Chapter 45
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 45 - ကုန်းကျယ်၏တိုက်ရိုက်ထုတ်လွှင့်မှု
အပိုင်း (၄၅) – ကုန်းကျယ်၏တိုက်ရိုက်ထုတ်လွှင့်မှု
👻👻👻
နွေဝင်လာတော့ ရာသီဥတုက တဖြည်းဖြည်းပိုပူလာသည်။ ဇွန်လမှစတင်၍ ဝမ်ကယ်၏ နှစ်စဉ်အစားအသောက်ပျက်တတ်သည့်အချိန်ပြန်လည်ရောက်ရှိလာသည်။ သူ့ခန္ဓာကိုယ်သေးသေးလေး တစ်နေ့တခြားပိုပိန်လာတာမြင်တော့ ကုန်းကျယ်အတော်စိတ်မကောင်းဖြစ်ရသည်။ သို့သော် ဒီတစ်ခေါက် သူဝမ်ကယ့်ကို အစားကောင်းကောင်းကျွေးမရဖြစ်နေသည်။
နွေရာသီ၌အလွန်ပူပြင်းတာကြောင့် လူတိုင်းအစားအသောက်ပျက်သည့်ဒဏ်ကိုအနည်းနှင့်အများခံစားကြရသည်။ သို့သော် ဝမ်ကယ်က သူများထက်ပိုမိုသက်ရောက်မှုပြင်းထန်သည်။
ဝမ်ကယ်သည် ရာသီဥတုစတင်ပူပြင်းလာသည်နှင့် တစ်နေ့တစ်ခြားအစားနည်းလာသည်။ အထူးသဖြင့် ဟင်းပူပူ၊ ဟင်းရည်ပူပူဆို ထိတောင်မထိ၊ နေ့တိုင်းဆန်ပြုတ်အဖြူထည်နှင့်ချဉ်ဖတ်သာစားနေသည်။ ယင်ယွီထျန်းပင် ကုန်းကျယ်ဝမ်ကယ့်ကိုတမင်နှိပ်စက်ပြီး အစားကောင်းကောင်းမကျွေးဘူးထင်ကာ ကုန်းကျယ်ထံဖုန်းဆက်၍ ပြင်းပြင်းထန်ထန်စွပ်စွဲခဲ့သေးသည်။
ကုန်းကျယ်မှာလည်း ပြောမပြနိုင်သည့်ပြဿနာများရှိနေသည်။ သူကနေ့တိုင်းအသားဟင်း၊ ငါးဟင်းများချက်ပြုတ်၍ ဝမ်ကယ့်ကို နည်းနည်းလောက်ပိုစားဖြစ်အောင် မလှိမ့်တစ်ပတ် အမျိုးမျိုးချော့မော့ကျွေးရသည်။ သို့သော် ဝမ်ကယ်ကတော့ ဘာမှမစား။ဗြိတိန်ကအမေနှစ်ယောက်ပို့လိုက်သည့်အိမ်လုပ်ချဉ်ဖတ်နှင့် မပူအောင်ကြိုတင်အအေးခံထားသည့်ဆန်ပြုတ်အဖြူထည်ပန်းကန်တစ်ဝက်လောက်ကိုသာ နေ့တိုင်းစားနေသည်။
ကုန်းကျယ် ငါးတစ်ဖတ်ယူပြီး ဝမ်ကယ်ပါးစပ်ဟတုန်းအမြန်ခွံ့လိုက်သည်။ ကံဆိုးချင်တော့ ဝမ်ကယ်ကသူ့လှည့်ကွက်ကိုကြိုသိနေသည်။ သူက ကုန်းကျယ်တူ ပါးစပ်နားမရောက်ခင် ဟထားသည့်ပါးစပ်ကိုအမြန်ပြန်ပိတ်လိုက်သည်။
ကုန်းကျယ်စိတ်ဓာတ်ကျသွားပြီးပြောသည်။
“အချစ်လေး၊ ကျေးဇူးပြုပြီး အသားလေးတစ်လုတ်လောက်စားပါလား။ မင်းဘယ်လောက်ပိန်နေပြီလဲ ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်ဦး။”
“ဒါပေမဲ့ ငါတကယ်မစားနိုင်တော့ဘူး။”
ဝမ်ကယ်က အပြစ်ကင်းစင်သည့်အကြည့်ဖြင့် သူ့လူကိုကြည့်လိုက်သည်။
“ပြီးတော့ ငါနောက်နှစ်လနေရင်ဖျော်ဖြေပွဲလုပ်တော့မှာ စပြီးဝိတ်ချသင့်ပြီ။”
“ဘာကိုဝိတ်ချမှာလဲ။”
ကုန်းကျယ်တူကိုပစ်ချပြီး အလေးအနက်ပြောလိုက်သည်။
“မင်းဒီထက်ပိုပိန်ရင် လူရုပ်ပေါက်မှာမဟုတ်တော့ဘူး။”
ဝမ်ကယ်က ကြာလေပိုပိန်လေဖြစ်လာသော သူ့ခါးလေးကိုကိုင်ကာ မတတ်သာသလိုပြောလိုက်သည်။
“ငါလည်းဝိတ်မချချင်ပါဘူး။ ဒါပေမဲ့ ရာသီဥတုပူရင် ငါအစားမစားနိုင်တာ မင်းလည်းအသိပဲ။”
“ဒါမှမဟုတ် ငါတို့တရုတ်ရိုးရာဆေး စမ်းကြည့်မလား။”
ဝမ်ကယ့်တွင် ကလေးဘဝကတည်းက နွေရာသီ အစားမစားချင်သည့်ပြဿနာရှိခဲ့သည်။ ဒီကိစ္စအတွက် ဝမ်ကယ့်မိဘများက သူတို့သားကိုအကြိမ်ပေါင်းများစွာဆေးရုံဆေးခန်းပြသခဲ့သည်။ သူတို့က တရုတ်ရိုးရာဆရာဝန်ရော၊ အနောက်တိုင်းဆရာဝန်များနှင့်ပါပြသခဲ့သည်။ သို့သော် ဆရာဝန်အားလုံးက ဒါကအကြောင်းအရင်းမရှိသလို၊ ရောဂါတစ်ခုလည်းမဟုတ်ကြောင်း၊ မသက်မသာပူအိုက်သည့်ခံစားချက်ကြောင့် အစာစားချင်စိတ်ကိုသက်ရောက်မှုရှိနေတာဖြစ်၍ ဆေးဝါးများနှင့်ကုသဖို့ခက်ကြောင်းပြောခဲ့သည်။ ဒီကိစ္စကလူတိုင်းကိုအတော်ခေါင်းခဲစေကာ ကလေးဘဝတွင် အာဟာရချို့တဲ့သည့်ဒဏ်ကို ဝမ်ကယ် အကြာကြီးခံစားခဲ့ရသည်။
သူကြီးလာတော့ ဒီကိစ္စကကုန်းကျယ်အတွက်အကြီးမားဆုံးခေါင်းခဲစရာဖြစ်လာသည်။ အိမ်မှာနွေရာသီရောက်တိုင်း ဝမ်ကယ့်ကိုအစားပိုစားအောင်ဘယ်လိုလုပ်ရမလဲ သူစတင်စိတ်ပူရသည်။ တစ်ခါကကုန်းကျယ်လက်မလျှော့ဘဲ ဝမ်ကယ့်ကိုတရုတ်ရိုးရာေဆးရံုတစ်ခုသို့ခေါ်သွားသည်။ ဆရာဝန်က အသက်ကြီးကြီးဝါရင့်သမားတော်ဖြစ်ပြီး သူရှင်းပြသည့်ရောဂါလက္ခဏာများက အရင်ဆရာဝန်များရှင်းပြသည်နှင့်အတော်လေးဆင်တူသည်။ သူကကုသနည်းတချို့ပြောပြကာ အစာစားချင်စိတ်ဖြစ်အောင် တရုတ်ရိုးရာဆေးနည်းသုံးဖို့အကြံပြုခဲ့သည်။ သို့သော်ဝမ်ကယ်က ဆေးခါးခါးများကိုအကြောက်ဆုံးဖြစ်၏။ ထို့ကြောင့် ဒီစကားကြားသည်နှင့် သူကကုန်းကျယ်ကိုဆွဲကာ ချက်ချင်းပြန်လှည့်လာသည်။
တရုတ်ဆေးသောက်ရမည်ကြားတော့ ကုန်းကျယ်လည်း အနည်းငယ်တွန့်ဆုတ်သွားသည်။ အကြောင်းက ဝမ်ကယ်အလွန်အခါးကြောက်မှန်း သူသိနေသည်။ ပုံမှန်ဆိုဟင်းသီးဟင်းရွက်အခါးတောင်မစားသူက တရုတ်ဆေးသောက်ဖို့ဆိုတာဝေးလာဝေးပင်။ ထို့ကြောင့် ဝမ်ကယ်သူ့ကိုပြန်ဆွဲခေါ်လာတော့ ကုန်းကျယ်ဘာမှမပြောခဲ့ပေ။ သို့သော် ယခုအချိန်က ဝမ်ကယ်တစ်နေ့တစ်ခြားပိန်လာသလို၊ ဝမ်ကယ့်အတွက်အလုပ်အများဆုံးအချိန်လည်းဖြစ်နေသည်။ သူတစ်နေ့ကျ ခံနိုင်ရည်မရှိဘဲအိပ်ရာထဲလဲသွားမှာစိုးရသည်။ သို့နှင့် ကုန်းကျယ် တရုတ်ဆေးစမ်းသုံးဖို့ ဝမ်ကယ်ကိုဖျောင်းဖျလိုက်သည်။
ဝမ်ကယ်ကတရုတ်ဆေးသောက်ရမည်ကြားတော့ မျက်နှာအလိုလိုရှုံ့သွားသည်။ သို့သော် ကုန်းကျယ်မျက်ဝန်းထဲကစိုးရိမ်စိတ်ကိုမြင်တော့ နောက်ဆုံးမှာသူလက်ခံလိုက်သည်။
“ကောင်းပြီလေ၊ ဒါပေမဲ့ငါသောက်နိုင်မယ်လို့အာမမခံဘူးနော်။”
“ကိစ္စမရှိဘူး။ စမ်းကြည့်တာပေါ့။ အကယ်၍မင်းမသောက်နိုင်ရင် မသောက်နဲ့။”
ဝမ်ကယ်စမ်းကြည့်ဖို့သဘောတူတော့ ကုန်းကျယ်စိတ်သက်သာရာရကာ ရွှင်ရွှင်ပျပျပြန်ဖြစ်လာသည်။
သို့သော် ကြောက်စိတ်ဆိုတာလွယ်လွယ်နှင့်ကျော်လွှားဖို့ခက်သည်။ ဝမ်ကယ်တစ်ငုံစမ်းသောက်ပြီးသည်နှင့် တစ်စက္ကန့်မကြာလိုက် ဆေးရည်များကိုချက်ချင်းပြန်ထွေးထုတ်လိုက်သည်။ ထို့နောက် ခုန်ထ၍ထမင်းစားခန်းထဲသွားကာ ရေခွက်ကိုင်၊ အမြန်ပလုတ်ကျင်းလိုက်သည်။
ကုန်းကျယ်သက်ပြင်းချပြီး ဆေးတစ်ငုံယူသောက်ကြည့်လိုက်သည်။ ထို့နောက်သူမျက်နှာပျက်ကာ ငါးစက္ကန့်အတွင်းမျက်နှာရှုံ့မဲ့သွားသည်။ ဘယ်လိုမှသည်းမခံနိုင်သည့်မဆုံး သူလည်းဆေးများကိုပြန်ထွေးထုတ်လိုက်သည်။
သေစမ်း၊ အထဲမှာဆေးမြစ်တွေဘယ်လောက်တောင်ထည့်ထားလဲ!!!.
ကုန်းကျယ်တောင်အနံ့မခံနိုင်မှတော့ ဝမ်ကယ်က ဆိုဖွယ်ရာမရှိ။ သို့နှင့် ကုန်းကျယ် ဝမ်ကယ်ကိုတရုတ်ဆေးသောက်ဖို့ထပ်မတိုက်တွန်းဘဲ သူ့ချစ်သူဆန်ပြုတ်နှင့်အရံဟင်းပဲစားနေသည်ကိုဒီအတိုင်းဆက်ကြည့်နေရသည်။
ဇူလိုင်လတွင် ကြိုတင်ကြေညာထားသည့်အတိုင်း <<စွန့်စားလူငယ်များ>> အစီအစဉ်စတင်ထုတ်လွှင့်ခဲ့သည်။ သို့သော်ယင်ဟန်ကိစ္စပြဿနာတက်ထားတာကြောင့် ပရိုဂရမ်အဖွဲ့အတော်ခေါင်းခဲခဲ့သည်။ ထိုအချိန် ပရိုဂရမ်အဖွဲ့မှာ အပိုင်းများကိုတစ်ဝက်ခန့်တည်းဖြတ်ပြီးနေပြီ။ သို့သော် ယင်ဟန်ကကိုယ့်ေသတွင်းကိုယ်တူးကာ ထောင်ကျသွားတော့ ပရိုဂရမ်အဖွဲ့က ဒီကိစ္စအစီအစဉ်ပေါ်သက်ရောက်မှုမရှိစေရန်ကြိုတင်ကာကွယ်သည့်အနေဖြင့် ပြန်လည်တည်းဖြတ်ကာ ယင်ဟန်ပါသည့်အခန်းအားလုံးကိုဖြတ်ထုတ်ခဲ့သည်။ သူတို့ကပရိုမိုးရှင်းဗွီဒီယိုကိုပါ ယင်ဟန်မပါအောင်ပြန်လည်ပြုပြင်ခဲ့သည်။ တစ်ခုတည်းသောကောင်းသည့်အချက်က အစီအစဉ်ကို ထိုကိစ္စဖြစ်ပြီးသုံးလအကြာမှထုတ်လွှင့်ပြသခဲ့သည်။ ထို့ကြောင့် လူတိုင်းက ယင်ဟန်အကြောင်းမေ့ပျောက်ကာ ယင်ဟန်အပိုင်းများဖြတ်ထားသည်ကိုလည်း စိတ်မဝင်စားကြတော့ပေ။
ပထမအပိုင်းပြသပြီး နာရီဝက်အကြာမှာပင် ကြည့်ရှုမှုနှုန်း (၂.၀) ကျော်သွားသည်။ ကြည့်ရှုသူအများစုက ကုန်းကျယ်နှင့်ဝမ်ကယ်ကြောင့်ကြည့်ကြတာဖြစ်သည်။ ထို့ကြောင့်ထင်သည့်အတိုင်း အစီအစဉ်ပြသပြီးသည်နှင့် လူပြောအများဆုံးခေါင်းစဉ်ထိပ်ဆုံး၌ သူတို့နှစ်ဦးကခိုင်မာစွာရပ်တည်နေသည်။ အစီအစဉ်နာမည်ကလည်း hot search ပေါ်ရောက်လာသည်။
ပထမပိုင်းတွင် အဖွဲ့ဝင်တိုင်း အခုမှပထမဆုံးစတင်တွေ့ဆုံကြတာမို့ လေထုကအနည်းငယ်အိုးတို့အန်းတမ်းဖြစ်နေသည်။ သို့သော်လည်း တည်းဖြတ်လိုက်သည့်အခါ စိတ်လှုပ်ရှားစရာကောင်းနေဆဲဖြစ်သည်။ (၂)နာရီစာအချိန်တိုအတွင်း ပရိသတ်များက အဖွဲ့ဝင်များနှင့်ရင်းနှီးကာ သူတို့အပေါ် ထင်မြင်ချက်ကောင်းများရှိလာပြီး အားလုံးက ပရိုဂရမ်အဖွဲ့ကိုအဖွဲ့ဝင်အရွေးတော်သည်ဟုဆိုကြသည်။ တကယ်လား၊ တမင်တကာလားမသိ၊ အဖွဲ့ဝင်များထဲတွင် ရွံစရာကြွက်စုတ်တစ်ကောင်ပါဝင်နေခဲ့သည်ကိုတော့ သူတို့မေ့သွားကြပုံပင်…..။
အစက အင်တာနက်သုံးစွဲသူများမှာ ကုန်းကျယ်နှင့်ဝမ်ကယ်တို့ ကင်မရာရှေ့အပြန်အလှန်ပြောဆိုဆက်ဆံကြပုံများကို အများဆုံးဆွေးနွေးခဲ့ကြသည်။ သူတို့နှစ်ယောက်ကြားလေထုက အလွန်အေးချမ်းပြီး လိုက်လျောညီထွေရှိသည်က လူတိုင်းကိုအံ့အားသင့်သွားစေသည်။ သူတို့ချင်းအရင်ကတစ်ယောက်နဲ့တစ်ယောက်သိနေကြတာတော့မဟုတ်ပါဘူးနော်?
ပထမပိုင်းပြီးသွားတော့ အစီအစဉ်အကြောင်း အင်တာနက်ပေါ်တွင်အကြာကြီးဆွေးနွေးပြောဆိုကြသည်။ ထုတ်လုပ်သူများက တစ်ဟုန်ထိုးတက်လာသည့်အချက်အလက်နှုန်းထားများကိုကြည့်ကာ မျက်လုံးမှေးအောင် ရယ်မောပျော်ရွှင်နေသည်။
ကုန်းကျယ်ကအိမ်မှာနေရင်း အစီအစဉ်အပိုင်းတိုင်းကို မလွတ်တမ်းစောင့်ကြည့်ခဲ့သည်။ သူက တစ်ခါတစ်ရံ ပရိုဂရမ်အဖွဲ့နှင့်ပူးပေါင်း၍ weibo တွင်အစီအစဉ်ကိုပရိုမိုးရှင်းဆင်းခြင်း၊ အွန်လိုင်းပေါ်ကနေ အစီအစဉ်နှင့်ပတ်သက်၍ ဖန်များနှင့်အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့သည်။ ဝမ်ကယ်ကတော့ ဖျော်ဖြေပွဲကြောင့် အိမ်မှစောစောထွက်၊ ညနေနောက်ကျမှအိမ်ပြန်ကာ အစီအစဉ်ကိုသိပ်မကြည့်ဖြစ်သလို၊ အွန်လိုင်းတက်ဖို့လည်း အချိန်မရပေ။
ဩဂုတ်လကုန်၌ အစီအစဉ်(၁၀)ပိုင်းလုံး ပြသပြီးစီးခဲ့သည်။
ပြသနေစဉ်တစ်လျှောက် အစီအစဉ်ကိုအလွန်လူကြိုက်များခဲ့သည်။ ထို့နောက် ပရိသတ်များ၏အာရုံက ဝမ်ကယ်နှင့်ကုန်းကျယ်ထံမှအခြားအဖွဲ့ဝင်များဆီ တဖြည်းဖြည်းရွေ့သွားကာ အဖွဲ့ဝင်အားလုံး ဖန်များစွာရရှိခဲ့သည်။ လူတိုင်းကရလဒ်အပေါ်အလွန်ကျေနပ်ကြပြီး ယွီရန်တစ်ယောက်အပေါ်သာ သက်ရောက်မှုအားနည်းခဲ့သည်။
ယွီရန်နှင့်ယင်ဟန်မှာ အခန်းဖော်များဖြစ်သလို အစီအစဉ်တစ်လျှောက်လုံး တစ်သင်းတည်းဖြစ်သည်။ ထို့ကြောင့် ယင်ဟန်အခန်းများကိုဖြတ်ထုတ်လိုက်သည့်အခါ ယွီရန်အခန်းများစွာပါ တစ်ပါတည်းတည်းဖြတ်ခံရပြီး ယွီရန်၏တစ်ကိုယ်တော်အခန်းများသာ ကျန်ရစ်ခဲ့သည်။ တီဗွီမှာပါဖို့အခွင့်အရေးပိုနည်းသွားတော့ ပရိသတ်အာရုံစိုက်ခံရဖို့လည်းအခွင့်အရေးနည်းသွားသည်။ အစီအစဉ်ပထမတွဲပြီးသွားသည့်အခါ ယွီရန်လည်းဖန်များစွာရရှိခဲ့သည်။ သို့သော်သူ့ဖန်အရေအတွက်က အခြားအဖွဲ့ဝင်များနှင့်မယှဉ်သာပေ။ တီဗွီမှာပါခွင့်အလွန်နည်းတာကြောင့် မကြာခဏဆိုသလို အင်တာနက်သုံးစွဲသူများ၏ဆွေးနွေးမှုများတွင်လည်း ယွီရန်မပါဘဲကျန်နေခဲ့တတ်သည်။ ယွီရန်၏မန်နေဂျာက ယွီရန်ကို ကုန်းကျယ်နှင့်ဝမ်ကယ်တို့နတ်ဘုရားနှစ်ပါးနှင့် အစီအစဉ်အတူရိုက်ကူးခွင့်ရတာကြောင့် နောက်ဆုံးတော့အောင်မြင်ပြီဟုထင်ထားခဲ့သည်။ သို့သော်အခုတော့ မထင်မှတ်ဘဲယင်ဟန်ကြောင့်ဆွဲချခံရတာကြောင့် ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။
မိန်းကလေးအဖွဲ့ဝင်များက သူတို့ထဲတွင်ယွီရန်က ကျော်ကြားမှုအနည်းဆုံးမှန်းသိတော့ အားလုံးကဒီအစီအစဉ်ကနေတစ်ဆင့် ယွီရန်ကိုနာမည်ကြီးစေချင်သည်။ သို့သော် အရာအားလုံးက ယင်ဟန်တစ်ယောက်ကြောင့်သဲထဲရေသွန်ဖြစ်ရသည်။ သူတို့က ယွီရန်အတွက်စိတ်မကောင်းဖြစ်ကာ တစ်ယောက်ပြီးတစ်ယောက် Wechat သီးသန့်မက်ဆေ့မှ အသီးသီးအားပေးနှစ်သိမ့်ကြသည်။ ပရိုဂရမ်အဖွဲ့ကလည်း ယွီရန်အပေါ်စိတ်မကောင်းဖြစ်ကာ အဲ့ဒီအစားအစီအစဉ်ဒုတိယတွဲရိုက်ကူးသည့်အခါ ပြန်လည်ပါဝင်ဖို့ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။ ယွီရန်ကတော့ နာမည်ကြီးဖို့အစွဲအလန်းမကြီးသလို မိမိအခန်းများဖြတ်ချခံရ၍လည်း ပရိုဂရမ်အဖွဲ့အပေါ်စိတ်မဆိုးပေ။ သူက နှမြောစရာကောင်းသည်ဟုသာခံစားရပြီး ပရိုဂရမ်အဖွဲ့၏ဒုတိယတွဲရိုက်ကူးရန်ကမ်းလှမ်းချက်ကိုတော့ ချက်ချင်းသဘောမတူသေးဘဲရှိနေသည်။
ကုန်းကျယ်က ယွီရန်၏စိတ်သဘောထားကို အလွန်သဘောကျသလို သူ့သားကိုလည်း သေချာစောင့်ရှောက်ပေးသူဖြစ်တာကြောင့် တတ်နိုင်သလောက်ကူညီမည်ဟုတွေးလိုက်သည်။ သူက အစီအစဉ်အတွက်ပရိုမိုးရှင်းဆင်းတိုင်း ယွီရန်ကိုအမြဲခေါ်သွားလေ့ရှိသည်။ အစကတော့ ဝမ်ကယ့်မျက်နှာကြောင့် ကူညီပေးခဲ့တာဖြစ်သည်။ သို့သော်စိတ်ကူးယဉ်လွန်သည့်ဖန်အချို့က မဖွယ်မရာကိစ္စများမြင်ယောင်ကာ ကျယ်ယွီ CP ဆိုပြီးပေါ်ပေါက်လာသည်။
“သောက်ကျိုးနည်း!။”
ကုန်းကျယ်အလွန်ဒေါသထွက်ကာ ရင်ထုမနာဖြစ်ပြီး မျက်နှာပုပ်ကြီးနှင့် weibo ပြန်ပိတ်လိုက်သည်။
သူဆုံးဖြတ်လိုက်ပြီ၊ နောက်မကူညီတော့ဘူး!
စိတ်ရှုပ်လိုက်တာ!
ကံကောင်းသည်က ဝမ်ကယ်အလုပ်များကာ ဒီအတောအတွင်း weibo ကြည့်ဖို့အချိန်မရတာကြောင့် ဒီပြဿနာအိုး CP အကြောင်းသူမတွေ့သွားပေ။
တစ်ပတ်အကြာ၊ စနေနေ့ည(၈)နာရီ၌ ကုန်းကျယ်၏တိုက်ရိုက်ထုတ်လွှင့်မှု တရားဝင်စတင်ခဲ့သည်။ ယခင်က မြန်လေကောင်းလေဟုဆိုခဲ့သော်လည်း နောက်ဆုံးတော့တိုက်ရိုက်ထုတ်လွှင့်သည့်ကို အချိန်(၂)လကြာမှလုပ်မည်ဆုံးဖြတ်ခဲ့သည်။
ယနေ့ည ဝမ်ကယ်အလုပ်ရှိတာကြောင့် ညဉ့်နက်မှအိမ်ပြန်ရောက်မည်ဖြစ်သည်။ လော့မင်ဖန်က သူ့ကိုလာကူမည်ပြောသော်လည်း ကုန်းကျယ်ကဘယ်လိုတိုက်ရိုက်ထုတ်လွှင့်ရမှန်းသိသည်ဟုပြောခဲ့သည်။ သူက တခမ်းတနားမလုပ်ချင်တာကြောင့် အင်္ကျီပင်မလဲ၊ ဆံပင်ဘုတ်သိုက်နှင့် လိုင်းပေါ်တက်ကာ တိုက်ရိုက်ထုတ်လွှင့်သည့်စာမျက်နှာကိုဖွင့်လိုက်သည်။
တိုက်ရိုက်မထုတ်လွှင့်ခင် တစ်ပတ်အလို၌ တရားဝင်ဝဘ်ဆိုက်မှ ကုန်းကျယ်တိုက်ရိုက်ထုတ်လွှင့်မည့်အကြောင်းကြေညာခဲ့သည်။ ထို့ကြောင့် သန်းချီသောဖန်များက သူတို့နတ်ဘုရားပထမဆုံးတိုက်ရိုက်ထုတ်လွှင့်သည်ကိုနေ့နေ့ညညစောင့်မျှော်နေခဲ့ကြသည်။ နောက်ဆုံးတော့ ထို့နေ့သို့ရောက်ရှိလာလေပြီ။ တစ်မိနစ်မပြည့်ခင်မှာပင် တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ သန်းဆယ်ချီသောကြည့်ရှုသူပရိသတ်များဝင်ရောက်လာသည်။ သူတို့ ကအိမ်နေရင်းဘာမှမပြင်ဆင်ထားသည့် ကုန်းကျယ်ကိုမြင်တော့ အော်ဟစ်အားပေးသံများ စခရင်အပြည့်ဖြစ်သွားသည်။
စာများတက်တာအလွန်မြန်နေသဖြင့် ကုန်းကျယ်လိုက်ဖတ်ရန်မမီပေ။ သူကစာကြောင်းအချို့လိုက်ဖတ်ကြည့်ပြီးသေချာမမြင်ရတာကြောင့် နောက်ဆုံးတော့လက်လျှော့ကာ ကင်မရာရှေ့ကနေ ဖန်များကိုနှုတ်ဆက်လိုက်သည်။
“အားလုံးမင်္ဂလာညချမ်းပါ။”
ရိုးရှင်းသည့်နှုတ်ဆက်စကားက စခရင်ပေါ်နောက်တစ်ကြိမ်ဂယက်ထသွားစေသည်။ ဖန်များက မိမိတို့မည်မျှချစ်ကြောင်းအရူးအမူးဖော်ပြကြသည်။ ကံဆိုးချင်တော့ ကုန်းကျယ်ကမက်ဆေ့များလိုက်ဖတ်၍မမီတာကြောင့် သူတို့ပြောနေသည်များကိုမမြင်လိုက်ပေ။ ကုန်းကျယ်က တိုက်ရိုက်ထုတ်လွှင့်မှုမစခင်တုန်းက ကြိုတင်စဉ်းစားထားသောအဖွင့်စကားများဆက်ပြောလိုက်သည်။
“တကယ်တော့ ကျွန်တော်တိုက်ရိုက်ထုတ်လွှင့်တာမကျွမ်းဘူး။ မင်းတို့လည်းသိပါတယ်၊ ကျွန်တော်ကကင်မရာကြီးကြည့်ပြီးစကားပြောရတာသိပ်မကြိုက်ဘူးလေ။ အဲ့တော့နောက်လာမဲ့နာရီဝက်မှာ သုံးပုံတစ်ပုံက ကျွန်တော်အသံတိတ်နေလောက်တယ်။ ကျေးဇူးပြုပြီး အားလုံးစိတ်မရှိပါနဲ့။”
မက်ဆေ့ဘုတ်ပေါ်တွင် “ရတယ်၊ ကိစ္စမရှိဘူး”ဆိုသည့်မက်ဆေ့များ အတွဲလိုက်တက်လာသည်။
ကုန်းကျယ်ဒီတစ်ခါတော့စာများကိုသေချာမြင်ရကာ ကျေနပ်စွာခေါင်းငြိမ့်လိုက်သည်။
“ကျွန်တော် တိုက်ရိုက်ထုတ်လွှင့်ရင်းဘာလုပ်ရမှန်းမသိဘူး။ အစကတော့ မင်းတို့ကိုမေးခွန်းမေးခိုင်းပြီး ကျွန်တော်ကပြန်ဖြေမယ်စဉ္းစားထားတာ။ ဒါပေမဲ့ စာေတွတက်တာအရမ်းမြန်တော့ ကျွန်တော်လုံးဝဖတ်မရဘူး။ အဲ့တော့ထားလိုက်။ ကျွန်တော်တခြားဟာစဉ်းစားလိုက်မယ်။”
[မပျော်ဘူး။]
[ငါတို့ဖြည်းဖြည်းမန့်မယ်လေ။ အဲ့လိုပဲလုပ်။ မေးခွန်းမေးတိုင်းပဲကစားရအောင်နော်နော် နော်!]
ဖန်များက အသည်းအသန်ကြိုးစားပမ်းစား မူလအစီအစဉ်အတိုင်းလုပ်ဖို့ပြောကြသည်။ သူတို့က စာတက်နှုန်းကိုနှေးအောင်ထိန်းပြောကြသည်။ ဒီတော့မှ ကုန်းကျယ်လည်း စာများသေချာရှင်းရှင်းလင်းလင်းမြင်ရကာ မေးခွန်းမေးသည့်ကစားနည်း ဆက်လုပ်ဖြစ်သွားသည်။
“ကျွန်တော် မေးခွန်း(၁၀)ခုရွေးဖြေပေးမယ်နော်။ လူတွေအများကြီးဆိုတော့ အားလုံးရဲ့မေးခွန်းတွေကိုဖြေပေးဖို့အဆင်မပြေဘူး။”
ဖန်အားလုံးက နားလည်ကြောင့းပြောကြသည်။ ထို့နောက် ကုန်းကျယ်က မေးခွန်းစမေးလို့ရကြောင်းပြောတော့ ဖန်များကမေးခွန်းများအသည်းအသန်စတင်မေးကြသည်။
မေးခွန်းတွေအများကြီးဖြစ်နေတော့ ကလေးဆန်ပြီး အဓိပ္ပါယ်မရှိသည့်မေးခွန်းများကို ကုန်းကျယ်အရင်ဖယ်လိုက်သည်။ ထို့နောက် ဒီနှစ်ထဲသူ၏အလုပ်အကြောင်းနှင့်ပတ်သက်သည့်မေးခွန်းတစ်ခုကိုရွေးလိုက်သည်။
“ဒီနှစ်ထဲမှာကျွန်တော်အလုပ်သိပ်မရှိပါဘူး။ မနှစ်ကကျွန်တော်အရမ်းအလုပ်များထားတော့ ဒီနှစ်မှာအနားယူချင်လို့ပါ။”
ကုန်းကျယ် ဖုန်းကိုဖုန်းထောက်မှာတပ်ကာ လက်နှစ်ဖက်ကိုစားပွဲပေါ်တင်လိုက်သည်။ သူက မက်ဆေ့များဖတ်ကာ ထပ်ဖြည့်ပြောလိုက်သည်။
“ကျွန်တော်အနုပညာအလုပ်ကိုနားတာမဟုတ်ပါဘူး။ ဒါပေမဲ့နောင်ကို အလုပ်တွေအသင့်အတင့်လျှော့ချဖို့ရှိပါတယ်။ ကျွန်တော်ရဲ့ကိုယ်ပိုင်ဘဝအတွက်ပိုပြီးအချိန်ပေးချင်လို့ပါ။”
[ကိုကိုက အလုပ်မလုပ်တော့ရင် ဘာလုပ်မှာလဲ။]
ကုန်းကျယ်က တော်တော်များများဒီမေးခွန်းမေးထားတာတွေ့တော့ ဒါကိုဒုတိယမေးခွန်းအဖြစ်ရွေးချယ်လိုက်သည်။
“ကျွန်တော်အလုပ်မလုပ်တဲ့အချိန်ကျ ခရီးထွက်မယ်၊ ဒါမှမဟုတ် မိသားစုဆီအလည်ပြန်မယ်။”
[တစ်ယောက်တည်းခရီးထွက်မှာလား။]
မေးခွန်းနှစ်ခုကဆက်စပ်နေတာမို့ ကုန်းကျယ်တစ်ဆက်တည်းဖြေပေးလိုက်သည်။
“အခြေအနေပေါ်မူတည်တာပေါ့။ ကျွန်တော့်ကိုအဖော်ပြုပေးမဲ့လူမရှိရင် တစ်ယောက်တည်းပဲသွားရမှာပေါ့။ ဒါပေမဲ့ ကျွန်တော်ကအထီးကျန်မှာအရမ်းကြောက်တယ်။ များသောအားဖြင့် ကျွန်တော်နဲ့တူတူသူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တွေခေါ်သွားတယ်။”
ဖန်များထံမှ ဘာလို့လဲဆိုသည်မက်ေဆ့များ သိန်းချီတက်လာတာတွေ့ရသည်။ မေးခွန်းတစ်ခုကနေ ဆက်စပ်မေးခွန်းတွေအများကြီးထွက်လာသည်။ သူက ဒီလိုေမးခွန်းတွေအဆုံးမရှိထွက်လာမည်စိုးတာကြောင့် မြန်မြန်စကားဖြတ်လိုက်သည်။
“ကောင်းပြီ၊ ဒီမေးခွန်းအတွက်ပြီးပြီ။ အခု တတိယမေးခွန်းဖြေရအောင်။”
နောက်ထပ်မေးခွန်းများကဘဝအကြောင်းဖြစ်ပြီး ကုန်းကျယ်က မိမိကိုယ်ပိုင်ဘဝကိုအများကြီးမဖော်ပြသလို သူတို့သိချင်စိတ်ကိုလည်းကျေနပ်အောင် မေးခွန်းအချို့ရွေးချယ်ဖြေလိုက်သည်။
“ကောင်းပြီ။ အခုနောက်ဆုံးမေးခွန်းတစ်ခုပဲကျန်တော့တယ်။ ကျွန်တော်သေချာေရွးရမယ်။ တင်ပြီးသားတွေပြန်မတင်ပါနဲ့။ ကျွန်တော်မဖြေဘူးလို့ပြောထားတဲ့မေးခွန်းတွေလည်းမမေးကြပါနဲ့။ မင်းတို့မေးလည်း ကျွန်တော်ဖြေမှာမဟုတ်ပါဘူး။”
သူက ဖုန်းစခရင်ကိုမျက်နှာမူကာတတွတ်တွတ်ရေရွတ်ရင်း မေးခွန်းများကိုဖတ်လိုက်သည်။ သို့သော် သူတစ်ခုမှမဖြေချင်တာနှင့် ဖန်တွေကိုတခြားမေးခွန်းစဉ်းစားဖို့ပြောမည်အလုပ် ရုတ်တရတ်မေးခွန်းတစ်ခုကိုလက်ထောက်မိသွားသည်။ ထို့နောက် သူ့မျက်လုံးများ၌ကျေနပ်မှုအရိပ်အယောင်များပေါ်လာသည်။
“မင်းတို့က ကျွန်ဝောာ်ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်မဲ့စံချိန်စံညွှန်းတွေကိုသိချင်တာလား။”
ကုန်းကျယ်မျက်ခုံးတစ်ဖက်ပင့်ကာ ကင်မရာကိုကြည့်ပြီးပြုံးလိုက်သည်။
“ဒါတော့ကျွန်တော်ပြောပြနိုင်တယ်။ ကျွန်တော့်ချစ်သူက ရုပ်ချောရမယ်။ အရပ်ရှည်ပြီးပိန်ပိန်ပါးပါးနဲ့ အနည်းဆုံးကျွန်တော်ထက်ခေါင်းတစ်ဝက်စာပဲပုရမယ်။ ပြီးတော့ ပြုံးရယ်ရတာကြိုက်တဲ့သူ။ ပြုံးလိုက်ရင် မျက်လုံးလေးက လခြမ်းလိုကွေးညွှတ်သွားရမယ်။ တိရစ္ဆာန်လေးတွေချစ်ရမယ်။ ကြင်နာရမယ်။ စိတ်ခံစားလွယ်ပေမဲ့ သတ္တိရှိရမယ်။ ကမ္ဘာပေါ်မှာရှိသမျှ ပြင်းထန်အားကစားေတွကို ကျွန်တော်နဲ့အတူလိုက်လုပ်မယ်၊ ကမ္ဘာအနှံ့ခရီးေတွထွက်နိုင်မယ်ဆိုရင်အကောင်းဆုံးပဲ။”
ကုန်းကျယ်က ဝမ်ကယ့်ကိုမြင်ယောင်ကာ နည်းနည်းချင်းပြောလိုက်သည်။ သူ့မျက်လုံးများက ချစ်ခြင်းမေတ္တာအပြည့်ဖြင့် နူးညံ့သိမ်မွေ့လာသည်။
မျက်စိလျင်သည့်ဖန်အချို့က သူ့မျက်လုံးများပြောင်းလဲသွားသည်ကိုမြင်ကာ မရေမရာမေးလိုက်သည်။
“နတ်ဘုရားက လိုအပ်ချက်တွေဒီလောက်အတိအကျပြောနေပုံထောက်ရင် ဒီအချက်တွေနဲ့ပြည့်စုံတဲ့သူ ပေါ်လာပြီလား။”
ဒီတစ်ခါ မက်ဆေ့ပို့သူအနည်းငယ်သာရှိပြီး စာတက်သည့်နှုန်းကလည်းနှေးေနသည်။ ကုန်းကျယ် မျက်လုံးထောင့်မှတစ်ချက်လှမ်းကြည့်လိုက်တော့ အခြားဖန်များကလည်း ဒီမေးခွန်းမျိုးမေးထားတာတွေ့ရသည်။ သို့နှင့် သူပြုံးကာ မှန်တစ်ဝက်မှားတစ်ဝက်ပြောလိုက်သည်။
“ကျွန်တော့်အသက်(၂၇)နှစ်တောင်ရှိပြီဆိုတော့ ကျွန်တော်မှာတကယ်ချစ်သူရှိနေလည်း အံ့ဩစရာမဟုတ်ပါဘူး။”
ကုန်းကျယ်က တည်ငြိမ်အေးဆေးစွာပြောသော်လည်း သူဖန်များကတော့ရှော့ခ်ရသွားသည်။
[ဒါဆိုတကယ်ချစ်သူမိန်းကလေးရှိနေပြီပေါ့!!]
[မဟုတ်လောက်ပါဘူး။ ငါ့ကိုဘာလို့ဘယ်သူမှအကြောင်းမကြားတာလဲ။]
[ငါဘဲပစ်ခံရပြီလား။ ယောကျာ်း၊ ရှင်ကျွန်မကိုမလိုချင်တော့ဘူးလား။]
[ယောကျာ်း၊ ကျေးဇူးပြုပြီး စကားထာတွေဝှက်မနေပါနဲ့။ တိတိကျကျပြောပေးပါလား။ တကယ်ချစ်သူမိန်းကလေးရှိနေရင်တောင် ငါ ငါ ငါ နင့်ကိုဆက်ချစ်မှာပါ။ ဝူးဝူးဝူး ဒီလိုစကားမျိုးတွေတကယ်မပြောချင်ဘူး။]
ကုန်းကျယ်က ဖန်မက်ဆေ့များကိုစိတ်ဝင်တစားဖတ်လိုက်သည်။ ဖန်များကသေမလောက်ငိုယိုမေးမြန်းကြသော်လည်း သူကဘာမှပြန်မပြောပေ။
“ဝုတ် ဝုတ်!။”
သကြားခဲလေးက အရုပ်ဘောလုံးနှင့်ခဏဆော့နေရာမှပျင်းပြီး ကုန်းကျယ်ဆီပြေးလာသည်။ သူက ကုန်းကျယ်ခြေချင်းဝတ်ကိုပွတ်သီးပွတ်သပ်လုပ်ကာ သူ့ကိုပွတ်ပေးဖို့တောင်းဆိုလိုက်သည်။
ကုန်းကျယ်က သူ့သားကိုစားပွဲပေါ်ချီတင်ပြီး ကင်မရာရှေ့၌ သူ့သားလက်ဖဝါးလေးကိုမြှောက်ကာပြောသည်။
“မင်းတို့နဲ့မိတ်ဆက်ပေးမယ်။ ဒါကျွန်တော့်သား၊ သကြားခဲလေး။”
“ဝုတ် ဝုတ်။”
သကြားခဲလေးက ဖုန်းရှေ့မျက်နှာမူပြီး နှစ်ချက်ဟောင်လိုက်သည်။
ဖန်များက ခွေးလေးအပေါ်ချက်ချင်းအာရုံရောက်သွားသည်။ သူတို့နတ်ဘုရားမွေးထားသည့်ခွေးက တခြားခွေးများထက်ပိုချောပိုခန့်ကြောင်း ချီးမွမ်းပြောဆိုကြသည်။
ကုန်းကျယ်က သူ့သားအမွှေးများကိုမျက်နှာအပ်ရင်း ခပ်အုပ်အုပ်ရယ်လိုက်သည်။
ထိုစဉ်ရုတ်တရက်တံခါးဖွင့်သံထွက်လာသည်။ ဝမ်ကယ့်ကိုမြင်တော့ သကြားခဲလေးက ချက်ချင်းပျော်ရွှင်စွာထဟောင်ပြီး ကုန်းကျယ်လက်ပေါ်မှဆင်းကာ တံခါးဆီပြေးသွားသည်။
“သားလေး၊ ဖေဖေ့ကိုလွမ်းနေပြီလား။”
ဝမ်ကယ်ဖိနပ်လဲဖို့ပင်အချိန်မရဘဲ ဆောင့်ကြောင့်ထိုင်ကာ သကြားခဲလေးကိုဖက်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုက ဆက်လက်ထုတ်လွှင့်နေဆဲဖြစ်တာကြောင့် ဝမ်ကယ့်အသံပါသွား၊ မသွား ကုန်းကျယ်လည်းသေချာမသိပေ။ သို့နှင့် သူတိုက်ရိုက်ထုတ်လွှင့်နေသည်ကို အမြန်ပိတ်လိုက်သည်။
“မင်းဒီနေ့အိမ်ပြန်နောက်ကျမယ်ပြောထားတာမဟုတ်လား။”
“ဖျော်ဖြေပွဲလုပ်မဲ့နေရာမှာ မတော်တဆနည်းနည်းရှိသွားလို့၊ မနက်ဖြန်ပြင်ပြီးမှ ဆက်ကျင့်ရမှာ။”
ဝမ်ကယ်က သကြားခဲလေးကိုလက်ထဲချီကာ ကုန်းကျယ်ဆီလျှောက်လာသည်။ ဖုန်းကိုထောက်တိုင်မှာတပ်ထားတာမြင်တော့ သူသိချင်သွားပြီးမေးလိုက်သည်။
“ဒါဘာလုပ်နေတာလဲ။”
“ခုနကတိုက်ရိုက်ထုတ်လွှင့်နေတာ။”
“အော်။”
ဝမ်ကယ်ခေါင်းညိမ့်လိုက်ပြီးနောက် သုံးစက္ကန့်ကြာတော့ ကုန်းကျယ်ကိုဆတ်ခနဲပြန်ကြည့်လိုက်သည်။
“တိုက်ရိုက်ထုတ်လွှင့်နေတာ? ခုနကငါပြောတာတွေပါသွားလား။”
“ငါလည်းမသိဘူး……”
ကုန်းကျယ် ခြောက်ကပ်ကပ်ရယ်မောလိုက်၏။
ထိုအချိန် တိုက်ရိုက်ထုတ်လွှင့်သည့်စာမျက်နှာမှမထွက်သေးသည့်ဖန်များက အမည်းရောင်စခရင်ကိုကြည့်ကာမှင်တက်နေသည်။ သူတို့စခရင်ပေါ်၌ မျက်လုံးပြူး၊ ပါးစပ်အဟောင်းသားဖြစ်နေသည့် မိမိတို့၏အလန့်တကြားမျက်နှာများ ထင်ဟပ်နေသည်။ မက်ဆေ့ပို့သည့်နေရာတွင်လည်း ဘာမက်ဆေ့မှမရှိဘဲ စာပို့နေသည်များရပ်တန့်သွားသည်။ ငါးမိနစ်လောက်ကြာမှ တစ်ယောက်ကမက်ဆေ့ပို့လာသည်။
[ခုနကအသံက ကုန်းကျယ်မဟုတ်ဘူးလားလို့……]
*****
Aurora Novel Translation Team