Chapter 2 - Part 1
မမလေး
အပိုင်း (၂.၁)
Author – MaNyong (마뇽)
Translator – Galene, Marilee
*******
“မမလေးလက်ချောင်းတွေ ပွန်းကုန်ပြီ”
မူဂယောမ်က အွန်းဆောရဲ့ လက်ချောင်းတွေကို ပတ်တီးစည်းပေးရင်း တိုတိုတုတ်တုတ် ရေရွတ်လိုက်တယ်။
မူဂယောမ်ရဲ့ လက်တွေက ရေကန်ကို အားပြုပြီး ဆုပ်ကိုင်ထားရုံလောက်နဲ့ ဒီလောက်ဆိုးဆိုးဝါးဝါးထိခိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အွန်းဆောရဲ့ လက်ချောင်းတွေက နုနယ်လွန်းတာကြောင့် သူ့လက်ချောင်းထိပ်တွေက ကုတ်ရာခြစ်ရာတွေချည်းပဲ။
အွန်းဆော ပတ်တီးဖြူဖြူနဲ့ အစည်းခံထားရတဲ့ သူ့လက်ဆယ်ချောင်းလုံးကို ငေးကြည့်လိုက်တယ်။ သူ ခါးသက်သက် ပြုံးလိုက်မိရင်း။
“ဒီပုံစံက…”
အွန်းဆောရဲ့ မျက်လုံးထောင့်စွန်းတွေက နီရဲနေတုန်း။
“လက်ချောင်းထိပ်မှာ ဒန်းပန်းတွေ ဆေးဆိုးခံထားရတာနဲ့ တူတယ်” [1]
“ဒီလိုအချိန်မျိုးမှာ ဘယ်လိုလုပ်ပြီး အဲဒီလိုစကားမျိုး ပြောနိုင်ရတာလဲ”
မူဂယောမ် သူ့နားသူ မယုံနိုင်ဘူး။
အွန်းဆောသာ ရေကန်ထဲကို အောင်အောင်မြင်မြင် ခုန်ချပြီး သေသွားခဲ့ရင် မူဂယောမ်လည်း ဒီကံကြမ္မာကိုပဲ အတူတူလက်ခံလိုက်ရမှာ။
သူ့သခင်မဖြစ်သူ ကိုယ့်ဘာသာ သတ်သေတာကို မတားနိုင်လို့ ဆိုတဲ့ အကြောင်းနဲ့ သူ့အသက်ကို ဆုံးရှုံးလိုက်ရမှာလေ။ ဒီလိုမဟုတ်ရင်လည်း သူ့သခင်မကို ရေကန်ထဲ ပစ်ချလိုက်လို့ ဆိုပြီး စွပ်စွဲခံရနိုင်တယ်။ ဘာပဲဖြစ်ဖြစ် သူ သေမှာပါပဲ။
အဆုံးမှာတော့ သူ အွန်းဆောကို ကယ်တင်ခဲ့တာ မဟုတ်ဘူး။ သူ့အသက် သူကယ်ခဲ့တာပဲ။
အွန်းဆောသာ ဆုံးသွားခဲ့ရင် သူ့ဘဝလည်း အဆုံးသတ်သွားရမှာ။
အခုအခြေအနေကတော့ အဲဒီအတိုင်းပဲ။
နောက်ဆယ်ရက်အတွင်းမှာပဲ ဒီလိုပဲ ဆက်ဖြစ်နိုင်တယ်။
“ဟိုးအရင်တုန်းက ငါ့လက်ချောင်းတွေကို ဒန်းပန်းတွေနဲ့ ဆိုးပြီးရင် ဒီလိုမျိုး ပတ်ထားတာပဲ”
မူဂယောမ်က သူ့ခြေထောက်က ညစ်ပတ်ပေရေနေတဲ့ ခြေအိတ်တွေကို ချွတ်ပေးနေချိန်မှာ အွန်းဆောက သူ့လက်ကို ငေးကြည့်နေတယ်။
သူ့ခြေထောက်ဖွေးဖွေးလေးတွေက တော်တော်သေးတာပဲ။
ဒီလိုခြေထောက်မျိုးနဲ့ သူ ဘယ်လိုများ လမ်းလျှောက်နိုင်လဲလို့တောင် မူဂယောမ် တွေးလိုက်မိသေးတာ။
သူ့ခြေထောက်ကို ခြေအိတ်အသစ် စွပ်ပေးလိုက်တဲ့အခါ အွန်းဆောရဲ့ ခြေထောက်တွေက ချည့်နဲ့နေတယ်။
“တစ်ခုခုခံစားရလား”
အွန်းဆောက မူဂယောမ်ရဲ့ မေးခွန်းကို ခေါင်းတညိတ်ညိတ်နဲ့ တုံ့ပြန်တယ်။
“မလှုပ်နိုင်ရုံပဲ”
“သမားတော်က ဘာပြောသေးလဲ”
“ငါ့တစ်ဘဝလုံး လမ်းလျှောက်နိုင်တော့မှာ မဟုတ်ဘူးတဲ့”
အွန်းဆောရဲ့ အဝတ်အစားတွေက တော်တော်လေး ညစ်ပတ်ပေပွနေပြီ။
ဒါပေမဲ့ သူ အဝတ်အစားလဲပေးရမယ်ဆိုရင် သူ့အသားအရေကိုလည်း အတိုင်းသား မြင်တွေ့ရလိမ့်မယ်။
ဒီလိုအခြေအနေမျိုးမှာ မမလေးကို အဲဒီစကားသာ သွားပြောလိုက်ရင်တော့ သူ အရှက်တကွဲဖြစ်ပြီး ဒီထက်ပိုစိတ်အားငယ်သွားလိမ့်မယ်။
“ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်တော် မေးကြည့်လို့ရမလား”
မူဂယောမ် အွန်းဆောကို သတိထားရင်း မေးကြည့်လိုက်တယ်။ သူမေးတာကို ပြန်ဖြေပါ့မလားဆိုတာ မသေချာဘူး။
ဒါပေမဲ့ သူ သိချင်မိတယ်။ “ငါဘာလို့ စွန့်ပစ်ခံရလဲဆိုတာ နင် သိချင်လား”
သူ မမေးသင့်တဲ့ အရာကိုမှ မေးလိုက်မိပြီလား။
မူဂယောမ် ချက်ချင်း နောင်တရသွားတယ်။
“စေ့စပ်ပြီးတော့ နှစ်နှစ်အကြာမှာ ငါ လက်ထပ်ခဲ့တယ်။ ငါ စေ့စပ်ထားတဲ့ အချိန်တုန်းက သူ့နာမည်ကိုပဲ သိရတာ။ သူ ဘယ်လိုပုံစံမှန်း မသိခဲ့ရဘူး။ ဒါနဲ့ ငါ့မင်္ဂလာပွဲအတွက် နှစ်နှစ် စောင့်ခဲ့ရတာပဲ။ မင်္ဂလာမဆောင်ခင်မှာ ငါ့ခင်ပွန်းလောင်း အလုပ်ရတဲ့အထိ စောင့်ချင်တယ်လို့ သူတို့ဘက်က ပြောလာတယ်။”
သူ့စိတ်ထဲက စကားလုံးတွေကို ထုတ်ပြောနေတဲ့ အွန်းဆောရဲ့ အသံက တည်ငြိမ်နေတုန်းပဲ။
“ဒီနှစ်နှစ်အတွင်း ငါ ဘုရားရှိခိုးကျောင်းကို နေ့တိုင်း တစ်ရက်မပြတ် သွားတယ်၊ ရေမန်းသောက်ပြီး ငါ့ခင်ပွန်းလောင်း အလုပ်ရဖို့အတွက် ဆုတောင်းပေးတယ်။ အဲဒီနှစ်နှစ်အတွင်း မိုးရွာရွာ နှင်းကျကျ ငါ တစ်နေ့မှ ဝတ်မပျက်ခဲ့ဖူးဘူး။ တော်တော်ခက်ခဲခဲ့တာ…”
သူ့အသက်က ဘယ်လောက်ရှိပြီလဲ။ မမလေးက အမတ်မင်း ယွန်းယောဖြောင်းရဲ့ အငယ်ဆုံးသမီးဆိုတာပဲ သူ ကြားဖူးတာ။
ဆယ့်ရှစ်နှစ်လား။ နှစ်ဆယ်လား။
တကယ်ပဲ မူဂယောမ် အွန်းဆောနဲ့ ပတ်သက်တဲ့ ဘာအကြောင်းမှ မသိထားဘူးပဲ။
သူ မမလေးအကြောင်းကိုလည်း သိပ်မှ စိတ်မဝင်စားတာ။ အဲဒါကြောင့် သူ အိမ်တော်ထိန်းအိုကြီးကိုလည်း တစ်ခါမှ မမေးခဲ့ဖူးဘူး။ သူ မေးခဲ့သင့်လား။
“နှစ်နှစ်အတွင်းမှာ ငါ့အဖေကနေတစ်ဆင့် သူအလုပ်ရသွားပြီလို့ ကြားလိုက်ရတယ်။ အဲဒါနဲ့ မင်္ဂလာဆောင်မဲ့ရက်ကို ရွေးလိုက်ကြတယ်။ ခန်းဝင်ပစ္စည်းတွေလည်း ပို့ပြီး မင်္ဂလာဆောင်ဖို့လည်း ပြင်ဆင်ပြီးပြီ။ ဒါပေမဲ့ အဲဒီအချိန်အတွင်း ငါ နေမကောင်းဖြစ်လာတယ်။ တစ်နေ့ကို ငါးခါ ခြောက်ခါလောက် အဖျားတက်တယ်။ သမားတော်ကတော့ ဒီရောဂါက ယန်ဓာတ်ချို့တဲ့လို့ ဖြစ်တာဆိုပြီး ပြောတယ်”
ယန်ဓာတ်ချို့တဲ့တယ်။ အဲဒါ ဘာပြောချင်တာလဲဆိုတာ မူဂယောမ် မသိဘူး။
“ငါ ဒီနှစ်နှစ်အတွင်း သောက်ခဲ့ရတဲ့ ရေအေးတွေနဲ့ ဝတ်ပြုဆုတောင်းခဲ့ရတာတွေက ကောင်းကင်ဘုံရဲ့ အမျက်ဒေါသအဖြစ် ပြောင်းသွားတာတဲ့။ ငါ့ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်ဖြစ်လာတာကြောင့် ငါ ရောဂါဒဏ်ကို ခံစားခဲ့ရတယ်။ ပြီးတော့ တစ်လလုံးလည်း သေလူလိုပဲ။ ဒီလိုနဲ့ ငါ နိုးလာတဲ့တစ်နေ့မှာ ငါ့ခြေထောက်တွေကို မလှုပ်နိုင်တော့ဘူး”
အွန်းဆောက သူ့ခေါင်းကို မော့ပြီး မျက်နှာကြက်ကို မော့ကြည့်လိုက်တယ်။ သူ့နှုတ်ခမ်းတွေက တုန်ယင်နေတာကို မူဂယောမ် တွေ့ရသား။
သူက အခု တည်တည်ငြိမ်ငြိမ် စကားပြောနေပေမဲ့ သူ တကယ်ခံစားရတာကို မူဂယောမ် နားလည်မိတယ်။
“သမားတော်က ဒီရောဂါကို ယာယီပဲလို့ ပြောတယ်။ အဲဒါနဲ့ ငါတို့ မင်္ဂလာဆောင်ကို လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်ကြပြီး ငါလည်း ခင်ပွန်းဖြစ်သူရဲ့ အိမ်တော်ကို ရောက်သွားရော။ ငါ့ယောက္ခမတွေက ငါ အားပြန်ဖြည့်ဖို့ သီးသန့်အိမ်ရာဝင်းတစ်ခုမှာ အေးအေးဆေးဆေးနေလို့ ပြောတယ်။ ယန်အားဖြည့်ဆေးတွေ သောက်ရင် နောက်တစ်ခါ ပြန်လမ်းလျှောက်နိုင်လိမ့်မယ်တဲ့။ ဒါပေမဲ့ တစ်လကနေ နှစ်လသာ ကြာလာတယ်၊ ငါ့ခြေထောက်တွေက မလှုပ်နိုင်သေးဘူး။ ငါ့ခင်ပွန်းသည်မိသားစုက လူကြီးတွေရဲ့ မျက်လုံးတွေ ခါးသက်သက်ဖြစ်လာတယ်။ အဲဒီအချိန်မှာ ငါ သိလိုက်တာပဲ။ လူတွေက မျက်လုံးတစ်မှိတ်အတွင်းမှာပဲ ပြောင်းလဲနိုင်ကြတယ်ဆိုတာကိုလေ။”
မူဂယောမ် နောက်ဆုံးတော့ အခြေအနေကို သဘောပေါက်သွားရတယ်။
အသိသာကြီးပဲ။
သူတို့က အထက်တန်းလွှာတွေလေ။
သူတို့က လူတစ်ယောက်ရဲ့ အသက်ထက် သူတို့ဂုဏ်သတင်းကို ပိုအရေးကြီးတယ်လို့ ခံယူထားကြတယ်။
ခြေထောက်မသုံးနိုင်တော့တဲ့ ချွေးမကို အိမ်တော်ထဲ ခေါ်သွင်းထားရတဲ့အခါ သူတို့မျက်နှာပျက်ရမှာစိုးတဲ့ ဒီအထက်တန်းလွှာတွေရဲ့ မျက်နှာက ခါးသက်နေလိမ့်မယ်။
သူတို့ချွေးမက အချိန်နည်းနည်းကြာရင် ပြန်သက်သာလာလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ သူ့ခြေထောက်ကို လုံးဝ ပြန်မသုံးနိုင်တော့တဲ့အချိန်မှာ သေချာပေါက် ရုတ်ရုတ်သဲသဲ ဖြစ်လာမှာပဲ။
အထက်တန်းလွှာတွေအတွက် သူတို့မိသားစုရဲ့ ဂုဏ်သတင်းက မိန်းမပျိုလေးတစ်ယောက်ရဲ့ ဘဝထက် ပိုအရေးကြီးတယ်။
“အဲဒီအချိန်ကစပြီး သူတို့က ငါ့ကိုဆို အငြိုးထားတော့တာပဲ။ ငါ့ယောက္ခမတွေက စမဲတာနဲ့ အစေခံတွေကလည်း ကောင်းကောင်းမွန်မွန် မဆက်ဆံပေးကြတော့ဘူးလေ။ ငါ ဆက်မသည်းခံနိုင်တဲ့အဆုံး မိဘအိမ်ကိုပဲ ပြန်မယ်လို့ သူတို့ကို ပြောလိုက်တယ်။ ငါ့ယောက္ခမက ပြုံးပြုံးလေးနဲ့ ဒီလိုဆုံးဖြတ်လိုက်တာ ကောင်းတယ်တဲ့”
အွန်းဆော ပေါင်ပေါ်တင်ထားတဲ့ သူ့လက်ကို တင်းတင်းဆုပ်လိုက်မိတယ်။
“အဲဒီအချိန်တုန်းက ငါ ဘာလို့ ဒီအတိုင်း မသေခဲ့ရတာလဲ။ အဖျားဒဏ်ကြောင့် သေသွားခဲ့ရင် ဒီလိုဟာတွေကို ကျော်ဖြတ်ရမှာ မဟုတ်ဘူး။ အဲဒါဆိုရင် ဒီလောက် ဆိုးဝါးသွားမှာ မဟုတ်ဘူး”
“ဘာလို့ သေတာကို ဒီလောက်လွယ်လွယ် ပြောနိုင်တာလဲ”
“ဒါဆိုရင် နင် ဒါကို အသက်ရှင်တာလို့ ခေါ်နိုင်မလား။ တကယ်ပဲ ဘဝဆိုတာ ဒီလိုမျိုးလား။ ဒုက္ခိတလိုမျိုးပဲ ကိုယ့်ဘာသာတောင် လမ်းမလျှောက်နိုင်ဘူး။ သန့်စင်ခန်းထဲတောင် ငါ့ဘာသာ မသွားနိုင်ဘူး။ ဒါက လူသားတစ်ယောက် နေထိုင်ရတဲ့ ပုံစံလား။ ငါ နင့်ကို မေးပါဦးမယ်။ ဒါက လူတစ်ယောက် အသက်ရှင်ရတဲ့ ပုံစံမျိုးလားလို့”
အွန်းဆောက မူဂယောမ်ကို စိုက်ကြည့်နေတယ်။
သူ့အသက်ကို ကယ်ပေးထားတဲ့ လူကို စိုက်ကြည့်နေတဲ့ မမလေးရဲ့ မျက်လုံးတွေက အမုန်းတရားတွေနဲ့ အပြည့်။
မူဂယောမ် သူ့မျက်လုံးကို မြင်လိုက်ရတဲ့အခါ သူ မမလေးကို အခန်းထဲ ချီမသွားတုန်းက သူ့နားရွက်တွေ နီမြန်းသွားတဲ့ အကြောင်းရင်းကို သဘောပေါက်လိုက်တယ်။
သူစိမ်းယောက်ျားလေးတစ်ယောက်ရဲ့ လက်မောင်းထဲမှာ အချီခံသွားရလို့ ရှက်နေတာ မဟုတ်ဘူး။ အခန်းထဲကို ကိုယ့်ဘာသာ လမ်းမလျှောက်သွားနိုင်တဲ့ သူ့အဖြစ်သူ ရှက်ခဲ့မိလို့ပဲ။
ပြောရရင် သူက အထက်တန်းလွှာမိသားစုတစ်ခုက သမီးအဖြစ် သူ့ကိုယ်သူ ဂုဏ်ယူမိတာပဲမလား။
“ရှင်သန်ရင်းနဲ့ ဆက်ရှင်သန်နေရတာပဲ။ သူတို့ဘဝကို သူတို့ ပျော်လို့ အသက်ရှင်နေကြတဲ့ လူတွေဆိုတာ ပတ်ဝန်းကျင်မှာ အများကြီးမရှိဘူး။ သူတို့က အသက်ရှင်နေလို့ ရှင်သန်နေကြတာ။ သူတို့အကောင်းဆုံးလုပ်နိုင်တာက အသက်ရှင်နိုင်တာပဲရှိလို့ သူတို့ဘဝကို အကောင်းဆုံး နေထိုင်နေကြတာ။”
“ငါ…အသက်ရှင်နိုင်မယ်လို့ မထင်ဘူး…”
“အဲဒါကို မမလေး မသိနိုင်ပါဘူး”
“နင်က ငါ့အကြောင်း ဘာသိလို့လဲ”
“ကျွန်တော်သာဆိုရင် တခြားလူတွေ တွေ့ရအောင် ရှင်သန်နေဦးမှာပဲ။ ကျွန်တော့်ကို ဒီလိုဖြစ်အောင် လုပ်ခဲ့တဲ့ လူတိုင်းကို ကျွန်တော် ဘယ်လောက်ကောင်းကောင်းအသက်ရှင်နေတဲ့ အကြောင်းပြချင်တယ်။”
“တခြားသူတွေ တွေ့ရအောင်…”
အွန်းဆောရဲ့ နှုတ်ခမ်းက ကွေးညွတ်သွားသလို။
“ငါသာ ဒီလိုဆက်နေရင် သူတို့က ငါ့ကို စက်ဆုပ်ရွံရှာသလိုပဲ ကြည့်ကြမှာ”
“သမားတော်က မမလေး ဘယ်တော့မှ လမ်းမလျှောက်နိုင်တော့ဘူးလို့ ပြောခဲ့တာလား”
“သူက ငါ့ဘဝတစ်လျှောက်လုံး လမ်းမလျှောက်နိုင်တော့ဘူးလို့ ပြောတယ်”
“မမလေးက ယန်ဓာတ်ချို့တဲ့လို့ဆိုပြီး သမားတော်က ပြောခဲ့တယ် မဟုတ်ဘူးလား။ ဒီလိုဆိုရင် အချိန်တစ်ခုကြာတဲ့အခါ သက်သာလာနိုင်တာပဲ”
“အဲဒါကြောင့် ငါ့ယန်ဓာတ်ကို ဖြည့်တင်းဖို့ အားဆေးတွေ သောက်ခဲ့တာ။ ပြန်သက်သာလာအောင် ငါ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ငါ့ခြေထောက်တွေက ဒီလိုပဲ ချည့်နဲ့နေတုန်း။ သမားတော်က သူတတ်နိုင်တာ ဘာမှမရှိဘူးလို့ ပြောတယ်”
“မမလေး အဲဒီရေမန်းအေးအေးတွေကို အဲဒီနှစ်နှစ်အတွင်း မနက်မိုးလင်းတာနဲ့ သောက်ခဲ့တယ်ဆိုပြီး ပြောတယ် မဟုတ်လား”
မူဂယောမ် သူ ဘာလို့ ဒါတွေကို ပြောနေမိမှန်း မသိဘူး။
သူ့ပါးစပ်က သူ့အလိုလို လှုပ်ရှားနေသလိုပဲ။
ဒီမိန်းကလေး အသက်ရှင်အောင် လုပ်ဖို့ အဓိပ္ပာယ်မရှိတောင် သူ တစ်ခုခုပြောမှ ရမယ်လို့ ခံစားရတယ်။ သူသာ ဘာမှမလုပ်ခဲ့ရင် ဒီမမလေးကို သူ တစ်ယောက်တည်း ချန်ထားခဲ့တာနဲ့ သတ်သေဖို့ ကြိုးစားမယ်လို့ ခံစားနေမိတယ်လေ။
“အဲဒီတော့…”
“မမလေးကိုယ်က နာမကျန်းဖြစ်ဖို့ နှစ်နှစ်လောက် ကြာခဲ့တယ်ဆိုရင် ရက်ပိုင်းလောက်နဲ့ သေချာပေါက် ပြန်မကောင်းလာဘူးပေါ့။ ခပ်ဝေးဝေးသွားလေ ပြန်ရောက်ဖို့ ပိုကြာလေပဲ မဟုတ်လား။ မမလေးကိုယ်ထဲကို အအေးဓာတ်တွေအကုန် စုပုံဖို့ နှစ်နှစ်ကြာခဲ့တယ်ဆိုရင် ယန်ဓာတ်တွေ ပြန်ဖြည့်တင်းပြီး ပြန်ကောင်းလာဖို့အတွက်ဆိုရင်လည်း နှစ်နှစ်လောက် ကြာမယ်လို့ မမလေး မထင်မိဘူးလား။”
“နင်က ငါ့ကို နှစ်နှစ်စောင့်ဖို့ ပြောနေတာလား”
“ဟုတ်ပါတယ်၊ မမလေး။ မမလေး သတ်သေဖို့ ကြိုးစားမယ်ဆိုရင်လည်း နောက်ထပ်နှစ်နှစ်လောက် ထပ်စောင့်ကြည့်လိုက်ပါ။ ဒီလိုမျိုး ဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် နှစ်နှစ်ထပ်စောင့်ရင်ရော ဘာဖြစ်မှာလဲ။”
“ဒါဆိုရင် နင်က နောက်နှစ်နှစ်အတွင်း ငါ့ကို မသေအောင် စောင့်ကြည့်နေမှာလား”
နှစ်နှစ်။ ဘာနှစ်နှစ်လဲ။
နောက်ဆယ်ရက်အတွင်းဆိုရင် မမလေးရဲ့ လက်ပါးစေအစေခံမလေး ရောက်လာတော့မယ်။ မူဂယောမ်က သူ့ကို ဂရုစိုက်ဖို့အတွက် တာဝန်ယူရတော့မှာ မဟုတ်ဘူး။
အဲဒီအစေခံမလေးကပဲ သူ တစ်ခုခုမဖြစ်အောင် စောင့်ရှောက်ပေးရတော့မှာ။
“မမလေးကို ကျွန်တော် မစောင့်ကြည့်ပေးပေမဲ့…”
“ဒါဆိုရင် နောက်နှစ်နှစ်မှာ နင် ငါ့ဘေးမှာပဲ နေရလိမ့်မယ်”
“ခင်ဗျာ”
မူဂယောမ် မမျှော်လင့်ထားတဲ့ စကားလုံးတွေကြောင့် အွန်းဆောကို အံ့ဩတကြီး ကြည့်မိသွားတာပဲ။
“နင်က ငါ့ကို ကယ်တင်ခဲ့တယ်ဆိုတော့ နောက်နှစ်နှစ်အတွင်းမှာ ငါ လမ်းလျှောက်နိုင်မလားဆိုတာ စောင့်ကြည့်ပေးသင့်တာပေါ့။ နောက်နှစ်နှစ်နေလို့မှ ငါ လမ်းမလျှောက်နိုင်သေးရင် နင့်မျက်စိရှေ့မှာတင် ငါ့လျှာငါကိုက်ပြီး သတ်သေလိုက်မယ်”
အွန်းဆောရဲ့ အသံက နောက်နေတာနဲ့လည်း မတူဘူး။
သူက သူ့ခြေထောက်နဲ့ ပတ်သက်ပြီးတော့ နောက်မဲ့ မိန်းကလေးမျိုး မဟုတ်ဘူး။
“ဒီလိုဆိုရင်ရော ဘယ်လိုလဲ”
သူ မလုပ်နိုင်ဘူးလို့ ပြောလိုက်ရင် အခုချက်ချင်းပဲ သူ့ကိုယ်သူ သတ်သေသွားလောက်မလား။
ဒါမှမဟုတ် သူ အိပ်ပျော်နေတုန်း ညလယ်ခေါင်မှာ သူ့ကိုယ်သူ သတ်သေဖို့ တစ်နေရာရာကို ထွက်သွားနိုင်တယ်။
ဒီတော့ သူ့မှာ ရွေးချယ်စရာမှ မရှိတာ။
“ကျွန်တော် လုပ်မယ်”
အခုအချိန်ကစလို့ သူ ဒီမမလေးကို ဘယ်လိုပဲဖြစ်ဖြစ် မသေအောင် တားဆီးနိုင်ဖို့ လိုတယ်။
“ကောင်းပြီလေ။ ဒါဆိုရင် နင် ငါပြောတဲ့အတိုင်း လုပ်မယ်မလား။”
အွန်းဆောက မော့ကြည့်လိုက်တဲ့အခါ သူ့သက်ပြင်းချသံက ညည်းညူသံလိုမျိုးပဲ။
သူ့မျက်ဝန်းတွေမှာ မျက်ရည်စက်တွေ တင်ကျန်နေတုန်း။
“ငါ အဝတ်လဲချင်တယ်”
သူ့အသံက ဆုံးဖြတ်ချက်ချထားတဲ့ အသံမျိုး။
အစေခံရှေ့မှာ သူ့ခန္ဓာကိုယ်ကို လှစ်ဟပြဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတာ သူတို့ကတိကို ချိပ်ပိတ်လိုက်တာပဲ။ သူ နောက်ထပ်နှစ်နှစ် အသက်ရှင်သန်ဦးမယ်။
မူဂယောမ် အဝတ်ဗီရိုထဲက သူ့အဝတ်အစားအသစ်တွေကို ယူထုတ်ပေးလိုက်တယ်။
အွန်းဆောက အင်္ကျီအဖြူတွေနဲ့ ဝတ်စုံတွေပဲ ယူလာတာ။ တခြားဘာမှမပါလာဘူး။
အစကတည်းက သေဖို့အတွက် စီစဉ်ထားတဲ့ လူတစ်ယောက်လိုမျိုးပဲ။
အွန်းဆောက သူ့ခေါင်းကို ငုံ့ရင်း မျက်လုံးမှိတ်လိုက်တယ်။
မူဂယောမ် သူ့ရှေ့မှာ ထိုင်လိုက်ပြီး သူ့အပေါ်အင်္ကျီက ဖဲပြားကို စဖြေလိုက်တယ်။
သူ အွန်းဆောအပေါ် ဘာမှမခံစားရဘူး။
သူသာ မိန်းကလေးတွေအပေါ် လိုလားတပ်မက်မိရင် သူ့အပေါ်ကို ပစ်ဝင်တတ်တဲ့ အထက်တန်းလွှာအမျိုးသမီးတွေ ကိုယ်လုပ်တော်တွေနဲ့ ပျော်ပါးခဲ့မိတာပေါ့။
ပြီးတော့ လူတစ်ယောက်ကို သူ့အလိုဆန္ဒနဲ့ ဆန့်ကျင်ပြီး အတင်းအကျပ် တွန်းအားပေးဖို့လည်း သူ စိတ်ကူးမရှိဘူး။
ဘာလို့လဲဆိုတော့ သူက ဒီလိုပဲ မွေးဖွားလာခဲ့တာ။
အထက်တန်းလွှာအမျိုးသားက သူ့အမေကို အဓမ္မပြုကျင့်ပြီး သူ့ကို ကိုယ်ဝန်ရလာခဲ့တာကြောင့်ပဲ။
အထက်တန်းလွှာအမျိုးသားတစ်ယောက် ပြစ်မှုကျူးလွန်ခဲ့တဲ့ ရလဒ်အနေနဲ့ သူ ဒီကမ္ဘာလောကထဲကို ရောက်လာခဲ့တယ်။
အထက်တန်းလွှာမမလေးတစ်ယောက်အပေါ်ကိုသာ သူ ဒီလိုပြန်ကျူးလွန်ပြီး ကိုယ်ဝန်ရစေမယ်ဆိုရင် သူ့အတွက် အဓိပ္ပာယ်မှမရှိတာ။
မူဂယောမ်က သူ့ကိုယ်သူ ဒီလိုသားရဲကောင်တွေထက်တော့ ပိုအသိဉာဏ်ရှိတယ်လို့ ထင်တယ်။
သူ့အပေါ်အဝတ်ကို ချွတ်ပြီးတာနဲ့ သူ့ရဲ့ စကတ်ကို စချွတ်ပေးလိုက်တယ်။
သူ့ဝတ်စုံရှည်အောက်မှာ အတွင်းခံအဝတ်တွေ ဝတ်ထားသေးတုန်းပဲ။
ဒါပေမဲ့ သူ့အတွင်းခံအဝတ်အစားတွေက အသားပါးတာကြောင့် ဖုံးကာထားတဲ့ အသားအရေက ဝင်းပနေတာပဲ။
မူဂယောမ် သူ့ကို အဝတ်လဲပေးနေတုန်း သေချာမကြည့်မိအောင် အကောင်းဆုံး ကြိုးစားတယ်။
သူလဲပေးနေတုန်း အွန်းဆောကလည်း စကားတစ်လုံးမှ မဟဘူး။
သူ့ပါးစပ်ကိုပဲ တင်းတင်းစေ့ထားတယ်။ သူ့နှာခေါင်းက ထွက်လာတဲ့ အသက်ရှူသံကို မူဂယောမ် ကြားနေရတယ်။
အွန်းဆောက အဲဒီနောက်သိပ်မကြာခင် အိပ်ပျော်သွားခဲ့တာပဲ။
နေ့လယ်ခင်းပဲရှိသေးပေမဲ့ ရေတွင်းကို တွားသွားခဲ့ရတဲ့ တစ်လျှောက်လုံး ပင်ပန်းသွားခဲ့တာ ဖြစ်မယ်။
မူဂယောမ် သူ့အဝတ်အစားတွေကို လဲလို့ပြီးတာနဲ့ သူ အိပ်ပျော်သွားခဲ့တာ။
မူဂယောမ် သူအိပ်ပျော်ပြီးတဲ့နောက်ပိုင်း သူ့ဘေးမှာ နေရင်း သူ့ကို စောင့်ကြည့်ပေးခဲ့တယ်။
အွန်းဆောက နောက်နှစ်နှစ်ထပ်ရှင်သန်မယ်လို့ သူ့ကို ပြောခဲ့ပေမဲ့ ဒီမမလေးကို တစ်ယောက်တည်း ချန်ထားခဲ့ရမှာကို သူ စိတ်ပူတုန်းပဲ။ သူ ထွက်သွားတုန်းမှာ တစ်ခုခုလုပ်မလားဆိုတာ မသေချာတာကြောင့် တခြား ဘာမှမလုပ်နိုင်ဘဲ အဲဒီနေရာမှာပဲ ထိုင်နေရတယ်။
မူဂယောမ် သူ့ရင်ဘတ်ပေါ်က ပတ်တီးစည်းထားတဲ့ လက်ချောင်းတွေကို တစ်ချက် ကြည့်မိတယ်။
သူ တစ်ခါမှ လူတစ်ယောက်ကို မသနားခဲ့ဖူးဘူး။ သူကိုယ်တိုင်ရဲ့ အခြေအနေက တခြားသူတွေအပေါ် ဝမ်းနည်းဖို့အတွက် အရမ်းသနားဖို့ကောင်းလောက်အောင် နုံချာနေတယ်လို့ သူ တွေးခဲ့မိလို့ပဲ။
ဒါပေမဲ့ အခြေအနေက သူ့ထက်တောင် ဆိုးဝါးနေတဲ့ မိန်းကလေးတစ်ယောက်ရှိတဲ့အကြောင်း သူ သဘောပေါက်သွားတယ်။
ဘယ်သူကမှ သေဖို့ ဆုံးဖြတ်ချက်ကို ချနိုင်ကြတာ မဟုတ်ဘူး။
ဒီလိုဆုံးဖြတ်ချက်မျိုးက သူတို့ဘဝအဆုံးသတ်ကို ရောက်သွားတဲ့ လူတွေပဲ ချတတ်ကြတာ။
‘နင် မသိပါဘူး…နင် နားမလည်ဘူး…’
အွန်းဆော ရေကန်နားမှာ ဘယ်လိုငိုခဲ့လဲဆိုတာ သူ ပြန်သတိရမိတယ်။ သူ့ရင်ထဲမှာ စို့တက်လာတဲ့ ဝမ်းနည်းမှုက မျက်ရည်တွေအဖြစ်နဲ့ လျှံကျလာခဲ့တယ်။
“ငါ နားမလည်ဘူး”
အွန်းဆောပြောတာ အမှန်ပါပဲ။
ဒီမိန်းကလေးရဲ့ ရင်ထဲက ဝမ်းနည်းကြေကွဲမှုကို မူဂယောမ် မသိလောက်ဘူး။
သူ သိတယ်လို့ ထင်ခဲ့ပေမဲ့ သေချာတွေးကြည့်ပြီးတဲ့နောက်မှာ ဒီမိန်းကလေး ကျော်လွှားခဲ့တဲ့ နာကျင်မှုတွေ ဝေဒနာတွေကို သူ မသိဘူး။
သူ့ဝမ်းနည်းမှုကို နားလည်တယ်လို့ ထင်ခဲ့ပေမဲ့ အမှန်တကယ်မှာ သူ နည်းနည်းလေးမှ သိနားလည်တာ မဟုတ်ဘူး။
အဲဒါက ဘာလို့လဲဆိုတော့ အရင်က သူ တစ်ခါမှ လမ်းမလျှောက်နိုင်မဖြစ်ဖူးတာ။
သူ တစ်ခါမှ မတွေ့ကြုံဖူးတဲ့အရာကို သူ ဘယ်လိုလုပ် သိပါ့မလဲ။
သူ ခံစားခဲ့ရတဲ့ ဝမ်းနည်းမှုတွေနဲ့ ဒီမိန်းကလေး ခံစားခဲ့ရတဲ့ ဝမ်းနည်းမှုတွေက လုံးဝကြီး ကွာခြားနေတယ်လေ။
“ဒါပေမဲ့ ကျွန်တော်တို့ ခွေးချေးတွေနဲ့ လူးလှိမ့်နေရမယ်ဆိုရင်တောင် ဒီဘဝက အသက်ရှင်ဖို့ ထိုက်တန်တယ်လို့ ထင်တယ်”
သူ သေသွားခဲ့ရင် ဘယ်သူက သူ့ကို သတိရနေပေးမှာလဲ။
သူ အသက်ရှင်နေမှပဲ လူတွေက သူ့ကို သတိရကြမှာ။
သေပြီးတဲ့နောက်မှာ စကားလုံးလှလှတွေ နှစ်သိမ့်စကားတွေက ဘာအသုံးဝင်လို့လဲ။
“ရှင်သန်ရင်းနဲ့ ကောင်းတဲ့နေ့တွေ ရောက်လာမှာပေါ့။ ကောင်းကင်ရဲ့ အလိုက ပြောင်းလဲတတ်တာပဲ။ ဘယ်သူသိမလဲ။ မမလေးခြေထောက်လည်း တစ်နေ့ ပြန်ကောင်းသွားနိုင်တယ်လေ”
ဒါပေမဲ့ ကောင်းကင်ဘုံရဲ့ အလိုတော်က ဘယ်လိုပဲပြောင်းလဲပြောင်းလဲ သူ လမ်းပြန်လျှောက်နိုင်တယ်ဆိုရင်တောင် အစေခံတစ်ယောက်ကတော့ အစေခံပဲ ဖြစ်နေဦးမှာပဲ။
အံ့ဩဖွယ်ဖြစ်ရပ်မျိုးက အထက်တန်းလွှာတွေဆီမှာပဲ ဖြစ်တတ်တာလား။
ကောင်းကင်ဘုံက သူ့လိုမျိုး နိမ့်ကျတဲ့ အစေခံတစ်ယောက်အတွက် ကြိုးကို နှိမ့်ပေးပါ့မလား။ [2]
မူဂယောမ် သေးသေးသွယ်သွယ်၊ ပိန်ပိန်ပါးပါးနဲ့ အွန်းဆောရဲ့ ခါးကို လှမ်းကြည့်လိုက်မိတယ်။
သူ့ခါးက သေးသေးလေး။ သူ့ခေါင်းလေးကလည်း သေးတယ်။ ပြီးတော့ သူ့ကိုယ်လုံးကိုယ်ပေါက်ကလည်း သေးသွယ်ကျစ်လျစ်နေတာပဲ။
သူ့ရဲ့ ခန္ဓာကိုယ်ပိန်ပိန်လေးက သူ့ကိုယ်သူတောင် နိုင်ပါ့မလား။
“အထက်တန်းလွှာတွေက အရမ်းထူးဆန်းတယ်။ သူတို့ရဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းဖို့ကြောင့်နဲ့ သူတို့ကလေး သူတို့စွန့်ပစ်ကြတယ်”
သူ့ယောက္ခမတွေက ဒီလိုပြုမူတာကို သူ နားလည်နိုင်ပါသေးတယ်။
ဒါပေမဲ့ အမတ်မင်းယွန်းကို သူ နားမလည်နိုင်ဘူး။ အွန်းဆောက အမတ်မင်းယွန်းရဲ့ သမီးမဟုတ်ဘူးလား။
ဒီလိုအခြေအနေမျိုးနဲ့ သူ့သမီးကို ဘာလို့ လက်ထပ်ခိုင်းရတာလဲဆိုတာ သူ နားမလည်နိုင်ဘူး။ ပြီးတော့ သူ စွန့်ပစ်ခံရပြီး ပြန်လာတဲ့အချိန်မှာ ဘာလို့ ဒီလိုမျိုး ကျေးလက်ဒေသကို ကန်ထုတ်လိုက်တာလဲ။
ဒီလိုစွန့်ပစ်လိုက်ရင် သူ့ဘဝသူ အဆုံးသတ်သွားနိုင်တယ်ဆိုတာ သူ တကယ် မမျှော်လင့်ထားဘူးလား။
‘တကယ်တော့…သူက အဲဒါကို လိုချင်တာ ဖြစ်နိုင်တယ်…’
သူ့သမီးကို ကျေးလက်ဒေသကို သွားဖို့ တွန်းအားပေးလိုက်တာနဲ့ အမတ်မင်းယွန်းက သူ့သမီးကို ရှင်သန်မှုအစား သေဆုံးမှုကို ရွေးချယ်ဖို့ အရိပ်ပြခဲ့တာ ဖြစ်နိုင်တယ်။
သူ့သမီးဖြစ်တဲ့သူက ယောက္ခမတွေရဲ့ အိမ်က ကန်ထုတ်ခံလိုက်ရရင် ဘယ်အထက်တန်းလွှာကများ ပျော်နေလိမ့်မလဲ။
သူတို့မရှိတာက ပိုကောင်းတယ်လို့ တွေးထင်နိုင်တာပေါ့။
အဲဒါကြောင့် သူ့ကို ဒီပို့ခဲ့တာပဲ။ အရိပ်အမြွက်ပေးတာကို သတိထားမိတဲ့ အွန်းဆောကလည်း ရေတွင်းထဲကို ခုန်ချဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီလိုဆိုရင် ဒါတွေအကုန်လုံးက ယုတ္တိရှိသွားပြီ။
အိမ်တော်ထိန်းအိုကြီးနဲ့ သူ…။ သူတို့နှစ်ယောက်ကပဲ ဒီအိမ်ကြီးကို စောင့်ရှောက်ပေးနေရတာ။ သူ့သမီးကို သူ့လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းပေးမဲ့ အစေခံတစ်ယောက်တောင် မပါဘဲ ဘာလို့ ဒီအိမ်ကို လွှတ်လိုက်လဲဆိုတာ သူ နားလည်သွားပြီ။
အထက်တန်းလွှာမိန်းကလေးတစ်ယောက်ကို အစေအပါးတစ်ယောက်တောင် မပါဘဲ ကျေးလက်ဒေသဘက် လွှတ်လိုက်တယ်ဆိုတာ သူ အကြာကြီး အသက်မရှင်ဘူးဆိုတာ သူတို့သိလို့ပဲ။ ဒီအစေခံအပိုက သူ့သမီးသေဆုံးမဲ့ လမ်းကြောင်းကို ဝင်ရှုပ်နိုင်တယ်လို့ တွေးပုံရတယ်။
နားလေးနေတဲ့ အစေခံအိုကြီးနဲ့ ယောက်ျားလေးအစေခံတစ်ယောက်တည်းသာ ရှိတဲ့ အိမ်ကြီးမှာ သူ့သမီးကို နေခိုင်းလိုက်ရင် ကိုယ့်ဘာသာ သတ်သေနိုင်မယ်လို့ ထင်နေမှာပေါ့။
“လူတွေက တော်တော်ရက်စက်ကြတာပဲ…”
သူတို့ဂုဏ်သတင်းက သူတို့သားသမီးအရင်းထက် ပိုအရေးပါတယ်လို့ ဒီအထက်တန်းလွှာတွေက ထင်ကြတာလား။
အရင်မျိုးဆက်တွေလိုမျိုးပဲ ပညာမဲ့အစေခံတစ်ယောက်ဖြစ်တဲ့ သူ့အမေတောင် သူ့အလိုနဲ့ဆန့်ကျင်ပြီး မူဂယောမ်ကို ကိုယ်ဝန်ရခဲ့ပေမဲ့ သူ့ဗိုက်နဲ့ လွယ်ထားရတဲ့ ကလေးကို ဘယ်လိုတန်ဖိုးထားရမလဲဆိုတာ သိခဲ့သေးတယ်။ အစေခံတစ်ယောက်ရဲ့ သားဆိုပေမဲ့ သူက မြတ်နိုးတန်ဖိုးထားခံခဲ့ရတယ်။
သူ လက်ထပ်ခဲ့တဲ့ အမျိုးသမီးက တခြားအမျိုးသားတစ်ယောက်ရဲ့ ကိုယ်ဝန်ကို လွယ်ခဲ့ရမှန်း သိတာတောင် သူ့အဖေက သူ့ကိုယ်ပိုင်သွေးသားတွေထက်တောင် သူ့ကို ကောင်းကောင်းဆက်ဆံပေးသေးတယ်။
အဲဒီလူက သူ့မွေးဖခင်မဟုတ်ပေမဲ့ သူ့ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ အဖေပဲ။
ဒါပေမဲ့ သူတို့ရဲ့ အစေခံဆိုတဲ့ နိမ့်ကျတဲ့ အဆင့်အတန်းကြောင့် သူတို့က သူ့ကို အများကြီး မကူညီနိုင်ခဲ့ဘူး။
ဒီလိုဆိုပေမဲ့ သူတို့က သူ့အပေါ် ဘယ်တော့မှ မျက်နှာလွှဲခဲပစ် မလုပ်ခဲ့ကြဘူး။
နိမ့်ကျတဲ့ အစေခံတွေတောင် သူတို့ကလေးကို ဘယ်လိုတန်ဖိုးထားရမလဲဆိုတာ သိသေးရင် ဒီအထက်တန်းလွှာတွေက ဘာလို့ သူတို့ကလေးကို သေမင်းခံတွင်းဝဆီ တွန်းပို့ကြတာလဲ။
“မမလေး လမ်းလျှောက်နိုင်မှ ဖြစ်မယ်။ မမလေးရဲ့ ခြေထောက်နှစ်ချောင်းနဲ့ လမ်းလျှောက်ပြီး ဟန်ယန်းကို ယုံကြည်ချက်ရှိရှိ ပြန်ပါ။ ဒီလိုဆိုရင် မမလေး ပိုခံစားရသက်သာလာမှာ မဟုတ်ဘူးလား”
သူ ထပ်တွေးမိလိုက်တဲ့အချိန်မှာ ရုတ်တရက် ရွံ့ရှာမှုနဲ့ ပြည့်လျှံလာရတယ်။
သူတို့က မူဂယောမ်နဲ့ အိမ်တော်ထိန်းအိုကြီးပဲ နေထိုင်တဲ့ နေရာတစ်နေရာမှာ သူတို့သမီးကို သွားသေဖို့ လွှတ်ခဲ့ကြတာ။ သူသေပြီးရင် မူဂယောမ်နဲ့ အိမ်တော်ထိန်းအိုကြီးကိုလည်း သေအောင် လုပ်ကြမှာမလား။
အင်း၊ သူတို့သမီးကိုတောင် သူတို့ သတ်နိုင်ကြမှတော့ အစေခံတွေကို သတ်ဖို့အတွက် ဘာလို့ တွန့်ဆုတ်နေမှာလဲ။
“မမလေး ရှင်သန်ရမယ်။ ဒီလိုမှ ကျွန်တော်လည်း ရှင်သန်နိုင်မှာပါ။ ကျွန်တော်တို့နှစ်ယောက်လုံး ရှင်သန်ဖို့ ကြိုးစားသင့်တယ်လို့ မမလေး မထင်ဘူးလား”
ဖြစ်နိုင်မယ်လို့ သူ မထင်ခဲ့ပေမဲ့ မူဂယောမ်နဲ့ အွန်းဆောက လှေတစ်စီးတည်းမှာ စီးနေရတာပဲ။ သူ့ရဲ့ ကိုယ်ပိုင်အသက်ရှင်ခွင့်က အွန်းဆောအပေါ် မူတည်နေတာကြောင့် သူ ဒီမိန်းကလေးကို ကူညီရလိမ့်မယ်။
နောက်နှစ်နှစ်အတွင်းမှာ လမ်းမလျှောက်နိုင်ရင် လျှာကိုက်ပြီး သေမယ်လို့ ပြောတဲ့ သူ့ကြောင့် လုံးဝ မဟုတ်ဘူး။
သေချာပေါက် ဒီလိုမဟုတ်ဘူး။
**********
SWARA WEBNOVEL TRANSLATION
[1] အရင်တုန်းက ကိုရီးယားရဲ့ လက်သည်းဆိုးနည်းက ပန်းပွင့်အဖတ်လွှာ(လိမ္မော်ရောင်ဖျော့ဖျော့) တွေကို ချေပြီး ရှာလကာရည်နဲ့ ရောတာပါ။ ပြီးတော့မှ သူတို့လက်ချောင်းထိပ်ကို ဆိုးပြီး လက်သည်းမှာ စိမ့်ဝင်သွားအောင် ဝါဂွမ်းနဲ့ ခဏလောက် ချည်ထားပါတယ်။
အဲဒီလိမ္မော်ရောင်က ပထမဆုံးနှင်းကျတဲ့ အချိန်အထိ ခံခဲ့မယ်ဆိုရင် အဲဒီမိန်းကလေးက သူတို့အချစ်ဦးနဲ့ တွေ့ရလိမ့်မယ်ဆိုတဲ့ အယူလည်း ရှိပါတယ်တဲ့။
[2] နေလုံးကြီးနဲ့ လမင်းကြီး ပေါ်ပေါက်လာတဲ့ ကိုရီးယားရိုးရာပုံပြင်တစ်ခုကို reference ထားတာ ဖြစ်ပါလိမ့်မယ်။ အတိုချုပ်ပြောရရင် မောင်နှမနှစ်ယောက်က ကျားလိုက်ခံရတာကြောင့် ဘုရားသခင်ကို အကူအညီတောင်းခံကြပါတယ်။ ကောင်းကင်ဘုံပေါ်ကနေ ကြိုးရှည်ကြီးတစ်ချောင်း ချပေးခဲ့တာနဲ့ ကလေးတွေလည်း အပေါ်ကို စတက်ခဲ့ကြတာပေါ့။ ကျားကြီးကလည်း လိုက်ဆုတောင်းတဲ့အခါ သူ့အတွက်ပါ ကြိုးတစ်ချောင်းကို ချပေးပါတယ်။ သူတို့အပေါ်ကို တက်လာကြတဲ့အခါမှာ ကျားကြီးရဲ့ ကြိုးက ဆွေးမြေ့သွားတာကြောင့် ပြတ်ထွက်သွားပါတယ်။ ကျားကြီး ပြုတ်ကျသေဆုံးသွားတဲ့အချိန် မောင်နှမနှစ်ယောက်ကတော့ ကောင်းကင်ဘုံကို ဆန်တက်ပြီး နေလုံးကြီးနဲ့ လမင်းကြီးဆိုပြီး ဖြစ်သွားကြတာပါပဲ။