Chapter 2 - Part 2
မမလေး
အပိုင်း (၂.၂)
Author – MaNyong (마뇽)
Translator – Galene, Marilee
*******
“ဆေးက ခါးတယ်…”
အွန်းဆောက ညစာစားချိန်မတိုင်ခင်လေးမှာ နိုးလာခဲ့တယ်။
အချိန်အကြာကြီး တစ်ရေးအိပ်ပြီးတဲ့နောက်မှာ သူ့အသားအရောင်က တော်တော်ပိုကောင်းလာပါပြီ။
နောက်ဆုံးတော့ သူ ယုံကြည်အားထားရတဲ့ လူတစ်ယောက်ကို ရှာတွေ့သွားတာကြောင့်လား။ ဒါမှမဟုတ် သူ့ကိုယ်သူ သတ်သေချင်တဲ့ အတွေးမျိုး မရှိတော့တာကြောင့်လား။ သူ့မျက်လုံးတွေက အခုဆိုပိုပြီး စိတ်အေးလက်အေး ဖြစ်လာပြီ။
အွန်းဆော မူဂယောမ်ဆီက ဆေးကို သောက်လိုက်တယ်။ ခါးသက်လွန်းတာကြောင့် သူ မော့သောက်ဖို့ကို တော်တော်ကြိုးစားလိုက်ရတယ်။ အွန်းဆောက ခါးတဲ့ ဘယ်အစားအသောက်မဆို မုန်းတဲ့အကြောင်း အိမ်တော်ထိန်းအိုကြီးက သတိပေးဖူးတာကို သူ ပြန်သတိရသွားတယ်။
“သက်သာဖို့အတွက်ဆိုရင် ဆေးသောက်မှရမယ်”
“ဒီဆေးနဲ့ ပြန်ကောင်းလာပါ့မလားတောင် မသေချာဘူး”
အွန်းဆောက နောက်တစ်ငုံ သောက်လိုက်ပြီး သူ့ခေါင်းကို ဘေးစောင်းလိုက်တယ်။
“ခါးလွန်းတယ်”
“ဆေးခါးတွေက ဆေးဝါးကောင်းပဲလို့ ကျွန်တော် ကြားဖူးပါတယ်”
“ကောင်းတယ်ဆိုရင် နင်က ဘာလို့ မသောက်တာလဲ”
အွန်းဆောက သူ့ကို စိုက်ကြည့်လိုက်တယ်။
“ကျွန်တော့်ခြေထောက်နှစ်ဖက်လုံးက သန်မာပါတယ်”
“ဘယ်လောက်တောင် ကောင်းလိုက်လဲ။ နင့်ခြေထောက်နှစ်ဖက်လုံးက ကောင်းနေတာဆိုတော့…”
သူ့အသံက ခါးသက်သက်ဖြစ်နေသလိုပဲ။
ဟေး၊ သူက ဘာလို့ မူဂယောမ်ကို မုန်းတီးနေရတာလဲ။
သူ အွန်းဆောကို စိတ်ရှုပ်ထွေးသလို စိုက်ကြည့်လိုက်မိတယ်။
သူ့ခြေထောက်တွေ ဒီလိုဖြစ်သွားရတာ သူ့အပြစ်လား။
ဒါမှမဟုတ် ခြေထောက်အကောင်းနှစ်ဖက် ပိုင်ဆိုင်ထားရတာက အပြစ်တစ်ခု ဖြစ်နေပြီလား။
“ခြေထောက်နှစ်ဖက်လုံး သန်စွမ်းနေတာ ကောင်းမှာပဲ”
ဒီစကားကို ပြောလိုက်တဲ့ အွန်းဆောရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်လျှံနေတာပဲ။
သူက မျက်ရည်မကျအောင် ထိန်းဖို့ ကြိုးစားနေရင်း သူ့ရဲ့ နှုတ်ခမ်းဖောင်းဖောင်းလေးကို ကိုက်ထားတယ်။
ကြောင်တောင်တောင်ဖြစ်သွားရတဲ့ မူဂယောမ်တစ်ယောက် အမြန် ပါးစပ်ဟလိုက်ရတယ်။
မမလေးကို ချော့မော့ဖို့ သူ တစ်ခုခုပြောရမယ်လေ။
“ကျွန်တော်…မမလေး ဆေးသောက်လို့ပြီးရင် လမ်းလျှောက်ရအောင် ခေါ်သွားပေးပါ့မယ်”
အွန်းဆောရဲ့ စိုစွတ်နေတဲ့ မျက်လုံးတွေက အဝိုင်းသား။
“ဒီ…ဒီနေ့လား”
ကိစ္စတွေက ဒီလိုဖြစ်လာပြီဆိုမှတော့ နောက်ပြန်လှည့်လို့ မရတော့ဘူး။
“ဟုတ်ကဲ့၊ ဒီနေ့ပါ”
အွန်းဆောက ဆေးပန်းကန်လုံးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း နှုတ်ခမ်းနားကို တေ့လိုက်တယ်။
ဆေးတွေ အကုန်သောက်ပြီးချိန်အထိ သူ့နှုတ်ခမ်းကို ပန်းကန်လုံးနဲ့ မခွာခဲ့ဘူး။ မူဂယောမ် သူ့ကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းဝက ရယ်သံတစ်ချက် ထွက်လာတယ်။
အွန်းဆောက ဒီလိုစိတ်ဆုံးဖြတ်ထားတဲ့ ဟန်နဲ့ ဆေးသောက်နေတာကို မူဂယောမ် မြင်တွေ့ရချိန်မှာ ဒီမမလေးက သိပ်ခေါင်းမာတာပဲလို့ သူ ခံစားမိသွားတယ်။
***
“ဒါက လမ်းလျှောက်တာလား”
အွန်းဆောရဲ့ မျက်လုံးတွေ၊ အသံနေအသံထားနဲ့ မျက်နှာပေါ်မှာ မကျေနပ်ချက်တွေက အထင်းသား။
သူ လမ်းလျှောက်တာကို ကူညီဖို့အတွက် မူဂယောမ်က အွန်းဆောရဲ့ ခြေထောက်ကို သူ့ခြေပေါ်မှာ တင်ပြီး သူ့ခါးကို ကိုင်ပေးထားရတယ်။
အွန်းဆောက ဘာမှတောင် မလုပ်ခဲ့ဘူး။
လမ်းလျှောက်ဖို့အတွက် သူ့ခြေထောက်ကိုတောင် သူ ဖိစရာမလိုဘူး။ ဘာမှကို ကြိုးစားဖို့ မလိုတာ။
အွန်းဆောရဲ့ ခြေထောက်တွေက မူဂယောမ်ရဲ့ ခြေထောက်တွေနဲ့ ပူးကပ်နေပြီး သူ့ခါးကလည်း သူ့ရဲ့ ပွေ့ဖက်ထားတာကို ခံနေရချိန် မူဂယောမ်က ခြံဝင်းအတွင်းမှာ ဖြည်းဖြည်းချင်း လမ်းလျှောက်နေတယ်။
“ငါ စာခြောက်ရုပ်တစ်ရုပ် ဖြစ်သွားသလို ခံစားရတယ်”
အွန်းဆောက ဒီလိုပြောခဲ့ပေမဲ့ သူ့ပုံက ဒေါသထွက်တဲ့ပုံမရှိဘူး။
အမှန်အတိုင်း ပြောရရင် သူ့ကြည့်ရတာ သဘောကျတဲ့ ပုံတောင် ပေါက်နေသေးတယ်။
မူဂယောမ်လို သူစိမ်းယောက်ျားလေးတစ်ယောက်က သူ့ခါးကို ကိုင်ထားတာ စိတ်အနှောင့်အယှက်ဖြစ်လောက်ပေမဲ့ သူ့မျက်နှာထားမှာ လုံးဝမပေါ်ဘူး။
“စာခြောက်ရုပ်က လမ်းလျှောက်နိုင်သရွေ့ ကိစ္စမရှိဘူးမလား”
“နင့်နာမည်က ဘာလို့ ပြောတာ”
သူ့ကြည့်ရတာ ဉာဏ်ကောင်းတယ်လို့ ထင်ရပေမဲ့ ဒီမမလေးက ဘာလို့ သူ့နာမည်ကို မှတ်တဲ့နေရာမှာ အခက်တွေ့နေတာလဲ။
“မူဂယောမ်ပါ”
“ဟုတ်သားပဲ၊ မူဂယောမ်နော်”
“မနက်ဖြန် ကျွန်တော့်ကို နောက်တစ်ခါ ထပ်မေးဦးမှာပါလား”
“ငါ့မှတ်ဉာဏ်က အဲဒီလောက် မဆိုးသေးပါဘူး။ နင့်အသက်က ဘယ်လောက်လဲ”
“နှစ်ဆယ့်ခြောက်နှစ်ပါ”
“ဒါပေမဲ့ နင်က လက်မထပ်ရသေးဘူး”
“အစေခံတစ်ယောက်က ဘယ်လိုလုပ်ပြီး သခင်ဖြစ်သူရဲ့ ခွင့်ပြုချက်မရှိဘဲ လက်ထပ်လို့ ရမှာပါလဲ”
“နောက်နှစ်နှစ်ပဲ ထပ်စောင့်။ ငါ ဒီနှစ်နှစ်အတွင်း တကယ် လမ်းလျှောက်နိုင်မယ်ဆိုရင် နင် လက်ထပ်ဖို့ကို ကူညီပေးမယ်”
တွေးပေးတာအတွက်တော့ သူ ကျေးဇူးတင်မိပေမဲ့ တကယ် လက်မထပ်ချင်သေးဘူး။
ဒါပေမဲ့ သူသာ အဲဒီလိုပြန်ပြောလိုက်ရင် ဘာလို့ ဒီလိုခံစားရတာလဲဆိုတာ ပြန်အမေးခံရဦးမယ်။
အဲဒီလိုဆို ကရိကထများမှာ။
မူဂယောမ်က အဲဒီအကြောင်း ပြောရတာ စိတ်ကုန်နေပြီဖြစ်တာကြောင့် သူ့ပါးစပ်ကိုပဲ ပိတ်ထားမိတော့တယ်။
“နေဦး”
ရုတ်တရက် အွန်းဆောက မူဂယောမ်ရဲ့ လက်မောင်းကို လှုပ်ယမ်းလိုက်တယ်။
“ခဏလေးရပ်ဦး”
“မမလေး ပင်ပန်းလာသလို ခံစားရလို့လား”
“မဟုတ်ဘူး။ နေဝင်ချိန်က အရမ်းလှလို့”
မူဂယောမ် သူ့ခေါင်းကို မော့ကြည့်လိုက်တယ်။
အုတ်ကြွပ်အမိုးတွေနဲ့ နံရံတွေရဲ့ အကျော်မှာ သူရိန်နေမင်းကြီးက တောင်ကုန်းကြီးပေါ်ကို ရောက်ရှိလာတာနဲ့ ကောင်းကင်ယံကြီး အနီရောင်သန်းလာတာကို သူတို့ မြင်တွေ့ရပြီ။
အခုအချိန်အထိ မူဂယောမ်က နေဝင်ချိန်ကို လှတယ်လို့ မတွေးခဲ့ဖူးဘူး။ မဟုတ်သေးဘူး၊ သူ ခဏလောက် ရပ်တန့်ပြီး နေဝင်ချိန်ကို တစ်ခါမှ မမြင်ဖူးသလို ကြည့်လိမ့်မယ်လို့ မတွေးခဲ့ဖူးတာ။
ဒါပေမဲ့ သူ့ဘဝမှာ ပထမဆုံးအကြိမ်အနေနဲ့ နေဝင်ချိန်က လှတယ်လို့ သူ ခံစားရတယ်။
အွန်းဆော ပြောတဲ့အတိုင်းပဲ နေဝင်ချိန်က တကယ်လှတယ်။
ပြီးတော့ နေဝင်ဆည်းဆာက အကုန်လုံးကို အနီရောင်နဲ့ ရွှဲရွှဲစိုစေတာကြောင့် ဘေးပတ်လည်က အရာတိုင်းကလည်း လှပနေကြသလိုပဲ။
အဲဒါကြောင့်ပဲ အွန်းဆောက ဒီအခိုက်အတန့်မှာ အရမ်းလှနေတာ ဖြစ်လိမ့်မယ်။
ပြီးတော့ နေဝင်ချိန်ကြောင့်။
မဟုတ်ရင် ဒီမိန်းကလေးက ဘာလို့ အရမ်းလှနေတယ်လို့ သူ ထင်မိမှာလဲ။
မူဂယောမ်နဲ့ အွန်းဆော အဲဒီနေရာမှာပဲ အချိန်အကြာကြီး မတ်တတ်ရပ်နေခဲ့ကြတယ်။
သူ့ဘာသာ သူ ရပ်နေတာ မဟုတ်ပေမဲ့ အွန်းဆော သူ့ခြေထောက်မှာ သူ ရပ်နေတာကို သဘောကျတယ်။ ပြီးတော့ မူဂယောမ်ကလည်း နေဝင်သွားတဲ့ ညနေဆည်းဆာရှုခင်းကို ကြည့်ရတာ သဘောကျနေတဲ့ပုံပဲ။
ဒါကြောင့် နေလုံးကြီး တောင်ကုန်းနောက်ကို တစ်စတစ်စ ပျောက်ကွယ်သွားတဲ့အချိန်အထိ သူတို့နှစ်ယောက်သား အဲဒီမှာ အကြာကြီး မတ်တတ်ရပ်ကြည့်နေခဲ့ကြတယ်။
***
နောက်နေ့ မူဂယောမ် အရုဏ်တက်ချိန်မှာ ထလိုက်ပြီး အွန်းဆော မထသေးခင်မှာ ကြိုးကြိုးစားစား အလုပ်စလုပ်ရတယ်။
အရင်တုန်းက မသန်စွမ်းယောကျ်ားလေးတစ်ယောက်က လမ်းပြန်လျှောက်နိုင်တာကို သူ မြင်ဖူးတယ်။
အဲဒီတုန်းက သူ တခြားစီရင်စုတစ်စုမှာ နေ,နေတာ။ အရင်တုန်းက အဲဒီလူက လက်သမားဆရာဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကံမကောင်းတဲ့ မတော်တဆမှုတစ်ခုကြောင့် သူ့ခြေထောက်နှစ်ဖက်လုံးကို မသုံးနိုင်တော့ဘူး။
သူ့အသက်က လေးဆယ်လောက်ရှိပြီး ဇနီးငယ်ငယ်လေးတစ်ယောက်ရယ် ကလေးသုံးယောက်ရယ်ကို သူ ရှာကျွေးနေရတယ်။
လက်သမားတစ်ယောက်အဖြစ် အလုပ်ဆက်မလုပ်နိုင်တော့တဲ့ အချိန်မှာ အဲဒီလူရဲ့ အခြေအနေက အလူးအလဲပဲပေါ့။ သူ့မိသားစုက အဆာလွန်ပြီး သေရင်သေ၊ မဟုတ်ရင် သူ့ကိုယ်သူ အထက်တန်းလွှာတစ်ယောက်ရဲ့ အစေခံအဖြစ် ရောင်းချလိုက်ရတော့မလိုပဲ။
ဒီကံကြမ္မာကို ရှောင်လွှဲဖို့အတွက် အဲဒီလူက အံ့ဩဖို့ကောင်းအောင်ပဲ သုံးလအတွင်း လမ်းပြန်လျှောက်နိုင်ခဲ့တယ်။
အဲဒီမသန်စွမ်းလူက ယောက်ျားလေးတစ်ယောက်ဆိုပေမဲ့ ဘာမှမကွာပါဘူး။ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်စေ သူတို့လမ်းလျှောက်ချင်တဲ့ စိတ်ဆန္ဒရှိသရွေ့ အခွင့်အရေးဆိုတာ အမြဲ ရှိလာမှာပဲ။
သူ့မှာ သတ်သေရဲတဲ့ သတ္တိရှိတယ်ဆိုရင် လမ်းပြန်လျှောက်နိုင်ဖို့အတွက် သတ္တိကိုလည်း ရှာနိုင်မှာပဲ။
အဲဒီလက်သမားက လမ်းပြန်လျှောက်နိုင်ဖို့ ဘာတွေလုပ်ခဲ့လဲဆိုတာကို မူဂယောမ် တစ်ညလုံး ပြန်စဉ်းစားကြည့်ခဲ့တယ်။ အရုဏ်တက်ချိန်ရောက်တဲ့အခါမှာတော့ သူ ထလိုက်ပြီး အွန်းဆောအတွက် တစ်ခုခုပြင်ဆင်ပေးဖို့ စတင်လိုက်တယ်။
လက်သမားက မတော်တဆမှုကြောင့် သူ့ခြေထောက်ကို အသုံးပြုနိုင်စွမ်း ဆုံးရှုံးခဲ့ရချိန်မှာ အွန်းဆောက ယန်ဓာတ်ချို့တဲ့မှုကြောင့် လမ်းမလျှောက်နိုင်တော့မှန်း သူ သိတာပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံးက လမ်းမလျှောက်နိုင်တာတော့ အတူတူပဲလေ။
ဒါပေမဲ့ သူတို့ လုပ်နိုင်သမျှအကုန် လုပ်ကြည့်ဖို့ လိုတယ်။
မူဂယောမ် တိုင်တွေ လုပ်ပြီး ခြံဝင်းထဲမှာ စိုက်ပေးထားလိုက်တယ်။ တိုင်တွေရဲ့ ထိပ်မှာတော့ သူ ဝါးလုံးရှည်ကြီးတစ်ချောင်းကို တွဲထားလိုက်တယ်။
တိုင်လုံးတွေကြားမှာ လူတစ်ယောက်ဝင်နိုင်တဲ့အထိ သူ ခြားပေးထားတယ်။ ဝါးလုံးရှည်ကြီးတွေကိုတော့ လက်ရန်းအနေနဲ့ သူ ဆင်ပေးထားတာ။
“သူက နေ့တိုင်း ဒီလို လျှောက်တာပဲ။ သူ့ခြေထောက်က အနောက်က မြေကြီးပေါ်မှာ တရွတ်တိုက်ဆွဲနေရတယ်ဆိုရင်တောင် တစ်ရက်မပျက်ဘဲ လမ်းလျှောက်လေ့ကျင့်တယ်။ အစကတော့ သူ့လက်ကပဲ လှုပ်ရှားနိုင်ပြီး သူ့ခြေထောက်တွေက မြေကြီးပေါ်မှာ တရွတ်ဆွဲခံရသလို ဖြစ်နေပေမဲ့ အချိန်တစ်ခုကြာတဲ့အခါမှာတော့ သူ့ခြေထောက်ကို အရှေ့ကို အားယူဖို့ ကြိုးစားလိုက်တဲ့အချိန်မှာ တစ်လှမ်းချင်း တစ်လှမ်းချင်း စလျှောက်လာနိုင်တယ်”
လက်သမားကလည်း သူ့ကို ဒီလိုပြောခဲ့တာ။
သူ မှန်တယ်။
အွန်းဆောက လမ်းမလျှောက်နိုင်တာ လတွေအများကြီး ရှိနေပြီ။
မူဂယောမ်က သမားတော်တစ်ယောက် မဟုတ်ပေမဲ့ သူတောင် သိတယ်။
သူ ကြားသိခဲ့ရတဲ့သတင်းအရဆိုရင် နွေရာသီ သူ ဖျားခဲ့တဲ့အချိန်ကစပြီး လမ်းမလျှောက်နိုင်တော့ဘဲ တစ်ချိန်လုံး ထိုင်နေခဲ့ရတာ။
အဲဒါက လတွေအများကြီး ရှည်ကြာနေပြီ။
ဒေါင်ဒေါင်မြည် ကျန်းမာနေတဲ့ လူတစ်ယောက်တောင် အဲဒီလောက်အကြာကြီး လမ်းမလျှောက်ခဲ့ရဘူးဆိုရင် နောက်ဆုံးတော့ လမ်းဘယ်လိုလျှောက်ရမလဲဆိုတာ မေ့သွားကြလိမ့်မယ်။
အွန်းဆောရဲ့ ကိစ္စမှာ သူက အရိုးတစ်ချောင်းမှ မကျိုးသွားဘူးဆိုတော့ သူတို့လုပ်ရမှာက သူ့ခြေထောက်တွေနဲ့ လမ်းလျှောက်ရတာ ဘယ်လိုနေလဲဆိုတဲ့ ခံစားချက်ကို ပြန်သတိရအောင် ကူညီပေးရဖို့ပဲ။
သူက ဆေးလည်း ဆက်သောက်ပြီး လမ်းလျှောက်ကျင့်ရင်းနဲ့ သူ့ယန်စွမ်းအင်ကို အားပြန်ဖြည့်တင်းရမယ်။ ဒါတွေအကုန်လုံးသာ လုပ်မယ်ဆိုရင် သူ တကယ် လမ်းပြန်လျှောက်နိုင်တာပဲ။
အရင်တုန်းက သူ့ရဲ့ အထက်တန်းလွှာဆိုတဲ့ အဆင့်အတန်းကြောင့် ဒီလိုမလုပ်နိုင်ခဲ့ဘူးဆိုရင်တောင် အခု ဘယ်သူမှ သူ့ကို မကြည့်နေဘူးလေ။
ဒီအိမ်ကြီးက လူသူဝေးရာမှာ သီးသန့်ဆောက်ထားသလို ဖြစ်နေတာကြောင့် ဖြတ်သွားဖြတ်လာလည်း မရှိဘူး။ နံရံတွေကလည်း မြင့်လို့ ဘယ်သူကမှ သူတို့ကို မြင်နိုင်မှာ မဟုတ်ဘူး။
ဒါကြောင့် အွန်းဆောက သိမ်ငယ်သလို မခံစားရလောက်ဘူး။
လူတစ်ယောက်က ရှင်သန်ဖို့ အကောင်းဆုံးကြိုးစားနေတာ ဘာရှက်စရာကောင်းလို့လဲ။
“ငါ ဖိနပ်မစီးရတာတောင် တော်တော်ကြာခဲ့ပြီ။”
မူဂယောမ်က သူ့ခြေထောက်ကို ဖိနပ်စီးပေးနေတုန်း အွန်းဆောက ခါးသက်သက် ပြောလာတာ။ သူ လမ်းမလျှောက်နိုင်မှတော့ ဖိနပ်ဆိုတာလည်း မလိုအပ်ဘူးလေ။
ဒါတွေက သူ့ရဲ့ ပုံမှန်စီးနေကျ ဖဲဖိနပ်မဟုတ်ဘူး။ အဲဒီအစား သူက ကောက်ရိုးဖိနပ်ကိုပဲ စီးပေးထားတာ။ သူ့ဖဲဖိနပ်ထက်စာရင် ဒီကောက်ရိုးဖိနပ်က ပိုသက်သောင့်သက်သာဖြစ်လိမ့်မယ်လို့ သူ တွေးမိလို့ပဲ။
“ဒါကို နင် လုပ်ပေးခဲ့တာလား”
“တော်တော်ခိုင်တာမလို့ မစိုးရိမ်ပါနဲ့၊ မမလေး”
“ဒါတွေကို ငါ ဘာလုပ်ရမှာလဲ”
“ဒီနေ့ကစပြီး မမလေးက ကြိုးကြိုးစားစား လေ့ကျင့်တော့မယ်လို့ ကျွန်တော် ထင်ပါတယ်”
“ငါကလေ”
ဒီနေ့မနက်ခင်း မနက်စာက ယာဂုမဟုတ်ဘူး။ အဲဒီအစား သူ ထမင်းတစ်နပ်ကို သေချာ ကျွေးမွေးပြုစုခဲ့တယ်။ သူက ထမင်းပန်းကန်လုံးထဲကို ထမင်းတွေ တောင်ပုံရာပုံ ထည့်ထားတာ။ အွန်းဆော အဲဒါကို တွေ့တွေ့ချင်းပဲ တစ်ခုခုက ထူးဆန်းနေသလို သူ ခံစားခဲ့မိတယ်။
သူ အဲဒီလောက် အများကြီး မစားနိုင်တာတောင် မူဂယောမ်က ထမင်းပန်းကန်လုံးအပြည့်ကို ခေါင်းမာမာနဲ့ ကုန်အောင် စားခိုင်းတယ်။
အဲဒီအချိန်ကစပြီး အကုန်လုံးက ထူးဆန်းနေခဲ့တာပဲ။
သူ ပြုမူတဲ့ ပုံစံက ထူးဆန်းနေတယ်လို့ တွေးခဲ့မိပေမဲ့ အခုတော့ သူက ထူးထူးဆန်းဆန်းတွေ ပြုမူနေတဲ့အပြင် အွန်းဆောကိုလည်း ထူးထူးဆန်းဆန်း အရာတစ်ခုခု လုပ်ခိုင်းတော့မယ်လို့ စီစဉ်ထားတာမှန်း သူ သိလိုက်ရပြီ။
“ကျွန်တော့်ကျောပေါ် တက်လိုက်ပါ”
“နင့်ကျောပေါ်ကိုလား”
“သေချာတာပေါ့။ မမလေးက အဲဒီကို တစ်လျှောက်လုံး တွားသွားမလို့လား”
မူဂယောမ် ပြောတာ မှန်တယ်။
အဲဒီထူးဆန်းတဲ့ အရာတွေနဲ့ သူက အွန်းဆောကို ဘာလုပ်ဖို့ စီစဉ်ထားမှန်း သူ မသိပေမဲ့ အဲဒီကို ရောက်ချင်ရင် မူဂယောမ်ရဲ့ ကျောပေါ်မှာ အသယ်ခံသွားရမှ ဖြစ်မှာ။
အွန်းဆော သူ့ကျောပြင်ပေါ်မှာ နေရာယူပြီးတာနဲ့ မူဂယောမ်က မတ်တတ်ထရပ်တယ်။
မမလေး ဒီအိမ်ကို ပထမဦးဆုံး ရောက်တဲ့နေ့မှာလည်း သူ ဒီလိုပဲ တွေးခဲ့မိတာ။ သူ ဘယ်လောက်ပေါ့လွန်းနေလဲဆိုတာ မူဂယောမ် သတိရသွားတယ်။
သူက ပေါ့တာမှ ငှက်မွေးလေးတစ်ချောင်းလိုပဲ။
လူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်ပေါ့ပါးနိုင်တာလဲ။
အွန်းဆောက ပေါ့ပါးလွန်းတာကြောင့် လေနဲ့ လွင့်ထွက်သွားတော့မလိုတောင် သူ ခံစားရတယ်။
သူ့ရဲ့လက်က ခပ်သေးသေး၊ ခန္ဓာကိုယ်က သွယ်လျလျနဲ့ အရမ်းပေါ့လွန်းတယ်။
နှစ်နှစ်ကြာအောင် ဘုရားရှိခိုးကျောင်းကို နေ့တိုင်း အရုဏ်တက်ချိန်မှာ ဝတ်ပြုဆုတောင်းဖို့ သွားတယ်ဆိုတာ မယုံနိုင်စရာပဲ။
သူ ဒီလိုလုပ်ပြီးတဲ့အချိန်မှာ ဘယ်လို ခံစားခဲ့ရလဲ။
နှစ်နှစ်ကြာအောင် သူက မျက်နှာတောင် တစ်ခါမှ မမြင်ဖူးတဲ့ သတို့သားအတွက် ဘုရားရှိခိုးကျောင်းမှာ သွားဆုတောင်းပေးခဲ့တယ်။ သူ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားခဲ့ရမလဲ။
သူ နေမကောင်းတဲ့အထိ သူ့စိတ်နှလုံးကို ဒီအထဲကိုပဲ နှစ်ထားခဲ့တာ။
အဆုံးမှာတော့ သတို့သားရဲ့ မိသားစုက သူ့ကို ကန်ထုတ်ခဲ့တယ်လေ။
အွန်းဆော ဘယ်လိုခံစားခဲ့ရမလဲ။
သူသာ အွန်းဆောရဲ့သတို့သား ဖြစ်ခဲ့မယ်ဆိုရင် သူ့အတွက် ဒါတွေအကုန် ကျော်ဖြတ်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ကို စွန့်ပစ်လိုက်မှာ မဟုတ်ဘူး။
တစ်ခါမှမမြင်ဖူးတာတောင် ကောင်းကင်ဘုံကို သူ့ကိုယ်စား တောင်းပန်ပေးဖို့ နှစ်နှစ်ကြာအောင် နေ့တိုင်း ဘုရားရှိခိုးကျောင်းဆီ သွားပေးခဲ့တယ်လေ။ ဒီလိုမျိုး မိန်းကလေးတစ်ယောက်ကို သူက ဘာလို့ ဒီလိုမျိုး စွန့်ပစ်နိုင်တာလဲ။
သူ့ခန္ဓာကိုယ်တစ်ခုလုံးကို မလှုပ်ရှားနိုင်ရင်တောင် သူ့ကို ဂရုစိုက်ပြီး သူ့ဘေးမှာပဲ နေပေးမှာ။
မူဂယောမ် သူ့ကို တစ်ခါမှ မသိခဲ့ဖူးသလို ဟန်ဆောင်နေမှာ မဟုတ်ဘူး။
မူဂယောမ်က ကြင်နာတတ်တဲ့ နှလုံးသားနဲ့ အထက်တန်းလွှာတစ်ယောက်ပုံစံက ဘယ်လိုလဲဆိုတာ သူ မသိခဲ့ဘူး။
သူမှ အရင်က တစ်ခါမှ မမြင်ဖူးတာ။
အွန်းဆောက သူတစ်ခါမှ မမြင်တွေ့ဖူးတဲ့ သတို့သားကိုပဲ ချစ်မိသွားလို့လား။
လူတစ်ယောက်က သူတို့မမြင်ဖူးတဲ့ မျက်နှာပိုင်ရှင်တစ်ယောက်နဲ့ ချစ်ကျွမ်းဝင်နိုင်လား။
“ဒီအပေါ်မှာ တင်းတင်းကိုင်ထားဖို့ လိုတယ်”
မူဂယောမ်က အွန်းဆောရဲ့လက်နှစ်ဖက်လုံးကို တိုင်ပေါ် တင်ပေးလာတယ်။
“ငါ ကိုယ့်ဘာသာ မရပ်နိုင်ဘူး။”
အွန်းဆောရဲ့ လက်ကောက်ဝတ်တွေက လက်လျှော့သွားသလို တင်းတင်းရင်းရင်း မရှိဘူး။
အခုတော့ သူ့ဘာသာသူမလုပ်နိုင်သေးဘူးဆိုတာ မူဂယောမ် သိတယ်။
သူ အွန်းဆောကို ကူညီပေးဖို့ လိုတယ်။
အရင်ဦးဆုံး သူ့ကို ကူတွဲပေးထားရမယ်။
ဒါပေမဲ့ သူ တဖြည်းဖြည်း ကူပေးထားရာကနေ ခွာလိုက်ပြီး အွန်းဆောရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ အစားထိုးလိုက်မယ်လေ။
အလျင်လိုဖို့ မလိုပါဘူး။ သူတို့ဖြည်းဖြည်းပဲ သွားလည်း ရတယ်။ နှေးနှေးလေး။
ပြီးတော့ တစ်နေ့မှာ အွန်းဆောက တိုင်ကို သူ့ဘာသာ ကိုင်ရင်း လမ်းလျှောက်လာနိုင်လိမ့်မယ်။
ပြီးတော့ တိုင်တွေနဲ့ လမ်းလျှောက်တာ အသားကျသွားတယ်ဆိုရင် သူ့လက်ကိုတောင် လွှတ်ပြီး သူ့ဘာသာ ခြေထောက်နှစ်ချောင်းနဲ့ လျှောက်သွားနိုင်လိမ့်မယ်။
“ကျွန်တော် မမလေးရဲ့ ခါးကို ကိုင်ထားပေးပါ့မယ်။ ကျွန်တော် မမလေးကို သေချာကိုင်ထားပေးမှာမလို့ စိတ်မပူပါနဲ့။ မမလေး လုပ်ရမဲ့အရာက တိုင်တွေကို ကိုင်ပြီး ရှေ့တိုးသွားဖို့ပါပဲ”
“ဒါပေမဲ့ ငါ့ခြေထောက်တွေက မလှုပ်ဘူး”
“အနောက်ကနေ တရွတ်တိုက် ဆွဲသွားလို့ ရတာပဲ”
“အဲဒီလိုဆို လူကြည့်မကောင်းဘူး”
“ဒီမှာ မမလေးကို ကြည့်ဖို့ ဘယ်သူမှ မရှိပါဘူး။”
“နင်ကရော။ နင်တွေ့ရမှာပဲ။”
“အစေခံတစ်ယောက်က လူတစ်ယောက်လို့ ဘယ်လို စဉ်းစားနိုင်ပါ့မလဲ”
သူ့ပါးစပ်နဲ့ ဒီလိုထုတ်ပြောလိုက်တဲ့အခါ သူ နည်းနည်းတော့ မကျေမချမ်းဖြစ်မိတယ်။
အစေခံတစ်ယောက်ကို လူလို့ စဉ်းစားနိုင်ရဲ့လား။
အစေခံတစ်ယောက်ကို သူ့သခင်ရဲ့ ပိုင်ဆိုင်မှုလို့ပဲ သဘောထားကြတာ။
လူတစ်ယောက်မဟုတ်ဘူး။
ပြီးတော့ သူက လူတစ်ယောက်မဟုတ်တာကြောင့်ပဲ ရောင်းလို့ ဝယ်လို့ ရတဲ့ ပစ္စည်းတစ်ခု။
ရုတ်တရက် စိတ်ကူးပေါက်လာတာနဲ့ သူ အသတ်ခံရနိုင်တယ်။
“အစေခံတစ်ယောက်က လူတစ်ယောက်မဟုတ်ဘူးလို့ ဘယ်သူက နင့်ကို ပြောလို့လဲ”
အွန်းဆောက တိုင်ကို ဆုပ်ကိုင်ရင်း သူ့ညာလက်ကို အရှေ့ဘက် စရွှေ့တယ်။ သူ့လက်ကို ရှေ့တိုးပြီး သူ့ခြေထောက်တွေက သူ့နောက်က မြေပြင်ပေါ်ကနေ တရွတ်တိုက်ဆွဲလျက်ပါလာတယ်။ သူ့ကိုယ်သူ ရှေ့ကို ကြိုးစားတွန်းဖို့ ကြိုးစားနေတုန်း မူဂယောမ် နောက်ဆုတ်လိုက်တာပဲ။
သူတို့ကြားက အကွာအဝေးက ခြေတစ်လှမ်း အတိအကျပဲ။
မူဂယောမ် သူ့ခါးကို ကိုင်ထားပေးဖို့ လိုတယ်။ မဟုတ်ရင် သူက ဒီအရှိန်နှုန်းနဲ့ ရှေ့ဆက်သွားနိုင်မှာ မဟုတ်ဘူး။
နည်းနည်း နည်းနည်းချင်း အွန်းဆော ထွက်ခွာချိန်မှာ သူ့ရဲ့ ညာဘက်လက်ကလည်း အရှေ့တိုးသွားတယ်။ သူ အရှေ့ကို တိုးသွားတိုင်း သူ့အနောက် မြေကြီးပေါ်က သူ့ခြေထောက်တွေကိုပါ ဆွဲသွားတာပဲ။
သူ အရှေ့ကို တိုးသွားတဲ့အချိန်တိုင်း မူဂယောမ်ကလည်း နောက်ခြေတစ်လှမ်း တိုးတယ်။
မူဂယောမ်နဲ့ အနားတိုးကပ်သွားတိုင်း သူ နောက်ကို ခြေတစ်လှမ်း ဆုတ်မိတယ်။
ဖြည်းဖြည်း ဖြည်းဖြည်းချင်း။
အွန်းဆောရဲ့ အရပ်က သူ့ရင်ဘတ်လောက်တောင် မရှိဘူး။ သူ့လက်က မူဂယောမ်ဘက်ကို တိုးလာတဲ့အခေါက်တိုင်း မူဂယောမ်ရဲ့ ခြေထောက်က နောက်ကို ရွှေ့သွားတယ်။
ကြိုးစားခဲ့ရတာတွေကြောင့် သူ့နှုတ်ခမ်းဝကနေ ပင်ပန်းသလို ညည်းညူသံတွေ ထွက်ကျလာပြီ။
ဒီအသက်ရှူသံတွေက မူဂယောမ်ရဲ့ အဝတ်အနားကနေ ပွတ်တိုက်သွားတာ။
ခဏကြာပြီးတဲ့နောက်မှာ သူ့မျက်နှာက နီရဲလာပြီး ချွေးသီးချွေးပေါက်တွေ သူ့နဖူးပေါ်မှာ ကျလာတာကို မူဂယောမ် သတိထားမိလိုက်တယ်။
သူ့ရဲ့ ဟောဟဲလိုက်နေတဲ့ အသက်ရှူသံ၊ နီရဲနေတဲ့ နှုတ်ခမ်းတွေ…။ သူ့မျက်လုံးတွေက အဲဒီနှုတ်ခမ်းနီနီတွေကနေ မခွာမိဘူး။
ဘုတ်။
အဲဒီအချိန်မှာပဲ အွန်းဆောရဲ့ နဖူးက မူဂယောမ်ရင်ဘတ်ကို လာတိုက်မိသွားတယ်။
သူ့နှုတ်ခမ်းကို စိုက်ကြည့်နေမိတာကြောင့် သူ ခြေတစ်လှမ်း နောက်ဆုတ်ဖို့ မေ့သွားတာပဲ။
“အဲဒီမှာ ဘာရပ်လုပ်နေသေးတာလဲ” အွန်းဆောက ခေါင်းမော့လာပြီး သူ့ကို ကြည်လင်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။ ရုတ်တရက်ဆိုသလိုပဲ မူဂယောမ်ရဲ့ ရင်ဘတ်မှာ နွေးထွေးမှုတစ်ခုက အပေါ်ကို မြင့်တက်လာသလိုပဲ။
ဒါက ရုတ်တရက်ဆန်ဆန် ဖြစ်သွားခဲ့တာ။
အနွေးဓာတ်တွေ မြင့်တက်လာတာကို ခံစားရရင်း သူ့လည်တိုင်ကလည်း ပူပြင်းလာတယ်။ အွန်းဆောရဲ့ ခါးပေါ်က သူ့လက်တွေက တောင့်တင်းသွားသလိုပဲ။
သူ့တစ်ဘဝလုံး ဒီလိုတစ်ခါမှ မခံစားခဲ့ရဖူးဘူး။
**********
SWARA WEBNOVEL TRANSLATION