Chapter 43
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 43 - ဓာတ်ပုံဂယက်
အပိုင်း (၄၃) – ဓာတ်ပုံဂယက်
👻👻👻
လော့မင်ဖန်း တစ်ညလုံးကွန်ပျူတာရှေ့ထိုင်ကာစောင့်ကြည့်ခဲ့သည်။ နောက်ဆုံး နောက်တစ်နေ့မနက်(၈)နာရီမှာ သတင်းထွက်လာသည်။ သတင်းကလူအများအာရုံစိုက်ခံရအောင် ဘာလိုလိုခေါင်းစဉ်မျိုးတမင်ပေးထားသည်။
[ကုန်းကျယ်နှင့်ဝမ်ကယ် ညဘက်တိတ်တဆိတ်ချိန်းတွေ့ခြင်း။ သူတို့က ညသန်းခေါင်ကြီး လမ်းမပေါ်မှာ ပေါ်တင်ပွေ့ဖက်နေကြတာ နှစ်ယောက်ကြားဆက်ဆံရေးက သံသယဝင်စရာပဲ။]
စာအပြင်ဓာတ်ပုံဆယ်ပုံလောက် တစ်ပါတည်းတွဲတင်ထားသည်။ ဓာတ်ပုံပါနေတော့ အမှန်ဟုထင်ချင်စရာ။ နောက်ပြီး သူတို့ကသတင်းခေါင်းစဉ်နှင့်ကိုက်အောင် ဓာတ်ပုံများကိုသေချာရွေးချယ်ထားသည်။
ဓာတ်ပုံတိုင်းတွင် သူတို့နှစ်ဦးကသာမန်ထက်ပိုရင်းနှီးနေသယောင်ထင်ရသည်။ အထူးသဖြင့် နောက်ဆုံးပုံအချို့တွင် ကုန်းကျယ်ကဝမ်ကယ့်ကိုဖက်ကာ ကားဆီလျှောက်လာသလိုထင်ရသည်။ ဓာတ်ပုံရိုက်ကူးသူရှုထောင့်မှကြည့်လျှင် သူတို့က အချင်းချင်းတကယ်ပွေ့ဖက်နေသလိုဖြစ်နေသည်။
ခေါင်းစဉ်က ဟိုလိုလိုဒီလိုလို၊ စာသားများကလည်း ကုန်းကျယ်နှင့်ဝမ်ကယ်၏ဆက်ဆံရေးကို ယုန်ထင်ကြောင်ထင်ဖြစ်စေသည်။
အတင်းအဖျင်းသတင်းက သေချာအတပ်ပြောထားသည့်အပြင် ဓာတ်ပုံများ၌လည်းနှစ်ယောက်လုံး၏မျက်နှာများ ရှင်းလင်းစွာပါနေတာကြောင့် ယုံချင်စရာအလွန်ကောင်းနေသည်။ ဤသို့ဖြင့် အချို့ပွဲကြည့်ပရိသတ်များက စတင်ထင်ကြေးပေးကြသည်။
<<စွန့်စားလူငယ်များ>>အစီအစဉ်ကြော်ငြာထွက်ပြီးကတည်းက ကုန်းကျယ်နှင့်ဝမ်ကယ်တို့အမည်များ နေ့တိုင်း Hot Search ပေါ်တက်ခဲ့သည်။ Hot Search ပေါ်ရောက်တိုင်းလည်း အတင်းအဖျင်းတစ်လှေကြီးတက်လာလေ့ရှိသည်။ အထူးသဖြင့် သူတို့နှစ်ယောက်ကြားကဆက်ဆံရေးဖြစ်ပြီး လူတိုင်းက ဒီအကြောင်းသိချင်နေကြသည်။ လွန်ခဲ့သောလအနည်းငယ်မတိုင်မီ ရန်သူေတာ်များဖြစ်ခဲ့သူနှစ်ဦးကို စတိတ်စင်တစ်ခုတည်းပေါ်ထွက်လာဖို့အသာထား နာမည်များအတူတကွယှဥ်တွဲဖော်ပြသည်ပင် အလွန်ရှားသည်။ သို့သော်သူတို့ကဒီအချိန်အတောအတွင်း သဘာဝရသစုံရှိုးတွင်ပါဝင်ခဲ့သလို၊ Weibo တွင်အပြန်အလှန်ပြောဆိုဆက်ဆံမှုများလည်းရှိခဲ့သည်။ နောက်ဆုံး ကုန်းကျယ်ထိုးကြိတ်သည့်ကိစ္စ၌ ဝမ်ကယ်က ကုန်းကျယ်ဘက်မှရပ်တည်ပေးခဲ့သည်။ ဒါက သူသေကိုယ်သေပြိုင်ဖက်တစ်ဦး၌ ရှိသင့်သောပုံစံမျိုးတော့မဟုတ်။
အထူးသဖြင့် ကုန်းကျယ်ဒုက္ခအကြီးအကျယ်ရောက်တုန်းက သူတို့နှစ်ယောက်ကြားဆက်ဆံရေးကိုထောက်ရှု၍ ဝမ်ကယ့်ဘက်မှအနာပေါ်ဆားလာမဖြူးလျှင်ပင်တော်လှပြီဟုလူတိုင်းကမှတ်ယူခဲ့သည်။ သို့သော်မထင်မှတ်ဘဲ ဝမ်ကယ်က ကုန်းကျယ်ဘက်မှပထမဆုံးရပ်တည်ပေးခဲ့သည်။ နောက်ပြီး သူ့သဘောထားကအလွန်ခိုင်မာပြီး ကိုယ့်ဒုက္ခကိုယ်ရှာမိမှာကိုလည်းနည်းနည်းမှဂရုမစိုက်ပေ။
ထိုအချိန်မှစ၍ လူတိုင်းတွင်မေးခွန်းများရှိလာသည်။ ‘မဟုတ်မှလွဲရော သူတို့နှစ်ဦးက သဘာဝရသစုံရှိုးမှာပါပြီး နေ့နေ့ညညအတူရှိခဲ့လို့ ရန်သူတော်ကနေ စိတ်ချင်းနီးတဲ့လူယုံတော်တွေဖြစ်သွားကြတာလား။ ဒီဆက်ဆံရေးက သိပ်ကိုမြန်ဆန်လွန်းနေတယ်။’
သူတို့နှစ်ယောက်ကြားဆက်ဆံရေးမှာမရေမရာဖြစ်တာကြောင့် ဒီသတင်းကသူတို့ကိုလိင်တူချစ်သူတွေဘက်သို့ဆွဲခေါ်သွားချင်နေသည်။
သို့သော်ယင်ဟန်ကိစ္စတွင် အလှည့်အပြောင်းမျိုးစုံကြုံတွေ့ခဲ့ရပြီးဖြစ်တာကြောင့် အင်တာနက်သုံးစွဲသူများက ထိုသတင်းနောက်မျက်စိမှိတ်မလိုက်ဘဲ တဖြည်းဖြည်း အကျိုးသင့်အကြောင်းသင့်တွေးခေါ်တတ်လာသည်။
ဤသို့ဖြင့် လော့မင်ဖန်နှင့်၎င်း၏လူမှုဆက်ဆံရေးအဖွဲ့က ဒီကိစ္စအပေါ် ဘယ်လိုတန်ပြန်တုံ့ပြန်ရမလဲဆွေးနွေးနေချိန်တွင် အင်တာနက်ပေါ်အဖွဲ့ (၃)ဖွဲ့ကွဲသွားသည်။ တစ်ဖွဲ့က အရေအတွက်အများဆုံးနှင့် သွေးထိုးလှုံ့ဆော်ရအလွယ်ကူဆုံး အစွန်းရောက်အဖွဲ့ဖြစ်သည်။ သူတို့က အမှန်တရားဟုအတပ်ပြောနေသောသတင်းကိုယုံကာ ထိုစကားများကိုအမှန်ဟုယူဆပြီး ပြောဆိုမှုများပြင်းထန်လာသည်။ နောက်တစ်ဖွဲ့ကတော့ ယုတ္တိတန်သောအဖွဲ့ဖြစ်သည်။ သူတို့က တစ်ဖက်သတ်စကားဖြင့်အမှန်ကိုကောက်ချက်ချ၍မရနိုင်ကြောင်းခံစားမိကြသည်။ သူတို့က ကုန်းကျယ်နှင့်ဝမ်ကယ်ကိုမိတ်ဆွေကောင်းများဟုသာယုံကြည်ပြီး ဓာတ်ပုံနှင့်ပတ်သက်၍ဘာထင်မြင်ချက်မှမပေးဘဲ တရားဝင်ကြေညာချက်ထုတ်ပြန်သည်ကိုသာစောင့်ဖို့ဆိုသည်။ နောက်ဆုံးအဖွဲ့ကတော့ ကြားနေအဖွဲ့ဖြစ်သည်။ သူတို့ကဘာထင်မြင်ယူဆချက်မှမဖော်ပြဘဲ တိတ်တဆိတ်စောင့်ကြည့်နေကြသည်။
သို့ဖြင့်အစွန်းရောက်အဖွဲ့နှင့် ယုတ္တိတန်သောအဖွဲ့ အွန်လိုင်းတွင်အသည်းအသန်ရန်ဖြစ်ကြတော့သည်။ ကြားနေအဖွဲ့ကတော့ ထိုနှစ်ဖွဲ့အား အေးအေးဆေးဆေးပင် ဆက်လက်ဝန်းရံနေသည်။
ဝမ်ကယ် weibo ပင်မစာမျက်နှာကိုကြည့်ရင်း စိတ်ပျက်လက်ပျက်သက်ပြင်းချကာ ဖုန်းကိုစားပွဲပေါ်ပစ်လိုက်သည်။
ကုန်းကျယ်က သကြားခဲလေး၏အမွှေးများရှင်းပေးနေသည်။ သကြားခဲလေးက ခုတလော အမွှေးကျွတ်ရာသီရောက်လာပြီဖြစ်သည်။ ခွေးမွှေးများတစ်အိမ်လုံးရှိနေခြင်းက ဝမ်ကယ့်အသက်ရှုလမ်းကြောင်းအတွက်မကောင်းပေ။ ထို့ကြောင့် ကုန်းကျယ်က မဖြစ်မနေခွေးမွှေးရှင်းပေးနေရသည်။
နောက်ဆုံးခွေးမွှေးတစ်သုတ်ရှင်းပြီးနောက် ကုန်းကျယ်သကြားခဲလေးကို လှောင်အိမ်ထဲထည့်လိုက်သည်။ ဝမ်ကယ်အနားလျှောက်သွားပြီး ကုန်းကျယ်ကိုဖက်မည်အလုပ် ကုန်းကျယ်ကသူ့ကိုလက်ဆန့်ကာတားလိုက်သည်။
“ငါနဲ့ဝေးဝေးနေဦး။ တစ်ကိုယ်လုံးခွေးမွှေးတွေနဲ့။”
ကုန်းကျယ်က ဝမ်ကယ့်ကိုဝေးဝေးနေဖို့ပြောပြီး အပေါ်ရှပ်အင်္ကျီချွတ်လိုက်သည်။ ထို့နောက်စွပ်ကျယ်၊ ဘောင်းဘီနှင့်သာ အဝတ်အစားလဲဖို့အပေါ်ထပ်တက်သွားသည်။
ဝမ်ကယ်က အပေါ်တက်သွားသည့် ကုန်းကျယ်နောက်ကျောကိုကြည့်ပြီး နှုတ်ခမ်းများတွန့်ကွေးသွားသည်။ ထို့နောက်နှာခေါင်းရှုံ့ပြီး ကြမ်းပြင်ပေါ်ကရှပ်အင်္ကျီကိုကန်လိုက်၏။ လှောင်အိမ်ထဲရှိသကြားခဲလေးက ခေါင်းမော့ကြည့်ကာဝမ်ကယ့်ကိုလှမ်းဟောင်သည်။
သကြားခဲလေးအမွှေးစကျွတ်ကတည်းက အဖေက သူ့ကိုဖေဖေလေးနားကပ်ခွင့်မပြုတော့ပေ။ သူ့ခမျာဖေဖေလေးကိုမဖက်ရတာအတော်ကြာလေပြီ။ သူကရှေ့လက်ကလေးဆန့်ကာ သူ့ဖေဖေလေးကိုမျှော်လင့်တကြီးလှမ်းကြည့်သည်။
ဝမ်ကယ် ခွေးလှောင်အိမ်ရှေ့ဆောင့်ကြောင့်ထိုင်ချကာ ပါးစပ်နှင့်နှာခေါင်းကိုလက်နှင့်အုပ်လိုက်သည်။ ထို့နောက်ကျန်လက်တစ်ဖက်နှင့် သူ့သား၏အမွှေးထူထူလက်ဖဝါးလေးကိုပွတ်သပ်လိုက်သည်။ သူ သူ့သားကိုပွေ့ဖက်ချင်သော်လည်း အိမ်ထောင်ဦးစီး၏အာဏာစက်ကြောင့် သကြားခဲလေးကို လှောင်အိမ်အပြင်မလွှတ်ပေးရဲပေ။
“သားလေး။ ဖေဖေဒီအတောအတွင်းမင်းကို မချီနိုင်သေးဘူး။ မင်းအဖေကပြောတယ် ဖေဖေသားကိုချီရင် သားကိုတခြားသူဆီပေးပစ်မယ်တဲ့။”
ဝမ်ကယ် သူ့သား၏အမွှေးထူထူခေါင်းလေးကိုပွတ်သပ်လိုက်သည်။
“လိမ္မာနော်၊ ခဏသည်းခံလိုက်ဦး၊ မင်းအမွှေးမကျွတ်တော့တဲ့အချိန်ကျ ဖေဖေမင်းကိုနေ့တိုင်းချီမယ်နော်။”
သကြားခဲလေးက သူ့စကားနားလည်ပုံရကာ လှောင်အိမ်ထဲနေ ဖျော့တော့စွာတအီအီအသံပေးလိုက်သည်။
“အိုက်ယား၊ ငါ့ရဲ့သနားစရာကောင်းလိုက်တဲ့သားလေး။”
ဝမ်ကယ် သူ့သားကျောကိုပွတ်လိုက်တော့ လက်ထဲခွေးမွှေးတွေကပ်ပါလာသည်။ သို့နှင့်သူလက်အမြန်ရုပ်ကာ ခွေးမွှေးများကိုကုန်းကျယ်အင်္ကျီနှင့်သုတ်လိုက်သည်။
ထိုစဉ်အပေါ်ထပ်မှာအသံထွက်လာပြီး ကုန်းကျယ်အဝတ်အစားလဲပြီးသွားပုံရသည်။ ဝမ်ကယ်ဆိုဖာဆီအမြန်ပြေးသွားကာ ပက်လက်လှဲပြီး ကြည့်လတ်စရုပ်ရှင်အပေါ်အာရုံစိုက်လိုက်သည်။
ကုန်းကျယ်သူ့ခေါင်းလာကိုင်တော့ ဝမ်ကယ်ကိုယ်လုံးအသာကြွပေးလိုက်သည်။ ထို့နောက် ကုန်းကျယ်သူ့ဘေးဝင်ထိုင်တာစောင့်ပြီး ကုန်းကျယ်ပေါင်ပေါ်ပြန်လှဲအိပ်လိုက်သည်။
“ငါထျန်းထျန်းကိုပြောပြီးပြီ။ သူ့ကိုလော့မင်ဖန်းဆီဆက်သွယ်ပြီး အပြင်ကကိစ္စကိုနှစ်ယောက်ပေါင်းဖြေရှင်းဖို့ပြောထားတယ်။”
ဝမ်ကယ် ကုန်းကျယ်ပေါင်ပေါ်လှဲရင်း လက်ကကုန်းကျယ်ဘောင်းဘီပေါ်မှလျှောဆင်းသွားသည်။
“အင်း၊ မင်ဖန်း အဲ့ကိစ္စကိုစဖြေရှင်းနေပြီ။”
ကုန်းကျယ်က သူ့ခြေသလုံးမွှေးများကိုဆော့နေသည့်လက်အားဖမ်းဆုပ်လိုက်သည်။
“ဒီကိစ္စကသိပ်မပြင်းထန်ပါဘူး။ မင်ဖန်းကိုင်တွယ်နိုင်ပါတယ်။”
“ငါစိတ်မပူပါဘူး။ ငါကဒီကိစ္စကိုမငြင်းတာပိုကောင်းမလားလို့။ တစ်နေ့ကျရင် ငါတို့က လူသိရှင်ကြားကြေညာမှာလေ။ အခုချိန်ငါတို့ရဲ့ဆက်ဆံရေးကိုငြင်းတာက ညာတာနဲ့အတူတူပဲ။”
ဝမ်ကယ်ပက်လက်လှန်လျက်သား ကုန်းကျယ်မေးစေ့ကိုကြည့်ကာ မိမိစိုးရိမ်ပူပန်နေသည်များကိုပြောလိုက်သည်။
“ငါလည်းအဲ့ဒါစဉ်းစားမိတယ်၊ ငါမင်ဖန်းကိုပြောပြီးပြီ။ သူ့ကိုသိပ်အတိအကျမပြောဘဲ နည်းနည်းပါးပါးရှင်းပြပြီး ထွက်ပေါက်ချန်ခိုင်းထားတယ်။”
“အင်း။”
ဝမ်ကယ် ကုန်းကျယ်စကားကိုတုံ့ပြန်လိုက်သည်။ ကုန်းကျယ်ကြွက်သားများက တောင့်တင်းပြီး ခေါင်းအုံးဖို့အပျော့အမာအနေတော်ပင်။ သို့နှင့်သူခဏမျက်လုံးမှိတ်ထားရင်း တဖြည်းဖြည်းအိပ်ငိုက်လာသည်။
ကုန်းကျယ်ကဆိုဖာပေါ်ကနေ ခြုံစောင်လှမ်းယူကာ ဝမ်ကယ့်ပေါ်အသာခြုံပေးလိုက်သည်။ ထို့နောက် တီဗွီအသံတိုးကာ အိပ်ပျော်နေသောချစ်သူနှင့်အတူ ယခုလိုရှားရှားပါးပါးတိတ်ဆိတ်ငြိမ်သက်သည့်အချိန်လေးကို ပျော်ရွှင်စွာဖြတ်သန်းလိုက်သည်။ ယခုအချိန်၌ အင်တာနက်ပေါ်ဖြစ်ပျက်နေသမျှအရာအားလုံး သူတို့နှင့်ဘာမှမဆိုင်တော့သလိုပင်။
ထိုနေ့ညနေတွင် ကုန်းကျယ်၏စတူဒီယိုမှ ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့သည်။ ၎င်းက ကုန်းကျယ်နှင့်ဝမ်ကယ်ကြားဆက်ဆံရေးနှင့်ပတ်သက်၍ ရည်ရွယ်ချက်ရှိရှိထင်ကြေးပေးနေသည့်အပေါ် တရားဝင်ဖြေရှင်းချက်ပေးခဲ့သည်။
ကြေညာချက်ထဲတွင် စာအနည်းအကျဉ်းသာရေးသားထားပြီး အဓိကအကြောင်းအရာကိုထောက်ပြကာ အတင်းအဖျင်းပို့စ်ပါအကြောင်းအရာများကို ကုန်းကျယ်ဘက်မှရှင်းလင်းထားသည်။ တကယ်တော့ ဒါဘာမှသတင်းထူးမဟုတ်ကြောင်း၊ ကုန်းကျယ်က လုပ်ဖော်ကိုင်ဖက်များနှင့်ညစာအတူစားပြီးပြန်လာသော ဝမ်ကယ်နှင့် လမ်းတွင်အမှတ်တမဲ့ဆုံခဲ့တာဖြစ်ကြောင်း။ ဝမ်ကယ်မှာအရက်မူးနေပြီး အနားတွင်လက်ထောက်လည်းမပါတာကြောင့် ကုန်းကျယ်ကတစ်ခုခုမတော်တဆဖြစ်မည်စိုးကာ အိမ်ပြန်လိုက်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ညသန်းခေါင်ပွေ့ဖက်နေသည့်ကိစ္စနှင့်ပတ်သက်၍ ဝမ်ကယ်မှာအရက်မူးနေ၍ မတ်တပ်ကောင်းကောင်းမရပ်နိုင်တာကြောင့် ကုန်းကျယ်ကစေတနာဖြင့်ကူညီပေးခဲ့တာဖြစ်ကြောင်း ဆိုထားသည်။
နာရီဝက်ခန့်ကြာတော့ ဝမ်ကယ့်ဘက်မှလည်းဖြေရှင်းချက်ထုတ်လာသည်။ ပါဝင်သည့်အကြောင်းအရာက ကုန်းကျယ်နှင့်အတူတူပင်ဖြစ်သော်လည်း သူတို့ကဝမ်ကယ့်ဘာကြောင့် ထို့နေ့ထိုနေရာတွင်ရှိနေပြီး ဘာကြောင့်ကုန်းကျယ်နှင့်အတူကားပေါ်တက်သွားခဲ့ကြောင်းအသေးစိတ်ရှင်းပြထားသည်။ ဝမ်ကယ်၏ဖြေရှင်းချက်က ထိုနေ့ညဝမ်ကယ့်ကိုလာကြိုမည့်အေးဂျင့်၏ကားက လမ်းတွင်ရုတ်တရက်စက်ချို့ယွင်းသွားကြောင်း၊ သူ့ကိုဘယ်သူမှလာမကြိုနိုင်ဖြစ်နေစဉ် ကုန်းကျယ်ကားမောင်းလာသည်နှင့်ကြုံ၍ အကြောင်းစုံသိသွားသည့်အခါ သူက
ဝမ်ကယ်အေးဂျင့်အစား ဝမ်ကယ့်ကိုအိမ်ပြန်ပို့ပေးခဲ့တာဖြစ်ကြောင်းဆိုထားသည်။
ထို့နောက်လူတိုင်းသံသယကင်းစေရန် ဝမ်ကယ်နှင့်သူ၏လုပ်ဖော်ကိုင်ဖက်များညစာစားနေသည့်ဓာတ်ပုံများနှင့် ထိုနေ့ညကအေးဂျင့်၏ကားပြုပြင်သည့်စာရွက်စာတမ်းကိုပါ အချိန်အတိအကျဖြင့်တစ်ပါးတည်းတွဲတင်ထားသည်။
ထို့နောက် ဝမ်ကယ်နှင့်ကုန်းကျယ်တို့ကလည်း ကြေညာချက်များကို အသီးသီးပြန်လည်ပို့စ်တင်ခဲ့သည်။
အင်တာနက်အသုံးပြုသူများက အမှန်ကိုသိရသည်နှင့် အတင်းပြောလိုစိတ်များရုတ်ခြည်းပျောက်ကွယ်သွားသည်။ သူတို့က ဒီကိစ္စသိပ်စိတ်ဝင်စားစရာမကောင်းဘူးဟုထင်သွားပုံရကာ သိပ်အာရုံမစိုက်ကြတော့ပေ။ သို့သော် အားလုံးက သူတို့နှစ်ဦးကြားခင်မင်မှုက အလွန်လျင်မြန်စွာခိုင်မြဲလာသည်ဟုခံစားမိကြသည်။ ‘ခင်တာဘယ်လောက်ကြာသေးလို့လဲ။ သူတို့ကတစ်ယောက်ကိုတစ်ယောက်အိမ်ပြန်လိုက်ပို့နေကြပြီ။’
ဒီကိစ္စက ထင်သည့်အတိုင်းကြီးကြီးမားမားမဖြစ်သွားပေ။ ထို့အပြင် ဒီတစ်ခေါက်၌ နှစ်ဖက်စလုံး၏အဓိကဖန်အဖွဲ့များက ဘာထင်မြင်ချက်မှမပေးဘဲ တိတ်ဆိတ်ငြိမ်သက်နေကာ အများစုကပွဲကြည့်ပရိသတ်များဖြင့်သာစည်ကားနေသည်။
သူတို့၏နတ်ဘုရားကိုယုံကြည်ရန် ဝမ်ကယ်ထံမှအားပေးစကားကြားခဲ့ရသည့်အချိန်မှစတင်၍ ကုန်းကျယ်ဖန်များက ဝမ်ကယ့်အပေါ်အမြင်ကြည်လင်လာကာ ဆဲဆိုကြိမ်းမောင်းခြင်းမပြုလုပ်ကြတော့ပေ။ တစ်ခါတရံ ဆန့်ကျင်သူဖန်များမှ ဝမ်ကယ်ကိုရက်ရက်စက်စက်ပြောဆိုကြလျှင်တောင် ကုန်းကျယ်ဖန်များပါ ဝမ်ကယ်ဘက်မှပါဝင်ကူညီ၍ ဝမ်ကယ့်ဖန်များနှင့်အတူ ပြန်လည်ဆဲဆိုကြိမ်းမောင်းပေးကြသည်။ ဘာပဲပြောပြော သူတို့အားလုံးကကျေးဇူးသိတတ်သည့်လူငယ်များဖြစ်ကြသည်။ အင်တာနက်တစ်ခုလုံး သူတို့နတ်ဘုရားကိုတိုက်ခိုက်ဝေဖန်နေချိန် ဝမ်ကယ်တစ်ဦးတည်းကသာ မိမိကိုယ်ကုိထိခိုက်မှာမကြောက်ဘဲ ရဲရဲဝံ့ဝံ့ရှေ့ထွက်ပြောဆိုပေးခဲ့သူဖြစ်သည်။ နှစ်ယောက်ကြားခင်မင်မှုက ဒီလောက်သိသာနေမှတော့ သူတို့ကကိုယ့်လူမျက်နှာကိုယ်အိုးမဲသုတ်ပါတော့မလား။
ဝမ်ကယ့်ဖန်များကအမြဲစကားနားထောင်သူများဖြစ်သည်။ သူတို့ကကုန်းကျယ်ကိုရဲရဲတင်းတင်းဆူပူကြိမ်းမောင်းသည်ကလွဲလျှင် ကျန်အချိန်များတွင်အလွန်လိမ္မာပြီး ဝမ်ကယ့်စကားကိုအထူးနားထောင်ကြသည်။ ယခင်က သူတို့ကုန်းကျယ်ကိုဆဲဆိုခဲ့ခြင်းမှာ ကုန်းကျယ်သည် သူတို့နတ်ဘုရား၏မဟာရန်သူတော်ကြီးဖြစ်နေတာကြောင့် ဝမ်ကယ့်ရန်သူမှန်သမျှ ဆောင်းဦးလေပြေကရော်ရွက်ဝါများကိုမြေခစေသလို သူတို့ကလည်းဝမ်ကယ့်ရန်သူကိုသေချာပေါက်အမြစ်ဖြတ်ပစ်ရမည်ဖြစ်သည်။
သို့သော်နောက်ပိုင်း ဝမ်ကယ်နှင့်ကုန်းကျယ် ရန်သူမှမိတ်ဆွေဖြစ်သွားသည့်အခါ နှစ်ဖက်ဖန်များလည်း အချင်းချင်းရန်မဖြစ်ကြတော့ဘဲ ရန်ပွဲများအလိုလိုအဆုံးသတ်သွားသည်။
ဒီကိစ္စကနေအမြတ်အထွက်ဆုံးသူများကတော့ ယက်ကန်ယက်ကန်ရှင်သန်ခဲ့ရသော စုံတွဲ CP ဖန်များဖြစ်သည်။ သူတို့က <<စနေနေ့တွေ့ကြမယ်>> အစီအစဉ်ပြီးသွားပြီးနောက်ပိုင်း အရင်အချိုလေးများကို စားမြုံပြန်ရင်းသာရှင်သန်ရတော့မည်ဟုတွက်ထားခဲ့သော်လည်း မမျှော်လင့်ဘဲသကြားတံုးသကြားခဲများတစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။
Weibo တွင်အပြန်အလှန် follow လုပ်ရာမှစ၍ သကြားခဲများတစ်ခုပြီးတစ်ခုမပြတ်တမ်းကျရောက်လာသလို သူတို့ဖန်အဖွဲ့လည်းကြီးသထက်ကြီးလာသည်။ ယခင် အဖွဲ့ဝင် (၂၀၀၀) သာရှိသောမထင်မရှား စုံတွဲဖန်ဂရုလေးမှ အဖွဲ့ဝင်သောင်းချီသောဖန်အဖွဲ့တစ်ခုဖြစ်လာသည်။
ဤသို့ဖြင့်သူတို့ဖန်အဖွဲ့ထဲတွင် နေ့တိုင်းအလွန်စည်ကားနေလေသည်။ အဓိကဇာတ်ကောင်နှစ်ဦးက သူတို့ကို နှစ်ရက်ခြားတစ်ခါလောက်အချိုတွေကျွေးနေတာကြောင့် ဖန်ပန်းချီလက်ရာ (fan art)များ၊ ဖန်ကာတွန်းများ၊ စိတ်ကူးယဉ်ဖန်ဝတ္ထု (fanfic) များ အဆုံးမဲ့ပလူပျံအောင်ထွက်ပေါ်လာသည်။ အသစ်ထွက်နှုန်းတိုးအောင်လှုံ့ဆော်မှုများပေါက်ကွဲထွက်လာသလို အချိုကြိုက်သူအပေါင်းကလည်း ပျော်ရွှင်နေကြသည်။ ဖန်များက စုံတွဲအမည်တောင်စဉ်းစားထားကြပြီး – ကျိုကုန်းကယ် ဟုပေးထားသည်။ ဘယ်သူကကုန် ဘယ်သူကရှိုဆိုတာကတော့ မိမိသဘောဖြစ်သည်။
ကုန်းကျယ်ဆိုလျှင်ဝါရင့်စုံတွဲဖန်ကြီးဟုပင်သတ်မှတ်လို့ရနေလေပြီ။ သို့သော် သူက သူနှင့်ဝမ်ကယ့်အကြောင်းရေးထားသည့်ဝတ္ထုများ၊ ပုံနှင့်ဗွီဒီယိုများကိုသာ ဝင်ကြည့်ဖြစ်သည်။
ကုန်းကျယ်ဒီအတောအတွင်း အိမ်မှာအလုပ်မရှိဘဲအားနေသည်။ နောက်ပြီး ကျိုကုန်းကယ်ကလေးမလေးများက အလွန်တက်ကြွပြီးဖြစ်ထွန်းတာကြောင့် သူနေ့တိုင်းလိုလို ဖန်အဖွဲ့ထဲခေါင်းစိုက်ကာ စိတ်ကူးယဉ်ဖန်ဝတ္ထုများဖတ်ရှုခဲ့သည်။
ဒါကစိတ်ကူးယဉ်ဝတ္ထုဖြစ်တာကြောင့် သဘာဝအလျောက်မဖွယ်မကာအကြောင်းအရာအချို့ပါတတ်သည်။ အစက သူနှင့်ဝမ်ကယ်ကိုဇာတ်ကောင်တည်ရေးဖွဲ့ထားသည့်ဝတ္ထုများကိုဖတ်ရတော့ ကုန်းကျယ်နည်းနည်းမနေတတ်မထိုင်တတ်ဖြစ်မိသည်။ သို့သော်သူဖတ်ရင်းဖတ်ရင်း တဖြည်းဖြည်းသဘောကျလာပြီး ဝတ္ထုများထဲမှအနေအထားအချို့ကိုပင် လေ့လာသင်ယူကာ ညဘက်ဆိုဝမ်ကယ်နှင့် စိတ်အားထက်သန်စွာလက်တွေ့လေ့ကျင့်ခဲ့သည်။
သနားစရာဝမ်ကယ်ခမျာ နေ့ဘက်ဆိုဖျော်ဖြေပွဲအတွက်ပြင်ဆင်ရပြီး ညဘက်ဆို ကုန်းကျယ်နှင့် role – play များလုပ်ရသည်။ နောက်ပိုင်း ကုန်းကျယ်တစ်ယောက် ဒီလောက်နှင့်မကျေနပ်တော့ဘဲ ဇာတ်လမ်းပါအကြောင်းအရာများကို လက်တွေ့ဘဝတွင်စတင်အကောင်အထည်ဖော်တော့သည်။ သူက ဝမ်ကယ်ကိုသရုပ်ဆောင်လေ့ကျင့်သည်ဟုညာပြောပြီး ဝတ္ထုထဲကဒိုင်ယာလော့များကို အတင်းပြောခိုင်းသည်။
အစတုန်းကတော့ သူ ဝမ်ကယ့်ကိုပြောရုံအပြင် ကိုယ်တိုင်သရုပ်ဆောင်ဖို့ပါတောင်းဆိုချင်သေးသည်။ သို့သော် ဝမ်ကယ်အလွန်ပင်ပန်းနေတာမြင်တော့ သူကအများကြီးဒုက္ခမပေးဘဲ မိမိပြောရမည့်အပိုင်းကိုသာပြီးအောင်ပြောခဲ့သည်။
သူတို့တစ်ပတ်လျှင်နှစ်ကြိမ်သုံးကြိမ်ခန့်အမြဲလုပ်ဖြစ်ပြီး အခေါက်တိုင်းလည်း ဝမ်ကယ်မှာသတိလစ်သည်အထိနှိပ်စက်ခံရသည်။ သူ့ခမျာပင်ပန်းလွန်းသဖြင့် အဆုံးထိမရောက်ခင် ခေါင်းအုံးပေါ်လှဲကာအိပ်ပျော်သွားလေ့ရှိပြီး ကုန်းကျယ်ကတော့တစ်ယောက်တည်း ညည်းညူခံစားရင်းကျန်ရစ်ခဲ့သည်။ ဝမ်ကယ်က ကုန်းကျယ်၏မူမမှန်သောအပြုအမူများကို လုံးဝသံသယမဝင်ပေ။ သူက နာကျင်ကိုက်ခဲနေသည့်ခါးလေးကိုပွတ်ရင်း အချိန်ရရင်ရသလိုအတွေးဝင်မိသည်။ သူအိမ်မှာနေရတာသိပ်ပျင်းနေလို့ဖြစ်မယ်။ သူ့စွမ်းအားတွေကိုဘယ်နားမှအသုံးချစရာမရှိတိုင်း ငါ့အပေါ်ပဲပုံချနေတာ။ ကြည့်ရတာအလုပ်ကနေအနားယူဖို့ကိစ္စတွေဘာတွေကိုအသက်(၅၀)ကျော်မှပဲ ထပ်ပြောကြရမယ်ထင်ပါရဲ့။
*****
Aurora Novel Translation Team