Chapter 8
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 8 - မခွဲနိုင်မခွာရက်
အပိုင်း (၈) – မခွဲနိုင်မခွာရက်
👻👻👻
ကုန်းကျယ်ရယ်မောပြီး လက်တစ်ဖက်ကိုအားအောင်လုပ်ကာ ဝမ်ကယ်တင်ပါးလေးကိုဖျစ်ညှစ်လိုက်သည်။ ထို့နောက် သူက ပရော်ပရည်ပြောလိုက်၏။
“စိတ်ချ၊ ငါကအထိန်းအချုပ်ရှိတယ်။ မင်းသေမှာကို ငါတကယ်မကြည့်ရက်ဘူး။ အလွန်ဆုံးလုပ်နေရင်း မေ့လဲသွားရုံလောက်ပေါ့။”
“မင်း!”
ဝမ်ကယ်အံကြိတ်ကာ ကုန်းကျယ်နောက်ကျောကို နဖူးဖြင့်တိုက်လိုက်သည်။
“မင်း ကိုကို့ကို စာနာပေးဦးလေ။ ငါက အရင်လို အသက်(၂၀)စွန်းစွန်း လူငယ်လေးမဟုတ်တော့ဘူး။ မင်းလုပ်ချင်တိုင်းလုပ်တဲ့ဒဏ်မခံနိုင်ဘူး။”
ထိုအခါ ကုန်းကျယ်က လက်ထဲရှိဟင်းခတ်ဇွန်းကိုပစ်ချကာ နောက်လှည့်လာသည်။ ထို့နောက် သူက လူကိုမီးဖိုခန်းစားပွဲပေါ်တင်ကာနမ်းရှိုက်ပြီး ခပ်ညစ်ညစ်ပြုံးကာပြောလိုက်သည်။
“ကိုကိုထုန်ထုန်၊ ယောကျာ်းဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့စကားမပြောရဘူး။ ပြီးတော့ အသက်(၂၀)စွန်းစွန်းအရွယ်မင်းက အခုထက်တောင်ပိုပြီးခံနိုင်ရည်မရှိသေးတယ်။ အရင်ကဆို ငါလုပ်နေရင်း~မင်းအစောကြီး~မေ့လဲသွားတာလေ။”
သူက နောက်ဆုံးစကားများကို နားနားကပ်၍ပြောလိုက်သည်။ ဝမ်ကယ်တစ်ယောက် ရုတ်တရက်နားရွက်များနီရဲလာ၏။ သူကဒေါသဖြင့် ရှက်ရမ်းရမ်းကာ လူကိုစတင်ထုရိုက်တော့သည်။ ကုန်းကျယ်ကပြုံးရင်း သူ့ကိုကြိုက်သလောက်ရိုက်ခွင့်ပြုထားသည်။ ထို့နောက် ဝမ်ကယ်ကိုပွေ့ချီ၍ ဆိုဖာပေါ်ပြန်ပို့ကာ စိတ်ဆိုးပြေအောင်ချော့ပြီးမှ နေ့လယ်စာပြန်သွားချက်လိုက်သည်။ ဝမ်ကယ်မှာ ဆိုဖာပေါ်ပြန်ရောက်သည်အထိ မျက်နှာပူနေဆဲဖြစ်ပြီး ဆိုဖာခေါင်းအုံးပေါ်မျက်နှာအပ်လိုက်သည်။
အား အား အား၊ ငါက သူ့ထက်အကြီးကို ဘာလို့ အမြဲငါပဲအသားယူခံနေရတာလဲ!
ကုန်းကျယ်ရဲ့မဖွယ်မရာစကားတွေက တကယ်အဆိပ်ပြင်းတယ်!
နေ့လယ်စာစားပြီးသိပ်မကြာလိုက်၊ ကုန်းကျယ်ကိုခေါ်ဖို့ လက်ထောက်လေးရောက်လာသည်။ ကုန်းကျယ်က ခရီးဆောင်အိတ်ထုပ်ပိုးနေဆဲဖြစ်ပြီး ဝမ်ကယ်ကတော့ နောက်ကနေအမြီးလေးလို တကောက်ကောက်လိုက်နေသည်။ သူက ကုန်းကျယ်ဘယ်သွားသွား အနောက်မှလိုက်ကာ အပေါ်ထပ်တက်လိုက်၊ အောက်ထပ်ဆင်းလိုက်နှင့် နေရာအနှံ့လျှောက်လိုက်နေသည်။ လက်ထောက်လေးက သူတို့ကိုမမြင်ချင်ယောင်ဆောင်ကာ အခန်းထောင့်မှာ ဆောင့်ကြောင့်ထိုင်၍ သကြားခဲလေးနှင့် ဆော့နေသည်။
ကုန်းကျယ်တစ်ယောက် အဝတ်လဲခန်းအလယ် ကော်ဇောပေါ်ထိုင်ကာ ခရီးဆောင်အိတ်အလွတ်ထဲသို့ ယူသွားမည့်အဝတ်အစားများပုံလိုက်သည်။ ထို့နောက် အဝတ်များကိုတစ်စုံချင်းခေါက်ကာ ခရီးဆောင်အိတ်ထဲထည့်နေသည်။ ဝမ်ကယ်က နှုတ်ခမ်းစူကာ ကုန်းကျယ်အနောက်မှာဝင်ထိုင်သည်။ ထို့နောက် သူက မပျော်မရွှင်မျက်နှာထားနှင့် ကုန်းကျယ်ကျောပေါ်လှဲလိုက်၏။
“မင်းက ငါနဲ့သားလေးကိုမလိုချင်တော့ဘူး။”
ဝမ်ကယ်က အပြစ်တင်လိုက်သည်။
ကုန်းကျယ်က ထရယ်ကာ လူကိုဆွဲဖက်ပြီးလှုပ်ယမ်းလိုက်သည်။ ထို့နောက် သူက စကားကိုအလိုက်သင့်လေး ပြန်ပြောသည်။
“ငါက ပိုက်ဆံရှာဖို့သွားတာလေ၊ ပိုက်ဆံမရှာရင် မင်းနဲ့သားလေးကို ဘယ်လိုကျွေးမွေးထောက်ပံ့မှာလဲ။”
“ပိုက်ဆံရှာဖို့ပဲသိနေ၊ မင်းမျက်လုံးထဲမှာပိုက်ဆံပဲရှိတယ်။ အခုမင်းမှာရှိတဲ့ပိုက်ဆံနဲ့ ငါတို့ကိုတစ်သက်လုံးကျွေးမွေးထောက်ပံ့ဖို့လုံလောက်နေပြီပဲ။ လောဘကိုကြီးတယ်။”
ဝမ်ကယ်က မမှန်တစ်ဝက်မှန်တစ်ဝက်ဖြင့် အပြစ်တင်ပြောလိုက်သည်။
ကုန်းကျယ်က နောက်ဆုံးအဝတ်အစားတစ်စုံကိုအိတ်ထဲထည့်ပြီးနောက် နောက်လှည့်ကာ ချစ်သူလေးကို ရင်ခွင်ထဲဖက်လိုက်သည်။ ထို့နောက် သူက ပါးဖောင်းဖောင်းလေးကိုညှစ်ရင်း စိတ်မကောင်းဖြစ်သလိုပြောလိုက်သည်။
“မတတ်နိုင်ဘူးလေ။ မိန်းမကိုအရမ်းအလိုလိုက်ရတော့ ပိုက်ဆံနည်းနည်းလောက်ပိုမရှာရင် ကျွေးမွေးထောက်ပံ့ဖို့မဖြစ်နိုင်ဘူး။”
“သွားစမ်းပါ။”
ဝမ်ကယ်က စိတ်ဆိုးသလိုရယ်သွမ်းသွေးကာ ကုန်းကျယ်ရင်ဘတ်ကိုနဖူးဖြင့်တိုက်လိုက်သည်။
ကုန်းကျယ်က ဝမ်ကယ့်နဖူးလေးကိုပွတ်ပေးပြီးနောက် မေးစေ့လေးကိုပင့်ကာ ညင်သာစွာနမ်းရှိုက်လိုက်သည်။ ဝမ်ကယ်က မျက်လုံးမှိတ်၍ ကုန်းကျယ်လည်တိုင်ကိုသိုင်းဖက်ရင်း လိမ်လိမ်မာမာပြန်လည်တုံ့ပြန်လိုက်သည်။ ရှည်လျားသောအနမ်းများ၏အဆုံး၌ သူတို့နှစ်ဦးစလုံး အသက်ပြင်းပြင်းရှုသွင်းလိုက်ကြသည်။ ကုန်းကျယ်က နောက်တစ်ကြိမ်ထပ်မံနမ်းရှိုက်ပြီးနောက် လူကိုရင်ခွင်ထဲပွေ့ချီကာ မတ်တတ်ထရပ်ပြီး အဝတ်လဲခန်းထဲမှထွက်သွားသည်။
လက်ထောက်လေးခမျာ ခွေးလေးနှင့်ဆော့ရင်း အချိန်အတော်ကြာသွားသော်လည်း ကုန်းကျယ် အောက်ဆင်းလာသည်ကိုမတွေ့ရသေးပေ။ သို့သော် သူကလည်းအလျင်မလိုပါ။ ဘာပဲပြောပြော ဒါမျိုးကို သူကျင့်သားရနေပြီဖြစ်သည်။ ကုန်းကျယ် တခြားနေရာသို့ သွားရောက်ရိုက်ကူးရေးလုပ်ရန် အိမ်မှထွက်ခွာသည့်နေ့တိုင်း သူ့မှာသုံးလေးခါလောက် ဆော်ဩတိုက်တွန်းရသည်မှာ ပုံမှန်ပင်ဖြစ်သည်။ ကုန်းကျယ်သည် ထိုသူနှင့် တစ်နာရီနှစ်နာရီကြာအောင် ချစ်ကြည်နူးတစ်တီမတူးရဘဲ အိမ်ကနေလုံးဝမထွက်တတ်ပေ။ သို့နှင့်အတွေ့အကြုံရလာသည့်အခါ လက်ထောက်လေးက ကုန်းကျယ်ထံသို့ သုံးလေးနာရီကြိုရောက်ကာ သူတို့နှစ်ဦးအားနှုတ်ဆက်ရန် အချိန်တစ်နာရီနှစ်နာရီခန့်ပေးလေ့ရှိသည်။
ယနေ့တော့ အတော်မြန်သည်ဟုဆိုရမည်။ လက်ထောက်လေး အချိန်တွက်ကြည့်လိုက်တော့ တစ်နာရီတောင်မကြာလိုက်။ သမိုင်းတစ်လျှောက် အချိန်အတိုဆုံးဟုမှတ်တမ်းတင်ရမည်။ ဒီလိုဆိုတော့ လေဆိပ်မဆင်းခင်အချိန်တွေအများကြီးပိုရသွားတာကြောင့် လက်ထောက်လေးမှာ ပို၍စိတ်အေးလက်အေးဖြစ်နေသည်။ လက်ထောက်လေးက အလိုက်တသိဖြင့် ခရီးဆောင်အိတ်ကိုကားပေါ်အရင်သယ်သွားကာ သူတို့နှစ်ဦးအားနောက်ဆုံးနှုတ်ဆက်ဖို့ အချိန်ပေးလိုက်သည်။
ယနေ့ရာသီဥတုက ပိုမိုချမ်းအေးနေသည်။ ဝမ်ကယ်က ကုန်းကျယ်ကို သူဝတ်ထားသည်ထက်အနည်းငယ်ပိုပါးသည့် လည်စည်းပုဝါလေးပတ်ပေးကာ၊ လေကာအင်္ကျီပေါ်ရှိတွန့်ကြေနေသောနေရာများကို ပြန့်အောင်ဖြန့်ပေးနေသည်။ ဝမ်ကယ့်အမူအယာက ဟန်မပျက်ပင်။ သို့သော် ကုန်းကျယ်က ဝမ်ကယ့်စိတ်ထဲမှာမခွဲနိုင်ဖြစ်နေမှန်း အလိုလိုခံစားသိနေသည်။ သူကိုယ်တိုင်လည်း မခွဲရက်နိုင်ပေ။ သို့နှင့် သူက လူကိုမလွှတ်တမ်း တင်းကျပ်စွာပွေ့ဖက်လိုက်သည်။
“ဒါမှမဟုတ် ငါနောက်နှစ်ကျ သရုပ်ဆောင်အလုပ်ကနေနားလိုက်မယ်လေ၊ ပြီးရင် ဘယ်မှမသွားဘဲ မင်းအနားနေ့တိုင်းကပ်နေမယ်။ မင်းဘယ်သွားသွား နောက်ကလိုက်ပြီး မင်းရဲ့လက်ထောက်လုပ်မယ်။”
ဝမ်ကယ်ကရယ်ကာ သူ့ခေါင်းကိုအသာပုတ်ပေးရင်း:
“မမိုက်စမ်းပါနဲ့၊ မင်း အခုသရုပ်ဆောင်အလုပ်ကိုနားလိုက်ရင် မင်းဖန်တွေရင်ကွဲနာကျပြီးသေသွားမှာပေါ့။ ပြောမရဘူး တော်ကြာစိတ်လိုက်မာန်ပါနဲ့ ပေါက်ကွဲရေးပစ္စည်းတွေ၊ ဆေးအိတ်တွေသယ်ပြီး ငါ့ကိုအပါခေါ်ပြီးသေပွဲဝင်ကုန်ဦးမယ်။ ကိုကို နောက်ထပ်နှစ်နည်းနည်းလောက် အသက်ရှင်ချင်သေးတယ်။”
ကုန်းကျယ် နှုတ်ခမ်းများကော့ညွတ်သွားကာ စိတ်ထဲကနေ တစ်နေ့ကျ အချိန်ယူပြီး ဖန်များကိုတရားဝင်ကြေညာမည်ဟု တွေးလိုက်သည်။
အချိန်နီးလာတာမြင်တော့ ဝမ်ကယ် ချစ်သူကို နောက်ဆုံးအကြိမ်နမ်းကာ ကိုယ်တိုင် ကားဆီသို့လိုက်ပို့ပေးခဲ့သည်။ အိမ်တံခါးဝမှကားပေါ်ရောက်သည်အထိ အကွာအဝေးက ဆယ်မီတာပင်မပြည့်။ သို့သော် ကုန်းကျယ်မှာ သုံးလှမ်းတစ်ခါလောက်နောက်ပြန်လှည့်နေတာကြောင့် ငါးမိနစ်လောက်ကြာသွားသည်။ နောက်ဆုံး ကားတံခါးဆီရောက်တော့ ကုန်းကျယ်စိတ်မထိန်းနိုင်ဘဲ ဝမ်ကယ်ကိုလှည့်ဖက်ကာ နက်ရှိုင်းစွာနမ်းရှိုက်လိုက်သည်။ ပြီးမှ သူက ကျေနပ်သွားဟန်ဖြင့် ကားပေါ်တက်လိုက်၏။
လက်ထောက်လေးက ကားစတီယာတိုင်ကိုင်ကာ တည်ကြည်သောမျက်နှာထားဖြင့် ရှေ့တည့်တည့်ကြည့်နေသည်။ သို့သော် နီးမြန်းသောနားရွက်များက သူ့အတွင်းစိတ်ကို သစ္စာဖောက်နေ၏။ ဒီမြင်ကွင်းမျိုးကို သူ မရေမတွက်နိုင်အောင်မြင်ဖူးသည်။ သို့သော် အခေါက်တိုင်း သူစိတ်ထဲက ပြောချင်မိသည်မှာ — ရုပ်ရှင်လေးတစ်ကားသွားရိုက်တာ တစ်သက်လုံးခွဲရတာမှမဟုတ်တာ! သေဖို့သွားတာမှမဟုတ်ဘဲ! နောက်ပြီး ခင်ဗျားတို့အတူနေလာတာဖြင့် ဆယ်နှစ်ကျော်နေပြီ၊ ဆယ်ရက်တည်းနေလာတာမဟုတ်ဘူး! ဒီလောက်ချစ်ကြည်နူးတစ်တီမတူးကြပါနဲ့လို့! သူ့လိုစင်ဂဲလ်ခွေးလေးခမျာ အရမ်းနေရခက်နေပြီ…ဟုတ်ပြီလား!
လက်ထောက်လေးခမျာ ရင်တွင်းစကားများကိုမျိုသိပ်ရင်း တည်ငြိမ်စွာကားစက်နှိုးလိုက်၏။ နောက်ကြည့်မှန်ကိုတစ်ချက်လှမ်းကြည့်တော့ ထင်သည့်အတိုင်း သူ့သူဌေးက ပြတင်းပေါက်ကိုမှီကာ မခွဲနိုင်မခွာရက်နှုတ်ဆက်စကားဆိုနေတာကိုတွေ့လိုက်ရသည်။
ဝမ်ကယ်က ကားလေးမြင်ကွင်းမှပျောက်သွားသည်အထိရပ်ကြည့်နေပြီးမှ အိမ်ထဲပြန်ဝင်လာသည်။
ဧည့်ခန်းထဲဝင်သည်နှင့် သကြားခဲလေးက ခြေထောက်တိုတိုလေးများဖြင့် သူ့ဆီပြေးလာသည်။ ဝမ်ကယ်က သကြားခဲကိုပွေ့ချီကာ ဆိုဖာပေါ်ထိုင်လိုက်၏။ ထို့နောက် သူက သကြားခဲနှာခေါင်းကို လက်နှင့်တို့ပြီး စူပုပ်ပုပ်ပြောလိုက်သည်။
“သားရေ၊ မင်းအဖေတော့သွားပြီ။ လာမဲ့လဝက်မှာ ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်အားကိုးပြီးနေရမယ်။ နောင်ကို အိမ်ကချက်ရေးပြုတ်ရေးအတွက် မင်းကိုတာဝန်ပေးလိုက်ပြီ။”
ရိုးသားဖြူစင်ပြီးချစ်စရာကောင်းသည့် သကြားခဲလေးက သူ့ဖေဖေလေး၏စကားကို နားလည်ပုံမပေါ်။ သို့သော် ထောက်ခံသလို တစ်ချက်ဟောင်လိုက်၏။ ထို့နောက်သူက ဖေဖေလေး၏ပေါင်ပေါ်မှောက်ကာ လျှာလေးထွက်ပြီး အိပ်ပျော်သွားသည်။
ဝမ်ကယ် သူ့ကိုခဏပွေ့ထားသည်။ သူ့ခွေးသားလေးအိပ်ပျော်သွားတော့ ခွေးလှောင်အိမ်ထဲပြန်ထည့်ကာ စောင်ခြုံပေးလိုက်သည်။ ဝမ်ကယ်တစ်ယောက် ရုတ်တရက်အတွေးဝင်ကာ ဖုန်းထုတ်ပြီး သူ့ခွေးသားလေးအိပ်နေသည်ကို ဓာတ်ပုံရိုက်လိုက်သည်။ ထို့နောက် ပုံကိုအနည်းငယ်ပြန်ပြင်ကာ ကုန်းကျယ်ထံပို့လိုက်သည်။
ဝမ်: [(ဓာတ်ပုံဖိုင်)၊ သားလေးကပြောတယ်၊ ရှေ့လာမဲ့လဝက်မှာ သူက ချက်ရေးပြုတ်ရေးတာဝန်ယူပြီး ဒီအဖေကိုလုပ်ကျွေးမယ်တဲ့။]
စာပို့ပြီး တစ်မိနစ်မကြာလိုက်၊ ပြန်စာရောက်လာသည်။
ကျွမ်းကျွမ်း: [သားလေးကအရွယ်ရောက်ပြီပဲ၊ တာဝန်ယူတတ်လာပြီ။ အဖေအရမ်းဝမ်းသာပါတယ်။]
ဝမ်ကယ် ကုန်းကျယ်၏ပြန်စာဖတ်ပြီး ဖုန်းကိုင်ကာအကြာကြီးရယ်နေမိသည်။ ထို့နောက် သူ့အိမ်သားကျွမ်းကျွမ်းက သိပ်ချစ်ဖို့ကောင်းသည်ဟု တွေးမိသည်။ သို့နှင့် အားဘွားပေးသည့် emoticon တွေအများကြီးပြန်ပို့လိုက်သည်။ ထိုအခါ ကုန်းကျယ်ဆီကလည်း အာဘွား emoticon တွေတစ်ပုံကြီးပြန်ပို့လာ၏။ ဒီလိုနှင့် သူတို့နှစ်ဦးသား ကလေးများကဲ့သို့ သူပို့လိုက်ငါပို့လိုက်အကြာကြီးလုပ်ကာ လေယာဉ်ထွက်ခါနီးမှ ရပ်လိုက်သည်။
လေယာဉ်မထွက်ခင်ငါးမိနစ်အလို၌ ကုန်းကျယ်က သူ့ထံဖုန်းခေါ်ပြီး ဒီရက်ပိုင်းအိမ်မှာသူမရှိတုန်း ကိုယ့်ဟာကိုယ်မီးသုံးပြီးဘာမှမချက်ဖို့ သေချာအထပ်ထပ်မှာကာ အကယ်၍ဗိုက်ဆာလျှင် အပြင်ကမှာစားဖို့ပြောလိုက်သည်။
ဝမ်ကယ်က နာခံစွာခေါင်းညိတ်ကတိပေးကာ စကားအနည်းငယ်ပြောပြီး ဖုန်းချလိုက်သည်။ ကုန်းကျယ် ရုပ်ရှင်ရိုက်ဖို့အပြင်ထွက်တိုင်း သူက ဝမ်ကယ့်ကို ကိုယ့်ဟာကိုယ်ချက်ပြုတ်မစားဖို့ သေချာအထပ်ထပ်မှာလေ့ရှိသည်။ မရေမတွက်နိုင်သောအဖြစ်ဆိုးများစွာကြုံဖူးပြီးသကာလ ယခုတော့ သူ ဝမ်ကယ်ဟင်းချက်မှာကို အကြောက်ကြီးကြောက်နေမိသည်။ ဝမ်ကယ်ကိုယ်တိုင်လည်း စိတ်ထဲမှာကြောက်စိတ်များစွဲကျန်နေသေးသည်။ ထို့ကြောင့် သူက ရေနွေးကြိုသည်ကလွဲလျှင် မီးဖိုခန်းထဲသို့ခြေဦးတောင်မလှည့်ပေ။ သူက ကုန်းကျယ်မရှိသည့်အချိန်ဆို တစ်နေ့ထမင်းသုံးနပ်စလုံး အပြင်ကမှာစားသည်။ သို့တည်းမဟုတ် လက်ထောက်လေးအားချက်ပြုတ်ခိုင်းကာ ဖြေရှင်းလေ့ရှိသည်။
ဒီအကြောင်းတွေးမိတော့ လာမဲ့လဝက်တွင်ရင်ဆိုင်ရမည့်အစားအသောက်ပြဿနာနှင့်ပတ်သက်၍ ဝမ်ကယ်နည်းနည်းစိတ်ရှုပ်သွားသည်။ အပြင်ကမှာစားပြန်တော့လည်း အမြဲမှာစားနေကျစားသောက်ဆိုင်များ၏အရသာကို သူငြီးငွေ့နေသည်။ အခြားဆိုင်များကျပြန်တော့ ကျန်းမာရေးနှင့်မညီညွတ်မည်စိုးတာကြောင့် ကုန်းကျယ်က သူ့အားမှာခွင့်မပေးပေ။ ကြည့်ရတာ သူ လက်ထောက်လေးကိုပဲ ခဏခဏပြေးလွှားခိုင်းရပေဦးမည်။
ဆုံးဖြတ်ချက်ချပြီးသည်နှင့် ဝမ်ကယ် WeChat ဖွင့်ကာ လက်ထောက်လေးဆီမက်ဆေ့ပို့လိုက်သည်။ လက်ထောက်လေးက ချက်ချင်းစာပြန်ပြီး မနက်ဖြန် အစ်ကိုယင်နှင့်အတူလာခဲ့မည်ဟုဆိုသည်။
အစ်ကိုယင်၏နာမည်အပြည့်အစုံမှာ ယင်ယွီဝမ်ဖြစ်သည်။ သူက ဝမ်ကယ်၏အေးဂျင့်လည်းဖြစ်သည်။ ကြည့်ရတာ သူက မနက်ဖြန်တွင် ရှေ့ဆက်မည့်အလုပ်ကိစ္စများဆွေးနွေးရန် သူဆီလာမည့်ပုံပေါ်သည်။
ကိစ္စအားလုံးပြောဆိုပြီးနောက် အိပ်မောကျနေသည့် သူ့ခွေးသားလေးကိုကြည့်ကာ ဝမ်ကယ်လည်းအိပ်ငိုက်လာသည်။ သို့နှင့် သူလည်း ခွေးလေးနှင့်ပုံစံဆင်တူစောင်လေးကိုခြုံရင်း ဆိုဖာပေါ်မှောက်ကာ တရေးတမောအိပ်လိုက်သည်။
သူပြန်နိုးလာတော့ ညနေစောင်းနေပြီ။ သကြားခဲလေးလည်း အိပ်ရာနိုးနေသည်။ ဒီတစ်ခါတော့ သကြားခဲလေးက အသံတိတ်နေကာ အခန်းထောင့်မှာ အရုပ်ဘောလုံးလေးကိုကိုက်နေသည်။ သကြားခဲလေးက ဝမ်ကယ်နိုးလာတာမြင်တော့ မျက်လုံးအရောင်လက်ကာ ဘောလုံးကိုပစ်ချပြီး သူ့ဆီပြေးလာသည်။ သူက ခြေထောက်တိုတိုလေးများဖြင့် ဆိုဖာပေါ်ထောက်ကာ ပျော်ရွှင်စွာအမြှီးယမ်းပြသည်။ ဝမ်ကယ်က လက်တစ်ဖက်ဖြင့် သူ့သားခေါင်းကိုပွတ်ပေးပြီး နောက်လက်တစ်ဖက်က လက်ကိုင်ဖုန်းကိုယူလိုက်သည်။ ဖုန်းက ဘာမက်ဆေ့ချ်သံ၊ ဖုန်းခေါ်သံမှမရှိဘဲ တိတ်ဆိတ်နေသည်။ ကြည့်ရတာ ကုန်းကျယ် လမ်းမှာပဲရှိသေးပုံရသည်။ သို့နှင့် သူကသူ့သားကိုခေါ်ကာ ညစာပြင်ဖို့ မီးဖိုခန်းထဲဝင်သွားသည်။
နေ့လယ်က ကုန်းကျယ်ထမင်းဟင်းချက်ပေးသွားတာကြောင့် ဝမ်ကယ် ဟင်းများကို မိုက်ခရိုဝေ့ဖ်ထဲထည့်နွှေးလိုက်သည်။ သူသည် မီးဖိုခန်းဖျက်ဆီးသူ သေမင်းတမန်တစ်ယောက်ဖြစ်သော်လည်း အခြေခံအသုံးအဆောင်လျှပ်စစ်ပစ္စည်းများကိုတော့ ကောင်းစွာအသုံးပြုနိုင်သေးသည်။ ညစာကိုအောင်မြင်စွာနွှေးပြီးနောက် ဝမ်ကယ် သူ့သားလေးစားနေကျအစာခွက်လေးကိုယူကာ အစာခွက်ကို စားပွဲပေါ်တင်၍ ခွေးစာများထည့်လိုက်သည်။ ထို့နောက် သူ့သားလေးကို ထိုင်ခုံပေါ်ချီတင်လိုက်သည်။ ထမင်းစားပွဲပေါ်တွင် လူတစ်ယောက်နှင့်ခွေးတစ်ကောင် မျက်နှာချင်းဆိုင်ထိုင်ကာ ညစာအတူတူစားနေကြသည်။
သို့နှင့် ကုန်းကျယ်တစ်ယောက် ဟိုတယ်အပြေးသွားကာ ဝမ်းသာအားရ ဗွီဒီယိုဖုန်းခေါ်လိုက်သည့်အချိန်တွင် သူပထမဆုံးမြင်လိုက်ရသည်က သူ၏တုံးအအ’ခွေးသားလေးမှာ သူထိုင်နေကျထိုင်ခုံတွင်ထိုင်ပြီး သူ့ဇနီးကိုယ်တိုင်ထည့်ကျွေးသည့်ခွေးစာများကို တဟဲဟဲအသံမြည်အောင် စားသောက်နေလေသည်။
“မင်း ဘာလို့ ငါ့သီးသန့်ထိုင်ခုံမှာ သားကိုပေးထိုင်ရတာလဲ။ နောက်ပြီး သားကအခုအရွယ်ရောက်နေပြီ။ သူ့ဟာသူရပ်တည်သင့်ပြီ။ ဘာလို့ သူ့ကိုကိုယ်တိုင်ထမင်းပြင်ကျွေးနေဦးမှာလဲ။ မင်း သူ့ကိုအရမ်းအလိုမလိုက်သင့်ဘူး။”
ကုန်းကျယ်က သွားရည်တများများကျနေသည့်သားဖြစ်သူကို မကြိုက်သလိုကြည့်လိုက်၏။ စိတ်ထဲမှာလည်း သူ့ရဲ့သီးသန့်ထိုင်ခုံနေရာကို အစားထိုးခံလိုက်ရသလိုခံစားနေရသည်။
ဝမ်ကယ်ကပြုံးရင်း သူ့သားခေါင်းလေးကိုပွတ်ကာ တစ်ယောက်တည်းဆက်စားခိုင်းလိုက်သည်။ ထို့နောက် ကင်မရာကိုသူ့ဘက်ပြန်လှည့်ပြီး အေးအေးဆေးဆေးထမင်းစားကာ ကုန်းကျယ်ကိုမေးဆတ်ပြရင်းပြောသည်။
“ဟိုတယ်ရောက်ပြီလား။”
ဝမ်ကယ်ကမေးလိုက်သည်။
“အင်း။”
ကုန်းကျယ်က ဖုန်းကင်မရာကိုသေချာချိန်၍နေရာချလိုက်သည်။ ထို့နောက် ထိုင်ရာမှထကာ လေကာအင်္ကျီကိုချွတ်လိုက်သည်။ ခုနကအခန်းထဲဝင်သည်နှင့် ဝမ်ကယ်ဆီ ဗွီဒီယိုဖုန်းခေါ်ဖို့သာ သူစိတ်လောနေခဲ့သည်။ ထို့ကြောင့် ခေါင်းကဦးထုပ်လည်းမချွတ်ရသေးသလို၊ ခရီးဆောင်အိတ်ကလည်း တံခါးဝတွင်သာရှိသေးသည်။
ဝမ်ကယ် သူ့အမျိုးသားအင်္ကျီချွတ်နေသည်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်ရင်း ထမင်းနှစ်လုတ်ပါးစပ်ထဲသွင်းလိုက်၏။ သူ့အမျိုးသားက တကယ်ပင် မျက်စိအေးရင်ကိုနွေးစေကာ စက္ခုပသာဒရှိလှသည်။
ကုန်းကျယ် အင်္ကျီချွတ်ပြီးနောက် ကင်မရာရှေ့ပြန်ရောက်လာသည်။ ဝမ်ကယ်က သူ့ကိုမေးလိုက်၏။
“ထမင်းစားပြီးပြီလား။”
“မစားရသေးဘူး၊ ခဏနေမှ ဒါရိုက်တာနဲ့အတူတူသွားစားမှာ။ မင်းနဲ့စကားပြောဖို့ အချိန်နည်းနည်းရသေးတယ်။”
ကုန်းကျယ် ဗွီဒီယိုထဲက ဝမ်ကယ့်ကိုကြင်နာစွာကြည့်လိုက်၏။ ဝမ်ကယ်၏ပြုံးရွှင်နေသောချစ်စရာပုံစံကိုမြင်တော့ သူ့ရင်ထဲကလိကလိဖြစ်ကာ တင်းတင်းကျပ်ကျပ်ပွေ့ဖက်၍ နမ်းရှိုက်ပစ်ချင်စိတ်များပေါ်ပေါက်လာသည်။
ကုန်းကျယ်တစ်ယောက် ကင်မရာဖန်သားပြင်တစ်ဖက်မှ ဝမ်ကယ် ညစာစားသည်ကိုအဖော်ပြုပေးနေသည်။ ဝမ်ကယ်က စားပြီးသွားတော့ ပန်းကန်လုံးနှင့်တူများသိမ်းကာ ဘေစင်မှာ ပန်းကန်ဆေးဖို့လုပ်လိုက်သည်။ သို့သော် ကုန်းကျယ်က ပြောလာ၏။
“ပန်းကန်နည်းနည်းပဲရှိတဲ့ဟာကို။မင်းမဆေးနဲ့တော့။ မနက်ဖြန်ရှောင်ယဲ့လာမှ သူ့ကိုဆေးခိုင်းလိုက်။ ဘာပဲဖြစ်ဖြစ် သူ မင်းအတွက်ချက်ပြုတ်ပေးရဦးမှာ။ ပန်းကန်တစ်ချပ်ဆေးရမှာနဲ့ နှစ်ချပ်ဆေးရမှာ အတူတူပါပဲ။”
ဝမ်ကယ်လည်း ထိုသို့တွေးမိတာကြောင့် စိတ်ထဲပေါ့သွားကာ ပန်းကန်လုံးကိုဘေစင်ထဲထည့်လိုက်သည်။
ကုန်းကျယ် ဝမ်ကယ်နှင့်ခဏစကားပြောပြီးနောက် လက်ထောက်လေးက ဒါရိုက်တာနှင့်အတူတူထမင်းသွားစားဖို့လာခေါ်သည်။ ဝမ်ကယ်လည်း ဖုန်းကိုဘေးချကာ သူ့သားနှင့်ခဏကစားလိုက်သည်။ ထို့နောက် စန္ဒရားခန်းထဲဝင်ကာ စန္ဒရားခဏတီးလိုက်၏။ သီချင်းရေးသည့် ဂီတစာရွက်အလွတ်ကိုမြင်တော့ သူ့စိတ်ထဲရှုပ်ထွေးသွားသည်။ သူ့မှာသီချင်းရေးဖို့ခံစားချက် နည်းနည်းမှရှိမနေ။ ထို့နောက် ဘေးကစန္ဒရားကို သူလှမ်းကြည့်လိုက်သည်။ ထိုအခါ သူ့အဖေနဲ့အမေ ယနေ့အန္တာတိကဘက်ခရီးစထွက်မည်ဟု ကုန်းကျယ်ပြောထားသည်ကို ရုတ်တရက်သတိရသွားသည်။ သို့နှင့် သူ ဗွီဒီယိုဖုန်းခေါ်ကာ သာကြောင်းမာကြောင်းမေးဖို့ ဆုံးဖြတ်လိုက်သည်။
*****
Aurora Novel Translation Team