Chapter 7
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 7 - အသားယူခံရတယ်
အပိုင်း (၇) – အသားယူခံရတယ်
👻👻👻
အေးဂျင့်နှစ်ယောက်က သူတို့အား ကြေညာစာတစ်စောင်စီရေးတင်ဖို့ပြောသည်။ ထို့နောက် ဒေါသတကြီးဖုန်းချသွားကာ အရှုပ်ထုပ်များကို ဆက်ရှင်းကြ၏။
ကာယကံရှင်နှစ်ဦးကတော့ ဇဝေဇဝါနှင့် မိမိတို့အေးဂျင့်များ၏ ဒေါသအကြွင်းအကျန်များကြား နစ်မြှုပ်ကျန်ရစ်ခဲ့သည်။ အကြာကြီးနေမှ သူတို့အသိပြန်ဝင်လာသည်။ ဝမ်ကယ်က ကုန်းကျယ်ကိုလှမ်းကြည့်ကာ စိတ်လိုလက်ရပြောလိုက်သည်။
“တကယ်တော့……. သူတို့ကနှစ်ပေါင်းများစွာကွဲကွာနေတဲ့ အမွှာညီအစ်ကိုတွေဖြစ်ရမယ်….”
ဒီလိုတစ်စိတ်တည်းတစ်ဝမ်းတမ်းဖြစ်နေပုံက သူတောင်သက်ပြင်းချမိသည်။
ကုန်းကျယ်က ချစ်သူ၏ထင်မြင်ချက်အပေါ် သဘောမတွေ့သော်ငြား လက်ရှိတွင် weibo ကိစ္စအပေါ် ပိုပြီးအာရုံရောက်သွားသည်။ သို့နှင့် သူ weibo အမြန်ဖွင့်လိုက်သည်။ Weibo တွင် “ကုန်းကျယ်နဲ့ဝမ်ကယ်တစ်ပြိုင်တည်း Weibo ပိုစ့်တင်ကြတယ်” ခေါင်းစဉ်ဖြင့် Hot Search ပေါ်ရောက်ကာ နာမည်ကြီးနေသည်။ နောက်ပြီး ဒီခေါင်းစဉ်က ယခင် သူတို့နှစ်ယောက်ပါဝင်မည့် “စနေနေ့တွေ့ကြမယ်” ခေါင်းစဉ်ကိုကျော်တက်ကာ Hot Search နံပါတ်တစ်ဖြစ်လာသည်။ Hot Search ၏နံပါတ် (၃)၊ နံပါတ် (၄) ခေါင်းစဉ်များကလည်း သူတို့နှင့်ဆိုင်သောအကြောင်းအရာများပင်ဖြစ်ကာ “ကုန်းကျယ်နဲ့ဝမ်ကယ် စင်မြင့်တစ်ခုတည်းပေါ်တက်ကြမယ်”၊ “ကုန်းကျယ်နဲ့ဝမ်ကယ် နောက်ဆုံးတော့ထိပ်တိုက်တွေ့ပြီ” စသည်ဖြင့်။
ကုန်းကျယ်က ခေါင်းစဉ်တစ်ခုကိုနှိပ်ကြည့်ကာ သက်ပြင်းချရင်း:
“မစ္စတာဝမ်ရေ ငါတို့တော့ဂုဏ်ယူစရာပဲ။ ဒီနေ့ Weibo Hot Search ကို ငါတို့အပိုင်စီးထားတယ်။”
ဝမ်ကယ်က ဒီကိစ္စကိုတွေ့ပြီးဖြစ်သည်။ အသူရာစက်ကွင်းလိုလူသတ်ငွေ့များအစပျိုးနေသည့် Weibo ပို့စ်ကိုကြည့်ကာ သူမနေနိုင်ဘဲ သက်ပြင်းသက်မချမိ၏။
တစ်ချိန်တည်းမှာ Weibo က နှစ်ဖက်ဖန်များ၏စစ်မြေပြင်ဖြစ်လာသည်။ ဖန်များက အင်တာနက်မှတစ်ဆင့် တစ်ဖက်နှင့်တစ်ဖက်စတင်ကြိမ်းမောင်းကြတော့သည်။ ကုန်းကျယ်ဖန်များက ဝမ်ကယ်သည် အရှက်မရှိဘဲ သူတို့ရုပ်ရှင်ဧကရာဇ်၏အောင်မြင်ကျော်ကြားမှုကို ခိုကပ်တွယ်တက်ချင်သည်ဟုဆိုသည်။ ဝမ်ကယ်ဖန်များကလည်း ကုန်းကျယ်မှာ အပြုံးချိုသလောက် စိတ်ပုပ်သည့်ယောကျာ်းဖြစ်ကြောင်း၊ အပြစ်ကင်းသလိုဟန်ဆောင်၍ တကယ်တမ်း သူတို့မင်းသားလေး သူ့ထက်ပိုအောင်မြင်သည်ကို စိတ်ထဲကကြိတ်မနာလိုကာ ထိခိုက်အောင်လုပ်နေကြောင်းပြောဆိုကြသည်။
နှစ်ဖက်ဖန်များမှာ အချင်းချင်းအပြန်အလှန်အပြစ်ဖို့ကြိမ်းမောင်းရင်း ကာယံရှင်နှစ်ဦးမှအစ၊ သူတို့၏အနုပညာလှုပ်ရှားမှုများအလယ်၊ စာချုပ်ချုပ်ထားသည့်ကုမ္ပဏီများအဆုံး သူတို့နှစ်ဦးနှင့်သက်ဆိုင်သမျှ အရာအားလုံးကို မလွတ်တမ်းဝေဖန်ပြောဆိုနေကြသည်။ ဈေးကွက်ရှာအကောင့်များ၏ စောဒတက်သည့်ကွန်မန့်များနှင့် ဘေးကပျော်ပျော်ကြီးပွဲထိုင်ကြည့်သည့်ဖရဲသီးများပါ ထပ်ပေါင်းလိုက်သည့်အခါ ကျိန်စာသင့်စစ်မြေပြင်ကြီးမှာ ပို၍ယမ်းပုံမီးကျကာ နောက်ဆုံးတော့ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်လာသည်။
ရလဒ်က ကုန်းကျယ်နှင့်ဝမ်ကယ်အမည်များမှာ အင်တာနက်အသုံးပြုသူတိုင်း၏ “ရှာဖွေရန်”နေရာ၌ ထိပ်ဆုံးကပေါ်နေကာ Hot Search တွင်လည်း သူတို့၏အမည်များ အချိန်အကြာကြီးရှိနေသည်။ အဆုံး၌ Weibo ဝဘ်ဆိုဒ်ပါ ဆာဗာကျသွားတော့သည်။
ဤသို့ဖြင့် သူတို့နှစ်ဦးခေါင်းစဉ်အောက်၌ “Weibo ပရိုဂရမ်မာငိုနေပြီ” ဟူသော နောက်ထပ်ခေါင်းစဉ်သစ်တစ်ခုပေါ်ပေါက်လာသည်။
သူတို့နှစ်ယောက်အကြောင်းကား Hot Search ပေါ်မှမဆင်းပေ။ ထိုအချိန်၌ သက်ဆိုင်သူတစ်ဦးထွက်ပေါ်လာကာ သတင်းတစ်ခုပြောလာသည်။ သတင်းက ကုန်းကျယ်နှင့်ဝမ်ကယ်သည် ဒီတစ်ခေါက်ရှိုးတွင် အတူတကွပါဝင်ရခြင်းမှာ ဒါရိုက်တာ၏ မရိုးမသားလိမ်လည်မှုကြောင့်ဟုဆိုသည်။ ထိုသူက ဒါရိုက်တာသည် အထူးဧည့်သည်များဖိတ်ကြားခဲ့စဉ်က သူတို့အားနောက်လူတစ်ယောက်ထပ်မံပါဝင်မည့်အကြောင်း အသိမပေးဘဲ ရိုက်ကူးရေးမစတင်မီအချိန်အထိ တမင်ဖုံးကွယ်ကာ နှစ်ဖက်စလုံးမှာအဖြစ်မှန်မသိခဲ့ရကြောင်းပြောလာသည်။
ထို့ကြောင့် ဒီကိစ္စကိုဆန်းစစ်သည့်အခါ သူတို့နှစ်ဦးစလုံးမှာ နစ်နာသူများဖြစ်လာပြီး အရှက်မဲ့လွန်းသည့် ဒါရိုက်တာအပေါ် အပြစ်အားလုံးပုံကျသွားသည်။
ဒီသတင်းထွက်သည်နှင့် အင်တာနက်သုံးစွဲသူများအားလုံးပေါင်းစည်းသွားကာ လုစီးမင်ကို ပြင်းထန်စွာ ဝေဖန်တိုက်ခိုက်ကြသည်။ ရှားရှားပါးပါးဆိုသလို နှစ်ဖက်ဖန်များက သူတို့အချင်းချင်းကြားကိစ္စကိုခဏဘေးချိတ်ကာ လုစီးမင်နှင့် သူ၏”စနေနေ့တွေ့ကြမယ်” ပရိုဂရမ်အဖွဲ့အား ရင်ဆိုင်ရန် စည်းလုံးညီညွတ်စွာပူးပေါင်းသွားသည်။
သို့နှင့် “Weibo ပရိုဂရမ်မာငိုနေပြီ” ခေါင်းစဉ်အပြီးတွင် “လုစီးမင်အရှက်မရှိ” နှင့် “<<စနေနေ့တွေ့ကြမယ်>>ကလိမ်ကျတယ်” ဆိုသည့် နောက်ထပ်ခေါင်းစဉ်များ နာမည်ကြီးလာသည်။
ရုတ်တရက် လုစီးမင်နှင့် အစီအစဉ်၏တရားဝင်ဘလော့အောက်၌ ဆူပူကြိမ်းမောင်းသည့်ကွန်မန့်များ ပလူပျံသွားသည်။ ဖိအားပေးခံရသဖြင့် လုစီးမင်လည်း မဖြစ်မနေလူလုံးထွက်ပြကာ တောင်းပန်စကားဆိုရသည်။ အစီအစဉ်တင်ဆက်သူများဖြစ်ကြသော စုန်းချောင်နှင့် ဖုယွဲ့ကျယ်တို့လည်း အတူရှေ့ထွက်ကာ ဖန်များ၏အပြစ်တင်မှုကို ခံယူခဲ့သည်။
“စနေနေ့တွေ့ကြမယ်” မှာ ဆိုးဆိုးဝါးဝါးဝေဖန်ခံရသော်လည်း အစီအစဉ်ကတော့နာမည်ကြီးသွားသည်။ နေ့မကူးခင် Hot Search ၏တတိယနေရာ၊ ကုန်းကျယ်နှင့်ဝမ်ကယ်ပြီးလျှင် ဒုတိယအကျော်ကြားဆုံးသတင်းခေါင်းစဉ်ဖြစ်လာသည်။
ထို့ကြောင့် အင်တာနက်သုံးစွဲသူများ၏ ဆိုးဝါးစွာဝေဖန်ခြင်းခံရသော်လည်း ဒါရိုက်တာအဖွဲ့ကတော့ အလွန်ကျေနပ်နေသည်။ သူက ဒီသတင်းကြားသည်နှင့် အထူးတလည်ဖုန်းခေါ်ကာ လုစီးမင်အား စိတ်လိုလက်ရချီးမွမ်းပြီး ဆက်လက်ကြိုးစားဖို့ တိုက်တွန်းခဲ့သည်။
လုစီးမင်ခမျာ ဖုန်းကိုင်ရင်း ခါးသီးစွာခေါင်းညိတ်လိုက်သည်။ သူ့ပုံစံက ပင်ပန်းနွမ်းလျနေသည်။ နောက်ဆုံးကျ သူ့ခမျာ မိမိကိုယ်တိုင်မှအစ မိသားစုအဆုံး အင်တာနက်သုံးစွဲသူများ၏ ဝေဖန်ပြောဆိုခြင်းကိုခံခဲ့ရသည်မဟုတ်ပါလား။ သူ ဒါမျိုး အခုမှပထမဆုံးအကြိမ်ကြုံဖူးတာကြောင့် အချိန်ခဏလောက်ထူပူသွားသည်။ သို့သော် အစီအစဉ်ကို ကယ်တင်လိုက်နိုင်တာမြင်တော့ ဖြေသိမ့်နိုင်သွားကာ အနည်းငယ်ပိုပြီးနေလို့ကောင်းသွားသည်။
သူတို့ကြောင့် ကုန်းကျယ်နှင့်ဝမ်ကယ်တို့ အရှုပ်ထဲဆွဲသွင်းခံရသည်ကိုတွေးမိတော့ သူတို့ကိုဖုန်းခေါ်ပြီး ကိုယ်တိုင်တောင်းပန်တာကောင်းမည်ဟု လုစီးမင်တွေးမိသည်။
လုစီးမင်ထံမှ ဖုန်းဝင်လာတော့ ဝမ်ကယ်တစ်ယောက် အိပ်ရာဝင်နေလေပြီ။ ရာသီဥတုအနည်းငယ်အေးတာကြောင့် ဝမ်ကယ်က ခြေလက်များကို ကုန်းကျယ်ချိုင်းနှင့်ခြေထောက်များကြားညှပ်ထားသည်။ ဖုန်းသံကြားတော့ သူက ကုတင်ဘေးကဖုန်းကို စိတ်ပျက်သလိုလှမ်းကြည့်လိုက်သည်။သူ ဖုန်းကို လက်ထုတ်ပြီးလှမ်းမယူချင်ပေ။
ဒါကိုမြင်တော့ ကုန်းကျယ်က သူ့ပုခုံးလေးကိုပုတ်ပေးပြီး ကိုယ်ကိုကြွကာ ဖုန်းလှမ်းယူလိုက်သည်။ ထို့နောက် ဖုန်းကိုအသံဖွင့်ကာ ကုတင်ပေါ်တင်ပေးလိုက်သည်။
“မစ္စတာဝမ်၊ ဒီလောက်နောက်ကျမှ မင်းဆီဖုန်းဆက်မိတာ အနှောင့်အယှက်မဖြစ်ဖို့မျှော်လင့်ပါတယ်။”
လုစီးမင်လေသံက အလွန်သတိကြီးကြီးထားနေသည်။
ဝမ်ကယ်ကလည်း သူဖုန်းဆက်သည့်အကြောင်းရင်းကို ခန့်မှန်းမိသည်။ သို့နှင့် သူက သဘောကောင်းစွာဖြင့် ပုံမှန်အတိုင်းမေးလိုက်သည်။
“ရပါတယ်၊ ဘာကိစ္စများရှိလို့လဲ။”
“ဒီလိုပါ။ ဒီနေ့အစီအစဉ်ကိစ္စနဲ့ပတ်သတ်ပြီး မင်းကို အတော်လေးဒုက္ခပေးမိသလိုဖြစ်သွားလို့ စိတ်ရင်းနဲ့တောင်းပန်ပါတယ်။ ဒါတွေအားလုံး ငါ့အမှားပါ။ အလုပ်ကိစ္စအာရုံစိုက်နေတာနဲ့ နောက်ဆက်တွဲပြဿနာတွေကိုမစဉ်းစားမိဘူး။ မင်းကို ဒုက္ခပေးမိလို့ တကယ်တောင်းပန်ပါတယ်။”
လုစီးမင်အသံက တကယ်အပြစ်ရှိသလိုခံစားနေရပုံပင်။ သူ့တောင်းပန်စကားကလည်း ရင်ထဲကလာသည့်ပုံပေါ်သည်။
ဝမ်ကယ်က သူပြောတာနားထောင်ပြီး ကုန်းကျယ်ကိုလှမ်းကြည့်လိုက်၏။ ကုန်းကျယ်က ခေါင်းကိုလက်ထောက်ထားကာ ဝမ်ကယ်လှမ်းကြည့်တာမြင်တော့ မျက်ခုံးပင့်ပြီး မဲ့ပြုံးပြုံးပြသည်။
ဝမ်ကယ်လည်း အကြည့်ပြန်ရုတ်ကာ တည်ငြိမ်စွာပြောလိုက်၏။
“ရပါတယ်။ စနေနေ့တွေ့ကြမယ်အစီအစဉ်က ကျွန်တော်အရမ်းကြိုက်တဲ့ အစီအစဉ်ပါ။ အရေးအကြီးဆုံးက ဒီအစီအစဉ်ကိုဆက်လွှင့်နိုင်ဖို့ပါပဲ။ ခင်ဗျား ဒီအစီအစဉ်အပေါ်သံယောဇဉ်ကြီးမှန်းလည်း ကျွန်တော်သိပါတယ်၊ ကျွန်တော်နားလည်ပါတယ်။”
လုစီးမင်က ဝမ်ကယ် စိတ်ထဲမထားကြောင်းပြောတာကြားတော့ ရင်ထဲကအလုံးကြီးကျသွားသည်။ သူက ဝမ်ကယ့်ကိုအကြိမ်များစွာ ကျေးဇူးတင်စကားဆိုကာ ဖုန်းချသွားသည်။
ကုန်းကျယ်က ဖုန်းကိုကုတင်ခေါင်းရင်းပြန်တင်လိုက်၏။ သူ လက်ဆန့်ပေးလိုက်တော့ ဝမ်ကယ်က ရင်ခွင်ထဲအလိုလိုတိုးဝင်ကာ သူ၏အေးစက်စက်ခြေဖဝါးများကို ကုန်းကျယ်ခြေထောက်များကြားညှပ်လိုက်သည်။
ဝမ်ကယ်က မွေးရာပါအအေးဓာတ်လွန်ကဲသောခန္ဓာကိုယ်ဖြစ်ပြီး ဆောင်းဦးနှင့်ဆောင်းတွင်း၌ နေရတာအတော်လေးခက်ခဲသည်။ ဆန့်ကျင်ဘက်အားဖြင့် ကုန်းကျယ်ကတော့ တစ်နှစ်ပတ်လုံး မီးဖိုအသေးစားလို အနွေးပိုသောခန္ဓာကိုယ်ဖြစ်သည်။ ထို့ကြောင့် ရာသီဥတုအေးလာလျှင် သူ့ကိုဖက်အိပ်ရသည်ကို ဝမ်ကယ်သဘောကျသည်။ ဒါက သက်တောင့်သက်သာရှိသလို နွေးလည်းနွေးပြီး အပူပေးစက်များထက်ပိုကောင်းပေသည်။
သူ့အေးစက်စက်ခြေဖဝါးများ တဖြည်းဖြည်းနွေးထွေးလာသည်။ ဝမ်ကယ်က ခြုံစောင်အောက်၌ သက်တောင့်သက်သာရှိစွာတိုးဝှေ့ပွတ်သပ်ရင်း ကုန်းကျယ်အား ခပ်တင်းတင်းဖက်လိုက်သည်။ သူတို့နှစ်ဦးစလုံးက အဝတ်ဗလာဖြင့်အိပ်တတ်သောအကျင့်ရှိသည်။ ညဘက်အိပ်ရာပေါ် ချစ်တင်းနှောဖြစ်ဖြစ် မဖြစ်ဖြစ်၊ သူတို့က ဘောင်းဘီတိုလေးသာ ဝတ်အိပ်လေ့ရှိသည်။ ဝမ်ကယ်က အသားချင်းထိကာ သက်ပြင်းအသာချလိုက်၏။ ထို့နောက် မျက်တောင်ခတ်ကာ မျက်ခွံများလေးလံလာသည်။
“ငိုက်နေပြီလား။”
ကုန်းကျယ် ဘေးစောင်းကာ ဝမ်ကယ်နှင့် မျက်နှာချင်းဆိုင်အိပ်လိုက်သည်။ ဝမ်ကယ်၏ မျက်ခုံးနှစ်ခုကြားနှင့် မျက်လုံးများမှာ သိသိသာသာပင်ပန်းနွမ်းနယ်နေသည်ကိုမြင်တော့ သူ လက်ဆန့်၍ ဝမ်ကယ့်ကျောကိုပုတ်ပေးလိုက်သည်။
ဝမ်ကယ်က မျက်လုံးများမှိတ်ကာ ဟင်းခနဲအသံပြုလိုက်သည်။ သူ အိပ်ပျော်လုနီးပါးဖြစ်လာသည်။ သို့သော် ကုန်းကျယ်က ပြော၏။
“ခဏနေမှ အိပ်ရမှာ။”
ဝမ်ကယ် နားမလည်နိုင်ဖြစ်ကာ မျက်လုံးနည်းနည်းပွင့်လာသည်။
ကုန်းကျယ်က သူ့ဖုန်းကိုယူကာ ဝမ်ကယ်ရှေ့အသာလှုပ်ပြသည်။ သုံးစက္ကန့်လောက်ကြာတော့ ဖုန်းမြည်လာသည်။ ရင်းနှီးသောဖုန်းနံပါတ်ကိုမြင်တော့ ဝမ်ကယ်သဘောပေါက်သွားကာ မျက်လုံးများပြန်မှိတ်ပြီး အိပ်ရာထဲခေါင်းနှစ်လိုက်သည်။
ကုန်းကျယ်က ဝမ်ကယ်အနှောင့်အယှက်ဖြစ်မည်စိုးကာ အသံမဖွင့်ဘဲ တမင်ခပ်တိုးတိုးပြောလိုက်သည်။
လုစီးမင်ပြောပုံဆိုပုံက ခုနကအတိုင်း လေသံပင်မပြောင်းပေ။ ကုန်းကျယ်က စိတ်မပါ့တပါနားထောင်ပြီးနောက် ဝတ္တရားမပျက် တစ်ခွန်းစနှစ်ခွန်းစပြန်လည်တုံ့ပြန်လိုက်သည်။ ထို့နောက် တစ်ဖက်လူပြောပြီးသည်နှင့် သူဖုန်းချလိုက်သည်။ သူက လုစီးမင်ကို နှုတ်ဆက်စကားပြောခွင့်တောင်မပေးပေ။
ဝမ်ကယ်က အိပ်ပျော်သွားကာ မျက်နှာတစ်ခုလုံး ကုန်းကျယ်ရင်ဘတ်ပေါ်နှစ်မြှုပ်ထားသည်။ နွေးထွေးသော ဝင်သက်ထွက်သက်များက ကုန်းကျယ်ရင်ဘတ်ပေါ် ညင်သာစွာကျရောက်နေသည်။ ကုန်းကျယ်တစ်ယောက် စိတ်ထဲကလိကလိဖြစ်ကာ သူ့အောက်မှာလည်း တဖြည်းဖြည်းတုံ့ပြန်မှုရှိလာသည်။ သူက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ချစ်သူလေးကိုကြည့်ရင်း ရင်ထဲကရမ္မက်ဆန္ဒများကိုချိုးနှိမ်ကာ မျက်လုံးများကို အတင်းမှိတ်ထားလိုက်သည်။ သို့သော် မနက်ဖြန်ထပ်မံခွဲခွာရဦးမည်ကိုတွေးမိတော့ နောက်ဆုံးကျန်နေသောနူးညံ့ညင်သာချင်စိတ်ကလေးများပျက်စီးသွားကာ သူဘယ်နည်းနှင့်မှ အလွတ်မပေးနိုင်တော့ပေ။
ကုန်းကျယ်က နေ့လယ် (၂)နာရီလေဆိပ်ဆင်းရမည်ဖြစ်ပြီး သူတို့နှစ်ဦး မနက် (၉)နာရီကျော်အထိ အိပ်ခဲ့ကြသည်။
ဝမ်ကယ်နိုးလာတော့ ကုန်းကျယ်က ခေါင်းကိုလက်ထောက်ကာ သူ့အားပြုံးပြီးကြည့်နေသည်။
အမှန်တရားကသက်သေပြနေသည်မှာ နတ်ဘုရားဆိုတာမျိုးက ဘယ်လိုနေနေအလွန်ကြည့်ကောင်းသည်ဟူသောအချက်ပင်။ အိပ်ရာနိုးနိုးချင်း၊ သွားမတိုက်၊ မျက်နှာမသစ်၊ ဆံပင်တွေရှုပ်ပွနေတာတောင် ထိုသူကား အလွန်ချောမောခံ့ညားဆဲဖြစ်ကာ လူကို ခြေထောက်များပိတ်ခွင့်မပြုနိုင်အောင် စွဲဆောင်မှုရှိလှသည်။
သူ့လူက တကယ်ပင်ရုပ်ရည်ချောမောသည်။ ဒီအကြောင်းတွေးမိတော့ ဝမ်ကယ် စိတ်ထဲ ထပ်ပြီးသက်ပြင်းချမိ၏။ ထို့နောက် သူ အိပ်ချင်မူးတူးဖြင့် အနားတိုးသွားကာ အသာနမ်းလိုက်သည်။
အစတုန်းက သူက နှုတ်ခမ်းချင်းထိရုံသာ နမ်းချင်ခဲ့သည်။ သို့သော် သူနမ်းလိုက်သည်နှင့် ကုန်းကျယ်က ရုတ်တရက်ကိုယ်ကိုလှိမ့်ကာ သူ့ကိုယ်ပေါ်တက်ဖိလာသည်။ ကုန်းကျယ်က လက်တစ်ဖက်ကို နားရွက်ဘေးအုပ်ကာ နောက်တစ်ဖက်က မေးစေ့ကိုကိုင်ပြီး အားအနည်းငယ်သုံး၍ သူ့ကိုပါးစပ်ဟလာအောင်လုပ်လိုက်သည်။ ပါးစပ်ဟလာသည်နှင့် ကုန်းကျယ်၏လျှာက အလိုက်သင့်လေးတိုးဝင်လာသည်။ သူက သွားဖွေးဖွေးလေးများကို တစ်ပတ်ပြည့်အောင်အရင်ပွတ်သပ်လိုက်သည်။ ထို့နောက် ဝမ်ကယ်၏ ဦးတည်ရာမဲ့နေသောလျှာလေးကိုစုပ်ယူရစ်ပတ်ကာ နမ်းရှိုက်လိုက်သည်။
ခုလေးတင် အိပ်ရာနိုးလာတာကြောင့် ဝမ်ကယ် ကောင်းကောင်းမနိုးသေးချေ။ သို့သော် ခပ်ကြမ်းကြမ်းထပ်ပြီးအနမ်းခံလိုက်ရတာကြောင့် သူ့ဦးနှောက်လေးခမျာ ဘာမှမတွေးနိုင်အောင် ကမောက်ကမဖြစ်သွားသည်။ သူက ကုန်းကျယ်လည်ပင်းကို အလိုလိုသိုင်းဖက်ကာ မျက်လုံးများမှိတ်၍ စိတ်လိုလက်ရတုံ့ပြန်လိုက်သည်။
သူတို့နှစ်ဦး အနမ်းများထဲနစ်မြှုပ်သွားကာ နမ်းရှိုက်သံသဲ့သဲ့နှင့် ဝမ်ကယ်၏ ရှိုက်သံညည်းသံလေးများသာ တစ်ခါတရံ ထွက်ပေါ်လာသည်။
အချိန်အတော်ကြာပြီးနောက် ကုန်းကျယ် ဝမ်ကယ်ကိုလွှတ်ပေးလိုက်သည်။ နှစ်ဦးစလုံးက နှုတ်ခမ်းနှင့်လျှာများမှ အနည်းငယ်ထုံကျင်နေသယောင်ခံစားရသည်။ ဝမ်ကယ် မျက်လုံးများမှိတ်ရင်း ပါးစပ်ဟကာ အသက်ရှူရှိုက်နေသည်။ သူ့လည်ပင်းကို ကုန်းကျယ်တစ်ယောက် လျှာနှင့်လျက်နေမှန်းခံစားမိသည်။ သို့သော် ကုန်းကျယ်ကိုတွန်းဖယ်ပစ်ဖို့ သူ့မှာခွန်အားမရှိပေ။ ဝမ်ကယ်က ကုန်းကျယ်ဘာလိုချင်မှန်း အလိုလိုသဘောပေါက်လိုက်သည်။ အစကတည်းကလည်း သူ့မှာ ငြင်းဆန်ချင်စိတ်မရှိပေ။ သို့သော် နောက်ငါးနာရီနေလျှင် ကုန်းကျယ်သွားရတော့မည်ကိုတွေးမိတော့ မခွဲနိုင်မခွာရက်သည့်ခံစားချက်များကို တွန်းအားပေးလိုက်သလိုဖြစ်သွားသည်။ သို့နှင့် ဝမ်ကယ်က ရုတ်တရက်ထကြွလာသော မနက်စောစောအချစ်စိတ်များကို သူ့ဘက်ကစကာ အလိုလိုက် ဖြည့်ဆည်းပေးလိုက်လေသည်။
👻👻👻
သူတို့နှစ်ယောက် အောက်ထပ်ဆင်းလာတော့ (၁၁)နာရီထိုးခါနီးနေပြီ။ ကုန်းကျယ်က ဝမ်ကယ်ကို အိပ်ရာထဲကနေမထနိုင်အောင်အထိမလုပ်သော်လည်း တော်တော်တော့မသက်မသာခံစားရသည်။ သူက ဆိုဖာပေါ်လှဲအိပ်လိုက်ကာ ကုန်းကျယ်ကတော့ နေ့လယ်စာချက်နေသည်။
သကြားခဲလေးက အရုပ်ဘောလုံးလေးပါးစပ်မှာကိုက်ရင်း ဝမ်ကယ်ကိုကစားဖို့လာခေါ်သည်။ သူက ဝမ်ကယ် ဆိုဖာပေါ်လှဲနေတာတွေ့တော့ ရှေ့လက်လေးနှစ်ဖက်မြှောက်ပြီး ဆိုဖာပေါ်မှီကာ အကြိမ်အနည်းငယ် ဟောင်လိုက်သည်။
ဝမ်ကယ်က လှည့်ကြည့်ပြီး သူ့သားခေါင်းလေးကိုပွတ်ပေးပြီးနောက် အက်ရှရှအသံဖြင့်ပြောလိုက်သည်။
“ကိုယ့်ဘာသာကိုယ်သွားကစားနော်။ ပါးပါးဒီနေ့ မင်းနဲ့မကစားနိုင်တော့ဘူး။”
သကြားခဲလေးက သူပြောတာ နားလည်၍လားမသိ၊ သူ့ကိုထပ်လာမခေါ်ဘဲ အခန်းထောင့်နားသွားကာ ဘောလုံးနှင့်ဆော့နေသည်။
ဝမ်ကယ် ခဏလှဲနေပြီးနောက် နည်းနည်းသက်သာလာသည်။ သို့နှင့် နေရာမှထကာ သူသောက်ဖို့ လည်ချောင်းရှင်းလက်ဖက်ရည်တစ်ခွက်ဖျော်လိုက်သည်။
ဒီတစ်ခေါက်တော့ ကုန်းကျယ် အတော်ကြမ်းခဲ့သည်။ သူ လည်ချောင်းတောင်နာသွား၏။ တော်သေးသည်က သူ့မှာ ဒီရက်ပိုင်း အလုပ်မရှိပေ။ ထို့ကြောင့် လည်ချောင်းသက်သာအောင်ပြန်လုပ်ဖို့ ကောင်းကောင်းအချိန်ရပေသည်။
ဝမ်ကယ် မီးဖိုခန်းထဲဝင်လာတာမြင်တော့ ကုန်းကျယ်က လက်ထဲဓားကိုချကာ သူ့ကိုသွားကူသည်။
“မင်းဘာလို့အထဲဝင်လာတာလဲ။ မင်းလိုတာငါ့ကိုပြောလေ။ ငါ မင်းကိုယူပေးမှာပေါ့။”
ဝမ်ကယ်က လက်ခါပြကာ:
“ရတယ်၊ လှဲနေရင်ခါးနာလို့ထလာတာ။ မင်းဟာမင်းဆက်လုပ်၊ ငါ ကိုယ့်ဘာသာကိုယ်လည်ချောင်းရှင်းလက်ဖက်ရည်ဖျော်လိုက်မယ်။”
“တကယ်ဖြစ်တယ်နော်။”
ကုန်းကျယ်က စိတ်မချပေ။
“တကယ်။”
ဝမ်ကယ်က ခေါင်းညိတ်ပြကာ ဗိုက်ဟောင်းလောင်းလေးကိုပွတ်ရင်း လောလိုက်သည်။
“မင်း မြန်မြန်ချက်၊ ငါဗိုက်ဆာနေပြီ။”
ကုန်းကျယ်လည်း ရွေးစရာမရှိသည့်အဆုံး အရင်ဆုံးထမင်းဟင်းချက်လိုက်သည်။ ဝမ်ကယ်က သူ့အတွက်သူ ပျားရည်စုပ်ပန်းလက်ဖက်ရည်တစ်ခွက်ဖျော်ပြီးနောက် ချက်ချင်းပြန်ထွက်မသွားဘဲ မီးဖိုစားပွဲတစ်ဖက်၌မှောက်ကာ ကုန်းကျယ်ဟင်းချက်တာကိုရပ်ကြည့်နေသည်။ သို့နှင့် ကုန်းကျယ်က ဟင်းချက်ရင်း တစ်ခါတစ်ရံ အိုးထဲမှလတ်လတ်ဆတ်ဆတ်ဟင်းများကို တူဖြင့်ယူကာ သူ့အားခွံ့ကျွေးနေသည်။ သည်လိုနှင့် ထမင်းပွဲမပြင်ခင် ဝမ်ကယ်တစ်ယောက် တဖြည်းဖြည်းလိုက်မြည်းကြည့်ရင်း ဗိုက်တစ်ဝက်ပြည့်သွားသည်။
မှောက်နေတာကြာတော့ သူ ခါးပြန်နာလာသည်။ ဝမ်ကယ်က မတ်တတ်ရပ်ကာ ခါးကိုလက်သီးနှင့်အသာထုလိုက်၏။ သူက ကုန်းကျယ်၏ တသားတည်းမတ်နေသောကျောပြင်နှင့်ခါး၊ ခွန်အားအပြည့်ဖြစ်သောပုံစံကိုမြင်တော့ နည်းနည်းစိတ်မကြည်ဖြစ်သွားကာ လက်ဖက်ရည်ခွက်ကို အနောက်မှာချလိုက်သည်။ ထို့နောက် သူက ကုန်းကျယ်ခါးကိုဖက်ပြီး ပုခုံးသားများကိုကိုက်ကာ ဒေါနှင့်မောနှင့်ပြောလိုက်တော့သည်။
“မစ္စတာကုန်း၊ ငါ ခုနက မင်းသတ်လို့သေပြီတောင်မှတ်နေတာ။”
*****
Aurora Novel Translation Team