Chapter 39
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 39 - ဝောာင်းဆိုချက်
အပိုင်း (၃၉) – ဝောာင်းဆိုချက်
👻👻👻
<<တရားဝင်သား>>ဇာတ်ကားရိုက်ကူးရေးကို ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းထားတာကြောင့် ဇွန်လကုန်အထိ ကုန်းကျယ်အလုပ်အားနေသည်။ သူကအိမ်တွင်တစ်နေ့လုံးနေကာ ဒုတိယနှစ်ဝက်တွင်ရိုက်ကူးရန်ရုပ်ရှင်ကားများကိုလေ့လာခဲ့သည်။
လော့မင်ဖန်းက အင်တာဗျူးနှင့်ကြော်ငြာအများအပြားလက်ခံချင်သော်လည်း ကုန်းကျယ်ကငြင်းဆိုခဲ့သည်။
ဝမ်ကယ်ကတော့ ကုန်းကျယ်နှင့်ပြောင်းပြန်ဖြစ်သည်။ တောင်အမေရိကမှပြန်ရောက်ပြီးကတည်းကသူ့မှာနားချိန်မရှိဘဲ တစ်ခုပြီးတစ်ခုအလုပ်များနေသည်။ ကုန်းကျယ် ဝမ်ကယ့်အလုပ်ချိန်ဇယားကို လှန်ကြည့်မိတော့ များပြားသည့်အချိန်ဇယားများကြောင့် ခေါင်းခါကာစုတ်သပ်လိုက်သည်။
“အဲ့ဒီမိန်းမလျာက အရမ်းရက်စက်တာပဲ။ သူကမင်းကိုလုံးပါးပါးစေချင်တာလား။”
ကုန်းကျယ်က ဝမ်ကယ့်ပါးကိုပွတ်ရင်း စိတ်မကောင်းဖြစ်ကာ ပွေ့ဖက်လိုက်သည်။
ဝမ်ကယ်က ကုန်းကျယ်ရင်ဘတ်ပေါ်လှဲရင်း မျက်လုံးမှိတ် သန်းဝေလိုက်သည်။
“မဟုတ်ပါဘူး။ ဒုတိယနှစ်ဝက်မှာငါနားချင်တယ်ပြောထားလို့။ ပထမနှစ်ဝက်မှာအချိန်တွေထည့်ထားတာ။”
“ဒါဆိုဒုတိယနှစ်ဝက်မှာအလုပ်မရှိဘူးပေါ့။”
“အင်း၊ စက်တင်ဘာလမှာလုပ်မဲ့ဖျော်ဖြေပွဲကလွဲရင် တခြားဘာအစီအစဉ်မှမရှိဘူး။”
“ငါ့ရုပ်ရှင်က အောက်တိုဘာလလယ်လောက်ဆိုပြီးပြီ။ အဲ့ဒီအချိန်ကျ ဗြိတိန်ခဏပြန်နေရအောင်။”
“အင်း။”
ဝမ်ကယ် အိပ်ချင်မူးတူးနှင့်ပြန်ပြောပြီး တဖြည်းဖြည်းအိပ်ပျော်သွားသည်။
ချစ်သူအိပ်ပျော်သွားတာမြင်တော့ ကုန်းကျယ်လည်းဒုက္ခမပေးချင်တာနှင့် မီးပိတ်ကာစောင်ခြုံအိပ်လိုက်သည်။
တရုတ်ပြည်ပြန်ပြီးတစ်ပတ်ခန့်အကြာတွင် ဝမ်ကယ်၏နေ့စဉ်ဘဝက မနက်စောစောထ၊ ညဘက်နောက်ကျမှအိမ်ပြန်သည့်အခြေအနေပြန်ဖြစ်သွားသည်။ တစ်ခါတစ်ရံ သူကပင်ပင်ပန်းပန်းအိမ်ပြန်ေရာက်လာပြီး ကုန်းကျယ်ကိုစကားပြောခွင့်တောင်မပေးဘဲအိပ်ပျော်သွားသည်။
ကုန်းကျယ်မှာ အလွန်စိတ်မကောင်းဖြစ်မိတာကြောင့် အိပ်မောကျနေသည့်လူကိုရင်ခွင်ထဲထည့်ကာ ကျောကိုအသာပွတ်ပေးလိုက်သည်။
ည(၉)နာရီသာရှိသေးတာကြောင့် ကုန်းကျယ်မအိပ်သေးဘဲ ချစ်သူကိုဖက်ရင်း လက်တစ်ဖက်ကဖုန်းသုံးနေသည်။
သိပ်မကြာခင်ကမှလုပ်ထားသည့် သူတို့၏ WeChat အဖွဲ့တွင် လူစည်းကားနေသည်။ ထိုထဲတွင်လူ(၈)ဦးသာရှိပြီး အားလုံးကစွန့်စားလူငယ်များအစီအစဉ်မှ အဖွဲ့ဝင်များဖြစ်သည်။
ဒီအဖွဲ့ကိုစွန်းရှောင်ဖေးဖွဲ့ခဲ့တာဖြစ်ပြီး လူတိုင်းကအလုပ်များသော်ငြား နေ့တိုင်းအချိန်ရရင်ရသလို ဒီမှာခဏတဖြုတ်စကားပြောကြသည်။ သူတို့ထဲတွင်မိန်းကလေးလေးယောက်က အတက်ကြွဆုံးဖြစ်ပြီး ယင်ဟန်နှင့်ယွီရန်လည်းတစ်ခါတစ်လေဝင်ရောက်စကားပြောကြသည်။ မိမိတို့နှစ်ယောက်ကတော့ အခြားလူများနှင့်လုံးဝမတူဘဲ အဖွဲ့ထဲတစ်ခါမှစကားမပြောဖြစ်ကြပေ။
ကုန်းကျယ် စကားပြောမှတ်တမ်းကိုခဏကြည့်လိုက်သည်။ အကြမ်းအားဖြင့်အလုပ်အကြောင်းများညည်းညူကာ အလုပ်မလုပ်ချင်တော့ကြောင်းပြောဆိုေနကြသည်။ သူပင်မစာမျက်နှာသို့ပြန်လှန်တော့ Weibo သင်္ကေတတစ်ခုကိုသွားတွေ့သည်။ သို့နှင့် ခဏစဉ်းစားပြီးနောက် တိတ်တဆိတ် “Follow” ခလုတ်နှိပ်လိုက်သည်။ ထို့နောက် သူ့ follow စာရင်းတွင်တစ်ဦးတည်းသာရှိသောထိုလူအား “အထူးစောင့်ကြည့်” စာရင်းသွင်းလိုက်သည်။ သူ့စောင့်ကြည့်စာရင်းတွင်ဝမ်ကယ်ကိုမြင်တော့ ကုန်းကျယ်ကျေနပ်ကာဖုန်းကိုေဘးချလိုက်သည်။ အဲ့ဒီနောက် ကုန်းကျယ်က weibo ကိုအာရုံမရှိတော့ပေ။ သို့သော် သူလုပ်လိုက်သည့်အရာက weibo ပေါ်မည်မျှကယက်ထသွားမှန်း သူမသိရှာပေ။
အငယ်ဆုံးနှင့်ရေပန်းအစားဆုံးရုပ်ရှင်ဧကရာဇ်တစ်ယောက်ပီပီ ကုန်းကျယ်၏ပြောစကားနှင့်လုပ်ရပ်များကို အများကအလွန်အာရုံစိုက်ကြသည်။ ပြင်ပလောကတွင်ဖြစ်စေ၊ အွန်လိုင်းပေါ်တွင်ဖြစ်စေ သူ့လုပ်ရပ်တိုင်းကို အဘက်ဘက်မှဝိုင်းဝန်းစောင့်ကြည့်နေကြသည်။
ဝမ်ကယ့်ကိုလူသိရှင်ကြား “follow” လုပ်ပြီးနောက် သူ့ weibo အား မျက်တောင်မခတ်တမ်းစောင့်ကြည့်နေသူဖန်များက ထူးခြားချက်ကိုချက်ချင်းသတိထားမိသွားသည်။ သူတို့က “follow” စာရင်းတွင်ထိပ်ဆုံးကရှိနေသော ပရိုဖိုင်ဓာတ်ပုံကိုကြည့်ကာ အကြာကြီးငြိမ်သက်သွားသည်။
ထို့နောက် ထိုပရိုဖိုင်ကိုအသည်းအသန်နှိပ်ကာ သူတို့ထင်နေသည့်လူဟုတ်မဟုတ်သေချာအောင်အတည်ပြုလိုက်သည်။ ကြီးမားသည့်ရွှေရောင် “V” စာလုံးနှင့် အဖြူအမဲအတည်ပြုချက်ကိုမြင်တော့ မယုံနိုင်စရာအမှန်တရားကိုသူတို့လက်ခံလိုက်ရသည်။ – သူတို့နတ်ဘုရားက ရန်သူတော်ကြီးဝမ်ကယ်ကို တကယ်ကြီး follow လုပ်လိုက်တာဖြစ်သည်။
အရင်ဦးဆုံး ယုတ္တိရှိရှိစဉ်းစားတတ်သောဖန်များက လူတိုင်းကိုစိတ်တည်ငြိမ်စေရန် နှစ်သိမ့်လိုက်သည်။
[အားလုံးစိတ်အေးအေးထားကြပါ၊ ငါတို့ရဲ့ရုပ်ရှင်ဧကရာဇ်က အကောင့်ဟက်ခံရတာဖြစ်နိုင်တယ်။ ဒါ ဟက်ကာခွေးကောင်လက်ချက်ပဲဖြစ်ရမယ်။]
ဒီအဆိုပြုချက်ကို လူတိုင်းကသဘောတူထောက်ခံကြသည်။ သို့နှင့် ကုန်းကျယ်နှင့်ဝမ်ကယ်တို့၏ weibo တွင်အသည်းအသန်ပွက်လောရိုက်ခြင်းမရှိဘဲ တည်ငြိမ်နေပြီး အကောင့်ဟက်သည့်သူခိုးကိုသာ တစ်ယောက်ပြီးတစ်ယောက် Weibo ပို့စ်တင်၍ ဆူပူကြိမ်းမောင်းကြသည်။
နောက်တစ်နေ့အလုပ်ပိတ်ရက်ဖြစ်တာကြောင့် ညဘက်တွင်လူေပါင်းများစွာအွန်လိုင်းတက်နေသည်။ ထို့ကြောင့် ကုန်းကျယ် ဝမ်ကယ့်ကို follow လုပ်လိုက်သည့်ကိစ္စက တစ်လောကလုံးပျံ့သွားကာ နောက်ဆုံးတော့အင်တာနက်တစ်ခုလုံးသိသွားသည်။ ဤသို့ဖြင့် တစ်နာရီအတွင်း “ကုန်းကျယ် ဝမ်ကယ့်ကို follow လုပ်လိုက်တယ်”ဆိုသည့် hot search တစ်ခုတက်လာသည်။
သို့သော် သိပ်မကြာလိုက် ”ကုန်းကျယ်အကောင့်ဟက်ခံရတယ်”ဆိုသည့် hot search ထပ်တက်လာသည်။ အင်တာနက်သုံးစွဲသူများက အကျိုးသင့်အကြောင်းသင့်ဆင်ခြင်ကြည့်ပြီးနောက် ဒါကိုအမှန်တရားဟုယူဆလိုက်ကြသည်။ ဖန်မဟုတ်သည့်သူများပင် ကုန်းကျယ်၏ weibo အကောင့်တကယ်အဟက်ခံရသည်ဟုထင်သွားသည်။ သို့နှင့်ကိစ္စများကသိပ်ပရမ်းပတာမဖြစ်ဘဲ ထိန်းထိန်းသိမ်းသိမ်းရှိနေသည်။
Hot search နှစ်ခုက အင်တာနက်ပေါ်တစ်ညလုံးရှိနေပြီး နောက်တစ်နေ့အထိ နံပါတ်တစ်နှင့်နှစ်နေရာတွင်ရပ်တည်နေသည်။
ကုန်းကျယ်က အေးဂျင့်ဖုန်းေခါ်သံကြောင့် နိုးလာသည်။ ဖုန်းထဲမှတစ်ဆင့် အခြေအနေကိုအကျဉ်းချုံးသဘောပေါက်သွားတော့ သူ weibo ဝင်ကြည့်လိုက်သည်။
ပို့စ်အသစ်များကိုမြင်ေအာင်စာမျက်နှာပြန်စလိုက်တော့ ပင်မစာမျက်နှာတစ်ခုလုံး သူ့အကြောင်းတွေချည်းဖြစ်နေသည်။ လူအများက သူ့ weibo အကောင့်အဟက်ခံရသည်ဟုပြောဆိုနေပြီး အကောင့်ဟက်သည့်ခွေးကောင်က ဝမ်ကယ့်ကို follow လုပ်လိုက်တာသိပ်ရွံစရာကောင်းသည်ဟုဆိုကြသည်။
ကုန်းကျယ် ရယ်ရမလိုငိုရမလိုဖြစ်သွားသည်။ သူက Weibo ပွတ်ပြီးနောက် ပင်မစာမျက်နှာကိုနှိပ်ကာ ရှင်းလင်းချက်ပို့စ်တစ်ခုတင်လိုက်သည်။
[Weibo အကောင့်ခိုးခံရတာမဟုတ်ပါဘူး။ ကျွန်တော်ပါ။]
ဒီ Weibo ပို့စ်တင်ပြီးနောက် စစချင်းဘယ်သူမှမယုံကြဘဲ အောက်မှာကွန်မန့်တွေအများကြီးတက်လာသည်။
[ခွေးသူခိုးဟက်ကာက ပို့စ်တင်ရဲသေးတယ်။ အရှက်မရှိလိုက်တာ။]
[နင်ဘယ်သူ့အကောင့်ကိုဟက်လိုက်တာလဲဆိုတာသိရဲ့လား။ အသက်မရှင်ချင်တော့ဘူးထင်တယ်။]
သို့သော် ငါးမိနစ်နေတော့ဆူပူကြိမ်းမောင်းသံများရပ်တန့်သွားသည်။ အကြောင်းက ကုန်းကျယ်စတူဒီယိုက ထို weibo ပို့စ်ကိုပြန်တင်၍ အကောင့်ဟက်ခံရခြင်းမဟုတ်ကြောင်း အတည်ပြုပေးလိုက်သည်။
အဲ့ဒါမှကောင်းရော၊ တစ်ယောက်ယောက်က မလိုမုန်းထားစိတ်ဖြင့် အကောင့်ဟက်ကာ တစ်ဖက်လူ weibo ကို follow လုပ်လိုက်တယ်ဆိုတာကမှ အဓိပ္ပါယ်ရှိသေးသည်။ ယခုလိုအကောင့်ဟက်ခံရခြင်းမဟုတ်ဘဲ ကာယကံရှင်ကိုယ်တိုင်က follow လုပ်လိုက်တာဖြစ်နေတော့ ပိုလို့တောင်အဓိပ္ပါယ်မရှိဖြစ်သွားသည်။
ဘာပဲပြောပြော တစ်ဖက်လူကမဟာရန်သူေတာ်ကြီးဖြစ်၏။ ဦးနှောက်ပျက်သွားတာမဟုတ်ရင် ဘယ်သူကများကိုယ့်ရန်သူကိုယ် follow ပြန်လုပ်မှာတဲ့လဲ။
ရလဒ်ကတော့ ငြိမ်ကျသွားခါနီးကိစ္စက နောက်တစ်ကြိမ်ပြန်နာမည်ကြီးလာသည်။
သို့သော်အကျိုးသက်ရောက်မှုက ထင်တာထက်ပိုမိုကြီးမားနေမည်ဟု သူတို့မမျှော်လင့်ထားပေ။ ဆယ်မိနစ်ကြာတော့ နောက်ထပ် hot search တစ်ခုထပ်တက်လာသည်။ – “ဝမ်ကယ်က ကုန်းကျယ်ကိုပြန် follow လုပ်တယ်”။ အစကတည်းကရှုပ်ထွေးနေသည့်ကိစ္စက အခုပိုပြီးနားမလည်နိုင်ဖြစ်လာသည်။
သို့ဖြင့် နားမလည်နိုင်ဖြစ်ေနသောအင်တာနက်သုံးစွဲသူများက ဖြေရှင်းချက်တောင်းကြတော့သည်။ သို့သော်ကာယကံရှင်နှစ်ဦးက ဘာမှပြန်လည်မတုံ့ပြန်ဘဲ သူတို့ကိုလွတ်လပ်စွာထင်ကြေးပေးခွင့်ပြုထားသည်။
တစ်ပတ်ကြာတော့ အစီအစဉ်ကြော်ငြာတစ်ခုကနေ လူတိုင်းအဖြေရှာတွေ့သွားသည်။ ထိုအစီအစဉ်ကတော့ <<စွန့်စားလူငယ်များ>> ဖြစ်သည်။
ပရိုဂရမ်အဖွဲ့က အစီအစဉ်ကိုနွေရာသီအားလပ်ရက်တွင် ထုတ်လွှင့်ပြသဖို့စီစဉ်ထားသည်။ ထို့ကြောင့် မတ်လအာဖရိကမှပြန်လာပြီးနောက် အချိန်ပိုဆင်းကာ တည်းဖြတ်ခြင်းလုပ်ငန်းများစတင်ခဲ့ပြီး ဧပြီလတွင် ပရိုမိုးရှင်းဗွီဒီယိုပြုလုပ်ပြီးစီးခဲ့သည်။
အစကတော့ သူတို့နာမည်ပိုကြီးအောင်ဘယ်လိုလုပ်ရမလဲဟုတွေးခဲ့သည်။ သို့သော် ထိုအချိန်တွင် ကုန်းကျယ်က သူတို့အားသဘာဝကျကျခေါင်းစဉ်တစ်ခုဖန်တီးပေးလိုက်သည်။ ထို့ကြောင့် သူတို့လည်းအစီအစဉ်မထုတ်လွှင့်ခင် ကုန်းကျယ်နှင့်ဝမ်ကယ့်နာမည်ကိုယူသုံးကာ အစီအစဉ်ကိုနာမည်ကြီးအောင်လုပ်လိုက်သည်။
မူလကြော်ငြာစာသားက အသုံးမဝင်တော့တာကြောင့် ရိုးရိုးရှင်းရှင်းစာတစ်ကြောင်းတည်းသာ ဖော်ပြခဲ့သည်။ [ကုန်းကျယ်နဲ့ဝမ်ကယ် တစ်ယောက်ကိုတစ်ယောက် follow လုပ်ရတဲ့အကြောင်းရင်း……]
ထိုခေါင်းစဉ်မျိုးက လေးနက်သည့်အစီအစဉ်ကြော်ငြာစာသားတော့မဟုတ်ပေ။ သို့သော်ကုန်းကျယ်နှင့်ဝမ်ကယ်နာမည်နှစ်ခုက အလွန်ဆွဲဆောင်မှုအားကောင်းပေသည်။ လူအများက ကြော်ငြာကိုနှိပ်ကြည့်ပြီးနောက် အုတ်အော်သောင်းတင်းဖြစ်ကုန်ကြသည်။
ရှပ်အင်္ကျီအဖြူ၊ ဘောင်းကြီးဆိုဒ်ကြီးကြီးဝတ်ပြီး ကမ်းခြေမှာတွဲသွားတွဲလာလုပ်နေတဲ့လူနှစ်ယောက်က ကုန်းကျယ်၊ ဝမ်ကယ်တို့နဲ့အတော်တူပါလား။ နေဦး၊ နည်းနည်းမှားနေပြီ။ သူတို့ကဘယ်လိုလုပ်အတူထိုင်ပြီး ရယ်ရယ်မောမောစကားတွေပြောနေကြတာလဲ။ သူတို့ကမြင်တာနဲ့ ဓားဆွဲတုတ်ဆွဲဖြစ်ရမှာမဟုတ်ဘူးလား။ ဘုရားရေ၊ ဘာတွေဖြစ်ကုန်တာလဲ။ ငါ့နတ်ဘုရားက ဘာလို့ရန်သူနဲ့အရမ်းချစ်ကြည်နူးနေတဲ့ပုံပေါက်နေတာလဲ။
လူတိုင်းက ဗွီဒီယိုကြည့်နေရင်းတန်းလန်း အနောက်ပြန်ထွက်ကာ ပို့စ်တင်သည့်ပေ့ခ်ျကတရားဝင်ဟုတ်မဟုတ်သွားကြည့်ကြသည်။
ဖင်းကော်ရုပ်သံဌာန၊ <<စွန့်စားလူငယ်များ>>သဘာဝရသစုံရှိုး၏တရားဝင် weibo အကောင့်။
ဟာ၊ ဒါတရားဝင်အကောင့်ကြီးပဲ။
ငါးစက္ကန့်အကြာ: အယ်၊ သဘာဝရသစုံရှိုးဆိုပါလား။ သူတို့နှစ်ယောက်က သဘာဝရသစုံရှိုးမှာ အတူတူပါတာလား။
ဘုရားသခင်၊ ငါ့ကိုနောက်နေတာလား။
လူတိုင်းက ပြိုင်ဖက်နှစ်ဦးသဘာဝရသစုံရှိုးတစ်ခုတည်းတွင် တည်ငြိမ်အေးဆေးစွာပါဝင်နိုင်မည်ဟုအယုံအကြည်မရှိသလို၊ သဘာဝရသစုံရှိုးလည်းဖြစ်တာကြောင့် ဒါကိုသတင်းအမှားဟုသာလက်ခံလိုက်ကြသည်။
ထိုအချိန် ကုန်းကျယ်နှင့်ဝမ်ကယ်အပါအဝင် အဖွဲ့ဝင် (၈) ဦးစလုံးက ထို weibo ပို့စ်ကိုအသီးသီးပြန်တင်ကာ ဒီကိစ္စမှန်ကန်ကြောင်းအတည်ပြုခဲ့သည်။ ဒီတစ်ခါတော့ သူတို့မယုံလို့မရတော့ပေ။
ဤသို့ဖြင့်အင်တာနက်ပေါ်တွင်ပြဿနာတက်ကုန်ကြသည်။ တချို့ကအံ့ဩကြပြီး တချို့ကမျှော်လင့်စောင့်စားနေသည်။ နောက်ပြီး နှစ်ဖက်ဖန်များကြား အကြိမ်ပေါင်းများစွာရန်ပွဲများရှိလာကာ အစီအစဉ်၏ပရိုမိုးရှင်းဗွီဒီယိုကြောင့် အချိန်ခဏအတွင်း အင်တာနက်တစ်ခုလုံးဗြောင်းဆန်ကုန်သည်။
သို့သော်မည်မျှပင်ဗြောင်းဆန်နေပါစေ၊ ပရိုဂရမ်အဖွဲ့ကတော့ ပထမအချီမှာပင် အောင်ပွဲရသွားသည်။ တစ်ရက်အတွင်း ပရိုမိုးရှင်းဗွီဒီယိုကိုနှိပ်ကြည့်သူလူပေါင်း သန်း (၁၀၀)ကျော်သွားသည်။ ဒါက ဒါရိုက်တာကိုအလွန်စိတ်လှုပ်ရှားစေကာ ချက်ချင်းကြိုတင်အောင်ပွဲခံဖို့ ဆုံးဖြတ်ခဲ့သည်။
ဒါရိုက်တာကအလုပ်နှင့်သက်ေသပြသူဖြစ်ကာ နောက်အပတ်စနေနေ့၌ အောင်ပွဲခံပါတီကျင်းပမည်ဟုပြောခဲ့သည်။
စနေနေ့ညတွင် လူတိုင်းချိန်းဆိုသည့်နေရာသို့ရောက်ရှိလာသည်။ အဖွဲ့ဝင်များက တစ်ယောက်နှင့်တစ်ယောက်မတွေ့ရတာအလွန်ကြာေနပြီဖြစ်တာကြောင့် ပြောစရာစကားများတောင်လိုပုံနေသည်။
ဒါရိုက်တာက ပရိုမိုးရှင်းဗွီဒီယိုကြည့်ရှုသူ သန်း(၁၀၀) ရှိတာကြောင့် အလွန်ပျော်ရွှင်နေသည်။ သူက ယနေ့ညတွင်လူတိုင်းကိုခွက်ချင်းတိုက်ဂုဏ်ပြုနေသည်။ အထူးသဖြင့် ဝမ်ကယ်နှင့်ကုန်းကျယ်တို့မှာ နေရာတွင်ထိုင်လိုက်သည်နှင့် တစ်ခေါက်ပြီးတစ်ခေါက်ဂုဏ်ပြုအရက်သောက်နေရသည်။
လူတိုင်းက ဤအစီအစဉ်၏အောင်မြင်မှုမှာ သူတို့နှစ်ဦးကြောင့်မှန်းသိတာကြောင့် နတ်ဘုရားနှစ်ပါးကို စိတ်ရင်းဖြင့်ကျေးဇူးတင်ကြသည်။
ဝိုင်အများကြီးသောက်ပြီးနောက် ဝမ်ကယ်သန့်စင်ခန်းထွက်လာသည်။ ကုန်းကျယ်ကသူ့ကိုအဖော်လိုက်ပေးချင်သော်လည်း ဒါရိုက်တာက သူ့ကိုဆွဲေခါ်ပြီးစကားပြောနေတာကြောင့်ထွက်မရဖြစ်ကာ ဝမ်ကယ့်ကိုတစ်ယောက်တည်းသွားခိုင်းလိုက်ရသည်။
ယင်ဟန်ကနေမကောင်းတာကြောင့် ယနေ့ညအရက်မသောက်ပေ။ သူကအစားတစ်လုပ်နှစ်လုတ်လောက်စားပြီး ဆိုဖာပေါ်ထိုင်ကာ ဖုန်းဆော့နေသည်။
ဝမ်ကယ်က ဒယိမ်းဒယိုင်နှင့်သန့်စင်ခန်းဘက်ထွက်သွားသည်။ ကုန်းကျယ်ကလည်း ဒါရိုက်တာနှင့်အလုပ်ရှုပ်နေသည်။ ယင်ဟန်ကဒါကိုမြင်တော့ တိတ်တိတ်လေးကြိတ်ပြုံးကာ ဖုန်းပိတ်၍သန့်စင်ခန်းထဲလိုက်လာသည်။
ယင်ဟန်ဝင်လာတော့ ဝမ်ကယ်လက်ဆေးနေသည်။ ဝမ်ကယ်က ယင်ဟန်ကိုခေါင်းမော့ကာတစ်ချက်ကြည့်ပြီး သူလည်းသန့်စင်ခန်းလာတာဖြစ်မည်ဟုတွေးလိုက်သည်။
ထို့ကြောင့် သိပ်မစဉ်းစားဘဲ ခပ်ဖွဖွပြုံးပြကာရေပိတ်ပြီးအပြင်ထွက်ဖို့လုပ်လိုက်သည်။ သို့သော်မမျှော်လင့်ထားဘဲ သူတံခါးနားရောက်ခါနီး၌ ယင်ဟန်က ရုတ်တရက်သူ့အရှေ့လာရပ်ကာ သူ့ကို ဘေစင်နှင့်နံရံကြားတွင်လမ်းပိတ်လိုက်သည်။
“မင်းဘာလုပ်တာလဲ။”
ဝမ်ကယ့်အနောက်တွင်ဘေစင်နှင့်နံရံသာရှိပြီး တစ်ခုတည်းသောလူသွားလမ်းကို ယင်ဟန်ကပိတ်ထားသည်။ ဝမ်ကယ် ဝိုင်အရှိန်ကြောင့် အနည်းငယ်မူးနောက်နောက်ဖြစ်နေသော်လည်း တစ်ခုခုမှားနေမှန်းသိလိုက်ကာ ချက်ချင်းမျက်နှာအေးစက်သွားသည်။
ယင်ဟန်က ဝမ်ကယ်၏မကြိုက်သလိုလေသံကိုဂရုမစိုက်ဘဲ တစ်ချက်ရယ်ပြီး သူ့အနားကပ်လာသည်။
“ဆရာဝမ်၊ ကင်မရာရှေ့မှာဆရာကုန်းနဲ့သူစိမ်းတွေလိုဟန်ဆောင်ရတာ ပျော်ဖို့ကောင်းလား။”
ယင်ဟန်ကလေသံကိုနှိမ့်ကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
ဝမ်ကယ့်မျက်ဆံအိမ်များကျုံ့ဝင်သွား၏။ သို့သော် သူ့မျက်နှာအမူအရာက တည်ငြိမ်နေဆဲပင်။
“မင်းဘာတွေပြောနေမှန်းငါမသိဘူး။ စိတ်မရှိပါနဲ့၊ ငါပြန်ထွက်တော့မယ်။ မင်းနည်းနည်းဖယ်ပေးပါ။”
သူကပြောရင်းယင်ဟန်ကိုတွန်းဖို့လုပ်လိုက်သည်။ သို့သော် ယင်ဟန်က သူ့လက်ကိုလှမ်းကိုင်လိုက်သည်။
“ဆရာဝမ်၊ ဟန်ဆောင်မနေပါနဲ့တော့၊ လူတိုင်းကို ငတုံးလို့ထင်နေတာလား။ ဆရာတို့ရဲ့ဆက်ဆံရေးကို ကျွန်တော်သိထားပြီးပြီ။”
ယင်ဟန်က ဝမ်ကယ့်လက်ကိုခပ်တင်းတင်းဆုပ်ကိုင်ကာ ကျန်လက်တစ်ဖက်နှင့် သူ့ဆံစများကိုထိကိုင်ဖို့ကြိုးစားလိုက်သည်။ သို့သော် ဝမ်ကယ်က သူ့လက်ကိုရှောင်တိန်းလိုက်၏။
ယင်ဟန်က ဘာမှမဖြစ်သလိုပြုံးကာ ညာလက်ဖြင့်ဝမ်ကယ့်လက်ကောက်ဝတ်ကိုပွတ်သပ်ပြီး လူယုတ်မာတစ်ယောက်လိုပရော်ပရည်ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ ဆရာသာကျွန်တော့်တောင်းဆိုချက်ကိုလိုက်လျောပေးရင် ဆရာ့လျှို့ဝှက်ချက်မပေါက်ကြားအောင် ထိန်းသိမ်းထားပေးမယ်။”
“မလိုဘူး။”
ဝမ်ကယ့်လေသံကအေးစက်နေသည်။
“အငြင်းမစောပါနဲ့၊ ကျွန်တော့်တောင်းဆိုချက်ကို အရင်နားထောင်မကြည့်ချင်ဘူးလား။”
ဝမ်ကယ်ကမျက်ဖြူလှန်ပြကာ ဘာမှပြန်မပြောပေ။
ယင်ဟန်က ဒါကိုစိတ်အနှောင့်အယှက်မဖြစ်ဘဲ သူ့နားရွက်နားကပ်ကာတီးတိုးပြောလိုက်သည်။
“ကျွန်တော်နဲ့တစ်ညနေပေး။ ဆရာတို့လျှို့ဝှက်ချက်ကို ကျွန်တော်ထိန်းသိမ်းပေးမယ်။”
ဝမ်ကယ် ချက်ချင်းမျက်နှာပျက်သွားပြီး လက်ကိုတွန်းဖယ်ဖို့လုပ်လိုက်သည်။ ထိုစဉ်သန့်စင်ခန်းတံခါးက ရုတ်တရက်အပြင်မှကန်ဖွင့်ခံလိုက်ရကာ ကုန်းကျယ်က မျက်တောက်နီကြီးဖြင့် တံခါးဝတွင်ရပ်နေလေသည်။
*****
Aurora Novel Translation Team