Chapter 46
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 46 - နောက်ဆုံးအပိုင်း
အပိုင်း (၄၆) – နောက်ဆုံးအပိုင်း
👻👻👻
[ခုနကအသံက ကုန်းကျယ်အသံမဟုတ်ဘူးလားလို့…..]
စာတစ်ကြောင်းက ဂယက်ပေါင်းတစ်ထောင်ထသွားစေသည်။ မှောင်မည်းနေသောတိုက်ရိုက်ထုတ်လွှင့်မှုစာမျက်နှာ၌ သုံးစက္ကန့်အတွင်းမက်ဆေ့များ ဆက်တိုက်တက်လာကာ စာမျက်နှာတစ်ခုလုံးမက်ဆေ့များနှင့်ပြည့်သွားသည်။
[သေချာပေါက်ကုန်းကျယ်ဆီကမဟုတ်ဘူး!၊ အဲ့ဒီအချိန် သူလုံးဝစကားပြောမနေဘူး!။]
[ဒါဆိုဘယ်သူပြောနေတာလဲ။ အသံကတော့ယောကျာ်းသံပဲ။ နတ်ဘုရားရဲ့သူငယ်ချင်းများလား။]
[သူငယ်ချင်းပဲဖြစ်ရမယ်၊ သေချာပေါက်သူငယ်ချင်းပဲ!။]
[ငါလည်း သူငယ်ချင်းလို့ထင်တယ်။]
လူတစ်စုက ဒီမှန်းဆချက်ကိုသဘောတူကြသည်။ တဲ့တိုးသမားတချို့က သူတို့ကိုယ့်ကိုယ်ကိုယ်ရော တခြားသူများကိုပါလိမ်နေတာမြင်တော့ သည်းမခံနိုင်ဖြစ်လာကာ သူတို့၏နောက်ဆုံးလက်ကျန်မျှော်လင့်ချက်လေးကို ဇွတ်ဖြိုခွဲလိုက်သည်။
[ကျေးဇူးပြုပြီး အသိဝင်စမ်းပါ။ ကိုယ့်ကိုယ်ကိုယ်ရော တခြားသူတွေကိုပါအရူးလုပ်မနေနဲ့။ အဲ့ဒီလူကသူ့ကိုယ်သူ သကြားခဲလေးရဲ့ဖေဖေဆိုပြီးခေါ်နေတာ နင်တို့မကြားဘူးလား။]
[နင်ကဘာလို့ထုတ်ပြောရတာလဲ။ ငါအဲ့ဒီအကြောင်းမကြားချင်ဘူး။ ငါဒီအယူအဆကိုလက်ခံဖို့ ကိုယ့်စိတ်ကိုယ်ဘယ်လောက်တွန်းအားပေးထားရသလဲ နင်တို့သိရဲ့လား။]
[အိုက်ယား၊ နင်တို့တွေ စာပိုဒ်ဖတ်ပြီးနားလည်သလိုရွေးချယ်ပါဖြေတုန်းက အကုန်ဘဲဥကိုက်ခဲ့ကြလား။ ဒီမေးခွန်းရဲ့အဓိကပွိုင့်က အဲ့ဒီလူရဲ့သရုပ်မှန်ပေါ် အာရုံစိုက်ရမှာအသိသာကြီးကို။]
[သရုပ်မှန်လား။ အသိသာကြီးပဲလေ။ ကုန်းကျယ်က သကြားခဲလေးကိုသူ့သားလို့ပြောတယ်။ အဲ့ဒီလူကလည်း သကြားခဲလေးကို သားလေးလို့ခေါ်တယ်။ ဒါဆို သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကဘာလဲ။]
[ဒါဆို သူတို့ဘာတွေလဲ။]
[……]
[ကုန်းကျယ်က GGGGGG လား။]
ဘယ်သူကမှ ထိုစကားလုံးကိုထုတ်ပြောဖို့သတ္တိမရှိပေ။
ကုန်းကျယ်က အလုပ်မှလွဲလျှင် ကိုယ်ရေးကိုယ်တာဘဝအကြောင်းများ ထုတ်ပြောတာအလွန်ရှားသည်။ ဤတိုက်ရိုက်ထုတ်လွှင့်မှုက ဖန်များကိုစိတ်လှုပ်ရှားစေရုံသာမက အနုပညာလောက၏သတင်းထောက်များနှင့် အခြားဖြတ်သွားဖြတ်လာများကိုပါ စိတ်ဝင်စားစေသည်။ ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုစာမျက်နှာတွင် ဖန်များသာမကအခြားသူများလည်းရှိနေသည်။ ထို့ကြောင့်ဖန်များအပြင် အခြားသူများကပါ ထိုနူးညံ့ညင်သာ၍ကြည်လင်ပြတ်သားသော လူစိမ်းတစ်ယောက်၏အသံကိုကြားလိုက်ရသည်။
အနုပညာလောက၏သတင်းထောက်များအားလုံး ရှော့ခ်ရသွားသည်။ သူတို့အစတုန်းကတော့ ဒီတိုက်ရိုက်ထုတ်လွှင့်မှုအပေါ်လူအာရုံစိုက်ခံရရုံလောက် ကုန်ကြမ်းယူဖို့သာရည်ရွယ်ခဲ့ကြတာဖြစ်သည်။ သို့သော် သူတို့မမျှော်လင့်ဘဲ ဒီလိုသတင်းထူးကြီးတစ်ပုဒ်ရခဲ့သည်။ “ကုန်းကျယ်က သူ့လက်တွဲဖော်မှာရှိရမဲ့အချက်တွေထုတ်ပြော”၊ “ကုန်းကျယ်က သူ့မှာချစ်သူရှိကြောင်းဝန်ခံ”၊ “ကုန်းကျယ်ရဲ့ချစ်သူပေါ်လာတယ်ဟုယူဆရ”၊ “ကုန်းကျယ်ရဲ့ချစ်သူကအမျိုးသားတစ်ယောက်ဟုသံသယဖြစ်ဖွယ်ရှိ”၊ “ကုန်းကျယ်၏လိင်စိတ်တိန်းညွတ်မှုပေါ်သွားပြီ” ဒီအကြောင်းအားလုံးက သတင်းထူးတွေချည်းဖြစ်သည်။ သို့နှင့် သတင်းထောက်အားလုံးပျော်ရွှင်သွားကာ မိမိတို့ကွန်ပျူတာများကိုအမြန်ဖွင့်ပြီး ခေါင်းကြီးပိုင်းရှေ့ဆုံးစာမျက်နှာတွင်ပါနိုင်မည့်အခွင့်အရေးကို အမိအရဖမ်းဆုပ်ကြတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုက ဖန်များနှင့်သတင်းထောက်များကို အုန်းအုန်းကျက်ကျက်ဖြစ်သွားစေသည်။
ကုန်းကျယ်၏အရူးအမူးဖန်များနှင့်ယှဉ်လျှင်
တိုက်ရိုက်ထုတ်လွှင့်မှုကို အပျော်လာကြည့်ကြသူ ဝမ်ကယ့်ဖန်များကပို၍တည်ငြိမ်သည်။ သူတို့က ရှော့ခ်လည်းမရသလို၊ ကုန်းကျယ်၏ချစ်သူအဖြစ်အထင်ခံရသူနှင့်ပတ်သက်၍ အံ့ဩကြောင်းလည်းမပြပေ။ သို့သော် သူတို့တစ်ယောက်ပြီးတစ်ယောက် ဆွံ့အသွားကြသည်။
သို့နှင့်လူဆယ်ဂဏန်းသာရှိသောဖန်ဂရုတစ်ခုတွင် တိုက်ရိုက်ထုတ်လွှင့်မှုကြည့်ပြီးပြန်လာသောလူများလာရောက်စုဝေးကာ ထူးဆန်းသောလေထုကြီးတစ်ခုဖြစ်ပေါ်လာသည်။
[အဲ့ဒီအသံက……]
[ငါတစ်ယောက်တည်း အဲ့လိုတွေးမိတာလားတော့မသိဘူး။]
[နင်တို့လည်း အဲ့လိုတွေးလား။]
[အင်း….အဲ့ဒီအသံက ဝမ်ကယ့်အသံဖြစ်မယ်ထင်တယ်……]
[…..]
ဝမ်ကယ်အနောက်သို့ လေးငါးနှစ်ကြာလိုက်ခဲ့ကြသူအမာခံဖန်များအနေဖြင့် သူတို့က မိမိတို့နတ်ဘုရား၏အသံကို ဘယ်လိုလုပ်မမှတ်မိဘဲနေပါ့မလဲ။ သူတို့နတ်ဘုရားအသံက ဒီလောက်မှတ်မိလွယ်တာ၊ ဘယ်လိုမှနားကြားမမှားနိုင်။ သို့နှင့် တိုက်ရိုက်ထုတ်လွှင့်နေစဉ် ရုတ်တရက်ထွက်ပေါ်လာသူက ဝမ်ကယ်ဖြစ်ကြောင်း သူတို့သေချာသွားသည်။
ဒါဆို ဝမ်ကယ်ကဘာလို့ကုန်းကျယ်အိမ်ရောက်နေတာလဲ၊ “သားလေး၊ ဖေဖေ့ကိုလွမ်းနေပြီလား။” ဆိုသည့်စကားက ဘာအဓိပ္ပါယ်လဲ။ မဟုတ်မှလွဲရော ကုန်းကျယ်ဖန်တွေပြောသလို တကယ်ကြီးဖြစ်နေတာလား။
[နင်တို့ပြောကြည့် သူတို့နှစ်ယောက်ကဘယ်လိုဆက်ဆံရေးမျိုးဖြစ်မလဲ။]
[ငါဝန်မခံချင်ပေမဲ့ ကြည့်ရတာ မှန်နေပြီထင်တယ်…..]
[မဖြစ်ဘူး၊ မဖြစ်ဘူး။ ငါ့ကိုအရင်ဖြည်းဖြည်းချင်းစဉ်းစားခွင့်ပေး၊ ငါဒီကိစ္စကို တစ်ခါတည်းအကုန်လက်ခံလိုက်ဖို့ ခံနိုင်ရည်မရှိဘူး။]
[ငါရောပဲ….]
[ဒီကိစ္စတခြားသူတွေကိုကြိုမပြောနဲ့ဦး။ ငါတို့ခုထိ သေချာသိရသေးတာမဟုတ်ဘူး။ ငါတို့နတ်ဘုရားကို အရှုပ်ထဲဆွဲမထည့်မိစေနဲ့။]
မိမိတို့အမှန်ကိုသိပြီဟုယူဆသော မိန်းကလေးငယ်တစ်စုက ဂရုထဲတွင် သူတို့နတ်ဘုရားကိုကာကွယ်ဖို့သန္နိဌာန်ချကာ ဒီလိုမရေရာသည့်အမှန်တရားကို တခြားလူကိုမပြောဖို့ဆုံးဖြတ်လိုက်သည်။ သို့သော် သူတို့မသိလိုက်သည်က သူတို့ဆုံးဖြတ်ချက်ချပြီးရုံရှိသေး အင်တာနက်တစ်ခုလုံးက ကုန်းကျယ်တိုက်ရိုက်ထုတ်လွှင့်နေစဉ် ရုတ်တရက်ထွက်ပေါ်လာသောလျှို့ဝှက်ဆန်းကြယ်သူ၏ သရုပ်မှန်ကိုစတင်ထင်ကြေးပေးကြသည်။ ဖြစ်ချင်တော့ ဖန်တစ်ယောက်က တိုက်ရိုက်ထုတ်လွှင့်မှုကို ပြန်လည်ဖမ်းယူထားတာကြောင့် ပြီးခါနီးငါးမိနစ်စာအပိုင်းကိုဖြတ်တောက်ကာ လူတိုင်းလေ့လာသုံးသပ်နိုင်ရန်ပြန်တင်ပေးလိုက်သည်။
ဝမ်ကယ်၏အသံကအလွန်မှတ်မိလွယ်သည်။ နောက်ပြီး သူပြောလိုက်သည့်စကားက တိုက်ရိုက်ထုတ်လွှင့်သည့်အထဲပြည့်စုံရှင်းလင်းစွာပါသွားတာကြောင့် အသေးစိတ်သုံးသပ်စရာပင်မလို၊ အလွယ်တကူပင်ခန့်မှန်းသိနိုင်သည်။ သို့သော် ဒီအတွေးကအလွန်ရှော့ခ်ရစရာကောင်းတာကြောင့် အားလုံးမှာအချိန်တိုအတွင်းလက်ခံနိုင်စွမ်းမရှိကြပေ။ သူတို့ကစိတ်ထဲကသာ သံသယဝင်ကြပြီး တရားဝင်ကောက်ချက်မချဘဲ ဝမ်ကယ့်ကိုသံသယဖြစ်သည်ဟုသာပြောခဲ့သည်။
ဝမ်ကယ့်ဖန်များက ဒီအကြောင်းကြားတော့ ပိုသေချာသွားသည်။ သို့သော်ဒီကိစ္စက သူတို့အပေါ်သက်ရောက်မှုအလွန်ကြီးတာကြောင့်သူတို့ချက်ချင်းမတုံ့ပြန်နိုင်ပေ။ သူတို့က အားလုံးနှုတ်ဆိတ်နေဖို့သာ ရွေးချယ်လိုက်ကြပြီး အင်တာနက်ပေါ်တွင်ကြိုက်သလိုထင်ကြေးပေးခွင့်ပြုထားသည်။ ဘယ်သူကမှ သူတို့နတ်ဘုရားဘက်ကနေ ရှေ့ထွက်ငြင်းဆိုခြင်းမပြုခဲ့ပေ။
လော့မင်ဖန်းက ကုန်းကျယ်ကို တိုက်ရိုက်ထုတ်လွှင့်ဖို့တောင်းဆိုမိရုံနှင့် ယခုလိုကြီးကြီးမားမားသတင်းတွေထွက်သွားလိမ့်မည်ဟု ဘယ်တုန်းကမှမမျှော်လင့်ခဲ့ပေ။ သို့နှင့် သူ့ခမျာဒီအတောအတွင်း ကုန်းကျယ်ကြောင့်စိတ်ရောလူရောပင်ပန်းနေရသည်။
“ငါအဲ့ဒီတုန်းက မင်းကိုတိုက်ရိုက်ထုတ်လွှင့်ဖို့အကြံမပေးလိုက်သင့်ဘူး။”
လော့မင်ဖန်းက ဖုန်းထဲကနေဖျော့တော့စွာပြောသည်။
ကုန်းကျယ်က အွန်လိုင်းပေါ်ခဏတက်ကြည့်ပြီး အကျိုးအကြောင်းကိုအနည်းငယ်သဘောပေါက်လိုက်သည်။ သူကလုံးဝမစိုးရိမ်ဘဲ ဒူးလေးတနန့်နန့်လုပ်ရင်း ဆိုဖာပေါ်ထိုင်နေသည်။
“ကိစ္စကအဲ့လောက်မပြင်းထန်ပါဘူး။ မင်းဘာမှမပြောနဲ့ဦး၊ ကျွန်တော်ကိုယ့်ဟာကိုယ်ဖြေရှင်းလိုက်မယ်။”
လော့မင်ဖန်းက ကုန်းကျယ်၏ဆိုလိုရင်းကိုချက်ချင်းသဘောပေါက်သွားကာ:
“မင်းလူသိရှင်ကြားထုတ်ပြောတော့မှာလား။”
ကုန်းကျယ်က လက်ထဲကိုင်ထားသည့်ဖုန်းပြက္ခဒိန်ကိုလှမ်းကြည့်ပြီးပြောသည်။
“အင်း၊ ဒါအချိန်ကောင်းပဲ။”
လော့မင်ဖန်းက ဒီလိုနေ့မျိုးအနှေးနှင့်အမြန်ရောက်လာမယ်မှန်းသိတာကြောင့် သူ့ကိုမတားဘဲထပ်မေးသည်။
“ငါဘာလုပ်ပေးရမလဲ။”
“မလိုဘူး။ ကျွန်တော်ကိုယ့်ဟာကိုယ်ကြည့်လုပ်လိုက်မယ်။ ဒါနဲ့ ယင်ယွီထျန်းကို ဝမ်ကယ့်ဖျော်ဖြေပွဲပြီးရင် နှစ်လသုံးလလောက်အချိန်အားအောင်လုပ်ထားဖို့ပြောပေး။”
“အင်း၊ ကောင်းပြီ။ အဲ့ဒီအချိန်အာရုံစိုက်မခံရအောင် နိုင်ငံခြားထွက်ပြီးခဏရှောင်နေတာကောင်းတယ်။”
လော့မင်ဖန်းကပြောလိုက်သည်။
ဝမ်ကယ်လည်း လတ်တစ်လောအင်တာနက်ပေါ်ပျံ့နှံ့နေသည့် အတင်းအဖျင်းသတင်းများကိုကြားမိသည်။ သို့သော် ဖျော်ဖြေပွဲရက်နီးကပ်လာပြီဖြစ်တာကြောင့် သူ့မှာဒီအကြောင်းများကိုဂရုစိုက်နေဖို့အချိန်မရှိပေ။ ယင်ယွီထျန်းကလည်း ဝမ်ကယ့်ကိုဖျော်ဖြေပွဲအတွက်သာအာရုံစိုက်ပြင်ဆင်ဖို့ပြောပြီး တခြားကိစ္စများကို သူ့ဟာသူကြည့်ဖြေရှင်းမည်ဟုမှာထားသည်။ သို့နှင့်ဝမ်ကယ်လည်း အပြင်မှာဖြစ်ပျက်နေသည်များအပေါ် ဂရုမစိုက်ဘဲနေလိုက်သည်။
ယနေ့မနက်စောစော ဝမ်ကယ်အိပ်ချင်မူးတူးအိပ်ရာနိုးလာတော့ ကုန်းကျယ်က သူ့လက်ကိုကိုင်ကာ ပြုံးပြီးကြည့်နေသည်။
“မောနင်း။”
ကုန်းကျယ်ခေါင်းငုံ့ကာ ဝမ်ကယ့်နှုတ်ခမ်းထောင့်ကိုနမ်းလိုက်သည်။
“မောနင်း။”
ဝမ်ကယ်အကြောဆန့်ပြီး ခြုံစောင်ထဲခေါင်းနှစ်ကာပွတ်သပ်လိုက်သည်။ ထို့နောက် ကိုယ်ကိုလှိမ့်ကာ ကုန်းကျယ်ရင်ခွင်ထဲဝင်၍ ကုန်းကျယ်ခါးကိုခြေထောက်နှင့်ခွကာ မျက်လုံးများပြန်မှိတ်လိုက်သည်။
“မနိုးသေးဘူလား။”
ကုန်းကျယ် ဝမ်ကယ့်ကိုဖက်ပြီး ပြန်လှဲအိပ်လိုက်သည်။
“ငါးမိနစ်လောက်နှပ်လိုက်ဦးမယ်။”
ဝမ်ကယ်က ကလေးလိုချွဲနွဲ့ပြောလိုက်သည်။
ကုန်းကျယ်က ဝမ်ကယ့်ကျောကိုပုတ်ပေးရင်း ဖုန်းပြက္ခဒိန်ရက်စွဲကိုကြည့်ကာ အသာပြုံးလိုက်၏။
ငါးမိနစ်ကြာတော့ ဝမ်ကယ်အိပ်ရာထပြီး ရေချိုးလိုက်သည်။ ကုန်းကျယ်အောက်ထပ်ဆင်း၍ ဝမ်ကယ့်အတွက်မနက်စာပြင်လိုက်သည်။ ဖျော်ဖြေပွဲကနောက်အပတ်ဖြစ်တာကြောင့် ယခုအချိန်က နောက်ဆုံးအစမ်းလေ့ကျင့်၊ ပြန်လည်ပြင်ဆင်နှင့် အလုပ်အများဆုံးကာလဖြစ်နေသည်။
ဝမ်ကယ် အသားညပ်ပေါင်မုန့်ကိုတစ်ကိုက်ကိုက်ပြီးပြောသည်။
“ခဏနေပြီးတော့မှာ။ သည်းခံထားဦး။ ဖျော်ဖြေပွဲပြီးတာနဲ့ ငါမင်းနဲ့အိမ်မှာနေ့တိုင်းရှိတော့မှာ။”
“ကောင်းပြီ။”
ကုန်းကျယ်ခေါင်းညိတ်ပြုံးပြပြီး ဝမ်ကယ့်နှုတ်ခမ်းထောင့်တွင်ကပ်နေသော ပေါင်မုန့်ဖတ်လေးကို ကူဖယ်ပေးလိုက်သည်။ ထို့နောက် သူခဏစဉ်းစားပြီး ပြောသည်။
“မင်းအရမ်းအလုပ်များနေမှန်းငါသိပါတယ်။ ဒါပေမဲ့ ဒီညနေတော့ ငါ့အတွက်အချိန်ပေးရမယ်နော်။ ညနေကျ ငါမင်းကိုလာကြိုမယ်။”
“ဟမ်။ မင်းဒီညအစီအစဉ်ရှိလို့လား။ ငါညနေကုမ္ပဏီပြန်ပြီးအစည်းအဝေးတက်ရမှာ။”
ဝမ်ကယ်ရှုပ်ထွေးသွားသည်။
ကုန်းကျယ်ကနှုတ်ခမ်းစူကာ ဝမ်ကယ့်ကိုကြည့်ပြီး မကျေမနပ်ပြောလိုက်သည်။
“မင်းတစ်နေ့ကငါ့ကို ဒီနေ့စောစောအလုပ်ဆင်းပါ့မယ်လို့ ကတိပေးထားတယ်လေ။”
“ဟုတ်လား။ ငါအရမ်းအလုပ်များပြီးမေ့သွားတယ်။”
ဝမ်ကယ်ကအပြစ်ရှိသလိုပြောလိုက်သည်။
“အရေးကြီးကိစ္စလား။ အရေးမကြီးရင် မနက်ဖြန်ရွှေ့လိုက်ပါလား။ ငါမနက်ဖြန်အချိန်ပေးမယ်လို့ကတိပေးတယ်၊ နော်။”
ကုန်းကျယ်က မပျော်မရွှင်ဖြစ်နေဆဲပင်။ သူကရစ်ချင်သေးသော်လည်း ဝမ်ကယ်စိတ်မကောင်းဖြစ်မှာမကြည့်ရက်တာကြောင့် လက်ခါပြပြီး စူကောက်ကောက်ပြောလိုက်သည်။
“ထားလိုက်ပါ။ နောက်မှဒီအကြောင်းပြောတာပေါ့။”
ဝမ်ကယ် ကျေးဇူးတင်သလိုပြုံးပြပြီး အသားညပ်ပေါင်မုန့်နောက်ဆုံးအလုတ်ကိုကုန်အောင်စားလိုက်သည်။ ထို့နောက် ကုန်းကျယ်ကို ငုံ့နမ်းပြီးပြောသည်။
“ဒီအတောအတွင်းပစ်ထားမိလို့ တောင်းပန်ပါတယ်။ ငါအလုပ်တွေပြီးသွားရင် မင်းကိုပြန်ဖြည့်ဆည်းပေးမယ်နော်။”
ကုန်းကျယ်စိတ်ဆိုးဆိုးနှင့် အင်းသံသာပြုကာ ဘာမှပြန်မဖြေပေ။
ဝမ်ကယ်က သူ့ကိုဆက်ချော့ချင်သေးသော်လည်း အချိန်မရတော့တာကြောင့် ခဏနမ်းပြီးနောက် ထွက်သွားသည်။ ကုန်းကျယ်ကသူ့ကိုလိုက်ပို့ရင်း မေးသည်။
“ဒီနေ့ဘာနေ့လည်းရော မင်းမှတ်မိလား။”
“စက်တင်ဘာ(၃)ရက်နေ့လေ။ ဘာဖြစ်လို့လဲ။”
ဝမ်ကယ် သူ့ကိုမော့ကြည့်လိုက်သည်။
ကုန်းကျယ်က သူ့ကိုခဏစိုက်ကြည့်ပြီးနောက်ဆုံးတော့ စိတ်လျှော့လိုက်သည်။
“ထားလိုက်တော့၊ ကိစ္စမရှိဘူး။ သွားကြမယ် မဟုတ်ရင် ငါတို့နောက်ကျတော့မယ်။”
ဝမ်ကယ် ကုန်းကျယ်ဒီနေ့ထူးဆန်းနေသည်ဟုခံစားမိသည်။ သို့သော် သူသေချာမမေးနိုင်ဘဲ ကားပေါ်ကအဆင်း ကုန်းကျယ်ကိုစိုးရိမ်သလိုတစ်ချက်ကြည့်လိုက်သည်။
ဝမ်ကယ်ထွက်သွားတော့ ကုန်းကျယ်စိတ်ဓာတ်ကျပြီး အိမ်ပြန်ရောက်လာသည်။ သူကသကြားခဲလေးကိုပေါင်ပေါ်ချီတင်ကာ ပွတ်ပေးလိုက်သည်။
“သားရေ၊ မင်းဖေဖေက မင်္ဂလာနှစ်ပတ်လည်နေ့ကိုမေ့နေတယ်။ ဒါတော့လွန်လွန်းတယ်မထင်ဘူးလား။”
သကြားခဲလေးကတော့သက်တောင့်သက်သာ အပွတ်ခံရင်း လျှာလေးထုတ်ကာ တစ်ဂူးဂူးအသံပေးနေသည်။
ကုန်းကျယ်က သူ့ဟာသူထပ်ပြီးပြောလိုက်သည်။
“ထားလိုက်ပါလေ၊ မင်းဖေဖေက ဒီရက်ပိုင်းအလုပ်အရမ်းများနေတာဆိုတော့ အဖေသူ့ကိုခွင့်လွှတ်လိုက်မယ်။ ဒါနဲ့အဖေတို့သူ့ကိုသတိပေးသင့်လား။”
ကုန်းကျယ်ပြောရင်း ဖုန်းထုတ်ကာ ခဏစဉ်းစားလိုက်သည်။ ထို့နောက် အိပ်ခန်းထဲပြေးဝင်၍ ကုတင်ဘေးဗီဒိုထဲမှလက်ထပ်စာချုပ်နှစ်ခုကိုရှာကာ ဘေးချင်းယှဉ်လျက်ထားပြီး ဓာတ်ပုံရိုက်လိုက်သည်။
ဝမ်ကယ် ဖျော်ဖြေပွဲကျင်းပမည့်နေရာရောက်သည်နှင့် weibo မှမက်ဆေ့သတိပေးသံများတစ်တောင်တောင်တက်လာသည်။ ဝမ်ကယ်က ကုန်းကျယ်၏ weibo ပို့စ်များကိုမလွတ်စေရန် ကုန်းကျယ်ကို အထူး follow လုပ်ထားသည်။ ထို့ကြောင့် အချက်ပေးသံကြားသည်နှင့် သူချက်ချင်းဖုန်းထုတ်ကာ မက်ဆေ့နှိပ်ပြီးဖတ်လိုက်သည်။
ရုတ်တရက်သူမှင်တက်သွားပြီးနောက် ဒီနေ့ရက်စွဲကိုပြန်ကြည့်ပြီး သူ့နဖူးကိုလက်နှင့်ရိုက်လိုက်သည်။ သို့သော် ဝန်ထမ်းများရောက်လာတာကြောင့် ဝမ်ကယ်စာပြန်ဖို့အချိန်မရဖြစ်ကာ ဖုန်းကိုအိတ်ကပ်ထဲပြန်ထည့်လိုက်ရသည်။
ထိုအချိန်မှာပဲ ကုန်းကျယ်၏ weibo ပို့စ်ကြောင့် အင်တာနက်တစ်ခုလုံးဗြောင်းဆန်သွားသည်။
[@ဝမ်ကယ် ကုန်းကတော်၊ ပျော်ရွှင်စရာ (၇)နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့လေးဖြစ်ပါစေ။ လွန်ခဲ့တဲ့ (၂၇)နှစ်တာလုံး ငါနဲ့အတူအမြဲရှိပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီးနောင်လာမဲ့ဆယ်စုနှစ်တွေမှာလည်း ငါ့ကိုဆက်ပြီးစောင့်ရှောက်ပေးပါဦးနော်။ PS: မင်း ငါတို့ရဲ့မင်္ဂလာနှစ်ပတ်လည်ကိုမေ့နေပေမဲ့ ငါကသဘောထားကြီးတဲ့သူဆိုတော့မင်းကိုခွင့်လွှတ်ပါတယ်။ လက်ဆောင်ကတော့ မင်းဖျော်ဖြေပွဲပြီးသွားတဲ့အချိန်ကျ ငါ့ကိုဖြည့်ဆည်းပေးတာစောင့်နေမယ်!]
*****
Aurora Novel Translation Team