Chapter 36
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 36 - အကြိုက်ချင်းတူတယ်
အပိုင်း (၃၆) – အကြိုက်ချင်းတူတယ်
👻👻👻
အာဖရိကခရီးစဥ်က အတော်ရှည်လျားသည်ဟုဆိုနိုင်ကာ ခန့်မှန်းချေရက်(၂၀)ခန့်ကြာမြင့်ခဲ့သည်။ (၁၅)ရက်မြောက်နေ့၌ သူတို့အဖွဲ့ ဇင်ဘာဘွေသို့ရောက်ပြီး ဝိတိုရိယရေတံခွန်ကိုကြည့်ရှုရန် ထိုနေရာတွင်(၂)ညအိပ်ခဲ့သည်။ ထို့နောက် (၁၇)ရက်မြောက်နေ့တွင် ဇင်ဘာဘွေမှကိပ်မြို့သို့ပြန်ခဲ့သည်။
တောင်အာဖရိကခရီးစဥ်က စုစုပေါင်းတစ်လကျော်ကြာမြင့်ခဲ့ပြီး နောက်ဆုံးတော့ဆုံးခန်းတိုင်ခဲ့သည်။ ခရီးစဥ်က ခက်ခဲပင်ပန်း၍ အန္တရာယ်များစွာကြုံတွေ့ခဲ့ရသော်လည်း အကြမ်းအားဖြင့်ပြီးပြည့်စုံသောခရီးတစ်ခုဟုဆိုနိုင်သည်။
အာဖရိက၏အဆိပ်ပြင်းသောခရမ်းလွန်ရောင်ခြည်များ သူတို့အရေပြားကိုထိုးဖောက်သွားခြင်းသာမရှိလျှင် ဒီခရီးစဉ်ကအမှန်တကယ်ပြီးပြည့်စုံသည့်ခရီးတစ်ခုဖြစ်မှာသေချာသည်။
ရက်(၂၀)ကြာခရီးသွားပြီးနောက် လူတိုင်း၏အသားအရေများ လာတုန်းကထက်အများကြီးပိုမည်းသွားသည်။ ယောကျာ်းလေးများကတော့ ရုပ်ရည်အပေါ်သိပ်ဂရုမစိုက်ကြတာကြောင့်အဆင်ပြေေသးသည်။ သို့သော် သူတို့ခမျာ မိန်းကလေးများမှန်ကိုင်၍ ငိုယိုငြီးတွားသည့်ဒဏ်ကိုခံကြရသည်။ သူတို့က အသားတွေဘယ်လောက်မည်းသွားကြောင်း အခုဘယ်လောက်တောင်ရုပ်ဆိုးသွားကြောင်း မကျေမနပ်ညည်းညူကြသည်။ စိတ်မကောင်းစွာပင် သူတို့နေလောင်ကာခရင်မ်ဘယ်လောက်လိမ်းလိမ်း မည်းနေသည့်အသားအရေများကတော့ ပြန်မဖြူလာဘဲရှိလေသည်။
ကိပ်မြို့ပြန်ေရာက်ပြီးနောက် သူတို့ထိုနေရာ၌ (၂)ရက်(၃)ရက်ကြာနေခဲ့သည်။ တချို့ကတော့ ဒီရက်ပိုင်းအချိန်ရတုန်း ကိပ်မြို့၏စိတ်ဝင်စားစရာနေရာများကိုသွားရောက်လည်ပတ်ရန်ပြောဆိုကြသည်။ ဘာပဲပြောပြော သူတို့ခမျာ ရက်ပေါင်းများစွာကြာသွားသည့်တိုင် ခရီးသွားခြင်း၏အရသာစစ်စစ်ကိုမကြုံရသေးပေ။
ကုန်းကျယ်က လူတိုင်း၏ထင်မြင်ချက်ကိုနားထောင်ရင်း လိုက်လံမှတ်သားနေသည်။
အခြားသူများပြောပြီးသွားတော့ ဝမ်ကယ်တစ်ယောက်သာပြောဖို့ကျန်တော့သည်။ ကုန်းကျယ်ကဝမ်ကယ်ဘယ်ကိုသွားချင်မှန်းသိနေသော်လည်း ဝတ္တရားအရမေးလိုက်သည်။
“ဝမ်ကယ်ရော။ ဘယ်ကိုအကြံပြုချင်လဲ။”
ဝမ်ကယ်က ဆိုဖာပေါ်ထိုင်ရင်းဘယ်ဘက်လက်နှင့်မေးေစ့ကိုထောက်ကာ ကိပ်မြို့ခရီးသွားလမ်းညွှန်စာအုပ်ကိုေပါ့ပေါ့ပါးပါးလှန်ကြည့်နေသည်။ စာမျက်နှာတစ်ခုရောက်တော့ သူ့မျက်လုံးများချက်ချင်းဝင်းလက်တောက်ပသွားသည်။ ထို့နောက် သူခေါင်းမော့ပြီးကုန်းကျယ်ကိုမျှော်လင့်တကြီးကြည့်လိုက်သည်။
“ဘန်ဂျီခုန်ဖို့သွားရအောင်။”
ခရီးသွားလမ်းညွှန်ထဲတွင် ဘန်ဂျီခုန်ခြင်းအားကစားအကြောင်းထည့်သွင်းရေးသားထားသည်။ ကုန်းကျယ်ဒါကိုမြင်ကတည်းက ဝမ်ကယ်ဒီလိုပြောမည်ဆိုတာကြိုသိနေသည်။ သို့နှင့် သူကမျက်ခုံးပင့်ကာပြုံးလိုက်၏။ သူတို့နှစ်ဦးစလုံးက ပြင်းထန်အားကစားများကိုနှစ်သက်သည်။ တက္ကသိုလ်ကျောင်းတက်စဉ်ကလည်း ကမ္ဘာပတ်၍ ပြင်းထန်အားကစားမျိုးစုံကိုမကြာခဏစမ်းသပ်ကြည့်ဖူးသည်။ ၎င်းတို့ထဲမှဝမ်ကယ်အနှစ်သက်ဆုံးမှာ ဘန်ဂျီခုန်ခြင်းဖြစ်သည်။
ကိပ်မြို့ရှိ ဘရွတ်ကလန်စ်ပေါင်းကူးတံတားမှာ ကမ္ဘာ့ထိပ်တန်းဘန်ဂျီနေရာ(၁၀)ခုအနက်တစ်ခုအပါအဝင်ဖြစ်သည်။ ထို့ကြောင့် ဝမ်ကယ်သေချာပေါက်ဒါကိုလက်လွတ်ခံမည်မဟုတ်ပေ။
သို့သော် ကုန်းကျယ်မကန့်ကွက်သည်နှင့် တခြားလူများမကန့်ကွက်ဘူးဟုမဆိုလိုပေ။ အထူးသဖြင့်မိန်းကလေးများက ဘန်ဂျီခုန်မည့်အသံကြားသည်နှင့် ကြောက်လွန်း၍မျက်နှာများဖြူလျော်ကာ အော်ဟစ်ကြတော့သည်။
“ဘန်ဂျီခုန်မယ်!”
လျိုမော့က တံတွေးအမြန်မျိုချကာ:
“ဆရာဝမ်၊ ဆရာ့မှာဒီလိုဝါသနာမျိုးရှိလိမ့်မယ်မထင်ထားဘူး။”
ဝမ်ကယ်ကခေါင်းညိတ်ကာ:
“အင်း၊ ကျွန်တော်ဘန်ဂျီခုန်ရတာအရမ်းကြိုက်တယ်။”
လျိုမော့က ဝမ်ကယ့်ကိုတစ်ချက်ကြည့်လိုက်ကာ:
“ဆရာဝမ်ကတော့ တကယ့်ကိုသမန်းဝံပုလွေပါပဲ၊ ကျွန်မတို့လိုက်မမီတော့ဘူး။”
“သမန်းဝံပုလွေ။ သမန်းဝံပုလွေဆိုတာဘာလဲ။”
ဝမ်ကယ်နားမလည်သလိုမေးလိုက်သည်။
ယွီရန်က ဝမ်ကယ့်ဘေးတွင်ထိုင်ပြီးရေခဲမုန့်စားနေရာမှ စိတ်ရှည်လက်ရှည်ရှင်းပြသည်။
“အဲ့ဒါကအင်တာနက်ဘန်းစကားလေ။ သမန်းဝံပုလွေနဲ့ ရက်စက်တဲ့လူသားက နည်းနည်းပဲကွာတယ်။ ဒီတော့ သမန်းဝံပုလွေဆိုတာ ဆရာကရက်စက်တဲ့လူထက်နည်းနည်းပိုတယ်လို့ဆိုလိုတာ။ အဓိပ္ပါယ်က ဆရာကရက်စက်တဲ့လူတွေထက်ပိုရက်စက်တယ်ဆိုတဲ့သဘောပဲ။”
ဝမ်ကယ်က ယွီရန်အကြာကြီးရှင်းပြသည်ကိုနားထောင်ပြီး သဘောပေါက်သွားသည်။ သူက အလေးအနက်မေးလိုက်၏။
“အဲ့ဒါမကောင်းတဲ့ဟာသလား။”
လူတိုင်းခဏလောက်အံ့အားသင့်သွားပြီးနောက် ဝါးခနဲရယ်လိုက်ကြသည်။
ကုန်းကျယ်ကလည်းပြုံးပြီးခေါင်းခါပြသည်။ ဝမ်ကယ်က အင်တာနက်သုံးခဲသူဖြစ်သည်။ ထို့ကြောင့် အချိန်နှင့်အမျှတိုးတက်သစ်လွင်နေသော အင်တာနက်ဘန်းစကားများကိုသတိထားမိဖို့ဆိုတာဝေးလာဝေးပင်။
လူတိုင်းရယ်လို့အားရတော့ ဝမ်ကယ်လက်ခုပ်တီးကာ လူတိုင်း၏အာရုံကိုဆွဲဆောင်လိုက်သည်။
“ဒါဆိုဘန်ဂျီခုန်မဲ့လူဘယ်သူရှိသေးလဲ။ အကယ်၍ ခုန်မဲ့လူသိပ်မများရင်အဖွဲ့ခွဲပြီး ဘန်ဂျီခုန်မဲ့အဖွဲ့သက်သက်သွားကြမယ်။”
“ဆရာကုန်းကရော၊ ဘန်ဂျီခုန်ဖို့သွားမှာလား။”
စွန်းရှောင်ဖေးက ကုန်းကျယ်ကိုလှမ်းမေးသည်။ တစ်လကြာပြီးနောက် လူတိုင်းကသူ့အပေါ်မှီခိုရသည်ကိုကျင့်သားရနေသည်။
ကုန်းကျယ်ကခေါင်းညိတ်ပြကာ:
“ကျွန်တော်အရင်က ဘန်ဂျီေတာ်ေတာ်ခုန်ဖြစ်တယ်။ အဲ့ဒါကအရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လေ။ မင်းတို့ရော မစမ်းကြည့်ချင်ဘူးလား။ မတူတဲ့အတွေ့အကြုံသစ်လေးပေါ့။”
အားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြတော့ မိန်ူကလေးများ၏မျက်နှာတွင် စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ခြင်း၊ စူးစမ်းလိုခြင်းများရောယှက်နေသည်။ နောက်ဆုံးတော့ မိန်းကလေးများက ဘန်ဂျီခုန်ရန်သဘောတူလိုက်ကြသည်။
မိန်းကလေးများသဘောတူလိုက်တော့ ကျန်ယောကျာ်းလေးနှစ်ယောက်ကလည်း မိန်းကလေးများနှင့်မပြိုင်ဆိုင်လိုတာကြောင့် မဆိုင်းမတွပင်အလိုလိုသဘောတူလိုက်ကြသည်။
နောက်တစ်နေ့ အပြင်မှာနေ့လယ်စာစားပြီးနောက် အဖွဲ့ဝင်(၈)ဦးကားတစ်စီးငှားကာ ဘန်ဂျီခုန်မည့်နေရာ ဘရွတ်ကလန်စ်ပေါင်းကူးတံတားသို့ထွက်လာသည်။
ဘရွတ်ကလန်စ်ပေါင်းကူးတံတားကိုတောင်တန်းနှစ်ခုကြား တည်ဆောက်ထားသည်။ အောက်၌ သဘာဝသစ်တောနှင့်အဆုံးမဲ့ေတာင်ကြားမှအပ ဘာဆိုဘာမှမရှိပေ။ အပေါ်ဘက်မှာတော့ တိမ်စိုင်တိမ်တိုက်များမျောလွင့်နေကာ တံတားပေါ်ရပ်လိုက်သည်နှင့်ပင် ဒူးများပင်ပျော့ခွေသွားစေနိုင်သည်။
“အားအားအား၊ မဖြစ်ဘူး မဖြစ်ဘူး။ ကြောက်စရာကြီး။”
လျိုမော့က တံတားအလယ်ထိလျှောက်သွားသည်။ သူ(မ)က ခြေလှမ်းများခက်ခက်ခဲခဲလှမ်းနေရကာ ဘေးဘီကိုပင်မကြည့်ရဲပေ။
ရှောင်းရှောင်းမျက်နှာကအနည်းငယ်ဖြူဆုပ်နေသည်။ သူ(မ)က ကြိုးတံတားကိုတင်းတင်းဆုပ်ကိုင်ရင်းပြောလာသည်။
“ငါအမြင့်ကြောက်တတ်တာမေ့သွားတယ်။”
လူတိုင်းကဘာလုပ်ရမှန်းမသိဖြစ်ကာ ရယ်ချင်သွားသည်။ သူ(မ)ကကြောက်လွန်းသဖြင့် မျက်နှာများပင်သွေးဆုပ်ဖြူလျော်နေသည်။ သို့နှင့် သူတို့လည်း သူ(မ)ကိုပေးမခုန်ရဲတော့ဘဲ တံတားထိပ်မှာထားခဲ့ပြီး တံတားအလယ်ရှိဘန်ဂျီခုန်မည့်နေရာသို့ ဆက်လျှောက်လာသည်။
သူတို့ရောက်သွားတော့ ဘန်ဂျီစင်မြင့်တွင် နိုင်ငံခြားသားတစ်ဦးက ခုန်ချဖို့အဆင်သင့်ရပ်နေသည်။ နိုင်ငံခြားသားကိုကြည့်ရတာ အတင်းတိုက်တွန်းခံရ၍ ဒီကိုအရဲစွန့်ရောက်လာပုံပင်။ သူက ဘန်ဂျီစင်မြင့်ပေါ်ရပ်လိုက်သည်နှင့်အောက်သို့ခုန်မချဘဲ လက်ရန်းများကိုအတင်းဆွဲထားပြီး စကားပင်ပြောမထွက်တော့ပေ။ သို့သော်စင်အောက်မှသူ့သူငယ်ချင်းများကတော့ ပွဲကြည့်ပွဲကောင်းကြည့်ေနရသလို သူ့ကိုမြန်မြန်ခုန်ချလိုက်ဖို့တိုက်တွန်းနေသည်။ လူတိုင်းက အရပ်(၁.၈)မီတာခန့်ရှိေသာ အရပ်ရှည်ရှည်အနောက်တိုင်းသားကြီး မိန်းကလေးတစ်ယောက်လိုအော်ဟစ်နေတာကိုဝိုင်းကြည့်နေသည်။ တာဝန်ခံဝန်ထမ်းက သည်းမခံနိုင်သည့်အဆုံး သူ့ကိုအောက်သို့ကန်ချလိုက်သည်။ တောင်ကြားတစ်ခုလုံး အော်ဟစ်သံများပဲ့တင်ပျံ့နှံ့သွားပြီး ထိုအနောက်တိုင်းသားလည်း လူတိုင်း၏မျက်စိအောက်မှပျောက်ကွယ်သွားသည်။
အစကတည်းကကြောက်နေသောမိန်းကလေးများက ဒီမြင်ကွင်းကိုမြင်တော့ ပို၍ကြောက်စိတ်လွန်ကဲသွားပြီး မသိစိတ်က နံဘေးရှိလူလက်ကိုလှမ်း၍ဖမ်းဆုပ်လိုက်သည်။
ယွီရန်က မိန်းကလေးများဘေးတွင်ရပ်နေသည်။ ထို့ကြောင့် သူက မိန်းကလေးများကိုနှစ်သိမ့်သူဖြစ်လာသည်။ သို့သော် သူတို့မည်မျှကြောက်နေနေ၊ နောက်ဆုံးတော့ အရဲစွန့်ပိုက်ဆံရှင်းကြကာ သဘောတူညီချက်တွင်လက်မှတ်ထိုးလိုက်ကြသည်။
ကံကောင်းထောက်မစွာဖြင့်သူတို့ရှေ့တွင် လူ (၄)(၅)ယောက်ရှိသေးတာကြောင့် ကိုယ့်စိတ်ကိုယ်ပြင်ဆင်ချိန်ရသေးသည်။
သို့သော် ဒီလိုကိစ္စမျိုးက ကြာကြာအချိန်ဆွဲထားလေ၊ ပိုစိတ်ဖိစီးလေပင်။ ထို့ကြောင့် နာရီဝက်ကြာစောင့်ပြီးနောက် စိတ်တည်ငြိမ်သွားရမည့်အစား သူတို့တဖြည်းဖြည်းပိုကြောက်လာသည်။
ယင်ဟန်က ယွီရန်ဘေးထိုင်ကာဖုန်းဆော့နေသည်။ သူ့ပုံစံက တွေ့ကြုံရတော့မည့်အရာကိုကြောက်ရွံ့ပုံမပေါ်ပေ။ ယွီရန်ကတော့ သူ့ရှေ့ကလူတွေခုန်ချသွားတာကို သေချာလိုက်ကြည့်နေသည်။ သူ့မျက်နှာမှာဘာမူမမှန်တာမျိုးမှမရှိဘဲ၊ တည်ငြိမ်အေးဆေးနေသည်။
ကြောက်စရာအကောင်းဆုံးကတော့ ကုန်းကျယ်နှင့်ဝမ်ကယ်ပင်။ သူတို့ကကြောက်ရမည့်အစား အလွန်တည်ငြိမ်အေးဆေးကာ တံတားပေါ်အခေါက်ပေါင်းများစွာလျှောက်ပြီး အမြင့်ဘယ်လောက်ရှိလဲဆိုတာသွားကြည့်ကြသည်။
ထို့နောက်လူတိုင်းက ဝမ်ကယ်ခပ်တိုးတိုးရေရွတ်လိုက်သံကိုကြားရသည်။
“သိပ်မမြင့်ဘူးပဲ၊ နည်းနည်းတောင်စိတ်ပျက်သွားပြီ။”
စိတ်ပျက်တယ်?။ ဒီအမြင့်ကိုစိတ်ပျက်တယ်ဟုတ်လား။ ဒါကမီတာငါးရာခြောက်ရာလောက်မြင့်တာကို၊ အစ်ကိုကဘယ်လောက်အမြင့်ကနေခုန်ချချင်တာလဲ။
လူတိုင်းက ဝမ်ကယ်စိတ်ပျက်လက်ပျက်ဖြစ်နေသည်ကိုကြည့်ရင်း သူ့အပေါ်အမြင်သစ်များထပ်မံပေါ်ပေါက်လာသည်။
သူက ကြောက်စရာလူသားပဲ….။
ကြောက်လန့်နေသောမိန်းကလေးများကိုဦးဆောင်သည့်အနေဖြင့် ကုန်းကျယ်ကဘန်ဂျီစင်မြင့်ပေါ်အရင်ဆုံးရပ်လိုက်သည်။
“ဆရာကုန်း၊ ကြိုးစားထား။”
လူတိုင်းက စင်ေအာက်ကနေသူ့ကိုအားပေးလိုက်သည်။
ကုန်းကျယ်ကနောက်လှည့်၍ အားလုံးကိုပြုံးပြကာ တုံ့ဆိုင်းခြင်းမရှိဘဲတံတားအစွန်းသို့လျှောက်သွားသည်။ ထို့နောက်ခုန်မည့်နေရာတွင်သေချာရပ်လိုက်သည်။ တာဝန်ခံဝန်ထမ်းက သုံးအထိတိုင်ပင်အော်ပြီးသည်နှင့် သူတစ်ခါတည်းခုန်ချသွားသည်။
ထိုနေရာရှိခရီးသွားဧည့်သည်အားလုံး ကုန်းကျယ်၏သတ္တိကိုလက်ခုပ်တီးအားပေးကြသည်။ ဝမ်ကယ်က တံတားစွန်းတွင်ရပ်ရင်း အောက်သို့ပြုတ်ကျသွားသည့် အမည်းရောင်အစက်ကလေးကိုကြည့်ကာ ခပ်ဖွဖွပြုံးလိုက်သည်။
ပြင်းထန်အားကစားများနှင့်ပတ်သက်လျှင် ရုပ်ရည်သွင်ပြင်နှင့်စရိုက်အရ စိတ်လှုပ်ရှားစွန့်စားရသည့်အားကစားမျိုးကို ကုန်းကျယ်ကပို၍သဘောကျနှစ်သက်ပုံရသည်။ သို့သော်တကယ်တမ်း ဒီအားကစားမျိုးကိုအရူးအမူးစိတ်အားထက်သန်နေသူက ဝမ်ကယ်ဖြစ်သည်။ ကုန်းကျယ်သည်ပင် ဝမ်ကယ်ဆွဲခေါ်၍ စိတ်ပါလာခြင်းဖြစ်သည်။
ကုန်းကျယ်တစ်ခါက နားမလည်နိုင်ဖြစ်ကာ ဝမ်ကယ်ကိုဘာကြောင့်ဒီလိုအန္တရာယ်များ၍ စိတ်လှုပ်ရှားစရာကောင်းသည့်အားကစားမျိုးကိုနှစ်သက်ရသလဲဟုမေးဖူးသည်။ ဝမ်ကယ်က ဒီအားကစားကသူ့သတ္တိကိုဖော်ပြသောကြောင့်ဟုပြန်အဖြေပေးခဲ့သည်။ ကုန်းကျယ်က ဝမ်ကယ်ရွှတ်နောက်နောက်ပြန်ဖြေမှန်းသိသော်လည်း မသိချင်ယောင်ဆောင်ကာပြန်ပြောခဲ့သည်။
“ငါနဲ့မေတ္တာမျှနေတာကိုက သတ္တိရှိကြောင်းပြဖို့လုံလောက်နေပြီမဟုတ်လား။ ဘာလို့တခြားအားကစားတွေလုပ်နေမှာလဲ။”
ဝမ်ကယ်ထိုအချိန်ကပြုံးရုံသာပြုံးပြီး ပြန်အဖြေမပေးခဲ့ပေ။ သေချာစဉ်းစားကြည့်တော့ ကုန်းကျယ်စကားကမှန်ပေသည်။ ယောကျာ်းနှစ်ယောက်ချစ်ကြိုက်ပြီး အိမ်ထောင်ပြုကြတယ်ဆိုတာ သတ္တိအရှိဆုံးကိစ္စပင်မဟုတ်ပါလား။
ဝမ်ကယ်အတိတ်ကိုပြန်တွေးနေတုန်း မိန်းကလေးများ တစ်ယောက်ပြီးတစ်ယောက်ရဲရင့်စွာခုန်ချသွားသည်။ သေချာပေါက်အများစုမှာ စိတ်မရှည်သည့်တာဝန်ခံဝန်ထမ်းက သူတို့အော်ဟစ်ငိုကြွေးသည့်ဒဏ်မခံနိုင်သည့်အဆုံးတွန်းချလိုက်ခြင်းဖြစ်သည်။
သတ္တိအရှိဆုံးကရှထျန်းဖြစ်သည်။ သူ(မ)က ကိုယ့်သဘောနှင့်ကိုယ်ဦးစွာခုန်ချသွားသည်။
နောက်တစ်ယောက်ကယွီရန်ဖြစ်သည်။ သူ့ကိုအစတုန်းက အငယ်ဆုံးမို့အကြောက်ဆုံးဖြစ်မည်ဟုထင်ခဲ့သည်။ သို့သော်သူကအလွန်သတ္တိရှိနေသည်။ စင်မြင့်ပေါ်ရပ်နေသည့်အချိန်တွင် သူ့မျက်နှာ၌စိတ်အားထက်သန်မှုများ ဝမ်ကယ်အတိုင်းသားမြင်ရသည်။
ယွီရန်ကကြာချိန်အတိုဆုံးြဖစ်ပြီး သူ့နောက်ခုန်မည့်လူက ယင်ဟန်ဖြစ်သည်။ သို့သော် အကြာကြီးနေတာတောင် ယင်ဟန်စင်ပေါ်တက်မလာတာမြင်တော့ ဝမ်ကယ်သူ့ကိုလိုက်ရှာလိုက်သည်။ ယင်ဟန်ကိုရှာတွေ့တော့ သူ့မျက်နှာကအတော်လေးဖြူဆုပ်နေပြီး ကြည့်ရတာအခြေအနေအတော်ဆိုးနေသည်။
“မင်းဘာဖြစ်တာလဲ။ နေမကောင်းဘူးလား။”
ဝမ်ကယ်အနားရောက်သွားပြီး ခဏနေတော့ ယင်ဟန်ဒူးတုန်နေတာတွေ့ကာ သူမူမမှန်ဖြစ်နေသည့်အကြောင်းရင်းကိုချက်ချင်းသဘောပေါက်သွားသည်။
“မင်းအမြင့်ကြောက်လို့လား။”
ယင်ဟန်လည်း ဒီလိုဖြစ်လိမ့်မည်ဟုသူ့ကိုယ်သူမထင်ထားပေ။ သူကရှက်သော်လည်းဆက်ပြီးဖုံးကွယ်မထားရဲတာကြောင့် ခေါင်းညိတ်ဝန်ခံလိုက်သည်။
“မင်းအမြင့်ကြောက်တာဘာလို့မပြောတာလဲ။”
အကယ်၍ ကြောက်စိတ်အရမ်းဆိုးပါက ဘန်ဂျီခုန်နေစဉ်အသက်အန္တရာယ်ရှိသွားနိုင်သည်။
ယင်ဟန်တမင်မပြောဘဲထားသည်ဟုယူဆတာကြောင့် ဝမ်ကယ့်လေသံကအလိုအလျောက်ပြင်းထန်သွားသည်။
ယင်ဟန်လည်းအမှားလုပ်မိမှန်းသိတာကြောင့် ဘာမှမပြောဘဲခေါင်းငုံ့နေသည်။ သူကအစကတည်းက ပြင်းထန်အမြင့်ကြောက်ရောဂါရှိသူဖြစ်၏။ သုံးထပ်တိုက်ပေါ်မတ်တပ်ရပ်၍ အောက်ငုံ့ကြည့်မိလျှင်ပင်ေခါင်းမူးတတ်သူဖြစ်သည်။ မီတာရာချီသည့်အမြင့်မှခုန်ချဖို့ဆို ဆိုဖွယ်ရာမရှိပေ။ သို့သော်မိန်းကလေးများအားလုံးခုန်ကြမည်ဆိုတော့ ယောကျာ်းမာနက သူ့ကိုအခက်တွေ့စေသည်။ သူက အမြင့်ကြောက်သည်ဟုဝန်ခံရမှာရှက်တာကြောင့် တမင်မပြောဘဲနှုတ်ဆိတ်နေခဲ့သည်။ သို့သော်နောက်ဆုံးဘယ်လိုမှအောင့်မထားနိုင်ဘဲ စိတ်နှလုံးထဲတွင်အကြောက်တရားဆက်တိုက်တိုးပွားကာ ဇီဝကမ္မတုံ့ပြန်မှုများပင်စတင်လာခဲ့သည်။
ဝမ်ကယ်ဘာမှထပ်မပြောဘဲ ဝန်ထမ်းတစ်ယောက်ခေါ်ပြီး အကူအညီတောင်းလိုက်သည်။ ထို့နောက်တာဝန်ခံနှင့်ညှိနှိုင်းရန်ထွက်သွားသည်။ ယင်ဟန်ကိုတောင်အောက်ခေါ်သွားတော့ သူလည်းဘန်ဂျီစင်မြင့်ပေါ်တက်ကာ ခုန်ချလိုက်သည်။
တောင်လေက သူ့မျက်နှာကိုလာရောက်တိုက်ခတ်နေသည်။ ဝမ်ကယ်မခုန်ချခင်မျက်လုံးများမှိတ်ထားသည်။ ထို့နောက်စိတ်ထဲကသုံးအထိရေပြီး အရှေ့တက်ကာ စင်မြင့်ပေါ်မှခြေထောက်ကိုလွှတ်လိုက်သည်။ သူခေါင်းစိုက်လျက်သား မီတာရာချီအမြင့်မှ နက်ရှိုင်းသည့်တောင်ကြားထဲသို့ လျင်မြန်သွားပြုတ်ကျသွားသည်။
မြန်ဆန်သောလေထုက ဓားများကဲ့သို့ဖြတ်သန်းတိုက်ခတ်နေကာ သူ့ပါးပြင်ကိုအနည်းငယ်နာကျင်စေသည်။ သူ့နားထဲတွင်ေလတိုးသံတဝှီးဝှီးသာကြားရသည်။ ရုတ်တရက်ပေါ့ပါးသွားသည့်ခံစားချက်က သူ့တစ်ကိုယ်လုံးသို့ချက်ချင်းပျံနှံ့လာသည်။ ဝမ်ကယ် မခုန်ခင်မျက်လုံးများပြန်ဖွင့်ပြီး ရေပြင်ကြီးနီးသထက်နီးလာသည်ကိုကြည့်လိုက်သည်။
သူ့တစ်ကိုယ်လုံးရှိသွေးများ ဦးခေါင်းထိပ်သို့ပြေးဝင်လာသည်။ ခန္ဓာကိုယ်ရှိကလီစာများလည်း ပြင်းထန်စွာလှုပ်ရှားသွားသည်။ တစ်ကိုယ်လုံးမသက်မသာဖြစ်သွားသော်လည်း ခံစားမှုအာရုံများလှုံဆော်ခံရကာ ဖော်မပြနိုင်သောပျော်ရွှင်မှုကိုခံစားရသည်။
ဒါကဘန်ဂျီခုန်ခြင်း၏အနှစ်သာရပင်။ ရုပ်ပိုင်းဆိုင်ရာကန့်သတ်ချက်အတွင်း အဆုံးစွန်ပြင်းထန်သောစိတ်လှုပ်ရှားမှုများကိုခံစားရသည့်ပျော်ရွှင်မှုဖြစ်သည်။
လေထဲတွင် ဆယ်ကြိမ်မကခါယမ်းနေပြီးနောက် လှုပ်ရှားနေသည့်အကွာအဝေးတဖြည်းဖြည်းကျဉ်းလာသည်။ ဝန်ထမ်းများက သူ့ကိုလှေပေါ်တင်ကာ ကမ်းခြေသို့ပြန်ပို့ပေးသည်။
မိန်းကလေးများက ပထမဆုံးအကြိမ်ဘန်ဂျီခုန်ပြီးနောက် ဆိုးကျိုးတုံ့ပြန်မှုအနည်းငယ်ရှိနေသည်။ ဘန်ဂျီခုန်စဉ်ကသတ္တိအရှိဆုံး ရှထျန်းပင် ဇီဝကမ္မတုံ့ပြန်မှုများကိုတောင့်ခံထားသော်လည်း မျက်နှာဖြူဖျော့ကာ အော့အန်ချင်နေသည်။
ယွီရန်ကသူတို့ထက်စာလျှင်အနည်းငယ်အခြေအနေပိုကောင်းသည်။ ယခုတော့ သူကမိန်းကလေးများဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ပြုစုပေးနေသည်။ အမြင့်ကြောက်ရောဂါရှိသူ လူနာနှစ်ယောက်ကတော့ အစောကြီးကတည်းက ကားထဲမှာပုန်းနေကြပြီဖြစ်သည်။
ဘေးဘီကိုကြည့်လိုက်တော့ ကုန်းကျယ်နှင့်ဝမ်ကယ်က အခြေအနေအကောင်းဆုံးဖြစ်သည်။ သူတို့မျက်နှာက ပုံမှန်အတိုင်းဖြစ်ကာ အသက်ရှုသံများလည်းတည်ငြိမ်နေသည်။
သူတို့က အမှတ်တမဲ့ကြည့်လိုက်လျှင် ခုတင်မီတာရာချီအမြင့်မှခုန်ချခဲ့သည့်ပုံလုံးဝမပေါ်ပေ။ ကုန်းကျယ်က ဝမ်ကယ်ကိုကမ်းခြေသို့ပြန်ခေါ်လာသည်။ သူက ဝမ်ကယ့်ဆံပင်နည်းနည်းပွနေတာမြင်တော့ အလိုလိုလက်ဆန့်ကာ ဆံပင်များကူသပ်ပေးလိုက်သည်။
“သူတို့ဘယ်မှာလဲ။” ဝမ်ကယ်ကားဆီလျှောက်သွားတော့ ကုန်းကျယ်ကိုမေးလိုက်သည်။
ကုန်ူကျယ်ကပြုံးပြီးပြောသည်။ သူ့လေသံက သူများဒုက္ခရောက်တာကိုအနည်းငယ်သဘောတွေ့နေပုံရ၏။
“သူတို့အားလုံးဆင်းလာပြီ။”
ထိုနေရာတွင်မိနစ်အနည်းငယ်နားပြီးနောက် လူတိုင်းပြန်သက်သာလာသည်။ ဒီတော့မှ သူတို့ ဘရွတ်ကလန်စ်ပေါင်းကူးတံတားမှထွက်ခွာခဲ့ကြသည်။
လူတိုင်းက ညစာစားချင်စိတ်မရှိကြတော့ပေ။ သို့နှင့် သူတို့စားသောက်ဆိုင်လေးတစ်ဆိုင်ရှာကာ ဖြေရှင်းလိုက်သည်။ နောက်တစ်နေ့ေန့လယ်တွင်လေယာဉ်စီးရမည်ဖြစ်တာကြောင့် အိပ်ရာေစာေစာဝင်ကာ မနက်စာစောစောစားဖို့စီစဉ်ကြသည်။
မိန်းကလေးများကိုအိမ်ပြန်ပို့ပြီးသည်နှင့် ကုန်းကျယ်က ယွီရန်ကိုခေါ်ကာ အနီးအနားရှိစူပါမားကတ်သို့သွား၍ မနက်ဖြန်မနက်စာအတွက် ဈေးသွားဝယ်သည်။
ဝမ်ကယ်ကတော့ ခုနကညစာစားတုန်း သူ့အင်္ကျီပေါ်ဟင်းရည်စင်သွားတာကြောင့် အခန်းပြန်ပြီးရေချိုးဖို့လုပ်လိုက်သည်။ သို့သော် ရုတ်တရက်ယင်ဟန်ရောက်လာပြီး သူ့ကိုလှမ်းတားသည်။
“ဘာကိစ္စရှိလို့လဲ။”
ဝမ်ကယ်တံခါးဝတွင်ရပ်ပြီး ကော်ရစ်တာအဆုံးတွင်တပ်ထားသောကင်မရာကို တိတ်တဆိတ်လှမ်းကြည့်လိုက်သည်။
ယင်ဟန်ကလည်းကင်မရာရှိမှန်းသိတာကြောင့် ဘာထူးထူးခြားခြားမှမလုပ်ပေ။ သူက နေ့လယ်ဘန်ဂျီခုန်စဉ်ကအကြောင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောလိုက်သည်။
“ရပါတယ်။ ဘန်ဂျီခုန်ဖို့ကျွန်တော်အကြံပြုခဲ့တုန်းက လူတိုင်းရဲ့အခြေအနေကိုထည့်မစဉ်းစားမိဘူး။ ဒီတော့ကျွန်တော့်မှာလည်းတာဝန်ရှိပါတယ်။”
ဝမ်ကယ် အလေးအနက်ပြောလိုက်သည်။
“ရပါတယ်။”
ယင်ဟန်ကပြုံးပြီးခေါင်းခါပြသည်။ ဝမ်ကယ်ကသူနှင့်အကြာကြီးနှစ်ယောက်တည်းမနေချင်တာကြောင့် ယဉ်ကျေးသမှုဖြင့်စကားအနည်းငယ်ပြောပြီး အခန်းထဲဝင်ဖို့လုပ်လိုက်သည်။
“ဆရာဝမ်။”
ဝမ်ကယ်အခန်းတံခါးပိတ်ခါနီးတွင် ယင်ဟန်ကရုတ်တရက်သူ့ကိုလှမ်းတားသည်။
“တခြားဘာပြောစရာရှိလို့လဲ။”
ဝမ်ကယ်ကရပ်ပြီးေပြာလိုက်သည်။
ယင်ဟန်က သူ့ကိုတစ်ချက်လှမ်းကြည့်ပြီး မဆီမဆိုင်ရုတ်တရက်မေးခွန်းတစ်ခုထမေးသည်။
“ဆရာဝမ်၊ ဆရာ့မှာစံပြပုဂ္ဂိုလ်ရှိလား။”
ဝမ်ကယ် မရေမရာဖြစ်သွားသော်လည်း အမှန်အတိုင်းအဖြေပေးလိုက်သည်။
“မရှိဘူး။”
“ကျွန်တော့်မှာရှိတယ်။”
ယင်ဟန်က ထူးဆန်းစွာပြုံးကာ:
“ဆရာကုန်းက ကျွန်တော့်ရဲ့စံပြပုဂ္ဂိုလ်ပဲ။ ပြီးတော့အနာဂတ်မှာဆရာကုန်းလိုဖြစ်လာဖို့ကျွန်ေတာ်မျှော်လင့်တယ်။”
“ဟုတ်လား။”
ဝမ်ကယ်ကအေးစက်စက်ပြောလိုက်သည်။
“ဒါဆို မင်းကြိုးစားပေါ့။”
ယင်ဟန်ကဆက်ပြောသည်။
“ဆရာဝမ်သိလား။ ကျွန်တော့်အကြိုက်ကလည်း အံ့ဩစရာကောင်းလောက်အောင်ဆရာကုန်းနဲ့သွားတူနေတယ်။”
ဝမ်ကယ်စိတ်မရှည်ဖြစ်လာခါနီးဆဲဆဲတွင် ယင်ဟန်ပြန်ထွက်သွားသည်။ သူက ဝမ်ကယ့်ရှေ့ကဖြတ်တော့ ဝမ်ကယ့်ကိုရုတ်တရက်တီးတိုးပြောလိုက်သည်။
“အထူးသဖြင့် လက်တွဲဖော်ပေါ့။”
*****
Aurora Novel Translation Team