စွဲလန်းမှု
ကျွန်တော့်ဘဝရဲ့ ချစ်ဦးသူ နဲ့ အချစ်ဆုံးဆိုတာ သူတစ်ယောက်တည်း…။
ဒါပေမဲ့ ကံဆိုးချင်တော့ သူဆိုတာက ကျွန်တော့်လိုပဲ မိန်းကလေးဖြစ်နေသလို စာသင်ပေးတဲ့ဆရာဖြစ်နေခဲ့တာပါပဲ…။
လွဲမှားနေတဲ့ ချစ်ခြင်းလို့ပဲ ခေါ်ရမလား..?
……….………..…………………………
……….………..…………………………
သူက ကျွန်တော့်ဆရာမဆိုပေမဲ့ ထူးဆန်းစွာနဲ့ သူနဲ့ ကျွန်တော်စတွေ့ခဲ့တဲ့နေရာက ကျောင်းမဟုတ်ဘူး။
သူနဲ့ ကျွန်တော် မေလရဲ့ နေ့တစ်နေ့မှာ စတွေ့ခဲ့ကြတာ…။ ရန်ကုန်မြို့တစ်နေရာမှာပေါ့…။
အဲ့နေ့က သူနဲ့ တွေ့ဖို့ အကြောင်းဖန်လာလို့ ထင်ပါတယ်။ ထူးထူးဆန်းဆန်း နေ့လယ်ဘက်ကြီး မုန့်ဝယ်ချင်လို့ဆိုပြီး ထွက်လာခဲ့လိုက်မိတယ်။ ပတ်ဝန်းကျင်ကို ငေးရင်း မုန့်ဆိုင်ကို သွားရင်းနဲ့ပေါ့။ သွားနေတဲ့ လမ်းမှာ ရုတ်တရက် အသံလွင်လွင်လေးကို ကြားလိုက်ရတယ်။
“ညီမလေး” တဲ့..။
အသံလားရာဘက်ကို လှည့်ကြည့်လိုက်မိတော့ ဆံပင်ကို ထက်ဝက်စီးထားတဲ့ အမျိုးသမီးငယ်လေး၊ သနပ်ခါးအဖွေးသားနဲ့ ပြုံးနေတဲ့ လှပတဲ့အမျိုးသမီးလေးကို တွေ့လိုက်ရတယ်။ ရွှေရောင်အသားနဲ့ လိုက်ဖက်လှတဲ့ ပါတိတ်အနီရောင်လေးကို ကျက်သရေရှိရှိ ဝတ်ဆင်ထားလို့ပေါ့။ သူ့ကို တွေ့လိုက်ချိန်မှာ ကောင်းကင်ပေါ်က နတ်သမီးလေးတစ်ပါးကို တွေ့လိုက်ရသလိုပဲ။ ခင်ဗျားတို့ကတော့ အပိုပြောတယ်လို့ ထင်ကောင်းထင်နိုင်ပေမဲ့ ကျွန်တော်ကတော့ ကျွန်တော်ခံစားရတဲ့အတိုင်း ပြောတာရယ်ပါ။
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ။ သူသတိထားလောက်မိတဲ့အထိတော့ ကျွန်တော်မငေးဖြစ်ပါဘူး။ သူ့ခေါ်သံကို “အစ်မ လမ်းမေးချင်လို့လား” လို့ပဲ တုံ့ပြန်ဖြစ်ခဲ့တယ်။ ဘာလို့ဆို သူ့ပုံစံလေးက အခုမှရန်ကုန်ရောက်လာတဲ့ပုံပဲ။ အထုတ်လေးဆွဲရင်း ကျွန်တော့်ကို အားကိုးတကြီးကို ကြည့်နေတာမို့လေ။
သူကတော့ ပြုံးပြီး “ဟုတ်ပါတယ်။ အစ်မက ဒီနေ့မှ ရန်ကုန်ကို ရောက်တာ။ *** အဆောင်ကို သွားမလို့။ ညွှန်းထားတဲ့အတိုင်း ဒီကို ရောက်လာတယ်ဆိုပေမဲ့ အဆောင်ကို ရှာမတွေ့ဘူး။” လို့ ပြောတယ်။
အဲ့အဆောင်ကို ကျွန်တော်လဲ သိတယ်ဆိုတော့ လမ်းကို ပြောပြပြီးတာနဲ့ နှုတ်ဆက်ပြီး ထွက်လာလိုက်တယ်။ ဒါပေမဲ့ မသွားခင်မှာ သူက ကျွန်တော့်ကို လှမ်းဆွဲလိုက်ပြီး ဟာလဝါတစ်ခုကို ထည့်ပေးရင်း “ဒါကျေးဇူးတင်လက်ဆောင်ပါ” လို့ ပြောပြီး ထွက်သွားတော့တယ်။ ကျွန်တော်ကတော့ အူကြောင်ကြောင်လေး ကျန်နေခဲ့တာပေါ့။ ဟာလဝါပေးလိုက်တယ်ဆိုတော့ ပုသိမ်ဘက်က လာတဲ့ပုံပါပဲ။ ပြန်ပေးမယ်လို့ တွေးမိပေမဲ့ သူနဲ့ ပြန်တွေ့မှာ မဟုတ်ဘူးတွေးမိတာရော၊ ငတ်ကြီးကျမိနေတာရောကြောင့်ပါ ဟာလဝါကိုယူပြီးပဲ အိမ်ပြန်ဖြစ်လိုက်တော့တယ်။
ကြည့်ရတာ အဲ့နေ့ကတည်းက သူ ကျွန်တော့် မသိစိတ်ထဲ ဝင်သွားတယ် ထင်ပါရဲ့…..။
……….………..…………………………
……….………..…………………………
ဒီကနေ့က ဇွန်လ တစ်ရက်နေ့…။
ကျွန်တော်တို့ရဲ့ ကျောင်းဖွင့်ချိန်ပေါ့…။
ဒီနှစ်မှာ ကျွန်တော်က ကိုးတန်း။ အထက်တန်းကျောင်းသားအနေနဲ့ စတက်ရတော့မှာ။
ပြီးတော့ ကျွန်တော့်အတွက် အသစ်အဆန်းဖြစ်နေတဲ့ အချစ်ဆိုတာနဲ့ စတွေ့ရမဲ့နေ့ပေါ့..။
ကျောင်းက အလယ်တန်းကတည်းက တက်ခဲ့တဲ့ကျောင်းဆိုတော့ အခန်းရှာရမှာ သိပ်မခက်ဘူး။ ပုံမှန်အတိုင်း ကျောင်းထဲကိုဝင် အခန်းရှာပေါ့။ ကိုယ်စာသင်ရမဲ့အခန်းကို သွားတာပေါ့ဗျာ။
ဒီလိုနဲ့ အခန်းရှေ့အရောက် အတန်းပိုင်ဆရာမကို တွေ့လိုက်ရတဲ့အချိန်မှာ….. ငေးကနဲ….
“မမ..” မသိလိုက်ဘာသာနဲ့ ထွက်မိသွားတော့တာ။
တကယ်လှတဲ့အမျိုးသမီးလေး… အင်္ကျီအဖြူအစိမ်းလေးနဲ့ ကျက်သရေကိုရှိလို့… သနပ်ခါးနံ့သင်းသင်းလေးကိုလည်း ရနေတယ်… ဆံထုံးလေးကို သပ်သပ်ထုံးထားလို့.. ကြည်လင်ပြီး ရှင်းသန့်နေတော့တာ။ အခန်းရှေ့ရပ်ပြီးတော့ကို အားရပါးရငေးနေမိတာပါ။ တစ်ဖက်က ချောင်းဟန့်သံကြားမှ သတိပြန်ကပ်တော့တယ်။
ပြီးတော့ သူ့အသံအေးအေးလေးနဲ့ “ညီမလေး..” တဲ့။ ကျွန်တော့်မယ်တော့ ရင်ထဲ ဒိတ်ခနဲပဲ။
နောက်မှ သူလည်း သူ့ကိုယ်သူသတိထားမိပြီး ပြန်ပြောတယ်။ “သမီး အခန်းရှေ့ ဘာရပ်ကြည့်နေတာလဲ” ဆိုပြီး။ သူ့ပုံစံကို ကြည့်ပြီး စိတ်ထဲရယ်ချင်မိတယ်။ ဒါပေမဲ့လည်း ပြုံးပြပြီးပဲ အထဲဝင်လိုက်တော့တယ်။ စိတ်ထဲလည်း တော်တော်ရှက်နေမိတာ မို့လို့လေ။
အဖြူအစိမ်းနဲ့ ကျက်သရေရှိနေတဲ့ ဆရာမလေးတစ်ယောက်ကိုကြည့်ပြီး ရင်ခုန်နေခဲ့တာကိုတော့ ငြင်းမရခဲ့ဘူးပေါ့….။
……….………..………………………………….………..…………………………
အဲ့နေ့ကစပြီး ကျွန်တော်တို့ နှစ်ယောက် ပိုရင်းနှီးသွားခဲ့ကြတယ်။ ကျွန်တော်က သဘောကျနေတဲ့သူဆိုတော့လည်း သူ့ကို လိုက်ကပ်တာလည်းပါတာပေါ့လေ။ စာမေးသလိုနဲ့ သူ့အဆောင်ကို သွားတယ်။ မသိမသာလေးလဲ အသားယူခဲ့သေးတယ်။
ဒီလိုနဲ့ ခင်ရင်း မင်ရင်း မသိမသာလေးလည်း ဖလစ်ရင်း နဲ့ပဲ ရှေ့ဆက်ကြတာပေါ့လေ။ နှစ်ယောက်သား သာမန်ထက်ပိုပြီး နီးကပ်နေသလိုရှိတော့ အခြားသူတွေက တီးတိုး တီးတိုး လုပ်ကြတယ်ဆိုပေမဲ့ ကျွန်တော်ကတော့ ဂရုမစိုက်ခဲ့ဘူး။ သူလဲ ဂရုမစိုက်ဘူး ထင်ပါတယ်။ အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော့်ကို သတိပေးတာ ဘာညာလည်း မရှိခဲ့တာမို့လို့ ကျွန်တော်လိုအပ်ချိန်တိုင်းလဲ ရှိနေပေးတာမို့လို့။
တစ်ရက်သောက ကျွန်တော် အိမ်နဲ့ ပြဿနာတက်ပြီး အိမ်ကနေ ထွက်ပြေးလာခဲ့တယ်။ သူ့ဆီကို သွားရင်ကောင်းမလားလို့ တွေးခဲ့ပေမဲ့ တစ်ယောက်တည်းပဲ ခြေဦးတည့်ရာ လျှောက်သွားနေခဲ့တာ။ ပင်လယ်ဘက်ကို သွားရင်ကောင်းမလားလို့ တွေးနေခဲ့တယ် ထင်တယ်။ ထွက်လာခဲ့တယ်ဆိုပေမဲ့ အဝတ်တစ်ထည် ကိုယ်တစ်ခုတော့ မဟုတ်ဘူးပေါ့။ စုထားတဲ့ ပိုက်ဆံအကုန်၊ အဝတ်သုံးစုံ၊ ရေတစ်ပုလင်းကို လွယ်အိတ်ထဲထည့်ပြီး ညဘက်ကြီး ထွက်လာလိုက်တာပဲ။ ဖြစ်ချင်ရာဖြစ်ဆိုပြီးတော့လေ။
ရက်ကတော့ သီတင်းကျွတ်ကျောင်းပိတ်ခါနီး လား ဒီဇင်ဘာ ကျောင်းပိတ်ရက်လားတော့ မသိ။ ရက်ကိုလဲ သေချာ မမှတ်တတ်တဲ့သူဆိုတော့လဲ မမှတ်မိတာ မဆန်းပါဘူး။
ဒီလိုနဲ့ လမ်းတစ်ဝက်ရောက်တော့ လွယ်အိတ်လေးကိုရှေ့ချ၊ ဖုန်းကိုထုတ်၊ အင်တာနက်ကနေ ညကားတစ်စီးဘိုကင်ချိတ်လိုက်တယ်။ ဖြစ်ချင်တော့ ကားဂိတ်ကို အရောက် ချစ်လှစွာသော ဆရာမကို တွေ့တာပဲ။ အဲ့တုန်းက ထွက်ပြေးချင်တယ်ဆိုပေမဲ့ တည့်တည့်တိုးပြီးမိသွားတာဆိုတော့လဲ မတတ်နိုင်ဘူး။
ဖြစ်ပုံက ဒီလို….။
ကားဂိတ်ရောက်တော့ ဘိုကင်တင်ထားတဲ့ ကားဂိတ်ကိုအသွား၊ ဖြစ်ချင်တော့ ခြေချော်ပြီး လူတစ်ယောက်ကို တိုက်မိတယ်။ တောင်းပန်ဖို့ကြည့်တော့…
“ဟာ ဆရာမ ဘယ်လိုဖြစ်ပြီး….”
ဟိုကလည်း ပြုံးပြုံးလေးနဲ့ “သမီး ဘယ်သွားမလို့လဲ” မေးတော့မဲ့ပုံပါပဲ။ ဒါပေမဲ့ ငါလွယ်အိတ်တစ်လုံးနဲ့ ရောက်လာတဲ့ပုံစံကို ကြည့်ပြီးတော့ ဘာမှမမေးတော့ဘူး။ ဒါပေမဲ့ ငါအံ့ဩလောက်တဲ့စကားကို ဆိုလာတယ်။
“လာ ဆရာမနဲ့ လိုက်ခဲ့” တဲ့။
အဲ့ချိန်ကစပြီး သူဟာ ကျွန်တော့်ဘဝရဲ့ ပဲ့ကိုင်ရှင်လေး ဖြစ်မှန်း မသိ ဖြစ်သွားတော့တာ…..။
……….………..…………………………
……….………..…………………………
သူငါ့ကိုခေါ်လာတော့ ငါက ငါ့အိမ်ကို မဆက်သွယ်ဖို့ ပြောပေမဲ့ သူက ငါ့အိမ်ကလူတွေ စိတ်ပူနေမှာစိုးလို့ဆိုပြီး ဆက်သွယ်ပေးတယ်။ သူဘယ်လို ပြောလိုက်လဲတော့မသိဘူး။ ငါ့အိမ်က လူတွေက လိုလိုလားလားနဲ့ကို ခွင့်ပြုပေးတယ်။ အိမ်ပြန်ရောက်တော့လည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး အဆူမခံခဲ့ရပါဘူး။
သူနဲ့အတူတူနေတုန်းက ငါ့အတွက် ပျော်စရာအချိန်တွေ ရခဲ့တယ်။ သူ့မိသားစုနဲ့ ငါနဲ့ တော်တော်လေး အတိုင်အဖောက်ညီတယ်ပြောရမလား။ အဲ့ရောက်တော့ သူက အကြီးဆုံးသမီး၊ ညီမတစ်ယောက်၊ မောင်နှစ်ယောက်ရှိမှနိး သိလိုက်ရတယ်။ ဒါပေမဲ့ သူ့နေပုံ ထိုင်ပုံက ကလေးလေးတစ်ယောက်လိုပဲ။ ချစ်နေမိတဲ့ငါပဲ အဲ့လိုမြင်နေမိတာလားတော့ မသိဘူး။
သူကတော့ ငါ့ကို ဘာလို့ ထွက်ပြေးလာတာလဲ ဆိုပြီး မမေးခဲ့ပေမဲ့ ငါကတော့ အကုန်ပြောပြဖြစ်ခဲ့တယ်။ ဘယ်ပုံဘယ်လို ပြဿနာဖြစ်ခဲ့လဲ အစကနေ အဆုံးထိပေါ့။ သူကတော့ ငါပြောသမျှကို ဒီအတိုင်းနားထောင်ပေးနေတာ။ နားလည်တယ်လို့လဲ မပြောသလို အပြစ်လဲမတင်ခဲ့ဘူး။ သူပြောခဲ့တာက တစ်ခွန်းထဲပဲ။
“ဘဝရဲ့ ပြဿနာတိုင်းကို ထွက်ပြေးရုံနဲ့ ဖြေရှင်းလို့ မရဘူး။” တဲ့။
ဒီစကားက ငါ့ရင်ထဲကို စူးစူးနစ်နစ် ဝင်သွားတဲ့ ပထမဆုံးစကားတစ်ခွန်း…..။
……….………..………………………………….………..…………………………
ဒီလိုနဲ့ ကျောင်းဖွင့်ခါနီးကျ သူနဲ့အတူ အိမ်ပြန်လာခဲ့လိုက်တယ်။ ထွက်လာခါနီးတော့ သူ့အိမ်က လူတွေနဲ့တောင် အလွမ်းသယ်နေလိုက်သေး။ သူကတောင်မှ “ငါသွားတုန်းကတောင် ဒီလောက်ထိ အလွမ်းမသယ်ဘူး။” လို့ စနေသေးတာ။
သွားခါနီးကျ သူ့မောင်အငယ်ဆုံးလေးက ငါ့နားကို ကပ်ပြီး ပြောတယ်။
“ကျွန်တော့်အစ်မကို ခင်ဗျားကြိုက်နေမှန်း သိပါတယ်။ ဘာလို့လဲမသိ ခင်ဗျားနဲ့ဆို ကျွန်တော့်အစ်မကို စိတ်ချနိုင်မယ်လို့ထင်တယ်။ သူ့ကို စောင့်ရှောက်ပေးပါဦး” ဆိုပဲ။
ငါရင်တုန်သွားတယ်။ အဲ့လောက်ထိ သိသာနေတာလားလို့လဲ တွေးမိတယ်။ အဲ့တစ်ယောက်က ငါ့ပုံစံကို ရိပ်မိလို့ ထင်တယ် “မပူပါနဲ့ ကျွန်တော်တစ်ယောက်တည်း သိတာပါ” လို့ ကပ်ပြောတယ်။
ဒီလိုမှပဲ ငါ့ရင်ထဲက အပူလုံးကြီး ကျသွားတော့တယ်။ သူ့ကို ငါ ဆယ်တန်းအောင်မှ ဖွင့်ပြောဖို့ စဉ်းစားထားတာမို့လို့လေ။
ဘယ်တုန်းကမှ ငါ ဒီလောက်ထိ ရင်မတုန်ဖူးဘူး…။
……….………..…………………………
……….………..…………………………
ဒီကနေ့က ဆယ်တန်းအောင်စာရင်း ထွက်တဲ့နေ့..။
ငါတော်တော်လေး ရင်တုန်နေတယ်။ ငါ့အနေနဲ့ အောင်မယ်ဆိုတာတော့ သေချာပါတယ်။ ဘာလို့ဆို အသေအကြေစာလုပ်ထားတာကိုး။ ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့ အောင်ရင် သူ့ကို ဖွင့်ပြောမယ်လို့ စဉ်းစားထားတာမို့လေ။ ဂုဏ်ထူးမပါရင်တော့ အလုပ်လုပ်တော့မှ ဖွင့်ပြောဖြစ်မယ် ထင်ပါတယ်။ အဲ့တာကြောင့် ငါ ရင်တော်တော်တုန်နေတယ်ဆိုတာက မထူးဆန်းဘူးမလား။
ဒီနေ့ အောင်စာရင်းထွက်တဲ့နေရာမှာ လူအပြည့်ပဲ။ အဲ့လူတွေထဲမှာ ကျွန်တော်လဲ ပါပါတယ်။ အောင်စာရင်း ကြည့်ဖို့ စောင့်ရင်းနဲ့ အောင်စာရင်းစာရွက်တွေ ကပ်ထားတဲ့ ဘုတ်တွေကို လာချတာလဲ တွေ့ရော ကျွန်တော်အပြေးကို သွားကြည့်တော့တာ။ ပြီးတော့ ကျွန်တော့် ခုံနံပါတ်နဲ့ နာမည်ကို ရှာတယ်။ ရှာတယ်။ ရှာတယ်။ ရှာနေတယ်။ မတွေ့ဘူး…။ ဒီလိုနဲ့ မအောင်တော့ဘူးဆိုပြီး စိတ်ဓာတ်ကျပြီး ပြန်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ…။
“ဆသက – ၄၉၀ မသုံတွေမြတ်နိုး သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ” ဆိုတဲ့ ရွတ်ဆိုသံ ပီပီသသကို ကြားလိုက်ရတယ်။ အသံလားရာကို ကြည့်တော့ ဆရာမ ဒေါ်သုန်သုန်ပွင့် ကို တွေ့လိုက်ရတော့တာ။ ငါ့နှလုံးခုန်သံက ဆောင့်ခနဲပဲ။
သူက ငါ့အတွက် တကူးတက အောင်စာရင်းလာကြည့်ပေးနေတာလား…?
ငါ့မယ် အပျော်လုံးတွေဆို့ပြီး သူ့ဆီအပြေးသွားမိတယ်။ လူကြားထဲ တိုးလို့ဝေ့လို့ပေါ့။ ပြီးတော့ သူ့ကိုတင်းတင်းကျပ်ကျပ် ဖက်ထားလိုက်တယ်။ နှုတ်ကလည်း လွှတ်ခနဲ “မ ကျွန်တော် ဂုဏ်ထူးတွေနဲ့ အောင်တယ်” ဆိုပြီးတော့။
သူကတော့ ကျွန်တော် သူ့ကို ခေါ်လိုက်တဲ့ အသုံးအနှုန်းကို သတိမထားမိတဲ့ပုံပဲ။ “တော်တယ် ငါ့တပည့်လေး” တဲ့…။
အဲ့နေ့က ငါ့တစ်သက်မှာ အပျော်ရွှင်ရဆုံးနေ့လေး….။
……….………..………………………………….………..…………………………
နောက်တစ်ရက်ရောက်တော့ သူက ငါ့ကို ဆုချတဲ့အနေနဲ့ သွားချင်တဲ့နေရာ လိုက်ပို့ပေးမယ်လို့ပြောတယ်။ ငါကလည်း လက်ရှိ နာမည်ကြီးနေတဲ့ ပန်းခြံတစ်ခုကို ရွေးဖြစ်လိုက်ပါတယ်။ ပန်းခြံဆိုတာက ဖွင့်ပြောဖို့ အကောင်းဆုံးနေရာပဲ မဟုတ်လား။
……….………..…………………………
နောက်ရက်ရောက်တော့…။
ငါ ဒီနေ့ ရင်တော်တော်ခုန်နေတယ်။ သူ့ကို ဖွင့်ပြောဖို့ စီစဉ်ထားတာ ဆိုတော့လည်း ရင်ခုတ်နေတာ မဆန်းပါဘူး။ ငါ ကိုယ့်ကိုယ်ကိုယ်အလှဆုံးပြင်ပြီး ထွက်လာလိုက်တယ်။ လက်ထဲမှာလည်း ပန်းစည်းလေးကိုင်လို့ပေါ့။
ဟိုရောက်တော့ သူ့ကို ပန်းစည်းလေးပေးပြီး ငါတို့ အတူလျှောက်လည်ကြတယ်။ တစ်ပျော်တစ်ပါးကြီး။ တစ်ပျော်တစ်ပါးကြီးဆိုလို့ အုပ်စုနဲ့ သွားတယ် မထင်ပါနဲ့။ သူနဲ့ငါ နှစ်ယောက်တည်းပဲရယ်။
လျှောက်လည်ရင်း ရေကန်ကြီးနဲ့ ရင်သက်ရှုမောဖွယ်နေရာ ရောက်တော့ သူ့လက်ကို ဆွဲ၊ သူ့ရှေ့မှာရပ်ပြီး..။
“မ ကျွန်တော် မကို ချစ်တယ်။ ညီအစ်မလိုလည်း မဟုတ်သလို သူငယ်ချင်းလိုလည်း မဟုတ်ဘူး။ ဆရာမလိုဆို ပိုလို့တောင် မဟုတ်သေးမှန်း ရိပ်မိမှာပါ။ အဲ့တာကြောင့် ကျွန်တော့်ကို စဉ်းစားပေးလို့ရမလား။”
ငါ့ရဲ့ ရုတ်တရက်ဆန်တဲ့ ဖွင့်ပြောမှုကြောင့် သူတော်တော်လေး ကြောင်အသွားတယ်။ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ငါ့ကိုကြည့်နေတာ။ သူ့အတွက်သာ ရုတ်တရက်ဆန် နေတာ။ ငါကတော့ ဒီလိုလုပ်ဖို့ သေချာစဉ်းစားထားပြီးသား။ သူ ငါ့ကို လက်ခံ မခံလည်း သေချာမသိဘူး။ သူ့အနေနဲ့ ငါ လက်မခံချင်တဲ့ အဖြေပေးခဲ့ရင်တောင် ငါ့ဘက်ကတော့ သူ့အဖြေကို လေးစားဖို့ ဆုံးဖြတ်ထားတယ်။
ဒါပေမဲ့ သူကတော့ ငါမထင်မှတ်ထားတဲ့ အဖြေကို ပေးလို့ လာပြန်တယ်…။
“သမီး… သေချာ စဉ်းစားပြီးပြီလား။ ဒါ စိတ်ကစားနေတာမဟုတ်ဘူးလား။ ဆရာမနဲ့ အနေများလို့ သမီးစိတ်က ဆရာမကို တွယ်ညိသွားရုံ စွဲလန်းသွားရုံပါပဲ။ ဒါအချစ်မဟုတ်ဘူး။ အချစ်လို့ ထင်နေရုံပဲ။” တဲ့…။
ငါ့မယ် တော်တော်လေး ကြောင်အသွားခဲ့တယ်။ သူ့ကို တစ်ခုခုပြန်ပြောချင်ပေမဲ့ ဘာပြောရမှန်း မသိတော့ဘူး။ ဒါပေမဲ့ ဒါကိုတော့ သူနဲ့ ကိုယ်ကြားရုံမျှ တိုးတိုးလေးပြောမိတယ်။
“သမီး ဘယ်သူ့ကိုမှ စွဲလန်းတာမျိုး မရှိပါဘူး” ဆိုပြီးတော့…။
ငါ့ရင်ကွဲကြေရတယ်ဆိုတာထက် ငါ့အချစ်ကို စော်ကားခံလိုက်ရသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့လည်း ငါသူ့ကို ဘာမှမပြောနိုင်ခဲ့ဘူး။
ဒီနေ့ဟာ ငါအရှက်အရဆုံးနေ့….။
……….………..………………………………….………..…………………………
ငါဖွင့်ပြောလိုက်တဲ့ နေ့ကစပြီး သူငါ့နားကနေ ပျောက်ချင်းမလှကို ပျောက်ကွယ်သွားတော့တာ။ သူ့ကို ဖုန်းဆက်တော့လဲ လူကြီးမင်းနဲ့ပဲ တိုးတယ်။ ငါ့ကို Black list တင်လိုက်ပြီ ထင်ပါတယ်။ ဖုန်းနံပါတ်ပြောင်းလိုက်တာလဲ ဖြစ်နိုင်တာပဲ။ နောက်ကျ သူ့အိမ်ကို သွားကြည့်တော့ သူ့ကို မတွေ့ခဲ့ရပြန်ဘူး။ သိလိုက်ရတာက သူတို့တစ်မိသားစုလုံး နိုင်ငံခြားပြောင်းသွားပြီဆိုတာပါပဲ။ ငါကလဲ သူ့အိမ်ကို အချိန်တော်တော်ကြာမှ ရောက်သွားတာဆိုတော့ ခံပေါ့လို့ ကိုယ့်ကိုယ်ကိုယ် ပြောမိတယ်။
……….………..…………………………
နောက် ခုနစ်နှစ် အကြာ ပြင်သစ်နိုင်ငံ ပါရီမြို့..။
ငါ အလုပ်ကိစ္စနဲ့ ပြင်သစ်ကို ရောက်လာခဲ့တယ်။ ဒီခုနစ်နှစ် အတွင်း သူ့ကို တစ်ရက်မှ မေ့လို့မရခဲ့ဘူး။ သူကလဲ ပျောက်ချက်သား တော်တော်လေးကောင်းသား။ ဒီနှစ်တွေ အတွင်း သူ့သတင်း တစ်ချက်မှ မကြားခဲ့ဘူး။
တကယ်တော့ ငါ ဒီနေ့ ဒီအချိန်ထိ ရှင်သန်ခဲ့တဲ့ အကြောင်းအရင်က ‘သူ’ပါပဲ။ ‘ငါသူ့ကို တွေ့ရဦးမယ်။ ငါ့အချစ်က စွဲလန်းမှုမဟုတ်တာကိုလဲ သူ့ကို သက်သေပြရဦးမယ်။’ လို့ တွေးရင်း အားတင်းပြီး ရှင်သန်ဖြစ်ခဲ့ပါတယ်။ သူပျောက်ချက်သား ကောင်းတာကိုပဲ ကျေးဇူးတင်ရမလား မသိဘူး။ သူ ချစ်သူရခဲ့ပြီလို့ သိရမယ်ဆိုရင် အိမ်ထောင်ရက်သား ကျခဲ့ပြီလို့ သတင်းကြားရမယ် ဆိုရင် ငါ ဒီနေ့ ဒီအချိန်ထိ ရှင်သန်နိုင်လိမ့်မယ်လို့ မထင်ဘူး။ ငါရှင်သန်ရခြင်းအကြောင်းပြချက်က သူနဲ့အတူ ရှိနေဖို့ အတွက်မို့လေ။
ဒီနေ့ ငါအလုပ်ကိစ္စပြီးလို့ တည်းနေတဲ့ဟိုတယ်ဆီ လမ်းလျှောက်ပြီး ပြန်လာခဲ့တယ်။ ထုံးစံအတိုင်း ပတ်ဝန်းကျင်ကို ငေးပြီးပေါ့လေ။ ငေးရင်းနဲ့ အရိပ်တစ်ခုကို တွေ့တော့ ငါရပ်ကြည့်နေမိတယ်။ ဘာလို့ဆို သူ့ပုံရိပ်ကို တွေ့လိုက်ရတာမို့လို့။ ငါသူ့ကို ငေးကြည့်နေချိန်မှာပဲ အရက်မူးမူးနဲ့ မောင်းလာခဲ့တဲ့ ကားတစ်စီးဟာ သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် လာနေတာကို တွေ့လိုက်ရတယ်။ ကိုယ်ကိုယ်တိုင်တောင် မသိလိုက်တဲ့ အချိန်မှာပဲ ငါသူ့ကို တွန်းလိုက်မိပြီးသား။ ငါဟာလဲ အဲ့နားမှာ ရပ်လိုက်မိပြီးသား။ ကားဟာလည်း ငါ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကို ဆိုက်ရောက်လာတော့တာ။
ငါသိလိုက်ရတာကတော့ “ဒုန်း”ဆိုပြီး လေထဲမြောက်သွားတယ်။ ပြီးတော့ ပြုတ်ကျသွားတယ်။ ပြီးတော့ မျက်နှာကို အနွေးစီးကြောင်း ဖြတ်ပြေးသွားသလိုပဲ။ ကြည့်ရတာ ခေါင်းကွဲပြီး သွေးတွေ စီးကျနေတယ်ထင်ပါရဲ့။
ကြည့်ရတာ သူတော့ သွေးအိုင်ထဲလဲနေတဲ့ ငါ့ကိုတွေ့ သွားတယ်ထင်တယ်။ ပြီးတော့ ငါ့ကိုလည်း မှတ်မိတဲ့ပုံပဲ။ “မြတ်နိုး” ဆိုတဲ့ ခေါ်သံလေးကို ကြားလိုက်ရတယ်။ မကြာပါဘူး ငါ့တစ်ကိုယ်လုံး အနွေးရပ်ဝန်းကို ရောက်သွားတော့တာ။ သူငါ့ကို ဖက်ထားတယ် ထင်ပါတယ်။ ပြီးတော့ ဂယောင်ကချားနဲ့ ရေရွတ်နေသေးတာ။
“မြတ်နိုး အားတင်းထား သမီးမသေရဘူးနော် ဆရာမရှိသေးတယ်” ဆိုပြီး
ပြီးတော့ သူက ပြင်သစ်လိုအော်တယ်။
“ကျွန်မတပည့် ကားတိုက်ခံရလို့ ဆေးရုံကား ခေါ်ပေးပါဦး” ဆိုပြီး။ အသံကတော့ တုန်တုန်ယင်ယင် အက်အက်ကွဲကွဲ။
ပြောရရင် ငါသူ့အသံပဲ ကြားရတော့တာ။ ကားကလဲ အရှိန်နဲ့ တိုက်တာဆိုတော့ ငါ အသက်ရှင်မယ်လဲ မထင်ပါဘူး။ သူ့အသံအက်အက်ကို ကြားလိုက်ရတော့ မငိုပါနဲ့လို့ စိတ်ထဲမှာ ပြောမိတယ်။ ဒါပေမဲ အသံကလဲ မထွက်နိုင်တော့ဘူးလေ။ ငါ့မှာ အားမှ မရှိတော့တာ…။
အမှန်အတိုင်းပြောရရင် ငါမသေချင်သေးဘူး။ ငါသူ့ကို ပြောစရာတွေ အများကြီးကျန်သေးတယ်။ သူ့ကို စောင့်ရှောက်ချင်သေးတယ်။ သူ့အပြုံးလှလှလေးတွေကို မြင်ချင်သေးတယ်။ ဒါပေမဲ့ ဒီအခြေအနေမှာတော့ မဖြစ်နိုင်တော့ဘူး ထင်ပါတယ်။ ဟင့်အင်း လုံးဝကို မဖြစ်နိုင်တော့တာ။
မဖြစ်နိုင်မှန်း သိပေမဲ့ နောက်ဆုံးအနေနဲ့ သူ့ကို ပြောပြချင်တာလေး ရှိတယ်။
“မ ကို ကျွန်တော်အနေနီးလို့ စွဲလန်းခဲ့တာမဟုတ်သလို ငယ်သေးလို့ စိတ်ကစားခဲ့တာလဲ မဟုတ်ပါဘူး။ မ ကို အသက်နဲ့ရင်းပြီး ချစ်တာပါ။ မ အစား ကျွန်တော်သေရလဲ တစ်မျိုးကောင်းပါတယ်။ ဘာလို့ဆို မ သာ သေသွားခဲ့ရင် ကျွန်တော်ဆိုတာကလည်း ဒီလောကကြီးမှာ ရှိမှာ မဟုတ်ဘူး” ဆိုပြီးတော့ပေါ့။
ဒီကနေ့မှာတော့ ငါ့အချစ်ကို စွဲလန်းမှုလို့ ခေါင်းစဉ်တပ်ခဲ့တဲ့ မသုန်သုန်ပွင့်ကို သူ့ကို ပေးထားတဲ့ အချစ်ဟာ စစ်မှန်ကြောင်း အသက်နဲ့ ရင်းပြီး သက်သေပြနိုင်ခဲ့တယ်…။ ဒါပေမဲ့ မသုန်သုန်ပွင့်ကို ငါနဲ့ စိတ်ချလို့ရကြောင်းကိုတော့ သက်သေမပြနိုင်ခဲ့ဘူး….။
……….………..…………………………
ပြီးပါပြီ
……….………..…………………………