Letters
ကျွန်မဟာ ဇူလိုင်လ ၅ ရက်နေ့မှာ ရန်ကုန်မြို့လယ်မှာ ရှိတဲ့ အိမ်တစ်အိမ်ကို ပြောင်းလာခဲ့တယ်။ အိမ်ရှင်တွေက တစ်နယ်တစ်ကျေးကို တစ်သက်စာပြောင်းတော့မှာမို့ လက်ရှိနေတဲ့အိမ်ကို ရောင်းလိုက်တာလို့ ကျွန်မကို ပြောပါတယ်။ သူတို့ဟာ သူတို့တစ်ကိုယ်စာ ပစ္စည်းတွေကလွဲလို့ ကျန်တာတွေကို မသယ်သွားခဲ့ပါဘူး။ ဆိုတော့ ကျွန်မကလဲ သူတို့ထွက်သွားပြီး နောက်တစ်နေ့မှာပဲ တန်းပြီး အဲ့အိမ်မှာ နေလိုက်တော့တယ်။
အိမ်လေးက သပ်သပ်ရပ်ရပ်ပါပဲ။ အိမ်ရှင်တွေပြောင်းသွားတာကလဲ မကြာသေးတာမို့ ကျွန်မအနေနဲ့ အိမ်သိပ်ရှင်းစရာ မလိုလိုက်ပါဘူး။ ကျွန်မပစ္စည်းတွေကို နေရာချပြီးတဲ့အချိန်မှာ စာပို့သမားကို ကျွန်မအိမ်ရှေ့မှာ မြင်လိုက်ရတာမို့ အိမ်ရှေ့စာပုံးကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
ကျွန်မ စာပုံးကို သွားစစ်ကြည့်လိုက်တော့ စာတစ်စောင်ထည့်ထားတာ တွေ့တယ်။ သေချာကြည့်လိုက်တော့ စာပုံးထဲမှာ စာတွေအပြည့်ပါပဲ။ အဲ့တာကြောင့် စာဘယ်နှစောင်ရောက်နေလဲလို့ စစ်ကြည့်တော့ စာ အစောင် ၃၀ တိတိရှိတယ်။ စာပို့သူက တစ်ယောက်တည်းဖြစ်မဲ့ပုံပါပဲ။ ဘာလို့ဆို စာအားလုံးရဲ့တံဆိပ်ခေါင်းဟာ တစ်ပုံစံတည်းဖြစ်နေလို့ပါ။
ဒီစာတွေကို ဘယ်သူက ဘယ်သူ့ကိုပို့တာပါလိမ့်။ ဒီခေတ်ထဲမှာ ဘယ်သူကမှ စာပို့ပြီး မဆက်သွယ်ကြတော့ပါဘူး။ ဖုန်းတစ်လုံးရှိရင် လူတစ်ယောက်ကို ဆက်သွယ်ဖို့ဆိုတာ ခက်ခဲလှတာမှမဟုတ်တာပဲ။ ပြီးတော့ အရင်လကတည်းက တစ်နေ့တစ်စောင် ပို့ထားပုံထောက်ရင် အရင် အိမ်ရှင်တွေကို ပို့ထားတဲ့ စာတွေဆိုတာသေချာပါတယ်။
ကျွန်မအနေနဲ့ ဒီစာတွေကို မဖတ်သင့်မှန်း သိပါတယ်။ သူများတကာရဲ့ ကိစ္စတွေကို မသိချင်သင့်ဘူးလေ။ ဒါပေမဲ့ လိပ်စာရေးထားတဲ့လက်ရေးဟာ ဝိုင်းစက်ပြီး သေသပ်လွန်းတယ်။ သပ်သပ်ရပ်ရပ်လဲရှိလှတာမို့ ကျွန်မလဲ ဒီစာရေးသူရေးတဲ့ စာတွေကို သေချာတစ်လုံးစီ ဖတ်ပေးချင်မိတယ်။ ပြီးတော့ ကျွန်မ ဒီစာတွေကို ဖတ်တာကို ဘယ်သူမှ သိမှာ မဟုတ်တာပဲ။ အာ့ကြောင့် ကျွန်မလဲ မနေနိုင်စွာနဲ့ စာတွေကို ဖွင့်ဖတ်လိုက်တော့တယ်။
စာရေးသူရဲ့လက်ရေးဟာ သေသပ်တယ်။ သန့်ရှင်းတယ်။ အဲ့လက္ခဏာတွေဟာ စာတိုင်းမှာ ပေါ်လွင်တယ်။ သူဘယ်ချိန်မှာပဲ ရေးရေး၊ ရေးပုံသပ်ရပ်မှုဟာ ပျောက်သွားတာမျိုး မရှိဘူး။ စာဘယ်လောက်ပဲရှည်ရှည်၊ သူဘယ်လောက်ပဲ စိတ်မကြည်နေပါစေပေါ့။
စာမှာပါတဲ့ လိပ်စာအရ စာရေးသူဟာ ရှမ်းပြည်နယ် ဟဲဟိုးအနားမှာရှိတဲ့ ရွာတစ်ရွာကို ရောက်နေပုံပါပဲ။ စာထဲမှာပါတဲ့အကြောင်းအရာအရ သူဟာ ဇွန်လ ၄ ရက်နေ့ မနက်မှာ အဲ့ရွာကို စရောက်ခဲ့တယ်။ သေချာတာကတော့ ရွာကို ရောက်တဲ့နေ့ကစပြီး အခုချိန်အထိ စာကို တစ်ရက်မပြတ်ရေးခဲ့တာပါပဲ။
သူရေးတာတွေကတော့ မိသားစုကို သူဟိုမှာ ဘယ်လိုနေတဲ့အကြောင်း၊ ဘယ်လိုအခက်အခဲတွေကြုံရကြောင်း၊ သူဒါတွေကို ဘယ်လိုဖြေရှင်းခဲ့တဲ့အကြောင်းတွေပါပဲ။ သူ့ရဲ့ တစ်နေ့တာမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေ ရိုးရိုးရှင်းရှင်းပုံဖော်ရေးထားတာတွေပေါ့။ ဒါပေမဲ့ သူ့စာတွေဟာ ပြန်စာမရခဲ့တဲ့ပုံပါပဲ။ အစရက်ပိုင်းတွေမှာ တက်ကြွမှုအပြည့်ပါပေမဲ့ တစ်ပတ်ကျော်ကျော်က စပြီးသူရေးတဲ့စာတွေဟာ အားလျော့လျော့လာတယ်။ ပြန်စာမရတဲ့စာတွေကို ရေးရတာမို့ သူ့အနေနဲ့ ရေးဖို့ စိတ်အားမရှိတော့ပုံပါပဲ။ တကယ်တော့ စာပုံးထဲမှာ စာတွေအပြည့်၊ ပြီးတော့ တစ်ယောက်တည်းက ပို့တဲ့စာတွေ၊ အဲတာကို ကြည့်လိုက်တာနဲ့ကို ပြန်စာမရှိတဲ့စာတွေကို သူတစ်ယောက် ရေးနေခဲ့တာ သိသာပါတယ်။
ကျွန်မအနေနဲ့ အဲ့အချက်က ထူးဆန်းတာပါပဲ။ မိသားစုဝင်တစ်ယောက်ဟာ သူတို့နဲ့ နယ်ဝေးကို ရောက်နေတယ်။ အဲ့မိသားစုဝင်ကို သူတို့ဟာ အဆက်အသွယ်ဖြတ်လိုက်တဲ့အပြင် တစ်ဖက်က ပို့လာတဲ့ စာတွေကိုလဲ တစ်လုံးမှ ဖွင့်ဖတ်မကြည့်ခဲ့ဘူး။ ပြီးတော့ သူရေးတဲ့စာအရ သူကလဲ သူ့မိသားစုဝင်တွေ ဘာလို့ သူ့ဆီစာမပြန်လဲ ဆိုတာကို မသိပါဘူး။
နောက်ဆုံး ဒီနေ့ပို့ထားတဲ့စာတွေကို ဖွင့်ဖောက်ဖတ်ကြည့်လိုက်တဲ့အခါမှာ သူစာတွေပို့တာ ဒီနေ့နောက်ဆုံးဖြစ်ကြောင်း ပြောပြထားတယ်။ ပြန်စာမရှိတော့တဲ့ စာတွေကို သူဆက်ပို့ဖို့ အားမရှိတော့ဘူးပေါ့။
ဘာက လှုံ့ဆော်လိုက်လဲတော့ ကျွန်မလဲ သေချာမသိပါဘူး။ ဒါပေမဲ့ ကျွန်မအနေနဲ့ ရုတ်တရက် ထပြီး စာအိတ်နဲ့ တံဆိပ်ခေါင်းဝယ် စာရွက်တစ်ရွက်ကို ထုတ်ပြီး စာရေးဖို့ပြင်ဆင်လိုက်တော့တယ်။ ဒါပေမဲ့ ကျွန်မ သူ့ကို ဘာရေးရမှာလဲ။ သူ့အကြောင်းကို ကျွန်မသေချာမသိလှဘူး။ သူ့စာအရ သူဟာ ယောက်ျားလေးတစ်ယောက်၊ စိတ်ရှည်တယ်၊ သပ်သပ်ရပ်ရပ်နေတတ်တယ်၊ တစ်ခုခုဆို စိတ်အေးအေးထားပြီး ဖြေရှင်းတတ်တယ်၊ ပြီးတော့ အခက်အခဲတွေကို နေ့စဥ်နဲ့အမျှ ရင်ဆိုင်နေရတယ်။ ပြီးတော့ အိမ်ပြန်ချင်တယ်။ ဒါပေမဲ့ သူအဲ့မှာ သုံးလနေမယ်ဆိုတဲ့ ကတိအရ သူပြန်လာလို့ မရဘူး။ ဒါတွေကလဲ ကျွန်မရဲ့ ခန့်မှန်းချက်တွေ။ သူအိမ်ပြန်လာလို့ မရဘူးဆိုတဲ့ အချက်တစ်ချက်ကလွဲလို့ပေါ့။ စာထဲမှာ “အိမ်ပြန်လာဖို့ __ ရက်အလို” ဆိုပြီး နောက်ဆုံးမှာ ရေးထားတာမို့ပါပဲ။
ဒါပေမဲ့ ကျွန်မကလဲ ကျွန်မပါပဲ။ စာမပြန်ဖြစ်တဲ့ အကြောင်းအရင်းကို စာတွေကို မတွေ့လို့ပါဆိုပြီး အကြောင်းပြလိုက်တယ်။ အခုမှ စာပုံးကို စစ်မိတာမို့ စာမပြန်ဖြစ်တာပါပေါ့။ ပြီးတော့ ဒီနေ့ကစပြီး သူပို့သမျှစာတိုင်းကို စာပြန်ပေးပါ့မယ်လို့လဲ ကတိပေးလိုက်တယ်။ ပြီးတော့ မိသားစုဝင်အားလုံး အဆင်ပြေ ကျန်းမာပါတယ်ဆိုတဲ့အကြောင်း၊ ဘာမှစိတ်ပူစရာမလိုတဲ့အကြောင်း၊ ပြီးတော့ သူဘာလုပ်လုပ် အနောက်မှာ ကျွန်မတို့ ရှိနေပါ့မယ်ဆိုတဲ့အကြောင်းတွေကိုရောပေါ့။ သူ့မိသားစုဝင်တစ်ယောက်အနေနဲ့ စာပြန်ပေးဖြစ်ခဲ့ပါတယ်။ လိမ်သလိုတော့ ဖြစ်သွားပေမဲ့ အဆင်ပြေသွားမှာပါ။ အရင် အိမ်ရှင်တွေလဲ ကျွန်မစာပြန်တာကို သိမှာ မဟုတ်ပါဘူး။ ဘာလို့ဆို သူတို့ဟာ နိုင်ငံခြားကို ရောက်သွားခဲ့ပြီလေ။ ကျွန်မအထင်ပြောရရင် စာရေးသူကို အဆက်အသွယ်လုံးလုံးဖြတ်ပစ်ဖို့ ထွက်သွားခဲ့တာ ဖြစ်နိုင်ပါတယ်။ သုံးလပြည့်လို့ သူပြန်လာခဲ့ရင်တောင် သူတို့ကို ဆက်သွယ်လို့မရအောင် လုပ်ထားခဲ့လို့ပါပဲ။ ကျွန်မကိုလဲ သူတို့နိုင်ငံခြားပြောင်းမှာမို့လို့ ဆိုပြီးပဲ ပြောထားတာပဲလေ။ ပြီးတော့ ကျွန်မကိုလဲ ဟဲဟိုးနားက ရွာမှာ သူတို့မိသားစုဝင်တစ်ဦး ရှိနေတယ်လို့မှ မမှာသွားခဲ့တာပဲ။
သူ့စာတွေကို စာပြန်တဲ့သူ ရှိနေလို့ ထင်ပါတယ်။နောက်ပိုင်းပို့တဲ့စာတွေမှာ အားအင်အပြည့်ပါတယ်လို့ ခံစားရပါတယ်။ တစ်ခါတလေကျရင် သူ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ ဆိုပြီးပါ အကူအညီတောင်းလာပါတယ်။ သူပြောပုံအရ ဟိုမှာလဲ အကူအညီတွေ ရနေပေမဲ့၊ သူ့နားမှာ စေတနာပြည့်ဝတဲ့သူတွေရှိနေပေမဲ့လဲ အကူအညီတောင်းဖို့ ဝန်လေးနေပါတယ်တဲ့။ သူတို့အနားမှာ နေရတာ ပေါ့ပါးပေမဲ့ ဒီစာရေးတဲ့အချိန်လောက်မပေါ့ပါးဘူးလို့လဲ ပြောပါတယ်။
ကျွန်မကတော့ သူ့ကို အစ်မတစ်ယောက်က မောင်တစ်ယောက်ကို ပြောသလို ပြောဖြစ်ခဲ့တယ်။ အရင်အိမ်ရှင်မှာ ကျွန်မနဲ့ အသက်မကွာတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်လို့ သတိထားမိလို့ပါပဲ။ ဒါပေမဲ့ သူ့အစ်မလား ညီမလားတော့ ကျွန်မလဲ မသိပါဘူး။
၃ လ ပြည့်တဲ့နေ့မတိုင်ခင်တစ်ရက်က သူပို့တဲ့စာမှာ သူအိမ်ပြန်လာတော့မဲ့အကြောင်း၊ သူ့ကို စာပြန်တဲ့သူဟာ ဘယ်သူမှန်းမသိပေမဲ့ ကျေးဇူးတင်မိတဲ့အကြောင်း၊ ပြီးတော့…… သူနေ့လယ်ရောက်မယ်၊ သူ့ကို အိမ်မှာ စောင့်ပေးပါဆိုတဲ့အကြောင်း…။
“!!!!!” ဒါဟာ ကျွန်မ စာကို ဖတ်ဖတ်ပြီးချင်း ဖြစ်လာတဲ့ ရင်တုန်မှုပါပဲ။ အစကတည်းက စာပြန်တဲ့သူဟာ သူ့မိသားစုဝင်မဟုတ်ဘူးဆိုတာ သိနေခဲ့တာလား။ ဒါဆို သိသိရက်နဲ့ ကျွန်မကို စာပြန်ခဲ့တာပေါ့။ ဘာလို့များလဲ ဆိုတဲ့ မေးခွန်းက ကျွန်မခေါင်းထဲမှာ တဝဲဝဲ ဖြစ်နေပြီ။ ပြီးတော့ ကျွန်မခေါင်းထဲမှာ မေးခွန်းတစ်ခုပေါ်လာပါတယ်။ “သူက ကျွန်မကို သူ့ရဲ့အိမ်လို့ သတ်မှတ်လိုက်တာလား?”
“အိမ်ကို ပြန်လာခဲ့မယ် စောင့်နေပေးပါ အစ်မ။ ကျွန်တော့် မိသားစုဝင်တွေထဲက ဘယ်သူမှ ကျွန်တော့်ကို စာမပြန်ပေးခဲ့ပေမဲ့ အစ်မကတော့ စာပြန်ပေးခဲ့တယ်။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။” ဆိုပြီး ရေးထားတာမို့လေ။
နေ့လယ်မှာ သူရောက်မယ်လို့ ရေးထားတာမို့ ကျွန်မလဲ သူ့အတွက် အခန်းပြင်ဆင်၊ ထမင်းဟင်းပြင်ပြီး စောင့်နေခဲ့တယ်။ သူ ခရီးကပြန်လာရင် ဗိုက်ဆာနေမှာပဲ မဟုတ်လား။ ကျွန်မအနေနဲ့ပြောရရင် သူ့ကို သံယောဇဥ်ရှိပါတယ်။ ဘယ်လိုသံယောဇဥ်လဲ လို့ ပြောလို့မရပေမဲ့ ဒီနှစ်လအတွင်းမှာ သူ့ကို ချစ်ခင်မိတယ်။ သူ့ကို စောင့်ရှောက်ထားချင်မိတယ် လို့ပြောရင်လဲ လွန်ရာမကျဘူးလို့ ထင်ပါတယ်။
နေ့လယ် ၂ နာရီလောက်မှာ ဘဲလ်တီးသံကြားတာမို့ ထွက်ကြည့်လိုက်တော့ ကြည်လင်တဲ့အပြုံးနဲ့ လူငယ်လေးတစ်ယောက်ကို တွေ့တယ်။ တောင်ပေါ်ဒေသမှာ နေခဲ့တာမို့ အသားလေးတွေက ဖွေးနေတယ်။ “အစ်မ ကျွန်တော်ပြန်ရောက်ပြီ” ဆိုတဲ့ စကားအရ သူမှန်း သိနေခဲ့တယ်။ သူ ကျွန်မရေးထားတဲ့စာတွေကို ထုတ်ပြလိုက်တဲ့အခါမှာတော့ သူမှန်း လုံးဝကို သေချာသွားတော့တာပါပဲ။
သူ့ပစ္စည်းတွေကို ကူသယ်ပေးရင်းနဲ့ သူ့အတွက်ပြင်ဆင်ပေးထားတဲ့ အခန်းကို လိုက်ပို့ပေးလိုက်တယ်။ ပြီးတော့ ထမင်းလာစားဖို့ပါ ခေါ်ခဲ့လိုက်တယ်။ ထမင်းပြင်ထားတယ်ပြောတော့ သူမျက်ဝန်းတွေဟာ ပြူးကျယ်သွားတယ်။ အံ့သြသွားတဲ့ပုံပါပဲ။ ကျွန်မလဲ သူ့ကို အပြုံးလေးနဲ့ “အိမ်ကနေ ကြိုဆိုပါတယ် ကိုယ်လက်သန့်စင်ပြီးရင် ထမင်း အတူတူစားကြရအောင်” လို့ ပြောလိုက်တဲ့အခါမှာတော့ သူ့မျက်ဝန်းတွေဟာ ပြုံးယောင်သန်းသွားခဲ့ပြီး “ဟုတ်ကဲ့ပါ အစ်မ” လို့ ပြန်ဖြေခဲ့တယ်။
ဒီနေ့ ထမင်းစားဝိုင်းဟာ ကျွန်မတို့ နှစ်ယောက်လုံးအတွက် ချိုမြိန်နေခဲ့ပါတယ်။ အဖော်မရှိဘဲ တစ်ယောက်တည်းနေရတဲ့ ကျွန်မနဲ့ မိသားစုက စွန့်ပစ်ခံလိုက်ရတဲ့သူ၊ ကျွန်မတို့နှစ်ယောက်ဟာ ကျွန်မတို့ ကြုံတွေ့ရတဲ့ နေ့စဥ်ဘဝအကြောင်းအရာတွေကို ပြောပြရင်း ရယ်ရယ်မောမောနဲ့ ထမင်းစားဖြစ်ခဲ့တယ်။
စကားကြုံတဲ့နေ့မှာ ကျွန်မ သူ့မိသားစုဝင်အဖြစ် ဟန်ဆောင်စာပို့နေတာကို ဘယ်လိုသိသွားသလဲ မေးလိုက်တော့ သူက “သူ့မှာ ညီမလေးပဲ ရှိတာပါ အစ်မမရှိပါဘူး” လို့ပဲ ရယ်ပြီး ပြန်ဖြေပါတယ်။ ပြီးတော့ နောက်တစ်ခုအနေနဲ့ သူပြောပြတာက သူဟာ သူ့မိသားစုရဲ့ မွေးစားသားတစ်ယောက်ဖြစ်နေခဲ့ပြီးတော့ သူ့ရဲ့ ကိစ္စအဝဝကို ဆက်တာဝန်မယူချင်တော့တဲ့အတွက် တစ်ဖက်လှည့်နဲ့ သူ့ကို စွန့်ပစ်သွားတာပါတဲ့။ အဲတာကိုလဲ သူ နောက်ကျ စုံစမ်းရင်းနဲ့မှ သိလာခဲ့တယ်တဲ့။ ကျွန်မအနေနဲ့ ခံပြင်းမိပေမဲ့ သူကတော့ ဖြစ်ပျက်ခဲ့တာအားလုံးကို ဘယ်သူ့ကိုမှ အပြစ်မတင်ချင်တော့ပါဘူး။ ဒါပေမဲ့ မိဘအရင်းကိုရော၊ မွေးစားမိဘတွေကိုရော မရှာတော့ဘဲနဲ့ ကျွန်မနဲ့ပဲ အတူတူနေချင်တယ်လို့ ပြောပါတယ်။
ဒီလိုနဲ့ စာပို့ရင်းနဲ့က သံယောဇဥ်တွယ်လာခဲ့တဲ့ ကျွန်မတို့နှစ်ယောက်ဟာ တစ်ဦးကို တစ်ဦးဖေးမနေထိုင်ရင်းနဲ့ တစ်ဦးစီရဲ့ ခင်ပွန်းနဲ့ ဇနီးနေရာကို ရောက်လာခဲ့ပါတော့တယ်။
ပြီးပါပြီ။
ဆိုတော့ စိတ်ကူးယဥ်ဆန်လှပါသော ရိုးရှင်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ရေးဖြစ်သွားခဲ့ပြီပေါ့ရှင်။ ရင်ထဲရောက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ချစ်ခြင်းများစွာဖြင့်
သျှားမိုးဝသုန်