Chapter 1 - Part 1
မမလေး
အပိုင်း (၁.၁)
Author – MaNyong (마뇽)
Translator – Galene, Marilee
*******
ဒုတ်…ဒုတ်။
ကြမ်းတမ်းလှတဲ့ ပုဆိန်ကြောင့် မာကျောလှတဲ့ သစ်တုံးကြီးဟာ နှစ်ခြမ်းကွဲသွားရတယ်။
ပုဆိန်ရိုးကို ကိုင်ထားတဲ့ လူငယ်လေးကတော့ သူ့နဖူးကို လက်ဖမိုးနဲ့ ချွေးသုတ်ရင်း သူ့နောက်ကျောကို တည့်မတ်လိုက်တယ်။
“အသာလုပ်ပါ”
လူငယ်လေး ဒီနေ့ ခုတ်ထစ်ခဲ့တဲ့ ထင်းတွေကို စုပုံထားတာ အပုံလိုက်ကြီးဖြစ်နေပြီ။
ဆံပင်ဖြူဖြူနဲ့ အဘွားအိုက လူငယ်ဆီကို ရေဘူးတောင်းတစ်ခွက် ကမ်းပေးလိုက်ရင်း အရှေ့အပေါက်ဝကို တမျှော်မျှော်နဲ့။
“ဘယ်သူ့ကို စောင့်နေတာလဲ။ အရှေ့တံခါးပေါက်ကို အဘွား စိုက်ကြည့်နေတာ တော်တော်ကြာပြီ”
လူငယ်လေးရဲ့ နာမည်ကတော့ မူဂယောမ်ပါပဲ။
အစေခံတစ်ယောက်ဖြစ်တာကြောင့် သူ့မှာ မျိုးရိုးနာမည်မရှိဘူး။
“မမလေးက ဒီနေ့ ပြန်ရောက်လာမှာ။ ဒါပေမဲ့ နောက်ကျနေပြီ။ ဒါကြောင့် ငါ တံခါးပေါက်ကိုပဲ ကြည့်မိနေတာ”
“မမလေးလို့ ပြောလိုက်တာလား”
“သူက ဟန်ယန်း (ယခုအခေါ်-ဆိုးလ်)က ငါတို့သခင်ကြီးရဲ့ အငယ်ဆုံးသမီးလေး၊ မမလေးအွန်းဆောလေ။ မင်း သတင်းတွေမကြားမိဘူးလား”
“ဟန်ယန်းက ကျွန်တော်တို့သခင်ကြီးမှာ သမီးသုံးယောက်ရှိတယ်လို့ပဲ ကျွန်တော် ကြားဖူးတာပါ”
“မမလေးအွန်းဆောက ငါတို့သခင်ကြီးရဲ့ အငယ်ဆုံးသမီးလေး။ ဒီနွေရာသီအစောပိုင်းတုန်းက လက်ထပ်သွားခဲ့တယ်ဆိုပေမဲ့…”
အဘွားအိုက သူ့နှာခေါင်းကို တွန့်ရှုံ့လိုက်ရင်း ‘အိုက်ဂူး’ ဆိုပြီး သက်ပြင်းချလိုက်တယ်။
“သူက တော်တော်ကံမကောင်းရှာတာပဲ။ အလှပဂေးတွေအကုန်လုံးက ကျိန်စာမိနေတယ်ဆိုတဲ့ ဆိုရိုးစကားတစ်ခုရှိပေမဲ့ မမလေးက အရမ်းကြင်နာတတ်တာ။ ဘယ်လိုဖြစ်ပြီး…”
“တစ်ခုခုများ ဖြစ်ခဲ့လို့လား”
မူဂယောမ် ဒီအိမ်ကြီးရဲ့ အစေခံဖြစ်လာတာ တစ်နှစ်တောင် မပြည့်သေးဘူးလေ။ ဒါကြောင့် သူ ဒီမိသားစုရဲ့အကြောင်း အသေးစိတ် မသိသေးပါဘူး။
သူတို့က အခုဆို ဩဇာအာဏာကြီးမားတဲ့ အမတ်မင်းယွန်းယောဖြောင်းရဲ့ ကျေးလက်က အိမ်လေးကို စောင့်ရှောက်ပေးနေရတာ။ ဒီအိမ်ကြီးက ဟန်ယန်းနဲ့ တော်တော်ဝေးဝေးက ငြိမ်သက်အေးချမ်းလှတဲ့ ကျေးလက်ဒေသတစ်ခုမှာ တည်ရှိတာပေါ့။
အမတ်မင်းယွန်းရဲ့ မိသားစုဝင်တွေ တစ်ယောက်မှ ဒီအိမ်ကြီးမှာ မနေထိုင်ကြပေမဲ့ သူတို့မိသားစုဟာ အလုပ်ရှုပ်လှတဲ့ မြို့တော်ကြီးကနေ အဝေးကို ထွက်ခွာပြီး အနားယူချင်တဲ့အခါကျရင် ဒီမှာ ရက်နည်းနည်းလောက် လာနေတတ်ကြတယ်လေ။
ဒီအကြောင်းကြောင့်ပဲ ဒီအိမ်ကြီးမှာ အစေခံတွေ များများစားစား မရှိလှဘူး။
အလုပ်လုပ်နေတဲ့ လူတွေဆိုလို့ ယွန်းမိသားစုကို နှစ်ခြောက်ဆယ်ကြာအောင် အလုပ်အကျွေးပြုခဲ့ပြီးပြီဖြစ်တဲ့ အသက်ခုနှစ်ဆယ့်ငါးနှစ်အရွယ် နားသိပ်မကြားတဲ့ အဘွားအိုနဲ့ မူဂယောမ်ပဲ ရှိတာ။ ဒီလောက်ပါပဲ။
အိမ်တော်ထိန်းအဘွားအိုကြီးက ချက်ပြုတ်ပေးပြီးရင် နည်းနည်းပါးပါး နားဒုက္ခပေးလိမ့်မယ်။ ဒါပေမဲ့ တခြားကျန်တဲ့ အိမ်အလုပ်တွေအကုန်လုံးကတော့ မူဂယွန်းရဲ့ ပခုံးပေါ် ကျရောက်ကုန်တယ်။
ဒီလိုအိမ်မျိုးမှာ လုပ်စရာတွေအများကြီးမရှိဘူးဆိုပေမဲ့လည်း ဆောင်းဦးရောက်တော့မှာလေ။ ဒီတော့ အခုအရေးအကြီးဆုံးအလုပ်က လာမဲ့ဆောင်းရာသီအတွက် ထင်းတွေလုံလုံလောက်လောက် ပြင်ဆင်ထားဖို့ပဲ။
မူဂယောမ် ဒီအိမ်တော်အတွက် စပြီး အမှုထမ်းရွက်ကတည်းက အမတ်မင်းယွန်းနဲ့ သူ့မိသားစုက ဒီကို မရောက်လာခဲ့ဖူးဘူး။
ဒါကြောင့် ဒီကို ရောက်လာမဲ့ အငယ်ဆုံးသမီးက ယွန်းမိသားစုမှာ မူဂယောမ်တွေ့ရမဲ့ ပထမဆုံးမိသားစုဝင်ဖြစ်လိမ့်မယ်။
“မမလေးအွန်းဆောက သမီးတွေထဲမှာ ချစ်ဖို့အကောင်းဆုံးပဲ။ ငါ့ရဲ့လက်နဲ့ ဒီသခင်မလေးသုံးယောက်ကို လောကကြီးထဲရောက်အောင် ပျိုးထောင်ပေးခဲ့တယ်ဆိုပေမဲ့ မမလေးအွန်းဆောကတော့ တော်တော်ချစ်စရာကောင်းတာ။ ကလေးဘဝကတည်းက ကြင်နာတတ်တယ်။ ဒါကြောင့်လည်း သူ့ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းရမယ်လို့ ငါ ထင်ခဲ့တာပဲ။ ဒါပေမဲ့ အိုက်ဂူး…”
သူ ဘယ်လိုအမြင်နဲ့ပဲကြည့်ကြည့် အငယ်ဆုံးသခင်မလေးဆီမှာ တစ်ခုခု ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တဲ့ပုံပဲ။ ဒါကြောင့်မလို့ အဘွားအိုကြီးက အလှပဂေးတစ်ယောက်ရဲ့ ကျိန်စာဆိုပြီး ပြောလာတာလေ။
“နွေတုန်းက သူ အိမ်ထောင်ကောင်းကောင်းနဲ့ လက်ထပ်သွားပြီလို့ ကြားလိုက်ရသေးတယ်။ ဒါပေမဲ့ ရက်ပိုင်းအလိုလောက်က ဒီကို နာလန်ထူဖို့ ရောက်လာမယ်ဆိုပြီး ထပ်ကြားလိုက်ရတာပဲ။ ငါလည်း ဘာဖြစ်ခဲ့မှန်း မသိတာနဲ့ လိုက်မေးကြည့်လိုက်တာ။ သူ့ခင်ပွန်းရဲ့ မိသားစုကနေ စွန့်ပစ်ခံလိုက်ရတာတဲ့”
“စွန့်ပစ်ခံလိုက်ရတာလား…”
ဒါဆိုရင် အကြမ်းဖက်တတ်တဲ့ အိမ်တော်တစ်ခုနဲ့ လက်ဆက်လိုက်ရတဲ့ မိန်းကလေးက ကန်ထုတ်ခံရပြီးတော့ သူ့မိဘအိမ်ကို ပြန်အပို့ခံလိုက်ရတာပေါ့။
ပုံမှန်ဆိုရင်တော့ မိန်းကလေးတစ်ယောက်က ခင်ပွန်းဖြစ်သူရဲ့ မိသားစုကနေ စွန့်လွှတ်ခံရရင် ကလေးမလွယ်နိုင်တာတို့၊ သဝန်တိုတဲ့ အရိပ်အယောင်တွေ ပြတာတို့ မဟုတ်ရင် ယောက္ခမဖြစ်သူတွေကို ကောင်းကောင်းမွန်မွန် မပြုစုတာတို့ကြောင့် ဖြစ်ဖို့များတယ်။
နွေရာသီကမှ လက်ထပ်ခဲ့တာဆိုတော့ ကလေးမရနိုင်တဲ့ ကိစ္စက မဖြစ်နိုင်ဘူး။
“မမလေးက အမြဲ ရုပ်ပိုင်းဆိုင်ရာအားနည်းပေမဲ့ ခြေထောက်တောင် ရုတ်တရက် မသုံးနိုင်တော့လောက်အောင် သူတို့က ဘယ်လိုများ လုပ်ခဲ့ကြပါလိမ့်”
“ခြေထောက်မသုံးနိုင်တော့တာလား”
“အဲဒီလိုတော့ ငါ ကြားတာပဲ။ သူ့ခြေထောက်ကို မသုံးနိုင်တော့သလို လမ်းလျှောက်တာရော ဘာရော ဘာမှမလုပ်နိုင်တော့ဘူးတဲ့။ မမလေးရဲ့ ယောက္ခမတွေက သူ့ကို ဒီလိုဖြစ်အောင် လုပ်လိုက်ပြီးတော့မှ နောက်ဆုံး မိဘအိမ်ကို ပို့လိုက်တယ်ဆိုတာ အသေအချာကြီး။ သခင်မကြီးကလည်း ခင်ပွန်းသည်ဆီက စွန့်ပစ်ခံလိုက်ရတဲ့ သမီးတစ်ယောက် အိမ်ပြန်ရောက်လာမှာဆိုတော့ မျက်နှာပျက်ရမှာ သေချာတယ်။ ဒါကြောင့် ဟန်ယန်းက အိမ်မှာပဲ သူ့ကို မခေါ်ထားတာလေ။ သခင်မလေး နာလန်ထူလို့ရအောင် ဒီအိမ်ကို ပို့လိုက်တာလို့ ပြောပေမဲ့ အကုန်လုံးက နာမည်ခံသက်သက်ပဲ။ သူ့ကို ဒီမှာပဲ ဘဝတစ်လျှောက်လုံး နေခိုင်းကြဖို့ စီစဉ်ထားကြပြီ ထင်တယ်”
စွန့်ပစ်တာလို့ သူတို့ပြောကြပေမဲ့ အမှန်တော့ ကွာရှင်းပြတ်စဲလိုက်တာနဲ့ အတူတူပါပဲ။
ကွာရှင်းပြီး ချွေးမဖြစ်သူကို မိဘဆီပြန်ပို့ကြတဲ့ အိမ်တော်တွေရှိတာကိုတော့ သူ ကြားဖူးသား။
ပုံမှန်ဆိုရင် အဲဒီမိန်းကလေးရဲ့ အိမ်က တိုးတိုးတိတ်တိတ် နေတတ်ပြီး သူ့ကို နောက်အိမ်တော်တစ်ခုနဲ့ လက်ထပ်ခိုင်းလိမ့်မယ်။ ဒါပေမဲ့ ခြေထောက်နှစ်ဖက်လုံးကို မသုံးနိုင်တော့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကိစ္စမျိုးမှာ ပြန်လက်ထပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ ဒါကြောင့်မလို့ သူတို့က သူ့ကို ဒီလိုကျေးလက်ဒေသဆီ ပို့လွှတ်လိုက်တာလေ။
သူတို့သမီး အစွန့်ပစ်ခံရတဲ့အတွက် သူတို့က ရှက်နေကြတာ။ ခြေထောက်တောင် မသုံးနိုင်တော့တဲ့အတွက် ပိုလို့တောင် ရှက်ရွံ့ကြသေးတယ်။
အထက်တန်းလွှာတွေအတွက် ဂုဏ်သတင်းက အရာရာပဲလေ။
အထက်တန်းလွှာတွေရဲ့ ဂုဏ်သတင်း။
မူဂယောမ် လှောင်သရော်လိုက်မိတယ်။
မူဂယောမ်က အထက်တန်းလွှာတစ်ယောက်ရဲ့ တိတ်တိတ်ပုန်းကလေးပဲ။ မဟုတ်သေးဘူး။ သူ့ကို တိတ်တိတ်ပုန်းကလေးလို့တောင် ပြောလို့ မရဘူး။
သူ့အမေက အထက်တန်းလွှာမိသားစုကြီးတစ်စုမှာ အစေခံအဖြစ် ထမ်းရွက်ခဲ့ရင်းကနေ သခင်ဖြစ်သူရဲ့ အဓမ္မပြုကျင့်တာကို ခံရပြီး သူ့ကို မွေးဖွားခဲ့တာ။
အစကတော့ ဇနီးသည်ရဲ့ လက်ပါးစေအစေခံတစ်ယောက်ဖြစ်တဲ့ သူ့အမေက ချစ်စရာကောင်းတဲ့ မိန်းမပျိုလေးပေါ့။ နောက်တော့ အိမ်သခင်ဖြစ်သူရဲ့ မျက်စိကျတာကို ခံခဲ့ရတယ်လေ။ ဇနီးဖြစ်သူက သူ့မိဘအိမ်ကို ပြန်သွားတဲ့အချိန်မှာ သခင်ကြီးက သူ့ကို အဓမ္မပြုကျင့်ပါလေရော။ သူ့အကြောင်းကို သိသွားမှာစိုးတာနဲ့ ဇနီးသည်ဖြစ်သူ ပြန်မရောက်ခင်မှာပဲ သူ့အမေကို အမြန် ရောင်းချပစ်လိုက်တယ်။
အထက်တန်းလွှာအမျိုးသားရဲ့ သန္ဓေတည်နေပြီဆိုတာကို မသိတဲ့ သူ့အမေက သူ့ဝမ်းဗိုက် တဖြည်းဖြည်း ဖောင်းကားလာခဲ့တာကို တွေ့ခဲ့ရတဲ့အချိန်မှာ တော်တော်အံ့ဩသွားခဲ့တယ်။ ဒါပေမဲ့ သူ ပြန်သွားပြီးတော့ အရင်သခင်ဖြစ်သူရဲ့ ကလေးကို လွယ်ထားရပါတယ်ဆိုပြီး သွားတောင်းဆိုလို့ ရတာလည်း မဟုတ်ဘူး။
ကျေးဇူးတင်ဖို့ ကောင်းစွာနဲ့ပဲ အိမ်တော်အသစ်မှာ လက်မထပ်ရသေးတဲ့ အသက်ကြီးကြီးအစေခံတစ်ယောက်နဲ့ တွေ့ခဲ့ပြီး သူတို့ လက်ထပ်ခဲ့ကြတယ်။
ဒါကြောင့် သူက အထက်တန်းလွှာအမျိုးသားတစ်ယောက်ရဲ့ သားဖြစ်တာတောင် အစေခံအိုကြီးရဲ့ သားအဖြစ် ကြီးပြင်းလာခဲ့တာပဲ။
အသက်ငယ်ငယ်လေးကတည်းက သူ့အမေဟာ သူ့ကို ထိုင်ခိုင်းပြီး ‘အထက်တန်းလွှာသွေးတွေက သားရဲ့ သွေးထဲမှာ စီးဆင်းနေတာ’ ဆိုပြီး အမြဲ ပြောပြလေ့ရှိတယ်။
သူ့ခန္ဓာကိုယ်ထဲက သွေးတစ်ဝက်က အထက်တန်းလွှာသွေးတွေလို့ သူ့ကို ပြောခဲ့တယ်။ သူက တခြားအစေခံတွေရဲ့ ကလေးတွေနဲ့ ကွာတယ်တဲ့။
ဒါပေမဲ့လည်း မူဂယောမ် အသက်ကြီးလာတာနဲ့အမျှ ဒီစကားက ဘယ်လောက်ရယ်စရာကောင်းလဲဆိုတာ သဘောပေါက်လာရပြီ။
အထက်တန်းလွှာတစ်ယောက်ရဲ့ သွေးတစ်ဝက် သူ့သွေးကြောထဲမှာ စီးဆင်းနေတယ်ဆိုတာ ဘယ်လောက်အသေးအမွှားကိစ္စလေးလဲ ဆိုတာကိုပေါ့။
အထက်တန်းလွှာအမျိုးသားအများစုက အစေခံမိန်းကလေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ သူတို့မျိုးစေ့ကြဲတဲ့ကိစ္စကို ဘာမှအရေးမစိုက်ကြဘူးဆိုတာ သူ သင်ယူခဲ့ရပြီးပြီလေ။ ဒီလိုကိစ္စမျိုးတွေကြောင့် တရားမဝင်ကလေးတွေအများကြီး မွေးဖွားလာတာကိုလည်း သူ သိခဲ့ရပြီးပြီ။
မူဂယောမ်က သူ့သွေးထဲ အထက်တန်းလွှာသွေးတစ်ဝက် ပါနေတယ်ဆိုတဲ့ အချက်ကို ဂုဏ်မယူမိဘူး။
သူက အဲဒါကို ညစ်ပတ်လွန်းတဲ့ သွေးတွေလို့ပဲ မှတ်ယူထားတယ်။
လက်ပါးစေအစေခံတစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ လူတစ်ယောက်ရဲ့ သွေးက ရွံရှာဖို့ ကောင်းတယ်လို့ပဲ သူ ခံစားခဲ့ရတယ်။
ဒီလူတွေက သူတို့မျက်နှာပျက်မှာကိုပဲ ဂရုစိုက်ကြတာ။ သူတို့ရဲ့ မျက်နှာဖုံးနောက်ကို ကြည့်လိုက်ရင် လိုအင်ဆန္ဒတွေနဲ့ ပြည့်လျှံနေတဲ့ အညစ်အပတ်တွေပဲ။ ဒါကြောင့် အထက်တန်းလွှာတွေက စက်ဆုပ်စရာအကောင်းဆုံးလို့ သူ ထင်တယ်။
“သူ ဒီမှာ ကြာကြာနေမှာလား”
“အဲဒီလိုပဲဖြစ်မှာပေါ့၊ မဟုတ်ဘူးလား”
“ဒီလိုလား”
ဒီမှာ နေကြတဲ့ လူက မူဂယောမ်နဲ့ အဘွားအိုကြီးပဲ။ သူ ဒီနေရာကို တိတ်ဆိတ်ငြိမ်သက်နေတာကြောင့် တကယ် သဘောကျမိတာ။
မူဂယောမ်က သခင်သုံးယောက်အတွက် အမှုတော်ထမ်းရွက်ပြီးပြီ။
ပထမဆုံးက သူမွေးဖွားလာခဲ့တဲ့ အိမ်သခင်ဆီမှာပေါ့။
သူ နှစ်ဆယ့်လေးနှစ်အရွယ်ရောက်တဲ့အချိန်မှာ ဒုတိယသခင်ဖြစ်သူရဲ့ အိမ်ဆီကို ရောင်းချခံလိုက်ရတယ်။ ဒီအထက်တန်းလွှာအမျိုးသားရဲ့ အကျင့်စရိုက်က တော်တော်မနှစ်မြို့စရာပဲ။
ဒါပေမဲ့ မူဂယောမ်က အဲဒီမနှစ်မြို့စရာအထက်တန်းလွှာရဲ့ လက်အောက်မှာ သိပ်ပြီး ဒုက္ခမတွေ့ခဲ့ဘူး။ အဲဒီအစား သူ့တရားဝင်ဇနီးနဲ့ ကိုယ်လုပ်တော်ကြောင့် ဒုက္ခကြုံလာရတယ်။
မူဂယောမ်က ယောက်ျားလေးအများစုထက် ခေါင်းတစ်လုံး ပိုမြင့်တဲ့အပြင် သူ့ရဲ့ ကြီးကြီးမားမား ကိုယ်ထည်နဲ့ လိုက်ဖက်စွာနဲ့ပဲ သူ့ပခုံးကလည်း ခပ်ကျယ်ကျယ်။ ငယ်ငယ်လေးနဲ့ ထင်းခုတ်ရတဲ့အတွက် သူ့ရင်အုပ်တွေ၊ ပေါင်တွေကလည်း သန်မာတောင့်တင်းလို့။
သူ့လက်မောင်းက သွေးကြောတွေက သူ အလုပ်လုပ်တဲ့အချိန်မှာ အထင်းသားဖြစ်နေပြီး ပွဲတော်အချိန် အပြင်ထွက်သွားတဲ့အခါတိုင်း နွားထီးတစ်ကောင် အနိုင်ရပြီးမှ ပြန်ရောက်လာလေ့ရှိတယ်။ သူက အဲဒီလောက် သန်မာတယ်လေ။
အထက်တန်းစားပညာရှိတွေထက်တောင် ပိုချောမောတာကြောင့် တရားဝင်ဇနီးနဲ့ ကိုယ်လုပ်တော်က သူ့ကိုဆို စိတ်ဝင်စားဟန်ပြကြတာ သဘာဝပါပဲ။
ဇနီးသည်နဲ့ ကိုယ်လုပ်တော်က သူ့ကို ဖြားယောင်းဖို့ ကြိုးစားရင်း အသံတိတ်စစ်ပွဲတစ်ခုကို ဆင်နွှဲလာကြတယ်။ အထက်တန်းလွှာအမျိုးသား မြို့ပြင်ကို ရက်ပိုင်းလောက် ထွက်သွားတဲ့ နေ့တွေမှာ ဇနီးသည်က အခွင့်ကောင်းယူပြီး မူဂယောမ်ကို ပင်မအဆောင်က သူ့အိပ်ခန်းဆီ ဆင့်ခေါ်လိမ့်မယ်။
အစတော့ သူ့ခြေထောက်နာနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို နှိပ်နယ်ဖို့ အမိန့်ပေးတယ်။ အဲဒီနောက်မှာ သူ့အဝတ်အစားတွေကို ချွတ်ပေးဖို့ ပြောပြီးတော့ သူ့အပေါ် တက်ဖို့ပါ ကြိုးစားလာခဲ့တာပဲ။ မူဂယွန်းက သူ့ကို တွန်းထုတ်ပြီး ထွက်ပြေးဖို့ လုပ်ခဲ့ရတယ်။
ဒါပေမဲ့လည်း ဒီလိုမျိုး အရှက်တကွဲနဲ့ ငြင်းဆန်ခံရတဲ့ အဖြစ်ကြောင့်ပဲ ဇနီးသည်က သူ့ကိုယ်ကအဝတ်တွေကို စုတ်ဖြဲရင်း အော်ဟစ်ပစ်လိုက်တယ်။ သူက လူတိုင်းကို သူ့ဆီ ခေါ်လိုက်တယ်လေ။ ဒီနောက်ပိုင်းမှာတော့ မူဂယောမ်က သူ့ကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့လို့ ထွက်ပြေးသွားတာဆိုပြီး စွပ်စွဲတယ်။
သခင်ဖြစ်သူရဲ့ ဇနီးသည်ကို အဓမ္မကျင့်ဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲချက်တင်ခံရပြီးတဲ့ နောက်မှာတော့ မူဂယောမ်ရဲ့ ဘဝက သေလူတစ်ယောက်နီးပါးပဲ။
ဒါပေမဲ့ အထက်တန်းလွှာအမျိုးသားပြန်ရောက်လာတဲ့အချိန်မှာ ကိုယ်လုပ်တော်ဖြစ်တဲ့သူက ဇနီးသည်ဖြစ်သူရဲ့ လုပ်ရပ်တွေကို ဖောက်သည်ပြန်ချတော့တယ်။ ဒါကြောင့်မလို့ မူဂယောမ်ရဲ့ ဘဝက ချမ်းသာရာရသွားခဲ့တာပေါ့။
ဒီလိုအချိန်မှာ သူ့ဇနီးသည်လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို တခြားလူတွေဆီ မသိစေချင်တဲ့ အမျိုးသားက မူဂယောမ်ကို နောက်ထပ် အိမ်တော်တစ်ခုဆီ ရောင်းချပစ်လိုက်တယ်။
ပြီးတော့ သူ အရောင်းခံခဲ့ရတဲ့ နေရာကတော့ အမတ်မင်းယွန်းယောဖြောင်းရဲ့ ကျေးလက်က အိမ်လေးပဲ။
မူဂယောမ်က ဒီမှာ နေရတာကို နှစ်ခြိုက်တယ်။
ဒုတိယသခင်ဖြစ်သူရဲ့ အိမ်မှာ ဖြစ်ခဲ့တဲ့ အရာတွေဟာ ပထမသခင်ဖြစ်သူရဲ့ အိမ်မှာလည်း ဖြစ်ခဲ့တာပါပဲ။ မိန်းကလေးတွေက သူ့ကြောင့်နဲ့ ခဏခဏဆိုသလို ယှဉ်ပြိုင်တိုက်ခိုက်ကြတာကြောင့် မူဂယောမ်ရဲ့ သခင်တွေက သူ့ကို ပြန်ရောင်းချတာနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်။
သွားတဲ့ နေရာတိုင်းမှာ ဒီလိုအဖြစ်သနစ်နဲ့ ကြုံခဲ့ရတဲ့ မူဂယောမ်က ဒီလိုဝေးခေါင်တဲ့ နေရာမျိုးမှာ နေရတာကို သဘောကျတယ်။
အမတ်မင်းယွန်းယောဖြောင်းရဲ့ ကျေးလက်ဒေသက အိမ်ဖြစ်တာကြောင့် ဒီမှာ အိမ်တော်ထိန်းအိုကြီးတစ်ယောက်ပဲ နေတယ်လေ။ သူ ဒီမှာပဲ နေထိုင်ရင်းနဲ့ သူ့ရဲ့ ကျန်တဲ့ ဘဝတစ်လျှောက်လုံးကို ထင်းတွေခုတ်ဖို့ စီစဉ်ထားတာ။
ဒါပေမဲ့ ဒီတိတ်ဆိတ်ငြိမ်သက်မှုလေးက အဲဒီ ‘မမလေး’ ဆိုတဲ့ သူကြောင့် မကြာခင် ဖျက်ဆီးခံရတော့မယ်။
သူ့ရဲ့ အတိတ်က အတွေ့အကြုံတွေကြောင့် သူ့ကို နည်းနည်း ရင်တုန်စေပေမဲ့ အဲဒီမမလေးက ခြေထောက်နှစ်ဖက်လုံးကို မသုံးနိုင်ဘူးလို့ ကြားခဲ့ရတာကြောင့် သူ့အပေါ်ကိုတော့ ခုန်တက်ဖို့ ကြိုးစားနိုင်မှာ မဟုတ်ဘူး။
ဒါကိုပဲ သူ ကျေးဇူးတင်ရသေးတယ်။
“အိုက်ဂူး၊ ကြည့်ရတာ မမလေး ရောက်လာပြီ ထင်တယ်”
အဲဒီအခိုက်အတန့်မှာ သူတို့အပြင်အပေါက်ဝဆီက ဆူညံသံတချို့ ကြားလိုက်ရတယ်။
အထမ်းသမားတွေ ဝေါယာဉ်ကို အောက်နှိမ့်လိုက်တဲ့ အသံပဲ။
မူဂယောမ် အဘွားအိုကြီးနောက်ကို လိုက်သွားပြီး အပေါက်ဝကို ဖြတ်လျှောက်သွားခဲ့တယ်။
ဝေါယာဉ်အထမ်းသမားတွေက လမ်းခရီးရှည်ကြီးကို သွားခဲ့ရတာကြောင့် သူတို့လည်ပင်းမှာ တွဲလောင်းချထားတဲ့ မျက်နှာသုတ်ပဝါတွေနဲ့ သူတို့နဖူးပေါ်က ချွေးတွေကို သုတ်နေကြတုန်း။
“ဒီလောက်ခရီးဝေးကြီး လာရတာ တော်တော်ပင်ပန်းနေမှာပါပဲ”
အဘွားအိုကြီးက ဝေါယာဉ်တံခါးကို ဖွင့်ရင်း အထဲက လူကို နှုတ်ဆက်လိုက်တယ်။
“ဟေ့၊ ကောင်လေး။ မင်း ဒီကို လာပြီး ငါတို့ကို ကူညီပေးဦး”
“ကျွန်တော်လား”
“မမလေးက ကိုယ့်ဘာသာ ရွှေ့လို့ မရဘူး။ မင်းပဲ သူ့ကို အခန်းထဲ လိုက်ပို့ပေးလိုက်လေ”
အဲဒီအခါမှ မူဂယောမ်တစ်ယောက် ‘မမလေး’ ဖြစ်သူက သူ့ခြေထောက်တွေကို မလှုပ်ရှားနိုင်တော့တာ သတိရသွားမိတာပဲ။ သူ့ခြေထောက်တွေကို မသုံးနိုင်တာကြောင့် သူ့အိပ်ခန်းထဲကို ကိုယ့်ဘာသာ လမ်းလျှောက်ဝင်နိုင်မှာ မဟုတ်ဘူးလေ။
မူဂယောမ် ဝေါယာဉ်ရဲ့ အတွင်းတစ်ဝက်ကို ရောက်တဲ့အထိ အထဲကို ငုံ့လိုက်တယ်။
အထဲမှာ မိန်းမငယ်လေးတစ်ယောက်က သူ့ခြေထောက်ကို ဆန့်တန်းရင်း ထိုင်လို့နေတယ်။
သူက သေးငယ်လွန်းတာကြောင့် မူဂယောမ် သူ့လက်တစ်ဖက်တည်းနဲ့တောင် ချီမနိုင်တယ်လို့ တွေးလိုက်မိသေးတာ။
သူ့ခေါင်းလေးက မူဂယောမ်ရဲ့ လက်အရွယ်အစားနဲ့ ယှဉ်ရင်တောင် သေးနေသေးတယ်။
လူတစ်ယောက်ရဲ့ မျက်နှာက ဘယ်လိုဖြစ်လို့ ဒီလောက်သေးနိုင်ရတာလဲ။
ဒါ့အပြင် သူ့အသားအရေကလည်း ဆီးနှင်းလို ဖြူဖွေးဆွတ်နေသေးတယ်။
သူ့ရဲ့ ပါးပြင်နှစ်ဖက်က နှင်းဆီရောင်သန်းလို့ သူ့နှုတ်ခမ်းကတော့ နွေဦးပန်းပွင့်တွေလိုမျိုး အရောင်အသွေးရောစွက်နေတယ်။ မဟုတ်သေးဘူး၊ တကယ့်ပွင့်ဖတ်လေးတစ်ဖတ်အတိုင်းပဲ။
သပ်သပ်ရပ်ရပ် ဖြီးထားတဲ့ ဆံနွယ်တွေကို အနောက်သပ်ထားပြီး ဆံထိုးတစ်ခုနဲ့ ထိုးထားတယ်။ ဒါကပဲ သူက စွန့်ပစ်ခံရတဲ့ ဇနီးသည်တစ်ယောက်ဆိုတာကို ဖော်ညွှန်းထားတဲ့ တစ်ခုတည်းသော အရိပ်လက္ခဏာပဲ။ [1]
“အာ…”
မူဂယောမ် ဝေါယာဉ်ထဲကို အပြည့်အဝ ဝင်သွားပြီးတဲ့နောက်မှာ သူ့ခန္ဓာကိုယ်က နေရာတစ်ခုလုံးကို သိမ်းပိုက်သွားခဲ့တယ်။
သူ့ရဲ့ ကြီးမားလွန်းတဲ့ ကိုယ်ထည်ကြောင့် အထဲဝင်ဖို့အတွက်ဆို အောက်ကို ကုန်းထားရသေးတယ်။ သူ့ခန္ဓာကိုယ်နဲ့တင် ဝေါယာဉ်အတွင်းပိုင်းက ပြည့်နှက်သွားသလိုပဲ။ မမလေးဆိုသူက စိတ်ရှုပ်သွားတဲ့ ဟန်နဲ့ အနောက်ကို ကျုံ့သွားတယ်။
သူက ထိုင်ခုံနောက်ကို ဆုတ်သွားရင်းနဲ့ သူ့ခေါင်းကိုလည်း ငုံ့ချလိုက်တယ်။ ရှည်လျားလွန်းတဲ့ မျက်တောင်တွေကတောင် တုန်တုန်ယင်ယင်နဲ့။ မူဂယောမ်ရဲ့ မျက်လုံးတွေက အဲဒီတုန်ရီနေတဲ့ မျက်တောင်တွေဆီကို အကြည့်ရောက်သွားမိတာပဲ။
ဒီမျက်တောင်တွေအောက်က မျက်ဝန်းတွေကတော့ ကြောက်လန့်နေတဲ့ ရှဉ့်တစ်ကောင်လိုလို။
မူဂယောမ် သူ့လက်ကို မမလေးရဲ့ ပေါင်အောက်ကို လျှိုသွင်းပြီး သူ့နောက်လက်တစ်ဖက်နဲ့ ခါးကို ရစ်ပတ်လိုက်တယ်။ အားနည်းနည်းထည့်တာနဲ့ သူ့ရဲ့ သေးသွယ်သွယ်ခန္ဓာကိုယ်လေးက ကျိုးပဲ့သွားတော့မလိုပဲ။
သူ မမလေးကို သူ့ရင်ဘတ်အထိ ဂရုတစိုက် ဆွဲယူလိုက်ပြီး ဝေါယာဉ်အပြင်ကို ခေါ်ဆောင်လာခဲ့ရတယ်။ သူတို့အပြင်ထွက်တော့မှ သူ့ကျောကို ပြန်မတ်လိုက်ရတယ်။
သူ့လက်ပေါ်မှာ ရောက်နေတဲ့ ခြေထောက်တွေက ပျော့ခွေနေတုန်း။
သံသယဝင်စရာမရှိပါဘူး။ ဒီမမလေးက သူ့ခြေထောက်ကို လုံးဝမသုံးနိုင်တော့ဘူးဆိုတာကိုပေါ့။
သူ့ကြည့်ရတာလည်း ကြင်နာတတ်တဲ့ပုံလေးပါပဲ။ ဘယ်လိုဖြစ်ပြီးတော့ သူ့ဆီမှာ ဒီလိုအဖြစ်မျိုးနဲ့ ကြုံရတာလဲ။
သူ့ရင်ခွင်ထဲ ပွေ့ပိုက်ထားတုန်းမှာ မူဂယောမ် ကမ်မီလီယာမွှေးရနံ့ဖျော့ဖျော့ကိုတောင် ရလိုက်နေသလိုပဲ။
ကိုယ်သင်းနံ့က မွှေးပျံ့ပျံ့နဲ့။ သူ့အသက်ရှူသံကိုတောင် မူဂယောမ် ကြားနေရတယ်။
သူ့နားရွက်တွေကလည်း နီရဲလာပြီ။ သူက အစေခံတစ်ယောက်ပဲ ဖြစ်ပေမဲ့ သူစိမ်းယောက်ျားလေးတစ်ယောက်ပဲလေ။ သူ့နားရွက်တွေ နီမြန်းလာတာက ရှက်လို့ပဲ ဖြစ်မှာပေါ့။
‘ဒီအထက်တန်းလွှာမမလေးတွေက အကုန်အတူတူပဲ…’
သူက မရင်းနှီးတဲ့ ယောက်ျားတစ်ယောက်…။ အစေခံတစ်ယောက်။ ဒါတောင် လက်ထဲမှာ ချီပွေ့ခံရတဲ့အချိန် သူ့နားရွက်တွေကို နီရဲသွားစေတယ်။ မူဂယောမ် သူ့စိတ်ထဲမှာပဲ လှောင်ပြောင်သရော်လိုက်တယ်။
အပြင်ဘက်မှာ ဘယ်လောက်ကြင်နာတဲ့ ပုံပေါက်လဲဆိုတာက အဓိက မဟုတ်ဘူး။
အထဲကို တစ်ချက် ကြည့်လိုက်တာနဲ့ ညစ်ပတ်ပြီး လိုချင်တပ်မက်မှုတွေ ပြည့်နေတဲ့ အတွေးတွေကို မြင်နိုင်တယ်လေ။
သူ့ခြေထောက်နှစ်ဖက်လုံးကို မသုံးနိုင်တော့ဘဲ စွန့်ပစ်ခံလိုက်ရလို့ သူ့မိသားစုအိမ်ကိုတောင် ပြန်ရောက်လာပြီ။ ဒီလိုအချိန်မှာတောင် တခြားယောက်ျားတစ်ယောက်ကို တွေ့ရတဲ့ အချိန်မှာ သူ့နားရွက်တွေက နီမြန်းလာတုန်း။ မူဂယောမ်က ဒါတွေအကုန်လုံးကို ရယ်စရာလို့ပဲ မြင်တယ်။
*******
မမလေးရောက်လာပြီး လဝက်ခန့်အကြာမှာ ပြဿနာတစ်ခု တက်တယ်။
အဲဒီပြဿနာကတော့ ခုနှစ်ဆယ့်ငါးနှစ်အရွယ် အိမ်တော်ထိန်းကြီးက မီးဖိုချောင်က ထွက်သွားတဲ့အချိန်မှာ ခြေချော်ပြီး ခါးကျိုးသွားတာပါပဲ။
အိုမင်းနေတဲ့ အသက်အရွယ်ကြောင့် သမားတော်က ကျိုးသွားတဲ့ သူ့ခါးက လွယ်လွယ်နဲ့ ပြန်ကောင်းလာမှာ မဟုတ်ဘူးလို့ သူတို့ကို ပြောပြတယ်။
ဒီအဘွားအိုကြီးက အသက်ဆယ့်ငါးနှစ်အရွယ်ကတည်းက ယွန်းအိမ်တော်မှာ အလုပ်လုပ်ခဲ့တာ။
ဒီအချိန်မှာ သူက သားတွေသမီးတွေကို မွေးဖွားပြီးတဲ့အပြင် မြေးဖြစ်သူတွေ မွေးလာတာကို မြင်ရတဲ့အထိလည်း အသက်ရှင်ခဲ့ရပြီးပြီ။
သူ အလုပ်ကြိုးစားခဲ့တာတွေအတွက် အမတ်မင်းယွန်းက သူနဲ့ သူ့ကလေးတွေကို လွတ်မြောက်ခွင့်ပေးလိုက်တာကြောင့် အဘွားအိုကြီးက ဒီအိမ်တော်နဲ့ ချည်နှောင်ခံထားရတဲ့ အစေခံတစ်ယောက် မဟုတ်တော့ဘူး။
ဒါပေမဲ့ အဘွားအိုကြီးက သူ့ကလေးတွေကို သွားခွင့်ပေးလိုက်ပြီး ဒီမှာပဲ ကျန်နေခဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်။
ဒါကြောင့် သူက ဒီအိမ်ကြီးကို အခုအချိန်အထိ ဆက်စောင့်ရှောက်နေတာပဲ။
သူတို့အမေ ခါးဒဏ်ရာရသွားတာကို ကြားပြီးတဲ့နောက်မှာ သူ့ကလေးတွေက သူ့ကို လာကြိုသွားကြတယ်။ အဘွားအိုကြီးလည်း ရွေးချယ်စရာမရှိဘဲ သူ့ကလေးတွေနောက်လိုက်ရင်း ဒီအိမ်ကြီးကို ချန်ရစ်ထားခဲ့ရတာပေါ့။
ဒီအကြောင်းကြောင့် မူဂယောမ်တစ်ယောက်တည်း ကျန်ရစ်ခဲ့ရတယ်။
မူဂယောမ်က ဟင်းမချက်တတ်တာကြောင့် အဘွားအိုကြီးက ချက်ပြုတ်ရေးအပိုင်းကို တာဝန်ယူပြီး မမလေးကိုလည်း ဂရုစိုက်ပေးခဲ့တယ်။
ဒါပေမဲ့ သူ ထွက်သွားတော့ ဟင်းတွေချက်ပြုတ်ဖို့နဲ့ မမလေးကို ပြုစုပေးဖို့က မူဂယောမ်ရဲ့ တာဝန်ဖြစ်လာတယ်။
အဘွားအိုကြီးနေရာမှာ အစားထိုးမဲ့ လူကတော့ နောက်ဆယ်ရက်နေရင် ရောက်လာမဲ့အကြောင်း သတင်းရတာပေါ့။
ဟန်ယန်းမှာရှိတဲ့ ပင်မအိမ်တော်က အိမ်တော်ထိန်းအိုကြီးရဲ့ အဖြစ်အပျက်ကို ကြားခဲ့ရပြီးတဲ့အခါ သူတို့က လူတစ်ယောက် လွှတ်ပေးမယ်လို့ သတင်းပို့လာခဲ့တာပဲ။ ဒါပေမဲ့ ဆယ်ရက်ကြာမယ်လို့တော့ သူတို့က ပြောတယ်။
ချက်ပြုတ်ဖို့အတွက်နဲ့ မမလေးကို စောင့်ရှောက်ဖို့ လူတစ်ယောက်ကို ရှာတာ ဘာလို့ ဆယ်ရက်ကြာတာလဲဆိုတာ မူဂယောမ်မသိပေမဲ့ သူလည်း ဘာမှလုပ်နိုင်တာ မရှိဘူးလေ။
သူနဲ့ မမလေးပဲ ဒီအိမ်မှာ ကျန်ခဲ့တယ်ဆိုတဲ့ အချက်ကြောင့် စိတ်မသက်မသာဖြစ်ရပေမဲ့ မူဂယောမ်က အဲဒီအကြောင်းကို သိပ်မတွေးဖို့ ဆုံးဖြတ်ထားတယ်။ ပြောရရင် ဒီမမလေးက ဘာများ လုပ်နိုင်မှာမလို့လဲ။
သူ တတ်နိုင်တာက အကွာအဝေးတစ်ခုထားပြီး သူ့ရဲ့ နေ့စဉ် လိုအပ်ချက်တွေကို ကူညီပေးဖို့ပဲ။
သူနဲ့ ပူးကပ်ဖို့ ကြိုးစားတဲ့ မိန်းမတိုင်းက သူ့အတွက် ကြမ်းပိုးတွေလိုမျိုးပဲ။ အကုန်လုံးက ရွံစရာတွေ။
“မမလေး”
မူဂယောမ် လက်ဆေးရေဇလုံကို လက်ထဲမှာ ကိုင်ရင်း တံခါးအပြင်မှာ မတ်တတ်ရပ်လို့ သူ့ကို လှမ်းခေါ်လိုက်တယ်။
သူ မနက်ခင်းဆေးကြောသန့်စင်ဖို့အတွက် ရေယူလာပေးရတာလေ။
ဒီနေ့ကစပြီး မူဂယောမ်က မမလေးရဲ့ လိုအပ်ချက်မှန်သမျှကို ဂရုစိုက်ပေးဖို့ တာဝန်ရှိသွားပြီ။
“ကျွန်တော် ခြေလက်ဆေးကြောဖို့အတွက် ရေယူလာခဲ့ပေးပါတယ်။ အထဲဝင်ခွင့်ပြုပါ”
ဒါပေမဲ့ တံခါးတစ်ဖက်က ဘာသံမှ မကြားရဘူး။
ခွင့်ပြုချက်မရသေးခင်အထိ သူ ဝင်သွားလို့ မရဘူးလေ။
ဘာပဲပြောပြော သူက အထက်တန်းလွှာအိမ်တော်တစ်ခုက သမီးပဲ။
အထက်တန်းလွှာအသိုင်းအဝိုင်းက အမျိုးသားနဲ့ အမျိုးသမီးတွေတောင် အချင်းချင်း နေချင်သလို နေလို့ မရကြဘူး။ ဒီတော့ သူ့လိုအစေခံတစ်ယောက်က သေချာပေါက် အထက်တန်းလွှာမမလေးရဲ့ အခန်းထဲကို ခွင့်ပြုချက်မရဘဲ မဝင်နိုင်ဘူးပေါ့။
“မမလေး၊ ကျွန်တော် ဝင်ခဲ့လို့ရမလား”
“အမ်…” အခန်းထဲကနေ အသံတိုးတိုးလေးက တိုးထွက်လာတယ်။
ဒါပေမဲ့ အသံပိုင်ရှင်က သူ့ကို ဝင်ခွင့်မပေးသေးဘူး။
“မမလေး”
“ငါ့ပုံစံက တော်တော်ရှုပ်ပွနေတယ်…”
အသိသာကြီး မဟုတ်ဘူးလား။ အခုမှ မနက်ခင်းပဲရှိသေးတာ။
တစ်ညလုံး အိပ်ရာပေါ်မှာ လှဲအိပ်ခဲ့တာဆိုတော့ သေချာပေါက် အခုဆို ညစ်ပတ်ရှုပ်ပွနေမှာပေါ့။ ဒါကြောင့်လည်း သူ ကိုယ်လက်သန့်စင်လို့ရအောင် ရေယူလာခဲ့ပေးတာလေ။
“ကျွန်တော် ခဏနေမှ ပြန်လာခဲ့ရမလား”
“ဟင့်အင်း၊ မလိုဘူး။ အဆင်ပြေတယ်။ အထဲဝင်လာခဲ့။”
မမလေးက ကူကယ်ရာမဲ့သလို သက်ပြင်းတစ်ချက်ချရင်း ပြန်ဖြေလိုက်တယ်။
T/N – အရင်ခေတ်က ကိုရီးယားမှာ လက်မထပ်သေးတဲ့ မိန်းကလေးတစ်ယောက်က ကျစ်ဆံမြီးရိုးရိုးကျစ်ပြီးတော့ပဲ ဖြေချထားရတာပါ။ လက်ထပ်ပြီးတဲ့နောက်မှာတော့ သူတို့အိမ်ထောင်ပြုပြီးတဲ့အကြောင်း ပြသဖို့အတွက် ဆံပင်ကို အပေါ်ထုံးဖွဲ့ထားကြပါတယ်။
**********
SWARA WEBNOVEL TRANSLATION