Memory
ဒီနေ့ဟာ အေးချမ်းမူရာရဲ့ မွေးနေ့။
သူဟာ အကြောင်းပြချက် မယ်မယ်ရာရာ မရှိဘဲမွေးနေ့ကိတ်တစ်လုံး ဝယ်လာခဲ့တယ်။ တစ်ယောက်တည်းဆိုပေမဲ့ သူ မွေးနေ့ကိတ်လေး စားချင်လာတယ်။ ကိတ်ရဲ့အချိုဓာတ်ကို မြည်းစမ်းကြည့်ရင်း သူ့ရဲ့ အထီးကျန်ဘဝကနေ ခဏလောက် လွတ်မြောက်နိုင်မယ်လို့ တွေးမိရင်းပေါ့လေ။
ဘယ်သူမှမရှိတဲ့ သူ့ရဲ့မွေးနေ့ပွဲ ဖြစ်နေတော့ သူလဲ “Happy Birthday to you” သီချင်းမဆိုမိပါဘူး။ သူ့အနေနဲ့ သေချာတွေးကြည့်ရင် တစ်ယောက်တည်းဖြစ်နေတာ နှစ်နှစ်၊ မဟုတ်ဘူး သုံးနှစ်တောင် ကြာပေါ့ပါလား။
သူတစ်ယောက်တည်း မွေးနေ့ကိတ်ခွဲပြီး သူ့အတွက်သူ ထည့်ပေးလိုက်တယ်။ ကိတ်ကို စားကြည့်လိုက်တဲ့အခါ ချိုဆိမ့်ဆိမ့်အရသာလေးကို ရတယ်။ ဒီအရသာဟာ သူနဲ့တော်တော် ရင်းနှီးနေသလိုဆိုပေမဲ့ သူ့ရဲ့မူပိုင် အရသာမဟုတ်ပါဘူး။ ပြီးတော့ သူအမှတ်တရတစ်ခုစီကို စိတ်ရောက်သွားခဲ့တယ်။ သူ့ရဲ့ တစ်ဦးတည်းသော ကိတ်မုန့်ဖုတ်သမားလေး “ကိုခက်” ဆီကိုပေါ့။
ကိုခက်နဲ့သူဟာ လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့ဖူးတယ်။ အလုပ်အတူတူလုပ်ရင်းနဲ့မှ ကိုခက်ဘက်က သူ့ကို ချစ်မြတ်နိုးလာတာကြောင့် သူ့ကို မရမက လိုက်ပါတယ်။ သူလဲ နဂိုကတည်းက ကိုခက်အပေါ် စိတ်ရှိနေတဲ့သူဖြစ်တော့ ကိုခက်သူ့ကို ပိုးပန်းတဲ့အခါမှာ သိပ်ကြာကြာ မမူလိုက်ဖြစ်ဘဲ တွဲဖြစ်ခဲ့ကြတယ်။
တွဲခဲ့တဲ့အချိန်က ပုံမှန်အတွဲတွေ လိုပါပဲ။ ဒါပေမဲ့ သူ့အတွက်တော့ အဲအချိန်တွေက အပျော်ရဆုံးအချိန်တွေပါပဲ။ ကိုခက်ဟာ သူ့အကြိုက် မကြိုက် အလုံးစုံသိသလို သူဟာလဲ ကိုခက် ကြိုက်တာ မကြိုက်တာ အားလုံးသိပါတယ်။ အလုပ်အတူတူလုပ်ကြတယ်။ အလုပ်ချိန်မှာ ချစ်သူမဟုတ်သလို မောင်နှမတွေက မေတ္တာထားကြသလို ဂရုစိုက်ဖြစ်ကြပေမဲ့ အလုပ်ချိန်ကျော်သွားတဲ့အခါ ချစ်သူတွေ အဖြစ် နေဖြစ်ကြတယ်။
ကိုခက်နဲ့ ပတ်သတ်ပြီး သတိအရဆုံးမှတ်ဉာဏ်တွေကတော့ သူ့အတွက် သီးသန့်ကိတ်မုန့် ဖုတ်ပေးတဲ့အချိန်ပါပဲ။ သူ့ရဲ့မွေးနေ့တိုင်း၊ ကိုခက်ရဲ့မွေးနေ့တိုင်း၊ သူတို့နှစ်ယောက်ရဲ့ Anniversary ရက်တိုင်းမှာ နှစ်ယောက်လုံးခွင့်ယူပြီး မွေးနေ့ကိတ်လေး ဖုတ်ဖြစ်ပါတယ်။ အစအဆုံးနီးပါး ကိုခက်ပဲ လုပ်ပေးသွားတာပါ။ သူကတော့ ကိုခက် လုပ်သမျှကို ထိုင်ပြီး တစ်စိမ့်စိမ့်ငေးဖြစ်ပါတယ်။ ကိတ်မုန့်ဖြစ်အောင် ဂရုတစိုက်လုပ်ပေးနေတဲ့ ကိုခက်ရဲ့ ယောက်ျားဆန်ဆန်လက်ချောင်းတွေ၊ အာရုံစူးစိုက်နေတဲ့ ကိုခက်ရဲ့ မျက်ဝန်းညိုညိုလေးတွေ၊ စိတ်ရှည်လက်ရှည်လုပ်ပေးနေတယ်ဆိုတာ သိသာတဲ့ ကိုခက်ရဲ့ နွေးထွေးလှတဲ့ အပြုံးလေးတွေ။ ကိုခက်ရဲ့ အနုစိတ်လှတဲ့ အနုပညာတွေကို ငေးရတာ သူ့အတွက်တော့ အေးချမ်းတဲ့ ရှူမျှော်ခင်းတွေကို ကြည့်နေရသလိုပါပဲ။
ကိုခက်ဟာ ကိတ်မုန့်ကို အသေးစိတ်လုပ်ပေးနေချိန်မှာပဲ ကိုခက်ကို တစ်စိမ့်စိမ့်ငေးကြည့်နေတဲ့သူ့ကို အကြည့်ပြန်ပေးတတ်ပါတယ်။ ပြီးတော့ သူ့ကို ပြောတတ်ပါသေးတယ်။ “ကိုယ့်ကို ငေးရတာ ပျော်ဖို့ကောင်းလား” ဆိုပြီးတော့ပေါ့။ သူကတော့ ပြုံးပြီး ခေါင်းလေးတစ်ချက် ညိတ်ပြခဲ့တာပါပဲ။
ကိတ်ဖုတ်ပြီးလို့ ကိတ်ကို အလှဆင်တဲ့အချိန်မှာတော့ ကိုခက်ဟာ သူ့ကို ခေါ်တတ်တယ်။ “ကိတ်မုန့်ကို အတူတူအလှဆင်ကြရအောင်” ဆိုပြီးတော့ပေါ့။ ပထမဆုံးရက်က “ဘာလို့ သူ့ကို အလှဆင်ခိုင်းတာလဲ” လို့ ကိုခက်ကို မေးလိုက်တော့ “ကိုယ်တို့နှစ်ယောက် အတူတူလုပ်တဲ့ ကိတ်စားချင်လို့လေ” လို့ ပြန်ဖြေပါတယ်။ နှမ်းဖြူးပေးရုံသာ လုပ်ရတဲ့ သူကလဲ သူစားချင်တာတွေ အကုန်ထည့်ဖို့ကြိုးစားတော့တာပါပဲ။ ကိုခက်ကတော့ နူးညံ့နွေးထွေးတဲ့ အပြုံးလေးနဲ့ပဲ သူ့ကို ကြည့်တယ်။ ပြီးတော့ သူ့ရဲ့ လက်သွယ်သွယ်လေးတွေကို ကိုခက်ရဲ့ လက်ဖဝါး အကြီးကြီးတွေနဲ့ အုပ်ပြီး သူလိုချင်တဲ့ပုံစံဖြစ်အောင် အတူတူပုံဖော်ပေးပါတယ်။
ပြီးရင်တော့ မွေးနေ့ကိတ်ကို ဖယောင်းတိုင်ထွန်းအတူတူ သီချင်းဆိုကြပြီးတော့ ဆုတောင်းကြတယ်။ ဆုတောင်းတဲ့အခါကျ အမြဲတမ်း ကိုခက်ဟာ အရင်ဆုတောင်းပြီးတာပါပဲ။ ပြီးတော့ အကြာကြီးဆုတောင်းနေတဲ့ သူ့ကို နွေးနွေးထွေးထွေး ငေးကြည့်နေတတ်ပါတယ်။ အချင်းချင်းဟာ ဘာဆုတောင်းခဲ့ကြလဲလို့ မမေးကြဘဲနဲ့ကို ဘာဆုတောင်းခဲ့လဲဆိုတာကို သိနေခဲ့ကြတယ်။ ပြီးရင်တော့ ကိတ်ကို လက်ထပ်ခွဲကြပြီး တစ်ယောက်ကို တစ်ယောက် ခွံ့ကျွေးခဲ့ကြတယ်။ တစ်နှစ်မှာ သုံးခေါက် အဲလိုမျိုး ကိတ်အတူတူစားဖြစ်ကြပါတယ်။
အေးချမ်းမူရာဟာ သူ့ရဲ့ ဒီအမှတ်တရလေးကို ပြန်မြင်ယောင်ရင်းနဲ့ပဲ မျက်ရည်ဝဲလာခဲ့တယ်။ “ကိုခက်” လို့ တမ်းတရင်းနဲ့ပဲ အားပါးတရ ငိုကြွေးမိပါတယ်။ မွေးနေ့ကိတ်ကို စားဖြစ်တိုင်း သူရင်အမြဲကွဲရတယ်။ အရင်က ပျော်ရွှင်မှုအမှတ်တရတွေဟာ အခုတော့ သူ့အတွက် ကြေကွဲစရာ ဖြစ်လို့နေပါတယ်။ ဘာလို့ဆို ကိုခက်ဟာ ဘယ်တော့မှ သူ့ဆီပြန်လာလို့မရတဲ့ လမ်းကို သွားခဲ့ပြီ။ ကိုခက် ဘယ်လို သေဆုံးသွားခဲ့လဲဆိုတာကို သူအခုထိမှတ်မိနေသေးပေမဲ့ သူ့အနေနဲ့ မတွေးချင်တော့ပါဘူး။ တွေးမိတိုင်း ရင်တွေ ကွဲကြေရလွန်းလို့ပါပဲ။
တကယ်တော့ အေးချမ်းမူရာဆိုတဲ့ မိန်းကလေးတစ်ယောက်ပဲ ငိုကြွေးနေရတာမဟုတ်ပါဘူး။ ကိုခက်ဆိုတဲ့ ဝိညာဥ်ဟာလဲ သူသိပ်ချစ်ရတဲ့ အေးချမ်းမူရာကို ထွေးပွေ့ထားရင်းနဲ့ပဲ မျက်ရည် တစ်စက်ချင်းစီကျနေရတာပါပဲ။ တစ်ယောက်တည်းကျန်ခဲ့ရတဲ့ သူ့ချစ်ရသူဟာ သူ့ကို လွမ်းဆွတ်ရင်း အသက်ရှင်နေရတာကို သူမမြင်ရက်ပါဘူး။ ဒါပေမဲ့ သူဟာ ဘဝခြားသွားခဲ့ပြီဖြစ်တဲ့အတွက် သူ့ကို သူချစ်ရတဲ့မိန်းကလေးဟာ မမြင်နိုင်တော့သလို သူအနားမှာ ရှိနေတယ်ဆိုတာကိုလဲ သူ့မိန်းကလေးဟာ မသိရ၊ မခံစားရဘဲ အထီးကျန်စွာ ရှင်သန်နေတာကို မျက်ဝါထင်ထင် မြင်တွေ့နေရပါတယ်။ ဒါဟာ သူတာဝန်မကျေပွန်တဲ့အတွက် ကောင်းကင်ဘုံက သူ့ကို ဒဏ်ခတ်တာပဲ တူပါရဲ့။
ပြီးပါပြီ။
ညအိပ်မပျော်တာနဲ့ တွေးမိတဲ့ အကြောင်းအရာအပိုင်းအစကို ရေးဖြစ်တာပါ။ ကိုခက်မှာ အတွင်းကျတဲ့ ဇာတ်တစ်ခုရှိမှာလို့ ခံစားမိပေမဲ့ ကျွန်တော်ကိုယ်တိုင်တောင် မသိပါဘူး။ ကိုခက်တစ်ယောက်ပဲ သိတဲ့ အကြောင်းအရာတစ်ခု အေးချမ်းမူရာတောင် သိမှာ မဟုတ်တဲ့အကြောင်းတစ်ခု နေမှာပါ။ ဘာလို့ဆို ကိုခက်ဟာ အေးချမ်းမူရာမွေးနေ့မှာ အကြောင်းပြချက်ရှာမရဘဲ ရုတ်တရက်သေဆုံးသွားတာ မို့လို့ပါပဲ။
ချစ်ခြင်းများစွာဖြင့်
သျှားမိုးဝသုန်