My life, my happiness
ဘဝက ပျော်စရာကောင်းတယ်ဆိုတာကို သင်ပေးခဲ့တာ သူပါပဲ….။
##########
ကျွန်မဘဝမှာ ဝမ်းနည်းစရာတွေပဲ ပြည့်နှက်နေခဲ့တယ်။ တစ်ချိန်လုံး အရက်မူးနေခဲ့တဲ့ အဖေ၊ ကျွန်မဆိုတဲ့ ဖြစ်တည်မှုကို လက်မခံချင်တဲ့အမေ၊ ကျွန်မကို အသေလေးမွေးလာရင်ကောင်းမယ်လို့ ပြောနေကြတဲ့ ကျွန်မရဲ့ အမျိုးအဆွေတွေ၊ အရက်သမားသမီးဆိုပြီး ဖယ်ကြဉ်ချင်ကြတဲ့ ပတ်ဝန်းကျင်။ ကျွန်မကို ဘယ်သူကမှ မချစ်ကြတဲ့အပြင် ကျွန်မဆိုတာကို ပျောက်ကွယ်သွားရင် ကောင်းမယ်လို့ တွေးနေကြတဲ့သူတွေ ကြားမှာ ကျွန်မနေနေပါတယ်။
အဲ့တာကြောင့် နေ့ရက်တိုင်းဟာ စိတ်ပျက်စရာ စိတ်ညစ်စရာတွေနဲ့ ပြည့်နှက်နေတယ်။
မနက်အိပ်ရာနိုးတာနဲ့ ကြားလိုက်ရတာက အမေ့ရဲ့ အဆူအဆဲသံပါပဲ။
“ဟဲ့ ကောင်မ နင် အခုချိန်ထိ မထသေးဘူးလား!!”
“မနက်အိပ်ရာလေးတောင် ထဖို့ပျင်းနေရင် ဒီမှာ မနေနဲ့တော့!!”
“မနက်စောစောထပြီး အိမ်ကိစ္စကိုမှ မလုပ်နိုင်ဘူး!! မွေးရကျိုးကို မနပ်လိုက်တာ!!!!”
တကယ်ပါ။ ဒီစကားသံတွေက မနက် လေးနာရီမှာ ကြားရတဲ့ အသံတွေပါပဲ။ စိတ်ညစ်စရာကြီးနော်။
ဒီလိုနဲ့ မနက်ကို မရမကထပြီး သူခိုင်းသမျှတွေကို မညီးမညူလုပ်ပေးရတော့တာပါပဲ။ နည်းနည်းလေးညီးလိုက်မိရင်ပဲ ဖြစ်ဖြစ်၊ နည်းနည်းလေး လွဲတာပဲဖြစ်ဖြစ်၊ လက်က ပါးကို ဖြန်းခနဲပဲ။ တစ်ခါတလေ အနားမှာရှိတာတွေနဲ့ ပစ်ပေါက်တတ်ပါသေးတယ်။ လုပ်ရင်းနဲ့ကို
“ဒါလေးလုပ်ရတာကို ညီးနေချင်သေးတယ်!!!”
“လက်တွေ ခြေတွေက ဘာလုပ်ဖို့ထားမှာလဲ! အလုပ်လုပ်ဖို့လေ အလုပ်လုပ်ဖို့!! အဲ့တာကို မြဲမြဲမှတ်ထား!!”
“ဒါလေးတောင် မလုပ်တတ်ဘူးလား ဟမ်!!! ေ_ာက်သုံးကို မကျဘူး!!!” လို့ ပြောတတ်သေးတာ။
မှတ်မှတ်ရရပြောရရင် တစ်ခါက အနားက ဓားနဲ့တောင် ကောက်ပေါက်သေးတယ်။ တော်သေးတာက ဓားသွားနဲ့ လူကို မထိသွားလို့။ မဟုတ်ရင် သေတော့မှာ။ ဪ ဟုတ်သား။ အဲ့တုန်းက သေသွားရင်တောင်ကောင်းသားနော်။ မဟုတ်ရင် ဒီလိုမျိုး သူတို့ခိုင်းတိုင်း လုပ်ရမှာမဟုတ်ဘူး။ ဒီလိုမျိုး မွန်းကြပ်နေရမှာမဟုတ်ဘူး။
တကယ်တော့ သူခိုင်းတာတာတွေက သမီးတစ်ယောက်လိုဆိုတာထက် ကျွန်တစ်ယောက်လို ခိုင်းနေသလိုပါပဲ။ တစ်ခါတလေ တွေးမိသေးတယ် ကျွန်မက အမေ၊ အဖေတို့ရဲ့ သမီးအရင်းရော ဟုတ်ရဲ့လားလို့။ မေးချင်ပေမဲ့လဲ မမေးရဲခဲ့ပါဘူး။ မေးရင်လဲ ပါးရိုက်ရင် အရိုက်ခံရမှာလေ။
ပြီးတော့ အိမ်က လူကြီးတွေကလေ သူတို့ တစ်ခွန်းဆို တစ်ခွန်းမှ ကြိုက်တာ။ ပြန်ပြောမိရင် ပါးကို ပိတ်ရိုက်ရော၊ အဖေဆို ပိုဆိုးတယ်။ သူ့ကို အရက်ဖိုးလေး မပေးနိုင်ဘူး ပြောကြည့်ပါလား။ လက်က ကျောပေါ် ဗျင်းခနဲပဲ။ အဲ့တာကြောင့် ကျွန်မမယ် ပိုက်ဆံမရမက ရှာထားရတယ်။ မုန့်ဖိုးတွေကို စုပြီးတော့လေ။
ဒီလိုဘဝမှာ နေရတာ စိတ်ပျက်စရာ သိပ်ကောင်းတာပဲ။ အိမ်မှာ မိဘ အမျိုးအဆွေတွေ ဆိုတဲ့ လူတွေ ခိုင်းတာ လုပ်ရသလို ကျောင်းမှာဆိုလဲ ရွယ်တူတွေရဲ့ အနိုင်ကျင့်ခံရသေးတယ်။ ကျောင်းမှာ ဆိုလို့ ဆရာ၊ ဆရာမတွေ ကာကွယ်ပေးမယ်မထင်ပါနဲ့။ သူတို့ကိုယ်တိုင်ကတောင် ပြုံးပြုံးကြီးကြည့်နေကြသေးတာ။ တစ်ခါတလေ ဝင်တောင် ပါလိုက်သေး။ တစ်ခါတလေ အဖေဆိုတဲ့ လူ အရက်မူးရင်၊ ကျောင်းက သူတွေ ပျင်းရင်၊ ရိုက်စရာ လက်ဝှေ့ထိုးစရာ သဲအိတ်လဲ ဖြစ်သွားတတ်ပါသေးတယ်။ အဲ့တာကြောင့် ကျွန်မတစ်ကိုယ်လုံးမှာ ဒဏ်ရာ ဒဏ်ချက်တွေ ချည်းပါပဲ။
ဘဝဆိုတာကြီးကို ကျွန်မ အရမ်း စိတ်ကုန်တာပဲ။ စိတ်လဲ ပျက်မိပါတယ်။ ကျွန်မဟာ ဒီလိုမျိုး အနိုင်ကျင့်ခံ၊ အသုံးချခံလူတစ်ယောက် အဖြစ်နေဖို့ မွေးဖွားလာတာလား။ အမြဲတမ်း စိတ်ညစ်စရာ တွေပဲ ကြုံတွေ့နေရမှာလား။ လွတ်မြောက်ဖို့အတွက် ငိုယိုပြီး ဆုတောင်းနေရမှာလား။ ဓားတွေလို အပြောတွေကြားမှာ ကျွန်မနှလုံးသား ပျက်စီးလုနီးနီးဖြစ်နေတာကို ဒီအတိုင်းထိုင်ကြည့်နေရမှာလား။ ကျွန်မသူတို့ကို အမြဲကြောက်နေရမှာလား။ ခန္ဓာကိုယ်ရဲ့ နာကျင်မှု၊ စိတ်ရဲ့ နာကြည်းမှုတွေကြားထဲမှာပဲ အမြဲနေနေရတော့မှာလား။ ကျွန်မကရော အခြားသူတွေလို ပျော်ရွှင်မှုနဲ့ မထိုက်တန်ဘူးလား။ အချစ်ခံရဖို့ရော မထိုက်တန်ဘူးလား။
တစ်ခါတစ်ခါ သူတို့ကို သေသွားရင် ကောင်းမယ်လို့ တွေးမိတယ်။ ကျွန်မကိုယ်တိုင် သတ်လိုက်ရင် ကောင်းမလားလို့လဲ တွေးမိတယ်။ ဒါပေမဲ့ ကျွန်မ မလုပ်ရဲဘူး။ သူတို့ ကျွန်မဆိုတာကို မရှိတော့ရင် ကောင်းမယ်လို့ ပြောကြပေမဲ့၊ ရွံစရာကောင်းတယ် လို့ ပြောကြပေမဲ့၊ ကျွန်မကို လှောင်ပြောင်ချင်တဲ့အချိန် အနိုင်ကျင့်ချင်တဲ့ အချိန်လောက်တွေမှာ သတိရပေမဲ့ ကျွန်မသူတို့ကို တုံ့ပြန်ဖို့ အားမရှိဘူး။ သူတို့ကို တွန်းလှန်နိုင်တဲ့ အားမရှိဘူး။
တကယ်တော့ ကျွန်မ အခုထိရှင်သန်နေသေးတာကိုက အံ့ဩစရာကြီးပါပဲ။ ဒီလိုမျိုး စိတ်ပျက်စရာတွေကြားထဲမှာနေပြီး မသေသေးဘူးဆိုတာကိုက သိပ်ကို အံ့ဩစရာကောင်းတာ။ ကျွန်မလဲ ဘာလို့ အခုထိ သက်ဆိုးရှည်နေသေးမှန်း မသိပါဘူး။ အနာဂတ်မှာ ပျော်ရွှင်ဖို့ မျှော်လင့်နေမိလို့များလား။ အဲ့လိုတော့ မဟုတ်လောက်ပါဘူး။ ကျွန်မကမှ ပျော်ရွှင်မှုနဲ့မှ မထိုက်တန်တာ။ ကျွန်မဆိုတာ အစကတည်းက မရှိသင့်တဲ့လူမျိုးပဲဟာ။ ကြည့်ရတာ ကျွန်မသေဖို့ကို ကြောက်နေသေးလို့ ထင်ပါတယ်။ မသေရဲသေးတော့လဲ ဒီလိုမျိုးပဲ စိတ်ပျက်ဝမ်းနည်းမှုတွေကြား ရှင်သန်ရတော့တာပေါ့။
#####
ကျွန်တော်က ခရီးသွားတစ်ယောက်။ အိမ်မှာ နေရတာ ပျင်းတာနဲ့ ဟိုဟိုဒီဒီခရီးသွားနေတဲ့သူပေါ့။ ကျွန်တော့်မှာ နောက်ဆံတင်းစရာမရှိလို့ အခုလို ခရီးသွားနေနိုင်တာပါ။ ကျွန်တော်က တစ်ကောင်ကြွက်လေ။ မိဘတွေဆုံးသွားပြီးနောက်မှာ အေးအေးချမ်းချမ်းနေချင်လို့ ခရီးထွက်နေတဲ့သူပေါ့။ ကျွန်တော့်မှာ သူငယ်ချင်းလေးတွေ ရှိပါတယ်။ သူတို့ကတော့ သူတို့ အဆင်ပြေရင် ပြေသလို ဆက်သွယ်လေ့ရှိတယ်။ ပြီးတော့ နေရာတစ်နေရာရောက်တိုင်း မိတ်ဆွေကတော့ ဖွဲ့ဖြစ်တာပါပဲ။ ပိုက်ဆံအတွက်ကိုတော့ ကျွန်တော့်အတွက် စိတ်ပူစရာမလိုပါဘူး။ ရောက်တဲ့နေရာမှာ ရတဲ့အလုပ်လုပ်ပြီး ပိုက်ဆံရှာ စားသောက်လို့ရတာပဲလေ။
ဒီလိုနဲ့ တစ်နေရာကို ရောက်တော့ ကောင်မလေးတစ်ယောက်ကို တွေ့တယ်။ ကောင်မလေးက ပုပုသေးသေးလေး။ ချစ်စရာကောင်းတယ်။ မျက်နှာလေးကလဲ တော်တော်ကြည့်လို့ကောင်းတယ်။ ကြည့်ခံတဲ့ မျက်နှာမျိုး။ ဒါပေမဲ့ သူလေးရဲ့မျက်ဝန်းတွေမှာ ပျော်ရွှင်မှုတွေ မရှိသလိုပဲ။ အရယ်အပြုံးမရှိ၊ ခံစားချက်လဲမရှိသလို မှင်သေသေ မျက်နှာလေးကိုပဲ တွေ့ရလေ့ရှိတယ်။ မျက်လွှာလေးကို အမြဲချထားလေ့ရှိတယ်။ ပြီးတော့ သူက လက်ရှည်ကိုပဲ အမြဲဝတ်လေ့ရှိတယ်။ ဘယ်သူ့ကိုမှ အယုံအကြည်မရှိတဲ့ ပုံစံကလေးနဲ့။ ဒီလိုချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်မှာ ဘယ်လိုပြဿနာတွေနဲ့ ရင်ဆိုင်နေရလို့ပါလိမ့်။
#####
အခုတစ်လော ကျွန်မကို လူတစ်ယောက်က စောင့်ကြည့်နေသလိုပဲ။ ဒါပေမဲ့ အဲ့လူဆီက အန္တရာယ်အငွေ့အသက်မရဘူး။ ထူးဆန်းတယ်။ ဘယ်သူ့အနားရောက်ရောက် အနေကျပ်တဲ့ ကျွန်မ၊ တစ်ယောက်ယောက် အနားမှာရှိတယ်လို့ ခံစားချက်ရတာနဲ့ ထွက်ပြေးချင်လာတတ်တဲ့ ကျွန်မက သူ ကျွန်မကို ဘယ်လိုရည်ရွယ်ချက်နဲ့ စောင့်ကြည့်နေမှန်းမသိပေမဲ့ ကျွန်မမှာ မသိုးမသန့်ခံစားချက်ရှိမနေခဲ့ပါဘူး။ ဘာလို့လဲမသိ။ တော်တော်ထူးဆန်းတယ်လို့ ပြောလို့ရတယ်။ တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်ပါ ရနေတယ်။ သူများတွေပြောနေတဲ့ လုံခြုံတယ်ဆိုတဲ့ ခံစားချက်များလား။
#####
ကျွန်တော် သူ့ကို သတိထားကြည့်နေမိတယ်။ သူနေ့တိုင်းသွားတဲ့နေရာက ကျောင်းနဲ့အိမ်။ အခြားဘယ်နေရာမှ မတွေ့ရတတ်ဘူး။ သူကျောင်းသွား ကျောင်းပြန်ချိန်တိုင်း အနောက်ကနေ စောင့်ကြည့်မိတယ်။ အန္တရာယ်ရှိခဲ့ရင် ကာကွယ်ပေးမယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ ဘာလို့ဆို သူ့အိမ်နဲ့ကျောင်းက တော်တော်ဝေးပါတယ်။ ပြီးတော့ သူလေးကို ကြည့်လိုက်တိုင်း အဖော်မရှိ တစ်ယောက်တည်းပဲ။ အိမ်ကလဲ သူ့ကို ကျောင်းအပို့အကြို မလုပ်ပေးသလို သူနဲ့အတူ ကျောင်းသွားပေးမဲ့ သူငယ်ချင်းလဲ မရှိနေပါဘူး။
ကျွန်တော့်အနေနဲ့ ဒီအခွင့်အရေးကိုယူပြီး သူနဲ့ ခင်အောင်ပေါင်းရင် ကောင်းမလားတွေးမိပါတယ်။ ဒါပေမဲ့ သူ့ကို စကားတောင် သွားမပြောရဲပါဘူး။ အဲ့တာကြောင့် သူနဲ့ စကား သွားမပြောခင် သူ့အကြောင်း နည်းနည်းတီးခေါက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
သူလေး ကျောင်းရောက်နေတဲ့အချိန်အတွင်းမှာ သူ့အကြောင်းမသိမသာ တီးခေါက်ကြည့်လိုက်တော့ သူ့အကြောင်း သိပ်မသိရဘူး။ ဒါပေမဲ့ သူ့အိမ်နီးနားချင်းကနေ သူ့အိမ်အကြောင်း စုံစမ်းတော့ အိမ်အကြောင်း အကောင်းမထွက်လာပါဘူး။ သူအဖေ အရက်သမားအကြောင်းတွေ၊ ခုနစ်အိမ်ကြား ရှစ်အိမ်ကြားလောက်အောင် ဆဲနေတဲ့ သူ့အမေအကြောင်းတွေ နားနဲ့မဆံ့အောင် ကြားလိုက်ရတယ်။ သူတို့ပြောတာတွေထဲက ကျွန်တော်လက်မခံချင်ဆုံးကတော့ ကျွန်တော့်ကောင်မလေးက အရိုင်းအစိုင်းမလေးဆိုတာပါပဲ။ ကျွန်တော့်စိတ်ထဲမှာ သူက ချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်အဖြစ် နေရာယူထားတယ်လေ။
#####
အ.ထ က ကျောင်းတစ်ကျောင်း၏ရှေ့၌ အသက်နှစ်ဆယ်ကျော်လောက်ရှိမည့် လူငယ်တစ်ဦးရောက်ရှိနေ၏။ ဤလူငယ်မှာ ကျောင်းသား၊ ကျောင်းသူတစ်ဦးဦးကို လာကြိုသည့်ဟန်ပင်။
ထိုသူသည် နာရီကိုကြည့်လိုက် ကျောင်းတံခါးဝကို ကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေ၏။ မသိပါလျှင် သူ့တွင် အရေးကြီးကိစ္စရှိ၍ ဤသို့နာရီတကြည့်ကြည့်လုပ်နေသည်ဟု ထင်ရပါ၏။
သို့သော် သူသည် ထိုသို့မဟုတ် သူစောင့်နေသော ကျောင်းသူကလေးသည် ကျောင်းဆင်းချိန်လွန်နေပြီ ဖြစ်သော်လည်း ထွက်မလာသေးသောကြောင့်သာ ဤသို့ အငြိမ်မနေနိုင်ခြင်းဖြစ်ပါသည်။ ကျောင်းထဲသို့ ဝင်လိုသော်လည်း သူသည် ထိုကောင်မလေး၏ အုပ်ထိန်းသူမဟုတ်ပါပေ။ ထို့အတူ သူစောင့်နေသော ကောင်မလေးနှင့်လည်း သူရင်းနှီးခြင်း မရှိပါပေ။ သူသည် ထိုကောင်မလေးကို ခင်ချင်သောကြောင့်၊ သူသည် ထိုကောင်မလေးအား ချစ်စရာကောင်းသည်ဟု မြင်ပါသောကြောင့် ဤသို့ရပ်စောင့်နေရုံသာ။
နာရီဝက်အကြာတွင် သူစောင့်နေသော ကောင်မလေးနှင့်အတူ အခြားသော လူမိုက်ရုပ်ထွက်နေသည့်ကောင်မလေး သုံးယောက်ပါ ထွက်လာလေ၏။ သူခင်မင်နေမိပါသော အမျိုးသမီးလေး၏ ပါးမှာနီရဲနေ၏။
သူအလိုလိုနေရင်းပင် မျက်မှောင်ကြုံ့မိသွားလေသည်။ ဤကောင်မလေး အိမ်တွေ နေရသည်မှာ အဆင်မပြေရုံသာမက ကျောင်းတွင်ပါ အနိုင်ကျင့်ခံရနေသည်လား။
မိုးသူဇာသည် သူ့အနားသို့ မျက်မှောင်ကုတ်ကာ ခြေလှမ်းမြန်မြန်ဖြင့် လျှောက်လာသူကို သတိထားမိသွား၏။ ထွက်ပြေးရန်ကြံစည်ပါသော်လည်း ထိုသူသည် မြန်ဆန်စွာဖြင့် သူ့လက်ကောက်ဝတ်အား ဆွဲယူသွားလေ၏။ ရုန်းရန်ကြိုးစားပါသော်လည်း မအောင်မြင်။ ထအော်ကာ ပတ်ဝန်းကျင်ကို အကူအညီတောင်းလိုပါသော်လည်း အသံသည် လည်ချောင်းဝတွင် တစ်ဆို့နေပါသည်။ ထို့အတူ သူ့ကိုယ်သူလဲ တွေးမိပါ၏။ သူသည် ယခုလေးတင် ကျောင်းတွင် အနိုင်ကျင့်ခံရသည်မှာ မကြာသေး၊ မည်သူမှန်းမသိသော သူစိမ်းကပါ သူ့ကို ခေါ်ကာ အနိုင်ကျင့်ဦးမည်ထင်၏။ သူသည် ကမ္ဘာပေါ်တွင် ကံအဆိုးဆိုးလူတစ်ယောက် ဖြစ်နေပါပေသည်။
ကျွန်ုပ်တို့၏ ခရီးသွားကလေးသည် အသိစိတ်ဝင်သောအခါတွင် နောက်၌ ဝမ်းနည်းအားငယ်နေကာ ငိုမဲ့မဲ့ရပ်နေသော ကောင်မလေးကို တွေ့လိုက်ရပေ၏။ သူသည် စိတ်လိုက်မာန်ပါလုပ်မိပြီ ထင်ပါသည်။ ကောင်မလေးက်ု အတင်းဆွဲခေါ်လိုက်မိ၏။
ထို့နောက် သူသည် ကောင်မလေးရှေ့တွင် ဆောင့်ကြောင့်ထိုင်ချကာဖြင့်
“တောင်းပန်ပါတယ် ကလေးမလေးရယ် ကိုယ် မင်းကို အတင်းဆွဲခေါ်မိသလို ဖြစ်သွားတယ်ကွယ်”
မိုးသူဇာလဲ ဤလူ သူ့အား ဤသို့တောင်းပန်လိမ့်မည်ဟု မထင်ထားပါပေ။ အလွန်ပင်အံ့သြသွားမိ၏။ မည်သို့စကားဆိုရမည်မှန်း မသိပါသောကြောင့် မသိလိုက် မသိဘာသာပင် ထွက်ပြေးလိုက်မိပါသည်။
ခရီးသွားကောင်လေး တေဇပိုင်သည် ကောင်မလေးအား ခေါ်ကာ ဆေးထည့်ပေးချင်မိပါ၏။ သို့သော်လည်း ကောင်မလေးမှ ထွက်ပြေးသွားသည် ဖြစ်သောကြောင့် သူသည်လည်း အတင်းအကြပ် မခေါ်သည်က ကောင်းသည်ဟု ယူဆမိပါသည်။ မဟုတ်ပါလျှင် သူသည်လည်း ကောင်မလေးပတ်ဝန်းကျင်မှ လူများကဲ့သို့ အနိုင်ကျင့်သောသူဟု ထင်ခံရမည်လည်း စိုးပါ၏။
မိုးသူဇာသည် အတော်လေးကို အံ့သြမိကာ ရင်တုန်နေမိ၏။ ထိုလူအနောက်မှ မလိုက်လာသည်ဟု သေချာကာမှ သက်ပြင်းမောချမိသည်။ ထွက်ပြေးလာခဲ့သည်မှာ မှန်သော်လည်း သူသည် ထိုအမျိုးသားကို နောက်တစ်ခေါက် တွေ့ချင်မိပါသေးသည်။ ထိုအမျိုးသားသည် သူ့ကို အတင်းဆွဲခေါ်ခဲ့သည်။ သို့သော် ပြန်တောင်းပန်ခဲ့ပါသည်။ အခြားသူများမှာ သူ့ကို ရိုက်ခဲ့သည် စိတ်ရောလူပါ နာကျင်အောင် လုပ်ပါသော်လည်း သူ့အား ဤအတွက် တစ်ခါမှ တောင်းပန်ခဲ့ခြင်းမရှိပါပေ။ ရင်ထဲ နွေးထွေးသော အငွေ့အသက်တစ်ခုပါ ခံစားမိပါ၏။
သို့ပေတည့် သူအိမ်သို့ ပြန်ရောက်သောအခါတွင် သူ့အတွက် ငရဲခန်းတစ်ခုက ကြိုဆိုနေပါလိမ့်ဦးမည်။
#####
မိုးသူဇာ၏ ဆန္ဒ ပြည့်ဝသွားသည်ဟု ဆိုရပေသည်။ သူတွေ့ချင်မိပါသော အမျိုးသားနှင့် ဆုံတွေ့ရပါ၏။ အမျိုးသား၏နာမည်ကိုလဲ သိခွင့်ရခဲ့သလို သူသည် ခရီးသွားဖြစ်ကြောင်း မိသားစုဟူ၍ မရှိကြောင်းပါ သိခဲ့ရသည်။ သူသည် ထိုအမျိုးသားကို အားကျမိ၏။ သူသည် မိမိကဲ့သို့မဟုတ်ဘဲ လွတ်လပ်စွာ နေထိုင်နိုင်သည်။ မိသားစုရှိခြင်းသည် အမြဲတစ်စေကောင်းသည် မဟုတ်။ မိုးသူဇာဟူသော မိမိကိုသာ ကြည့်ပါလေ။ မိသားစုဆိုသည့် လူများထံမှ နှိပ်စက်ခံနေရသည် မဟုတ်ပါလော။
မိုးသူဇာသည် ခရီးသွားအစ်ကိုနှင့် နေ့စဥ်နေ့တိုင်း ဆုံတွေ့ရမည်ဟု မထင်မိပါသော်လည်း ယခုမူ နေတိုင်း ဆုံရပါ၏။ မိမိကျောင်းသွားချိန်တိုင်း မိမိကျောင်းပြန်ချိန်တိုင်း သူသည် အဖော်ပြုပေးတတ်သည်။ အသံတိတ်အဖော်ပြုပေးသည်လည်း ရှိသကဲ့သို့ တစ်ခါတစ်ရံတွင် သူခရီးသွားစဥ်က တွေ့ကြုံရသည်များကို ပြောပြတတ်၏။ ပိတ်ရက်များတွင်မူ ထိုအမျိုးသားနှင့် တွေ့ဆုံရသည်မှာ နည်းပေ၏။ မိမိသည် အပြင်ထွက်ရလေ့မရှိသူဖြစ်သည် မဟုတ်ပါလော။
တစ်ရက်တွင် သူသည် မိမိအိမ်နံဘေးသို့ ပြောင်းလာခဲ့ပေ၏။ အံ့သြစရာကောင်းသည်မှာ သူ့အခန်းသည် မိမိအခန်းနံဘေးတွင် ရှိနေခြင်းပင်။ ထို့ကြောင့် ညအိပ်ခါနီးများတွင် သူနှင့် စကားပြောခွင့်ရမည်ဟု တွေးမိကာ ပျော်မိသည်။ အစတွင် သူသည် မိမိအား အကြောင်းတစ်စုံတရာကြောင့်၊ မိမိအား အသုံးချချင်သောကြောင့် ကပ်သည်ဟု ထင်မိပါသော်လည်း ထိုသို့ဟုတ်မနေသည်ကိုလဲ ယခုမူ ရှင်းရှင်းလင်းလင်း သိရှိနေပါသည်။
သူ မိမိအိမ်နားသို့ပြောင်းရွေ့လာသည့် ပထမနေ့တွင်ပင် သူသည် မိမိအိမ်တွင် ဖြစ်နေသည်များကို အတိအကျ သိရှိသွား၍ ထင်သည်။ မျက်မှောက်ကြုံ့ကာ မကြည်မသာ ဖြစ်နေပေသည်။ ပထမဆုံးတွေ့သည့်ရက်က အတိုင်းပင်ဖြစ်၏။ သူသည် မိမိဆီသို့ လာလိုကြောင်းပြောနေပါသေးသည်။ ကျိတ်မနိုင် ခဲမရ ဖြစ်နေသည့်ဟန် ရှိပါသည်။ သို့သော် မိမိသည် အိမ်ကို ကြောက်ရပါသောကြောင့် မလာရန် အတန်တန် တားမြစ်ရသည်။ မိမိ၏ ပုံစံ အမူအရာကြောင့်သာ သူ အတင်းမလာခြင်းဖြစ်သည်ဟု ပြောကာ အံတကြိတ်ကြိတ်ဖြစ်နေသည်ပင်။
မိုးသူဇာ၏ ရင်ထဲတွင် အလွန်ပင် နွေးထွေးသွားရကာ မျက်ရည်များပင် ဝဲလာရပေသည်။ မည်သူကမျှ သူ့ဘက်တွင် မပါဖူးပေ။ သူ့ကို အနိုင်ကျင့်ဖို့ရာ တွေးနေသော ပတ်ဝန်းကျင်တွင် တေဇပိုင်ဟူသော ခရီးသွားအစ်ကို တစ်ယောက်ကသာ သူ့အတွက် ရှိနေပေးသည်။ သူ့အတွက် ခံပြင်းပေး၏။ ဤသည်နှင့်ပင် သူ့အတွက် လုံလောက်သည်ဟု ခံစားရသည်။ ကံဆိုးကာ မှောင်မိုက်နေသော သူ့ဘဝတွင် အလင်းတန်း တစ်ခု ပေါ်ပေါက်လာသည်ဟု ခံစားလိုက်ရသည်။ ထိုအလင်းတန်း မည်မျှကြာအောင် ထွန်းလင်းမည်ကိုသာ သူ မသိရုံမျှသာ။
ယနေ့ မိုးသူဇာ အိပ်ရေးဝစွာ အိပ်ရသည်ဟု ခံစားမိ၏။ အိပ်ရာနိုးချိန်တွင် မနက် ၈နာရီပင် ထိုးနေခဲ့ပြီ။ ၄ နာရီတွင် ဆဲဆိုကာ နှိုးနေကျဖြစ်သော မိခင်ဟု မခေါ်ထိုက်သော အမျိုးသမီး၏ နှိုးသံကိုလဲ မကြား။ အခန်းထဲမှ ထွက်လာသော အခါတွင် စိတ်တိုနေဟန်ရှိသော မိဘအမျိုးအဆွေများနှင့်အတူ ခရီးသွားအစ်ကိုကိုပါ တွေ့လိုက်ရ၏။ သောင်းကြမ်း ရန်ဖြစ်ထားကြသည့်ပုံစံရှိ၏။ သူတစ်ခါမျှ အိပ်ရေးဝစွာ အိပ်ဖူးသည်မဟုတ်သောကြောင့်သာ ဆူညံသံကြောင့် မနိုးခြင်းဖြစ်သည်ဟု ထင်မိသည်။
သူ့အနားသို့ ကိုတေဇပိုင်ရောက်လာပေသည်။ ကိုတေဇပိုင်သည် မိုးသူဇာ၏ လက်ကလေးကို ယုယစွာ ဆွဲယူလိုက်ရင်း “အတူတူ ခရီးသွားကြမလား” ဟု မေးလာသည်။ သူ(မ)၏ မျက်ဝန်း၌ မျက်ရည်များ ရစ်သိုင်းလာရ၏။ ထိုအမျိုးသားသည် သူ(မ) တစ်ခါမျှမရဖူးသော နွေးထွေးမှုများပေးခဲ့သည်။ ယခုလဲ ပေးနေဆဲဖြစ်သည်။ သူ့အနားနေလျှင် သူ(မ)မှာ တစ်ခါမျှ မခံစားဖူးခဲ့ပါသော လုံခြုံမှုကို ပေးခဲ့သည်။ ပေးနေဆဲလည်းဖြစ်၏။ ယခုအချိန်အခါတွင် သူသည် သူ(မ)ကို ငရဲခန်းမှ ဆွဲထုတ်ကယ်တင်ပေးခဲ့သည်။ တွေ့သည်မှ မကြာသေးပါသော လူတစ်ဦးကို မယုံသင့်သည်မှန်း သူ(မ) ကောင်းကောင်းသိပါသည်။ သို့သော်လည်း သူ(မ) သူ့ကို ယုံကြည်ချင်မိ၏။ ယုံကြည်ရန်လည်း ထိုက်တန်သောသူဟုလည်း ထင်မိပါသည်။ ထို့ကြောင့် သူ(မ)သည် သူ(မ) ရှေ့ရှိ ခရီးသွားသူအမျိုးသားကို ခေါင်းညိတ်ပြလိုက်ပါ၏။
#####
မိုးသူဇာ၏ရွေးချယ်မှု မှန်ကန်သည်ဟု ဆိုနိုင်ပါသည်။ တေဇပိုင်သည် မိုးသူဇာအား သေဆုံးသွားသည်အထိ ရင်အုပ်မကွာ စောင့်ရှောက်ပေးခဲ့ပါ၏။ အစ်ကို တစ်ဦးကဲ့သို့၊ သူ၏ ချစ်သူအား ပျော်ရွှင်မှုအား ဆောင်ကြဥ်းပေးသော သူကဲ့သို့။ ။
ပြီးပါပြီ။
ဒီအပုဒ်က အရမ်း စိတ်ကူးယဥ်ဆန်လွန်းတဲ့ One Shot တစ်ပုဒ်ပါ။ စာဖတ်သူအမျိုးသမီးများကို ပြောချင်တာကတော့ မိုးသူဇာလေးကို မလုပ်ကြပါနဲ့လို့။ ဘာလို့ဆို ကျွန်တော်တို့ အားလုံးဟာ တေဇပိုင်လို အမျိုးသားနဲ့ တွေ့ဖို့ဆိုတာ သိပ်ကိုမသေချာလွန်းလို့ပါ။
ချစ်ခြင်းများစွာဖြင့်
သျှားမိုးဝသုန်