Chapter 42
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 42 - နောက်ယောင်ခံလိုက်လာခြင်း
အပိုင်း (၄၂) – နောက်ယောင်ခံလိုက်လာခြင်း
👻👻👻
တံခါးဝမှအသံကြားတော့ ကုန်းကျယ် ဖုန်းအမြန်ချကာ တီဗွီဖွင့်လိုက်သည်။
မိနစ်ဝက်ခန့်ကြာတော့ ဝမ်ကယ်လမ်းလျှောက်ဝင်လာသည်။
“ပြန်လာပြီလား။ ဘာလို့ဒီနေ့အရမ်းစောနေတာလဲ။”
ကုန်းကျယ် တီဗွီရီမုတ်ကိုပစ်ကာ ရင်ခွင်ထဲတိုးဝင်လာသော ဝမ်ကယ့်ကိုဖမ်းလိုက်သည်။
ဝမ်ကယ်က ကုန်းကျယ်ရင်ဘတ်ပေါ်လှဲကာ အသက်ပြင်းပြင်းရှုရင်း:
“ငါဒီနေ့အလုပ်ပါးလို့ စောစောပြန်လာတာ။”
တကယ်တော့ ဒီနေ့သူ့မှာဘာအလုပ်မှမရှိပေ။ သို့သော် မုရန်ကိုသွားတွေ့ချင်တာကြောင့် ကုန်းကျယ်သံသယမဝင်အောင်ညာပြောခဲ့ခြင်းဖြစ်သည်။
“ဗိုက်ဆာပြီလား။ ငါအခုညစာချက်လိုက်ရမလား။”
ကုန်းကျယ်ကဆိုဖာပေါ်ထိုင်ပြီး ဝမ်ကယ့်ကိုဖက်ကာပွတ်ပေးနေသည်။
“နေဦး၊ ငါအရင်ပြောစရာရှိတယ်။”
ဝမ်ကယ်ထကာ ကုန်းကျယ်ကိုဆွဲထူပြီး မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။
“ဘာများလဲ။”
တကယ်တော့ကုန်းကျယ်လည်း ဝမ်ကယ်ဘာပြောချင်မှန်းခန့်မှန်းမိသည်။
“ယင်ဟန်အဖမ်းခံလိုက်ရတယ်။ ပြီးတော့ ဒီကိစ္စလည်းအဆုံးသတ်သွားပြီ။”
ဝမ်ကယ့်လေသံက အနည်းငယ်ပျော်ရွှင်နေပုံရသည်။
“အဖမ်းခံရတယ်?။”
ကုန်းကျယ် အံ့ဩချင်ယောင်ဆောင်လိုက်သည်။
ဝမ်ကယ်ကချက်ချင်းအဖြေပြန်မပေးဘဲ ကုန်းကျယ်မျက်နှာအမူအရာကို သေချာအကဲခတ်ပြီး အကြာကြီးနေတော့ရုတ်တရက်ထမေးသည်။
“မင်းသိပြီးသားမလား။”
“ဟမ်…”
ကုန်းကျယ်အံ့အားသင့်သွားသည်။ နှစ်ဝက်လောက်သရုပ်ဆောင်မလုပ်ဖြစ်သော်လည်း သူ့သရုပ်ဆောင်အစွမ်းက ဟန်ဆောင်နေမှန်းသိသာအောင်မဆိုးရွားပေ။
ဝမ်ကယ်က ကုန်းကျယ်သတိလွတ်သွားသည်ကိုအခွင့်ကောင်းယူကာ ရုတ်တရက်သူ့ဖုန်းကိုလှမ်းယူလိုက်သည်။ ထို့နောက်ဖုန်းစခရင်ကိုဖွင့်ကြည့်တော့ weibo ဖွင့်ထားတာတွေ့သွားသည်။ သူကပုခုံးများနိမ့်ဆင်းသွားကာ မကျေမနပ်ပြောလိုက်သည်။
“မင်းကို weibo မကြည့်ခိုင်းထားဘူးမဟုတ်လား။”
ကုန်းကျယ်ကပြုံးပြီးမျက်နှာချိုသွေးလိုက်သည်။
“ငါ အိမ်မှာနေရင်းပျင်းတာနဲ့ အတင်းအဖျင်းသတင်းလေးတွေဖတ်ကြည့်တာပါ။”
“မင်းကငတုံးလား။”
ဝမ်ကယ်စိတ်ဆိုးဆိုးနှင့် ကုန်းကျယ်နဖူးကို လက်ညှိုးနှင့်ထောက်လိုက်သည်။
“အခုချိန်မှာ မင်းရဲ့အတင်းအဖျင်းသတင်းတွေအများဆုံးပဲ။ မင်းသိပ်အားနေတယ်ပေါ့။”
ကုန်းကျယ်ကငတုံးလေးလို တဟဲဟဲရယ်လိုက်သည်။
“မင်းသိပြီးပြီမလား။”
ဝမ်ကယ် ကုန်းကျယ်ကိုဖုန်းပြန်ပေးကာ သူ့ရှေ့ခြေထောက်ချိတ်ထိုင်လိုက်သည်။
“အင်း။”
ကုန်းကျယ်က ဝမ်ကယ့်ကိုပေါင်ပေါ်ချီတင်ကာခါးကိုဖက်၍ ကလေးလေးတစ်ယောက်လိုလှုပ်ယမ်းပြီးပြောသည်။
“ငါ့အတွက်ကူပြောပေးလို့ကျေးဇူးတင်ပါတယ်။”
ဝမ်ကယ်ကပြုံးပြီး ကုန်းကျယ်ကိုခေါင်းငုံ့နမ်းရှိုက်လိုက်သည်။
“ဒီကိစ္စကငါ့ကြောင့်ဖြစ်ရတာ။ ပြီးတော့ မင်းကအမှန်ကိုဖွင့်မပြောဘူးဆိုဝောာ့ ငါကမင်းအတွက်မပြောပေးရင် မင်းယောကျာ်းဟုတ်ပါဦးမလား။”
“ဘာလို့မင်းကြောင့်လို့ပြောရတာလဲ၊ အဲ့ဒါတခြားသူတွေငါ့မိန်းမအပေါ်ပြစ်မှားနေတာကို ငါသည်းမခံနိုင်လို့ဖြစ်ရတာလေ။ မင်းသာငါ့ကိုမတားရင် ငါအဲ့ကောင်စုတ်ကိုသေအောင်ရိုက်သတ်တယ်။”
“ငါတို့နောင်ကို ဒီလိုထိခိုက်လွယ်တဲ့ကိစ္စတွေမလုပ်သင့်တော့ဘူး။”
ဝမ်ကယ်ကစိတ်ဆိုးဆိုးနှင့်ပြောလိုက်သည်။
“မင်းအခု (၂၇)နှစ်ဖြစ်နေပြီ၊ (၁၇)နှစ်သားလေးလိုစိတ်လိုက်မာန်ပါတွေမလုပ်နဲ့။ ဟုတ်ပြီလား။”
ကုန်းကျယ်နှုတ်ခမ်းများကွေးညွတ်သွားကာ ဘာမှထပ်မပြောဘဲ ဝမ်ကယ့်ကိုပွေ့ဖက်လိုက်သည်။
ဘာပဲပြောပြော ဒီကိစ္စက နောက်ဆုံးတော့တည်ငြိမ်သွားခဲ့သည်။ ကုန်းကျယ်ကိုထိခိုက်ပြောဆိုနေခြင်းများ အနည်းငယ်ကျန်ရှိသေးသော်လည်း တရားဝင်အရေးမယူခင် ဖန်များနှင့်ပွဲကြည့်ပရိတ်သတ်များက ထိုသူတို့အားနောက်တစ်ကြိမ်ခေါင်းမဖော်နိုင်အောင် ဆူပူကြိမ်းမောင်းပြီးဖြစ်နေသည်။ ညစာစားပြီးနောက် လော့မင်ဖန်းဖုန်းခေါ်လာကာ ကုန်းကျယ်ကို weibo တွင်လူလုံးထွက်ပြဖို့ပြောခဲ့သည်။ ကိစ္စများပြီးသွားသော်လည်း ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် တစ်ဖက်လူကိုထိုးကြိတ်ခဲ့သည်က ကုန်းကျယ်အမှားပင်။ ထို့ကြောင့် အပြစ်ဝန်ခံသင့်သည်ကိုဝန်ခံပြီး တောင်းပန်သင့်သူများကိုတောင်းပန်ရပေမည်။
ကုန်းကျယ်ကမငြင်းဘဲလက်ခံခဲ့သည်။ သို့နှင့် သူအိပ်ရာမဝင်ခင်ကုတင်ပေါ်လှဲကာ ဖုန်းတစ်လုံးနှင့်အကြာကြီးတစ်တောက်တောက်စာရိုက်နေသည်။ သေချာစီစစ်သုံးသပ်ပြီးနောက် စာလုံးရေ (၅၀၀) ပါစာတိုလေးတစ်ပုဒ်ကို သူရေးတင်ခဲ့သည်။
အစကတော့ လော့မင်ဖန်က လူမှုဆက်ဆံရေးဌာနကို စာမူအရင်ရေးစေပြီးမှ ကုန်းကျယ်ကိုပြန်ကူးတင်ဖို့အကြံပြုခဲ့သည်။ သို့သော်ကုန်းကျယ်က ဒါကိုစိတ်ရင်းမပါဟုခံစားရတာကြောင့်ငြင်းဆိုကာ တစ်နာရီကျော်ကြာ ဦးနှောက်ခြောက်အောင်စဉ်းစားပြီးရေးသားခဲ့သည်။
ကုန်းကျယ် weibo ပို့စ်တင်တော့ ညသန်းခေါင်ရောက်လုပြီ။ သို့သော်အရှုပ်အထွေးများဖြစ်အပြီး ပထမဆုံးအကြိမ်သူထွက်ပေါ်လာခြင်းဖြစ်တာကြောင့် သူ့ပို့စ်က အင်တာနက်တစ်ခုလုံးကိုဆွဲဆောင်သွားသည်။
လူတိုင်းက ယင်ဟန်၏လုပ်ရပ်အပေါ်မကောင်းမြင်တာကြောင့် ကုန်းကျယ်သူ့အားထိုးကြိတ်ခဲ့သည့်အပေါ်စိတ်မဆိုးကြသော်လည်း တစ်လျှောက်လုံးလူလုံးထွက်မပြခဲ့သည့်အတွက် ကုန်းကျယ်အပေါ်အနည်းငယ်ဝေဖန်မှုများရှိနေဆဲဖြစ်သည်။
နောက်ဆုံးတော့ ဘယ်သူမှမထင်မှတ်ထားသည့်အချိန်တွင် ကုန်းကျယ်ထွက်ပေါ်လာပြီး စာလုံးရေ (၅၀၀) ရှည်လျားသည့် weibo ပို့စ်တစ်ခုကိုတန်းတင်ခဲ့သည်။ ထိုအထဲတွင် ဤကာလအတွင်းသူ၏စိတ်ခံစားချက်များကို အသေးစိတ်ရှင်းပြထားသည့်အပြင် သူတစ်ပါးကိုထိုးကြိတ်ခဲ့သည့်အပေါ် ဆင်ခြေမပေးဘဲပွင့်လင်းစွာဝန်ခံခဲ့သည်။ သူက စိတ်ရင်းဖြင့်တောင်းပန်သည်။ စကားလုံးများကရင်ထဲမှလာတာဖြစ်တာကြောင့် စာတစ်ကြောင်းနှင့်တစ်ကြောင်းကြား သူ့ခံစားချက်အစစ်အမှန်ကိုသိနိုင်ပြီး လူတိုင်းနားလည်သဘောပေါက်သွားကြသည်။
ဤသို့ဖြင့်လချီအောင်ကြာမြင့်သည့်အကျဉ်းတန်အဖြစ်အပျက်ကြီး နောက်ဆုံးတော့ပြီးဆုံးသွားခဲ့သည်။ နောက်တစ်နေ့တွင် အင်တာနက်ပေါ်၌ နာမည်ကြီးဒါရိုက်တာတစ်ယောက်တွင် ဆယ်ကျော်သက်အရွယ်တရားမဝင်သမီးတစ်ယောက်ရှိနေကြောင်း သတင်းထွက်လာသည်။ သို့နှင့်လူတိုင်းက ထိုကိစ္စအပေါ်ချက်ချင်းအာရုံရောက်သွားကာ ကုန်းကျယ်ကိုဘယ်သူမှအာရုံမစိုက်ကြတော့ပေ။
သို့သော်ဒီကိစ္စက ကုန်းကျယ်အလုပ်အပေါ်အနည်းငယ်သက်ရောက်မှုရှိခဲ့သည်။ တစ်လမကြာသည့်အချိန်တိုအတွင်း လူအပြောင်းအလဲကြောင့် မူလစီစဉ်ထားသည့်အလုပ်ကိစ္စ (၇)ခု (၈)ခုလောက် ပယ်ဖျက်ခံလိုက်ရသလို၊ ဒုတိယနှစ်ဝက်တွင်ရိုက်ကူးမည့်ရုပ်ရှင်ရိုက်ကူးရေးလည်း ပျက်သွားသည်။
“ဘာလား။ သူတို့ပဲအစက ဖင်တကြွကြွနဲ့ဒီဇာတ်ကားရိုက်ပေးဖို့ မင်းကိုလာတောင်းပန်ပြီးတော့။ အခုကျ အကြောင်းပြချက်မပေးဘဲ မင်းနေရာကိုလူစားထိုးပစ်တယ်။ သိပ်တရားလွန်တာပဲ။”
ရိုက်ကူးရေးအဖွဲ့က စတင်ရိုက်ကူးနေပြီဖြစ်ပြီး ကုန်းကျယ်ကနောက်လတွင် ရိုက်ကူးရေးအဖွဲ့ထဲဝင်ရမည်ဖြစ်သည်။ သို့သော်ဒါရိုက်တာကစကားတစ်ခွန်းမှမဆိုဘဲ ကုန်းကျယ်နေရာကိုလူစားထိုးခဲ့သည်။ ဝမ်ကယ်ကဒီအကြောင်း အမှတ်တမဲ့သိလိုက်ရသည့်အခါ ဒေါသပုံထသွားသည်။
ကုန်းကျယ်ကတော့ ပြင်းပြင်းထန်ထန်တုံ့ပြန်ခြင်းမရှိသည့်အပြင် ဝမ်ကယ့်ကိုတောင်နှစ်သိမ့်ပေးလိုက်သည်။
“စိတ်မဆိုးပါနဲ့၊ သူတို့လည်း ကြည့်ရှုနှုန်းထိခိုက်မှာစိုးရိမ်မှာပေါ့။”
ဝမ်ကယ်က ဒေါသထွက်နေဆဲပင်။
ကုန်းကျယ်က စိတ်ဆိုးနေသည့်ဝမ်ကယ်၏ပါးဖောင်းဖောင်းလေးကို လက်ညှိုးနှင့်ထိုးကာ အနားတိုးပြီးနမ်းလိုက်သည်။
“ငါတောင်ဒေါသမထွက်တာ၊ မင်းကဘာလို့ဒေါသထွက်နေတာလဲ။ ခုလိုဖြစ်သွားတော့လည်းကောင်းတာပဲ။ ငါ အဲ့ဒီဇာတ်ညွှန်းကိုသိပ်ကြိုက်တာမဟုတ်ဘူး။ ဇာတ်ကားပရိုဂျူဆာက မုရန်သူငယ်ချင်းဖြစ်ပြီး၊ မုရန်ကငါ့ကိုတောင်းဆိုထားလို့သာလက်ခံလိုက်တာ။”
ဝမ်ကယ်ဒေါသထွက်နေရာမှ သေချာစဉ်းစားကြည့်ပြီး ချက်ချင်းစိတ်ဆိုးပြေသွားသည်။
“ဒါမှမဟုတ် မင်းသရုပ်ဆောင်မလုပ်နဲ့တော့၊ အိမ်မှာပဲနေ။ ဒါဆိုငါမင်းအလုပ်ထဲခဏခဏလာလည်ရသက်သာတာပေါ့။”
ကုန်းကျယ်ရယ်ကာ ဝမ်ကယ့်ကိုထပ်မံနမ်းရှိုက်လိုက်သည်။
“ဒီတစ်ခါငါမင်းအလုပ်ကိုလာလည်ရမဲ့အလှည့်ပဲ။ အခုငါက တကယ်အားနေတဲ့သူဖြစ်သွားပြီ။ နေ့တိုင်းအိမ်မှာ မင်းအတွက်ချက်ပြုတ်ပေးမယ်။ ကလေးထိန်းပေးမယ်။”
ဝမ်ကယ်ကဆိုဖာပေါ်အိပ်နေသည့်ခွေးသားလေးကိုလှမ်းကြည့်ပြီးနှာမှုတ်လိုက်သည်။
“ဒီလိုလည်းကောင်းတာပဲမဟုတ်လား။ မင်းက မိသားစုကိုထိန်းသိမ်းစောင့်ရှောက်တဲ့ အိမ်ရှင်ထီးလုပ်။ ငွေရှာပြီးမိသားစုထောက်ပံ့တဲ့ကိစ္စကို မင်းယောကျာ်းတာဝန်ထား။”
“အင်း။”
ကုန်းကျယ်မျက်လုံးမှိတ်ကာ လိမ်လိမ်မာမာပြောလိုက်သည်။
ဝမ်ကယ်ကကုန်းကျယ်မျက်နှာကိုအုပ်ကိုင်ရင်း ကုန်းကျယ်နှုတ်ခမ်းများကို ‘ပြွတ်’ ခနဲမြည်အောင်နမ်းရှိုက်လိုက်သည်။
👻👻👻
မေလရောက်လာတော့ စက်တင်ဘာဖျော်ဖြေပွဲအတွက် ဝမ်ကယ်စတင်ပြင်ဆင်ရကာ မနက်စောစောထ၊ ညဘက်နောက်ကျမှပြန်သည့်နေ့စဉ်ဘဝလည်း ပြန်လည်စတင်လာသည်။
ကုန်းကျယ်ကတော့လုံးဝအားနေပြီး ဒရိုင်ဘာအလုပ်ကိုလုကာ ဝမ်ကယ့်ကိုနေ့တိုင်းအကြိုအပို့လုပ်နေသည့်အတွက် ဝမ်ကယ့်ဒရိုင်ဘာပင်မကျေမနပ်ဖြစ်ရသည်။
“ဒီနေ့လည်းည(၉)နာရီမှအလုပ်ဆင်းမှာလား။”
ကုန်းကျယ် ဝမ်ကယ့်ကိုကုမ္ပဏီလိုက်ပို့ရင်း မေးလိုက်သည်။
ဝမ်ကယ်ကကုန်းကျယ်ကိုယ်တိုင်လုပ်ထားသည့် နွားနို့ပေါင်းစားနေရာမှ ကုန်းကျယ်ကိုတစ်လုတ်ခွံ့ကျွေးပြီး ပြန်ဖြေသည်။
“မပြောတတ်ဘူး။ အဖွဲ့သားတွေက ညကျစုပေါင်းညစာစားကြမယ်ပြောနေတော့ နည်းနည်းနောက်ကျလောက်တယ်။ ဒီနေ့တော့ ငါ့ကိုလာမကြိုနဲ့။ ငါ ဒရိုင်ဘာကိုပဲလာကြိုခိုင်းလိုက်မယ်။”
“ဘယ်ဖြစ်ပါ့မလဲ။”
ကုန်းကျယ်ချက်ချင်းငြင်းလိုက်သည်။
“ဘာလို့ င့ါမိန်းမကို တခြားသူကိုလိုက်ပို့ခိုင်းရမှာလဲ။ မင်းငါ့ကိုကြိုပြီးမက်ဆေ့ပို့လိုက်။ ငါမင်းကိုလာကြိုမယ်။”
“အဲ့လိုလည်းရတယ်။ ဒါနဲ့ မင်းဒီနေ့အိမ်မှာနေရင်းအားရင် သကြားခဲလေးကိုအိမ်မွေးခွေးအလှပြင်ဆိုင်ခေါ်သွားပြီး ရေချိုးပေးပါဦး။ တစ်လတ်စတည်းခွေးစာပါဝယ်ခဲ့။ အိမ်မှာခွေးစာကုန်ခါနီးနေပြီ။”
ဝမ်ကယ်က နွားနို့ပေါင်းနောက်ဆုံးတစ်လုတ်ကိုစားပြီး အမှိုက်ကိုအိတ်ထဲထည့်လိုက်သည်။
ကားကကုမ္ပဏီအောက်ရောက်နေပြီဖြစ်တာကြောင့် ဝမ်ကယ်အထုပ်အပိုးပြင်၊ နေကာမျက်မှန်တပ်လိုက်သည်။ ထို့နောက် တံခါးဖွင့်ပြီးကားပေါ်ကဆင်းမည်အလုပ် ကုန်းကျယ်ကသူ့ကိုပြန်ဆွဲေခါ်ကာ မျှော်လင့်တကြီးကြည့်လိုက်သည်။
“ဒီအတိုင်းသွားတော့မလို့လား။”
ဝမ်ကယ်အံ့အားသင့်သွားပြီး စက္ကန့်အနည်းငယ်လောက်နေမှ အသိပြန်ဝင်လာသည်။ ထို့နောက် တံခါးလက်ကိုင်ကိုလွှတ်ကာ ကုန်းကျယ်အနားတိုးပြီးနမ်းလိုက်သည်။
“ငါသွားပြီ၊ ဂရုစိုက်မောင်းဦး။”
“အင်းပါ။ ညကျတွေ့မယ်။”
ကုန်းကျယ်လည်း သူ့ကိုပြန်နမ်းကာ လွှတ်ပေးလိုက်သည်။
ဝမ်ကယ်ကုမ္ပဏီအဆောက်အဦးထဲဝင်သွားတာကြည့်ပြီးနောက် ကုန်းကျယ်ကားမောင်းထွက်လာသည်။ သို့သော် အဆောက်အအုံထောင့်တစ်နေရာမှ လူတစ်ယောက်ခေါင်းထွက်၍ချောင်းကြည့်ကာ ကားနောက်ကျောအားဓာတ်ပုံရိုက်လိုက်သည်ကို သူသတိမထားမိလိုက်ပေ။
ညရောက်တော့ ဝမ်ကယ်ပို့ပေးသည့်လိပ်စာအတိုင်း ကုန်းကျယ်လာကြိုသည်။ အခြားသူများရှိတာကြောင့် သူဆိုင်ထဲမဝင်ဘဲကားထဲမှာသာစောင့်လိုက်သည်။
ဆယ်မိနစ်ကြာတော့ ဝမ်ကယ်ဒယိမ်းဒယိုင်နှင့်အပြင်ထွက်လာသည်။ သူ့ဘေးတွင်ဘယ်သူမှမပါတာကြောင့် ကုန်းကျယ်ကားထဲမှအမြန်ထွက်ကာ သူ့ကိုတွဲလိုက်သည်။
“မင်းဘာလို့အများကြီးသောက်လာတာလဲ။”
ကုန်းကျယ်လူကိုတွဲကာ ကားဘေးလျှောက်လာသည်။
ဝမ်ကယ်ကခေါင်းခါပြကာ ကုန်းကျယ်လက်မောင်းကိုမှီပြီး ညည်းညူလိုက်သည်။
“ကျွမ်းကျွမ်း၊ ငါခေါင်းကိုက်တယ်။”
“ဒီလောက်အများကြီးသောက်မှတော့ မကိုက်ဘဲနေမလား။”
ကုန်းကျယ် သူ့ကိုမကျေမနပ်ပြန်ပြောသော်လည်း နောက်ဆုံးကျစိတ်မကောင်းဖြစ်ကာ ဘာမှထပ်မပြောရက်တော့ပေ။ သူက လူကိုတွဲပြီးခေါင်းခန်းထဲထည့်ကာ အိမ်မြန်မြန်ပြန်ဖို့လုပ်လိုက်သည်။
သူတို့ထွက်သွားပြီးသိပ်မကြာခင် လမ်းထောင့်မှအနက်ရောင်ကားတစ်စီးထွက်လာကာ သူတို့အနောက်မှတိတ်တဆိတ်လိုက်လာသည်။
ကုန်းကျယ်က ဝမ်ကယ့်အပေါ်အလုံးစုံအာရုံရောက်နေတာမို့ စစချင်းဒါကိုသတိမထားမိပေ။ နောက်တော့ ဝမ်ကယ်အိပ်ချင်မူးတူးနှင့် သူတို့အနောက်ကကားတစ်စီးလိုက်လာပုံရကြောင်းပြောမှ သူလည်းသတိထားမိသွားသည်။
ကုန်းကျယ်က ကားကိုအရှိန်တမင်တင်လိုက်၏။ ရလဒ်ကတော့ အနောက်မှကားကလည်း လိုက်ပြီးအရှိန်တင်လာသည်။ ထိုကားကသူတို့နောက်လိုက်လာမှန်းသေချာသွားခဲ့သည်။
ကံကောင်းချင်တော့ လမ်းတွင်မီးပွိုင့်များစွာရှိတာကြောင့် ကုန်းကျယ် ဘယ်မှညာလမ်းကြောင်းများပြောင်းကာ နောက်ဆုံးဒုတိယလမ်းဆုံတွင် ကားကိုမျက်ခြေဖြတ်နိုင်ခဲ့သည်။ ထို့နောက်လမ်းတစ်လျှောက်သတိကပ်ကာ အိမ်ပြန်မောင်းလာသည်။
ဒီကိစ္စကအသေးအမွှားဖြစ်သော်လည်း အိမ်ပြန်ရောက်ပြီးနောက် သူ လော့မင်ဖန်ကိုပြောပြလိုက်သည်။
“ဘယ်တုန်းကတည်းကလိုက်လာတာလဲတော့မသိဘူး၊ ဒါပေမဲ့ ကျွန်တော်ကားပေါ်ကနေလူဆင်းကြိုတာကို ဓာတ်ပုံရိုက်ထားလောက်တယ်။”
ကုန်းကျယ်က ဖုန်းကိုပခုံးကြားညှပ်ကာ လက်နှစ်ဖက်ဖြင့် ဝမ်ကယ့်ကိုအင်္ကျီကူချွတ်ပေးလိုက်သည်။
“မင်းတို့ တရင်းတနှီးအပြုအမူတွေလုပ်မိသေးလား။”
လော့မင်ဖန်က ဖုန်းထဲကမေးသည်။
“ဟင့်အင်း၊ လူတွေရှိတော့ ကျွန်တော်ဘာမှမလုပ်ရဲဘူး။ ဒါပေမဲ့ သူမူးနေလို့ ကျွန်တော်ကူတွဲပေးခဲ့တယ်။”
“အဲ့ဒါဘာမှမဖြစ်ပါဘူး။”
လော့မင်ဟန်က ဒါကိုစိတ်ထဲမထားပေ။
“မနမ်းမိသ၍ ငါ မင်းတို့အတွက်ဆင်ခြေရှာပေးလို့ရတယ်။”
“အင်း။”
ကုန်းကျယ် မကြားတစ်ချက်ကြားတစ်ချက်နားထောင်ရင်း ဝမ်ကယ့်ဘောင်းဘီကိုချွတ်လိုက်သည်။ ဖြူဖြူသွယ်သွယ်ခြေထောက်နှစ်ချောင်းက ဘောင်းဘီကျွတ်သွားသည်နှင့် လေထဲတွင်ဆိုးသွမ်းကန်ကျောက်နေ၏။ ထို့နောက် သူက ခြုံစောင်ထဲလှိမ့်ဝင်ကာ အမှောင်ထဲတွင်အိပ်ပျော်သွားတော့သည်။
ကုန်းကျယ်ကြည့်နေရင်း မျက်လုံးများ ပူပြင်းလာသည်။ သူ လက်ဆန့်ပြီး လုံးဝိုင်းဝိုင်းတင်ပါးလေးကိုအကြိမ်အနည်းငယ်ဖျစ်ညှစ်လိုက်သည်။
“စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။”
ဝမ်ကယ်ကမျက်လုံးမှိတ်ရင်း ညည်းညူလိုက်သည်။ ထို့နောက် ကုန်းကျယ်လက်နှင့်ဝေးရာကုတင်စွန်းသို့ရွှေ့သွားသည်။
ကုန်းကျယ်ရယ်ပြီး အသားယူနေသည်ကိုရပ်လိုက်၏။ ထို့နောက် ရေချိုးခန်းထဲဝင်ကာ ချိုးရေပြင်လိုက်သည်။ လော့မင်ဖန်းက ဖုန်းထဲမှပြောနေဆဲဖြစ်သည်။
“ဒီရက်ပိုင်းအပြင်မထွက်နဲ့ဦး။ ငါလည်း အင်တာနက်ပေါ်စောင့်ကြည့်ထားမယ်။ ဒါပေမဲ့စိတ်မပူပါနဲ့၊ ပြဿနာမကြီးပါဘူး။”
“အင်း၊ ကျွန်တော်သဘောပေါက်ပြီ။”
ကုန်းကျယ်က အစကတည်းကသိပ်စိတ်မပူပေ။ လော့မင်ဖန်ကိုပြောပြသည်ဆိုတာက ဒီအကြောင်းကြိုသိထားစေချင်သောကြောင့်သာဖြစ်သည်။ ဒါမှတကယ်သတင်းထွက်လာသည့်အခါ သူတို့ပျာယာခတ်မသွားမှာဖြစ်သည်။
ဖုန်းချပြီးနောက် ချိုးရေအသင့်ဖြစ်သွားသည်။ ကုန်းကျယ်ရှပ်အင်္ကျီချွတ်ကာ အိပ်ခန်းထဲပြန်ဝင်ပြီး ဝမ်ကယ့်ကိုအိပ်ရာထဲမှပွေ့ကာ ရေချိုးခန်းထဲခေါ်သွားသည်။
ဝမ်ကယ်ကလုံးဝအိပ်ပျော်နေကာ ဘယ်ရောက်လို့ရောက်နေမှန်းမသိပေ။ သို့သော် တစ်ကိုယ်လုံးနွေးထွေးပြီး သက်တောင့်သက်သာရှိတာကြောင့် သူက လေမှုတ်ထုတ်ကာ ရေချိုးကန်ထဲအနည်းငယ်တိုးဝင်လိုက်သည်။
ကုန်းကျယ် ဘောင်းဘီတောင်မချွတ်နိုင်ဘဲ သူ့ကိုအမြန်ဆွဲထူဖို့ရေချိုးကန်ထဲပြေးဝင်လိုက်သည်။ ထို့နောက် ဝမ်ကယ့်ကိုသူ့အပေါ်မှီစေကာ ပေါက်ကွဲထွက်မတတ်ဖြစ်နေသည့်စိတ်ဆန္ဒကိုထိန်းချုပ်၍ ကရိကထများသည့် ဒီကျေးဇူးရှင်လေးကိုရေချိုးပေးလိုက်သည်။
အရက်မူးနေတာကြောင့် ကျေးဇူးရှင်လေးက နည်းနည်းမှမနာခံပေ။ ရေချိုးပေးပြီးတော့ ကုန်းကျယ်တစ်ကိုယ်လုံးရေများစိုရွှဲကာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည်။ သို့သော် ကျေးဇူးရှင်လေးက ရေချိုးပြီးနောက် တစ်ကိုယ်လုံးမွှေးသန့်ကာ နူးညံ့၍ခြောက်သွေ့သန့်ရှင်းနေပြီး အိပ်ရာထဲရောက်ချိန်တွင် တရှူးရှူးဆက်အိပ်နေသည်။
ကုန်းကျယ်လည်း ရေစိုဘောင်းဘီကိုချွတ်ကာ အိပ်ရာပေါ်တက်လိုက်သည်။ ဝမ်ကယ်က အလိုလိုအနားတိုးလာပြီး ကုန်းကျယ်၏သွယ်လျလျခါးကိုပွေ့ဖက်လိုက်သည်။ ထို့နောက် သက်တောင့်သက်သာရှိစွာ မျက်နှာနှင့်ပွတ်သပ်ရင်း ဗလုံးဗထွေးခေါ်လိုက်သည်။
“ကျွမ်းကျွမ်း။”
ကုန်းကျယ်သက်ပြင်းချလိုက်ပြီး ခြုံစောင်ထဲတိုးဝင်ကာ ဝမ်ကယ့်ကိုရင်ခွင်ထဲပွေ့ဖက်လိုက်သည်။ ထို့နောက် အပြစ်ဒဏ်ပေးသည့်အနေဖြင့် ဝမ်ကယ့်ညှပ်ရိုးလေးကိုကိုက်လိုက်ကာ:
“ကျေးဇူးရှင်လေး၊ ငါ မင်းကိုအလိုလိုက်တာကိုအခွင့်ကောင်းယူနေ။”
*****
Aurora Novel Translation Team