Chapter 47
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 47 - နောက်ဆုံးအပိုင်း
အပိုင်း (၄၇) – နောက်ဆုံးအပိုင်း
👻👻👻
[@ဝမ်ကယ် ကုန်းကတော်၊ ပျော်ရွှင်စရာ (၇)နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့လေးဖြစ်ပါစေ။ လွန်ခဲ့တဲ့ (၂၇)နှစ်တာလုံး ငါနဲ့အတူအမြဲရှိပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီးနောင်လာမဲ့ဆယ်စုနှစ်တွေမှာလည်း ငါ့ကိုဆက်ပြီးစောင့်ရှောက်ပေးပါဦးနော်။
PS: မင်း ငါတို့ရဲ့မင်္ဂလာနှစ်ပတ်လည်ကိုမေ့နေပေမဲ့ ငါကသဘောထားကြီးတဲ့သူဆိုတော့မင်းကိုခွင့်လွှတ်ပါတယ်။ လက်ဆောင်ကတော့ မင်းဖျော်ဖြေပွဲပြီးသွားတဲ့အချိန်ကျ ငါ့ကိုဖြည့်ဆည်းပေးတာစောင့်နေမယ်!]
ပို့စ်တွင် ဓာတ်ပုံနှစ်ပုံတွဲတင်ထားသည်။ တစ်ပုံကသူတို့နှစ်ယောက်၏လက်ထပ်စာချုပ်ပုံဖြစ်ပြီး နောက်တစ်ပုံကတော့ နံရံတွင်ချိတ်ဆွဲထားသောသူတို့နှစ်ဦး၏မင်္ဂလာဦးဓာတ်ပုံဖြစ်သည်။ မင်္ဂလာဦးဓာတ်ပုံတွင် သူတို့နှစ်ဦးအနက် တစ်ဦးကအဖြူရောင်၊ တစ်ဦးကအနက်ရောင်နှင့်အရောင်မတူသည့်အနောက်တိုင်းဝတ်စုံများဆင်တူဝတ်ဆင်ထားသည်။ ဓာတ်ပုံကအလွန်ရင်းနှီးသောအနေအထားမဟုတ်ဘဲ မျက်နှာချင်းဆိုင်ရပ်ကာပွေ့ဖက်ရုံသာဖြစ်သည်။ သို့သော် မြင်လိုက်သည်နှင့် ပြောမပြတတ်အောင်လိုက်လျောညီထွေရှိပြီး လိုက်ဖက်ညီနေသည်။
ကုန်းကျယ်က weibo တွင်ပို့စ်တင်တာအလွန်ရှားသည်။ ပုံမှန်ဆိုလက်ထောက်များမှတစ်ဆင့် ပရိုမိုးရှင်းကြော်ငြာအချို့သာတင်လေ့ရှိသည်။ ဒီပို့စ်က ကုန်းကျယ်ကိုယ်တိုင်တင်သော ပထမဆုံးပို့စ်ဖြစ်သည်။ပို့စ်ပါအကြောင်းအရာကအလွန်ကြီးမားတာကြောင့် ငါးမိနစ်အတွင်း ကွန်မန့်အရေအတွက် (၁၀,၀၀၀) ကျော်သွားသည်။ လူတိုင်းက ဤတုန်လှုပ်စရာပို့စ်ကြောင့် အံ့ဩဆွံ့အသွားသည်။ ဆယ်မိနစ်အကြာ၌ ကွန့်မန့်များ (၁၀,၀၀၀) ကျော်မှ (၁၀၀,၀၀၀) ကျော်၊ (၁၀၀,၀၀၀)ကျော်မှ (၁၅၀,၀၀၀) အထိဖြစ်လာပြီး ဆက်လက်မြင့်တက်လျက်ရှိသည်။
နှစ်ဖက်အဖွဲ့များက ဒီနေ့လိုနေ့မျိုးအနှေးနှင့်အမြန်ကြုံရမည်မှန်းကြိုသိတာကြောင့် လုံးဝထိတ်လန့်ခြင်းမရှိပေ။ ဝမ်ကယ်၏အဖွဲ့ကတော့ သူတို့သူဌေးဘက်မှ မည်သို့မှတုံ့ပြန်ပြောဆိုခြင်းမရှိသေးတာကြောင့် ဘာလှုပ်ရှားမှုမှမရှိပေ။ ကုန်းကျယ်၏အဖွဲ့ကတော့ သူတို့သူဌေး၏ weibo ပို့စ်ကိုပြန်လည်ကူးတင်ကာ ဆုမွန်ကောင်းများတောင်းပေးနေသည်။
ကုန်းကျယ် ကွန်မန့်များကိုခဏကြည့်လိုက်၏။ ယခုအချိန်ဆို ကွန်မန့်တွေထဲ ဘာတွေပြောနေမလဲဆိုတာ သူအကြမ်းဖျင်းသဘောပေါက်ပေသည်။ ကွန်မန့်များတွင် ကြောက်လန့်ဖွယ်ဆဲဆိုကြိမ်းမောင်းစကားများနှင့်ပြည့်နှက်နေသည်။ ထို့နောက် ခေတ္တငြိမ်သက်သွားပုံရကာ လိင်တူနှစ်သက်သူများကိုရွံမုန်းသည့်အဖွဲ့က သူ့ကိုစတင်အသရေဖျက်ဆဲဆိုကြိမ်းမောင်းကြသည်။ တစ်ချိန်တည်းမှာ ဒီကိစ္စကိုလက်မခံနိုင်သောဖန်များက နေရာမှာပင်ဖန်အဖြစ်မှနှုတ်ထွက်သွားကြသည်။ ဆဲဆိုကြိမ်းမောင်းမှုများက အတော်လေးနားမခံသာသော်လည်း ကုန်းကျယ်ကဒီလိုဖြစ်မယ်မှန်းမျှော်လင့်ပြီးသားဖြစ်သည်။ ထို့ကြောင့် သူဒေါသမထွက်သလို၊ ပို့စ်ကိုလည်းမဖျက်ဘဲ ပို့စ်အောက်တွင် မိမိတို့ထင်မြင်ချက်များကို စိတ်ကြိုက်ပြောဆိုခွင့်ပြုထားသည်။
သို့သော် ကာယကံရှင်ကအလေးအနက်မထားသည်နှင့် သူ့ဖန်များက သည်းခံနေမှာတော့မဟုတ်ပေ။ သူတို့နတ်ဘုရားက ရုတ်တရက်ကြီး မိမိသည်ဂေးတစ်ယောက်ဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာကြာလက်ထပ်ထားသူဖြစ်ကြောင်းကြေညာခဲ့သည်။ ဒါတင်မက သူ၏ယခင်ရန်သူတော်ဟောင်းဖြစ်သူဝမ်ကယ်နှင့် လက်ထက်ထားသည်ဆိုသောအချက်က ဖန်များအပေါ်ကြီးမားသည့်ထိုးနှက်မှုကြီးတစ်ခုဖြစ်စေပြီး အချိန်ခဏလောက် လက်မခံနိုင်ဖြစ်သွားသည်။ သို့သော် တခြားသူက သူတို့နတ်ဘုရားကိုဆဲဆိုနေတာကိုမြင်ရသည့်အခါ သားပေါက်လေးကိုကာကွယ်ပေးသည့် ကြက်မကြီးပမာ သူတို့က မိမိတို့နတ်ဘုရားကို အလိုအလျောက်ကာကွယ်ပေးကြသည်။ သူတို့နတ်ဘုရားမင်္ဂလာဆောင်ထားသည့်ကိစ္စကိုအသာထား အင်္ကျီလက်စကိုမ’ပြီး ပြန်လည်ရန်တွေ့ကြသည်။ ဒီတစ်ခေါက်ကိစ္စတွင် ကုန်းကျယ်အပြင် ဝမ်ကယ်ပါ ပါဝင်ပတ်သက်နေတာကြောင့် လူတချို့ကသူတို့နှစ်ယောက်စလုံးကိုဆဲဆိုကြသည်။ ရလဒ်ကတော့ များစွာသောဝမ်ကယ့်ဖန်များက ပြန်လည်တုံ့ပြန်လာသည်။ ဤသို့ဖြင့် နှစ်ဖက်ဖန်များပူးပေါင်းသွားပြီး အချိန်ခဏလေးအတွင်း ကီးဘုတ်သူရဲကောင်းအဖွဲ့ကို အသံတိတ်သွားအောင်ပြန်လည်ကြိမ်းမောင်းပစ်ကြသည်။ လိင်တူနှစ်သက်ခြင်းရွံမုန်းသူများကိုတော့ သူတို့ဘာမှတုံ့ပြန်စရာမလိုပေ။ ထိုသူတို့ကို လိင်တူနှစ်သက်ခြင်းထောက်ခံအားပေးသူ ဖြတ်သွားဖြတ်လာပွဲကြည့်ပရိသတ်များက တရားမျှတမှုဖြင့်ပေါက်ကွဲကာ ခေါင်းမဖော်ရဲအောင် ပြင်းပြင်းထန်ထန်ပြန်လည်တိုက်ခိုက်ကြသည်။
လော့မင်ဖန်းက ဖရိုဖရဲဖြစ်နေသည့် ကွန်မန့်နေရာကိုကြည့်ရင်း စိတ်သက်သာရရစွာ သက်ပြင်းချမိသည်။ အခြေအနေက သူထင်ထားသည်ထက် အများကြီးပိုကောင်းနေသည်။ အင်တာနက်သုံးစွဲသူများ၏တုံ့ပြန်မှုက အလွန်ပြင်းထန်သော်လည်း အခြေအနေများကအကြမ်းအားဖြင့်ထိန်းထိန်းသိမ်းသိမ်းရှိနေသည်။
မနက်မှနေ့လယ်အထိ အင်တာနက်တစ်ခုလုံးပွက်လောရိုက်လျက်ရှိသည်။ ကုန်းကျယ်က အစောကြီးကတည်းက ဖုန်းကိုဘေးပစ်ကာ လေ့ကျင့်ခန်းလုပ်ဖို့ Gym ထဲဝင်သွားသည်။ ဝမ်ကယ်နေ့လယ်စာစားဖို့ပြန်လာမည်မဟုတ်တာကြောင့် သူလည်းဟင်းချက်မနေဘဲ အပြင်ကနေသာမှာစားလိုက်သည်။ တစ်နာရီကြာတော့ ကုန်းကျယ် ကြမ်းပြင်ပေါ်ထိုင်ကာ သကြားခဲလေးနှင့်အတူ မာလာထန်တစ်ပွဲမျှစားလိုက်သည်။ ထိုအချိန် ဆိုဖာပေါ်ပစ်ထားသည့်ဖုန်းမှ အသံထွက်လာသည်။
ကုန်းကျယ်ပျော်သွားပြီး တူကိုချလိုက်သည်။ သူ ဆိုဖာပေါ်ပစ်လှဲကာဖုန်းကိုဖွင့်ကြည့်တော့ ထင်သည့်အတိုင်း ဝမ်ကယ့်ဆီကဖြစ်နေသည်။
လွန်ခဲ့သောတစ်မိနစ်ခန့်တွင် ဝမ်ကယ်က သူ့ပို့စ်ကိုပြန်ရှယ်ကာ စာပြန်ထားသည်။
[@ကုန်းကျယ် မစ္စတာကုန်း၊ ပျော်ရွှင်စရာ (၇)နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့လေးဖြစ်ပါစေ။ အိမ်ထောင်သက်(၇)နှစ်ကြာရင်မမြဲဘူးဆိုရိုးစကားကိုကျော်လွှားနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ နောင်လာမဲ့ရက်တွေမှာလည်း မင်းကိုဆက်ပြီးဒုက္ခပေးပါရစေ။
PS: ဒီလောက်အရေးကြီးတဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကိုမေ့သွားတာ ငါ့အပြစ်ပါ။ ငါ လက်ဆောင်ပြင်ပြီးသွားပြီ။ အိမ်ပြန်ရောက်ရင်မင်းကိုပေးမယ်။ (づ ̄ 3 ̄)づ]
ကုန်းကျယ်ပို့စ်တင်ပြီးနောက်ပိုင်း လူတိုင်းက ဝမ်ကယ့်ပြန်စာကိုစောင့်ဆိုင်းနေခဲ့သည်။ တစ်မနက်လုံးစောင့်ဆိုင်းပြီးနောက် နောက်ဆုံးတော့ သူ့ထံမှစာပြန်လာသည်။ အားလုံးက ဝမ်ကယ့်ဆီအပြေးသွားကာ ကွန်မန့်များပေးပြီး ပြန်လည်ပို့စ်တင်ကြသည်။
ကုန်းကျယ်က စာအဆုံးတွင်ပါသောအနမ်းအီမိုဂျီကိုကြည့်ပြီး လက်ထဲကတူကိုကိုက်ကာပြုံးလိုက်သည်။ သူက အနမ်းပုံလေးပြန်လည်ကွန်မန့်ပေးပြီးနောက် ကျေနပ်သည့်အမူအရာဖြင့် ဖုန်းပြန်ချလိုက်သည်။
ဒီအတောအတွင်း၌ ဝမ်ကယ်၏အချိန်ဇယားများကိုတမင်လျှို့ဝှက်ထားတာမရှိတာကြောင့် သတင်းထောက်များက ဖျော်ဖြေပွဲကျင်းပမည့်နေရာသို့မကြာခဏလာရောက်သတင်းယူကြသည်။ ယနေ့ကိစ္စက လုံးဝပွက်လောက်ရိုက်သွားသည့်အတွက် သတင်းထောက်များက ကုန်းကျယ်ကိုရှာမရလျှင် ဝမ်ကယ့်ဆီရောက်လာမှာသေချာသည်။ ထို့ကြောင့် ယင်ယွီထျန်းက ဒီလိုဖြစ်မှာစိုးကာ ဝမ်ကယ့်ကို အိမ်ပြန်ပြီး အချိန်အတော်ကြာပုန်းနေဖို့ပြောလိုက်သည်။
ရုတ်တရက် နေ့တစ်ဝက်အားသွားတော့ မနက်က ကုန်းကျယ်စိတ်ပျက်လက်ပျက်ဖြစ်သွားသည့်အမူအရာကို ဝမ်ကယ်ပြန်မြင်ယောင်မိသည်။ သို့နှင့် သူ ယင်ယွီထျန်းကို စားသောက်ဆိုင်တစ်ခုတွင် ဘိုကင်လုပ်ခိုင်းပြီး နှင်းဆီပန်းစည်းဝယ်ကာ အိမ်ပြန်မောင်းလာသည်။
ဝမ်ကယ် ရုတ်တရက်အိမ်ပြန်ရောက်လာတာမြင်တော့ ကုန်းကျယ်အလွန်အပျော်သွားသည်။ သူက ဝမ်ကယ့်ကိုဖိနပ်စင်တွင်ဖိကာ အရင်ဆုံးနမ်းရှိုက်လိုက်သည်။
“အခုပြန်လာလည်း စားသောက်ဆိုင်ဘိုကင်လုပ်ဖို့မမီတော့ဘူး။”
ကုန်းကျယ်ကနှမြောသလိုပြောလိုက်သည်။ သူတို့သွားနေကျစားသောက်ဆိုင်က တစ်ရက်ကြို၍ဘိုကင်တင်ရပြီး မနက်က ဝမ်ကယ် ညနေမသွားနိုင်ဘူးအထင်ဖြင့် ကုန်းကျယ်က ဘိုကင်ပြန်ဖျက်လိုက်သည်။
“ကိစ္စမရှိဘူး၊ နောက်တစ်ခေါက်သွားတာပေါ့။”
ဝမ်ကယ် ကုန်းကျယ်ခေါင်းကိုပွတ်ပေးကာအခြားစားသောက်ဆိုင်တစ်ခုတွင် ဘိုကင်တင်ထားသည့်အကြောင်းပြောမည်အလုပ် ကုန်းကျယ်ကပြောလာသည်။
“ဒါမှမဟုတ် ငါတို့အိမ်မှာပဲစားကြမယ်လေ၊ ငါတို့ကိုယ့်ဟာကိုယ် ဖယောင်းတိုင်မီးထွန်းပြီး ညစာလုပ်စားမယ်။”
“ကောင်းပြီလေ။”
ဝမ်ကယ်က ဒီအစီအစဉ်ကိုသဘောကျသွားတာကြောင့် သဘောတူလိုက်ပြီး ယင်ယွီထျန်းကို စားသောက်ဆိုင်ဘိုကင်ဖျက်ခိုင်းလိုက်သည်။
အိမ်မှာ ဟင်းအမယ်များ အဆင်သင့်မရှိပေ။ လက်ထောက်လေးကိုဝယ်ပြီးလာပို့ခိုင်းလျှင်လည်း အချိန်ကြာမည်စိုးတာကြောင့် ကုန်းကျယ် ကိုယ့်ဟာကိုယ်ထွက်ဝယ်ဖို့လုပ်လိုက်သည်။ ဝမ်ကယ်ကလည်း အတူလိုက်ခဲ့မည်ဟုဆိုသည်။ ဘာပဲပြောပြော သူတို့နှစ်ဦး ခုလေးတင်လူသိရှင်ကြားချပြပြီးဖြစ်တာကြောင့် ထပ်ပြီးဖုံးကွယ်နေစရာမလိုတော့ပေ။ သို့နှင့် ကုန်းကျယ်လည်း မငြင်းတော့ဘဲ နှစ်ယောက်သားအတူတူအပြင်ထွက်ကြဖို့ကို အရမ်းမျှော်လင့်မိသည်။ သူတို့နှစ်ယောက် လက်ထပ်ပြီးနှစ်ပေါင်းများစွာကြာတာတောင် ဒီအိမ်ရာပတ်ဝန်းကျင်သို့ တစ်ခါမှအတူတူအပြင်မထွက်ဖူးပေ။ ဒါက သူတို့အတွက်ပထမဆုံးအကြိမ်ဖြစ်သည်။
သူတို့ အင်္ကျီလဲကာ ဦးထုပ်ဆောင်းပြီးထွက်လာခဲ့သည်။ အိမ်ရာနှင့်မျက်နှာချင်းဆိုင်တွင် စူပါမားကတ်ကြီးတစ်ခုရှိသည်။ စူပါမားကတ်က တစ်လမ်းသာခြားတာကြောင့် သွားရမှာသိပ်မဝေးလှ။ သို့နှင့် သူတို့ သကြားခဲလေးခေါ်ကာ လမ်းလျှောက်ထွက်လာသည်။
မြို့လယ်ခေါင်မဟုတ်တာကြောင့် ပတ်ဝန်းကျင်အဆောက်အအုံများပြီးပြည့်စုံသော်လည်း လူသူကင်းမဲ့သည်။ စူပါမားကတ်၌လည်းလူသိပ်မများပေ။ ဒီလိုနေရာတွင် သူတို့နှစ်ယောက်နှင့် ခွေးတစ်ကောင်ပေါ်လာလည်း သိပ်ပြီးအုတ်အော်သောင်းတင်းမဖြစ်ပေ။
ဝမ်ကယ်က ခွေးသားလေးကိုချီကာ ကုန်းကျယ်နောက်ကလိုက်လာသည်။ ကုန်းကျယ်က ဈေးဝယ်လှည်းတွန်းကာ ပစ္စည်းစင်များရှေ့လျှောက်သွားပြီး ရံဖန်ရံခါဟင်းအမယ်များေရွးချယ်နေသည်။ စူပါမားကတ်တွင် လူသိပ်မရှိသော်လည်း တစ်ယောက်မှမရှိတာတော့မဟုတ်ပေ။ သူတို့ကတမင်ရုပ်ဖျက်မလာသလို၊ နှစ်ဦးစလုံးက အရပ်ရှည်ရှည်ပိန်ပိန်ပါးပါးဖြစ်တာကြောင့် ဦးထုပ်ဆောင်းထားလည်း လူအများအာရုံစိုက်ခြင်းခံရသည်။ ဤသို့ဖြင့် မကြာခင် လူတချို့က စတင်သတိထားမိလာသည်။ သူတို့ကို မနက်ကပဲလူသိရှင်ကြားချပြပြီး နေ့လယ်ကျ စူပါမားကတ်တွင်အတူတူဈေးလာဝယ်ရဲလိမ့်မည်ဟု မည်သူကမှမထင်ထားပေ။ သို့နှင့် လူများကစိတ်လှုပ်ရှားကာ မိမိတို့လက်ကိုင်ဖုန်းများကိုထုတ်၍ ဗွီဒီယိုဓာတ်ပုံများရိုက်ကူးပြီး သူငယ်ချင်းမိတ်ဆွေများကို လာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ကြသည်။ အားလုံးက အလွန်သိချင်နေသော်လည်း အနားသွားကာသီးသန့်စကားပြောဖို့တော့သတ္တိမရှိပေ။ သူတို့က အဝေးကနေသာ တိတ်တဆိတ်ဓာတ်ပုံများရိုက်ကူးကြသည်။
ဝမ်ကယ်အစောကြီးကတည်းက လူတွေစုလာဝာာသတိထားမိသည်။ သို့သော်ဘယ်သူမှရှေ့မတက်လာတာကြောင့် သူဘာမှမပြောဘဲနေလိုက်သည်။ ကုန်းကျယ်တစ်ယောက် ဟင်းအမယ်များရွေးပြီးတော့ ဝမ်ကယ်လည်းပိုက်ဆံရှင်းဖို့ကောင်တာဆီလိုက်သွားသည်။ ဝမ်ကယ်ကမပြန်ခင် ဘေးမှဝိုင်းကြည့်နေသူများဘက်လှည့်ကာ ညင်သာစွာပြုံးပြပြီးပြောခဲ့သည်။
“ဗွီဒီယိုကတင်လို့ရပါတယ်။ ဒါပေမဲ့ကျေးဇူးပြုပြီး နေရာတော့မထည့်ပါနဲ့။ ကျေးဇူးတင်ပါတယ်။”
ဒါသည် လူတိုင်း ပထမဆုံးအကြိမ်ဝမ်ကယ်ကိုအနီးကပ်မြင်ဖူးခြင်းဖြစ်သည်။ သူတို့က ဝမ်ကယ်ကိုမာနခဲရေခဲမင်းသားလေးဟုသိထားတာကြောင့် စိတ်ထဲတွင်ပေါင်းသင်းဆက်ဆံရခက်မည်ဟုထင်ကြသည်။ သို့သော် ရေခဲမင်းသားလေးက သူတို့ကို အလွန်ညင်သာယဉ်ကျေးစွာမေတ္တာရပ်ခံနေတာမြင်တော့ လူတိုင်းအံ့အားသင့်မှင်တက်သွားကာ သူ့စကားများကို အလိုလိုခေါင်းညိတ်လက်ခံမိကြသည်။
“ထုန်ထုန်။”
ကုန်းကျယ်က ဝမ်ကယ်လိုက်မလာတာမြင်တော့ ရပ်စောင့်ပြီးလှမ်းခေါ်သည်။
“လာပြီ။”
ဝမ်ကယ်ပြန်ပြောလိုက်ပြီးနောက် လူတိုင်းကိုနောက်ဆုံးအကြိမ်ပြုံးပြကာ ကုန်းကျယ်ဆီလျှောက်သွားသည်။
သူတို့နှစ်ယောက်ထွက်သွားပြီးသိပ်မကြာလိုက် လူအားလုံးအသိပြန်ဝင်လာသည်။ သူတို့က ခုလေးတင်ရိုက်ကူးထားသည့်ဗွီဒီယိုကိုကြည့်ကာ အွန်လိုင်းပေါ်အမြန်တင်၍ နာမည်ကြီးအောင်လုပ်ဖို့ပြင်လိုက်သည်။ ဝမ်ကယ်က သူတို့ကိုတည်နေရာမတင်ဖို့တောင်းဆိုထားတာကြောင့် အားလုံးကအလိုလိုအသိစိတ်ဖြင့် နေရာကိုမဖော်ပြဘဲပို့စ်တင်ခဲ့သည်။
ကုန်းကျယ်နှင့်ဝမ်ကယ် စူပါမားကတ်သို့အတူရောက်လာသည့်ဗွီဒီယိုက ပင်မဗွီဒီယိုဝဘ်ဆိုက်များသို့ချက်ချင်းပျံ့နှံ့သွားသည်။ အင်တာနက်အသုံးပြုသူများက နေရာအတည်ပြုပြီးနောက် စူပါမားကတ်လိပ်စာက နောက်ဆုံးတော့ပေါ်ထွက်လာသည်။ သတင်းထောက်များက ထိုနေရာသို့ရိုက်ကူးရေးပစ္စည်းများသယ်ကာ အပြေးသွားကြသည်။ သူတို့ရောက်သွားတော့ ကုန်းကျယ်နှင့်ဝမ်ကယ်တို့က ထွက်သွားနှင့်ပြီဖြစ်သည်။ သို့သော် သူတို့ကအလျှော့မပေးဘဲ နေရာမှာပင်ဆောင့်ကြောင့်ထိုင်စောင့်နေသည်။
ကာယကံရှင်နှစ်ယောက်ကတော့ အိမ်ပြန်ရောက်သည်နှင့် ဖယောင်းတိုင်မီးထွန်းကာ ညစာစားဖို့ပြင်ဆင်ကြသည်။
ကုန်းကျယ်နှင့်ဝမ်ကယ်ကိစ္စက တစ်ပတ်ကြာသည်အထိ အင်တာနက်ပေါ်ကမဆင်းပေ။ အချိန်တွေကြာသွားသည့်တိုင် ဒီကိစ္စအပေါ်အင်တာနက်သုံးစွဲသူများ၏စိတ်ဝင်စားမှုက နည်းနည်းမှမှေးမှိန်သွားခြင်းမရှိ။ အထူးသဖြင့် သူတို့က သူတို့နှစ်ဦးပွဲဦးမထွက်ခင်ကတည်းကလက်ထပ်ထားမှန်းသိရသည့်အခါ လူမသိသူမသိဆက်သွယ်မှုများရှာတွေ့လိုတွေ့ငြား ပွဲဦးထွက်စဉ်မှစ၍ လက်ရှိအချိန်အထိ နှစ်ယောက်သားဘဝအကြောင်းများကို ရွှေရှာသလိုနှိုက်နှိုက်ချွတ်ချွတ်ရှာဖွေတူးဖော်ကြတော့သည်။ ထိုသို့တူးဖော်ရာတွင် ညအိပ်စခန်းချရိုက်ကူးသော <<စွန့်စားလူငယ်များ>> အစီအစဉ်က အင်တာနက်သုံးစွဲသူများအကြိမ်ပေါင်းများစွာဝင်ရောက်ကြည့်ရှုရာ နတ်ဘုံနတ်နန်းတစ်ခုဖြစ်လာသည်။ ထုတ်လုပ်သူက တစ်နေ့တခြားတိုးတက်လာသော အချက်အလက်များကိုကြည့်ကာ ပါးစပ်နားရွက်ချိတ်မတတ်ပြုံးရွှင်လို့နေသည်။ သူက ချက်ချင်းဆုံးဖြတ်ချက်ချကာ ကုန်းကျယ်နှင့်ဝမ်ကယ်ပါသမျှ မည်မျှသေးငယ်သည့်အခန်းဖြစ်ပါစေ အကုန်ထည့်သွင်း၍ သီးသန့်တည်းဖြတ်ဖို့ ဒါရိုက်တာကိုအမိန့်ပေးလိုက်သည်။ ယခုလိုအောင်မြင်ကျော်ကြားမှုမျိုးကို သူတို့တတ်နိုင်သမျှဖမ်းဆုပ်ထားရပေမည်။
*****
Aurora Novel Translation Team