နှောင်းလေသော
“မင်းသူ့ကို သတိရနေတယ်မလား။ သွားတွေ့လိုက်ပေါ့။ ဘာလို့ အချိန်ဆွဲနေမှာလဲ။”
ဒီစကားဟာ ကျွန်မအစ်ကို ကျွန်မကို ပြောနေကျစကားပါပဲ။ ပြီးတော့ နောင်တရနေတဲ့ လေသံနဲ့ ဒီလိုပြောလေ့ရှိသေးတယ်။
“အဲတုန်းက တွေ့ချင်လွန်းခဲ့တာတောင် ငါ သူ့ကို သွားမတွေ့ခဲ့မိဘူး။ အခုတော့ သူ့ကို တွေ့ချင်တာတောင် မတွေ့နိုင်တော့ဘူး။” ဆိုတာပေါ့။
ဒီလိုပြောပြောနေကျ ကျွန်မအစ်ကိုဆီမှာ ဇာတ်လမ်းလေး တစ်ပုဒ်ရှိနေပါတယ်။ ဒီဇာတ်လမ်းဟာ လွမ်းဆွေးဖို့ ကောင်းပါတယ်။ ကျွန်မကိုလဲ သူ့လို မဖြစ်သွားဖို့ သတိပေးနေတယ်။ ဒါပေမဲ့ ကျွန်မအနေနဲ့ သူ့ကို သွားတွေ့ဖို့ ကြောက်နေဆဲပါပဲ။
ကျွန်မအစ်ကိုရဲ့ ဇာတ်လမ်းကို အရင် ပြောပြရရင်တော့ဖြင့် ဟိုး သူအသက် ၁၄ ၁၅ ကပေါ့။ သူ သူနဲ့ ရွယ်တူ ကောင်မလေးတစ်ယောက်နဲ့ တွဲဖြစ်တယ်။ အစကတော့ သူ့အနေနဲ့ အပျော်ဆိုပြီး တွဲတာပါပဲ။ ကောင်မလေးကတော့ ချစ်ရှာပါတယ်။ ကျွန်မတောင် ကျွန်မအစ်ကိုကို ပြန်ထောင်းချင်လောက်တဲ့ အထိကို အဲအစ်မက ကောင်းတာ။
မေတ္တာရောင်ပြန်ဟပ်တယ်လို့ ပြောရမှာပါ။ တွဲပြီး တစ်နှစ်လောက်ရှိတဲ့ အချိန်မှာ ကျွန်မအစ်ကိုဟာလဲ သူ့ကောင်မလေးကို တော်တော်လေး ဂရုစိုက်လာပါတယ်။ သူ့ကောင်မလေးမျက်နှာ တစ်ချက်မပျက်အောင် ကို ဂရုစိုက်တာ။ တလောကလုံးကလူတွေ သူတို့အတွဲကို အားကျရလောက်တဲ့အထိ။ ကျွန်မကတောင် အဲအစ်မ ပေးဆပ်ရတာတန်ပါလားလို့တောင် တွေးမိသေးတယ်။
ဒါပေမဲ့ ဘဝဆိုတာ ဆိုးတစ်လှည့်၊ ကောင်းတစ်လှည့် မဟုတ်လား။ သူတို့ရဲ့ ပျော်ရွှင်စရာ အချိန်တွေ၊ သူတို့နှစ်ယောက်ကို ကြည့်ပြီး ကြည်နူးမိရတဲ့ ကျွန်မရဲ့ အချိန်တွေ ကုန်ဆုံးတဲ့ နေ့လို့ပဲ ပြောရမလား။ တစ်ရက်မှာတော့ ကျွန်မအစ်ကိုရဲ့ ကောင်မလေးဟာ အကြောင်းပြချက်မရှိ လမ်းခွဲဖို့ ပြောလာတယ်။ ပြီးတော့ သူ့ကို မရှာပါနဲ့တဲ့။
ကျွန်မအစ်ကိုဟာလဲ သူ့ကောင်မလေးစကားကို တသွေမတိမ်းနားထောင်ပါတယ်။ လူကတော့ အမြဲငူငူငိုင်ငိုင်။ သူဟာ သူ့ကောင်မလေးကို စိတ်နာချင်ပေမဲ့ စိတ်မနာရက်ဘူး။ မုန်းပစ်ချင်တယ်ဆိုပေမဲ့ မမုန်းပစ်ရက်ဘူး။ အဲလိုခံစားချက်ဖြစ်နေတယ်လို့ ကျွန်မခံစားရတယ်။ ဒါပေမဲ့ ကျွန်မတို့ရှေ့မှာဆိုရင်တော့ သူဟာ သူ့ကို ပစ်သွားတဲ့ သူ့ကောင်မလေးကို ပစ်ပစ်ခါခါ ဖြစ်နေတဲ့ပုံ ဟန်ဆောင်လေ့ရှိတယ်။
ကျွန်မအစ်ကိုဟာ သူ့ကောင်မလေးရဲ့ အခြေအနေကို ရှာဖွေဖို့ မကြိုးစားခဲ့ပါဘူး။ ဘာလို့ သူ့ကို ဒီလို ထားပစ်ရက်တာလဲ ဆိုတာကိုတောင် သူသိချင်တယ်ဆိုပေမဲ့ မရှာခဲ့ဘူး။ ကျွန်မက ရှာဖို့ ပြောရင်တောင် “သိချင်တယ်!!သေလောက်အောင် သိချင်တယ်!! ဒါပေမဲ့ ဘာလို့ရှာနေရမှာလဲ? သူတောင် နင့်အစ်ကို ငါ့ကို ထားသွားခဲ့ပြီးပြီလေ!” ဆိုပြီး အော်တတ်တယ်။
ဒီလိုနဲ့ တစ်လ နှစ်လ သုံးလ လေးလ အချိန်တွေ တရွေ့ရွေ့ကုန်သွားခဲ့တယ်။ နောက်ဆုံးတော့ ကျွန်မတို့ဆီကို ဖိတ်စာတစ်စောင် ရောက်လာခဲ့ပါတယ်။ ကျွန်မအစ်ကိုဟာ ဖိတ်စာကို ယောင်လို့တောင် မကြည့်ပါဘူး။ ကျွန်မဟာလဲ အဲအစ်မကို စိတ်နာလို့ ဖိတ်စာကို ဖွင့်ဖတ်ဖို့ မတွေးခဲ့မိဘူး။ ကျွန်မတို့ မောင်နှမနှစ်ယောက်ဟာ အဲဖိတ်စာကို မင်္ဂလာပွဲဖိတ်စာလို့ ယုံကြည်နေခဲ့ကြတယ်။ လုပ်ရက်နေခြင်းလို့လဲ တွေးနေခဲ့ကြတယ်။
တစ်ရက်၊ နှစ်ရက်၊ သုံးရက်မြောက်နေ့မှာ ကျွန်မအစ်ကိုဟာ ဖိတ်စာကို ဖွင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲချိန် ကျွန်မလဲ ဘေးနားမှာရှိနေခဲ့ပါတယ်။ သေချာကြည့်မိတဲ့အခါ ဖိတ်စာဟာ ခမ်းနားနေခြင်းမရှိသလို ကျွန်မအစ်ကိုဟာ ကတ်ထူပြားကိုလဲ စမ်းမိမနေခဲ့ပါဘူး။ စာအိတ်ဟာ ပါးပါးလျလျရှိနေခဲ့တာ။ အဲတာကို ကျွန်မတို့ ဖိတ်စာရတဲ့နေမှာ သတိမထားမိကြပါဘူး။ အဲအစ်မဆီက ဖိတ်စာဆိုတာ သိတာနဲ့ နှစ်ယောက်လုံး ဖွင့်ဖောက်ကြဖို့တောင် စိတ်ထဲမတွေးမိလို့ပါပဲ။ ကျွန်မကတော့ စိတ်နာလို့ ဆိုပေမဲ့ ကျွန်မအစ်ကိုရော ဘယ်လိုခံစားနေရလို့ မဖွင့်ခဲ့တာပါလဲ။ အဲတာကို ကျွန်မကိုယ်တိုင်လဲ သိမနေခဲ့ပါဘူး။
စာအိတ်ကို ဖွင့်ကြည့်တဲ့အခါ အသုဘဖိတ်စာစာရွက် တစ်ရွက်နဲ့ အဲအစ်မကိုယ်တိုင် ရေးထားတဲ့ စာတစ်စောင်ကို ကျွန်မတို့တွေ့ခဲ့ပါတယ်။ အစ်မ ကိုယ်တိုင်ရေးထားတဲ့ စာမှာ သွေးတွေပေနေခဲ့တာကိုလဲ သတိထားမိခဲ့တယ်။
ကျွန်မတို့မောင်နှမနှစ်ယောက်စလုံး ဘာစကားမှ မပြောဖြစ်ခဲ့ဘူး။ ဘာစကားပြောရမလဲ မသိရအောင်ကို အံ့သြသွားရတယ်။ ကျွန်မအစ်ကိုရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ ရစ်သိုင်းနေခဲ့တယ်။ ကျွန်မရဲ့ ရင်ထဲမှာတော့ တဆစ်ဆစ် နာကျင်နေခဲ့တယ်။
အစ်မဟာ သေနိုင်တဲ့ရောဂါရှိနေကို မပြောပြချင်ခဲ့လို့ ကျွန်မအစ်ကိုကို လမ်းခွဲသွားခဲ့တယ်။ ကျွန်မအစ်ကိုဟာလဲ အစ်မပြောတဲ့စကားကို တသွေမတိမ်းနားထောင်ပြီး အစ်မအကြောင်း တစ်ချက်လေးတောင် မစုံစမ်းခဲ့သလို သွားလဲမတွေ့ခဲ့ဘူး။ နောက်ဆုံးမှာတော့ သေသွားပြီဆိုတဲ့ သတင်းတစ်ခုကိုသာ ရသွားခဲ့တယ်။
ကျွန်မရော ဘယ်လိုလုပ်သင့်သလဲ။ ကျွန်မ သေလောက်အောင် တွေ့ချင်နေတဲ့ လူတစ်ယောက်ရှိတယ်။ ဒါပေမဲ့ ကျွန်မနဲ့ သူဟာ သူစိမ်းသာသာတွေ။ ကျွန်မအနေနဲ့ တစ်ဖက်သတ်ချစ်မိနေတဲ့ လူသားတစ်ဦးပေါ့။