Chapter 1 - Part 2
မမလေး
အပိုင်း (၁.၂)
Author – MaNyong (마뇽)
Translator – Galene, Marilee
*******
Warning: disturbing content
မူဂယောမ် တံခါးဖွင့်ပြီး အခန်းထဲ ဝင်သွားလိုက်တယ်။ အထဲရောက်လာတာနဲ့ မွေ့ရာပေါ်ကနေ ထလာတဲ့ မမလေးကို သူ အကြည့်ရောက်သွားမိတယ်။
စောင်က သူ့ပေါင်ပေါ်မှာ လျော့ရိလျော့ရဲ ဖြစ်နေပေမဲ့ သူပြောသလိုမျိုး ရှုပ်ပွနေသလိုတော့ မထင်ရပါဘူး။
အမှန်တော့ သူ့ဆံပင်နဲ့ အဝတ်အစားတွေက သိပ်သပ်ရပ်လွန်းတာကြောင့် သူက နိုးခါစဆိုတာကိုတောင် ယုံရခက်ခက်ပဲ။
မူဂယောမ် ရေဇလုံကို သူ့ဘေးနား ချထားပေးလိုက်တယ်။ နောက်မှ စားပွဲခုံလေးကို ယူရင်း သူ့ပေါင်ပေါ်မှာ ချထားပေးပြီးမှ ရေဇလုံကို စားပွဲခုံပေါ်မှာ တင်ပေးလိုက်ရတယ်။
ဒီမမလေးက ခါးကုန်းလို့ပဲ အဆင်ပြေတာကြောင့် သူပဲ ဒါတွေအကုန် လုပ်ပေးရတာ။
မမလေးက လက်သွယ်သွယ်ကို ရေထဲ ထည့်ပြီး မျက်နှာကို စသစ်တော့တယ်။ မူဂယောမ်ကတော့ သူ့ကို ကြည့်နေမိတုန်း။
သူ့လက်ပေါ်မှာ တွဲလောင်းချထားတာက ဖျင်အဝတ်တစ်ထည်။
သူ့မျက်နှာကို ရေပက်လိုက်တိုင်း ရေတွေက ဘေးအနှံ့စိုရွှဲကုန်တာပဲ။
“ရေတွေဖိတ်ကုန်ပြီ။ ဘယ်လိုလုပ်ရမလဲ”
အွန်းဆောက စိုရွှဲနေတဲ့ မျက်နှာနဲ့ မူဂယောမ်ဆီ လှည့်လိုက်ရင်း သူ့အကြည့်က မူဂယောမ်ကို တောင်းပန်တိုးလျှိုးနေသလို။
“ရပါတယ်၊ မမလေး”
မူဂယောမ် သူ့ဆီကို အဝတ်လှမ်းပေးလိုက်ရင်းနဲ့ တောင့်တောင့်ကြီး ပြန်ဖြေလိုက်တယ်။
မူဂယောမ်က တစ်ခါမှ မိန်းကလေးတစ်ယောက်ကို မပြုံးပြဖူးဘူး။
သူ့အမေကလွဲလို့ သူ့ဘဝမှာ တခြားမိန်းကလေးတွေကို တစ်ခါမှ မပြုံးပြဖူးတာ။
မူဂယောမ်က သူတို့ကို ကြည့်လိုက်မိတယ်ဆိုရင်ပဲ အဲဒီမိန်းကလေးတွေက သူ့ဆီကနေ တစ်ခုခုကို လိုချင်နေကြတယ်လေ။ မဟုတ်ဘူး၊ သူ ဘာမှမလုပ်ရင်တောင် အဲဒီမိန်းကလေးတွေက သူ့ကို ပြည်တည်တည် ကြည့်လာကြသေးတာပဲ။
အစေခံတွေရော အထက်တန်းလွှာတွေရော ဒီလိုပါပဲ။ တစ်ခါ မူဂယောမ် သူ့သခင်ဆီမှာ အမှုထမ်းနေတုန်း ဆောင်ကြာမြိုင်တစ်ခုကို လိုက်သွားရသေးတယ်။ အဲဒီမှာရှိတဲ့ အထက်တန်းစားပြည့်တန်ဆာမိန်းကလေးတွေက သူ့ကို ဆက်တိုက်ဆိုသလို ကလူကျီစယ်လာခဲ့တယ်လေ။
ဒီအတွေအကြုံတွေကြောင့် မူဂယောမ်ရဲ့ နှလုံးသားက မိန်းကလေးတစ်ယောက်နဲ့ ကြုံရတဲ့အခါ မခုန်ပေါက်လာဘူး။ အဲဒီအစား သူ ဒီမိန်းကလေးတွေကို ပုန်းရှောင်မိတယ်။
မူဂယောမ် မိန်းကလေးတွေနဲ့ အကွာအဝေးတစ်ခု ထားရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခု ရှိသေးတယ်။
အဲဒါကတော့ အစေခံတစ်ယောက်ဆိုတဲ့ သူ့ရဲ့ အဆင့်အတန်းကြောင့်ပဲ။
သူသာ မိန်းကလေးအစေခံတစ်ယောက်နဲ့ လက်ထပ်ပြီး ကလေးမွေးခဲ့ရင် သူ့ကလေးတွေကလည်း အစေခံဆိုတဲ့ အဆင့်အတန်းကနေ လွတ်မြောက်နိုင်ကြမှာ မဟုတ်ဘူး။ သူတို့ ဘယ်လောက်ပဲရုန်းကန်ရုန်းကန် သူတို့ကံကြမ္မာကို လွတ်မြောက်နိုင်မှာမှ မဟုတ်တာ။
သူ့ရဲ့ ဒီအဆင့်အတန်းကို သူ့ကလေးတွေဆီ လက်ဆင့်မကမ်းချင်ဘူး။
အစေခံတစ်ယောက်နဲ့ သာမန်အရပ်သားတစ်ယောက် ကလေးမွေးရင် အဲဒီကလေးက အစေခံပဲ ဖြစ်မှာပဲ။
အစေခံတစ်ယောက်နဲ့ အထက်တန်းလွှာတစ်ယောက် ကလေးမွေးတဲ့အခါကျရင်လည်း အဲဒီကလေးက အစေခံတစ်ယောက်ဖြစ်လာမှာ မေးခွန်းထုတ်စရာတောင် မလိုဘူး။
ဘာဖြစ်လို့လဲဆိုတော့ အစေခံတစ်ယောက်က သားအိမ်အတွင်းမှာကတည်းက အစေခံပဲ။
ဒီအတွက်ကြောင့် မူဂယောမ်တစ်ယောက် သူ့ဘဝမှာ တစ်ခါမှ ချစ်သူရည်းစားမထားဖူးဘူး။
အစေခံတစ်ယောက်ဖြစ်တဲ့ သူ့အဆင့်အတန်းကို သူ့ကလေးတွေဆီ အမွေမပေးချင်တာကြောင့်ပဲပေါ့။ သူ့ကို ချည်နှောင်ထားတဲ့ ချိန်းကြိုးတွေကို သူ့ကလေးတွေဆီ သူ ဘယ်တော့မှ ပေးချင်မှာ မဟုတ်ဘူး။
“နင့်နာမည် ဘယ်လိုခေါ်လဲ”
အွန်းဆောက သူ့မျက်နှာကို သုတ်ပြီးတာနဲ့ အဝတ်ကို မူဂယောမ်ဆီ ပြန်ပေးရင်း ခပ်တိုးတိုး မေးလာတယ်။
“ကျွန်တော့်နာမည်က မူဂယောမ်ပါ၊ မမလေး”
“ငါသိပြီ၊ မူဂယောမ်”
“မမလေး အမိန့်ပေးချင်တာရှိရင် အချိန်မရွေး ကျွန်တော့်ကို ပြောလို့ ရပါတယ်”
“အပြင်မှာ ရာသီဥတု ဘယ်လိုရှိလဲ”
“အခုအထိ လေတိုက်တာ သိပ်မအေးသေးပါဘူး။ နေရောင်ကလည်း ကောင်းနေပါသေးတယ်”
“ဒါဆိုရင် အပြင်က ကြမ်းပြင်ပေါ်မှာ ငါ မနက်စာစားလို့ ရလား”
“ဗျာ”
မူဂယောမ် မမျှော်လင့်ထားတဲ့ စကားတွေကြောင့် သူ့ကို စိုက်ကြည့်မိသွားတယ်။
မမလေးရဲ့ မျက်နှာပေါ်မှာ စိုးရိမ်သောကဖြစ်နေတဲ့ အရိပ်အယောင်မျိုး ဖြတ်ပြေးသွားသလိုပဲ။
“အခန်းထဲမှာ စားရတာက စိတ်ကျဉ်းကျပ်မယ်ထင်လို့ ငါ မေးလိုက်တာ။ ငါ ခြံဝင်းထဲမှာ ရှုခင်းကြည့်ရင်း အေးအေးဆေးဆေး မနက်စာစားချင်တယ်”
“ကျွန်တော် ပြင်ဆင်လိုက်ပါ့မယ်၊ မမလေး”
“ကျေးဇူးတင်ပါတယ်”
မမလေးက သူ့ကို အပြုံးသဲ့သဲ့တစ်ပွင့် ပေးလာတယ်။ ဒါပေမဲ့ သူ့အပြုံးက အသက်မဲ့နေသလို ထင်ရတယ်။
သူက အသက်ရှင်နေပေမဲ့ သူ့ဆီမှာ ရှင်သန်ခြင်းရဲ့ လက္ခဏာမျိုး တစ်ခုမှ မမြင်ရဘူး။
အနည်းဆုံးတော့ မူဂယောမ်ရဲ့ မျက်လုံးထဲမှာ အဲဒီလို မြင်နေရတာပဲ။
အိမ်ကို ပထမဆုံးရောက်တဲ့နေ့မှာ သူ ချီမပေးခဲ့တဲ့အချိန်က နားရွက်တွေနီနေခဲ့တဲ့ မိန်းကလေး…သူ့ကို အရိပ်အယောင်တောင် မတွေ့ရတော့ဘူး။
***
ပထမဆုံးနေ့မှာ သူ့အတွက် မနက်စာပြင်ပေးရတာက မခက်ခဲပါဘူး။ အိမ်တော်ထိန်းအိုကြီးက သူမထွက်သွားခင် အရံဟင်းတွေ ပြင်ပေးထားခဲ့တယ်လေ။
“မမလေးက မနက်ခင်းမှာ ယာဂုသောက်ရတာ ကြိုက်တယ်။ ဒီတော့ သူ့အတွက် မင်း ယာဂုပြင်ပေးဖို့ မမေ့နဲ့။ မနက်ခင်းနဲ့ ညနေခင်းမှာဆိုရင် သူ ဆေးသောက်ရတယ်။ အရသာက ခါးလို့ သူ မသောက်ချင်ဘူးပြောရင်တောင် မင်း သူ့ကို သောက်ဖို့ ဖျောင်းဖျရမယ်”
အိမ်တော်ထိန်းအိုကြီးက မထွက်သွားခင်မှာ သူ့ကို နားပူနားဆာလုပ်ပြီး ညွှန်ကြားချက်တွေ ပေးပြီးမှ ထွက်သွားခဲ့တာ။
သူ ယာဂုပန်းကန်လုံးကို စားပွဲပေါ် တင်လိုက်ရင်း စားပွဲကိုတော့ ကြမ်းပြင်ပေါ် ချပေးလိုက်တယ်။ နောက်မှ မူဂယောမ် အွန်းဆောရဲ့ အခန်းထဲဝင်သွားပြီး သူ့ကို စားပွဲဆီ ချီမလာပေးရတယ်။
သူက ကိုယ့်ဘာသာ လမ်းမလျှောက်နိုင်တာကြောင့် သူ့အကူအညီလိုတယ်လေ။
“နင့်မျက်လုံးထဲမှာ…” အွန်းဆောက တူကို ကောက်ကိုင်လိုက်ပြီး ခေါင်းငုံ့ရင်း ပြောလိုက်တယ်။ “ငါက အသုံးမကျတဲ့ ဒုက္ခိတတစ်ယောက်နဲ့ တူနေမှာပေါ့၊ ဟုတ်လား”
“လုံးဝမဟုတ်ပါဘူး၊ မမလေး”
သူ လိမ်ပြောတာ မဟုတ်ဘူး။ မူဂယောမ်က သူ့ကို တစ်ခါမှ ဒီလို မတွေးခဲ့မိဘူး။
အွန်းဆောအတွက် သူ တစ်ခါမှ စိတ်မပူခဲ့ဖူးဘူး။ အကယ်၍ သူ စိတ်ပူခဲ့တယ်ဆိုရင်တောင် သူ့ခြေထောက်ကို မသုံးနိုင်တာကြောင့် အသုံးမဝင်တဲ့ ဒုက္ခိတစ်ယောက်လိုတော့ မမြင်ခဲ့ဖူးပါဘူး။
မူဂယောမ်က တခြားသူတွေကို သိမ်ငယ်ရအောင် လုပ်တဲ့ လူတွေကို သဘောမကျဘူး။
မူဂယောမ်က သူ့ရဲ့ အဆင့်အတန်းကြောင့်ပဲ စက်ဆုပ်ရွံရှာပြီး အထင်သေးစရာလို ဆက်ဆံခံခဲ့ရတယ်လေ။
ပြင်းပြင်းထန်ထန် ဖိနှိပ်ဆက်ဆံခံခဲ့ရတဲ့ သူ့ကိုယ်ပိုင်အတွေ့အကြုံတွေကပဲ သူတို့ကိုယ်တိုင်မထိန်းချုပ်နိုင်တဲ့ ခက်ခဲမှုတွေရှိတဲ့အကြောင်း သူ့ကို နားလည်စေခဲ့တယ်။ ဒါကြောင့် သူက ခြေထောက်မသုံးနိုင်တော့တဲ့ လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး အထင်သေးနိုင်မှာလဲ။
“ငါက လူတစ်ယောက်မကူဘဲနဲ့ အခန်းထဲကနေတောင် မထွက်နိုင်ဘူး။ ကိုယ့်ဘာသာ ဘာမှကို မလုပ်နိုင်တာ။ ဒီလိုဖြစ်နေတာတောင် ငါက အသုံးမကျတဲ့ ဒုက္ခိတတစ်ယောက် မဟုတ်ဘူးလား”
“မမလေးက နာမကျန်းဖြစ်နေရုံပါ”
“ဒီလိုခန္ဓာကိုယ်ကြီးနဲ့ပဲ ငါ ဆက်နေသွားရမှာလားလို့ အမြဲတွေးမိတယ်”
မူဂယောမ်က မမလေး သူ့ကို ဘာလို့ ဒါတွေ ပြောပြနေမှန်း မသိဘူး။ ဒါပေမဲ့ သူ သေချာတွေးကြည့်ရင် မမလေး ခံစားရတာတွေကို နားလည်သလို ခံစားမိသား။
အွန်းဆောအတွက် သူ့ရဲ့ ကျန်တဲ့ ဘဝတစ်လျှောက်လုံးကို ဒီလိုမျိုးကြီး ဆက်နေထိုင်သွားရမယ်ဆိုတာက အိပ်မက်ဆိုးကြီးပဲ။
သူ လမ်းမလျှောက်နိုင်သလို သွားချင်တဲ့ နေရာကိုလည်း သွားလို့မရနဲ့။ လှုပ်ရှားဖို့အတွက်ဆိုရင်တောင် တခြားလူတစ်ယောက်ရဲ့ အကူအညီကို အမြဲ ယူနေရတယ်။ ဒါကြောင့်မလို့ အွန်းဆော ဒီလိုကြောက်လန့်နေမိတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ အွန်းဆောက ဘာလို့ ဒီလိုမျိုး ဖြစ်သွားရတာလဲ။
ရောဂါတစ်ခုခုများ ဝင်နေလို့လား။
မူဂယောမ်က အွန်းဆောနဲ့ ပတ်သက်ပြီး ဘာမှမသိရသေးဘူး။
သူက အမတ်မင်းယွန်းယောဖြောင်းရဲ့ အငယ်ဆုံးသမီးဖြစ်ပြီး ယောကျ်ားပေးစားခံလိုက်ရတယ်။ ဒါပေမဲ့ စွန့်ပစ်ခံရလို့ ပြန်ရောက်လာခဲ့တယ်။ သူသိတာ ဒါအကုန်ပါပဲ။
“နင်ပဲ ကောင်းတယ်။ ကိုယ့်ခြေထောက်နဲ့ ကိုယ် လျှောက်သွားလို့ ရတယ်လေ”
သူ့အသံက အဆုံးနားလေးမှာ တုန်ယင်သွားသလို။
သူ ခေါင်းငုံ့သွားတာတောင် မူဂယောမ် သူ့မျက်နှာထားကို ခန့်မှန်းကြည့်လို့ ရပါတယ်။
သူ့မျက်ခုံးတွေက တဆတ်ဆတ်တုန်နေပြီး သူ့နှုတ်ခမ်းကို ကိုက်နေတာ ဖြစ်လောက်တယ်။
သူ့မျက်ရည်တွေနဲ့ ဝမ်းနည်းမှုတွေကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားဖို့ ကြိုးစားနေမှာ။
သူက ဝမ်းနည်းနေပေမဲ့ တခြားလူတွေဆီကနေ သူ့ဝမ်းနည်းမှုကို ဖုံးကွယ်ဖို့အတွက် သူ့မျက်လုံးတွေကို မှိတ်ပြီး နှုတ်ခမ်းကိုက်ထားရတယ်။ မူဂယောမ်လည်း အဲဒီခံစားချက်ကို ကောင်းကောင်းကြီး သိတယ်လေ။
သူ ခွဲခြားဆက်ဆံခံရတိုင်းမှာ အမြဲတမ်း အဲဒီလိုမျိုး ခံစားခဲ့ရတာ။ ဒါပေမဲ့ အစေခံတစ်ယောက်ဖြစ်တဲ့ သူက ဘာမှလုပ်နိုင်တာ မရှိဘူး။
သူ့ကိုယ်သူ မကာကွယ်နိုင်သလို မတရားတဲ့အကြောင်း တိုင်တန်းလို့လည်း မရနိုင်ဘူး။ ဒီလိုအချိန်မျိုးမှာ သူ့ခေါင်းကို တွင်တွင်ငုံ့ရင်း မျက်ခုံးတွေ တုန်တုန်ရီရီနဲ့ နှုတ်ခမ်းကိုက်ထားရတယ်။
“သခင်မလေး ယာဂုမအေးသွားခင် သုံးဆောင်လိုက်ပါဦး”
“ငါ အစာစားချင်စိတ်မရှိဘူး”
အဆုံးမှာ အွန်းဆောက တူကို ချလိုက်တယ်။
သူ့ကို စိတ်ပြောင်းအောင် မဖျောင်းဖျနိုင်တဲ့ မူဂယောမ်လည်း ကူကယ်ရာမဲ့သလို ယာဂုပန်းကန်ကို ပြန်သယ်သွားရတော့တယ်။
***
“ငါ ဒီမှာနေပြီး ခဏလောက် ရှုခင်းကြည့်လိုက်ဦးမယ်။ နင် လုပ်စရာရှိတာ သွားလုပ်။ ငါ့ကို စိတ်ထဲမထားနဲ့”
မူဂယောမ် မနက်စာပန်းကန်ကို ယူပြီး ထွက်သွားတဲ့အခါ အွန်းဆောက သူ့ကို စကားလှမ်းပြောလိုက်တာပဲ။
ဒါကို ကျေးဇူးတင်ရမယ်။ မူဂယောမ်ရဲ့ တစ်နေ့တာက တော်တော်အပူအပင်မဲ့သွားပြီလေ။
သူ အွန်းဆောရဲ့ ဆေးအိုးကို မီးလင်းဖိုပေါ်မှာ တင်ရင်း သစ်ရွက်တွေရှင်းဖို့ အပြင်ကို ထွက်သွားခဲ့တယ်။ ပြီးတာနဲ့ သူ သစ်ရွက်ပုံကြီးကို ဂျုံရိုးအိတ်တစ်အိတ်ထဲ ထည့်လိုက်တယ်။ သူ အမှိုက်ရှင်းနေတုန်းမှာ ခြံဝင်းထဲမှာလည်း သစ်ရွက်တွေအများကြီး ကြွေနေတာကို သတိရသွားတယ်။
သောက်ရမဲ့ဆေးက အသင့်ဖြစ်ဖို့ ခဏကြာဦးမှာ။ သူလည်း ဒီက သစ်ရွက်တွေကို လွှင့်ပစ်ဖို့ပဲ ကျန်တော့တာဆိုတော့ ပင်မခြံဝင်းဆီကိုပဲ ပြန်သွားပြီး အဲဒီက သစ်ရွက်တွေ ရှင်းဖို့ ဆုံးဖြတ်လိုက်မိတယ်။
“သူ…ဘယ်ရောက်သွားတာပါလိမ့်”
မူဂယောမ် ပင်မအိမ်ရာဝင်းထဲကို တံမြက်စည်းတစ်ချောင်းကိုင်ရင်း ဝင်လာပေမဲ့ အွန်းဆောရဲ့ အရိပ်တောင် မတွေ့ရဘူး။ သူ နည်းနည်းစိတ်ရှုပ်သွားရပြီ။
သူ အွန်းဆောကို ထားခဲ့တုန်းက သေချာပေါက် အပြင်ကော်ရစ်တာပေါ်က ကြမ်းပြင်မှာပဲ ထိုင်နေတာပါ။
ဒါပေမဲ့ အခု သူ မရှိတော့ဘူး။
ဘယ်ရောက်သွားတာများ ဖြစ်နိုင်မလဲ။
သူ့ဘာသာသူလည်း ဘယ်မှ လမ်းမလျှောက်နိုင်ဘူး။
‘အထဲကို ပြန်သွားတာများလား’
သူ့အခန်းထဲကို တွားသွားမှပဲရမယ်။
မူဂယောမ်ကို အကူအညီတောင်းဖို့ ပျင်းနေလို့ပဲ ဖြစ်လိမ့်မယ်။ အထဲကို သူ့ဘာသာ တွားသွားခဲ့တာ ဖြစ်နိုင်တယ်။
သူ့အခန်းတံခါးက ပိတ်ထားတယ်။
‘ငါ စစ်ကြည့်လိုက်ရမလား’
ဒါပေမဲ့ အခန်းတံခါးက ပိတ်ထားတယ်လေ။ အထဲမှာ ရှိလားဆိုတာ စစ်ကြည့်ဖို့အတွက်နဲ့ သူ ဖွင့်ကြည့်လိုက်မယ်ဆိုရင် မလေးစားရာကျလိမ့်မယ်။
‘တစ်ယောက်တည်း ငိုနေတာ ဖြစ်နိုင်တာပဲ’
ဒီမနက် သူ့မျက်နှာထားကို ကြည့်ရင် အခန်းထဲမှာ ငိုဖို့အတွက် သူ့ကိုယ်သူ အခန်းထဲမှာ ပိတ်ထားတယ်ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။
‘ငါ သစ်ရွက်တွေကို အရင်လှည်းလိုက်တာ ပိုကောင်းမယ်…’
ရုတ်တရက်ဆိုသလိုပဲ…။
မူဂယောမ် ခြံကို လှည်းကျင်းနေချိန်မှာတော့ တစ်ခုခုက ထူးဆန်းနေတာကို သူ သတိထားမိသွားတယ်။
မြေကြီးပေါ်မှ တစ်ခုခုက ဆွဲခေါ်သွားခံရတဲ့ အရိပ်အယောင်မျိုးရှိနေတယ်။
“ဒါက…ဘာလဲ”
မူဂယောမ် မြေကြီးပေါ်မှာ ကျန်ရစ်ခဲ့တဲ့ ခြေရာလက်ရာတွေကို စိုက်ကြည့်မိသွားတာပေါ့။
ခြေရာတွေက ပင်မအိမ်ရာဝင်းရဲ့ ကော်ရစ်တာကနေ စပြီး ခြံကို ဖြတ်လို့ အတွင်းဘက်အပေါက်ဝမှာ ပျောက်ကွယ်သွားခဲ့တယ်။
အစေခံတွေရဲ့ နေရာက ဒီအပေါက်ဝရဲ့ တခြားတစ်ဖက်မှာပါ။
ဘာလို့ဒီခြေရာလက်ရာတွေက အစေခံတွေရဲ့ နေရာဘက်ကို ဦးတည်နေတာလဲ။
‘ကြည့်ရတာ တစ်ယောက်ယောက်က မြေကြီးပေါ်မှာ ဂျုံအိတ်တစ်အိတ်ကို ဆွဲသွားသလိုပဲ’
တစ်ဖက်က ကြည့်ရင် မြေကြီးပေါ်မှာ ဂျုံအိတ်တစ်အိတ်ကို ဆွဲသွားတာနဲ့ တူပြီးတော့ နောက်တစ်ဖက်က ကြည့်ရင်တော့ လူတစ်ယောက်က မြေကြီးပေါ်မှာ တွားသွားလို့ ပေါ်လာတဲ့ ခြေရာလက်ရာမျိုး။
တွားသွားတာ…။
“မဖြစ်ဘူး…”
မူဂယောမ် သူ့မျက်လုံးကို ပင့်ကြည့်လိုက်တယ်။
အတွင်းဘက်ပေါက်ဝ။
အစေခံတွေရဲ့ နေရာ။
အစေခံတွေနေကြတဲ့ နောက်ဖေးခြံမှာ ရေတွင်းတစ်တွင်း ရှိတယ်။
အဲဒီရေတွင်းက တော်တော်နက်ပေမဲ့ အထဲမှာ ရေလုံးဝမရှိဘူး။
ဘုတ်။
မူဂယောမ် တံမြက်စည်းကို ပစ်ချလိုက်မိတာပဲ။
သူ ခြေရာတွေနောက်ကို လိုက်ရင်း စပြေးလွှားတော့တယ်။
“သေစမ်း”
သူ မှားပါစေလို့ မျှော်လင့်မိပါတယ်။ သူ အပေါက်ဝကို ဖြတ်ပြီး အစေခံတွေနေတဲ့ ခြံဝင်းနောက်ကို ဦးတည်လိုက်တယ်။
အနောက်ဖေးခြံဆီ သူ ရောက်တဲ့အချိန်မှာ အွန်းဆောက ရှိသမျှအားအင်အကုန်သုံးလို့ ရေတွင်းထဲကို ခုန်ချဖို့ ကြိုးစားနေတာကို သူ တွေ့လိုက်ရတယ်။
“မမလေး”
မူဂယောမ် သူ့နားကို ပြေးသွားလိုက်ရင်း သူ့ပခုံးကို ဆုပ်ကိုင်လိုက်မိတယ်။
“ငါ့ကိုလွှတ်”
မူဂယောမ် သူ့ပခုံးပေါ် လက်တင်လိုက်တာနဲ့ သူကလည်း ထွက်ပြေးဖို့ ကြိုးစားတော့တာပဲ။
“ငါ့ကိုလွှတ်လို့”
အွန်းဆောရဲ့ အဝတ်အစားတွေက ရွှံ့တွေနဲ့ ပေကျံနေပြီ။
သူ့ရဲ့ အဖြူရောင်ညဝတ်အင်္ကျီကတော့ ညစ်ပတ်နေပြီး ရွှံ့တွေရေတွေကြောင့် ဝါထိန်နေတာပဲ။
သူ့အဝတ်အစားတွေကပဲ ရှုပ်ပွပေရေနေတာ မဟုတ်ဘူး။
သူ့မျက်နှာမှာလည်း မျက်ရည်တွေ စီးကျနေတာ။
“ငါ့ကိုလွှတ်”
အွန်းဆောက ရေတွင်းကိုပဲ ကုပ်တွယ်ထားဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတုန်း။
သူ့လက်ဖဝါးတွေက နီမြန်းလာခဲ့ပြီ။
သူ့ခြေထောက်တွေကို ချည်ပြီး ရေတွင်းထဲကို သူ့ဘာသာ ပစ်ချဖို့ ကြိုးစားနေခဲ့တာ။ သူ့လက်တွေက ကျောက်တုံးတွေကို ဆုပ်ကိုင်ထားလို့ ထိခိုက်ဒဏ်ရာရနေပြီ။
သူ့လက်သည်းတွေက ကွဲအက်သွားပြီး သူ့လက်သည်းထိပ်တွေကလည်း ပွန်းပဲ့နေလို့။
ဒါကို မြင်ရတဲ့ မူဂယောမ်ရဲ့ မျက်ခုံးတွေက ကော့ညွတ်သွားရတယ်။
“ဘာတွေလုပ်နေတာလဲ”
မမလေးက အစကတည်းက ဒီလိုလုပ်ဖို့ စီစဉ်ထားခဲ့တာပဲ။ ဒါကြောင့် မနက်စာစားဖို့အတွက် သူ့ကို ကြမ်းပြင်ပေါ်ချခိုင်းခဲ့တာ။
ပြီးတော့ အဲဒါကြောင့်ပဲ သူ့ကို တစ်ယောက်တည်း ထားခဲ့ခိုင်းပြီး မူဂယောမ်ကို အဝေးပို့လိုက်တာ။ အစကတည်းက ဒီလိုလုပ်ဖို့ သူ စီစဉ်ထားခဲ့တာလေ။
အိမ်တော်ထိန်းအိုကြီး ရှိတုန်းကတော့ သူက အွန်းဆောရဲ့ အနားမှာ တစ်ချိန်လုံး ကပ်နေတာကြောင့် သူ့အစီအစဉ်အတိုင်း မလုပ်နိုင်ခဲ့ဘူး။
ပြီးတော့ အိမ်တော်ထိန်းအိုကြီးက အိမ်က ထွက်သွားတဲ့အချိန်မှာတော့ ဒါက သူ့အခွင့်အရေးပဲ ဆိုတာ သဘောပေါက်သွားခဲ့တယ်။ သေချာပေါက် သူ့ဘာသာသူ ရေတွင်းထဲ ခုန်ချဖို့ စီစဉ်ထားခဲ့တာမဟုတ်လား။
သတ်သေဖို့ ကြိုစားခဲ့တာပဲ။
“ဒီလိုခန္ဓာကိုယ်ကြီးနဲ့ပဲ ငါ ဆက်နေသွားရမှာလားလို့ အမြဲတွေးမိတယ်”
ဒီမနက်က စကားလုံးတွေက သူ့ရဲ့ တကယ့်အတွေးတွေပဲ။
“ဟား..”
မူဂယောမ် မယုံနိုင်သလို ရယ်သွေးသွမ်းလိုက်မိတယ်။
လူတစ်ယောက်က သူတို့ဘဝကို ဒီလောက် အလွယ်တကူ အဆုံးသတ်ဖို့ ကြိုးစားနေတာကို သူ မယုံနိုင်ဘူး။
ဘဝဆိုတာမျိုးက အလွယ်တကူ လက်လျှော့လို့ ရတဲ့ အရာမျိုးလား။
အထက်တန်းလွှာတစ်ယောက်အတွက် ဘဝဆိုတာ အသေးအမွှားလေးလား။
“ငါ ဒီလို အမြဲ အသက်မရှင်နိုင်ဘူး။ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ”
အွန်းဆောက သူ့ကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားတဲ့ မူဂယောမ်ကို တောင်းတောင်းပန်ပန်နဲ့ ငိုကြွေးနေတယ်။
“ငါ ကျန်တဲ့ ဘဝတစ်လျှောက်လုံးမှာ ဒုက္ခိတတစ်ယောက်လို မနေနိုင်ဘူး…”
ဒါပေမဲ့လည်း သူ ဘာပဲပြောပြော မူဂယောမ်က သူ့ကို လွှတ်ပေးဖို့ အစီအစဉ်မရှိဘူး။ ဘဝတစ်ခုကို စွန့်ပယ်တယ်ဆိုတာ ဘယ်လောက် ကြောက်စရာကောင်းလဲ သူ သဘောမပေါက်ဘူးလား။
သူ့ခြေထောက်ကို မသုံးနိုင်တော့ရော ဘာဖြစ်လဲ။
လမ်းမလျှောက်နိုင်တော့ဘူး။ ဒါပဲလေ။
ဒါပေမဲ့ ဒီလိုမျိုး အရာတစ်ခုကြောင့် သူ့ဘဝကိုသူ စွန့်ပစ်ချင်နေတာလား။
ဒီလိုငယ်ရွယ်နေတုန်းအရွယ်မှာလေ။
“နင် မသိဘူး…နင် နားမလည်ပါဘူး…”
အွန်းဆောရဲ့ မျက်ရည်တွေက တရစပ်ကျလာတော့တယ်။
သူ့ကို ဆုပ်ကိုင်ထားတဲ့ မူဂယောမ်ရဲ့ သန်သန်မာမာ လက်မောင်းထဲကို အပ်လို့ ငိုကြွေးနေမိတာ။
မူဂယောမ် သူ့လက်မောင်းပေါ်မှာ အွန်းဆောရဲ့ မျက်ရည်တွေကျလာတာကို ခံစားမိပေမဲ့ သူ လက်မလွှတ်ခဲ့ဘူး။
အွန်းဆောကတော့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးမှုတွေနဲ့ အော်ဟစ်ငိုကြွေးနေတုန်း။ မူဂယောမ်ကို အွန်းဆောက သူ နားလည်နိုင်မှာ မဟုတ်ဘူးတဲ့။ ဒီလိုဆိုရင်တောင် မူဂယောမ်ကတော့ သူ့ကို ဆုပ်ကိုင်ထားပြီး တစ်ခါမှ မလွှတ်ပေးခဲ့ဘူး။
**********
SWARA WEBNOVEL TRANSLATION