျှင် မြောက်အာဖရိကခရီးစဉ်သွားနှုန်းက အနည်းငယ်ပိုမြန်နေသည်။
သူတို့ နေ့တစ်ဝက်ခန့် လမ်းပေါ်တွင်အချိန်ကုန်ခဲ့သည်။ သူတို့၏ရည်ရွယ်ချက်က တောင်အာဖရိကကိုဖြတ်၍ အရှေ့အာဖရိကသို့ကားဖြင့်သွားရန်ဖြစ်သည်။
ကိပ်မြို့မှထွက်ခွာ၍ နမီဘီယား၊ ဘော့ဆွာနား၊ ဇင်ဘာဘွေနိုင်ငံများကိုဖြတ်သန်းကာ နောက်ဆုံးတွင်ကိပ်မြို့သို့ ပြန်လည်ရောက်ရှိလာသည်။ အချိန်အနည်းငယ်သာရတာကြောင့် အချိန်အများစုတွင် သူတို့ ပန်းမန်များကိုသာကြည့်ဖြစ်ခဲ့သည်။
သို့သော် လမ်းတစ်လျှောက် တိရစ္ဆာန်မျိုးစုံအဖော်ပြုပေးနေတာကြောင့် နည်းနည်းမှမပျင်းရပေ။
ဤကဲ့သို့ သဘာဝတရားနှင့်လိုက်လျောညီထွေနေရသောဘဝမျိုးနှင့် ကျင့်သားရလာပြီးနောက် အမျိုးစုံသောပျော်ရွှင်စရာများကို ရှာဖွေတွေ့ရှိလာသည်။ သို့ဖြင့် ရက်အနည်းငယ်လောက်စိတ်ပျက်အားလျော့ကာတိတ်ဆိတ်နေကြသောမိန်းကလေးများက တဖြည်းဖြည်း ပင်ကိုဗီဇများပြန်လည်ပေါ်ထွက်လာကာ ခရီးစဉ်ကြီးက တစ်ဖန်ပြန်လည်အသက်ဝင်လာသည်။
*****
Aurora Novel Translation Team