My Secret
(၁)
ကျွန်တော်က မိန်းကလေးတစ်ယောက်။ တိတိကျကျပြောရရင် ယောက်ျားလျာ။
ကျွန်တော်က မိန်းကလေးလို နေရတာမကြိုက်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကျွန်တော်လို့ ပြောဆိုတတ်သလို ကျွန်တော်ကိုလည်း ယောကျာ်းလေးလို သုံးနှုန်းခံရတာကိုပဲ နှစ်သက်တယ်။
ဥပမာအနေနဲ့ဆိုရင် အစ်မလို့ ခေါ်တာထက် အစ်ကိုလို့ ခေါ်ရင် ပိုကြိုက်တာမျိုးပေါ့။
အဲ့တာကြောင့်လည်း ယောက်ျားလေး တစ်ယောက်လိုပဲ နေတတ်ခဲ့တယ်။ ကျွန်တော့်ကို ကြည့်ရင် ဘယ်သူ မှ မိန်းကလေးလို့ ထင်ရက်စရာမရှိဘူး။ ကျွန်တော်က အဲ့သလို ယောက်ျားဆန်တာမျိုး။ အသံကစ ဩဩကြီးလေ။
အဲ့တာနဲ့ နေရာသစ်ရောက်တိုင်း ယောက်ျားလေးလိုပဲနေသလို ယောက်ျားလေးနဲ့ပဲ ပေါင်းတယ်။ ဖြစ်တည်မှု အစစ်အမှန်ကို ဖုံးကွယ်ထားရင်းပေါ့။
တစ်ရက်မှာတော့ ကျွန်တော်မိန်းကလေးဆိုတာကို အစ်ကိုကြီး တစ်ယောက်ရှေ့မှာ ဘူးပေါ်သလို ပေါ်သွားတော့တာပဲ။
အဖြစ်က ဒီလို..။
တစ်ရက် အလုပ်ကအပြန် ရေကူးချင်တာနဲ့ နည်းနည်းလှမ်းတဲ့ နေရာက ချောင်းကို သွားဖြစ်တယ်။ ထုံးစံအတိုင်း လူမရှိတဲ့ အချိန်ကို ရွေးပြီး သွားတာ။ ကျွန်တော်က ရေကူးလည်း ကျွမ်းတော့ အေးဆေးဆိုပြီးတော့လေ။
ဒီလိုနဲ့ ချောင်းထဲမှာ တစ်ယောက်တည်း ရေဆင်းကူးရင်း ဘယ်ကဘယ်လိုမှန်းမသိ ရေနက်ပိုင်းကို ကူးမိသွားတော့တာပဲ။ ကျွန်တော်ကူးတဲ့အချိန်ကလည်း မှောင်ရီတရော ဖြစ်နေတဲ့အချိန်ဆိုတော့ အဲ့ဘက်မှာ လူမရှိတော့ဘူး။ ကူးရင်း ကူးရင်း ရေငုံ့ရင်း မသိလိုက်မသိဘာသာရောက်သွားတော့တာ။ သတိပေးမဲ့သူ မရှိတာလည်းပါပါတယ်။
ဖြစ်ချင်တော့…။
ရေနက်ပိုင်းတစ်နေရာ အရောက် ရေမှော်တွေနဲ့ ညိပြီး အပေါ်ပြန်တက်လို့မရတော့ဘူး။ ဘယ်လောက် အပေါ်တက်ဖို့ ကူးကူး အောက်မှာပဲ တစ်ဝဲဝဲဖြစ်နေတော့တာ အသက်ရှုကလည်း မဝတော့ဘူး။ မွန်းကြပ်လာတော့တော့တာ။ အဲ့တုန်းက ကိုယ့်ကိုယ်ကိုယ် သေတော့မယ်လို့ ထင်လိုက်မိတော့တယ်။
(၂)
မိကျော်ဇင်နိုးလာတော့ စိမ်းသက်သက်အခန်းတစ်ခန်းထဲ ရောက်နေတာကို တွေ့လိုက်ရတယ်။ အခန်းကတော့ သပ်သပ်ရပ်ရပ်ပဲ။ ဗီဒိုတစ်လုံး၊ စာကြည့်စင်နဲ့ သူအိပ်နေတဲ့ ကုတင်တစ်လုံးပဲရှိတယ်။ အခန်းကို ပြူးကြောင်ကြောင်နဲ့ ငေးကြည့်နေချိန်မှာပဲ လူတစ်ယောက်ဝင်လာပြီး
“နိုးပြီလား ကိုယ်ဆန်ပြုတ်ပြုတ်လာတယ်” ဆိုတဲ့ အသံနဲ့ အတူ အရပ်ရှည်ရှည်၊ ရုပ်ခပ်ဖြောင့်ဖြောင့်၊ သူနဲ့ရင်းနှီးနေတဲ့အစ်ကိုကြီးတစ်ယောက် ဝင်လာတယ်။ ဟင်… ငါနဲ့ရင်းနှီးနေတဲ့ အစ်ကိုကြီး!
သူစိတ်ထဲတွေးမိသွားတာကတော့ “သွားပြီ” ဆိုတာပါပဲ။
တကယ်တော့ ကျော်ဇင်ဆိုတဲ့ မိန်းကလေးက ပန်းရံအဖွဲ့မှာ ဝင်လုပ်နေတာ။ ပန်းရံဆိုတော့ သိတဲ့အတိုင်း ယောက်ျားလေးပဲ လုပ်ရတာလေ။ ပြီးတော့ သူက အိမ်နဲ့ ဝေးတဲ့မြို့ကို ရောက်နေတော့ ပန်းရံကို သဘောကျတဲ့ သူ့အနေနဲ့ ယောကျာ်းလေးဟန်ဆောင်ပြီး ပန်းရံဝင်လုပ်ခဲ့တာပါပဲ။ အဲ့တာကြောင့် သူမိန်းကလေးမှန်း ဘယ်သူမှ မသိဘူး။ အဲ အခုတော့ အဲ့အစ်ကိုသိသွားပြီပေါ့။
ပြီးတော့ သူ့ကိုယ်သူငုံ့ကြည့်လိုက်တဲ့အခါမှာလည်း အင်္ကျီအသစ်တစ်စုံလဲပေးထားတာကို တွေ့လိုက်ရပြန်တယ်။ စိတ်ထဲမှာ ငိုချင်းချလိုက်မိတော့တာပါပဲ။
သုခတစ်ယောက် သူ့ကိုတွေ့ပြီး မျက်နှာ အရောင်မျိုးစုံပြောင်းနေတဲ့ မိန်းကလေးကို ကြည့်ပြီး ရယ်ချင်စိတ်ကို မနည်းထိန်းနေရတယ်။
တကယ်တော့ သူကျော်ဇင့်ကို သဘောကျနေတာကြာပြီ။ သူ့ကို ကြိုက်နေတယ်လို့ သိကာစတုန်းက စိတ်ထဲ တော်တော်လန့်သွားတာ။ သူ့ကိုယ်သူလည်း ဂေးလို့ ထင်လိုက်မိတာ။ ဖြစ်ချင်တော့ ကျော်ဇင်လေးက မိန်းကလေးဖြစ်နေတာကိုး။ သူ တကယ် မထင်ထားမိတာပါ။
သေချာသတိထားကြည့်မိတော့မှ ကျော်ဇင်ဟာ လူတွေနဲ့ သိပ်ရောရောနှောနှောမနေဘူး။ သူ့ကြည့်လိုက်ရင် အမြဲတစ်ယောက်တည်း။ အလုပ်လုပ်ရင်လုပ်၊ အလုပ်မရှိရင်လည်း အလုပ်အကြောင်း အမြဲတွေးနေတဲ့ကောင်လေး။ သူက သူ့ကမ္ဘာမှာ သူ့ဘာသာသူအေးအေးချမ်းချမ်းနေနေတော့တာ။
ကျော်ဇင့်ကို ပန်းရံအဖွဲ့ စစရောက်ကတည်းက သတိထားမိခဲ့တယ်။ လူကောင်သေးပြီး အားနည်းတဲ့ပုံရှိပေမဲ့ သူ့ရဲ့ လက်နေတဲ့မျက်ဝန်းတွေကြောင့် ခေါင်းဆောင်က သူ့ကို ရွေးခဲ့တာ။ ခေါင်းဆောင်က အလုပ်ကြိုးစားမဲ့သူဆို သဘောကျတတ်တဲ့လူမျိုးဆိုတော့ သူ့ရဲ့တစ်ဖျက်ဖျက်လက်နေတဲ့မျက်ဝန်းကို ကြည့်ပြီး လက်ခံလိုက်တာပါပဲ။
အဲ့ကတည်းက အဲ့ကောင်လေးက သူ့စိတ်ထဲ ဝင်လာတော့တာ။ သူ့ကို အရိပ်တစ်ကြည့်ကြည့်နဲ့ စောင့်ကြည့်နေမိသလို၊ လိုအပ်ရင်လည်း မသိမသာ ကူညီမိသေးတယ်။ နောက် ကိုယ့်စိတ်ကိုယ် ဆန်းစစ်ကြည့်တော့ သူအဲ့ကောင်လေးကို သဘောကျနေမိမှန်း သတိထားမိတော့တာပဲ။ ကိုယ့်ကိုယ်ကိုယ် သူ့ကို ဆက်မကြိုက်ဖို့ တားခဲ့ပါသေးတယ်။ ဒါပေမဲ့ သူ မတတ်နိုင်ခဲ့ဘူး။ ပြီးတော့ ယောက်ျားအချင်းချင်း ဖြစ်နေတယ်ဆိုတဲ့ စိတ်ကြောင့်လည်း ဖွင့်မပြောရဲခဲ့ဘူး။
တစ်ရက်မှာတော့ အလုပ်ပြန်ချိန်မှာ ဖွင့်ပြောမယ်လို့ စိတ်ဒုန်းဒုန်းချပြီး အဲ့ကောင်လေးနောက် လိုက်မိတော့တာပဲ။ သူ့နောက် လိုက်ရင်း လိုက်ရင်းနဲ့ သူချောင်းထဲဆင်းတာ တွေ့တော့ ချောင်းနားမှာ စောင့်နေမိတော့တာ။ ရေငုံ့လိုက် ပေါ်လာလိုက်နဲ့ ရေကို ကျွမ်းကျွမ်းကျင်ကျင် ကူးနေပုံက လှလွန်းလို့ မျက်နှာမလွှဲနိုင်ခဲ့ဘူး။ ကြည့်ရတာ သူ့အတွက် အချိန်တွေပါ ရပ်သွားတဲ့ပုံပါပဲ။ ဒါပေမဲ့ သူ့ကြည့်ရင်း ကြည့်ရင်းနဲ့ အချိန်အတော်ကြာ ရေထဲကနေ ထွက်မလာတဲ့ ကောင်လေးကို သတိထားမိတော့ စိတ်ထဲထူပူသွားပြီး ရေထဲဆင်းကယ်လိုက်မိသွားတာပေါ့။
အိန်း ဒီလိုနဲ့ သူမိန်းကလေးမှန်း သိလိုက်ရတယ်။ သူ့အတွက် အကြီးမားဆုံး surprise ပေါ့။
(၃)
အဟမ်း!
တိတ်ဆိတ်ပြီး အနေခက်ခြင်း အငွေ့အသက်တွေလွှမ်းခြုံနေတဲ့အခန်းမှာ သုခရဲ့ချောင်းဟန့်သံက ကျယ်လောင်နေသလို အနေခက်ခြင်းတွေကို အနည်းငယ် ပြေလျော့သွားစေသလို။
ကျော်ဇင်မှာလည်း သူ့ရှေ့က အစ်ကိုကြီးကို ကြည့်ပြီး “အစ်ကို သုတ” လို့ ခေါ်ပြီး လိမ်ထားတာမိသွားတဲ့ပုံလို အပြုံးနဲ့။
သုခကတော့ ဘာမှမသိသလို ပုံစံနှင့် ဆန်ပြုတ်ယူလာပြီး “ကျော်ဇင် အခုနေရတာ ဘယ်လိုလဲ မင်းရေထဲဆင်းပြီး တော်တော်ကြာကြာထွက်မလာလို့ တစ်ခုခုဖြစ်နေမလားဆိုပြီး ဆင်းကယ်လိုက်တာ တော်သေးတာပေါ့ အသက်ဘေးက သီသီလေးမီသွားလို့”
“ကျေးဇူးပါ အစ်ကို”
“ရပါတယ်ကွာ အခုဆန်ပြုတ်လေး သောက်လိုက်ဦး မင်းက ရေထဲမှာ အကြာကြီးနေလိုက်သလို ဖြစ်သွားတော့ အအေးမိနိုင်တယ် ကိုယ် မင်း ဆန်ပြုတ်သောက်ပြီး သောက်ဖို့ ဆေးယူလိုက်ဦးမယ်”
သူ့အကြောင်း စကားစလာခြင်း မရှိသော အစ်ကိုကြောင့် အနည်းငယ်စိတ်သက်သာရာ ရသွားသော်လည်း စိတ်ထဲတွင်တော့ မတင်မကျဖြစ်နေသေးသည်။ ထိုသူ သူမိန်းကလေးမှန်း သိသွားပြီမှာ အသေအချာပါပင်။ သို့သော် မသိချင်ယောင်ဆောင်ကာ အေးအေးလူလူရှိနေသေး၏။ ထို့အပြင် ထိုသူ သူ့ကို အင်္ကျီလဲပေးထားသည်မှာ အသေအချာ။ ထို့ကြောင့် ရှက်လည်း ရှက်သွားမိသလို တစ်နည်းတစ်ဖုံလည်း ကျေးဇူးတင်မိပါ၏။ ထိုသူသာ ထိုနေရာတွင် မရှိလျှင် သေသွားနိုင်သည်လေ။
သို့နှင့် ဤလူချက်ပေးထားသော ဆန်ပြုတ်ကို သောက်ကြည့်သော် အရသာမှာ အနေတော်။ အသားမှာ နူးညံ့နေပြီး သေးသေးမျှင်မျှင်သာရှိနေသဖြင့် သေချာပြုတ်တာ နွှင်ပေးထားပုံရှိ၏။ ဆန်ပြုတ်ကို ကြည့်ကာ နွေးထွေးမှု တစ်စုံတစ်ရာကို ခံစားမိလိုက်ပါ၏။
ခဏအကြာတွင် သုခလည်း အခန်းထဲသို့ ဝင်လာကာ သူပြုတ်ထားသော ဆန်ပြုတ်ကို အားရပါးရစားနေသော ကောင်မလေးကို ကြည့်ရင်း အလိုလိုပြုံးမိသွားပေ၏။
“ကိုယ်ချက်ထားတာ သောက်လို့ကောင်းရဲ့လား”
“ကောင်းတယ် ကောင်းတယ် ဆန်ပြုတ်ကလည်း အရသာရှိလို့ အသားကလည်း နူးအိနေတာပဲ”
“ဟုတ်ပါပြီဗျာ ကြိုက်ရင် နောက်တစ်ခါလည်း ချက်ကျွေးပါဦးမယ်”
“ဗျာ”
ဤစကားမှာ မသိလိုက်ပါဘဲ လွှတ်ခနဲ ထွက်သွားမိခြင်း။ စိတ်ထဲတွင်တော့ အတော်ကိုပင် ထူပူသွား၏။ သို့သော်လည်း မသိလိုက်မသိဘာသာဖြင့် ချောင်းဟန့်ကာ
“ဒီမှာ သောက်ဖို့ ဆေးနဲ့ရေ တော်သေးတာက မင်း အဆုတ်ထဲ ရေအများကြီးမဝင်သွားဘူး ဒါသောက်ပြီး အိပ်တော့”
“ဟို..”
သူ့ကို ပေကလပ် ပေကလပ်ကြည့်ကာ ဆိုလာသော ကောင်မလေးကြောင့် ဘာလဲဟူသော သဘောဖြင့်မေးဆတ်လိုက်ပြီး
“ကျွန်တော်… ဘယ်နှနာရီလောက် သတိမေ့နေခဲ့တာလဲ”
“သိပ်အကြာကြီးမဟုတ်ပါဘူး တစ်နာရီလောက်ပါပဲ”
“ဗျာ!”
“ဗျာမနေနဲ့ မင်းအခု နေမကောင်းသေးလို့ အိပ်လိုက်ဦး”
“မအိပ်ချင်သေးဘူး”
ဆူပုတ်ပုတ်နှင့် ဆိုလာသောကောင်မလေးကြောင့် ဖြစ်ညစ်ချင်စိတ်မှာ တစ်ဖွားဖွား။
ကျော်ဇင်မှာလည်း စိတ်ထဲတွင် ငိုချင်းချနေမိ၏။ သူ့လျှို့ဝှက်ချက်နှင့် ပတ်သတ်၍လည်း မေးသင့် မမေးသင့် အတော်ကိုပင် စဉ်းစားနေရ၏။ အစ်ကိုသုခမှ မေးရန်လမ်းဖွင့်ပေးလိုက်ပါသော်လည်း မေးလိုက်သည်မှာ ဘယ်နှနာရီလောက် သတိမေ့နေခဲ့တာလဲ ဟူ၍။
‘သေချာတွေးကြည့်မှ ငါဘယ်လိုလုပ် ဒီရောက်နေရတာလဲ? သူကရော ဘယ်လိုလုပ်ပြီး ငါ့ကို တွေ့သွားရတာလဲ?’
တွေးရင်း တွေးရင်း ခေါင်းရှုပ်လာကာ ဘာမှမတွေးတော့ဘဲ အိပ်ရန်ပြင်လိုက်ပေတော့သည်။ သို့သော် အစ်ကိုသုခ၏ စကားကြောင့် ခေါင်းမွှေးပင် ထောင်သွားတော့၏။
“မင်း ဒီည ဒီမှာပဲ နေတော့မလို့လား ယောက်ျားလေးနဲ့ မိန်းကလေး နှစ်ယောက်တည်းရှိတာ မကောင်းဘူးထင်တယ်”
“ဗျာ!”
သုခတစ်ယောက် ဘယ်လိုလုပ်ပြီး ဤသို့ ပြောမိသွားလဲ သူ့ကိုယ်သူပင်မသိတော့။ သူဤမိန်းကလေးကို သဘောကျ၏။ ထို့ကြောင့် သူ့အနားမှာပင် ခေါ်ထားရမည်မဟုတ်ပါလော။
“ဒါ ဒါပေမဲ့! ကျွန်တော်က မိန်းကလေးမှန်း ဘယ်သူမှ သိတာမှမဟုတ်တာ!”
ရှက်ရမ်းရမ်းကာ ဆိုလိုက်ခြင်း။ ထို့အတူ ညမှောင်လွန်းချိန်တွင် သူတစ်ယောက်တည်း အခန်းကို မပြန်ရဲပါပေ။
သုခတစ်ယောက် ခပ်ညစ်ညစ်အတွေးဝင်သွားကာ
“ဒါပေမဲ့ ကိုယ်သိနေတယ်လေ…”
ကျော်ဇင်မှာတော့ မျက်နှာကြီး ရဲတက်လာပြီး
“အာ့ဆို မသိချင်ယောင်ဆောင်ထားပေး! ပြီး-ပြီးတော့ ကျွန်တော်နဲ့ တစ်နေရာတည်းမှာ မအိပ်နဲ့!”
“ကိုယ်မသိချင်ယောင်ဆောင်ပေးရင် ဘာရမှာလဲ”
“ဟမ် ခင်ဗျားက ဘာလိုချင်လို့လဲ!”
“မင်းရဲ့ ချစ်သူဖြစ်ခွင့်”
“ဗျာ!!!!!!!”
(၄)
ကျော်ဇင်တစ်ယောက် အောင့်သက်သက်နှင့်ပင် သူ့တောင်းဆိုချက်ကို လက်ခံလိုက်ရ၏။ သို့သော်လည်း ထိုညက သူ့ကို တစ်ချက်မှ အသားယူခြင်းမရှိ။ ဒီလိုဆိုတော့လည်း သူက လူကောင်းပဲ.. ဟုတွေးမိသွားသေး၏။
ဤအတွေးမှာ သိပ်ကြာကြာမခံလိုက်ပါ။ နောက်ရက် နောက်ရက်များမှစ၍ သုခတစ်ယောက် သူ့ကို အသေလိုက်ကပ်ပေတော့၏။ မနက် အလုပ်သွားချိန် လာကြိုကာ ညနေအလုပ်ပြန်ချိန်တွင် လိုက်ပို့ပေးသည့်အပြင် ပန်းရံလုပ်နေချိန်မှာလည်း အနားတွင် တစ်ဝဲဝဲတစ်လည်လည်။ အနားမနေရန် ဆိုလာလျှင်လည်း “ကိုယ့်ကောင်မလေးနား ကိုယ်နေတာ ဘာဖြစ်လဲ” ဆိုသည့် အကြည့်မျိုးပေးပါသေးသည်။
သို့နှင့် ပန်းရံအဖွဲ့တစ်ဖွဲ့လုံး သူတို့နှစ်ယောက် ဆက်ဆံရေးနှင့် ပတ်သတ်၍ သို့လော သို့လော ဖြစ်ကုန်ကြပေ၏။ သို့သော် သုခမှာတော့ ထိုသူတို့ကို မသိကျွန်းကျွံပြုလျက် မျက်နှာပြောင်တိုက်စွာဖြင့် ကျော်ဇင့်အား ရတနာတစ်ပါးကဲ့သို့ ပြုမူနေသေးသည်။ ထို့ကြောင့် ဤကိစ္စနှင့် ခေါင်းဆောင်က သူ့တို့နှစ်ဦးကို သတိပေးရပေတော့၏။ သို့သော် သုခမှာတော့ ဤသို့ပြုမူလျက် ပြုမူမြဲဖြစ်သောကြောင့် မသိကျိုးကျွန်သာ ပြုလိုက်ရပေတော့သည်။
ကျော်ဇင်မှာလည်း ဤလူ သူ့အား အသားယူခြင်းမရှိပါဘဲ ဒီအတိုင်း အရိပ်တစ်ကြည့်ကြည့်ဖြင့်သာ လိုက်ဂရုစိုက်ပေးသည်ဖြစ်သောကြောင့် ဂရုစိုက်ပေးခံရခြင်းနှင့် အသားကျသွားပေတော့သည်။
သို့သော် နှစ်အနည်းငယ်ကြာပြီး တစ်ရက်မှာတော့….
သုခတစ်ယောက် သူ့အား ယခင်ကလောက် ဂရုစိုက်ခြင်းမရှိတော့ပေ။ အကြိုအပို့လည်း မလုပ်ပေးပါတော့။ အနားကိုလည်း သိပ်မကပ်သည့်အပြင် တစ်ခါတစ်ရံ သူပြောသည်ကိုလည်း မသိကျိုးကျွန် ပြုသည့်အခါများလည်းရှိ၏။ အကြောင်းအရင်း မေးသောအခါတွင်လည်း ဘာမှမပြောဘဲ နှုတ်ဆိတ်လျက်သာပင်။
သူအနားတွင် မရှိတော့ အနေရခက်လာသလို ဂရုစိုက်ခံခြင်းနှင့် နေသားကျနေပြီ ထင်၏။ ထို့အတူ ယခင်ကလည်း သူ့အား အသားယူခြင်း တစ်စက်မှ မရှိခဲ့ပါပေ။ ကျော်ဇင်တစ်ယောက် အနေကျပ်နေကာ အရာရာ အဆင်မပြေဟု ခံစားနေရပေ၏။ ဤသို့ဖြင့် အလုပ်ဆင်းချိန်တွင် သုခနောက်လိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။
ဤလူနောက် လိုက်ရင်း လိုက်ရင်းဖြင့် ထိုသူ့အိမ်ရှေ့ကို ရောက်လာပေတော့သည်။ အမျိုးသမီးတစ်ဦးနှင့် အထဲဝင်သွားသည်ကို တွေ့သော်လည်း အထဲကို ဝင်ရနိုးမဝင်ရနိုး ချိတုန် ချိတုန် ဖြစ်နေမိ၏။ သူတို့နှစ်ဦးမှာ ချစ်သူဟု ဆိုနိုင်ပါသော်လည်း အပေါ်ယံချစ်သူသာ။ ဆိုရပါလျှင် သူတို့နှစ်ယောက် ချစ်သူကဲ့သို့ ပြုမူဖူးခြင်း တစ်စက်မှပင် မရှိဖူးပါ။ ယုတ်စွအဆုံး လက်ပင် မတွဲဖူး။ ၎င်းမှာ ဤလူ မည်မျှထိ စိတ်ကို ထိန်းချုပ်ထားနိုင်သည်မှန်း သိသာစေသည့်အချက်ပင်။
ဝင်ရနိုးမဝင်ရနိုး ဖြစ်နေစဉ်မှာပင်..
“အမေ ကျွန်တော့်မှာ ရည်ရွယ်ထားသူ ရှိတယ်! သူနဲ့မပေးစားပါနဲ့တော့!!!!” ဟူသော ခပ်ဩဩအသံကို ကြားလိုက်ရပေ၏။
တစ်ဆက်တည်းမှာပင်..
“မိန်းမ မလိုချင်သေးတာနဲ့ လျှောက်ပြောမနေနဲ့! လက်ဆုတ်လက်ကိုင် ပြနိုင်သေးလို့လား!!”
ဤသို့ အချေအတင် ဖြစ်နေစဉ်မှာပင် ချိုသာလှသည့် အသံမဟုတ်ဘဲ ခပ်ဩဩအသံ တစ်ခုက သူ့တို့စကားဝိုင်းကို ငြိမ်ကျသွားစေ၏။
“သူ့ချစ်သူက ကျွန်တော်ပါ” ဟူသောအသံ။
ကျော်ဇင်လည်း အဘယ်ကြောင့် ဤသို့ပြောလိုက်မိသည်လည်း သူ့ကိုယ်သူမသိ။ ထို့ကြောင့် မည်သို့မည်ပုံ အထဲရောက်လာသည်လည်း သူ့ကိုယ်သူမသိလိုက်။ အခန်းထဲရှိ လူလေးယောက်လုံး အပ်ကျသံမျှမကြားရလောက်အောင် တိတ်ဆိတ်သွားပေ၏။ သုခ၏ မိဘနှစ်ပါး၊ သုခအမေခေါ်လာခဲ့သော အမျိုးသမီးတို့မှာ ကျော်ဇင်အား အံ့ဩစွာ ကြည့်နေပေ၏။ အအံ့ဩဆုံးမှာကား သုခ။ သူချစ်ရသော အမျိုးသမီးလေးက သူ့အား ချစ်ပါသည်ဟု တစ်ဖက်လှည့်ဖြင့် ပြောဆိုလိုက်ခြင်း မဟုတ်ပါလော။ သူသည် ဤနှစ်များအတွင်း ချစ်သူအဖြစ်နေပေးပါရန် တောင်းဆိုခဲ့ပါသော်လည်း အနားတွင်သာ လိုအပ်သည်များကို ဖြည့်ဆည်းပေးရင်းသာ နေဖြစ်ခဲ့၏။ ဤအမျိုးသမီး၏အချစ်ကိုလည်း မတောင်းဆိုဖြစ်ခဲ့။ သို့သော် ချစ်ရပါသော အမျိုးသမီးလေးမှ ဤသို့ကိုယ်တိုင်ဆိုလာမည်ဟု မထင်ထားမိပါ။ ပျော်လွန်း၍ ဤအမျိုးသမီးငယ်အား သူ့ရင်ခွင်ထဲ ထွေးပိုက်မိသောအခါတွင်လည်း အမျိုးသမီးငယ်က ပြုံးကာ အသာတကြည်ပင် ရင်ခွင်ထဲ ဝင်ရောက်လာသည်ပင်။ ကျော်ဇင်မှာ မိမိကိုယ်ကိုယ် နားမလည်နိုင်ပါတော့။ သို့သော် ကြည်နူးမှုကိုတော့ ခံစားမိလိုက်ပါ၏။
ဤအချိန်တွင် သူတို့နှစ်ဦး၏ ရင်ခုန်သံများ ထပ်တူကျနေလျက်။
(၅)
သုခမှာတော့ ဤအမျိုးသမီးနှင့် ဘဝကို အတူတူဖြတ်သန်းလာရလေလေ။ ဤအမျိုးသမီးအကြောင်းပိုသိလာရလေလေပင်။ အမျိုးသမီးငယ်လေးမှာ စိတ်အားငယ်လွယ်သည်။ ဆိုး၏။ သူ့ကိုလည်း အရည်ပျော်အောင် ချွဲတတ်ပါသေးသည်။ တစ်ခါတစ်ရံ ယခင်ကအကြောင်းကို ပြန်ပြောကာ ရစ်တတ်ပေသေးသည်။ အရင်အကြောင်းဆိုပါလျှင် “သူ့လျှို့ဝှက်ချက်ကို အခွင့်ကောင်းယူတယ်” ဆိုသည်မှာ မပါမဖြစ်။ ဟိုးစစတွေ့ကတည်း စိတ်ထဲနေရာယူထားပါသည်ဟု အမှန်အတိုင်း တင်လျှောက်တော်မူလျှင်လည်း မရ။ “ကိုယ်မင်းကို အဲ့တုန်းက အသားယူဖူးလို့လား ကိုယ့်အပိုင် အဖြစ် တံဆိပ်ခတ်ဖူးလို့လား” မေးပါလျှင်လည်း “အသားမယူဖူးဘူးဆိုပေမဲ့ ကိုကိုရှိနေရင် မိန်းကလေးတွေ ကျွန်တော့်နား မကပ်တော့ဘူး” ဟု ဆိုတတ်ပါ၏။ ဤသို့ဆိုလိုက်တိုင်း “ချစ်က ကိုယ့်ကိုမချစ်ဘူး” ဟု မျက်နှာခပ်မဲ့မဲ့ လုပ်လိုက်ပါလျှင် ဖက်လာကာ “အဲ့လိုမဟုတ်ပါဘူး ကိုကို့ကို အချစ်ဆုံးပါနော်” ဟု မျက်နှာငယ်လေးဖြင့်ဆိုပါ၏။ အသည်းယားဖွယ် အတိပါပေ။
ကျော်ဇင်သည်လည်း ထို့အတူပါပေ။ ဤအမျိုးသားနှင့် ဘဝကို ဖြတ်သန်းလာရင်းနှင့် သူ့အကြောင်းများစွာသိလာရ၏။ ဤလူကြီးမှာ မထင်မှတ်ထားစွာဖြင့် အလွန်ချွဲ၏။ မူယာမာယာများသည်။ ထို့အတူ အလွန်အူတိုလွယ်ပါသေးသည်။ အူတိုလာသောအခါတွင်လည်း ဒရမ်မာပေါင်းစုံသုံးကာ သူ မပျော့ပျော့လာအောင်လုပ်၏။ ဤလူအမေးဆုံးစကားမှာ “ကိုယ့်ကို ချစ်လား ဘယ်ကတည်းကလဲ” ဟူ၍။ ဤအချိန်များတွင် သူဖြေဖြစ်ခဲ့သည်မှာ “ဘယ်ချိန်တုန်းက ချစ်မိသွားလဲတောင် မသိပါဘူး” ဟုပင်။ တကယ်လည်း သူမသိပါ။ သိလိုက်ရသောအချိန်တွင် ဤလူကြီးအပေါ်အတော်ပင် နစ်ဝင်သွားနေပြီဖြစ်သည်။
………
နှစ်ပေါင်းများစွာ ကြာလွန်ခဲ့ပြီဖြစ်ကာ သူတို့၏ ချစ်ရသူ၊ ချစ်ဦးသူတို့မှာ သူတို့၏ ဘဝလက်တွဲဖော်အဖြစ် ရှိလာခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ သူတို့သည် ဘဝ၏ ကြမ်းတမ်းမှု၊ စိန်ခေါ်မှုများကို အတူကျော်ဖြတ်ခဲ့၏။ ပန်းရံအလုပ်ကို အတူလုပ်ကာ ပန်းရံအလုပ်အား ဝါသနာပါသော သားသမီးများကိုလည်း သူတို့၏ပညာအမွေပေးလိုက်နိုင်ပါသလို မပါသောကလေးများကိုလည်း သူတို့ဝါသနာပါရာကို မြေတောင်မြှောက်ပေးနိုင်ခဲ့၏။
သူတို့သည် အချင်းချင်း ရိုးစင်းစွာ ချစ်ခဲ့ကြသည်။ ရိုးရှင်းစွာ နွေးထွေးမှုပေးခဲ့ကြသည်။ တစ်ဦးလက်အား တစ်ဦး မလွှတ်တမ်း ဆုတ်ကိုင်ထားခဲ့ကြသည်။ အချင်းချင်းနားလည်မှုများနှင့် ချည်နှောင်ခဲ့ကြ၏။ သူတို့၏ သံယောဇဉ်ကြိုးငယ်မှာ ဤဘဝတွင်တော့ ဘယ်တော့အခါမှ ပြတ်တောက်သွားမည်မဟုတ်ပါပေ။ သေအတူ ရှင်မကွာ ရှိနေကြမည်သာတည်း။
>>>ပြီးပါပြီ<<<<