Chapter 9
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 9 - မင်းယောကျာ်း
အပိုင်း (၉) – မင်းယောကျာ်း
👻👻👻
ဝမ်ကယ် ဘယ်သူ့ထံဖုန်းအရင်ခေါ်ရမည်ကို ခက်ခက်ခဲခဲအကြာကြီးစဉ်းစားပြီး နောက်ဆုံးတွင် ကုန်းမိသားစုမားမား၊ပါးပါးထံ အရင်ဖုန်းခေါ်ရန်ဆုံးဖြတ်လိုက်သည်။ ဖုန်းဝင်သွားပြီး စက္ကန့်ပိုင်းလောက်ကြာတော့ ကင်မရာရှေ့တွင် ငယ်ရွယ်ချောမောသည့်အမျိုးသမီးတစ်ဦးပေါ်လာသည်။ သူ(မ)တွင် မျက်ခုံးစင်းစင်းများရှိသည်။ သူ(မ)တစ်ကိုယ်လုံး၌ ကျောက်မျက်ရတနာများဝတ်ဆင်ထားသည့်တိုင် တောဆန်သည့်ပုံမပေါက်ပေ။ အမျိုးသမီးက ကင်မရာရှေ့၌ အလွန်နှစ်လိုဖွယ်ပြုံးကာ ညင်သာစွာခေါ်လိုက်၏။
“ထုန်ထုန်၊ ဘာလို့အမေတို့ကို ဒီအချိန်ကြီးဖုန်းဆက်တာလဲ။ ဒီနေ့အလုပ်မသွားရဘူးလား။”
ဝမ်ကယ်က ‘အမေ’ ဟုအရင်နှုတ်ဆက်လိုက်ပြီးနောက်ရှင်းပြသည်။
“ကျွန်တော် ခုတလောအနားယူနေတာ။ ခုပဲထမင်းစားပြီးတယ်။”
ကုန်းမားမားက ဗွီဒီယိုထဲကနေ သားဖြစ်သူကိုကြည့်ကာ စိတ်မကောင်းဖြစ်ဟန်ဖြင့်:
“ပိန်သွားတယ်နော်၊ ခုတလောအလုပ်တွေအရမ်းပင်ပန်းနေလား။”
“အဆင်ပြေပါတယ်။”
ဝမ်မားမားကလည်း သူ့သားအသံကြားတော့ သူ(မ)ပါ အနားရောက်လာသည်။ ထို့နောက် အမေနှစ်ယောက်စလုံးက ဝမ်ကယ်ပိန်သွားကြောင်း၊ ပင်ပင်ပန်းပန်းအလုပ်တွေလုပ်နေရကြောင်းစသဖြင့် သူတစ်ခွန်းငါတစ်ခွန်းပြောဆိုကြတော့သည်။ သူတို့က ဝမ်ကယ့်မျက်နှာသေးသေးလေးကိုကြည့်ကာ မျက်နှာချောင်ကျသွားကြောင်းထပ်မံပြောဆိုကြပြီး ငိုမတတ်စိတ်မကောင်းဖြစ်လာကြသည်။
ဝမ်ကယ်လည်း ရယ်ရခက်ငိုရခက်ဖြစ်ကာ သူတို့နှစ်ဦးအား သူကပိန်သွားသော်လည်း ကျန်းမာရေးကောင်းကြောင်း အခါခါနှစ်သိမ့်စကားဆိုရသည်။
သူတို့လေးဦးသည် ယခု အာဂျန်တီးနားရှိ ဥဆွာဝါယားမြို့တွင်ရောက်ရှိနေပြီး နောက်တစ်နာရီနေလျှင် အန္တာတိကသို့အပျော်စီးသင်္ဘောဖြင့်စတင်ထွက်ခွာမည်ဖြစ်သည်။ ဝမ်ကယ်က အန္တာတိကရှိအခြေအနေများကိုရှာဖွေကြည့်ထားတာကြောင့် ခရီးတလျှောက်ဂရုစိုက်ဖို့ သူတို့ကိုမှာနေသည်။
အမေနှစ်ယောက်ကလည်း အသီးသီးခေါင်းညိတ်ပြကြသည်။ သို့သော် ဝမ်ကယ်က စိတ်မချဘဲ သူ့အဖေ(ဝမ်ပါးပါး)ထံ ဖုန်းထပ်ခေါ်လိုက်သည်။ သူ့ရင်ထဲကနံပါတ်တစ်လူစွမ်းကောင်းကြီးဖြစ်သူပီပီ သူ့အဖေ(ပါးပါးဝမ်)ကိုတော့ ဝမ်ကယ်စိတ်ချယုံကြည်ပေသည်။
သူတို့ အကြာကြီးစကားပြောပြီး ဝမ်ကယ်ဘက်မှ မှာစရာရှိတာမှာပြီးနောက် အမေနှစ်ယောက်ကလည်း သူ့ကိုစိတ်မချဖြစ်ကာ ဂရုစိုက်ဖို့မှာကြားကြသည်။ သင်္ဘောထွက်ရန်ငါးမိနစ်အလိုမှ သူတို့ဖုန်းမချချင်ချချင်ဖြင့် နှုတ်ဆက်စကားပြောလိုက်သည်။ ဗွီဒီယိုဖုန်းပြောပြီးနောက် ဝမ်ကယ်သက်ပြင်းအသာချလိုက်၏။ မိန်းမသုံးယောက်ဆိုသည်မှာ ဘဲအကောင်နှစ်ထောင်နှင့်ညီမျှသည်ဟုဆိုစမှတ်ပြုကြသည်။ သူ့အမြင်တော့ သူ့အိမ်က အမေနှစ်ယောက်က ဘဲအကောင်သုံးထောင်စာလောက်ရှိပေသည်။ သူတို့နှင့်ဖုန်းပြောပြီးတိုင်း သူ့မှာတစ်ခေါင်းလုံးပူထူကာ ပဲ့တင်သံများပင်ကျန်ရစ်ခဲ့သယောင်ထင်ရသည်။
သို့နှင့် သူကမနေနိုင်ဘဲ WeChat ထဲဝင်ကာ ကုန်းကျယ်ကို ဖောက်သည်ချလိုက်သည်။
ကုန်းကျယ်လည်းပျင်းနေသည်နှင့် ချက်ချင်းစာပြန်လာသည်။
ကျွမ်းကျွမ်း: [မင်းကျေနပ်လိုက်ပါ။ သူတို့က မင်းကိုတကယ်ဂရုစိုက်ပြီးချစ်ကြတာ။ ငါ့ကိုပဲကြည့်၊ သူတို့က ငါ့အကြောင်းထည့်တောင်မပြောဘူး။ ငါက သေချာပေါက် အဖေနဲ့အမေရဲ့သားအရင်းမဟုတ်လောက်ဘူး။]
ဝမ်ကယ် ခဏစဉ်းစားလိုက်သည်။ တစ်နာရီကြာဖုန်းပြောနေသည့်အချိန်တွင် သူ့အဖေနှင့်အမေရော ကုန်းမိသားစုကပါ ကုန်းကျယ်အကြောင်းပြောတာမတွေ့ပေ။
အင်း……။
ဒီလိုစဉ်းစားတော့လည်း သူ့ကျွမ်းကျွမ်းလေးက တကယ်သနားဖို့ကောင်းတယ်။ အဖေကလည်းမချစ်၊ အမေကလည်းမချစ်။ ယောက္ခမတွေကလည်းနေရာမပေးနဲ့။
သို့နှင့် သူက ကုန်းကျယ်အား နှစ်သိမ့်သည့်သဘောဖြင့် သူ၏နှုတ်ခမ်းဆူပြီးနမ်းနေသည့်ပုံတစ်ပုံကို ပို့လိုက်သည်။ ထိုပုံက သူပွဲတစ်ခုတက်တုန်း ဖန်တစ်ယောက်ရိုက်ယူထားတာဖြစ်သည်။ အဲ့ဒီတုန်းက ဘာလို့ဒီလိုပို့စ်လုပ်ခဲ့မှန်း သူလည်းမမှတ်မိပေ။ သို့သော် ပုံလေးကရုပ်ထွက်လှတာကြောင့် သူ မဖျက်ပစ်ဘဲ တိတ်တိတ်လေးခိုး save ထားခဲ့သည်။ နောက်ပြီး သူတို့နှစ်ဦးမက်ဆေ့အပြန်အလှန်ပို့ကြတိုင်း ဒီပုံလေးကို ကုန်းကျယ်ထံအကြိမ်ပေါင်းများစွာပို့ဖြစ်လေသည်။
ကုန်းကျယ်က ချက်ချင်း ရှက်သွေးဖြန်း၍ စက်ဝိုင်းပုံပတ်နေသည့် emoticon လေးပို့ကာစာပြန်လာသည်။
ဝမ်ကယ်က စက်ဝိုင်းပုံပတ်လျှောက်နေသော ကာတွန်းရုပ်လေးကိုကြည့်လိုက်၏။ ဆံပင်ကောက်ကောက်နှင့် ပန်းပွင့်ဂါဝန်လေးဝတ်ထားသည့်ကလေးလေးတစ်ယောက် ရုတ်တရက်ဘွားခနဲပေါ်လာကာ တခစ်ခစ်ရယ်ရင်း လမ်းပတ်လျှောက်နေသည်။ ကလေးလေးက အကြိမ်အနည်းငယ်ပတ်ပြီးနောက် သူ့ထံသို့ဒယိမ်းဒယိုင်လျှောက်လာသည်။ ထို့နောက် ဖြူဖြူဖွေးဖွေးသွားလေးများပေါ်အောင် ပြုံးပြလာသည့်အခါ ရှေ့သွားလေးတစ်ချောင်းမရှိဘဲသွားကျိုးလေးဖြစ်နေသည်။ ပြီးနောက် ပျော့အိအိမျက်နှာလေးကို လက်ဖမိုးဖြင့်ပွတ်ကာ ကလေးသံလေးဖြင့် ‘ကိုကို’ ဟုချစ်စဖွယ်ခေါ်လာသည်။
ဝမ်ကယ် စိတ်ထဲမြင်ယောင်ကြည့်ရင်း ရုတ်တရက် မျက်နှာကိုအုပ်ကိုင်ကာ ထအော်မိလေသည်။ အား အား အား အား အား သူ့အိမ်ကကုန်းကျွမ်းကျွမ်းက စကြာဝဠာတစ်ခုလုံးမှာ ချစ်ဖို့အကောင်းဆုံးပဲ!
မနေ့ကတစ်ညလုံး သူ့လူ၏ချစ်စရာကောင်းမှုများထဲနစ်မျောသွားတာကြောင့် တော်တော်နှင့်အိပ်မပျော်ဖြစ်ကာ နောက်တစ်နေ့၌ အိပ်ရာထနောက်ကျသွားသည်။ လက်ထောက်လေးနှင့်အေးဂျင့်တို့အိမ်ရှေ့ရောက်လာတော့ ဝမ်ကယ်တစ်ယောက်အိပ်မောကျနေခဲ့သည်။
လူခေါ်ဘဲလ်က အကြိမ်ပေါင်းများစွာမြည်နေပြီး သူကတော့ ခြုံစောင်အောက်တွင် အိပ်မောကျနေသည်။ သကြားခဲလေးက တံခါးဆီပြေးသွားပြီး နောက်ခြေထောက်နှင့်မတ်တတ်ရပ်ကာ အမြင့်ရှိတံခါးလက်ကိုင်ဘုကိုဖွင့်ဖို့ကြိုးစားသည်။ သို့သော် သူ့ခမျာ နာမည်ကြီးေနသည့် တံခါးဖွင့်ေပးသည့်နည်းကိုမသင်ထားတာကြောင့် ချာခနဲပြန်လှည့်ထွက်ကာ ဒုတိယထပ်ကိုပြေးတက်သွားသည်။ ထို့နောက် အိပ်ခန်းတံခါးကိုတွန်းဖွင့်ကာ ဟောင်သံပေးလိုက်သည်။
ခွေးဟောင်သံရော၊ ဝမ်ကယ့်ဖုန်းမြည်သံပါတစ်ပြိုင်တည်းထွက်ေပါ်လာသည်။ ထိုအခါမှ ဝမ်ကယ် အိပ်ရာကုန်းထကာ မျက်လုံးအနည်းငယ်ဖွင့်ပြီး ဖုန်းခေါ်သည့်လူအမည်ကိုကြည့်လိုက်သည်။ ထို့နောက် သူချက်ချင်းအိပ်ချင်ပြေသွားပြီး ဖုန်းချ၍ အောက်ထပ်ဆင်းကာ တံခါးဖွင့်ပေးလိုက်သည်။
တံခါးအပြင်ဘက်ရှိလူနှစ်ဦးက ကောင်းကောင်းမနိုးသေးပုံပေါ်သော ဝမ်ကယ်ကိုကြည့်လိုက်သည်။ သူတို့သိထားသည့်ဝမ်ကယ်က ဘယ်တော့မှအိပ်ရာထနောက်မကျတတ်၊ နောက်အကျဆုံး မနက် (၉)နာရီဆိုနိုးနေပြီဖြစ်သည်။ သူ၏အလုပ်နှင့်အနားယူချိန်ခွဲခြားတတ်သည့်အလေ့အထမှာ အတော်ကောင်းမွန်သည်ဟုဆိုရမည်။
ဝမ်ကယ် ခေါင်းကုတ်လိုက်၏။ ညက သူ့အပိုင်အမျိုးသား မည်မျှချစ်ဖို့ကောင်းကြောင်းတွေးရင်း အိပ်ရေးပျက်သွားသည်ဟူ၍တော့ သူ သေချာပေါက်ထုတ်ပြောလို့မဖြစ်ပေ။ သို့နှင့် သူက ခပ်တည်တည်ဖြင့် အပေါ်ထပ်တက်ကာ မျက်နှာသစ်ကိုယ်လက်သန့်စင်ဖို့ထွက်သွားသည်။ သူတို့နှစ်ဦးကိုတော့ မီးဖိုခန်းထဲမှာ လွတ်လွတ်လပ်လပ်လုပ်ချင်တာလုပ်ဖို့ထားခဲ့သည်။
သူပြန်ဆင်းလာတော့ လက်ထောက်လေးယဲ့ချင်က ခါးစည်းဝတ်ကာ အသီးအရွက်များလှီးဖြတ်ဆေးကြောနေပြီး အေးဂျင့်ကတော့ သူ့ခွေးသားလေးကိုချီရင်း သူ့သားလေးသခွားသီးကိုက်နေတာကိုထိုင်ကြည့်နေသည်။
ထိုမြင်ကွင်းက ဝမ်ကယ်အား သူ့ကိုယ်သူပြန်မြင်လိုက်ရသလို ဇဝေဇဝါဖြစ်သွားေစသည်။ သို့သော် သူချက်ချင်းခေါင်းခါကာ အတွေးများကိုပိတ်ပင်တားဆီးလိုက်သည်။ မဟုတ်ဘူး၊ မဟုတ်ဘူး။ သူက ဒီလိုပုံစံလုံးဝမဟုတ်ဘူး။ အနည်းဆုံး သူက eyeliner မျက်ရစ်တွေမဆွဲဘူး။ မိတ်ကပ်ပေါင်ဒါတွေမလိမ်းဘူး။ လက်သည်းနီလည်းမဆိုးဘူး။
အတူအလုပ်တွဲလုပ်လာသည်မှာ လေးငါးနှစ်ရှိပြီဖြစ်သော်လည်း ဝမ်ကယ်ကတော့ သူ့အေးဂျင့်၏မိန်းမဆန်သောစိတ်နေသဘောထားကို သဘောမကျလှပေ။ သို့နှင့် ဝမ်ကယ်က သူ့သားကိုမပျက်စီးစေရန်ကာကွယ်သည့်အနေဖြင့် အေးဂျင့်လက်ထဲမှသူ့သားကိုပြန်လုလိုက်သည်။ ထို့နောက် အေးဂျင့်ကိုဧည့်ခန်းထဲခေါ်ကာ ဆွေးနွေးစရာရှိတာဆွေးနွေးကြသည်။ အေးဂျင့်ကလည်း မီးဖိုခန်းသေမင်းတမန်တစ်ဦးပင်။ ယဲ့ချင်ကိုကြီးကြပ်ဖို့ အေးဂျင့်ကိုအကူအညီတောင်းလိုက်လျှင် ဝမ်ကယ်အစာအဆိပ်သင့်ကာ ဆေးရုံရောက်သွားနိုင်သည်။
ယင်ယွီထျန်းကလည်း မီးဖိုခန်းညှော်နံ့များကြောင့် သူ၏နူးနူးညံ့ညံ့မျက်နှာလေး အရောင်ညစ်နွမ်းသွားမည်ကိုစိုးရိမ်ပုံရသည်။ သို့နှင့် သူက ခါးကိုလှစ်ခနဲလှည့်ကာ ဧည့်ခန်းဘက်လိုက်လာသည်။ သူက ipad ဖွင့်ကာ နောင်လာမည့်လများအတွက် ဝမ်ကယ်၏အလုပ်ချိန်ဇယားကို စတင်ပြောလိုက်သည်။
“နိုဝင်ဘာလထဲမှာ CC ဂီတပွဲတော်ရှိတယ်။ မင်းအဲ့ဒီမှာ စံကာတင်ဆုစာရင်းသုံးခုဝင်ထားတယ်။ တစ်ဆုက ကျော်ကြားမှုဆုနဲ့ နောက်နှစ်ခုကတော့ ကျွမ်းကျင်ဒိုင်လူကြီးတွေအကဲဖြတ်မှာ။ ကျော်ကြားမှုဆုကတော့ သေချာပေါက်ငါတို့အတွက်ပဲ။ တခြားနှစ်ခုကလည်း ပြဿနာမရှိလောက်ဘူး။ အဲ့တော့ အချိန်တန်ပွဲသွားတက်ရုံပဲ။ မနှစ်က မင်း KG ရဲ့ဖုန်းယွင်ပွဲတော်ကို ပွဲမတက်လို့ဆိုပြီး မီဒီယာတွေ ခေါင်းစဉ်တပ်ပြောနေတယ်။ အဲ့တော့ ဒီတစ်ခါပြဿနာကင်းအောင် တစ်ခေါက်လောက်သွားကြတာပေါ့။”
ယင်ယွီထျန်းမှာ သူ၏မိန်းမဆန်သောနာမည်နှင့်လိုက်အောင် ပုံစံလည်းမိန်းမဆန်သလို အသံကလည်း သာမာန်ယောကျာ်းများထက် နူးညံ့ညင်သာသည်။
ဝမ်ကယ်က သူ့သား၏အမွေးများကိုပွတ်သပ်ရင်း တိတ်ဆိတ်စွာနားထောင်ကာ ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။ သူက ဆုပေးပွဲများတက်ရောက်သည့်နေရာတွင် သိပ်မတော်ပေ။ ဆုကိုကိုင်ရင်း စင်မြင့်ထက်ရပ်ကာ ဆုရသွားကြောင်းပြောရသည်က သူ့အတွက်နည်းနည်းမသက်မသာခံစားရသည်။ ထို့ကြောင့် မဖြစ်မနေမှလွဲလျှင် ထိုကဲ့သို့ပွဲမျိုးကို ဝမ်ကယ်တတ်နိုင်သမျှရှောင်ရှားလေ့ရှိသည်။ သို့သော် ဒီတစ်ခေါက်တော့ ပထမနှစ်ဝက်တွင်ဖြစ်ထားသော ဝရုန်းသုန်းကားအခြေအနေများကလည်း မတည်ငြိမ်သေးတာကြောင့် သူေရှာင်ပုန်း၍မဖြစ်တော့ပေ။
ယင်ယွီထျန်းက စကားဆက်လိုက်၏။
“HUGO Boss က ရာသီအသစ်အတွက် ကြော်ငြာရိုက်ဖို့ရှိတယ်။ ဒီဇင်ဘာလအစောပိုင်းမှာ မင်းဂျာမနီသွားပြီး ဒီဇိုင်နာချုပ်နဲ့ေတွ့ရမယ်။ ပြီးရင် တောင်အမေရိကကိုတန်းသွားပြီး ရိုက်ကူးရေးလုပ်ရမယ်။ အဲ့ဒါက နှစ်ပတ်လောက်ကြာမယ်။ အဲ့ဒီကပြန်ရောက်တာနဲ့ ချက်ချင်းနှစ်သစ်ကူးညဖျော်ဖြေပွဲအတွက် ဝတ်စုံပြည့်လေ့ကျင့်ဖို့ရှိတယ်။”
နှစ်သစ်ကူးညဖျော်ဖြေပွဲမှာ နှစ်စဉ်နှစ်တိုင်းပြုလုပ်နေကျ ပရောဂျက်တစ်ခုဖြစ်သည်။ သူကတီဗွီချာနယ်တစ်ခု၏နှစ်သစ်ကူးညဖျော်ဖြေပွဲ၌ နောက်ဆုံးဧည့်သည်တော်အဖြစ် ပင်တိုင်ပါဝင်ခဲ့သည်မှာ လေးနှစ်ရှိခဲ့ပြီ။ ထို့ကြောင့် ဒီအချိန်ဇယားကိုတော့ သူသိထားပြီးဖြစ်သည်။ သို့သော် ဒီဇင်ဘာလတွင် ပြည်ပခရီးထွက်ရမည်ဖြစ်ကာ ကုန်းကျယ်နှင့် လဝက်ကျော်မတွေ့ရမည့်အကြောင်းတွေးမိတော့ သူရုတ်တရက်စိတ်မကောင်းဖြစ်သွားသည်။
ယင်ယွီထျန်းက သူ စိတ်အခြေအနေပြောင်းသွားသည်ကို သတိမထားမိဘဲဆက်ပြောနေသည်။
“နောက်ပြီး ရှေ့ရက်ကဖင်းကော်(ပန်းသီး) တီဗွီရုပ်သံလိုင်းကနေ ရသစုံရှိုးတစ်ခုမှာပါဖို့ ဖိတ်လာတယ်။ သူတို့က ငါတို့စိတ်ဝင်စားလားဆိုပြီးမေးနေတယ်။”
“ငြင်းလိုက်။”
ဝမ်ကယ်က ဆုံးအောင်ပင်နားမထောင်ဘဲ ငြင်းလိုက်သည်။ အစကတည်းက သူက ရသစုံရှိုးများတွင် ပါဝင်ဖို့စိတ်မဝင်စားပေ။ <<စနေနေ့တွေ့ကြမယ်>> အစီအစဉ်ကလည်း ကုမ္ပဏီမှဖိအားမသိမသာပေးနေသောကြောင့် သူစိတ်မပါဘဲလက်ခံသဘောတူခဲ့ခြင်းဖြစ်သည်။
ယင်ယွီထျန်းက ဒီလိုဖြစ်မယ်မှန်း ကြိုတင်ခန့်မှန်းပြီးဖြစ်၏။ သို့နှင့် သူက ပြောလိုက်သည်။
“အင်း။ ငါငြင်းလိုက်ပြီးပြီ။ မင်းက လာမဲ့နှစ်ထဲမှာလုပ်မဲ့ ဂီတဖျော်ဖြေပွဲအတွက်ပဲ အာရုံစိုက်ထားရင်ရပြီ။ ငါကြားတာတော့ အဲ့ဒီရှိုးကအစီအစဉ်အသစ်၊ သဘာဝရသစုံရှိုးတဲ့။ ဧည့်သည်တွေ အဖွဲ့လိုက်အတူတူစုပြီး ပြည်ပမှာစွန့်စားရေးခရီးထွက်ရမှာ။ စီးရီးတစ်တွဲကို နှစ်လလောက်ရိုက်မယ်ပြောတယ်။ ငါတို့က ပြည်ပမှာအဲ့ေလာက်အကြာကြီးနေဖို့ အချိန်မရှိဘူးလေ။”
ဝမ်ကယ်က ရှိုးတင်ဆက်မည့်ပုံစံကို စိတ်မဝင်စားတာကြောင့် စိတ်မပါ့တပါနားထောင်ရင်း တီဗွီကြည့်နေသည်။
ထိုအချိန် လက်ထောက်လေးက ထမင်းဟင်းချက်ပြုတ်ပြီးသွားသည်။ သူက ဟင်းပွဲများစားပွဲပေါ်တင်ပြီး သူတို့နှစ်ဦးကို ထမင်းလာစားဖို့ခေါ်သည်။ ဝမ်ကယ်လည်း သူ့သားအတွက်ခွေးစာထည့်ပြီးနောက် မီးဖိုခန်းထဲဝင်သွားသည်။
ပုံမှန်ဆို ကုန်းကျယ်အိမ်မှာမရှိသည့်အချိန်များတွင် လက်ထောက်လေးနှင့်အေးဂျင့်တို့က သူ့အိမ်သို့မကြာခဏလာကာ ထမင်းအတူစားလေ့ရှိသည်။ ထို့ကြောင့် ထမင်းစားပွဲရှိလေထုက အလွန်ကောင်းမွန်နေသည်။
ယဲ့ချင်၏ဟင်းချက်လက်ရာက ကုန်းကျယ်ထက်အနည်းငယ်ညံ့သော်လည်း စားရတာအရသာရှိပေသည်။ ဝမ်ကယ်က ထမင်းခူးဖို့လုပ်ပြီး ယင်ယွီထျန်းကတော့ လေပန်းရတာအာတွေ့သူပီပီ ထမင်းစားရင်း ယဲ့ချင်နှင့် အနုပညာလောကမှ အတင်းအဖျင်းသတင်းများအကြောင်း မပြတ်တမ်းပြောနေသည်။
အနုပညာလောက၏ ရွှေအဆင့်အေးဂျင့်ဖြစ်သည့်အလျောက် သူက အနုပညာအသိုင်းအဝိုင်းမှအတင်းအဖျင်းများကို ယဲ့ချင်လိုလက်ထောက်လေးထက် ပိုမိုကြားသိထားသည်။ သူတို့နှစ်ဦး စားလိုက်၊ အတင်းတုတ်လိုက်လုပ်နေကြသည်ကိုကြည့်ရင်း ဝမ်ကယ်တစ်ယောက် သူ့ဘေးမှာ အဒေါ်ကြီးနှစ်ယောက်လာထိုင်၍အတင်းတုတ်နေသလားဟုတောင် ထင်မှတ်ရသည်။
ထိုအချိန်၌ တီဗွီဖန်သားပြင်ပေါ်တွင် အနုပညာသတင်းတစ်ပုဒ်ထုတ်လွှင့်နေသည်။ အစီအစဉ်တင်ဆက်သူက မကြာသေးမီ အွန်လိုင်းမှတဆင့် မဲပေးထားသော အမျိုးသမီးများလက်ထပ်ချင်ဆုံး နံပါတ်တစ်အမျိုးသားအမည်ကို ဖတ်ပြကြေညာနေသည်။
“သုံးလကြာ အပြင်းအထန်ပြိုင်ဆိုင်မှုများအပြီးမှာတော့ အမျိုးသမီးများလက်ထပ်ယူချင်ဆုံးနံပါတ်တစ်အမျိုးသားက ပေါ်ထွက်လာခဲ့ပါပြီ။ သူကတော့ — ရုပ်ရှင်ဧကရာဇ်ကုန်း၊ ကုန်းကျယ်! အမြဲတမ်း အခုလိုအမျိုးသမီးများကြား ရေပန်းစားနှစ်သက်ခြင်းခံရတဲ့အတွက် ဂုဏ်ယူပါတယ်၊ ရုပ်ရှင်ဧကရာဇ်ကုန်းခင်ဗျား။ တကယ်တော့ ကျွန်တော်တို့ရဲ့မင်းသားလေးဝမ်ဖြစ်တဲ့ ဝမ်ကယ်ကလည်း မဲအရေအတွက်သိပ်မကွာပါဘူး။ ကုန်းကျယ်နဲ့ (၅)မဲပဲကွာတာပါ။ အား၊ နှမြောစရာကောင်းလိုက်တာနော်။”
ယင်ယွီထျန်းက မဲရလဒ်ကိုကြားတော့ နှမြောတသဖြစ်သွားကာ လွှတ်ခနဲပြောလိုက်သည်။
“အိုက်ယား၊ ထပ်ရှုံးပြန်ပြီ။ မင်းယောကျာ်းက ဘယ်လိုမိစ္ဆာကြီးများလဲ။ ဂေးတစ်ယောက်ဖြစ်ပြီး မိန်းမတွေဒီလောက်အများကြီးဝိုင်းကြိုက်နေတာ၊ သူကတခြားလူတွေထက် ဟော်မုန်းတွေဘာေတွများပိုထုတ်နေလို့လား။ ယောကျာ်းေတွရော၊ မိန်းမတွေရောအားလုံး သူနဲ့ရင်းနှီချင်ကြတယ်။ ငါကြားတာတော့ ယောကျာ်းတွေအများကြီးပါ သူ့ကိုမဲပေးတာတဲ့။”
သူ့စကားဆုံးသည်နှင့် တစ်ခန်းလုံးငြိမ်ကျသွားသည်။
ဝမ်ကယ်: …..
ယဲ့ချင်: …..
ယင်ယွီထျန်းတစ်ယောက် နောက်ဆုံးတော့ အသိပြန်ဝင်လာကာ တူကိုင်ထားသည့်လက်တစ်ဖက်က ရုတ်တရက်ရပ်တန့်သွားသည်။ ငါးစက္ကန့်လောက်နေတော့ သူက တည်ငြိမ်စွာဖြင့် ငရုတ်သီးတစ်တောင့်ကိုတူနှင့်ညှပ်ပြီး ယဲ့ချင်ပါးစပ်ထဲထိုးထည့်လိုက်သည်။
“လိမ္မာတယ်၊ ငါခုနက ဘာမှမပြောလိုက်ဘူးနော်။”
ယဲ့ချင်: …..
သို့သော် တီဗွီဖန်သားပြင်က သူ့အားဆန့်ကျင်နေသည်။ အစီအစဉ်တင်ဆက်သူက ကုန်းကျယ်အကြောင်း အသေးစိတ်စတင်ပြောဆိုနေသည်။ ထို့ကြောင့် ကုန်းကျယ်၏နာမည်မှာ လက်ထောက်လေးနားထဲသို့ ဒိန်းခနဲဒိန်းခနဲဝင်ရောက်ေနပြီး သူ့ခမျာဂယောင်ဂတမ်းဖြစ်ကာအသံတွေကြားယောင်နေသလားဟုပင် ထင်မှတ်သွားသည်။
ဝမ်ကယ် ခဏလောက်ဆွံ့အသွားသည်။ သူက လက်ထောက်လေး ကြောင်ေတာင်ေတာင်ဖြစ်သွားသည့်မျက်နှာကိုမြင်တော့ စိတ်ထဲကသက်ပြင်းချကာ အေးဂျင့်ထံ မျက်စောင်းတစ်ချက်ထိုးလိုက်သည်။
ယင်ယွီထျန်းမှာ ပါးစပ်ပိတ်သွားကာ အပြစ်ကိုေဆးေကြာဖို့ ဟင်းချိုပန်းကန်ထဲခေါင်းနှစ်၍ နှာခေါင်းဖော်သေချင်စိတ်ပေါက်သွားလေသည်။
ကိစ္စတွေက ဒီလိုဖြစ်လာပြီဆိုမှတော့ ဝမ်ကယ် လက်ထောက်လေးအား ရိုးရှင်းစွာ အမှန်ကိုဝန်ခံဖို့ဆုံးဖြတ်လိုက်သည်။ ဘာပဲပြောပြော လက်ထောက်လေးသည် သူ့နှင့်အချိန်အကြာကြီး အလုပ်တွဲလုပ်ခဲ့သူဖြစ်သည်။ အကျင့်စရိုက်ကလည်း စိတ်ချယုံကြည်ထိုက်သည်ဟုဆိုနိုင်သည်။ သူ့မှာ ပါးစပ်မလုံသည့်ပြစ်ချက်လေးတစ်ခုသာရှိပြီး အဲ့ဒါကိုတော့ ဝမ်ကယ်နည်းနည်းစိုးရိမ်မိသည်။
ဝမ်ကယ်သည် တဲ့တိုးပြောတတ်သူဖြစ်၏။ သူက စကားကိုကွေ့ဝိုက်ပြောနေမည်သူမဟုတ်။ သူ၏ဖြေရှင်းချက်က ပွင့်လင်းပြီးနားလည်ရလွယ်သည်။ သူက လက်ထောက်လေး၏ စိတ်ခံစားချက်ကို လုံးဝထည့်မတွက်ဘဲပြောလိုက်၏။
“ကိစ္စတွေက မင်းထင်ေနတဲ့အတိုင်းပဲ။ ကုန်းကျယ်က ငါ့ချစ်သူ။ လွန်ခဲ့တဲ့ (၆)နှစ်က ငါတို့နယ်သာလန်မှာ စာချုပ်စာတမ်းနဲ့ လက်ထပ်ထားပြီးပြီ။”
လက်ထောက်လေးခမျာ သူ့ဦးနှောက်လေး ခက်ခက်ခဲခဲ ပြန်အသိဝင်လာရုံရှိသေး၊ နောက်ထပ် ‘ချစ်သူ’ ‘စာချုပ်စာတမ်း’ ‘လက်ထပ်တယ်’ ဆိုသည့်စကားလုံးများကြောင့် ပေါက်ကွဲထွက်ကာ လုံးဝစက်သေသွားတော့သည်။
ယင်ယွီထျန်းက ယဲ့ချင်၏နှာသီးဖျားထိပ်ကိုဆိတ်လိုက်သော်လည်း တုံ့ပြန်မှုမရှိပေ။ သို့နှင့် သူက ဝမ်ကယ်ဘက်လှည့်ကာ စိတ်မကောင်းကြီးစွာပြောလိုက်သည်။
“နောက်ကျသွားပြီ၊ ကယ်လို့မရတော့ဘူး။”
*****
Aurora Novel Translation Team