နှင်းဆီတစ်ပွင့်
အချစ်တဲ့။ အချစ်ဆိုတာ ဘာလဲ ကျွန်တော်မသိပါဘူး။ ကျွန်တော် သိတာက “မောင်” ဆိုတဲ့သူပါပဲ။
“မောင်” တဲ့လား မေးရင် ဟုတ်ပါတယ်။ ကျွန်တော် သူ့ကို “မောင်” လို့ပဲ ခေါ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရင်ထဲ သူ့ကိုခေါ်နေခဲ့တဲ့ နာမ်စားလေးပေါ့။ သူ့ကို အဲလို ခေါ်နေမှန်း သူမသိဘူး။ သိအောင်လဲ မပြောချင်ဘူး။ ဘာလို့ဆို ကျွန်တော်ရော သူရောက ယောကျ်ားလေးတွေ။
သူက ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းပေါ့ဗျာ။ သူနဲ့ ကျွန်တော် သူငယ်တန်းကတည်းက တွေ့ခဲ့တယ်။ စတွေ့တာကလဲ ရိုးရိုးရှင်းရှင်းလေးပါပဲ။ မသိလိုက်ပါဘဲ အတူတူထိုင်မိသွားရာကနေ စခင်ခဲ့တာတယ်။ အခုကျွန်တော့်အသက် ၂၀ အထိပေါ့။
သူ့ပုံစံက တကယ့်အေးအေးချမ်းချမ်းလေးပါ။ အနေအေးတယ်။ တည်ငြိမ်တယ်လို့ ထင်ရတယ်။ ဒါပေမဲ့ ကျွန်တော့်ရှေ့မှာတော့ ဘယ်တော့မှ တည်ငြိမ်တယ်ဆိုတာ မရှိပါဘူး။ အပြင်သွားမယ်ဆို သူထိပ်ဆုံးကပါပဲ။ အကလဲ ကြိုက်တတ်သေးတယ်။ ကျွန်တော်ကတော့ သီချင်းဆိုတာ သဘောကျတယ်။ ကျွန်တော်က သီချင်းဆို၊ သူက ကတယ်ပေါ့ဗျာ။
ကျွန်တော်သူ့ကို ဘယ်ချိန်က ချစ်မိတယ်ဆိုတာ ကျွန်တော် မသိဘူး။ စရင်ခုန်တဲ့အချိန်ကိုလဲ မမှတ်မိတော့ဘူး။ သိလိုက်ချိန်မှာတော့ သူ့ကို ကျွန်တော်မခွဲချင်တော့ဘူး။ ဘယ်လိုဖြစ်ဖြစ် သူ့ကို ကျွန်တော့်အနားမှာပဲ ရှိချင်တာ။ သူငယ်ချင်းအနေနဲ့ ဖြစ်ဖြစ်ပေါ့။
ဒါပေမဲ့ တစ်ရက်မှာ သူက “လူတစ်ယောက်ကို သဘောကျလို့ ငါဘယ်လိုလိုက်ရမလဲ မင်းပြောပြစမ်းပါကွာ” လို့ ကျွန်တော့်ကို ပြောလာတယ်။ ပြီးတော့ အဲ့တစ်ယောက်က သူနဲ့ သူငယ်ချင်းတဲ့။ Fri zone ကနေ ဘယ်လို ရုန်းထွက်ရမလဲ သူ့ကို ပြောပြပါတဲ့။ ကျွန်တော့် ရင်ထဲ ပူလာတယ်။ မျက်ရည်တွေပါ ဝဲတက်လာတယ်လို့ ခံစားလိုက်ရတယ်။ သူသာ ကောင်မလေးရသွားခဲ့ရင် သူ ဒီလိုမျိုး ကျွန်တော်နဲ့ အတူ ရှိနိုင်ပါ့မလား။ ကျွန်တော်တို့နှစ်ယောက်က အနေအနီးဆုံးသူငယ်ချင်းတွေလေ။ ဒါပေမဲ့ ရည်းစားမထားနဲ့လို့ ကျွန်တော် တားလို့ မရဘူး။ ကျွန်တော်မှ သူ့ကို တားပိုင်ခွင့်မှ မရှိတာပဲ။ ကျွန်တော် သူ့ကို ချစ်တယ်လို့ ပြောဖို့ ကျွန်တော့်မှာ အင်အားမရှိဘူး။ သူသာ ကျွန်တော်သူ့ကို ချစ်မှန်းသိသွားရင် ကျွန်တော့်ကို အရင်လို ဆက်ဆံနိုင်ပါ့မလား။
ဒါပေမဲ့ သူက ကျွန်တော့်ကို ဒီမေးခွန်းမေးလာမှတော့ ကျွန်တော့်အနေနဲ့ မဖြေမဖြစ် ပြန်ဖြေရတယ်။ သူနဲ့ ကျွန်တော်ဟာ အပြန်အလှန် ကူညီနေကျ။ တစ်ယောက် လိုအပ်တာ တစ်ယောက်ဖြည့်ဆည်းပေးနေကျ။ အဲတာကြောင့် ကျွန်တော်လဲ သူ့အတွက် အကြံစဥ်းစားပေးရတာပေါ့။
“အဲ့တစ်ယောက်ဆီကို နေ့တိုင်း နှင်းဆီနီတစ်ပွင့် လက်ဆောင် ပေးလိုက်ပေါ့ တစ်လလောက်ဆို သူရိပ်မိမှာပေါ့ကွာ” လို့ ကျွန်တော် အကြံပေးဖြစ်တယ်။ ကောင်မလေးတွေက ပန်းလက်ဆောင်ရတာကို သဘောကျတယ်လို့ ကျွန်တော်ကြားဖူးတယ်လေ။
အဲလိုနဲ့ နောက်နေ့ကစပြီး ကျွန်တော့်ဆီကို နှင်းဆီနီတစ်ပွင့် နေ့တိုင်းရောက်လာတယ်။ မနက်တိုင်း တစ်ပွင့်ဆီပေါ့ဗျာ။ ကျွန်တော် သူနဲ့တွေ့တဲ့အချိန် သူ့အရိပ်ကို အကဲခတ်ကြည့်တော့ ထူးထူးခြားခြား ဘာမှမခံစားရဘူး။ နှင်းဆီပေးတာ သူဖြစ်နိုင်တယ်လို့ ကျွန်တော့်စိတ်ထဲ သိသလိုရှိပေမဲ့ ကိုယ့်ကိုယ်ကိုယ်လဲ အထင်မကြီးရဲဘူး။ သူက ကျွန်တော့်ကို စချင်လို့လဲ ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်ကလဲ နှင်းဆီလက်ဆောင်ရတဲ့ အကြောင်း သူ့ကို မပြောပြဖြစ်ပါဘူး။
၂၉ ရက်အထိ နေ့တိုင်း နှင်းဆီတစ်ပွင့်လက်ဆောင်ရပါတယ်။ ဘယ်သူပေးတာလဲ သေချာမသိပေမဲ့ သူလို့လဲ ခံစားမိနေတာကြောင့် တယုတယ သိမ်းထားဖြစ်တယ်။ သူလဲ ကျွန်တော်ကို ချစ်ပါတယ်လို့ ကျွန်တော့်ဘက်က မျှော်လင့်နေမိတာလဲ ပါတာပေါ့ဗျာ။
ဒါပေမဲ့တစ်လတိတိပြည့်တဲ့နေ့ မနက်ပိုင်းမှာ ကျွန်တော့်ဆီကို နှင်းဆီတစ်ပွင့် မရောက်လာဘူး။ သူကတော့ ကျွန်တော့်ကို ညနေလေးနာရီမှာ cafè မှာတွေ့ဖို့ ချိန်းထားတယ်။ ထူးထူးဆန်းဆန်း ကျွန်တော်နဲ့ ကော်ဖီသောက်ချင်လို့တဲ့။
ကျွန်တော်ဟာ cafè ကို လေးနာရီမထိုးခင်ကတည်းက ရောက်နေခဲ့ပါတယ်။ စိတ်တွေ လှုပ်ရှားလွန်းမနေသလို ကျွန်တော့်လက်ဖျားတွေကလဲ အေးစက်နေပြီ။ ငါးမိနစ်က ကျွန်တော့်အတွက် တစ်ကမ္ဘာစာလောက် ကြာနေသလိုပါပဲ။ လေးနာရီတိတိမှာ သူရောက်လာပါတယ်။ လက်ထဲမှာလဲ နှင်းဆီတစ်ပွင့် ကိုင်ထားခဲ့တယ်။
သူကျွန်တော့်ကို တွေ့တော့ ပြုံးပြုံးရွှင်ရွှင်နဲ့ အနားရောက်လာတယ်။ သူ့ခြေလှမ်းတွေက ပုံမှန်ထက် မြန်နေတာကို ကျွန်တော်ခံစားမိတယ်။ ကျွန်တော့်ရှေ့ရောက်တော့ သူဟာ ဒူးတစ်ဖက်ထောက် ကျွန်တော်လက်ဖမိုးလေးကို တယုတယအနမ်းပေး၊ နှင်းဆီပန်းလေး ကျွန်တော့်ဆီကို ကမ်းပြီး ပြောလိုက်ပါတယ်။
“မောင် မောင့်ရှေ့က လူသားလေးကို မြတ်နိုးရပါတယ်ဗျာ မောင့်ကို တစ်ဘဝလုံးစာ လက်တွဲဖော်အဖြစ် လက်ခံပေးပါ မောင့်အချစ်” တဲ့။
အံ့သြသလို ရှိပေမဲ့ အရမ်းအံ့သြတာမျိုးလဲ မဖြစ်နေခဲ့ပါဘူး။ ရင်ထဲမှာတော့ လှိုက်လှိုက်လှဲလှဲ ကြည်နူးဝမ်းသာမိတယ်။ ကျွန်တော်ချစ်နေတဲ့ မောင်ဟာ ကျွန်တော့် လက်ကို တစ်ဘဝလုံးစာ တွဲထားချင်ပါတယ်တဲ့။
ကျွန်တော်ဆိုတဲ့ကောင်ကလဲ မောင့်လက်လေးကို ဆွဲထားချင်ပါတယ်။ ဘယ်အချိန်အဖြစ်ဖြစ် သူ့အနား ရှိချင်မိပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ မောင့်ကို ဖွင့်ပြောဖို့အထိ သတ္တိမရှိဘူး။ ဒါပေမဲ့ မောင်ဟာ ကျွန်တော့်လက််ကို ရဲရဲဝံ့ဝံ့ တွဲခဲ့ပါတယ်။
မောင့်ကို ပေးတဲ့ ကျွန်တော့်အဖြေဟာ ရိုးရိုးရှင်းရှင်းလေးပါပဲ။
“ငါလဲ မောင်နဲ့အတူ တစ်ဘဝလုံး အတူတူရှိချင်ပါတယ်ကွာ” လို့ပေါ့။
[[[[ပြီးပါပြီ]]]]
ကောင်လေးနှစ်ယောက်ကြားက ရိုးရိုးရှင်းရှင်း အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ပုံဖော်ချင်တာနဲ့ ရေးဖြစ်တာပါ။ သဘောကျနှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။
ချစ်ခြင်းများစွာဖြင့်
သျှားမိုးဝသုန်