သက်ဆိုင်သူ
သက်ဆိုင်သူ [ My Heart Belongs To You]
” ကျွန်တော် အစ်ကို့ကို သဘောကျတယ်…”
မျက်ဝန်းညိုတွေက ဝန်းဝိုင်းသွားလိုက်တာ အစ်ကို့ပုံစံက သိပ်တုန်လှုပ်သွားသလိုပင်။
” ကျွန်တော် အစ်ကို့ကို ချစ်တယ် ”
ဖုန်းမျက်နှာပြင်က ဗီဒီယိုတစ်ခုကို ရပ်ထားသလို နှုတ်ခမ်းပါးကခပ်ဟဟနှင့် အချစ်မျက်ဝန်းတို့က ဝန်းဝိုင်ကာနေသည်မှာ အစ်ကိုက မယုံကြည်နိုင်ဟန်။ ဒီအခြေအနေကို ကြိုတင်ခန့်မှန်းထားသလို အားလုံးကို ကြိုတင်ပြင်ဆင်ထားပြီးပေမဲ့ တကယ်တမ်းရင်ဆိုင်ရတဲ့အခါကျ ကျွန်တော့်နှလုံးသားထဲ ပရမ်းပတာကိုဖြစ်နေတာပါပဲ။ မလှုပ်မယှက်ဘဲ ကျွန်တော့်ကို စိုက်ကြည့်နေသေးတဲ့အစ်ကို့ကိုကြည့်ရင်း စိုးရိမ်စိတ်ကလည်း တဖြည်းဖြည်းတိုးလာခဲ့တယ်။ ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားနေရလောက်အောင်ကို ကျွန်တော်တို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်မှုကလွှမ်းခြုံနေရဲ့။
” အစ်ကို ကျွန်တော်ပြောတာ ကြားရဲ့လားဟင်…”
စိုးရိမ်စိတ်ကြီးကြီးနှင့် ညင်ညင်သာသာလေးမေးမိတော့မှ မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း အကြည့်လွှဲသွားတဲ့အစ်ကို။ နှစ်နာရီခွဲဝန်းကျင်ဖြစ်နေပြီဆိုတော့ အဆောင်(၄) အပေါ်ထပ်မှာ လူမရှိတော့လောက်တဲ့အထိကို လူရှင်းလို့နေပြီ။ ကျွန်တော်ကလည်း ရည်ရွယ်ချက်ရှိရှိနှင့် ဒီအခွင့်အရေးကို စောင့်နေခဲ့တာပါ။ အစ်ကို အဆင်ပြေစေဖို့၊ ကျွန်တော့်အချစ်တွေကို ဖွင့်ဟဖို့ သတ္တိမွေးခဲ့ရတဲ့အချိန်တွေလည်း ကြာခဲ့ပါပြီ။
” ဘုန်းမြတ်…”
“ဟုတ်ကဲ့…”
“ကိုယ်ပြောချင်တာကလေ … ဘုန်းမြတ် ကိုယ့်အပေါ်ကို စိတ်ယိုင်နေတာဖြစ်မှာပါ ဘာညာလည်း ကိုယ်မပြောချင်ပါဘူး။ မင်းခံစားချက်မို့ မင်းကအသိဆုံးဖြစ်မှာပါ။ ဒါပေမဲ့လေ… ကိုယ်က မင်းထင်သလောက်ကောင်းတဲ့သူမဟုတ်ပါဘူး။ ကိုယ်နဲ့မင်းက အခြေအနေလည်းမတူဘူးလေ။ အင်း…ပြောရရင် ကိုယ်ကယောက်ျားလေးတွေကိုပဲ သဘောကျတာဟုတ်ပေမဲ့ ကိုယ်က မင်းထင်သလောက်သတ္တိရှိနေတဲ့သူမဟုတ်ဘူး ဘုန်းမြတ်။ အဲဒီတော့… မင်းလည်းသိပြီးသားဖြစ်လောက်မှာပါ။ ကိုယ်က အခုထိ အဲဒီလိုခံစားချက်နဲ့ပတ်သက်ရင် မယုံကြည်နိုင်သေးဘူးဆိုတာကိုပေါ့… ကိုယ်…”
ကျွန်တော်နားလည်အောင် ဖြည်းဖြည်းချင်းရှင်းပြနေတဲ့အစ်ကို့ကိုကြည့်ရင်း ရင်ထဲနာလာတယ်။ အငြင်းခံနေရတယ်ဆိုတာကို ကောင်းကောင်းနားလည်ပေမဲ့ ကျွန်တော့်အတွက်ထက် အစ်ကို့အတွက်ကိုပိုပြီးရင်နာမိတယ်။ အစ်ကို့ရင်ထဲဘယ်လောက်အထိခံစားခဲ့ရပြီး ဘယ်လောက်အထိနာကျင်ခဲ့ရမယ်ဆိုတာကို ရှင်းပြဖို့ခက်ခဲနေတဲ့အစ်ကို့ပုံစံကိုကြည့်ပြီး ကျွန်တော်မှန်းကြည့်လို့ရပါတယ်။
“အစ်ကိုပြောချင်တာကို ကျွန်တော်နားလည်ပါတယ်…”
“အင်း …”
“ဒါပေမဲ့… ကျွန်တော် စောင့်နေမှာပါ။ ”
တအံ့တဩမော့ကြည့်လာတဲ့ မျက်ဝန်းညိုလေးတွေက တောက်ပနေတုန်းပဲ။ ကျွန်တော် အတတ်နိုင်ဆုံးပြုံးပြလိုက်ပြီး အစ်ကို့အရပ်နှင့်တန်းတူဖြစ်အောင် ခါးကိုကိုင်းချလိုက်တယ်။
” ကျွန်တော့်အချစ်တွေကို အစ်ကိုလက်ခံပြီး အစ်ကို ကျွန်တော့်ကို သဘောကျတယ်၊ ချစ်တယ်လို့ပြောတဲ့အထိ စောင့်နေမှာ ”
သူ့အရပ်နှင့်တစ်တန်းတည်းဖြစ်နေတဲ့ကျွန်တော့်ကိုကြည့်ပြီး အစ်ကိုက ပြောစရာစကားတွေဆွံ့အနေပုံပင်။
” အစ်ကိုသိပါတယ်။ ကျွန်တော်က အရမ်းစိတ်ရှည်တယ်လေ…”
” ဒါဆို အချစ်က ကြိုးစားလုပ်ယူလို့မရဘူးဆိုတာကိုလည်း မင်းသိမှာပါ ”
” သိတာပေါ့ဗျ။ ဒါပေမဲ့ ဖုံးကွယ်နေတဲ့ခံစားချက်နဲ့ အချစ်တွေကိုတော့ ဖွင့်ပြောလာအောင် ကြိုးစားလို့ရနိုင်တယ်လေ။ ”
” အစ်ကိုပြောဖူးသလိုပဲ မျက်ဝန်းတွေက မညာဘူးလေ အစ်ကို…”
အစ်ကိုက ရယ်တယ်။ ကျွန်တော်ချစ်ရတဲ့မျက်ဝန်းညိုတွေ ပိတ်သွားတဲ့အထိ အားရပါးရရယ်နေတာ။
” ဒါဆို စမ်းကြည့်မလား…”
အစ်ကိုကပြောရင်းဆိုရင်းပဲ ကျွန်တော့်မျက်ဝန်းတည့်တည့်ကို စိုက်ကြည့်လာတယ်။ တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်၊ လေးစက္ကန့်…
” ကျွန်တော် ရှုံးပါတယ် ။ ကျွန်တော်အရှုံးပေးတယ် ”
ကျွန်တော်အကြည့်လွှဲရင်း ဆိုပြန်တော့ အစ်ကိုက တဟားဟားရယ်လို့။
” ဘာလို့လဲ ခဏလေးရှိသေးတာကို။ ”
” ကျွန်တော်မှ အစ်ကို့မျက်ဝန်းတွေကို ရင်မဆိုင်နိုင်တာ…ရင်ခုန်တယ်ဗျ ရင်ခုန်တယ် ။ ကျွန်တော့်နှလုံးခုန်သံကို ကျွန်တော်တောင်ပြန်ကြားနေရပြီ။ ”
” မင်းကို မနိုင်ဘူး ဘုန်းမြတ်ကို…”
” ကျွန်တော်က အစ်ကို့ကို မနိုင်တာပါဗျာ ။ သွားရအောင်လေ အစ်ကို ”
“အင်း… ”
အဆောင် (၄) လှေကားကနေ ယှဉ်ဆင်းလာရင်း ကျွန်တော့်ရင်ထဲ ခံစားချက်တွေ ရှုပ်ထွေးလို့နေတယ်။တစ်ဖက်ကဝမ်းနည်းရသလို အစ်ကိုနှင့်စိမ်းသက်သက်ဖြစ်မသွားရလို့ ပျော်ရွှင်ကြည်နူးရတာတွေ။ အစ်ကိုကတော့ practical test တွေိ နီးလာပြီမို့ စာသေချာလုပ်ဖို့ တတွတ်တွတ်မှာလို့ပေါ့။
” အစ်ကို ဆရာကန်တော့ပွဲနဲ့နှုတ်ဆက်ပွဲမှာ သီချင်းဆိုဦးမယ်ကြားတယ်။ ”
“အင်း… သူငယ်ချင်းတွေနဲ့အတူတူဆိုမှာပါ ”
” ဘာသီချင်းလဲ…”
“လျှို့ဝှက်ချက်…”
“သီချင်းနာမည်က လျှို့ဝှက်ချက်လား…”
“မင်း….”
ရုတ်တရက် တန့်ခနဲရပ်သွားရင်း မျက်မှောင်လေးကြုတ်ပြီး အံ့ဩသလိုကြည့်လာတဲ့အစ်ကိုကြောင့် ကျွန်တော့်မှာခပ်လန့်လန့်။
” မင်း တုံးလိုက်တာ။ ”
“အစ်ကိုကလည်း… ”
“သီချင်းနာမည်ကိုပြောတာမဟုတ်ဘူး။ဘာသီချင်းဆိုတာ မပြောပြဘူးလို့ပြောတာ။ ”
လက်ဟန်တွေပါ,ပါလာရင်း ရှင်းပြနေတဲ့အစ်ကိုက ချစ်စရာကောင်းလိုက်တာ။ ကျွန်တော် ပြုံးပြုံးကြီးစိုက်ကြည့်နေတော့ အစ်ကိုက အရှေ့ကိုလှည့်သွားပြီး ခပ်သုတ်သုတ်လျှောက်သွားလေရဲ့။
” တစ်ယောက်တည်းဆိုမှာလား အစ်ကို”
“မဟုတ်ဘူး ။ နောက်ဆုံးနှစ်က သူငယ်ချင်းတွေိနဲ့…”
“ဪ … ကျွန်တော်နားလည်ပြီ။ ”
အစ်ကိုက ကျွန်တော့်ကို မော့ကြည့်ရင်းပြောလာတာက ” ဘာကိုနားလည်ရပြန်တာလဲ ” တဲ့လေ။
” နောက်ဆုံးနှစ်က သူငယ်ချင်းတွေိနဲ့ အမှတ်တရဖြစ်အောင်ဆိုတာကို ပြောတာပါ။ ”
ကျွန်တော်ပြန်ဖြေတော့ တယ်တော်ပါလားဆိုတဲ့အကြည့်နှင့် အစ်ကိုက တောက်တောက်ပပပြုံးပြတယ်။
” စဉ်းစားကြည့်ရင် လွမ်းစရာကောင်းလိုက်တာ…”
“ဟုတ်တယ်နော်…ကျွန်တော်တို့ တစ်ချိန်ကျရင် ဒီကျောင်းကြီးကိုထားခဲ့ပြီး ထွက်သွားရဦးမှာ။ ”
“နှမြောလိုက်တာ အချိန်တွေကို… ဒီနေရာမှာ ဒီလူတွေနဲ့ဆက်ပြီးရှိချင်သေးတယ်။ တက္ကသိုလ်ကျောင်းသားဘဝက ပြန်တွေးရင် အလွမ်းရဆုံးအချိန်ဖြစ်မယ်ထင်တယ်။ ကောင်းတဲ့အမှတ်တရတွေပဲဖြစ်ဖြစ် ၊ဝမ်းနည်းစရာကောင်းတဲ့အမှတ်တရတွေပဲဖြစ်ဖြစ် ပြန်တွေးတိုင်း မျက်ရည်ဝဲမိမယ်ထင်တယ်။ ”
အဝေးတစ်နေရာကိုငေးရင်း ခပ်ဆွေးဆွေးပြောလာတဲ့အစ်ကို့နှုတ်ခမ်းက အပြုံးကလည်း အလွမ်းတွေဆွတ်နေသလိုလို။
” ကျွန်တော်လည်း အစ်ကိုနဲ့ ဒီနေရာလေးမှာ အကြာကြီးရှိချင်သေးတယ်။ ”
ခြေလှမ်းကိုတန့်ခနဲရပ်လိုက်ရင်း ကျွန်တော့်ကိုကြည့်လာတဲ့အစ်ကို့ရဲ့ခပ်စူးစူးအကြည့်တွေက သိပ်ချစ်ဖို့ကောင်းတာပဲ။
” မင်း မြန်မြန်ပြန်တော့… သွား သွား…”
အတင်းပြန်လွှတ်နေလို့ ကျွန်တော်အားရပါးရရယ်တော့လည်း အစ်ကိုက အံကြိတ်ပြသေးတယ်။
” ချမ်းမြေ့ရေ… မင်း ထီးသွားယူတာ ထီးဖြစ်သွားပြီထင်လို့ကွ ”
အဆောင်(၂) ရှေ့မှာရပ်ထားတဲ့အစ်ကို့ဖယ်ရီကားကနေ လှမ်းအော်နေတဲ့ အစ်ကို့သူငယ်ချင်းသော်မင်းမြတ်က ကျွန်တော့်ကိုမြင်တော့ လက်လှမ်းပြတယ်။ ကျွန်တော်လည်း ပြန်ပြုံးပြနှုတ်ဆက်လိုက်ပြီး အစ်ကို့ကို နှုတ်ဆက်ရတော့တာပေါ့။
” ဒါဆို ကျွန်တော်ပြန်ပြီအစ်ကို ။ တနင်္လာနေ့မှ တွေ့ကြတာပေါ့… ဒီနေ့ ဘာသီချင်းဆိုမှာလဲဆိုတာ စောင့်နေမယ်နော်။ ”
” အင်း… မင်း ကြိုက်တဲ့သီချင်းရှိလား…”
” အစ်ကိုဆိုပြမလို့လား…”
“ပြောကြည့်လေ…”
” ဖိုးကာရဲ့ တိုးတိုးလေးပြောပါ…”
အတည်ပေါက်နှင့်ပြောလိုက်တဲ့စကားအဆုံးမှာ အစ်ကို့ရဲ့ဖြူဥဥပါးလေးတွေက ပန်းရောင်သန်းလာရင်း ကျွန်တော့်ကိုစိုက်ကြည့်နေလေရဲ့။ ကျွန်တော် သဘောတကျရယ်လိုက်မိပြီး…
” စတာပါအစ်ကိုရာ…အစ်ကို ဘာသီချင်းဆိုဆို ကျွန်တော် သဘောကျတယ်။ အစ်ကိုဆိုတာမို့လို့…”
“ဒါဆို တာ့တာ အစ်ကို…”
“အင်း…မိုးမမိစေနဲ့နော်”
ဖျော့တော့တော့ပြုံးပြရင်း တကူးတကမှာလာတဲ့အစ်ကို့ပါးကို ဆွဲညှစ်ချင်စိတ်ကိုမြိုသိပ်လို့ ကျွန်တော် ခေါင်းညိတ်ပြလိုက်ပြီးမှ မြန်မြန်လေးလှည့်ထွက်လာလိုက်တယ်။ ဘတ်စ်ကားတွေရှိလောက်ဦးမှာပါ။
~~~~~
××× သိပ်ချစ်တဲ့အကြောင်းလေး ကြားချင်တယ် ××× ငါ့ဘဝနဲ့ရင်းပြီးတောင်းဆိုမယ် ×× မင်းသိတဲ့အတိုင်းပဲ ပြောပြလိုက်ပါ ချစ်သူရယ် ×× တို့တစ်ယောက်တည်းကြားမဲ့စကားသံနဲ့ ××× နှုတ်ခမ်းပါလေး လှုပ်ခတ်သွားရုံနဲ့ ××× တိုးတိုးလေးပဲ မင်း ပြောပြလိုက်ပါ အချစ်ရယ် ×××
” ဘာနားထောင်နေတာလဲ ဘုန်းမြတ် ”
သီချင်းထဲအာရုံရောက်နေချိန် နားကြပ်ကိုဆွဲလုသွားတာကြောင့် ကျွန်တော် ဖြိုးမင်းပိုင်ကို တားချိန်မရလိုက်။ နားထောင်နေတဲ့သီချင်းကိုကြားပြီးနောက် အဓိပ္ပာယ်ပါပါပြုံးပြလာတဲ့ ဖြိုးမင်းပိုင်ရဲ့ခေါင်းနောက်စေ့ကို ဖက်ခနဲဆော်လိုက်ပြီးမှ ကျွန်တော့်နားကြပ်ကို ပြန်လုထားလိုက်တယ်။
အစ်ကိုရဲ့အသံချိုရှရှလေးနှင့်သီဆိုထားတဲ့ဒီသီချင်းက ကျွန်တော့် playlist ထဲရောက်နေတာ နှစ်ပတ်ကျော်ခဲ့ပြီ။ တကယ်တော့ ကျွန်တော့် playlist က အစ်ကို cover ပြန်ဆိုထားတဲ့သီချင်းတွေနှင့်ပဲ ဖွဲ့တည်ထားတဲ့ ကျွန်တော့်ကမ္ဘာလေးပါ။ အစ်ကိုက အလုပ်တစ်ခုကိုလုပ်ရင် သိပ်စိတ်နှစ်ထားတတ်တဲ့အကျင့်ရှိတဲ့အတိုင်း သူဝါသနာပါတဲ့ ဂီတာတီးသီချင်းဆိုချိန်ဆိုရင် စိတ်ဝိညာဉ်တစ်ခုလုံးကို မြှုပ်နှံထားတတ်တာ။ အဲဒါကြောင့်လည်း အစ်ကိုဆိုသမျှက ကျွန်တော့်ရင်ကို ကိုင်လှုပ်နိုင်နေတာပေါ့။
ကျွန်တော်တို့နှစ်ယောက်စတွေ့တဲ့အခိုက်အတန့်လေးတုန်းကလည်း အစ်ကိုက သီချင်းဆိုနေခဲ့တာလေ။ ကျွန်တော်တို့ဆိုတာထက် ကျွန်တော်က အစ်ကို့ကိုစသိချိိန်လို့ပဲ ဆိုရမှာပေါ့။
မြင်မြင်ချင်းရင်ခုန်ရတယ်ဆိုတာမျိုး။ လူတစ်ယောက်က လူတစ်ယောက်ရဲ့ရင်ထဲကို ပထမဆုံးတွေ့ဆုံချိန်မှာတင် နက်နက်ရှိုင်းရှိုင်းဝင်ရောက်နိုင်တယ်ဆိုတာမျိုးကို ကျွန်တော်ပထမဆုံးအကြိမ်ခံစားသိရှိပြီး ယုံကြည်မိခဲ့တဲ့အချိန်လေး။
အမှတ်တမဲ့ဆိုတာထက်ပိုတဲ့အခိုက်အတန့်လေးက Theater 2 ရှေ့မှာ စတင်ခဲ့တာပေါ့။ ဖြိုးမင်းပိုင်ကို ကျောက်ကြယ်သီးလေးငှားပေးပြီး ပြန်လှည့်အထွက်မှာ ကျွန်တော့်မျက်နှာချင်းဆိုင်တည့်တည့်ကနေ သူငယ်ချင်းဖြစ်သူနှင့် ဂီတာအိတ်လေးလွယ်လျှောက်လာလို့ ကျွန်တော့်ဘေးနားက ဖြတ်သွားခဲ့တဲ့အစ်ကိုက အဲဒီတခဏတာအခိုက်အတန့်လေးမှာတင် ကျွန်တော့်အာရုံကိုဖမ်းစားနိုင်ပြီး နှလုံးခုန်သံကို ကိုင်လှုပ်နိုင်ခဲ့တာလေ။
ကော့တက်နေတဲ့နှုတ်ခမ်းပါးထောင့်စွန့်လေးကအပြုံးက မျက်ဝန်းညိုတွေအထိပါကူးစက်ပြီး ကျွန်တော့်ကို တိုက်ရိုက်ပြုံးပြနေတယ်လို့ ထင်ရလောက်တဲ့အထိ အစ်ကို့အပြုံးတွေက တောက်ပနေခဲ့တာ။ ကျွန်တော့်ဘေးနားကနေ ဖြတ်သွားတဲ့အချိန် အစ်ကို့မူပိုင်အသံလေးနှင့်ပြောသွားတဲ့စကားလေးတစ်ခွန်းကို အခုထိ မှတ်မိနေသေးတယ်။
” ငါ ရင်ခုန်နေတယ်ကွာ…” တဲ့။
အဲဒီတုန်းက နည်းနည်းစဉ်းစားရကြပ်ခဲ့ပေမဲ့ အစ်ကိုရင်ခုန်ရတဲ့အကြောင်းအရင်းက စင်ပေါ်မှာပထမဆုံးအကြိမ်သီချင်းဆိုရမှာမို့ အရမ်းရင်ခုန်နေခဲ့တာ။ အစ်ကို့သူငယ်ချင်း အစ်ကို့ကိုမိတ်ဆက်ပေးတဲ့နာမည်ပြောင်ဂုဏ်ပုဒ်ကလည်း ထူးထူးခြားခြားနှင့် ချစ်ဖို့ကောင်းနေလိုက်တာ “ကျွန်တော်တို့ရဲ့သူငယ်ချင်းကြီး… ကျွန်တော်တို့မေဂျာရဲ့သူရဲကောင်းကြီး… ကျွန်တော်တို့ရဲ့အချစ်တော် ” တဲ့လေ။
အဲဒီနေ့က စင်ပေါ်ကို ဂီတာလေးလွယ်ပြီး ရှက်ရှက်နှင့်တက်လာတဲ့ အစ်ကို့ပုံရိပ်လေး၊ သီချင်းတစ်ပုဒ်လုံးကို စိတ်နှစ်ပြီးဆိုသွားတဲ့ အစ်ကို့ပုံရိပ်လေးကို ဗီဒိယိုရိုက်ကူးထားသလို ကျွန်တော့်အမြင်ထဲအသိထဲ မှတ်မိနေသေးတယ်။ နှုတ်ခမ်းလေးလှုပ်သွားပုံကအစ၊ ရှက်ပြုံးလေးအဆုံး ဂီတာကြိုးတွေကို ပိုင်ပိုင်နိုင်နိုင်ကစားသွားတဲ့ အစ်ကို့လက်ချောင်းသေးသွယ်သွယ်လေးတွေအထိပေါ့။
အဲဒီနေ့က အစ်ကိုဆိုသွားတဲ့သီချင်းက အဆိုတော်အောင်ထက်ရဲ့ ‘ အချစ်တေးကဗျာ ‘ သီချင်းလေးလေ။ အဲဒီနေ့မှာပဲ အစ်ကို့နာမည်လေးက လူနှင့်လိုက်ဖက်လွန်းအောင် ‘ချမ်းမြေ့ကိုကို’ ဆိုတာ သိခဲ့ရပါတယ်။ တကယ်တော့ အစ်ကိုက ကျွန်တော့်ရဲ့ချမ်းမြေ့မှုအပေါင်းခညောင်းတဲ့ကမ္ဘာငယ်လေးပါ။
~~~~~
ဒီနေ့က 2nd semester စာမေးပွဲနောက်ဆုံးနေ့။ကျွန်တော်တို့ပထမနှစ်တွေနှင့်တတိယနှစ်တွေက မနက်ပိုင်းဖြေရတာဆိုတော့ အစ်ကိုညနေပိုင်းစာမေးပွဲဖြေပြီးတဲ့အထိစောင့်နေပြီး အစ်ကိုနှင့်မုန့်သွားစားဖို့ ကျွန်တော် အစ်ကို့ကိုခွင့်တောင်းထားခဲ့တာ အစ်ကိုကသဘောတူတယ်လေ။ ကျွန်တော်ကားလည်းယူလာခဲ့ပြီး အစ်ကိုနှင့်နှစ်ယောက်တည်း ကျောင်းပြင်ပကနေရာလေးတစ်ခုမှာ အတူရှိရဖို့ တကယ်ကိုရင်ခုန်နေမိတယ်။
အဆောင် (၂) ရှေ့မှာ ဆင်းမယ်လို့ပြောထားတာမို့ ဖယ်ရီကားတွေလာရာလမ်းကို မျှော်နေမိရင်း ရင်တွေတလှပ်လှပ်။ ကျောင်းချိန်တွေမှာ နေ့တိုင်းလိုလိုတွေ့နေရပေမဲ့ တစ်ရက်ကုန်ဆုံးသွားပြီး နောက်နေ့မနက် အစ်ကိုနှင့်တွေ့ရမယ်ဆိုတာကို တွေးမိတိုင်း အမြဲတမ်းရင်ခုန်ခဲ့ရတာ။ အခုတော့ တစ်ညထက်ပိုပြီး အစ်ကိုနှင့်မတွေ့ရဘူးဆိုတဲ့အတွေးက ကျွန်တော့်ကို ဝမ်းနည်းစေပြီး အခုအစ်ကိုနှင့်တွေ့ရဖို့အတွက် ပိုလို့ရင်ခုန်စေတယ်။ မနက်ဖြန်ဆို ကျောင်းနှစ်လပိတ်ပြီ။ အစ်ကိုနှင့်အချိန်တစ်ခုအထိမတွေ့ရတော့ဘူးဆိုတော့ ရှိတဲ့အချိန်လေးကို နည်းနည်းလေးပိုဆွဲထားချင်မိတဲ့စိတ်ကလေးပေါ့။
” ဘုန်းမြတ် ငါသွားတော့မယ်…”
” နောက်ဆုံးတော့ စာမေးပွဲခန်းထဲက ထွက်လာပြီပေါ့။ မပြန်နဲ့ ခဏနေဦး။ ရဲရင့်လာလိမ့်မယ်။ ”
ကျွန်တော် သူ့ရဲ့ဂုတ်ကိုကိုင်ရင်း ဆွဲထားတော့ ဖြိုးမင်းပိုင်က ရုန်းတယ်။ သူ,မတွေ့ချင်ဘူးဆိုတာ သိပေမဲ့ သူငယ်ချင်းကောင်းတစ်ယောက်အနေနှင့် သူ့စိတ်ရင်းမှန်ကိုဖော်ထုတ်ပေးဖို့တာဝန်ရှိတယ်လေ။
” လွှတ်စမ်း ဘုန်းမြတ်ရာ မင်းလူကောင်ကြီးတယ်ဆိုပြီး ငါ့ကိုအနိုင်မကျင့်နဲ့နော် ”
“ဟော… ပြောရင်းဆိုရင်းလာပြီ…”
အဆောင်(၂)ဆီသို့လာနေတဲ့ အဖြူရောင်ကားလေးကိုမြင်ချိန် ဖြိုးမင်းပိုင်က ပိုရုန်းလို့လာတယ်။ ကားမှန်ချလိုက်တဲ့ရဲရင့်ကို ကားဘေးကပ်ရပ်ထားလိုက်ဖို့ လက်ဟန်နှင့်ပြလိုက်ပြီး ကျွန်တော် ဖြိုးမင်းပိုင်ကို ကားဆီဆွဲခေါ်သွားလိုက်တယ်။ မျက်နှာအပျက်ပျက်ဖြစ်နေတဲ့ဖြိုးမင်းပိုင်က ပြိုတော့မဲ့မိုးလိုမျိုး ငိုမဲ့မဲ့ဖြစ်လို့လာပြီ။
ကျွန်တော် ခြေစုံရပ်လိုက်ချိန် ရဲရင့်က ကျောင်းယူနီဖောင်းမဟုတ်ဘဲ အပြင်အဝတ်အစားနှင့် လွယ်အိတ်လေးလွယ်လို့ ကားထဲကထွက်လာပြီမို့ ကျွန်တော်လက်ကာပြလိုက်တဲ့အခါ ခပ်ပြုံးပြုံးပင် ကားကိုမှီလို့ရပ်စောင့်နေလေရဲ့။
” မင်း တကယ်ကြီး ရဲရင့်နဲ့မတွေ့ချင်ဘူးပေါ့…”
“မင်း ဘယ်လိုဖြစ်နေတာလဲလို့ဘုန်းမြတ်ရာ…”
” ဖြိုးမင်း…မင်းကို တခြားကိစ္စတွေတွန်းအားပေးနေတာမဟုတ်ပါဘူး။ ဒီအတိုင်း ရဲရင့်နဲ့ အတူပြန်လိုက်ပါ ဟင်…”
” မပြန်ဘူး…”
“မင်း ရဲရင့်ကိုတွေ့ချင်နေတဲ့ဟာကို… သူက ဒီကိုတကူးတကလာပြီး ရပ်စောင့်နေတာနော်။ ပြီးတော့ ဓာတုဗေဒ King ကြီးက ငိုနေတယ်ဆိုရင် မြင်မကောင်းဘူး။ ငါ့လည်း သူတို့ King ကြီးကို ငိုအောင်လုပ်ရမလားဆိုပြီး ချောင်းရိုက်နေပါဦးမယ်။ ”
ဖြိုးမင်းပိုင်က စိတ်ရှည်လက်ရှည်ပင်စောင့်နေတဲ့ရဲရင့်ကိုလှမ်းကြည့်တာများ မဝံ့မရဲ။ မျက်ရည်မကျအောင် မျက်တောင်တွေတဖျပ်ဖျပ်ခတ်ရင်း ကျွန်တော့်လက်ထဲကနေ သူအသာလေးရုန်းထွက်တယ်။
” မင်း ဟိုဘက်လှည့်နေ။ သွား… အဆောင်ထဲဝင်ပြီး အစ်ကိုချမ်းမြေ့ကိုသွားစောင့်…”
နှာတရှုံ့ရှုံ့နှင့်ပြောလာတဲ့ဖြိုးမင်းပိုင်ကို ရယ်မိရင်း ကျွန်တော် ရဲရင့်ကို လှမ်းပြုံးပြလို့ခေါင်းညိတ်ပြမိတယ်။
” မင်းကြိုက်တဲ့မုန့်တွေ များများဝယ်ကျွေးဖို့ပြောထားတယ် ။ ဘာမှစိတ်မပူဘဲ ကောင်းကောင်းလည်လာခဲ့ ဟုတ်ပြီလား။ ”
“အင်း…သွား သွားတော့ ”
ကျွန်တော် ဟက်ဟက်ပက်ပက်ပဲရယ်မိရင်း အဆောင်(၂) ထဲကို လှည့်ထွက်လာလိုက်တယ်။စိတ်ထဲမှာတော့ ကျွန်တော်မြှားနတ်မောင်လုပ်ရသည့်အကျိုးကြောင့် အစ်ကိုချမ်းမြေ့နှင့်အမြန်ဆုံးချစ်သူတွေဖြစ်ရပါစေလို့ အထပ်ထပ်အခါခါဆုတောင်းရင်းပေါ့။
ဖြိုးမင်းက ဟိုဘက်လှည့်နေလို့ပြောပေမဲ့ ကျွန်တော်ခိုးကြည့်မိပါတယ်။ကားနားမှာ ရဲရင့်ထုတ်ပေးတဲ့တစ်ရှူးနှင့် နှပ်ချီးညှစ်နေတဲ့ဖြိုးမင်းပိုင်ရယ်၊ အဲဒီလိုဗရုတ်သုတ်ခကျပြီး ကလေးဆန်တဲ့ဖြိုးမင်းပိုင်ကို ချစ်ရည်ရွှန်းတဲ့အကြည့်တွေနှင့် ပြုံးပြုံးကြီးကြည့်နေတဲ့ ကျွန်တော့်ငယ်သူငယ်ချင်းရဲရင့်သွေးရယ်။
ချစ်ခြင်းမေတ္တာများ နွေးထွေးလိုက်တာ။
~~~~
ဖယ်ရီကားပေါ်က ဆင်းဆင်းချင်းပဲ ကျွန်တော့်ကိုတန်းရှာတဲ့အစ်ကို့ကို တခဏလောက်ငေးကြည့်နေမိရင်း ကျွန်တော်ပြုံးမိတယ်။ဒီနေ့တော့ အစ်ကိုက ရှပ်အင်္ကျီဆင်စွယ်ဖြူလက်တိုလေးဝတ်လာတယ်။ ခံစားချက်တွေကိုဖုံးကွယ်ထားရတာက ဘယ်လောက်ခက်ခဲမွန်းကြပ်မလဲဆိုတာ ကျွန်တော်ကောင်းကောင်းသိတာမို့ အစ်ကို့ကိုခံစားရအောင်လုပ်ခဲ့တဲ့ အဲဒီလူကို ကျွန်တော်ပြေးထိုးချင်လောက်အောင် ရင်ထဲကဒေါသမီးတွေ တောက်လောင်လာတဲ့အချိန်တွေ။ အဲဒီလိုအချိန်တွေတိုင်း အစ်ကို ကျွန်တော့်ကိုပြုံးပြတဲ့အပြုံးလေးက၊ အဲဒီမျက်ဝန်းညိုလေးတွေက ကျွန်တော်ရင်ထဲကဒေါသမီးကို ငြှိမ်းပေးပြီး အချစ်တွေပိုတိုးလာအောင်လုပ်နေကျပေါ့။
အခုလည်း ကျွန်တော့်ကိုရှာတွေ့သွားတဲ့အစ်ကိုက လက်ပြလို့ကျွန်တော့်ဆီတန်းတန်းမတ်မတ်လျှောက်လာလေရဲ့။
” စာမေးပွဲဖြေနိုင်လား ဘုန်းမြတ် ”
တွေ့တွေ့ချင်းမေးလာတာကလည်း အဲဒီလိုစိတ်အေးချမ်းစရာကောင်းတဲ့အပြုံးလေးနဲ့ပါ။ အပေါ်ဆုံးလှေကားထစ်အထိတက်လာတဲ့အစ်ကို့အရပ်နှင့် အနည်းငယ်တန်းတူသွားအောင် ကျွန်တော် လှေကားနှစ်ထစ်လောက်ဆင်းလိုက်တယ်။
” ဖြေနိုင်တယ် အစ်ကို။ ကျွန်တော်စောင့်နေမှာမို့ အေးအေးဆေးဆေးဖြေနော်…”
“အင်း ဗိုက်ဆာနေမှာပေါ့။ ဒါစားထားလိုက်။ ”
ကိုင်လာတဲ့ထီးကို လက်မှာချိတ်ထားလိုက်ပြီး ကျောပိုးလွယ်အိတ်ထဲက မုန့်ထုပ်တွေထဲကမှ ပူစီပေါင်မုန့်တစ်ထုပ်နှင့် ကိတ်မုန့်တစ်ထုပ်ကို လက်ထဲထည့်ပေးလာတဲ့အစ်ကို။ စာမေးပွဲရက်တွေဆို ထမင်းကောင်းကောင်းမစားနိုင်တဲ့အစ်ကိုက ကျောပိုးအိတ်ထဲမှာ ကိတ်မုန့်တွေ၊ ပေါင်မုန့်တွေထည့်ထားတတ်တာ။ စာမေးပွဲခန်းထဲဝင်ခါနီးမှ ပေါင်မုန့်တစ်လုံးဖြစ်ဖြစ်၊ ကိတ်မုန့်တစ်လုံးဖြစ်ဖြစ် ပါးစပ်ထဲထိုးထည့်ပြီး၊ အိမ်ကဖျော်လာတဲ့ကော်ဖီတစ်ခွက်သောက်လို့ စာမေးပွဲဖြေတတ်တဲ့အစ်ကို။ အခုလို အစ်ကိုက သူတကူးတကထည့်ထားတဲ့မုန့်တွေကို ကျွန်တော့်ဆီပေးနေလေတော့
ဝမ်းသာကြည်နူးရသည်က အတိုင်းထက်အလွန်ပင်။
” ကျေးဇူးပါ အစ်ကို။ အစ်ကိုစားဖို့ရောရှိသေးရဲ့လား။ ”
“ရှိတယ် ။ ကိုယ့်ကိုပူမနေနဲ့ ။ ”
“ဟေ့ကောင် မင်းက ငါ့တောင်မစောင့်ဘဲနဲ့ ဘုန်းမြတ်ကိုဆီ အရင်လာတယ်ပေါ့လေ…”
ရုတ်တရက်ကြီး အနားရောက်လာပြီး အစ်ကို့ကို ခါးထောက်ရန်တွေ့လို့စနေတဲ့ အစ်ကိုသော်မင်းမြတ်။ အစ်ကိုက စိတ်လေတယ်ဆိုတဲ့အကြည့်နှင့်ကြည့်နေပြီးမှ ပေါင်မုန့်တစ်ထုပ်နှင့် အစ်ကိုသော်မင်းမြတ်မျက်နှာကို ပိတ်အုပ်လိုက်ပြီး ပြောလိုက်တာက” မကျေနပ်ရင် မင်းဘာသာသွားနှင့် ” တဲ့လေ။
” ကော်ဖီလည်းတိုက် ”
“မတိုက်ဘူး။ ပိုဖျော်မလာဘူး။ ”
“ကပ်စေးကုပ်ကောင် ”
အစ်ကိုသော်မင်းမြတ်က အဆုံးအထိစနောက်သွားရင်း စာမေးပွဲခန်းရှိရာဆီ အရင်ထွက်သွားလေရဲ့။
” ဒါလည်းသောက်ထား…”
ကျောပိုးလွတ်အိတ်ဘေးအိတ်မှ ဘူးလေးတစ်ဘူးထုတ်ပေးလာတာက အပူခံဘူးလေး။
” ကော်ဖီလား…”
“မဟုတ်ဘူး… မင်းက လက်ဖက်ရည်ကြိုက်တာဆိုလို့။ ဝယ်ပြီးထည့်ပေးလာတာ။ ”
လက်နှစ်ဖက်မှာပြည့်နေတဲ့ လက်ဖက်ရည်ဘူးနှင့်မုန့်ထုပ်တွေကိုကြည့်ပြီး ကျွန်တော်ကြောင်တောင်တောင်လေးဖြစ်နေမိတာက ရင်ထဲမှာအရမ်းကိုကြည်နူးပီတိဖြာနေရလို့လေ။ အစ်ကိုက ကျွန်တော့်အတွက် တကူးတကပြင်ဆင်ပေးလာပုံပါပဲ။ သေချာတဲ့အရာတစ်ခုကိုသိနေပေမဲ့ စည်းတစ်ခုကိုမကျော်နိုင်သေးတာက ခက်လိုက်တာ။
” ဒါဆို ကိုယ်သွားတော့မယ်။ တစ်နေရာရာမှာထိုင်စောင့်နေလိုက်နော်။ ကိုယ်ပြီးတာနဲ့ဖုန်းတန်းဖွင့်ပြီး ဖုန်းခေါ်လိုက်မယ်။ ”
“ဟုတ်ကဲ့ အစ်ကို။ ကျွန်တော့်ကို အားမနာဘဲ အေးအေးဆေးဆေးသာဖြေ ။ ကျွန်တော်က စိတ်ရှည်တယ်လေ အစ်ကိုရဲ့…”
” ဟုတ်ပါပြီကွာ… ဒါဆို သွားပြီနော်…”
လက်ပြလို့ထွက်သွားတဲ့ အစ်ကို့ကျောပြင်လေးကို လှမ်းငေးရင်း ကျွန်တော့်ရင်ထဲကြည်နူးမှုတွေိနှင့်ချစ်ခြင်းတရားတွေ ပြည့်နှက်လို့ပေါ့။
” ဘာဖြစ်လို့ပါလိမ့်…”
ရုတ်တရက်ကြီး ကျွန်တော့်ဆီ ရယ်မောရင်း ခပ်သုတ်သုတ်လေးပြန်လျှောက်လာတဲ့အစ်ကို့ကြောင့် ကျွန်တော်ရပ်မနေနိုင်ဘဲ အစ်ကို့ဆီလျှောက်သွားမိတယ်။
” ကိုယ်မင်းကို ထီးပေးခဲ့ဖို့ မေ့သွားလို့… ယူထားလိုက်သိလား.. ”
ပြောရင်းဆိုရင်းပင် မုန့်နှင့်လက်ဖက်ရည်ဘူးနှင့်ပြည့်နေတဲ့ကျွန်တော့်လက်မှာ ထီးချိတ်ပေးလာတဲ့အစ်ကို။
” ဪ… ဟုတ်ကဲ့ အစ်ကို ”
” ဒါဆို တကယ်သွားပြီ…”
“ဟုတ်ကဲ့ပါဗျာ…”
ခပ်သုတ်သုတ်ပင်ထွက်သွားတဲ့အစ်ကိုက ကျွန်တော့်ကိုတစ်ခေါက်လောက်တော့ ပြန်လှည့်ကြည့်လာလေမလားလို့ မျှော်လင့်ရင်းစောင့်နေခဲ့တဲ့ကျွန်တော့်မျှော်လင့်ချက်တွေ တကယ်ပြည့်ဝပါတယ်။ အစ်ကိုက ကျွန်တော့်ကို နှစ်ခေါက်တောင်ပြန်လှည့်ကြည့်ပြီး လက်ပြသွားခဲ့တယ်လေ။
~~~~~
အဆောင် (၄) အောက်ထပ်က ကော်ရစ်တာမှာ စောင့်နေပါလို့ ဖုန်းဆက်လာတဲ့အစ်ကို့ကြောင့် စောင့်နေတဲ့ကျွန်တော်နှင့်ရည်ရွယ်ချက်တူလူတစ်ယောက်ကိုတွေ့လိုက်ရချိန် ကျွန်တော်မျက်မှောင်ကြုတ်လိုက်မိတယ်။ အစ်ကို့ဘက်က သံယောဇဉ်ဖြတ်ထားပေမဲ့ အစ်ကို့အပေါ် ယောက်ျားလေးတွေကိုသဘောကျတဲ့သူဆိုပြီး လှောင်ပြောင်စော်ကား၊ အစ်ကို့ကိုခံစားရအောင်လုပ်ခဲ့တဲ့ အစ်ကို့ရဲ့သွေးသားမတော်စပ်တဲ့အစ်ကို,ကိုတွေ့တိုင်း ကျွန်တော့်ရင်ထဲပူလောင်လာမြဲ။
” ခင်ဗျား ဒီလိုဘာလာလုပ်တာလဲ။ ”
” ချမ်းမြေ့ကိုလာတွေ့တာပေါ့။ ”
ဘေးချင်းယှဉ်ကာ မတ်တတ်ရပ်နေရင်း ကျွန်တော်တို့နှစ်ယောက်ကြားစစ်အေးတိုက်ပွဲက စတင်လို့လာခဲ့တယ်။ ဒီလိုမျက်နှာပြောင်တိုက်တဲ့သူမျိုး ကျွန်တော့်ဘဝမှာ ပထမဆုံးတွေ့ဖူးခြင်းပင်။ စော်ကားပြောဆိုပြီးမှ တောင်းပန်ပါတယ်ပြောရုံနှင့် အစ်ကို့ရင်ထဲကဒဏ်ရာတွေက အကောင်းပကတိပြန်ဖြစ်ရိုးလား။
” အစ်ကိုက ခင်ဗျားနဲ့မှမတွေ့ချင်တာကို… ”
” မတွေ့ချင်ရင်တောင် တွေ့ရအောင်လုပ်လို့ရတဲ့နည်းတွေရှိတယ်။ဘာလို့ဆို ငါတို့က မတော်ချင်ရင်တောင် မိသားစုဖြစ်နေလို့လေ။ ”
” မိသားစုဆိုတာ ဖြစ်ချင်တိုင်းဖြစ်လို့ရတာမှမဟုတ်တာ။ ခင်ဗျားပြောတဲ့မိသားစုဆိုတာ အစ်ကို့ဘက်ကသဘောမကျတဲ့၊ အသိအမှတ်ပြုမထားတော့တဲ့စကားလုံးကြီးလေ…”
” မင်း ချမ်းမြေ့ဆီက တစ်ခုခုမျှော်လင့်နေတာလား ”
” အဲဒါ ကျွန်တော်တို့နှစ်ယောက်ကိစ္စပါ။ ”
” ဘုန်းမြတ်….”
ကမ္ဘာပေါ်မှာ ကျွန်တော်အမုန်းဆုံးလူနှင့် စစ်အေးတိုက်ပွဲဖြစ်နေချိန် ဒီစကြာဝဠာကြီးမှာ ကျွန်တော်ချစ်မြတ်နိုးရဆုံးလူတစ်ယောက်ရဲ့ ကျွန်တော့်နာမည်ကိုခေါ်လိုက်တဲ့အသံက ကျွန်တော့်ရင်ထဲက ဒေါသမီးတွေကိုငြိမ်းစေပြီး ကျွန်တော့်ရင်ကိုအေးငြိမ်စေတယ်။ကျွန်တော့်ဘေးနားကလူကိုမြင်တဲ့အချိန်အပေါ်ထပ်ကဆင်းလာတဲ့အစ်ကိုက လှေကားထစ်မှာတင် အံ့ဩစိတ်နှင့် ရပ်တန့်သွားလေရဲ့။
” အစ်ကို…”
ကျွန်တော့်ဘေးနားကလူကို စူးစူးဝါးဝါးကြည့်နေတဲ့အစ်ကို့ကို ဆက်မကြည့်စေချင်တဲ့စိတ်နှင့် ကျွန်တော် အစ်ကိုရှေ့တည့်တည့်မှာ ပိတ်ရပ်လိုက်တယ်။ ငိုင်ငိုင်ကြီးဖြစ်နေပြီးမှ ကျွန်တော့်လက်မောင်းကိုဆုပ်ကိုင်လာတဲ့ အစ်ကို့လက်တွေက တင်းကျပ်အေးစက်နေကာ နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်း ကျွန်တော့်ကိုကြည့်လာတဲ့မျက်ဝန်းတွေကလည်း စိတ်လွတ်နေသူတစ်ယောက်လိုဖြစ်နေလေရဲ့။ အမြဲတမ်းပြုံးရိပ်ရိပ်နဲ့နေတတ်ပြီး လူတိုင်းကိုဖော်ဖော်ရွေရွေဆက်ဆံတတ်တဲ့အစ်ကို့ကို ဒီလိုဆောက်တည်ရာမရဖြစ်အောင် အဲဒီလူက ဘယ်လိုတောင် ဆိုးဆိုးဝါးဝါးဆက်ဆံခဲ့လေသလဲ။
” ကျွန်တော်တို့ မုန့်သွားစားရအောင် အစ်ကို…”
ကျွန်တော် အတတ်နိုင်ဆုံးပြုံးပြရင်းဆိုမိတော့ အစ်ကိုကခပ်ရေးရေးပြုံးပြလို့ ခေါင်းညိတ်တယ်။
” အင်း… သွားကြတာပေါ့…”
တုန်ယင်နေမဲ့အစ်ကို့လက်ကလေးကို ဆုပ်ကိုင်ထားလိုက်တော့လည်း အစ်ကိုကအသာတကြည်ပင် သူ့နောက်မှလိုက်လာလေရဲ့။
” ညီမလေးက သူ့မွေးနေ့ကျရင် မင်းကိုလာစေချင်နေတယ်။ ”
အဲဒီလူကိုကျောခိုင်းထွက်လာတဲ့ အစ်ကို့ခြေလှမ်းတွေက တန့်ခနဲရပ်တန့်သွားပြီးမှ…
” ကျွန်တော်လာမှာပါ။ ”
” ဒါပေမဲ့ နောက်တစ်ခါ ဒီလိုအကြောင်းပြချက်သေးသေးလေးတွေနဲ့ ကျွန်တော့်ဆီမလာပါနဲ့။ အရေးကြီးရင် အိမ်လေးကိုပဲဖုန်းဆက်ခိုင်းလိုက်ပါ။ ကျွန်တော် ဘယ်သူ့ကိုမှမမုန်းတတ်ပေမဲ့ အစ်ကို့ကိုတော့ အတတ်နိုင်ဆုံး မမြင်ချင်ပါဘူး။ ”
ကျွန်တော့်လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ညစ်ထားတဲ့ အစ်ကို့လက်လေးတွေက ရဲတက်လို့လာလေရဲ့။ တစ်ချက်မှယိမ်းယိုင်မသွားဘဲ ပြတ်ပြတ်သားသားပြောလိုက်တဲ့အစ်ကို့ရင်ထဲမှာတော့ ဘယ်လောက်အထိ ဗြောင်းဆန်အောင်ခံစားနေရမလဲ ကျွန်တော်သေချာသိပါတယ်။
“သွားမယ် ဘုန်းမြတ်…”
“ဟုတ်ကဲ့ ”
စာမေးပွဲခန်းတွေထဲက ကျောင်းသားတော်တော်များများထွက်လာပြီမို့ ကော်ရစ်တာမှာ လူများပြည့်လာခဲ့ပြီ။ ကျွန်တော် အစ်ကို့နား,နားကပ်လိုက်ပြီး…
” အစ်ကို ကျွန်တော်လက်လွှတ်လိုက်ရတော့မလားဟင်…”
“ဟင်…”
အစ်ကိုက စကားကိုနားမလည်ဟန် မျက်လုံးလေးဝင့်လို့မော့ကြည်လာလျက်။ မသိချင်ယောင်ဆောင်ပြီး အစ်ကို့လက်ကိုဆက်ကိုင်ထားချင်လိုက်တာ။
” လူတွေများလာပြီလေ အစ်ကိုအဆင်မပြေဖြစ်မှာစိုးလို့ပါ…”
“ဪ… ဟုတ်သားပဲ။ ”
ကျွန်တော်လက်ဖဝါးထဲက တဖြည်းဖြည်းလွတ်ထွက်သွားတဲ့ အစ်ကို့လက်ဖဝါးလေးကို နှမြောတသနှင့် လွှတ်ပေးလိုက်ရင်း ကျွန်တော့်ကို ခပ်ရေးရေးပြုံးပြလာတဲ့အစ်ကို့ကို ကျွန်တော်ရယ်ပြမိတယ်။ အခုတော့ စိတ်ငြိမ်သွားပုံရတဲ့အစ်ကိုက လွယ်အိတ်ဘေးအိတ်က ကော်ဖီဘူးကိုထုတ်ပြီး တစ်ငုံမော့သောက်လေရဲ့။
” အစ်ကို ဖြေနိုင်လား ”
” ဒါပေါ့ … ကားဘယ်မှာရပ်ထားလဲ။ ”
အစ်ကိုပြန်ပြေလာတဲ့ပုံက ပြုံးပြုံးရွှင်ရွှင်၊ ပေါ့ပေါ့ပါးပါး။
” အဆောင် (၂)အရှေ့ကို ရွှေ့ထားတယ် ။”
” ဘာသွားစားကြမလဲ ။ ”
” အစ်ကိုကြိုက်တဲ့ကြက်ကြော်လေ။ ”
” တကယ် ”
ကျွန်တော့်ဘက်ကို ခေါင်းလေးစောင်းကြည့်ရင်းမေးလာပုံက ဖက်ထားချင်စရာကောင်းစွာ။
” တကယ်ပေါ့…”
” ဘုန်းမြတ်ကိုက အကောင်းဆုံးပဲ…”
~~~~~
တစ်နာရီခွဲဝန်းကျင်လောက် မောင်းလာပြီးနောက်
ကျွန်တော် အစ်ကိုတို့လမ်းထိပ်နားမှာ ကားကိုဘေးချရပ်လိုက်တယ်။ အိမ်ရှေ့အထိလိုက်ပို့မယ်ပြောပေမဲ့ အစ်ကိုက လူတွေဟိုဟိုဒီဒီမေးမှာနေရခက်လို့ လမ်းထိပ်အထိပဲပို့ပါတဲ့လေ။
” အစ်ကို ကျွန်တော့်ကို စာပို့နော်… ကျွန်တော်တို့အဆက်အသွယ်ပြတ်မှာကြောက်လို့…”
” ကိုယ်မပို့မိရင်တောင် မင်းက တတင်တင်တတောင်တောင်နဲ့ ပို့နေမှာကို…”
အစ်ကိုကပြုံးရိပ်ရိပ်ဆိုရင်း အိတ်ထဲမှပစ္စည်းတွေကို စစ်လို့နေတယ်။ အစ်ကို့ကိုဆွဲထားချင်လိုက်တာ။
” ကျွန်တော် စောင့်နေတယ်ဆိုတာ အစ်ကိုသိတယ်မလား…”
လွယ်အိတ်ထဲပစ္စည်းတွေစစ်နေတဲ့အစ်ကိုက တခဏလောက် ရပ်တန့်သွားပြီးမှ ကျွန်တော့်ကိုကြည့်လာပုံက တောက်တောက်ပပပြုံးလို့။
” သိတာပေါ့… မင်းသိတဲ့အတိုင်း ကိုယ်လည်းအချိန်လိုလို့ပါ…”
” ကျွန်တော် အစ်ကို့ကို နားလည်ပါတယ်။ ဒီအတိုင်းသိစေချင်လို့ပါ။အင်း…ကျွန်တော့်ကို အစ်ကိုဖွင့်ပြောရလောက်တဲ့အထိချစ်လာပြီဆိုရင်လေ ကျွန်တော့်ကိုအချက်ပြပေးပါ။ အစ်ကိုက ဘာမှမလုပ်ဘဲ ဒီအတိုင်း အဲဒီနေရာလေးမှာပဲရပ်နေပြီး ကျွန်တော့်ကိုမီးစိမ်းလေးပဲပြပေး။ ကျွန်တော့်ဘာသာ အစ်ကို့ဆီရောက်အောင်လာခဲ့ပါ့မယ် အစ်ကို ”
အစ်ကိုက ကျွန်တော့်ကို ခပ်ပြုံးပြုံးလေးစိုက်ကြည့်နေရင်း ခေါင်းညိတ်ပြရှာတယ်။
” အစ်ကိုနဲ့အစ်ကို့အန်တီစားဖို့ ယူသွားဉီး”
ကားနောက်ခန်းက ပါဆယ်ထုပ်ကိုယူပေးတော့ အစ်ကိုကငြင်းတယ်။
” အစ်ကိုတို့အတွက်ရည်ရွယ်ပြီးဝယ်လာတာမို့ ယူသွားလိုက်ပါဗျာ။ စာမေးပွဲရက်အတွင်း ဘာမှလည်းကောင်းကောင်းမစားနိုင်ဘူးမလားဗျ ။ ဒီနေ့ ကောင်းကောင်းစားပြီး အနားယူလိုက်နော် ။ ”
” ဒါဆိုလည်း ကျေးဇူးပါ ဘုန်းမြတ်။ အိမ်ပြန်ရောက်ရင် ဖုန်းဆက်နော်။ ကားကိုလည်း ဖြည်းဖြည်းမောင်းသွား ။ မင်း လမ်းတော့မှတ်မိတယ်မလား။ ”
“ဟုတ်ကဲ့ မှတ်မိပါတယ်ဗျ။ဖြည်းဖြည်းချင်းမောင်းသွားပြီး အိမ်ရောက်ရင်လည်း ဖုန်းဆက်ပါ့မယ်… ”
အစ်ကိုက သူ့ရဲ့ရွှတ်နောက်နောက်စကားပြောပုံကို ရယ်လိုက်ရင်း…
” အင်း ဒါဆို တာ့တာနော် ”
“ဟုတ်ကဲ့ဗျ ”
ကားပေါ်မှဆင်းသွားပြီး ကားမှန်မှတစ်ဆင့် ထပ်နှုတ်ဆက်နေသေးတဲ့အစ်ကိုက မြတ်နိုးစရာကောင်းစွာ။ အစ်ကို့ကျောပြင်လေး ကျွန်တော့်မြင်ကွင်းထဲက ပျောက်သွားမှပဲ ကျွန်တော် ကားမောင်းထွက်လာခဲ့လိုက်တော့တယ်။
~~~~~
ကျောင်းပိတ်ရက်တွေဟာ ခြောက်ကပ်ကပ်။ အချစ်နှင့်ဝေးနေရတော့ အရာရာဟာ ကျွန်တော့်အတွက် တစ်ဖန်ပျင်းရိစရာကောင်းလာပြန်တယ်။ ကျောင်းပိတ်ရက်မှာ ဘော်လီဘောလေ့ကျင့်သင့်တာသိပေမဲ့ ဘာမှလုပ်ချင်စိတ်ရှိမနေပေ။
အစ်ကိုနှင့်စာတွေပို့ပြီး အစ်ကိုဆိုသမျှ cover သီချင်းတွေနားထောင်ရတဲ့အချိန်မှလွဲ ကျွန်တော်က ကြိုးမဲ့စွန်လိုမျိုး လွင့်ချင်ရာလွင့်နေတော့တာ။
” ဟာ အခုမှသတိရတယ်။ ”
ကျွန်တော် ဝမ်းသာအားရနှင့်အော်မိရင်း ထရပ်မိတယ်။ အစ်ကိုနှင့်တွေ့ခွင့်ရမဲ့အကြောင်းအရင်းကို ရှာတွေ့ပြီမို့ ကျွန်တော် ချက်ချင်းပဲ ဖုန်းကိုဖွင့်ပြီး အစ်ကို့ဆီကို ” ဘော်လီဘောဆော့ကြမလား အစ်ကို” လို့စာပို့လိုက်တယ်။
ခဏအကြာဝင်လာတဲ့စာကြောင့် ကျွန်တော်ပျော်ရွှင်စွာပဲ ထအော်မိတာများ မေမေကတောင် ဒီကောင်လေးဘာတွေအော်နေသလဲလို့မေးရတဲ့အထိပေါ့။
အစ်ကိုက ” အင်း ဆော့ကြမယ်လေ ” တဲ့။
~~~~~
လမ်းသွယ်လေးထဲကနေ အစ်ကိုထွက်လာတာကိုမြင်တာနှင့် ကျွန်တော်ကားထဲကနေထွက်ပြီး အားရပါးရပြုံးရင်း လက်လှမ်းပြမိတယ်။ ကျောပိုးအိတ်လေးလွယ်ထားရင်း အားကစားဝတ်စုံလေးဝတ်ထားတဲ့အစ်ကိုက သေးသေးလေးရယ်။ အဲဒီခန္ဓာကိုယ်သေးသေးလေးက ဘယ်လောက်အထိစိတ်ဓာတ်ပြင်းသလဲဆိုရင် ” ကိုယ့်သူငယ်ချင်းတွေရဲ့နောက်ဆုံးနှစ်မို့ ဒီနှစ်တော့ ဖလားရအောင်ယူရမယ်” ဆိုပြီး Chemistry လို့ရေးထားတဲ့ခေါင်းပတ်လေးကို ခေါင်းမှာတင်းတင်းချည်၊ အသင်းတိုင်းကို ဘောလုံးတဘုန်းဘုန်းရိုက်ချပြီး servingအပြင်းစားတွေပေးလို့ အသင်းသားတွေနှင့် ထိထိမိမိပူးပေါင်းကစားရင်း ဓာတုဗေဒဘော်လီဘောအသင်းအတွက် ဖလားကိုရအောင်ယူပေးခဲ့တာ။ အစ်ကို့သူငယ်ချင်းတွေနှင့် ဂျူနီယာတွေက အစ်ကို့ကို ” ဓာတုဗေဒမေဂျာသူရဲကောင်း” လို့ခေါ်တာက အဆန်းတော့ဟုတ်မနေဘူးပေါ့။
” အစ်ကို ”
” အင်း… ကားမောင်းပြီးလာခေါ်ပေးတာ ကျေးဇူးပဲ။ ”
အစ်ကို့ကို တဝကြီးကြည့်နေမိရင်း ပြုံးပဲပြုံးပြမိတဲ့အခါ အစ်ကိုကရယ်မောကာပင် ကားထဲဝင်ထိုင်လေရဲ့။ အစ်ကို့ဘယ်ဘက်နားလေးက နားကွင်းသေးသေးလေးနှစ်ကွင်းကို ကြည့်ပြီး ကျွန်တော်ပြုံးမိတယ်။ အစ်ကိုက ကျောင်းချိန်ဆိုရင် အဲဒီနားကွင်းလေးတွေကို ချွတ်ထားတတ်တာလေ။
” အစ်ကိုသော်မင်းမြတ်ကိုလည်း ဖုန်းဆက်ထားလိုက်ဦး အစ်ကို ”
“အင်း ဆက်လိုက်မယ် အခု။ ကားသေချာကြည့်ဦး။ ”
“ဟုတ်ကဲ့ အစ်ကို ”
အစ်ကို့ရဲ့သတိပေးမှုကြောင့် ကျွန်တော် ကားရှင်း၊ မရှင်းကြည့်လိုက်ရင်း နောက်ခန်းက မုန့်ထုပ်ကိုယူပြီး အစ်ကို့ပေါင်ပေါ်တင်ပေးလိုက်တယ်။ ပေါင်ပေါ်က မုန့်ထုပ်ကို နားမလည်သလို တအံ့တဩကြည့်နေပြီးမှ အစ်ကိုကရယ်ပြီးပြောလာခဲ့တာက ” ကျေးဇူးပါ ဘုန်းမြတ်” တဲ့လေ။ ကျွန်တော်ကတော့ အစ်ကိုက ကျေးဇူး လို့ တစ်ခါပြောရင် ကျွန်တော့်အပေါ်အချစ်ရာခိုင်နှုန်းတွေတိုးလာတယ်လို့ ယူဆထားလိုက်တာပဲ။
” အစ်ကိုကြိုက်တဲ့ချောကလက်ကိတ်တွေ ပိုဝယ်လာတယ်။ ပြီးတော့ အဲဒီအထုပ်က အစ်ကို့အတွက်သတ်သတ်ဝယ်လာတာမို့ တခြားသူကိုမကျွေးနဲ့နော်။ ”
” မင်းကတော့ လုပ်ပြီ ”
” တခြားသူတွေအတွက်လည်း အများကြီးပါ။ ”
“ဟုတ်ပါပြီ။ ကားပဲ သေချာမောင်းပါဗျ။ ”
“ဒီမှာကော်ဖီကို မအေးသွားအောင် အပူခံဘူးနဲ့ပြောင်းထည့်လာတယ်။ နွေးတော့နွေးသေးတယ် အစ်ကို”
ထိုင်ခုံနှစ်ခုံကြားက ခွက်ကလေးတွေထည့်တဲ့နေရာလေးမှာထည့်ထားတဲ့ကော်ဖီဘူးလေးကို ပြတော့ အစ်ကိုက ပြုံးရိပ်ရိပ်နဲ့မျက်ခုံးလေးဝင့်လို့ကြည့်လာတယ်။
“အင်း…ကျေးဇူးပါ။ ကားပဲဂရုစိုက်မောင်းတော့ မင်း… ”
“ဟုတ်ကဲ့ပါဗျ…”
” ဒါနဲ့ တစ်ခုပဲထပ်မေးချင်လို့။ ”
” အင်း မေးလေ..”
“ကျွန်တော် အစ်ကို့ကိုအရမ်းလွမ်းနေတာ… အစ်ကိုရော ကျွန်တော့်ကိုလွမ်းလားဟင်…”
အစ်ကိုက ခဏလောက်ရပ်သွားပြီးမှ နှုတ်ခမ်းတွေတွန့်ချိုးလာရင်း ဖြေရှာတယ်။
” အင်း… လွမ်းတယ် ” တဲ့လေ။
ကျွန်တော့်ကိုစိတ်ပူပေးနေတဲ့အစ်ကို့စိတ်ကိုထည့်စဉ်းစားပြီး ကျွန်တော် တိတ်တိတ်ဆိတ်ဆိတ်ပဲ ကားဆက်မောင်းနေလိုက်တယ်။ မှော်ဘီဈေးနားမှာ အစ်ကိုသော်မင်းမြတ်ကိုဝင်ခေါ်ပြီး ကျွန်တော်တို့ဘော်လီဘောကစားမဲ့ကွင်းဆီ တန်းတန်းမတ်မတ်မောင်းလာတဲ့လမ်းမှာ အစ်ကိုက မုန့်တွေစားရင်း၊ အစ်ကိုသော်မင်းမြတ်ကလုစားရင် ချရင်းနဲ့ ပျော်ပျော်ရွှင်ရွှင်ပါပဲ။
အစ်ကို့ကို သိပ်ကိုလွမ်းနေရတဲ့ကျွန်တော်ကတော့လေ အစ်ကိုမျက်နှာလေးကိုမြင်ရပြီး၊ အစ်ကို့စကားသံလေးကိုကြားရပြီး ဒီလိုအတူတူရှိနေရုံနှင့်တင် ကျေနပ်လှပါပြီ။
~~~~~
ဘာလိုလိုနှင့် ကျောင်းတွေပြန်ဖွင့်ခဲ့တာ သုံးပတ်ကျော်လာပြီ။
ကျွန်တော်က ဒုတိယနှစ်။ အစ်ကိုက ဂုဏ်ထူးတန်းတတိယနှစ်။ ကျွန်တော်ပထမနှစ်တုန်းက အစ်ကို့အတန်းနှင့်ကျွန်တော့်အတန်းကြားမှာ တစ်ခန်းပဲခြားပေမဲ့ အခုတော့ ကျွန်တော်က အဆောင်ပြောင်းလိုက်ရပြီး အစ်ကိုကတော့ အဆောင်(၄) အပေါ်ထပ်မှာပဲ။ ဟိုဘက်အဆောင်နှင့် ဒီဘက်အဆောင်ကူးလိုက်ရင် အစ်ကိုရှိရာအဆောင်ဆီရောက်ပြီဆိုပေမဲ့ မျက်နှာလေးမြင်ချင်တာနှင့် မယောင်မလည်သွားတွေ့လို့ရမဲ့နေရာမဟုတ်တော့ နည်းနည်းတော့ဝမ်းနည်းမိသား။ Practical အတန်းကနေဆင်းလာရင် Lab-Coat လေးဝတ်ထားတဲ့အစ်ကို့ကို အဆောင်(၄) အပေါ်ထပ်ကနေ သွားစောင့်ပြီး ငေးလို့လည်းမရတော့ဘူး။
အစ်ကိုကတော့ ” သတိရရင် လာတွေ့လို့ရတာပဲ ” တဲ့လေ။ ခွင့်ပြုချက်ရထားတော့ ကျွန်တော်လည်း အဆောင်နှစ်ဆောင်ကြား ချောင်းပေါက်မတတ်ပါပဲ။အချိန်ငါးမိနစ်လောက်ရရင်ကို အပြေးလေးသွားပြီး မျက်နှာလေးသွားကြည့်ရမှ ကျေနပ်တာ။
အခုတလော ဘော်လီဘောလေ့ကျင့်ရေးလည်းစနေပြီး fresher welcome အတွက်ပါ အလုပ်ရှုပ်နေလေတော့ အစ်ကိုနှင့်နှစ်ယောက်တည်းတွေ့ရချိန်က နည်းနေတာလည်း ကျွန်တော့်ကိုဝမ်းနည်းစေတယ်။ဘော်လီဘောလေ့ကျင့်ချိန်ဆို တွေ့ရပေမဲ့ အဲဒီလောက်နှင့် ကျွန်တော်မကျေနပ်နိုင်ဘူး။ အဲဒီတော့ ကျွန်တော်လည်းဉာဏ်သုံးရတာပေါ့လေ။ ဖြိုးမင်းပိုင်ကလည်း အရင်နှစ်က King ဆိုတော့ အလုပ်ရှုပ်မဲ့အတူတူ ကျွန်တော်ပါအလုပ်ဝင်ရှုပ်လိုက်တယ်။ fresher welcome မှာ ကူညီလုပ်ကိုင်ပေးမဲ့အဖွဲ့ထဲ ဝင်ပစ်လိုက်တာပေါ့။ ကျွန်တော့်အကြောင်း သေချာသိတဲ့အစ်ကိုက ဟက်ဟက်ပက်ပက်ကိုရယ်တာ။ ပြောသေးတယ် ။ ” မင်းက ဒီလိုလူရှုပ်တာတွေမှ မကြိုက်တာ ။ အဆင်ပြေပါ့မလား” တဲ့လေ ။ ကျွန်တော်လည်း ပြန်ပြောလိုက်ပါတယ်။ ” အစ်ကိုရှိတဲ့ဘယ်နေရာမဆို ကျွန်တော့်အတွက် အဆင်ပြေတယ်” လို့ပေါ့။
နောက်တော့ အစ်ကိုပြောနေကျအတိုင်း ” မင်းကို မနိုင်ဘူး ဘုန်းမြတ်ကို ” ဆိုပြီး လုပ်စရာရှိတာ ဆက်လုပ်နေတော့တာပဲ။
အခွင့်အရေးက ကိုယ့်ဆီရောက်မလာရင် ကိုယ်ကပဲ အခွင့်အရေးကို ဖန်တီးရမှာပေါ့။
~~~~~
ဒီနေ့လည်းအစ်ကိုက သန့်ပြန့်ပြီးချောမောနေတာပါပဲ။ အစ်ကို့မူပိုင်လေးအတိုင်း ရှပ်အင်္ကျီအဖြူဆွတ်ဆွတ်ကို မွန်ပုဆိုးအနီလေးနှင့် တွဲဝတ်ထားပြီး အင်္ကျီလက်ကိုတံတောင်ဆစ်အထိ လက်ခေါက်တင်ထားတယ်။ ဆံပင်တိုရှင်းရှင်းလေးကြောင့် အစ်ကို့ရဲ့အေးချမ်းတဲ့မျက်နှာလေးနှင့် မျက်ဝန်းညိုတွေကလည်း အထင်းသားပေါ်လွင်လို့ပေါ့။ ဒီနေ့တော့ အစ်ကိုက သူ့ရဲ့ဘယ်ဘက်နားပေါက်လေးမှာ ကျောက်နားကပ်သေးသေးလေးဝတ်လာတယ်။
အစ်ကိုဒီနေ့ဘာသီချင်းဆိုမှာလဲမေးမိတော့ အစ်ကိုက လျှို့ဝှက်ချက်တဲ့လေ။ ဆိုတော့ ကျွန်တော်လည်း အစ်ကိုဘာသီချင်းဆိုမလဲဆိုတာ ရင်ခုန်နေမိတယ်။ ဒီနှစ်ဓာတုဗေဒရဲ့မောင်မယ်သစ်လွင်ကြိုဆိုပွဲက တော်တော်လေးစည်တယ်ပြောရမယ်။မနှစ်က Theater 2မှာသာ ကျင်းပခဲ့ရပေမဲ့ ဒီနှစ် မိန်းဆောင်ရဲ့ခန်းမမှာ ကျင်းပခွင့်ရခဲ့တယ်လေ။
” ဘုန်းမြတ် မင်း ဒီမှာပဲနေနော်သိလား… ကိုယ်သီချင်းဆိုပြီး မင်းဆီကိုလာတဲ့အထိ ဒီမှာပဲ စောင့်နေ ”
စင်ပေါ်မတက်ခင် ခန်းမရဲ့ပထမဆုံးဝင်ပေါက်တံခါးနားမှာ ရပ်နေတဲ့ကျွန်တော့်ကို လာမှာသွားတဲ့အစ်ကို့ရဲ့အမှာစကားလေး။ ကျွန်တော်က ဒီအတိုင်း ဒီနားမှာပဲ ကူညီလုပ်ကိုင်ပေးဖို့ မှာသွားတာလို့ ထင်မိလိုက်တာပေါ့။
အစ်ကို စင်ပေါ်တက်တက်ချင်းပဲ ပေါ်ထွက်လာတဲ့အားပေးသံတွေက သဝန်တိုစရာကောင်းအောင် ဆူညံလို့နေတယ်။ အစ်ကိုက အဝေးကကြည့်လည်း အေးချမ်းမှုတွေနှင့် ပြည့်နှက်နေတာများ နွေရာသီပူပူမှာ တွေ့လိုက်ရတဲ့အရိပ်ကလေးလို၊စမ်းချောင်းလေးလိုပင်။
” မင်္ဂလာပါဗျ။ ကျွန်တော်က ဓာတုဗေဒမေဂျာက ချမ်းမြေ့ကိုကိုပါ ။ ကျွန်တော် ရင်ခုန်နေတာမို့လို့ အမှားပါရင် သည်းခံပြီး နားဆင်ပေးကြပါဦးဗျ…”
ရင်ခုန်စိတ်လှုပ်ရှားနေပုံရတဲ့အစ်ကိုက သက်ပြင်းတစ်ချက်မှုတ်ထုတ်ပြီးမှ ကျွန်တော်ရှိရာဘက်ကို လှည့်ကြည့်လာရင်း ဂီတာစတီးတယ်။
ဂီတာသံတဖြည်းဖြည်းပေါ်လွင်လာတာနှင့်တစ်ပြိုင်နက် ကျွန်တော့်နှလုံးသားစည်းချက်တွေက ခပ်မြန်မြန်ခုန်လှုပ်လို့လာလေရဲ့။ အစ်ကိုက ဒီသီချင်းကို ဘာကြောင့်ဆိုရသလဲဆိုတဲ့အတွေးက ကျွန်တော့်ခေါင်းထဲတရိပ်ရိပ်နှင့်။
“အလင်းမဲ့တဲ့နှလုံးသားထဲ×××ချစ်ခြင်းရဲ့အလင်းရောင်ဆောင်ကြဉ်းပေးပါ××သိပ်လှတဲ့အပြုံးလေးအောက် ငါ့မျှော်လင့်ချက်တို့နားခိုနိုင်စေဖို့ ×××အခွင့်ပေးပါတော့ ×××သိပ်ချစ်တဲ့အကြောင်းလေးကြားချင်တယ်×××ငါ့ဘဝနဲ့ရင်းပြီးတောင်းဆိုမယ်×××မင်းသိတဲ့အတိုင်းပဲပြောပြလိုက်ပါချစ်သူရယ်×××တို့တစ်ယောက်တည်းကြားမဲ့စကားသံနဲ့×××နှုတ်ခမ်းပါးလေးလှုပ်ခတ်သွားရုံနဲ့×××တိုးတိုးလေးပဲမင်းပြောပြလိုက်ပါအချစ်ရယ်”
ကျွန်တော်ရှိရာဘက် မကြာခဏဆိုသလိုလှည့်ကြည့်ရင်း အဲဒီသီချင်းကိုဆိုနေတဲ့အစ်ကိုက ရည်ရွယ်ချက်ရှိရှိကြံရွယ်ထားတယ်ဆိုတာ ကျွန်တော်သေချာနားလည်လိုက်တယ်။ အစ်ကိုပထမဆုံးသီချင်းဆိုချိန်တုန်းက ကျွန်တော်ခံစားရတာထက်ပိုပြီးခုန်လာတဲ့ ကျွန်တော့်နှလုံးသား။ ကျွန်တော်တစ်ယောက်တည်းအတွက်ဆိုပြနေသလို ခံစားရရင်း အစ်ကိုနှင့်ကျွန်တော် နှစ်ယောက်တည်း ဒီနေရာလေးမှာရှိတော့သလို ခံစားမှုက ကျွန်တော့်ကို လွှမ်းမိုးလို့လာတယ်။
” သိပ်ချစ်တဲ့အကြောင်းလေးကြားချင်တယ်×××ငါ့ဘဝနဲ့ရင်းပြီးတောင်းဆိုမယ်×××မင်းသိတဲ့အတိုင်းပဲပြောပြလိုက်ပါချစ်သူရယ်×××တို့တစ်ယောက်တည်းကြားမဲ့စကားသံနဲ့×××နှုတ်ခမ်းပါးလေးလှုပ်ခတ်သွားရုံနဲ့×××တိုးတိုးလေးပဲ××× မင်းပြောခဲ့လိုက်ပါအချစ်ရယ်×××”
အစ်ကိုက လည်လိုက်တာ။ ချစ်စရာကောင်းလိုက်တာ။ မြတ်နိုးချင်စရာကောင်းလိုက်တာ အစ်ကိုရယ်။
~~~~~
ကျွန်တော် အစ်ကို ဒီမှာပဲနေလို့ပြောခဲ့တဲ့နေရာလေးမှာပဲ အစ်ကို့ကိုစောင့်နေမိတယ်။ ခန်းမထဲဘာတွေဖြစ်နေလဲဆိုတာ မသိတော့သလို စင်ပေါ်က အစီအစဉ်တင်ဆက်သူအစ်ကိုနှင့်အစ်မက ဘာတွေပြောနေလဲဆိုတာ ကျွန်တော်မကြားရတော့ဘူး။ တံခါးဝနားမှာပဲရပ်ရင်း အစ်ကိုလာမဲ့အရပ်ဘက်ကို ကျွန်တော်တစိုက်မတ်မတ်လှမ်းကြည့်နေမိတယ်။
စင်ပေါ်ကိုတက်တဲ့တံခါးပေါက်ကနေ ဂီတာအိတ်လေးလွယ်လို့ထွက်လာတဲ့အစ်ကိုက ပြုံးရွှင်လို့။ ကျွန်တော့်ကိုလက်လှမ်းပြနေတဲ့အစ်ကိုလည်း ကျွန်တော့်လို ရင်ခုန်စိတ်လှုပ်ရှားနေလိမ့်မလား။
” ဘုန်းမြတ်…”
ကျွန်တော့်ရှေ့တည့်တည့်ကို အစ်ကိုရောက်လာချိန်အထိ ကျွန်တော်မယုံကြည်နိုင်သေးဘူး။ အစ်ကို့ဘက်က ဒီလိုပုံစံမျိုးနှင့် ကျွန်တော့်ကိုအဖြေပေးမယ်လို့ ကျွန်တော်တကယ်ကိုမထင်မိဘူးလေ။
” အစ်ကိုသိလားဟင်… အစ်ကို့ကိုကျွန်တော်စသိတဲ့နေ့ကတည်းကလေ ကျွန်တော့်အရာအားလုံးကို အစ်ကိုအပိုင်သိမ်းသွားတယ်ဆိုတာ…”
အစ်ကိုကခပ်ဖွဖွရယ်တယ်။
လူတွေကလည်း သူ့အာရုံနှင့်သူရှိနေသလို sound boxရဲ့ဆူညံသံကြောင့် ကျွန်တော့်အသံကိုမြှင့်ပြောနေရပေမဲ့ ကျွန်တော်ဂရုမစိုက်ပါဘူး။
” အဲဒီနေ့ကစပြီး ကျွန်တော်အစ်ကို့ကို့ပဲ လိုက်ကြည့်နေမိတာ။ အစ်ကို့ကိုပဲ သတိထားနေမိပြီး အစ်ကို့ကိုပဲမြင်တော့တာ ။ အစ်ကိုနဲ့အနီးဆုံးမှာရှိရဖို့ ကျွန်တော် ဘော်လီဘောအသင်းထဲ မရမကဝင်ခဲ့တာ။ ”
“အင်း…”
ကျွန်တော့်ကိုမော့ကြည့်နေတဲ့အစ်ကို့ရဲ့မျက်ဝန်းညိုတွေကို ကျွန်တော်မြတ်နိုးလိုက်တာ။
” အဲဒါကြောင့်လေ… အစ်ကိုသိအောင်ထပ်ပြောပြချင်တယ်…ကျွန်တော့်နှလုံးသားတစ်ခုလုံးက အစ်ကိုတစ်ယောက်တည်းပိုင်တာပါ။ ကျွန်တော့်ရဲ့အရာအားလုံးက အစ်ကိုနဲ့ပဲသက်ဆိုင်တာ၊ အစ်ကိုပဲပိုင်တာဆိုတာကို သိစေချင်တယ်။ ”
” အင်း…”
“ကျွန်တော် အစ်ကို့ကိုချစ်တယ်…”
“အစ်ကို ကျွန်တော့်ကို အဖြေပေးမှာလားဟင်…”
အစ်ကိုက သွားလေးတွေပေါ်အောင်ရယ်ရင်း ခေါင်းလေးနည်းနည်းငုံ့ပေးဖို့ လက်ဟန်ပြလာလေရဲ့။ ကျွန်တော့်ကိုယ်လေးကို နည်းနည်းကိုင်းလိုက်ပြီး အစ်ကို့နားကိုတိုးလိုက်တော့ အစ်ကိုက လက်ကလေးအုပ်ပြီးဆိုလာတယ်။
” ကိုယ် မင်းကိုချစ်တယ် ” တဲ့လေ။
ရင်ထဲလှပ်ခနဲခံစားရခြင်းနှင့်အတူ ကျွန်တော် အစ်ကို့ကိုပဲ စိုက်ကြည့်နေမိတယ်။
အစ်ကိုက လွယ်ထားတဲ့ဂီတာအိတ်ကြိုးလေးကိုကိုင်ထားပြီး တောက်တောက်ပပရယ်လို့ ကျွန်တော့်ကို ပြုံးရိပ်ရိပ်လေးကြည့်နေခဲ့တာ။ ဒီအခိုက်အတန့်လေးကို ရပ်ထားလို့ရရင် ရပ်ထားချင်သလို၊ ကျွန်တော့်နှလုံးသားစိတ်ဝိညာဉ်ထဲ မပျောက်မပျက်မှတ်မိနေမှာတော့ အသေအချာပါပဲ။
ဝမ်းသာကြည်နူးရလွန်းလို့ မလှုပ်မယှက်ဖြစ်နေတဲ့ကျွန်တော့်ဘေးနားလာရပ်ရင်း အစ်ကိုက ” ဟိုဘက်နည်းနည်းတိုး ” တဲ့။
လွယ်ထားတဲ့ဂီတာအိတ်ကို အရှေ့မှာချထားလို့ လက်ထောက်တင်ထားရင်း အစ်ကိုက မသိမသာလေး ကျွန်တော့်ဘက်တိုးလာပြန်တယ်။ အစ်ကို့ကိုဆက်တိုက်ငေးနေမိတဲ့ကျွန်တော် စိတ်ကိုသေချာပြန်ထိန်းချုပ်လိုက်ပြီး အစ်ကို့နား,နားလေးကို တိုးတိုးလေးကပ်ပြောလိုက်မိတယ်။
” ကျွန်တော် အစ်ကို့ကို အရမ်းချစ်တာပဲဗျာ…” လို့လေ။
အစ်ကိုက ပြုံးရိပ်ရိပ်နှင့် ခေါင်းပဲတညိတ်ညိတ်လုပ်နေတော့တာ။
နှစ်ယောက်သား စင်ပေါ်ကိုကြည့်နေပေမဲ့ စိတ်အာရုံအလုံးစုံကတော့ တကယ်တမ်း အချင်းချင်းစီမှာပဲရှိနေခဲ့တာလေ။ တစ်ယောက်ကိုတစ်ယောက် တစ်လှည့်စီကြည့်မိရင်း ရယ်မိကြတာလည်း အခါခါပေါ့။ ဒီလိုနှင့် အဲဒီအချိန် အဲဒီနေရာလေးမှာ လူတွေအားလုံးက မောင်မယ်သစ်လွင်ကြိုဆိုပွဲကြီးကိုပဲ စိတ်ရောက်နေကြပေမဲ့ ကျွန်တော်တို့နှစ်ယောက်ကတော့ နှလုံးသားချင်းနီးစပ်ခဲ့ကြပြီး နှစ်ယောက်တစ်ကမ္ဘာလေးဖြစ်နေခဲ့ပါတယ်။
” ဒါဆို ကျွန်တော်က အစ်ကို့ကောင်လေးဖြစ်သွားပြီပေါ့…”
ကျွန်တော့်ရင်ညွှန့်နားလောက်ပဲရှိတဲ့အစ်ကို့နား,နားကို ကပ်ပြီးဆိုမိတော့ အစ်ကိုက “အင်း” တဲ့။
” လက်ကိုင်လို့ရလား ” လို့ တောင်းဆိုမိတော့ ဂီတာအိတ်လေးကို ကျွန်တော့်ဘက် နည်းနည်းတိုးလိုက်ရင်း ကျွန်တော့်ဘယ်ဘက်လက်ချောင်းတွေကြားထဲ အစ်ကို့လက်ချောင်းသွယ်သွယ်လေးတွေက သွယ်ယှက်လာတယ်လေ။ အစ်ကို့လက်ဖဝါးလေးကို မြဲမြဲဆုပ်ကိုင်ထားမိရင်း ကျွန်တော့်နှလုံးခုန်နှုန်းက အဆမတန်မြန်လို့လာတယ်။ နှလုံးသားအထိခံစားနေရတဲ့နွေးထွေးမှုကြောင့်သာမဟုတ်ရင် ကျွန်တော် ဒီအခြေအနေကို အစစ်အမှန်လို့ထင်မိလောက်မှာမဟုတ်ဘူး။
” ဒါနဲ့ အစ်ကိုကျွန်တော်နဲ့စတွေ့တုန်းက အစ်ကိုပထမဆုံးပြောခဲ့တဲ့စကားကိုမှတ်မိသေးလားဟင်…”
အစ်ကိုက တွေးဆဆလေးလုပ်နေပြီးမှ…
” မသိတော့ဘူး ။ ဘုန်းမြတ်က မှတ်မိလို့လား။ ”
” ကိုယ့်ဘက်နည်းနည်းတိုးလိုက် တဲ့လေ… မှတ်မိပြီလား ”
“ဪ… ဖြိုးမင်းပိုင်တို့နဲ့ ဓာတ်ပုံစုရိုက်တဲ့အချိန် မင်းနဲ့ကိုယ်နဲ့က ဘေးချင်းကပ်,ရပ်မိသွားတာမလား။ မှတ်မိပြီ မှတ်မိပြီ။ အဲဒီတုန်းကလေ ကိုယ်မင်းအရပ်ကိုမြင်ပြီးတွေးလိုက်မိတာ ဒီကောင်လေးက ဘာတွေစားလို့ ဒီလောက်တောင်အရပ်ရှည်ရတာလဲ။ ငါ့ဘော်လီဘောအသင်းထဲ ဆွဲထည့်ရင် ကောင်းမလားဆိုပြီးလေ… ဟဟား ”
အဆုံးသတ်မှာရယ်လိုက်တဲ့အစ်ကို့အသံက အားရပါးရ။ ပထမဆုံးတွေ့တဲ့လူကိုကြည့်ပြီး မေဂျာဘော်လီဘောအသင်းထဲဆွဲထည့်ဖို့ စဉ်းစားနိုင်တဲ့အစ်ကို့အတွေးကိုလည်း ကျွန်တော်သဘောတကျနှင့်ရယ်မိတယ်။
” ဒါနဲ့ အစ်ကိုဗိုက်ဆာရင် ကျွန်တော်မုန့်ဝယ်လာတယ်နော်…”
” ဟုတ်လား ချောကလက်ကိတ်လား”
“ဟုတ်ကဲ့… ကော်ဖီလည်းဖျော်ထည့်လာတယ်။ မေမေ ဖျော်ပေးလိုက်တာ။ ”
“ဟုတ်လား… ကျေးဇူးပါ။ ”
လက်မောင်းချင်းတစ်ချက်ထိလိုက်ရင်းဆိုလာတဲ့အစ်ကိုက မြတ်နိုးဖွယ်ရာအတိ။
အဲဒီနေ့က ကျွန်တော့်ဘဝမှာ အပျော်ရဆုံးနေ့တစ်နေ့ဖြစ်ခဲ့သလို နောက်ထပ်ဘာမှမလိုအပ်တော့ဘူးလို့ ယုံကြည်လိုက်တဲ့နေ့လေးတစ်နေ့ပါပဲ။ ကျွန်တော်က ကျွန်တော့်ရဲ့ချမ်းမြေ့မှုအပေါင်းခညောင်းတဲ့ကမ္ဘာငယ်လေးကို ပိုင်ဆိုင်လိုက်ရတယ်လေ။
ကျွန်တော့်နှလုံးသားရဲ့သက်ဆိုင်သူလေးက ကျွန်တော့်ကိုချစ်တယ်ဆိုမှတော့ ကျွန်တော့်ဘဝမှာ တကယ်ကို ဘာမှထပ်မလိုတော့ပါဘူး။
၆.၇.၂၃။ ကြာသပတေး။
ကိုကို
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။