Chapter 38
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 38 - ရိုက်ကူးရေးပြီးဆုံးခြင်း။
အပိုင်း (၃၈) – ရိုက်ကူးရေးပြီးဆုံးခြင်း။
👻👻👻
သူတို့နှစ်ယောက်၏ဆက်ဆံရေးပေါ်သွားခဲ့လေပြီ။ နောက်ပိုင်းမစ်ရှင်များတွင် ကုန်းကျယ်က သူစိမ်းတစ်ယောက်လိုတမင်ဟန်ေဆာင်မနေတော့ဘဲ ဝမ်ကယ့်လက်ကိုတစ်ေလျှာက်လုံးမလွှတ်တမ်းခပ်တင်းတင်းဆုပ်ကိုင်ထားသည်။ သူက ဝမ်ကယ့်ကိုမည်သည့်အန္တရာယ်ကြီးမားသည့်တာဝန်မှလုပ်ခွင့်မပြုဘဲ မစ်ရှင်အားလုံးကိုကိုယ်တိုင်လုပ်ဆောင်ခဲ့သည်။ ဝမ်ကယ်ကသေချာပေါက်ဒါကိုသဘောမတူပေ။ သို့သော်ကုန်းကျယ်ကအလွန်ပြတ်သားပြီး ဝမ်ကယ့်ကိုလုံးဝငြင်းဆန်ခွင့်မပြုပေ။
နောက်ပြီး ကုန်းကျယ်ကအတော်မျက်နှာပြောင်သည်။ သူက ဝမ်ကယ်ငြင်းဖို့ကြိုးစားတိုင်း အနားကပ်လာပြီးဝမ်ကယ့်ကိုနမ်းသည်။ သူကနှုတ်ခမ်းကိုတိုက်ရိုက်နမ်းလောက်အောင်အတင့်မရဲသော်လည်း များသောအားဖြင့် ဝမ်ကယ့်လက်ဖမိုးနှင့်ပါးကိုနမ်းတတ်သည်။ ဝမ်ကယ်မှာရှက်ကိုးရှက်ကန်းဖြစ်ကာ ဘာမှမပြောနိုင်ဘဲ သူ့အစားမစ်ရှင်လုပ်ခွင့်ပြုလိုက်ရသည်။
အရှက်မရှိသည့်လူများက တကယ်ကိုကမ္ဘာ့ပြိုင်စံရှားများဖြစ်ကြသည်။
ဝမ်ကယ်တစ်ယောက် ဆက်ဆံရေးမထုတ်ပြတာပိုကောင်းမည်ဟုပင်ရုတ်တရက်ခံစားရသည်။ မဟုတ်လျှင် သူတစ်ချိန်လုံး hot search ပေါ်ရောက်နေလောက်သည်။
ကုန်းကျယ်သူ့ကိုနမ်းလိုက်တိုင်း လမ်းပြကလေချွန်ကာ ပွဲကြီးပွဲကောင်းတစ်ခုလိုကြည့်နေသည်။ ကင်မရာမန်းညီအစ်ကိုနှစ်ယောက်ကတော့ သူတို့အစဖျောက်ခံရမလားစိုးရိမ်ကြောင့်ကြနေကာ ဒီကိစ္စကြီးတစ်ခုလုံးကိုလက်ခံလိုက်ဖို့ထိတ်လန့်နေသည်။ ထို့ကြောင့်သူတို့က အခေါက်တိုင်းရှုခင်းများကြည့်သလိုလို၊ ကင်မရာမှန်သုတ်နေသလိုလိုဟန်ဆောင်ကာ သူတို့ကိုယ်တိုင်လည်းမကြည့်သလို ကင်မရာကိုလည်းမြင်ခွင့်မပေးပေ။
တကယ်တော့ သူတို့က ဒီကိစ္စကိုကုန်းကျယ်ဘယ်လိုဖြေရှင်းမယ်ဆိုတာခန့်မှန်းထားပြီးဖြစ်သည်။ ဒီဗွီဒီယိုဖိုင်များကိုသိမ်းထားမည်မဟုတ်တာကြောင့် သူတို့လည်းအများကြီးထပ်မရိုက်တော့ပေ။
ထင်သည့်အတိုင်း ယနေ့အတွက်မစ်ရှင်များပြီးဆုံး၍ အားလုံးလူပြန်စုသည့်အခါ ကုန်းကျယ်က ကင်မရာမန်းနှစ်ယောက်ကိုအရင်သွားရှာခဲ့သည်။ သူက ဘာမှစကားဦးသန်းမနေဘဲ ဗွီဒီယိုဖိုင်ဖျက်ပေးဖို့ ရိုးရှင်းစွာပြောလိုက်သည်။
ကင်မရာမန်းနှစ်ဦးကလည်း စိတ်ပြင်ဆင်ထားပြီးဖြစ်တာကြောင့် နည်းနည်းမှအတိုက်အခံမလုပ်ဘဲ ကင်မရာကိုအသာတကြည့်ထုတ်ပေးကာ မေးလိုက်သည်။
“အားလုံးဖျက်ရမှာလား။”
ကုန်းကျယ်က ခေါင်းညိတ်ပြသည်။
“အားလုံးဖျက်။”
ကင်မရာမန်းအစ်ကိုကြီးက ဖျက်သည့်ခလုတ်ကိုနှိပ်လိုက်သည်။ သေချာစဉ်းစားကြည့်တော့ ဒီလိုအထူးသတင်းများကိုဖျက်ပစ်ရမှာ နည်းနည်းတော့နှမြောမိသည်။
“ကျေးဇူးတင်ပါတယ်။”
ကုန်းကျယ်ကခဏစဉ်းစားပြီး ထည့်ဖြည့်ပြောလိုက်သည်။
“ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို အချိန်ကျရင်လူသိရှင်ကြားချပြမှာပါ။ အဲ့ဒါကြောင့် ဒီအတောအတွင်း လျှို့ဝှက်ချက်ကိုထိန်းသိမ်းပေးထားဖို့မျှော်လင့်ပါတယ်။”
“ကျွန်တော်တို့ထိန်းသိမ်းထားပါ့မယ်။”
သူတို့နှစ်ဦးစလုံးသည် ပွဲဦးထွက်ပြီး အချိန်ငါးနှစ်တည်းနှင့် လက်ရှိနေရာအဆင့်အတန်းတစ်ခုတွင်ထိုင်နိုင်ကြသူများဖြစ်သည်။ ထို့ကြောင့် သူတို့အနောက်ရှိအဆက်အသွယ်၊ အင်အားများက သေချာပေါက်နယ်နယ်ရရတော့မဟုတ်ပေ။
ဒီလိုပုဂ္ဂိုလ်မျိုးကို သူတို့လိုအဆင့်နိမ့်သည့်လူများ စော်ကားလို့မဖြစ်ပေ။ ထို့ကြောင့် သူတို့ကလည်း အစကတည်းကသူများကိုထုတ်ပြောဖို့စိတ်ေတာင်မကူးပေ။
သူတို့ကဒီလိုအထူးသတင်းမျိုးသိရတာတောင် ဒါရိုက်တာကိုချက်ချင်းမတင်ပြဘဲနေခဲ့သည်။ အကြောင်းက နောက်ဆက်တွဲဆိုးကျိုးများက သူတို့တာဝန်ယူနိုင်သည့်အရာမဟုတ်သောကြောင့်ဖြစ်သည်။
လမ်းပြကလည်း လျှို့ဝှက်ချက်ကိုထိန်းသိမ်းထားပါမည်ဟုကတိပေးခဲ့သည်။ ဤသို့ဖြင့် ဒီကိစ္စကိုကျေနပ်ဖွယ်ကောင်းစွာဖြေရှင်းနိုင်ခဲ့သည်။
ဆုံရပ်သို့ပြန်ရောက်တော့ ကျန်လူသုံးယောက်က ပုံမှန်အတိုင်းပြန်ဖြစ်နေပြီး ကင်မရာမန်းအစ်ကိုကြီးနှစ်ယောက်သာ လျှို့ဝှက်ချက်များရင်ဝယ်ပိုက်ရင်း မရယ်နိုင်မပြုံးနိုင် မလုံမလဲဖြစ်နေသည်။
ဒါရိုက်တာကသူတို့ဆီကဗွီဒီယိုတောင်းတော့ သူတို့ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ကာ ကြက်သေသေနေသည်။
ခဏနေတော့ ကုန်းကျယ်က သူတို့ကိုကယ်တင်ဖို့ရောက်လာသည်။
ဒါရိုက်တာက ကုန်းကျယ် ကင်မရာမန်းနှစ်ယောက်ကိုမတော်တဆဝင်တိုက်မိ၍ ကင်မရာစက်ပျက်သွားတာကြောင့် ဗွီဒီယိုရိုက်ကူးမရဖြစ်သွားသည့်အကြောင်း၊ ကင်မရာနှစ်လုံးကိုလည်း အလျော်ပြန်ပေးမည့်အကြောင်းကြားတော့ ကင်မရာမန်းနှစ်ယောက်ကိုတာဝန်မယူခိုင်းတော့ပေ။ သို့သော် ကုန်းကျယ်နှင့်ဝမ်ကယ်၏ သီးခြားမစ်ရှင်ဗွီဒီယိုများကိုမရိုက်ကူးနိုင်ခဲ့တာကြောင့် သူနည်းနည်းတော့စိတ်ညစ်သွားသည်။
အမေဇုန်တွင်ငါးရက်ကြာပြီးနောက် လူတိုင်းနည်းနည်းပုံပျက်ပန်းပျက်ဖြစ်လာသည်။ တောထဲတောင်ထဲတွင် ဘယ်သူမှလည်း မိတ်ကပ်လိမ်းဖို့ဂရုမစိုက်နိုင်တော့ပေ။
သူတို့အားလုံးဖိုသီဖတ်သီပုံစံနှင့်သာ တောတောင်သစ်တောနက်များထဲလေ့လာရေးခရီးထွက်ကြသည်။
စွန်းရှောင်ဖေးကခါးသီးပျော်ရွှင်စွာပြောလိုက်သည်။
“နောက်ဆုံးတော့ ကျွန်မတို့ အစီအစဉ်နာမည်နဲ့လိုက်သွားပြီ။”
လူတိုင်းက ခါးသီးစွာပြုံးပြီး မိမိပုံရိပ်ကိုပင်ဂရုမစိုက်နိုင်အောင်နှိပ်စက်ခံရကာ တစ်ယောက်ပြီးတစ်ယောက် မြေကြီးပေါ်ထိုင်ချလိုက်သည်။
ဒါရိုက်တာအဖွဲ့ကတော့ အဖွဲ့ဝင်များ၏ယခုလက်ရှိပုံစံကိုကြည့်ကာ အကျေနပ်ကြီးကျေနပ်နေမှန်းသိသာသည်။ သူတို့မျက်နှာပေါ်တွင် အပြုံးများပွင့်လန်းနေသည်။
လျိုမော့က ဒါရိုက်တာပျော်ပျော်ကြီးရယ်မောနေတာမြင်တော့ ပြောလိုက်သည်။
“ဒါရိုက်တာ၊ ကျွန်မအရင်ကပြောထားတဲ့စကားကိုပြန်ရုပ်သိမ်းတယ်။ ဒုတိယတွဲရိုက်ကူးရင်မလာတော့ဘူး။ ဘယ်လောက်ပြောပြောမလာတော့ဘူး။”
အမေဇုန်သို့မလာခင်လေယာဉ်ပေါ်၌ ဒါရိုက်တာကသူတို့အားအစီအစဥ်ဒုတိယတွဲနှင့်ပတ်သတ်၍ ပြောထားတာရှိသည်။ သူကနောက်နှစ်ကျလျှင်လည်း နဂိုမူလအဖွဲ့ဝင်များကို ဒုတိယတွဲတွင်ပြန်လာစေချင်ကြောင်းပြောခဲ့သည်။
ထိုစဉ် လူတိုင်းကဒါရိုက်တာအဖွဲ့၏ရက်စက်မှုအပေါင်းနှင့် မကြုံတွေ့ရသေးတာကြောင့် အားလုံးအလွယ်တကူခေါင်းညိတ်သဘောတူခဲ့သည်။ ယခုတော့ သူတို့အားလုံးမှာ ဒီသရဲလိုနေရာနှင့်နတ်ဆိုးလိုရိုက်ကူးရေးအဖွဲ့ဆီမှ မြန်မြန်ထွက်သွားချင်မိသည်။
ငါးရက်တာအမေဇုန်စွန့်စားခန်းခရီးစဉ် တရားဝင်ပြီးဆုံးသွားတော့ လူတိုင်းမာနပ်စ်မြို့သို့သင်္ဘောစီးပြန်ကြသည်။ အပျော်စီးသင်္ဘောပေါ်တွင် ပရိုဂရမ်အဖွဲ့က လူတိုင်းအတွက်နောက်ဆုံးနှုတ်ဆက်ပါတီကျင်းပပေးသည်။ အားလုံးက ခရီးသွားအတွေ့အကြုံများဝေငှပြောဆိုကြသည်။
သူတို့က ဤခရီးစဉ်မှတစ်ဆင့်ချစ်စရာသူငယ်ချင်းများရခဲ့ကြောင်း၊ တစ်လကျော်ကြာနေ့နေ့ညညအတူရှိခဲ့ခြင်းက သူစိမ်းနှစ်ဦးကိုပင် တစ်ဦးပေါ်တစ်ဦးနားလည်သည့်တွဲဖက်များဖြစ်သွားဖို့လုံလောက်ကြောင်းပြောဆိုကြသည်။
အမေဇုန်မှာတုန်းက ထွေထွေထူးထူးမခံစားရသော်လည်း ယခုမာနပ်စ်မြို့နှင့်ပိုမိုနီးကပ်လာသည့်အခါ သူတို့ချင်းခွဲခွာဖို့ပိုမိုတွန့်ဆုတ်လာသည်။ နောက်ဆုံးတော့ခရီးစဉ်ကြီးပြီးဆုံးသည့်ခံစားချက်များရလာသည်။ လူတိုင်းကကိုယ့်လမ်းကိုယ်သွားရပေတော့မည်။
သူတို့လူတစ်စု ဝိုင်သောက်ရင်းဤကာလအတွင်းကြုံတွေ့ခဲ့ရသည်များကို ဖြည်းဖြည်းချင်းပြန်လည်အမှတ်ရကာ မျက်လုံးများတဖြည်းဖြည်းနီရဲလာသည်။
“ဆရာကုန်း၊ ဒီအတောအတွင်းဆရာအကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ကျွန်မတို့ကိုစောင့်ရှောက်ရတာလည်းအရမ်းကိုပင်ပန်းခဲ့တယ်။”
စွန်းရှောင်ဖေးကနှာခေါင်းရှုံ့ကာ ဝိုင်ခွက်ကိုကုန်းကျယ်ဆီမြှောက်ပြရင်းပြောသည်။
“ဆရာကုန်း၊ ဆရာ့ကိုကျွန်မလေးစားပါတယ်။ ဒီအတောအတွင်းဂရုစိုက်ပေးတာကျေးဇူးတင်ပါတယ်။”
ခွဲခွာနှုတ်ဆက်စကားများကြား၌ ကုန်းကျယ်လည်းတဖြည်းဖြည်းခံစားချက်များကူးစက်လာသည်။ သူက စွန်းရှောင်ဖေး၏စကားများကိုနားထောင်းရင်း စိတ်ထဲဝမ်းနည်းသလိုခံစားရသည်။
အခြားလူများကလည်း သူ့ဆီဂုဏ်ပြုဖို့ရောက်လာသည်။ သူကလူတိုင်းနှင့် ခွက်ချင်းတိုက်ပြီး စကားအနည်းငယ်ပြောကာ ဝိုင်သောက်လိုက်သည်။
“အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့မပြည့်စုံမှုတွေအပေါ် နားလည်သည်းခံပေးတဲ့အတွက် အားလုံးကိုကျေးဇူးပါတယ်။”
ဝိုင်ခွက်တိုက်သံများထွက်ပေါ်လာသည်။ စွန်းရှောင်ဖေးက ကုန်းကျယ်နှုတ်ဆက်စကားမပြောရသေးတာသတိရတော့ သူ့ကိုစကားအနည်းငယ်ပြောဖို့တိုက်တွန်းလိုက်သည်။ သို့နှင့် ကုန်းကျယ်ကပြောသည်။
“အားလုံးနဲ့ဆုံတွေ့ရတာ ကျွန်တော်အရမ်းဝမ်းသာပါတယ်။ အရမ်းကံကောင်းတယ်လို့လည်းခံစားရတယ်။ ရိုးရိုးသားသားပြောရရင် ကျွန်တော်ကသဘာဝရသစုံရှိုးတွေမှာပါခဲပါတယ်။ အကြောင်းက မီဒီယာတွေပြောနေသလို အေးစက်စက်နိုင်လို့၊ သဘာဝရသစုံရှိုးတွေကိုသဘောမကျလို့မဟုတ်ပါဘူး။ ကျွန်ဝောာ်က သူစိမ်းတွေနဲ့ဘယ်လိုအဆင်ပြေအောင်နေရမှန်းမသိလို့ပါ။ ဒီရှိုးမှာပါတော့လည်း အတူတူပါပဲ။ စစချင်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိသလို၊ အားလုံးနဲ့ကျွန်တော့်ကြားအသက်ကွာခြားချက်ကြီးနေတဲ့အပေါ်လည်းစိုးရိမ်ပူပန်မိပါတယ်။ အသက်ကွာနေတော့ ပြောဆိုဆက်ဆံတဲ့အခါအဆင်မပြေဖြစ်မှာလည်းစိုးခဲ့တယ်။ ဒါပေမဲ့ မင်းတို့လိုလိမ္မာပြီး လေးစားသမှုရှိတဲ့ကလေးတွေနဲ့ဆုံတွေ့ရတာ ကျွန်တော်အရမ်းကံကောင်းပါတယ်။ အဲ့ဒါကြောင့်ပဲ ကျွန်တော့်ရဲ့ပထမဆုံးသဘာဝရသစုံရှိုးပွဲဦးထွက်လေးက အရမ်းကိုကောင်းမွန်ခဲ့ပါတယ်။”
ကြီးသူကိုရိုသေ၊ ငယ်သူကိုချစ်ခင်သည်က ကုန်းကျယ်ပြောနေကျစကားဖြစ်သည်။ လူတိုင်းကရယ်မောလိုက်ကြသည်။ သူတို့ရယ်ေမာရင်းစိတ်မထိန်းနိုင်ဘဲ မျက်ရည်ဝဲမိ၏။ သူတို့ထဲမှတစ်ယောက်နှစ်ယောက်က မျက်နှာလွှဲကာ တိတ်တဆိတ်မျက်ရည်သုတ်ကြသည်။
“ဆရာကုန်း၊ ဆရာ့ကိုသဘာဝရသစုံရှိုးအများကြီးက ဖိတ်ကြားထားတာရှိတယ်လို့ဆရာပြောဖူးတယ်နော်။ ဒါဆိုဘာလို့ဒီအစီအစဉ်ကျမှလက်ခံခဲ့တာလဲ။”
လျိုမော့ကမေးလိုက်သည်။
ကုန်းကျယ်ကပြုံးပြီးပြောသည်။
“အကြောင်းက ဒီရှိုးကခရီးသွားအစီအစဉ်ဖြစ်ပြီး ကမ္ဘာအနှံ့ခရီးသွားရမယ်ကြားလို့လေ။ အလုပ်လုပ်ရတာလွယ်တဲ့အပြင် အများစရိတ်နဲ့လည်းခရီးသွားနိုင်မယ်။ ဒီလောက်ကောင်းတာကိုလက်လွတ်ခံလို့ဘယ်ဖြစ်မလဲ။”
“ဟုတ်လို့လား။”
လျိုမော့ကသူ့အပြောကိုမယုံပေ။
ကုန်းကျယ်က အဝေးရှိကြိုးပုခက်ပေါ်လှဲေလျာင်းအနားယူနေသောဝမ်ကယ့်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။
မိုးသစ်တောထဲမှပြန်လာပြီးနောက်ပိုင်း ဝမ်ကယ်သိပ်တက်တက်ကြွကြွမရှိပေ။ သူ့ကြည့်ရတာ ပုရွက်ဆိတ်အုံ၏လှုံဆော်မှုကြောင့် ကောင်းကောင်းမသက်သာသေးပုံရသည်။ သူက သင်္ဘောပေါ်ရောက်ကတည်းက ညစာပင်မစားဘဲ ကြိုးပုခက်ပေါ်လှဲနေသည်။
ကုန်းကျယ်က ဝမ်ကယ့်ဆီမှအကြည့်ပြန်ရုပ်ကာ:
“အမှန်ပဲ။ ဒါပေမဲ့အဲ့ဒါကအကြောင်းအရင်းအကုန်တော့မဟုတ်ဘူး။ တခြားအကြောင်းတစ်ခုက ဆရာဝမ်ပါမယ်ကြားလို့ကျွန်တော်သဘောတူခဲ့တာ။”
“ဟမ်။”
လူတိုင်းစိတ်ဝင်စားသွားကာ ဝမ်ကယ့်ကိုအလိုလိုလှမ်းကြည့်ကြသည်။
ကုန်းကျယ်ကပြုံးပြီး:
“ကျွန်တော်ပြောဖူးတယ်မလား။ ကျွန်တော်အစောကြီးကတည်းက ဆရာဝမ်နဲ့ဆုံချင်တာပါလို့။ အဲ့တော့ ဒီအခွင့်အရေးကိုကျွန်တော်ဘယ်လက်လွှတ်ခံပါ့မလဲ။”
သူတို့စတွေ့တုန်းက ကုန်းကျယ်ပြောဖူးသည့်စကားကို စွန်းရှောင်ဖေးပြန်အမှတ်ရသွားသည်။ သို့နှင့် သူ(မ)ကပြုံးပြီးပြောလိုက်သည်။
“ဒါဆိုဆရာကုန်းအခုအရမ်းပျော်နေမှာပေါ့။ နောက်ဆုံးတော့ ဆရာ့ဆန္ဒအတိုင်းဆရာဝမ်နဲ့ဆုံရပြီလေ။”
“သေချာတာပေါ့။”
ကုန်းကျယ်မျက်ခုံးပင့်လိုက်သည်။
“တကယ်တော့ ကျွန်မ ဆရာကုန်းကိုတကယ်အားကျတယ်။”
ရှောင်းရှောင်းက ရုတ်တရက်ထပြောသည်။
“နင်ကဘာလို့အဲ့လိုပြောတာလဲ။”
စွန်းရှောင်ဖေးကမေးလိုက်သည်။
“ဘာလို့လဲဆိုတော့ ဆရာက ဆရာဝမ်နဲ့ဆက်ဆံရေးအရမ်းကောင်းတယ်လေ။ ဆရာဝမ်ကကျွန်မတို့နဲ့လည်း ဆက်ဆံရေးအတော်ကောင်းပါတယ်။ ဒါပေမဲ့ ဆရာကုန်းနဲ့ဆက်ဆံရေးအကောင်းဆုံးဆိုတာ အသိသာကြီးပဲ။ တစ်ခါတစ်လေ သူတို့ချင်းသိနားလည်နေပုံက ဟိုးအရင်ကတည်းကသိနေကြသလားလို့တောင်ေတွးမိတယ်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကောင်းကောင်းသိနေကြသလိုခံစားရတယ်။”
ရှောင်းရှောင်းက မေးစေ့လက်ထောက်ကာ သူ(မ)ဘာသာရေရွတ်လိုက်သည်။ သို့သော် နံဘေးရှိယွီရန်ကမျက်ဆံများပြူးကျယ်လာသလို၊ ကုန်းကျယ်နောက်မှကင်မရာမန်းအစ်ကိုကြီးနှစ်ဦးလည်းပါးစပ်အဟောင်းသားဖြစ်သွားသည်ကိုတော့ သူ(မ)မမြင်လိုက်ပေ။
မိန်းမတွေရဲ့ဝမ်းတွင်းသိစိတ်က တိကျလိုက်တာ ကြောက်ခမန်းလိလိပါလား!!
ကုန်းကျယ်ကတော့ အလွန်တည်ငြိမ်စွာ အေးအေးေဆးဆေးပြောလိုက်သည်။
“ကြည့်ရတာ နေပုံထိုင်ပုံချင်းအရမ်းတူလို့ဖြစ်မယ်။”
လူတိုင်းက ဒီအကြောင်းအသေးစိတ်ဆက်မမေးတော့ပေ။အနားယူရမည်ဖြစ်တာကြောင့် ပျော်ပွဲရွှင်ပွဲကိုအကြာကြီးမလုပ်ဘဲ ည(၁၀)နာရီမတိုင်ခင်အဆုံးသတ်၍ လူတိုင်းပြန်အနားယူကြသည်။
နောက်တစ်နေ့မနက်တွင် အပျော်စီးသင်္ဘောကြီး မာနပ်စ်မြို့ဆိပ်ကမ်းသို့ဆိုက်ရောက်လာသည်။ တစ်ညလုံးသင်္ဘောပေါ်အနားယူထားတာကြောင့် လူတိုင်းစိတ်အခြေအနေအများကြီးကောင်းမွန်လာသည်။
သူတို့မနားတော့ဘဲလေဆိပ်တန်းဆင်းကာ တရုတ်ပြည်ပြန်ဖို့ပြင်ကြသည်။ နယူးယောက်မြို့တွင်လေယာဉ်ပြောင်းစီးတော့ ယင်ဟန်နှင့်ရှထျန်းက အလုပ်ချိန်ဇယားကြောင့် သူတို့နှင့်လမ်းခွဲသွားသည်။
ဆယ်နာရီကျော်ကြာလေယာဉ်စီးပြီးနောက် သူတို့အမိမြေပေါ်သို့ပြန်လည်ရောက်ရှိလာသည်။ လေဆိပ်ရှိကွန်ကရစ်မြေသားပေါ်ခြေချမိတော့ အိမ်ပြန်ရောက်သည့်ခံစားချက်မျိုးရကာစိတ်လှုပ်ရှားလာသည်။ ထို့နောက်အချင်းချင်းဆက်သွယ်ရန်အချက်အလက်များမျှဝေပြီးအိမ်ပြန်ကြသည်။
ကုန်းကျယ်နှင့်ဝမ်ကယ်လည်း မိမိတို့သက်ဆိုင်ရာအေးဂျင့်များနောက်လိုက်ကာ အသီးသီးအိမ်ပြန်ကြသည်။
ယင်ယွီထျန်းကဝမ်ကယ်ကိုမြင်သည်နှင့် မျက်နှာကြီးဖြူဆုပ်ကာ လက်ချောင်းများဆန့်ပြီး အော်ဟစ်တော့သည်။
“မင်းမင်းမင်း…. မင်းမျက်နှာကဘယ်လိုဖြစ်ရတာလဲ။”
ဝမ်ကယ်က မိမိဘယ်ဘက်ပါးပေါ်က အနီရောင်အဖုကိုကိုင်ကြည့်ပြီးပြောသည်။
“အမေဇုန်မှာ အဆိပ်ရှိတဲ့ခြင်အကိုက်ခံရတာ။”
“အဆိပ်ရှိတဲ့ခြင်!”
ယင်ယွီထျန်းက အကျယ်ကြီးထအော်သည်။
“အဆိပ်ရှိတာလား။ အဆိပ်မိသွားရင်ဘယ့်နှယ့်လုပ်မလဲ၊ မင်းသေမှာလား။”
ဝမ်ကယ်က မျက်နှာေပါ်လျှောက်ကိုင်နေသည့်ယင်ယွီထျန်းလက်ကိုဖယ်ကာ သူ့နဖူးကိုအသာပုတ်ပြီး တည်ငြိမ်အောင်လုပ်လိုက်သည်။
“မသေပါဘူး။ အဖုကပျောက်ဖို့ခက်ရုံလောက်ပဲ။ အနည်းဆုံးတစ်ပတ်လောက်ကြာမယ်။”
“တစ်ပတ်တောင်လား။ မင်းသဘက်ခါကျ မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံရိုက်ရမှာလေ။ ငါတို့ဆေးရုံသွားပြကြမလား။ အရောင်မြန်မြန်ကျတဲ့လိမ်းဆေးတွေဘာတွေရှိမှာပေါ့။”
ယင်ယွီထျန်းက ဝမ်ကယ့်ခရီးဆောင်အိတ်ကိုကားပေါ်ပစ်တင်ကာ ချက်ချင်းဆေးရုံသွားဖို့လုပ်လိုက်သည်။
ဝမ်ကယ်ကသူ့ကိုအမြန်ဖမ်းဆွဲပြီး ကိုယ်တိုင်ယာဉ်မောင်းနေရာဝင်ထိုင်ကာ ကားသောယူ၊ စက်နှိုးလိုက်သည်။
“မာနပ်စ်မှာပြခဲ့ပြီးပြီ။ လိမ်းဆေးလည်းပါလာတယ်။ ကျွန်ဝောာ်ပြောတဲ့တစ်ပတ်ကြာမယ်ဆိုတာ လိမ်းဆေးနဲ့မှ။ မဟုတ်ရင် လဝက်လောက်ကြာမှာတဲ့။”
ယင်ယွီထျန်းက ပြတင်းပေါက်ဘောင်မှီကာ ကြံရာမရပြောလိုက်သည်။
“မင်း သဘက်ခါဓာတ်ပုံရိုက်ရမှာလေ။”
“ကိစ္စမရှိပါဘူး။ အဲ့ဒီအချိန်ကျ မိတ်ကပ်ဆရာကိုပြင်ခိုင်းလိုက်မယ်။”
ဝမ်ကယ့်က နည်းနည်းမှမစိုးရိမ်ပေ။
ယင်ယွီထျန်းက အသားအရေညိုညစ်ကြမ်းတမ်းလာသည့်ဝမ်ကယ့်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။
“မင်းကိုဒီအစီအစဉ်မှာပါခိုင်းတာ ငါတကယ်နောင်တရတယ်။ မင်းအဲ့ဒီကိုတစ်လခွဲလေးသွားတာ ပြန်လာတော့ဒီလိုပုံဖြစ်လာတယ်။ ဓာတ်ပုံကပြင်လို့ရသေးတယ်။ နောက်အပတ်ထဲတီဗွီအင်တာဗျုးကျ ကင်မရာရှေ့ဘယ်လိုမျက်နှာပြမလဲ။”
“ဘာပြဿနာရှိလို့လဲ။”
ဝမ်ကယ်က နောက်ကြည့်မှန်ကိုလှမ်းကြည့်ပြီးပြောလိုက်သည်။
“နည်းနည်းအသားညိုသွားရုံပဲဟာ၊ ကျွန်တော်တော့သိပ်မဆိုးဘူးထင်တာပဲ။”
ယင်ယွီထျန်းကနှုတ်ခမ်းစူကာ သူ့ကိုပြန်ပြောချင်စိတ်မရှိတာကြောင့် ဖုန်းထုတ်ပြီးအလှပြင်ဆိုင်တစ်ခုမှာဘိုကင်တင်လိုက်သည်။
“တက်သုတ်ရိုက်ပြီး လုပ်စရာရှိတာလုပ်ရမှာပဲ။ ဒီအတောအတွင်းအလှပြင်ဆိုင်များများသွားပြီး အင်တာဗျူးမတိုင်ခင် နဂိုအသားအရည်အတိုင်းပြန်လှအောင်လုပ်ရမယ်။”
ဝမ်ကယ်က စိတ်ပျက်သလိုမျက်နှာဖြင့်:
“ယောကျာ်းလေးကဘာလို့လှအောင်လုပ်ရမှာလဲ။ ကျွန်ဝောာ်ခင်ဗျားလိုမိန်းမမဆန်ချင်ဘူး။”
ယင်ယွီထျန်းကဒေါပွကာ သူ့ကိုစိတ်ဆိုးမာန်ဆိုးဖြင့်ကြည့်လိုက်သည်။
“မင်းကလေ ငါတွေ့ဖူးသမျှထဲမှာပေါ့တန်တန်အနိုင်ဆုံးဂေးပဲ။ ရုပ်ခံကိုကောင်းကောင်းအားကိုးရမှာ။ မင်းဒီလိုသာပစ်စလက်ခတ်လုပ်နေရင် ကုန်းကျယ်မင်းကိုပစ်သွားလိမ့်မယ်။”
ကုန်းကျယ်က ဒီလိုအပေါ်ယံကိစ္စလောက်နှင့် သူ့ကိုပစ်သွားမည်မဟုတ်ပေ။ သို့သော် ဝမ်ကယ် ဒီကိစ္စကိုစိတ်ထဲရောက်သွားကာ နောက်ကြည့်မှန်ကိုလှမ်းကြည့်ပြီး ချီတုံချတုံဖြင့်မေးလိုက်သည်။
“ကျွန်တော့်အခုပုံက တကယ်ကြည့်ရဆိုးနေလို့လား။”
“အင်းလေ။”
တကယ်တမ်းတော့ ဝမ်ကယ်ကရုပ်ခံကောင်းတာကြောင့် အရမ်းကြည့်ရဆိုးတာတော့မဟုတ်ပေ။ ယင်ယွီထျန်းက စိတ်ဆိုးဆိုးနှင့် တမင်ပြောလိုက်ခြင်းသာဖြစ်သည်။
အခုတော့ ဝမ်ကယ်ဒီအတိုင်းထိုင်နေလို့မဖြစ်တော့။ မိန်းကလေးများသာအလှအပကြိုက်နှစ်သက်သည်ဆိုကြသော်လည်း တကယ်တမ်းတော့ ယောကျာ်းလေးများလည်း အတူတူပင်ဖြစ်သည်။ ဘယ်သူကကိုယ့်ချစ်သူကို အကောင်းဆုံးပုံစံနှင့်မမြင်ချင်ပဲနေမှာလဲ။
ဒီအကြောင်းတွေးမိတော့ ဝမ်ကယ်မေးလိုက်သည်။
“ထျန်းထျန်း၊ အလှပြင်ဆိုင်ဘိုကင်ကဘယ်တော့လဲ။”
*****
Aurora Novel Translation Team