Chapter 5
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 5 - ကလေးလိုချင်တယ်
အပိုင်း (၅) – ကလေးလိုချင်တယ်
👻👻👻
ဝမ်ကယ်က သက်ပြင်းချလိုက်ကာ:
“မင်းခေါင်းသုံးပြီးစဉ်းစားလေ၊ ငါက တခြားသူတွေကို သံသယမဝင်စေချင်ရုံသက်သက်ပဲ။”
“တကယ်မေ့သွားတာမဟုတ်ဘူးပေါ့။”
ကုန်းကျယ်က စိုးရိပ်တကြီးဖြင့်:
“ဒါဆိုမင်းငါ့ကိုပြောပြ၊ ငါ အဲ့ဒီတုန်းက မင်းကိုဘယ်လိုလက်ထပ်ခွင့်တောင်းခဲ့လဲ။”
ဒီတစ်ခါတော့ ဝမ်ကယ် ပြန်မဖြေ။ သူက မျက်လုံးမှိတ်၊ အိပ်ချင်ယောင်ဆောင်ကာ စောင်အောက်က ပူထူနေသည့် နားရွက်နီနီလေးနှစ်ဖက်ကို ပွတ်သပ်လိုက်သည်။
ဟိုတယ်ရှိမွေ့ယာအကြီးကြီးပေါ်၌ လက်ထက်ခွင့်တောင်းခံခဲ့ရသည့်အကြောင်းကို သူ့ပါးစပ်က ဘယ်တော့မှထုတ်ပြောမည်မဟုတ်ပေ။
👻👻👻
သူတို့ မနေ့ကအိပ်ရာဝင်အရမ်းနောက်ကျတာကြောင့် နောက်တစ်နေ့နေ့လယ်ခင်းမှအိပ်ရာနိုးလာသည်။
သူတို့နှစ်ယောက် ပြိုင်တူနီးပါးအိပ်ရာနိုးလာခဲ့သည်။ ဝမ်ကယ်တစ်ယောက် ကောင်းကောင်းမနိုးသေးဘဲ ကုန်းကျယ်ရင်ဘတ်ပေါ် ခဏမျက်နှာအပ်လိုက်သည်။
“မင်းမှာနောက်ထပ်အချိန်ဇယားမရှိဘူးမလား။”
ဝမ်ကယ်က သူ့အနားလှိမ့်သွားကာ ကုန်းကျယ်ပေါ်အိပ်ပြီး မေးစေ့ချွန်ချွန်လေးဖြင့် ရင်ဘတ်ကြွက်သားများကိုဖြစ်သလိုတိုးဝှေ့လိုက်သည်။
ကုန်းကျယ်က သူ့တင်ပါးလေးကို အပြစ်ပေးသလိုပုတ်ရင်း ပြန်ဖြေ၏။
“အင်း၊ ရုပ်ရှင်ကပရိုမိုးရှင်းဆင်းပြီးသလောက်ရှိပြီ၊ ပြီးတော့ တစ်ပတ်နားချိန်ရတယ်။ မင်းလည်း အလုပ်အားခါနီးပြီမလား။”
“အင်း၊ အယ်လ်ဘမ်က အလျင်မလိုပါဘူး။ ကြော်ငြာကိစ္စတွေလည်း အားလုံးပြီးနေပြီ။”
ကုန်းကျယ်က မျက်ခုံးပင့်ကာ:
“မတွေ့ရတာလဝက်ကျော်နေတာနဲ့ အတော်ပဲ၊ ပြီးခဲ့တဲ့ရက်တွေအတွက် အခုမှအတိုးချအနားယူရမယ်။”
သူက ဘာလိုလိုသဘောပြောကာ ဝမ်ကယ့်တင်ပါးလေးများကို ဖမ်းဆုပ်လိုက်သည်။
ဝမ်ကယ်က သူ့လက်ကိုပုတ်ချ၍ အင်္ကျီဝတ်ကာ ပြန်စောင်းကြည့်ပြီး:
“မင်းဟာမင်း လေနဲ့အတိုးချနေလိုက်!”
လဝက်စာကို တစ်ပတ်အတွင်းအတိုးချမယ်တဲ့လား၊ သူသာ တကယ်သဘောတူလိုက်လျှင် ဒီတစ်ပတ်လုံး အိပ်ရာပေါ်ကဆင်းရမည်မဟုတ်ပေ။
ကုန်းကျယ်က ပြုံးပြီး အိပ်ရာမှထကာ ရေချိုးခန်းထဲအတင်းလိုက်ဝင်သွားသည်။
ရေချိုးခန်းကထွက်တော့ ကုန်းကျယ်၏ဖုန်းမြည်လာသည်။ ခေါ်ဆိုသူက လက်ထောက်လေးဖြစ်သည်။ သူက ဖုန်းကိုင်ကာ စကားအနည်းငယ်ပြောလိုက်၏။ ထို့နောက် ဖုန်းမချခင် တစ်စုံတစ်ခုကိုသတိရသွားကာ ဖုန်းကိုလက်ထဲကိုင်ရင်း ဝမ်ကယ်ဆီလှမ်းမေးလိုက်သည်။
“မင်း ဘာစားချင်လဲ။ ငါ တာ့ရုံကို ဝယ်လာခိုင်းမလို့။”
“ငါ မင်းချက်ကျွေးတာစားချင်တယ်။”
ဝမ်ကယ်က ကုန်းကျယ်ဟင်းချက်တာကိုကြည့်ရဖို့ မျှော်လင့်နေသည်။
ကုန်းကျယ်ကလည်း အကြည့်ခံရဖို့တရွရွဖြစ်နေ၏။ သို့နှင့် ကုန်းကျယ်က ဝမ်ကယ့်ကို ကိုယ်ကိုကိုင်းနမ်းလိုက်ပြီး လက်ထောက်လေးနှင့်ဆက်စကားပြောလိုက်သည်။
“မင်း ခဏနေစူပါမားကတ်သွားပြီး အသီးအရွက်နည်းနည်းဝယ်ခဲ့…..”
ဝမ်ကယ်က ကုန်းကျယ်တစ်ယောက် သူကြိုက်တတ်သည့်ဟင်းပွဲတချို့၏ ပါဝင်ပစ္စည်းများ ရွတ်ပြနေသံကြားတော့ နှလုံးသားထဲ နွေးထွေးကာ နှုတ်ခမ်းထောင့်လေးများ အလိုလိုကွေးတက်သွားသည်။ သူက ကုန်းကျယ်အား နောက်ကသိုင်းဖက်၍ ခေါင်းလေးစောင်းရင်း ပါးကိုတစ်ချက်နမ်းကာ အောက်ထပ်သို့ဆင်းလာလိုက်သည်။
အချိန်ပိုင်းအလုပ်သမားများက အပတ်တိုင်းအိမ်ကိုသန့်ရှင်းရေးလာလုပ်ပေးသည်။ ထို့ကြောင့် လဝက်လောက် အိမ်မှာမည်သူမှမနေတာတောင် ဖုန်တစ်စက်မှမရှိပေ။ ယနေ့ လက်ထောက်လေးက ခွေးလေးကိုပြန်ခေါ်လာပေးလောက်မည်ဟု ဝမ်ကယ်တွေးမိသည်။ သို့နှင့် သူက စတိုးခန်းထဲသွားကာ ယခင်ခွေးလေးနေခဲ့သည့် ခွေးလှောင်အိမ်လေးကို ထုတ်လာသည်။
ကုန်းကျယ်အောက်ဆင်းလာသောအခါ ဝမ်ကယ်တစ်ယောက် ခွေးလှောင်အိမ်နှင့် ခွေးအစာခွက်ကို အင်္ကျီလက်နှင့်သုတ်နေတာတွေ့လိုက်ရသည်။ ဝမ်ကယ်ဖုန်သုတ်ပြီးခါနီးတော့ သူက ဝမ်ကယ့်ကိုယ်ကို သူ့အနားသို့ဆွဲကာ ညည်းသံလေးနှင့် မေးလိုက်သည်။
“ခွေးကိုချစ်လား၊ ငါ့ကိုချစ်လား။”
ဝမ်ကယ်ကရယ်ရင်း ကုန်းကျယ်ပါးဖောင်းဖောင်းလေးကိုညှစ်ကာ ရှေ့သို့ကုန်းနမ်းပြီး အဖြေပေးလိုက်၏။
“မင်းက ဘယ်နှနှစ်ရှိပြီမို့ ဒီလောက်ကလေးဆန်တဲ့မေးခွန်းမေးရတာလဲ။”
“ငါက ခုမှခုနစ်နှစ်ပဲရှိသေးတာ၊ ကလေးဆန်တာပေါ့။”
ကုန်းကျယ်၏မွေးနေ့က အလွန်ထူးခြားသည့် ဖေဖော်ဝါရီ (၂၉) ရက်ဖြစ်သည်။ ထို့ကြောင့် သူ့ကိုယ်သူ (၇)နှစ်ဟုဆိုခြင်းက မှားတော့မမှား။ နောက်ဆုံးကျ သူသည် မွေးကတည်းက မွေးနေ့(၇)ခါသာ ဖြတ်သန်းရသေးတာဖြစ်သည်။
ဝမ်ကယ်ကလည်း သူ့အပြောကို ချက်ချင်းသဘောပေါက်ကာ မျက်နှာရှိအပြုံးများ အနည်းငယ်ပိုမိုလေးနက်သွားပြီးနောက် အလိုက်သင့်ပြန်ပြောလိုက်သည်။
“ဒါဆိုငါတော့သွားပြီ၊ ငါက အသက်မပြည့်သေးတဲ့လူနဲ့ချစ်နေတာဆိုတော့ ရာဇဝတ်မှုမြောက်သွားပြီ။”
ကုန်းကျယ်က ဝမ်ကယ့်နှုတ်ခမ်းသားများကို နမ်းရှိုက်ရင်း မပီမသပြောလိုက်သည်။
“ကိစ္စမရှိဘူး။ အဲ့ဒီအချိန်ကျ ငါ တရားသူကြီးကိုပြောလိုက်မယ်၊ ကျွန်တော့်ဘက်က အလိုတူလို့ပါလို့……”
နောက်ဆုံးစကားလုံးများက ဆုံးအောင်ပင်မပြောလိုက်ရဘဲ နှုတ်ခမ်းနှင့်သွားများအကြား ပျောက်ကွယ်သွားသည်။
ဝမ်ကယ်က ကုန်းကျယ်ပေါင်ပေါ်ထိုင်နေကာ ကုန်းကျယ်၏အနက်ရောင်ဆံစများကို လက်ဖြင့်ထိုးဖွရင်း ခေါင်းကိုငုံ့၍ ကုန်းကျယ်အား နမ်းရှိုက်နေသည်။ နမ်းလိုက်ကိုက်လိုက်နှင့် သူ့ပုံစံက ကုန်းကျယ်အား ဆော့ကစားနေသကဲ့သို့ပင်။ ရိုးရှင်းသောအနမ်းက နောက်ဆုံး၌ ပူအိုက်စေးကပ်လာသည်။
ချစ်ရည်လူးရသည်ထက် တစ်ယောက်နှင့်တစ်ယောက် ပူးကပ်ဖက်တွယ်ရသည့်ခံစားချက်က သူတို့ချင်း ပိုမိုကျေနပ်အားရစေသည်။ ထို့ကြောင့် များသောအားဖြင့် နှစ်ယောက်သား အိမ်မှာဆို မိနစ်အနည်းငယ်ကြာတိုင်းနမ်းဖြစ်သည်။ အနမ်းများက ရှည်ရှည်တိုတို၊ ဖွဖွဖြစ်စေ နက်နက်နဲနဲဖြစ်စေ၊ နှစ်ဦးသား မကြာခဏအကြည့်ချင်းဆုံမိသည်နှင့် နူးညံ့ရှည်ကြာသောအနမ်းများ အစပြုစေသည်။
ယနေ့လည်း ထိုနည်း၄င်းပင်။ သူတို့နှစ်ဦးကြားရှိအနမ်းများက အဆုံးသတ်ရန် တုံ့ဆိုင်းနေသည်မှာ လက်ထောက်လေး လူခေါ်ဘဲလ်တီးလာသည့်အချိန်အထိပင်။
ကုန်းကျယ်က တံခါးသွားဖွင့်ကာ ဝမ်ကယ်ကတော့ ဧည့်ခန်းထဲကျန်ရစ်ခဲ့ပြီး ဆွဲဖြဲခံထားရသောကပိုကရိုအဝတ်အစားများကို သပ်ရပ်အောင်ပြန်လုပ်လိုက်သည်။
ခွေးဟောင်သံကြားတော့ ဝမ်ကယ် ဝမ်းသာသွား၏။ သူ အပြေးထွက်လာကာ ကြမ်းပေါ်ဒူးထောက်ပြီး ခွေးလေးကိုဖက်လိုက်သည်။
“သကြားခဲလေး၊ ပါးပါးကိုလွမ်းနေလား။”
“ဝုတ်ဝုတ်!”
“အရမ်းလိမ္မာတာပဲ။”
ဝမ်ကယ် ကျေနပ်အားရစွာဖြင့် ခွေးလေး၏ခေါင်းကိုပွတ်လိုက်သည်။
“ဝမ်ကော။”
လက်ထောက်လေးက အသီးအရွက်အထုပ်များနှင့် အိမ်ထဲဝင်လာသည်။ သူက ဝမ်ကယ်ကိုမြင်တော့ နွေးထွေးစွာနှုတ်ဆက်လိုက်သည်။
ဝမ်ကယ်က ခေါင်းညိတ်ပြုံးပြကာ:
“တာ့ရုံ၊ မင်း နားရက်မှာပြေးလွှားနေရတာ ပင်ပန်းသွားပြီ။”
ကုန်းကျယ်၏လက်ထောက်လေးအမည်က စွန်းတာ့ရုံဖြစ်သည်။ သူ့က နာမည်သာအနည်းငယ်ကြမ်းသော်လည်း လူကတော့ပိန်ပိန်သေးသေးဖြစ်သည်။ သူ့ထံတွင် အနည်းငယ်ရှက်ကိုးရှက်ကန်းနိုင်၍ လှပသောမျက်ဝန်းများရှိသည်။
“ရပါတယ်၊ ရပါတယ်၊ ဒါတွေအားလုံးက ကျွန်တော်လုပ်သင့်တာပါ။”
လက်ထောက်လေးက အစားအသောက်များကို မီးဖိုခန်းထဲထည့်ကာ ကားဆီပြန်၍ ခွေးစာနှင့်ကစားစရာအရုပ်များ သွားယူသည်။
အားလုံးပို့ပြီးသွားတော့ လက်ထောက်လေးက ပြန်ဖို့ပြင်သည်။ ဝမ်ကယ်က သူ့ကိုညစာစားဖို့ခေါ်ထားချင်ပေမဲ့ လက်ထောက်လေးက သူ့ထက်ပိုမြန်မြန်ကားပေါ်ပြေးတက်ကာ မျက်စိအောက်မှပျောက်ကွယ်သွားသည်။
စွန်းတာ့ရုံက ဝမ်ကယ်ကိုကြောက်ရွံ့နေသည်တော့မဟုတ်၊ သို့သော် ကုန်းကျယ်နှင့်ဝမ်ကယ်တို့စုံတွဲများဖြစ်နေတာကြာပြီဆိုသည့်အချက်ကို သူ လက်မခံနိုင်သေးပေ။
ဒီသတင်းကို သူသိရတာသိပ်မကြာသေး။ သူကုန်းကျယ်နှင့်အလုပ်တွဲလုပ်ခဲ့တာ (၃)နှစ်ရှိလေပြီ။ သို့သော် ဒီနှစ်အစပိုင်းမှ ဒီအကြောင်းသိခွင့်ရခဲ့သည်။ ကုန်းကျယ် သူ့အားဖွင့်ပြောခဲ့သည့်အကြောင်းမှာ တာ့ရုံသည် လက်ထောက်တစ်ယောက်အနေဖြင့် ကုန်းကျယ်အိမ်သို့ မကြာခဏပြေးလွှားနေရသည်။ လက်ထောက်လေးအိမ်ရှေ့ရောက်သည့်အခါတိုင်း ဝမ်ကယ်တစ်ယောက် ပြေးပြေးပုန်းနေသည်ကိုကြည့်ရင်း ကုန်းကျယ်စိတ်မကောင်းဖြစ်လာသောကြောင့်ဖြစ်သည်။
ဒီကိစ္စကိုသိပြီးနောက် သူ၏ပထမဆုံးတုံ့ပြန်မှုကို လက်ထောက်လေးကိုယ်တိုင်ပင် သေချာမမှတ်မိ။ သို့သော် ထိုအချိန်မှစ၍ တစ်လလောက်ကြာသည့်တိုင် သူ့မှာအံ့ဩမှင်သက်မဆုံးဖြစ်နေရသည်ကိုကြည့်လျှင် ဒီကိစ္စကသူ့အပေါ် မည်မျှသက်ရောက်မှုကြီးမားကြောင်း မှန်းဆကြည့်နိုင်သည်။ ယနေ့အချိန်ထိ လက်ထောက်လေးခမျာ သူ့ဟာသူ သက်သက်စိတ်ကူးယဉ်နေတာများလားဟု မကြာခဏအတွေးဝင်မိသည်။ အပြင်လောက၌ တစ်ယောက်ကိုတစ်ယောက်မြင်သည်နှင့် အချင်းချင်းအသေအကြေထိုးနှက်နေကြသည်ဟု နာမည်ကြီးသောသူတို့နှစ်ဦးက ဘယ်လိုလုပ်ပြီးစုံတွဲတွေဖြစ်နိုင်မှာလဲ! !
ဒီကြောက်မက်ဖွယ်ကိစ္စက အဏုမြူဗုံးတစ်လုံးလောက် အင်အားကြီးမားသည်။
လက်ထောက်လေး မည်မျှပင်မယုံနိုင်ဖြစ်ပါစေ၊ သူတို့နှစ်ဦးကတော့ အမှန်တကယ် စုံတွဲများဖြစ်သည့်အပြင် ဆယ်နှစ်မကနှစ်ပေါင်းများစွာ ချစ်ချစ်ခင်ခင် နှစ်နှစ်ကာကာ ပူးကပ်ကြင်နာခဲ့သော လင်မယားများဖြစ်ကြသည်။
ကုန်းကျယ်က ဟင်းသီးဟင်းရွက်များကိုရေဆေးပြီးနောက် ခါးစည်းဝတ်ကာ မီးဖိုခန်းစားပွဲ၌ အသီးအရွက်များလှီးဖြတ်နေသည်။ ဓားကိုင်ပုံက အလွန်ကျွမ်းကျွမ်းကျင်ကျင်ရှိလှကာ သူ့လိုအရပ်ရှည်သူတစ်ယောက်က လေးနက်သောအမူအယာဖြင့်ပြုလုပ်နေပုံမှာ အလွန်ကြည့်ကောင်း၏။
ဝမ်ကယ်က ခရမ်းချဉ်သီးအစိမ်းတစ်လုံးကိုကိုက်စားရင်း ကုန်းကျယ်တစ်ယောက်တည်းအလုပ်ရှုပ်နေသည်ကိုထိုင်ကြည့်နေသည်။ ခွေးလေးကလည်း သူတို့နှစ်ယောက်ခြေထောက်များကြား ပြေးလွှားဆော့ကစားနေ၏။
ခရမ်းချဉ်သီးစားပြီးနောက် ဝမ်ကယ် နောက်ထပ်သခွားသီးကို ကောက်ကိုင်လိုက်ပြန်သည်။ ကုန်းကျယ်က အဲ့ဒါကိုမြင်တော့ သူလုပ်နေသည့်လက်များကို အရှိန်တင်ကာမေးလိုက်သည်။
“ဗိုက်ဆာနေပြီလား။ မင်းအတွက် ခေါက်ဆွဲတစ်ပန်းကန်လုပ်ပေးရမလား။”
“ဟင့်အင်း။”
ဝမ်ကယ် ခေါင်းခါပြပြီး သခွားသီးကိုရေဆေးကာ ရေများခါထုတ်လိုက်သည်။
“သိပ်မဆာသေးပါဘူး၊ ဒီအတိုင်းစားချင်လို့လျှောက်စားနေတာ။”
“နည်းနည်းစောင့်ပေးဦး၊ ခဏနေရတော့မှာ။”
“အင်း။”
ဝမ်ကယ် ခေါင်းညိတ်ပြကာ သခွားသီးတစ်စိတ်စားလိုက်သည်။
တစ်နေ့လုံးဘာမှမစားရသေးတာမို့ ကုန်းကျယ်က ဝမ်ကယ်ကို အဆာမလွန်စေချင်ပေ။ သို့နှင့် သူက ဟင်းပွဲတချို့ချက်ကာ နှစ်ယောက်သား အိမ်တွင်ပထမဆုံးထမင်းတစ်နပ် စားလိုက်သည်။
ဝမ်ကယ် စားရသောက်ရအဆင်မပြေတာမျိုးမရှိပေ။ တကယ်တမ်းတော့ သူက ကုန်းကျယ်ချက်သမျှအားလုံး အားရပါးရစားသောက်နိုင်သည်။
ဝမ်ကယ်၏အချက်အပြုတ်စွမ်းရည်က ပျက်ကိန်းဆိုက်နေသည်ဟုဆိုရမည်။ သူ့ကို မီးဖိုခန်းထဲဝင်ခွင့်ပေးသည်နှင့် မီးဖိုခန်းကြီးပျက်စီးသွားမှ သူလည်းပြန်ထွက်လာလိမ့်မည်။ ထို့ကြောင့် ကလေးဘဝကတည်းက မိဘများက သူ့ကိုဆော်ပလော်တီးကာ တစ်ယောက်တည်း မီးဖိုခန်းဝင်ခွင့်မပေးတော့ပေ။
ကြီးလာတော့အိမ်ခွဲနေသည့်အခါ ကုန်းကျယ်၏ဟင်းချက်ကျွေးမှုဖြင့် သူ ယနေ့အထိ အသက်ရှင်လာခဲ့တာဖြစ်သည်။ ထို့အပြင် ကုန်းကျယ်က သူ ကောင်းကောင်းစားနိုင်အောင် မီရှယ်လင်းအဆင့်စားဖိုမှူးထံမှ အိတ်စိုက်အကုန်အကျခံ၍ ဟင်းချက်နည်းတချို့သင်ယူခဲ့သည်။ ထို့ကြောင့် ကုန်းကျယ်၏ဟင်းချက်စွမ်းရည်က အချက်အပြုတ်ကျွမ်းကျင်လက်မှတ်ရလောက်အောင်ကောင်းမွန်သည်။ သို့သော် ကုန်းကျယ်ဟင်းချက်ကောင်းသည်ကိုတော့ ဝမ်ကယ်ကလွဲလျှင် အခြားမည်သူမှမသိကြသလို သူ့လက်ထောက်နှင့် အေးဂျင့်များပင်မသိကြပေ။
ညစာစားပြီးနောက် မှောင်စပြုလာသည်။ သူတို့နှစ်ယောက် အဝတ်အစားလဲကာ သကြားခဲနှင့်အတူ လမ်းလျှောက်ထွက်ကြသည်။
သကြားခဲက ဒီနေရာမှာ ရက်အနည်းငယ်နေဖူးသည်။ ထိုအချိိန်တုန်းက ဝမ်ကယ်က သူ့ကိုခေါ်ပြီး ညနေတိုင်းလမ်းလျှောက်ထွက်ကြသည်။ ထို့ကြောင့် သူက လမ်းတွေကိုမှတ်မိနေကာ ဝမ်ကယ်ဦးဆောင်စရာမလိုဘဲ သူ့ဟာသူရှေ့ကပြေးနေ၏။
ဝမ်ကယ်က ကုန်းကျယ်နှင့်ဘေးချင်းယှဉ်ကာ အလျှော့အတင်းသိုင်းကြိုးကိုကိုင်ထားရင်း ဖြည်းညင်းစွာလမ်းလျှောက်နေသည်။ ရွှေအိုရောင်အမွှေးထူခွေးလေးက ပျော်ရွှင်စွာခုန်ဆွခုန်ဆွလုပ်နေတာကြောင့် လည်ပတ်ပေါ်ရှိခေါင်းလောင်းလေးက တချွင်ချွင်မြည်နေ၏။
ဝမ်ကယ်တစ်ယောက် အလွန်ပျော်ရွှင်နေသည်။ သူက ကုန်းကျယ်အား ပုခုံးချင်းလှမ်းတိုက်ကာ:
“မိသားစုဝင်တွေပိုများလာတာ ကောင်းသားပဲနော်၊ ငါတို့နှစ်ယောက်တည်းကျ တိတ်ဆိတ်နေရော။”
ကုန်းကျယ်က ခုနက မက်ဆေ့ပြန်နေတာကြောင့် ဝမ်ကယ်၏ဆိုလိုရင်းကို သဘောမပေါက်၊ သူက ခဏကြောင်သွားကာ မေးလိုက်သည်။
“မင်းက ကလေးလိုချင်လို့လား။”
ဝမ်ကယ်ဆွံ့အသွားကာ ဆက်မေးလိုက်သည်။
“တကယ်လို့ ငါကကလေးလိုချင်တယ်ဆိုရင် မင်းက မွေးပေးနိုင်လို့လား။”
ကုန်းကျယ်က ပုခုံးတွန့်လိုက်ကာ:
“ငါ အဲ့လိုတော့မတတ်နိုင်ဘူးပေါ့၊ ဒါပေမဲ့ မင်း တကယ်ကလေးလိုချင်ရင် ငါတို့အငှားကိုယ်ဝန်ဖြစ်ဖြစ်၊ မွေးစားတာဖြစ်ဖြစ် လုပ်လို့ရတယ်။ အဖေနဲ့အမေကလည်း ခုတလော အငှားကိုယ်ဝန်ဆောင်ဖို့ တိုက်တွန်းနေတာနဲ့ အတော်ပဲ။”
“ဟမ်၊ ငါ ဘာလို့မသိရတာလဲ။”
ဝမ်ကယ် အံ့ဩသွားသည်။
“အဖေနဲ့အမေက မင်းအလုပ်များနေမှန်းသိတော့ စိတ်ရှုပ်မှာစိုးလို့ ဒီကိစ္စတွေသေချာပေါက် မင်းကိုပြောမှာမဟုတ်ဘူး။ နောက်ဆုံးကျ မင်းကမှသူတို့ရဲ့သားအရင်း ငါက အမှိုက်ပုံထဲကကောက်လာတာဆိုတော့လေ။ ငါ ပင်ပန်းပန်း၊ မပင်ပန်းပန်း သူတို့ကစိတ်မကောင်းဖြစ်တာမဟုတ်ဘူး။ ဒီလိုကိစ္စမျိုးဆို ငါ့ကိုပဲပြောကြတာ။”
ဝမ်ကယ် ပြုံးလိုက်သည်။ သူက ဘေးမှာတခြားဘယ်သူမှမရှိတာမြင်တော့ ကုန်းကျယ်လက်ကိုလှမ်းဆွဲကာ လှုပ်ရမ်းလိုက်၏။ ထို့နောက် သူက ကလေးလေးတစ်ယောက်ကိုချော့မြှူသကဲ့သို့ နှစ်သိမ့်သောလေသံဖြင့်:
“အင်းပါအင်းပါ၊ အဖေနဲ့အမေက စိတ်မကောင်းမဖြစ်လည်း မင်းကိုကိုက စိတ်မကောင်းဖြစ်တာပေါ့။ ကိုကိုက မင်းကိုချစ်တယ်နော်။”
“ဘာချစ်တာလဲ။ အပြောနဲ့ချည်းမရဘူး။ အလုပ်နဲ့သက်သေမပြဘဲနဲ့များ။”
ကုန်းကျယ်က ညစ်ကျယ်ကျယ် ပြောလိုက်သည်။
ဝမ်ကယ်ကတော့ ကုန်းကျယ်တစ်ယောက် ဒီလိုပါးစပ်နှင့်ပရောပရည်လုပ်တာမျိုးကို ရိုးနေလေပြီ။ သူက ကုန်းကျယ်အပြောကို အလိုလိုလျစ်လျူရှုကာ စကားကိုပြန်ဆက်လိုက်၏။
“ငါပြောတဲ့မိသားစုဝင်ဆိုတာ ဒီမှာလေ။”
သူကပြောရင်း လက်ထဲကသိုင်းကြိုးကိုလှုပ်ပြလိုက်သည်။ သကြားခဲလေးက သူ့အားတုံ့ပြန်သလို ခေါင်းမော့ကာနှစ်ချက်ဟောင်ပြ၏။
ကုန်းကျယ်က မျက်ခုံးများပင့်သွားကာ:
လတ်စသတ်တော့ သူနားလည်မှုလွဲသွားတာလား။
ဝမ်ကယ်က ဆက်မေးသည်။
“မင်း ကလေးလိုချင်လို့လား။ တကယ်လို့ မင်းလိုချင်ရင် အငှားကိုယ်ဝန်ဆောင်ကြမလား။ ဒါပေမဲ့ ငါတို့က ဒီလောက်အလုပ်များတာ ကလေးကိုကြည့်ဖို့အချိန်မရှိဘူး။ အဖေနဲ့အမေဆီပဲ ပေးထားရမှာ။”
“ငါတော့ ကလေးမလိုချင်ဘူး! ကလေးတစ်ယောက်တိုးလာရင် အချစ်တွေလုတဲ့လူတစ်ယောက်တိုးလာမှာ။ ဒီခွေးတစ်ကောင်ကိိုတောင် ငါကမွေးချင်တာမဟုတ်ဘူး။ ကလေးဆို ပိုတောင်မမွေးချင်သေး။ မင်းက ငါ့တစ်ယောက်တည်းအပိုင်။ ဘယ်သူမှ ငါ့ဆီကလုမယူရဘူး။”
ကုန်းကျယ်က လေးနက်သောမျက်နှာထားဖြင့် ဝမ်ကယ့်လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။
အမှန်တော့ ဝမ်ကယ်လည်း ကလေးသိပ်မချစ်ပေ။ သူ ကုန်းကျယ်နှင့်စတွဲကတည်းက ကလေးအကြောင်း တစ်ခါမှထပ်ပြီးမစဉ်းစားမိတော့ချေ။ သို့သော် ယခုကဲ့သို့ အိမ်ကတိုက်တွန်းနေမှန်းသိရတော့ သူ နည်းနည်းတွေဝေမိပြန်သည်။
“အဖေနဲ့အမေကို ဘယ်လိုလုပ်မလဲ။”
ကုန်းကျယ်က အမှုမဲ့အမှတ်မဲ့ ပြောလိုက်သည်။
“သူတို့ကိုတွေးမနေနဲ့။ သူတို့က သိပ်အားနေတာ။ ငါ သူတို့ကို အန္တာတိက (တောင်ဝင်ရိုးစွန်း) ခရီးစဉ်အဖွဲ့တစ်ခုအကြောင်းပြောပြထားတယ်။ အဲ့တော့ လောလောဆယ် သူတို့ဒီအကြောင်း စိတ်ထဲရှိဦးမှာမဟုတ်ဘူး။”
“သူတို့နှစ်ယောက်တည်းလား။”
“မင်းအဖေနဲ့အမေလည်းပါတယ်။ ခုတလော ကျိယွီလည်း သူ့ကျောင်းမှာ ကျောင်းတွင်းလှုပ်ရှားမှုတွေရှိနေတာမလား။ အဲ့တော့ အဖေနဲ့အမေ သိပ်အလုပ်များနေမယ်မထင်တာနဲ့ သူတို့ကိုပါ ပြောပြလိုက်တာ။ ခရီးတစ်လျှောက် အဖော်ရတယ်လေ။”
သူ့အဖေအမေအရင်းတွေပါလိုက်သွားမယ်ကြားတော့ ဝမ်ကယ် နည်းနည်းစိတ်သက်သာရာရသွားသည်။ မဟုတ်လို့ ကုန်းမိသားစုမှ အဖေအမေနှစ်ယောက်တည်းသာဆို သူတကယ်စိတ်ချနိုင်မည်မဟုတ်ပေ။ ကုန်းမိသားစု၏အဖေနှင့်အမေအကြောင်းစဉ်းစားမိတိုင်း ကုန်းကျယ်တစ်ယောက် အခုလို ကျန်းကျန်းမာမာကြီးပြင်းလာဖို့ တကယ်မလွယ်ကူခဲ့မှန်းတွေးမိကာ သူ မတတ်သာဘဲသက်ပြင်းအခါခါချမိတော့သည်။
*****
Aurora Novel Translation Team