One Sided Love
တစ်ဖက်သတ်….
ဤအမျိုးသမီးအပေါ်မှာရှိတဲ့ ကျွန်တော့်အစ်မရဲ့ ချစ်ခြင်းဟာ တစ်ဖက်သတ်ပါပဲ…။
#####
ဒီကနေ့မှာတော့ ကျွန်တော်ဇာတ်လမ်းလေးတစ်ပုဒ် ပြောပြချင်ပါတယ်။ ကျွန်တော့်ရှေ့တင် ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးပါပေါ့။ ဒီဇာတ်လမ်းကို အစအဆုံးမြင်ခဲ့ရတဲ့ ကျွန်တော့်အတွက် ရင်ထဲမှာ နာကျင်ရတာတော့ အမှန်ပါပဲ။
ဇာတ်လမ်းမစခင် ပြောချင်တာက ဒါက ကျွန်တော့်အစ်မရဲ့ ဇာတ်လမ်းလေးပါ။ ကျွန်တော့်အနေနဲ့ သူဟာ အစ်မတစ်ယောက်ဆိုတာထက် အမေတစ်ယောက်လို ဖြစ်နေခဲ့တဲ့သူ။ သူနဲ့ကျွန်တော်ဟာ အသက်အနေနဲ့ ဆယ်နှစ်လောက် ကွာပါတယ်။ မိဘတွေကလဲ နိုင်ငံခြားမှာ ငွေရှာရင်း ရုန်းကန်နေကြသူတွေမို့ ကျွန်တော်တို့ကို မစောင့်ရှောက်နိုင်ခဲ့ဘူး။ အရင်က အဘွားက စောင့်ရှောက်ပေးခဲ့ပေမဲ့ ကျွန်တော့်အသက် ၁၇ နှစ်မှာ ဆုံးသွားခဲ့တယ်။ အဲ့ချိန်ကစပြီး ကျွန်တော့်ရဲ့ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်တဲ့ မမကပဲ ကျွန်တော့်အုပ်ထိန်းသူအဖြစ် ရှိလာခဲ့ရတာပေါ့။
ကျွန်တော်ပြောမဲ့ ဇာတ်လမ်းရဲ့အစကို ကျွန်တော် တစ်ချက်မှ မမေ့ခဲ့ပါဘူး။
နွေရာသီရဲ့နေ့ရက်တစ်ရက်မှာပေါ့။
မနက်စောစော ကျွန်တော်အိပ်ရာနိုးစအချိန်မှာ ဘဲလ်တီးသံအကြား အိမ်ရှေ့ထွက်ကြည့်လိုက်တော့ ကျွန်တော်အစ်မနဲ့အတူ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ အဲ့အမျိုးသမီးလေးက ကျွန်တော့်အစ်မနဲ့ ရွယ်တူလောက်ပါပဲ။ သူ့ပုံစံလေးက ကြည်လင်ပြီး ရှင်းသန့်တယ်။ အစ်မကတော့ ဒီအမျိုးသမီးမှာ ကြယ်ရောင်လို တောက်ပနေတဲ့မျက်ဝန်း၊ ဖြောင့်စင်းနေတဲ့နှာတံ၊ နှင်းဆီနီရောင်သန်းနေတဲ့ နှုတ်ခမ်းတွေရှိတယ်တဲ့။ ကျွန်တော့်အမြင်မှာတော့ သူက ကျွန်တော့်အစ်မလောက် မလှနေဘူး။
ကျွန်တော်လဲ အဲ့အမျိုးသမီးရဲ့ ခေါင်းမှာ ပတ်တီးစည်းထားတာတွေ့တော့ ကျွန်တော့်အစ်မကို ဘာဖြစ်လာတာလဲ ဆိုပြီး ခပ်တိုးတိုးမေးမိတယ်။ သူကတော့ ပြောပါတယ်။ လမ်းမှာ လဲကျနေတာတွေ့လို့ ခေါ်လာတာတဲ့။ ခေါင်းမှာ သွေးထွက်နေတော့ မဖြစ်ချေဘူးဆိုပြီး ဆေးရုံကိုယ်တိုင်လိုက်ပို့။ သူသတိရတဲ့အထိစောင့်ပေးခဲ့တာဆိုပဲ။ တယ်လဲ ထူးဆန်းပါပေ့။ ကျွန်တော့်အစ်မဆိုတဲ့အမျိုးဟာ သူ့အသားကို လုံးဝအထိခံတာမဟုတ်ဘူး။ ဒီအမျိုးသမီးနဲ့ကျမှ ကိုယ်တိုင်ကိုယ်က ချီပိုးပြီး လိုက်ပို့ခဲ့တာဆိုပဲ။ အံ့တော့အံ့ဩစရာ။ ဘယ်လို ဒီကိုပါလာတာလဲမေးတော့ အဲ့အမျိုးသမီးက သူ့နာမည်ကလွဲလို့ အခြားဘာကိုမှ မမှတ်မိလို့ ကျွန်တော့်အစ်မက အိမ်ကို ခေါ်လာခဲ့တာတဲ့။ မစံပယ်ဖြူတို့ တယ်သဘောကောင်းနေတာပါလားလို့ ကျွန်တော်တွေးမိတယ်။ ဒါနဲ့ အဲ့အမျိုးသမီးလေးရဲ့နာမည်က “မိုးမခ”တဲ့။
ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ ခြောက်ကပ်ကပ်အိမ်လေးဟာ အစ်မမိုးမခကျေးဇူးနဲ့ စိုပြေလာခဲ့တယ်လို့ ပြောလို့ရတယ်။ ကျွန်တော့်အစ်မကလဲ အစ်မမိုးမခကို တော်တော်ခင်တွယ်တဲ့ ပုံပါပဲ။ တကယ်တော့ အစ်မ မပြောပြခဲ့ပေမဲ့ သူတော်တော်လေးပင်ပန်းနေမယ်ဆိုတာတော့ ကျွန်တော်သိပါတယ်။ သူ့ခမျာ အိမ်ကိစ္စတွေကို တစ်ယောက်တည်း စီမံနေရတာ။ ပြီးတော့ အလုပ်ကပါလာတဲ့ ဖိအားတွေလဲ ရှိသေးတယ်။ ကျွန်တော့်အနေနဲ့ တတ်နိုင်သမျှ လုပ်ပေးပေမဲ့ အများကြီးတော့ အထောက်အပံ့ဖြစ်မယ်မထင်ဘူး။
ဒီလို အချိန်မှာ အစ်မမိုးမခ ရောက်လာတာဟာ ကျွန်တော့်အစ်မအတွက် အိုအေစစ်လေး တွေ့လိုက်ရသလိုနေမှာပါ။ သူနဲ့ ရွယ်တူ ကောင်မလေးတစ်ယောက်၊ အားကိုးရတဲ့ ကောင်မလေးတစ်ယောက်ရလိုက်ပြီပဲလေ။ ရွယ်တူနဲ့တွေ့လိုက်ရတာက သူ့အတွက် ပိုကောင်းသွားတဲ့ပုံပါပဲ။ ရင်ဖွင့်စရာလူတစ်ယောက်ပါ ရလိုက်တာကိုး။
တကယ်တော့ ကျွန်တော့်အစ်မတင်မဟုတ် ကျွန်တော်ပါ ဒီအချိန်လေးတွေမှာ ပျော်ခဲ့ရတယ်။ တကယ်တော့ အဘွားဆုံးကတည်းက ထမင်းဆို ဝယ်စားခဲ့ရတာချည်းပဲ။ ကျွန်တော်တို့ မောင်နှမနှစ်ယောက်လုံး ထမင်းဟင်းမှ မချက်တတ်တာ။ ဟင်းချက်ရင် အမြဲ တစ်ခုမဟုတ် တစ်ခု ပြဿနာတက်ပါတယ်။ ဒီလိုအချိန်မှာ ဟင်းချက်တတ်တဲ့ အစ်မမိုးမခရောက်လာတော့ သူပဲ ဟင်းစားဝယ်၊ သူပဲချက်ပြုတ်အကုန် စီမံပေးတော့တာ။ ကျွန်တော်တို့မောင်နှမနှစ်ယောက်ကလဲ သူချက်တဲ့ဟင်းဆို မြိန်ရေရှက်ရေကို အားပေးလို့ပေါ့။
အစ်မမိုးမခက သဘောလဲကောင်းသလို အလိုလဲလိုက်တတ်တယ်။ ကျွန်တော်နဲ့ ကျွန်တော့်အစ်မ တစ်ခုခုဖြစ်တိုင်း သူကချည်း ဖြန်ဖြေပေးရတာ။ ကျွန်တော်လိုချင်တာတွေဆိုလဲ သူကပဲ အစ်မမသိအောင် ခိုးခိုးဝယ်ပေးတတ်သေး။ သူရှိတော့မှ ကျွန်တော်တို့ မောင်နှမလဲ သေချာဆုံပြီး စကားပြောဖြစ်တော့တယ်။ မဟုတ်ရင် မောင်နှမတွေက အချင်းချင်း ချစ်ကြတယ်ဆိုပေမဲ့ တစ်နေ့နေ့မှ စကားတစ်လုံးနှစ်လုံးတောင် ပြောဖြစ်တာမဟုတ်ဘူး။ ဘာလို့ဆို ကျွန်တော်ကလည်း ကျွန်တော့်ပညာရေးနဲ့ ကျွန်တော့်အစ်မကလည်း သူအလုပ်နဲ့သူ။
ဒီလိုနဲ့ သုံးယောက်သား အိမ်မှာ ပျော်ပျော်ကြီးနေကြရင်း တစ်ရက်မှာ ကျွန်တော့်အစ်မ ကျွန်တော့်ကို ရင်ဖွင့်လာတယ်။ သူ အစ်မမိုးမခကို ချစ်မိနေပြီတဲ့။ သာမန်သူငယ်ချင်းတွေလို၊ ညီအစ်မတွေလို မဟုတ်ဘူးတဲ့။ ကျွန်တော့်မှာလဲ အတော် အံ့ဩခဲ့ရသေးတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့ ကျွန်တော့်အစ်မ ဘယ်လိုလူမျိုးဖြစ်ဖြစ် ဘယ်သူ့ကိုပဲချစ်ချစ် ကျွန်တော့်အစ်မဟာ ကျွန်တော့်အစ်မပါပဲ။ ဒီအချက်ကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ သူ အစ်မမိုးမခကိုတော့ ဖွင့်မပြောတော့ပါဘူးတဲ့။ သူ့မှာ သူ့ဘဝနဲ့သူ ရှိနေမှာတဲ့။ အစ်မမိုးမခဟာ ကျွန်တော်တို့ဆီကို ခဏရောက်လာတဲ့ ဧည့်သည်တစ်ယောက်လို့ ပြောတယ်။ အဲ့တာကြောင့် သူ့အနေနဲ့ အစ်မမိုးမခကို မဆွဲချင်တော့ဘူးလို့လဲ ပြောပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော့်အစ်မရဲ့ ဆုံးဖြတ်ချက်ကို လေးစားတဲ့အနေနဲ့ ဘာမှမပြောဖြစ်ခဲ့ဘူး။ အဲ့တုန်းက ကျွန်တော့်အစ်မဟာ မျက်ရည်တွေရစ်ဝိုင်းနေတာကိုတော့ ကျွန်တော်မှတ်မိပါသေးတယ်။
တစ်ရက်မှာတော့ အစ်မမိုးမခက သူဟာ ကျွန်တော်တို့ဘဝမှာ အမြဲအတူမရှိနိုင်ဘူးဆိုတာကို သက်သေပြခဲ့တယ်။ သူအတိတ်ကို အကုန်မှတ်မိပါပြီတဲ့လေ။ ကျွန်တော်တို့နှစ်ယောက်ကိုလည်း အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်တဲ့။
သူဟာ ရှင်းလုပ်ငန်းစုရဲ့သမီး။ ချစ်သူကောင်လေးလဲ ရှိတယ်တဲ့။ ဒါပေမဲ့ သူတို့နှစ်ယောက်ကို မိဘတွေက သဘောမတူဘူးဆိုပဲ။ အဲ့တာကြောင့် မိဘတွေမသိအောင် ပြေးကြမယ်လို့ ရည်ရွယ်ရင်း တစ်နေရာမှာ ချိန်းကြတယ်။ ဒါပေမဲ့ ချိန်းထားတဲ့ နေရာမရောက်ခင်မှာပဲ ကားနဲ့အတိုက်ခံလိုက်ရတယ်တဲ့။ ကျွန်တော့်မှာတော့ တော်တော်လေး အံ့ဩသွားရတယ်။ ရှင်းလုပ်ငန်းစုရဲ့ သမီးတစ်ယောက်လုံး ဒီရောက်နေတာတောင် ဘယ်သူမှ မရောက်လာလို့လေ။ နောက်မှသိရသလောက် သူတို့ အစ်မမိုးမခကို ရှာခဲ့ပေမဲ့ လုံးဝမတွေ့ခဲ့ဘူးဆိုပဲ။ ကျွန်တော့်တို့နေရာကိုလဲ မရှာဖြစ်ခဲ့ဘူးတဲ့။ ဘာလို့ဆို သူတို့ အစ်မမိုးမခ ဒီကိုရောက်နေမှာ မဟုတ်ဘူးလို့ လုံးဝကို ယုံကြည်ထားတာမို့ပါ။ ဖြစ်တော့ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အိမ်က အိမ်ရာဝန်းထဲမှာ ဖြစ်သလို ဒီအိမ်ရာဝန်းထဲမှာလဲ အစ်မသူငယ်ချင်းမရှိဘူး။ အစ်မကောင်လေးကလဲ ဒီနေရာကို ဝယ်နိုင်တဲ့ အခြေအနေမရှိဘူးတဲ့လေ။
ကျွန်တော်တို့အနေနဲ့ အစ်မမိုးမခကို အိမ်ပြန်ပို့ရဖို့ စီစဉ်ရတာပေါ့။ ရှင်းလုပ်ငန်းစုကို ဆက်သွယ်ပြီးနောက်မှာတော့ အစ်မမိုးမခရဲ့မိဘတွေနဲ့ သူ့ရဲ့ ချစ်သူကောင်လေးပါ ကျွန်တော်တို့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တာပေါ့။ ကျွန်တော့်အစ်မမှာလဲ သိပ်တော့မပျော်နိုင်ရှာပါဘူး။ မျက်နှာလေးက မကောင်းဘူး။ ဒါပေမဲ့ အစ်မမိုးမခ သူ့နေရာသူ ပြန်သွားနိုင်ခဲ့အတွက် ကျေနပ်ပါတယ်တဲ့လေ။
ကြားထဲမှာတော့ ကျွန်တော်တို့သုံးယောက် အဆက်အသွယ်မပျက်ခဲ့ပါဘူး။ အချင်းချင်း ခင်မြဲခင်ဆဲပါပဲ။ သူတို့ဆီကို အလည်ရောက်ဖြစ်သလို ကျွန်တော်တို့ဆီကိုလဲ သူတို့အလည်လာခဲ့ပါတယ်။ အစ်မမိုးမခတို့ စုံတွဲလိုက်ပေါ့လေ။ အစ်မမိုးမခတို့ ပျောက်ပြီးနောက်မှာ သူတို့နှစ်ယောက်ကို သဘောတူခဲ့တဲ့ပုံပါပဲ။
ဒီလိုနဲ့ တစ်နှစ်အကြာမှာတော့ ကျွန်တော်တို့ဆီကို ဖိတ်စာတစ်စောင် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတော့တာပါပဲ။ သေချာတာကတော့ အစ်မမိုးမခရဲ့ လက်ထပ်ပွဲဖိတ်စာပေါ့။ အဲ့ဖိတ်စာရရချင်းမှာ ကျွန်တော့်အစ်မတစ်ယောက် မျက်ရည်အဝိုင်းသားနဲ့ ပြုံးနေခဲ့ပါသေးတယ်။ “သူ သူချစ်ရသူနဲ့ ပေါင်းဖက်နိုင်ခဲ့ပြီ” လို့ ပြုံးပြုံးကြီး ပြောနေခဲ့တာ။ သေချာပါတယ်။ ညကျရင်တော့ သူငိုနေဦးမယ်ဆိုတာ။ ဘာလို့ဆို ဒီကြားထဲမှာလဲ အစ်မငိုနေတာကို ကျွန်တော်သိခဲ့ရပါတယ်။ မသိချင်ယောင်ဆောင်နေခဲ့ရုံ။ ကျွန်တော်လဲ နှစ်သိမ့်ပေးနိုင်တာမှ မဟုတ်တာပဲလေ။
မင်္ဂလာပွဲကိုတော့ နှစ်ယောက်စလုံး တက်ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ယောက် မင်္ဂလာဆောင်တာကို ကိုယ်တိုင်သွားကြည့်ချင်တယ်တဲ့။ ကျွန်တော်လဲ တားချင်ပေမဲ့ မတားဖြစ်ခဲ့ပါဘူး။ ဟိုရောက်လို့ အစ်မမပါလာလို့ ဘာလို့လဲလို့ မေးရင် ကျွန်တော် ဘာဖြေရမယ်မှန်း သိတာ မဟုတ်ဘူး။
ဒီကြားထဲမှာတော့ ကျွန်တော်လဲ ကိုယ့်အလုပ်ကို လုပ်။ ကျွန်တော့်အစ်မလဲ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ဘာသိဘာသာပဲ နေဖြစ်ကြတယ်။ အစ်မမိုးမခအကျင့်လုပ်ပေးလိုက်တယ် ထင်ပါတယ်။ ညစာ ထမင်းစားချိန်ကိုတော့ အတူတူလက်ဆုံစားဖြစ်တယ်။ တစ်ခါတလေ အလုပ်က အဖြစ်အပျက်အကြောင်း ပြောဖြစ်ပေမဲ့ အစ်မမိုးမခအကြောင်းကိုတော့ ဘယ်သူမှ စကားမစဖြစ်ပါဘူး။
အဲ့နေ့က ကျွန်တော်မိုးမီးလောင်တဲ့နေ့။ ကျွန်တော့်ကမ္ဘာကြီး ပျက်စီးခဲ့ရတဲ့နေ့ပေါ့။ အဲ့နေ့မတိုင်ခင်က ကျွန်တော့်အစ်မဟာ အလုပ်ကိစ္စနဲ့ ခရီးသွားစရာရှိလို့ အိမ်ပြန်မလာဘူးဆိုပြီး ကျွန်တော့်ကို လိမ်သွားတာ။ နောက် ဆေးရုံတစ်ခုက ဖုန်းဆက်ပြီး ကျွန်တော့်ကို သတင်းပေးတယ်။ “မစံပယ်ဖြူ ဆုံးပြီ။ အကြောင်းအရင်းကို ဆေးရုံလာမှ ပြောပါမယ်” တဲ့။
ကျွန်တော်လဲ အစ်မဇောနဲ့ ဆေးရုံကို အပြေးလာခဲ့တယ်။ ဟိုရောက်တော့ ကျွန်တော့်အစ်မအလောင်းကိုပဲ ကျွန်တော်တွေ့လိုက်ရတယ်။ နှုတ်ခမ်းလေးက ပြုံးလို့။ အစ်မမိုးမခထွက်သွားပြီးနောက်က ပြုံးခဲ့တဲ့ သူ့အပြုံးမှာ ဒီအပြုံးကအလှဆုံးပဲ။
အကြောင်းအရင်းအစုံစုံကို သိရတော့ ကျွန်တော့်မယ် ကျွန်တော့်အစ်မကို ရူးတယ်လို့ပဲ ပြောနိုင်တော့တယ်။ ပြီးတော့ စိတ်လဲ နာတယ်။ ဒါပေမဲ့ အစ်မနှစ်ယောက်လုံးကိုတော့ မမုန်းနိုင်ခဲ့ပါဘူး။ နာလည်း မနာကြည်းရက်ခဲ့ဘူး။ ကျွန်တော့်အစ်မဟာ အစ်မမိုးမခအတွက် နှလုံးလှူပေးခဲ့တယ်တဲ့။ ဘာလို့ဆို အစ်မမိုးမခဟာ နှလုံးကင်ဆာဖြစ်သွားခဲ့ပြီး အဲ့ရောဂါကို ကုသနိုင်မဲ့နည်းလမ်းကလဲ နှလုံးအစားထိုးကုသခြင်း တစ်ခုတည်းပဲတဲ့။ ကျွန်တော့်အစ်မ နှလုံးလှူမယ်လို့ လုပ်တုန်းက ဆရာဝန်ကြီးတွေ တားခဲ့ပေမဲ့ ကျွန်တော့်အစ်မရဲ့ခေါင်းမာမှုကို သူတို့မလွန်ဆန်နိုင်ခဲ့ဘူးတဲ့။ ဟုတ်ပါတယ်လေ။ ကျွန်တော့်အစ်မ ဘယ်လောက်ထိ ခေါင်းမာလဲဆိုတာ သူ့မောင်ဖြစ်တဲ့ကျွန်တော် အသိဆုံးပါပဲ။
ကျွန်တော့်အစ်မဟာ အချစ်ရူးရူးနေပေမဲ့ ကျွန်တော့်ကိုတော့ သတိရသေးတဲ့ပုံပါပဲ။ ကျွန်တော့်အတွက် စာတစ်စောင်ချန်သွားပေးခဲ့တယ်တဲ့လေ။ စာထဲမှာ ကျွန်တော့်ကို တောင်းပန်တဲ့အကြောင်းတွေ၊ သူမရှိလည်း ကောင်းကောင်းနေပါဆိုတဲ့ အကြောင်းတွေ အစ်မမိုးမခကိုမနာကြည်းပါနဲ့ဆိုတဲ့ အကြောင်းတွေပေါ့။ ကျွန်တော်လဲ စာကို ဖတ်ပြီး ချုံးပွဲချငိုမိတယ်။ ပတ်ဝန်းကျင်ကို သတိမထားတော့ဘူး။ “ရူးလိုက်တာ” လို့လဲ ရေရွတ်နေမိတယ်။ ဘာလို့ အစ်မမိုးမခယောက်ျားက မလှူဘဲ အစ်မက လှူလိုက်ရတာလဲဆိုပြီးလဲ အပြစ်တင်မိတယ်။ ကိုယ့်အစ်မ ဒီလိုလုပ်တာ မသိရကောင်းလားဆိုပြီးလဲ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ဒါပေမဲ့ ကျွန်တော့်အစ်မ ကျွန်တော့်နားမရှိတော့ဘူးဆိုတဲ့ အမှန်တရားကို လက်မခံချင်ဘဲ လက်ခံလိုက်ရတယ်။
သူ့နှလုံးအလှူရှင်ဟာ ကျွန်တော့်အစ်မမှန်း အစ်မမိုးမခသိသွားတော့ တော်တော်လေး စိတ်မကောင်းဖြစ်သွားတဲ့ပုံပါပဲ။ တော်တော်လေး မချိတင်ကဲ ဖြစ်နေတဲ့ပုံပါပဲ။ သူ့အတွက် ဒီလိုမျိုး အသက်မပေးစေချင်မှာလဲ မဟုတ်ဘူး။ အစ်မမိုးမခတစ်ယောက် သူ့သူငယ်ချင်း သေတာ သူ့ကြောင့်ဆိုပြီး အပြစ်တင်နေလေရဲ့။ ကျွန်တော့်ကိုလဲ တောင်းပန်ပါတယ်တဲ့။ ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်သလို အပြစ်လဲ မတင်ရက်တော့ပါဘူး။ ဒါကျွန်တော့်အစ်မရွေးခဲ့တဲ့လမ်းပဲလေ။ ဒါကိုလဲ အစ်မမိုးမခသိအောင် သေချာပြောပြလိုက်ရတယ်။ နောက်တော့ အစ်မမိုးမခက စံပယ်ဖြူရဲ့ နှလုံးသားနဲ့အတူ အကောင်းဆုံးရှင်သန်သွားပါမယ်လို့ ကျွန်တော့်ကို ကတိပေးတယ်။ သူ့ကို တစ်သက်လုံး အမှတ်ရနေမှာပါတဲ့။ ကြည့်ရတာ အစ်မတစ်ယောက်တော့ ဒီစကားကြားရင် ပျော်နေမှာပါ။ သူ့ချစ်ရသူက သူ့ကို အမြဲသတိရနေမှာလို့ ပြောခဲ့တာပဲ။ ဒါပေမဲ့ ကျွန်တော့်အစ်မ သူ့ကို ချစ်နေပါတယ်ဆိုတာကိုတော့ မပြောပြဖြစ်လိုက်ပါဘူး။ ဒါကိုတော့ ကျွန်တော်တစ်ယောက်တည်းပဲ သိနေပါရစေ။ ဒီအမှန်တရားကို ကျွန်တော်နဲ့အတူ တစ်သက်လုံး ယူဆောင်သွားပါ့မယ်။
ကျွန်တော့်အစ်မရဲ့ ဈာပနပွဲကို အကျဉ်းလေးပဲ လုပ်ဖြစ်ပါတယ်။ ပွဲကို ကျွန်တော့်မိသားစုနဲ့ အစ်မမိုးမခမိသားစုအပါအဝင် အမျိုးအဆွေ အချို့ရောက်လာပါတယ်။ အစ်မသူငယ်ချင်းတွေလဲ ပါပါတယ်။ အစ်မဆုံးတယ်လို့ ကြားတော့ မိဘတွေလဲ အမြန်ဆုံးရောက်လာတာပေါ့။ သူတို့လဲ တော်တော်ယူကြုံးမရဖြစ်နေပုံပဲ။ သမီးကို ကောင်းကောင်းမစောင့်ရှောက်ပေးခဲ့အတွက်လဲ နောင်တရနေတဲ့ပုံ။ သေဆုံးရခြင်းအကြောင်းအရင်းကို ပြောတော့ မိဘနှစ်ပါးလဲ လက်မခံနိုင်ကြပါဘူး။ သူတို့သမီးဟာ အခြားအမျိုးသမီးတစ်ယောက်အတွက် အသက်ပေးဆပ်သွားတယ်ဆိုတာကိုပေါ့။ အကြောင်းအရင်းကိုတော့ သူတို့နှစ်ယောက်လုံး ရိပ်မိကြမှာပါ။ ကျွန်တော်တို့ကို မွေးပေးခဲ့တဲ့ မိဘတွေပဲလေ။
ဈာပနပွဲပြီးတော့ အစ်မမိုးမခက ကျွန်တော့်ကို ခေါ်တယ်။ ကျွန်တော်တော့ မလိုက်ဖြစ်ပါဘူး။ အစ်မမိုးမခကို မြင်တိုင်း အစ်မကို နှမြောတသဖြစ်နေမိမှာမို့လို့ပါပဲ။ နောက်ဆုံးတော့ ကျွန်တော်လဲ ကျွန်တော့်မိဘတွေနဲ့အတူ နိုင်ငံခြားမှာ အခြေချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အစ်မနှစ်ပတ်လည်နေ့တိုင်း အစ်မရဲ့ဂူကိုတော့ အရောက်လာဖြစ်တာပေါ့လေ။ အဲ့နေ့တိုင်းမှာလဲ အစ်မမိုးမခကို တွေ့ရတာပေါ့။ အဲ့အချိန်တိုင်းမှာလဲ နှစ်ယောက်လုံး ဘာစကားမှမဆိုဘဲ အသံတိတ်ပဲ နေဖြစ်ကြတယ်။ မစံပယ်ဖြူအတွက် ရင်ထဲကစကားလုံးတွေကို တစ်ကိုယ်တည်းရှိနေချိန်မှာပဲ ပြောဖြစ်ကြတယ်တဲ့လေ။
ကျွန်တော့်အစ်မဟာ အမျိုးသမီးတစ်ဦးကို အကောင်းဆုံးချစ်သွားပေးခဲ့တယ်။ သူ့သွေးသားဖြစ်တဲ့ ကျွန်တော့်ကိုတောင် ကျော်လွန်ပြီးတော့ပေါ့။
>>>ပြီးပါပြီ<<<
ဒါလေးကတော့ ကျွန်တော်ပထမဆုံးရေးတဲ့ One Shot လေးပါ။ Twlightsky ဆိုတဲ့ ကလောင်နဲ့ ရေးဖြစ်ခဲ့တဲ့ One Shot လေးပါ။ ပြိုင်ပွဲအတွက် ရေးဖြစ်တာပါ။ အဲ့အပုဒ်လေးကို အခုတော့ တင်ဆက်ပုံလေးပြင်ပြီး တင်ဖြစ်လိုက်ပါတယ်ဗျ။ လိုနေသေးဦးမယ်ဆိုပေမဲ့လဲ အကောင်းဆုံးဖြစ်နိုင်အောင်တော့ ကြိုးစားထားပါတယ်ဗျာ။
စကားချပ်။ ။ အတိတ်မေ့ရောဂါနှင့် နှလုံးကင်ဆာနှင့် ပတ်သတ်၍ ဆိုရလျှင်မူ ဤသည်မှာ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါကြောင်း။ ကြည့်ဖူး ဖတ်ဖူးသည့် အထဲမှ အကြောင်းအရာကို ယူရေးသည်ဖြစ်ပါကြောင်း။
ချစ်ခြင်းများစွာဖြင့်…..
သျှားမိုးဝသုန်~~~