Chapter 48
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 48 - နောက်ဆုံးအပိုင်း
အပိုင်း (၄၈) – နောက်ဆုံးအပိုင်း
👻👻👻
တစ်ပတ်ကြာတော့ ဝမ်ကယ့်ဖျော်ဖြေပွဲကို စီစဉ်ထားသည့်အတိုင်းကျင်းပခဲ့သည်။ ညနေ (၅) နာရီ၌ ဖျော်ဖြေပွဲကျင်းပရာနေရာသို့ ဖန်များနှင့်မီဒီယာများကင်မရာကိုင်ကာ အသီးသီးရောက်ရှိလာသည်။
ဝမ်ကယ် မိမိအချစ်ရေးကိုလူသိရှင်ကြားထုတ်ပြပြီးနောက်ပိုင်း ဒီတစ်ကြိမ်က ပထမဦးဆုံးလူလုံးထွက်ပြခြင်းဖြစ်သည်။ ထို့ကြောင့်မီဒီယာများက ဒီအကြောင်းနှင့်ပတ်သက်၍ ဦးဦးဖျားဖျားသတင်းထူးရယူလိုကြသည်။ တစ်ချိန်တည်းမှာ သူတို့ကဖျော်ဖြေပွဲတွင် ကုန်းကျယ်များပေါ်လာလေမလားဆိုပြီး မျှော်လင့်စောင့်စားလျက်ရှိသည်။
ည(၇)နာရီ၌ဖျော်ဖြေပွဲကျင်းပရာနေရာသို့ လူများတစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာသည်။ ဖျော်ဖြေပွဲသို့ လတ်တလောနာမည်ကြီးနေသည်ကိုအကောင်းဆုံးအသုံးချရန် ဝမ်ကယ့်ကုမ္ပဏီမှမီဒီယာကြီးအချို့ကိုချွင်းချက်ထားဖိတ်ခေါ်ကာ ဖျော်ဖြေနေစဉ်တစ်လျှောက် မှတ်တမ်းတင်ရိုက်ကူးခွင့်ပြုထားသည်။ သို့သော် ဖျော်ဖြေပွဲအဆုံး၌အင်တာဗျူးဖြေမဖြေကတော့ ဝမ်ကယ့်သဘောဖြစ်သည်။ ဤသို့ဆိုလျှင်တောင် လူတိုင်းကအလွန်ကျေနပ်ကြကာ နေရာကောင်းများရယူဖို့ ပွဲမစခင်ကပင်စောစောစီးစီးလာရောက်၍ ပစ္စည်းကိရိယာများတပ်ဆင်ထားကြသည်။
ည(၈)နာရီ၌ ဖျော်ဖြေပွဲတစ်ကွင်းလုံးမီးများပိတ်သွားပြီး စင့်မြင့်ထက်မှမီးရောင်များလင်းလက်လာသည်။ စပီကာမှတစ်ဆင့် ပွဲဦးထွက်ကတည်းကထွက်ရှိထားသော ဝမ်ကယ့်သီချင်းများ စတင်ထုတ်လွှင့်လာကာ သီချင်းတိုင်းကပရိသတ်အားလုံးကိုအတူတူလိုက်ပါသီဆိုမိစေသည်။
ယင်ယွီထျန်းတစ်ယောက် ပရိသတ်များ ညီညီညာညာကျယ်လောင်စွာသံပြိုင်သီဆိုနေသံကိုကြားတော့ တအံ့တဩဖြစ်မိသည်။ ကြည့်ရတာ ကိစ္စများဖြစ်ပျက်ပြီးတာတောင် ဝမ်ကယ်၏အောင်မြင်ကျော်ကြားမှုကို ထိခိုက်ပုံမရပေ။
နောက်ထပ်မိနစ်(၂၀)ကြာတော့ သီချင်းသံများရပ်တန့်သွားသည်။ ဖန်များလည်း လိုက်လံသီဆိုနေသည်များရပ်ကာ ပရိသတ်များအားလုံးအသံတိတ်သွားသည်။ ထို့နောက် စင်မြင့်အလယ်သို့ အလင်းတန်းတစ်ခုကျရောက်လာသည်။
ဝမ်ကယ်ကဝတ်စုံပြည့်ဝတ်ဆင်၍ စင်မြင့်ဓာတ်လှေကားမှတစ်ဆင့် ဖြည်းညင်းစွာတက်လာသည်။ သူက စင်အောက်ရှိလူများကိုကြည့်ကာ အေးစက်စက်ပြောလိုက်သည်။
“ကျွန်တော်စောင့်နေခဲ့တာ။”
ထိုအသံကြားသည်နှင့် ဖန်များအားလုံး အုန်းအုန်းကျွက်ကျွက်အော်ဟစ်လိုက်ကြသည်။
ဝမ်ကယ် ခပ်ဖွဖွပြုံးလိုက်၏။ ထိုအပြုံးကို ရှုထောင့်မျိုးစုံမှ ဖျော်ဖြေကွင်းတစ်ခုလုံးအနှံ့ ထုတ်လွှင့်ပြသနေသည်။ ဖန်များကစိတ်လှုပ်ရှားသွားကာ အော်ဟစ်သံများပိုမိုကျယ်လောင်လာသည်။
ဝမ်ကယ်က တိုးတိုးနေဖို့လက်ဟန်ပြလိုက်တော့ လူတိုင်းတဖြည်းဖြည်းအသံတိတ်သွားသည်။ ယခင်ဖျော်ဖြေပွဲအတွေ့အကြုံများအရ ဝမ်ကယ်ပရိသတ်များကိုနှုတ်ဆက်ပြီးလျှင် ပထမဆုံးသီချင်းတစ်ပုဒ်စတင်သီဆိုမှာဖြစ်သည်။ သို့သော်ယနေ့မှာတော့ နောက်ခံတေးသံလည်းဖြည်းညင်းစွာဆက်လက်တီးခတ်နေသလို၊ ဝမ်ကယ့်အမူအရာကလည်း တည်ကြည်ငြိမ်သက်နေဆဲဖြစ်သည်။
ခဏစောင့်ပြီးနောက် ဝမ်ကယ် မိုက်ခရိုဖုန်းကိုကြည့်ပြီး ဆက်ပြောလိုက်သည်။
“ဖျော်ဖြေပွဲမစခင် ကျွန်တော်မင်းတို့ကိုပြောစရာရှိတယ်။”
ဝမ်ကယ် စင်မြင့်အစွန်းသို့လျှောက်သွားကာ ခပ်ဖွဖွပြုံးလိုက်ပြီး:
“တကယ်တော့ ကျွန်တော်ဘာပြောမယ်မှန်းအားလုံးသိကြမယ်ထင်ပါတယ်။”
“သိပါတယ်!”
ဖန်များက ကျယ်လောင်စွာအဖြေပေးလိုက်သည်။
ဝမ်ကယ်ကပြုံးပြီး ခေါင်းညိတ်ပြကာ:
“….ကောင်းပြီ၊ ဒါဆိုကျွန်တော်တည့်ပဲပြောတော့မယ်။ သူနဲ့ကျွန်တော်က ကလေးဘဝကတည်းကသိကြတာ။ ကျွန်တော်ကသူ့ထက် (၃)နှစ်ကြီးတယ်။ သူမွေးလာတုန်းက ကျွန်ဝောာ် သူ့အနှီးကိုတောင်ကူလဲပေးခဲ့သေးတယ်။”
ဖန်များကရယ်မောလိုက်ကြသည်။ ဝမ်ကယ်လည်းရယ်စရာကောင်းသည်ဟုထင်ကာ သူ့နှုတ်ခမ်းပေါ်ကအပြုံးများမရပ်တန့်သွားပေ။ ရှေ့ဆုံးတန်းအလယ်တည့်တည့်ရှိ ထိပ်ချွန်ဦးထုပ်ဆောင်းထားသူတစ်ယောက်ကတော့ ခါးသီးစွာပြုံးကာ မျက်လုံးများကိုလက်နှင့်အုပ်လိုက်သည်။
ဖန်များရယ်လို့အားရတော့ ဝမ်ကယ်ဆက်ပြောခဲ့သည်။
“ကျွန်တော်တို့မိသားစုနှစ်ခုက အိမ်နီးချင်းတွေ။ မင်းတို့စကားနဲ့ပြောရင် ကျွန်တော်တို့က ငယ်ကျွမ်းဆွေတွေပေါ့။ အထက်တန်းပထမနှစ်မှာကျွန်တော်တို့စတွဲခဲ့တယ်။ ကံကောင်းစွာပဲ မိဘတွေကမကန့်ကွက်ခဲ့ဘူး။ ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို မိဘတွေကအကြီးမားဆုံးအထောက်အပံ့ပေးခဲ့တယ်။ အထက်တန်းတတိယနှစ်ရောက်တော့ ကျွန်တော်တို့ စာချုပ်စာတမ်းနဲ့လက်ထပ်ခဲ့တယ်။ တက္ကသိုလ်ဘွဲ့ရပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့်အနုပညာလောကထဲဝင်ဖြစ်ခဲ့တယ်။ အစမှာအချင်းချင်းမသိချင်ယောင်ဆောင်ခဲ့ကြတာက မလိုလားအပ်တဲ့ပြဿနာတွေကိုလျှော့ချပြီး သံသယတွေကိုရှောင်ရှားချင်ခဲ့လို့ပါ။ နောက်တော့ ဘယ်လိုဖြစ်မှန်းမသိဘူး၊ ကျွန်တော်တို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်မရတဲ့ ရန်သူတော်တွေအဖြစ်သတ်မှတ်ခံခဲ့ရတယ်။”
ဒီအကြောင်းပြောတော့ ဝမ်ကယ်မနေနိုင်ဘဲ မဲ့ပြုံးပြုံးလိုက်သည်။
“ကျွန်တော်တို့လည်းရှင်းပြဖို့တွေးထားခဲ့ပေမဲ့ အချိန်ပိုကြာလေ ဘယ်လိုဖြေရှင်းရမယ်မှန်းမသိတော့လေပဲ။ အဲ့ဒါကြောင့် ဒီအတိုင်းလွှတ်ထားလိုက်ရတယ်။”
စင်အောက်မှာတော့ ပရိသတ်များက ထိုသူနှင့်အတူရှိခဲ့သော ချိုမြိန်သည့်အတိတ်အကြောင်းများကို ဝမ်ကယ်ပြန်ပြောပြတာနားထောင်ရင်း တိတ်ဆိတ်ငြိမ်သက်နေသည်။
“ကျွန်တော်တို့အချစ်ရေးကအရမ်းကောင်းပါတယ်။ တွဲခါစနှစ်တွေတုန်းကတော့ တစ်ခွန်းလောက်စကားပြောအဆင်မပြေတာနဲ့ရန်ဖြစ်ကြပေမဲ့ လမ်းခွဲဖို့တော့တစ်ခါမှမစဉ်းစားခဲ့ဖူးဘူး။ လက်ထပ်ပြီးတော့လည်း အတူတူပဲ။ ကျွန်တော်တို့ကို လူတော်တော်များများအမြင်မကြည်တာ ကျွန်တော်သိပါတယ်။ တချို့အင်တာနက်အသုံးပြုသူတွေက ကျွန်တော်တို့ဘယ်တော့လမ်းခွဲကြမလဲဆိုပြီး ခန့်မှန်းနေကြတယ်။ ကျွန်တော်ပြောချင်တာက စတွဲကြမယ်လို့ဆုံးဖြတ်ချက်ချကတည်းက အပြင်လောကရဲ့ဆိုးရွားတဲ့စကားလုံးတွေကိုရင်ဆိုင်ဖို့ ကျွန်တော်တို့မှာသတ္တိတွေရှိနေပြီ။အတူတူလက်တွဲဖို့ရွေးချယ်ခဲ့ပြီးမှတော့ လက်တွဲဖြုတ်ဖို့ဆိုတာကို ဘယ်တုန်းကမှမတွေးခဲ့ဖူးပါဘူး။ ကျွန်တော်က ပုဂ္ဂိုလ်ရေးကိစ္စတွေကို အပြင်ထုတ်ပြောရတာသဘောကျတဲ့သူမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်တော်ရှေ့ထွက်ပြီး ပြောသင့်တယ်လို့ထင်တယ်။ ကျွန်တော်တို့အတွက်ဆုမွန်ကောင်းတောင်းပေးတဲ့သူအားလုံးကို ကျွန်တော်စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်။ လက်မခံနိုင်တဲ့သူတွေကိုတော့ လက်ခံပေးကြဖို့ကျွန်တော်အတင်းမတိုက်တွန်းပါဘူး။ ကျွန်တော့်မိသားစုဝင်နဲ့ ကျွန်တော့်ချစ်ရတဲ့သူကိုအနှောင့်အယှက်မပေးဖို့ပဲ ကျွန်တော်မျှော်လင့်ပါတယ်။”
ဒါက ယခင်ဘယ်သူမှမမြင်ဖူးသည့် ဝမ်ကယ့်ပုံစံဖြစ်သည်။ သူက ညင်သာသည်၊ ခိုင်မာသည်၊ အချစ်ကြီးသလို ဇွဲနပဲကြီးသည်။
လာရောက်ကြသူအားလုံးက အမာခံဖန်စစ်စစ်များဖြစ်တာကြောင့် မုန်တိုင်းများအပြီး ဝမ်ကယ့်နောက်ဆက်လိုက်ဖို့ဆုံးဖြတ်ခဲ့ကြသည်။ ယခုလို ဝမ်ကယ်စိတ်ရင်းဖြင့်ဖွင့်ပြောသည်များကိုကြားရတော့ သူတို့ပို၍ရင်ထဲထိသွားကာ အားလုံးစိတ်ထဲ၌ အားပေးဆုမွန်ကောင်းများသာကျန်ရစ်ခဲ့သည်။
လူတိုင်းလက်ခုပ်တီးကာ စင်ပေါ်ကလူကိုအော်ဟစ်ဆုမွန်ကောင်းတောင်းပေးလိုက်ကြသည်။
အေးစက်စက်မာနခဲလေးဝမ်ကယ်လည်း ဒီတစ်ခါတော့မျက်ရည်ဝဲသွားကာ ပရိသတ်များကိုအလေးအနက်ဦးညွတ်လိုက်သည်။ ထို့နောက် သူ လည်ချောင်းရှင်းကာ ထပ်ပြောလိုက်သည်။
“ကောင်းပြီ၊ ပြောစရာကတော့ပြီးသွားပါပြီ။ နောက်လာမဲ့အစီအစဉ်ကတော့….”
ထိုစဉ် ဖန်များက ဝမ်ကယ့်စကားကိုဖြတ်၍ ခန်းမခေါင်းမိုးကြီးပေါက်ထွက်မတတ်အော်ဟစ်လိုက်ကြသည်။ ဝမ်ကယ် သူတို့ကိုနားမလည်သလိုကြည့်လိုက်၏။ အားလုံးက သူ့နောက်ကစခရင်မ်ဖန်သားပြင်ကို မမှိတ်မသုန်စိုက်ကြည့်နေတာမြင်တော့ သူလည်းနောက်လှည့်ကြည့်လိုက်သည်။ ထိုအခါ ဖန်သားပြင်ပေါ်၌ ညင်သာစွာပြုံးပြနေသည့် ရင်းနှီးသောမျက်နှာကိုမြင်လိုက်ရသည်။
“အားလုံးကိုမိတ်ဆက်ပေးပါရစေ၊ ဒါ ကျွန်တော့်ရဲ့အမျိုးသား၊ ကုန်းကျယ်ပါ။”
👻👻👻
မူရင်းစာရေးသူမှာပြောစရာရှိပါတယ်:
ဒီနေ့မှာ ပင်မဝတ္ထုဇာတ်လမ်းတရားဝင်ပြီးဆုံးပါပြီ။ နောက်မှာ အချပ်ပိုလေးတွေဆက်ပြီးရှိပါမယ်။ နောက်တစ်အုပ်ကတော့ ယွီရန်အကြောင်းရေးထားတာဖြစ်ပါတယ်။ အားပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။
*****
Aurora Novel Translation Team
Shinmineain123
ယွီယန်အကြောင်းစာအုပ်လေးကရော ဘာသာပြန်ပေးမှာလားရှင့် ပြန်ထားတာရှိရင်လည်း နာမည်လေးပြောပြပေးပါဦး
Aurora
လောလောဆယ်တော့ ယွီရန်တို့ကို ဘာသာမပြန်ရသေးပါဘူးရှင့်။ နောက်နှစ်ထဲ ပြန်ပေးဖို့တော့စိတ်ကူးထားပါတယ် 🥰