Promise
သူနဲ့ ကျွန်မဟာ ငယ်သူငယ်ချင်း။ မွေးကတည်းက သိလာတာလို့ပြောရင် ပိုမှန်တယ်။ ကျွန်မတို့ရဲ့ အမေတွေဟာ သူငယ်ချင်းဖြစ်ကြသလို ကျွန်မတို့ရဲ့ အစ်ကိုတွေကလဲ ညီအစ်ကိုတွေလို ခင်ရတဲ့ သူငယ်ချင်း အရင်းအချာတွေ။ ဒီလိုနဲ့ သူနဲ့ ကျွန်မဟာလဲ မွေးကတည်းက သိကျွမ်းလာရတဲ သူတွေ ဖြစ်လာတော့တာပါပဲ။
သူနဲ့ကျွန်မဟာ ငယ်ငယ်ကတည်း သွားအတူ၊ စားအတူ၊ ကျောင်းလဲအတူတူ။ သူနဲ့ ကျွန်မဟာ သူ့အိမ် ကျွန်မအိမ်ကို ကိုယ့်အိမ်ကိုယ့်ယာလိုမျိုး ဝင်ထွက်သွားလာ ကူးလူးနေကြတာ။ အိမ်တွေကလဲ ဘေးချင်းကပ်ရပ်ကိုး။
ဒါပေမဲ့ ဒုတိယတန်း တက်ရောက်တဲ့နှစ်မှာပဲ ကျွန်မတို့ဟာ အိမ်ပြောင်းဖို့ ဖြစ်လာတယ်။ ကျွန်မအဖေရုံးက ကျွန်မအဖေကို လက်ရှိနေနေတဲ့ ကလောမြို့ကနေ တောင်ကြီးကို ရွှေ့ဖို့ အမိန့်ကျလာတယ်။ တောင်ကြီးနဲ့ ဒီကို ကူးဖို့က ခက်ခဲလှချည်ရဲ့ မဟုတ်ပေမဲ့ ရုံးက နေမဲ့နေရာကိုပဲ စီစဥ်ပေးလာတော့ ပြောင်းဖို့ပဲ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ သူနဲ့ ကျွန်မဟာ ခွဲခွာဖို့ ဖြစ်လာခဲ့တယ်။
ဒီသတင်းကို ကြားတာနဲ့ သူဟာ ကျွန်မတို့ဆီကို အပြေးရောက်လာပြီး သူ့ကို ကျွန်မတို့နဲ့ ခေါ်ဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ ဒါက ဘယ်လိုလုပ်ဖြစ်လာနိုင်လိမ့်မလဲ။ သူကတော့ ကျွန်မတို့နဲ့ လိုက်ဖို့ ခွင့်မပေးမချင်း အတင်းဆန္ဒပြနေဆဲပဲ။ နောက်ဆုံးသူတို့အိမ်ကလူတွေရော ကျွန်မအိမ်ကလူတွေကပါ အတင်းဖြောင်းဖြပြီး ပြန်ဖို့ ပြောလိုက်ရတယ်။
ကျွန်မတို့ တောင်ကြီးကို သွားမဲ့နေ့မှာ သူ ကျွန်မဆီကို ရောက်လာပြီး ကျွန်မကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။ ပြီးတော့ သူက ကျွန်မကို ချစ်တယ်ဆိုပြီး ဖွင့်ပြောလာတယ်။ ပြီးတော့ သူက ပြောသေးတယ်။ “ငါနင့်ဆီကို လာခဲ့မယ်။ စောင့်နေပါ။ နှင်းယွန်းသဒ္ဓါ” တဲ့။
ဒီလိုနဲ့ ကျွန်မတောင်ကြီးမြို့ကို ရောက်ခဲ့ပြီ။ သူကျွန်မသတင်း ကြားမကြား မသိပေမဲ့ သူ့သတင်းကိုတော့ ကြားနေဆဲပဲ။ ကျွန်မတို့ ငါးတန်းနှစ်မှာ သူအခြားကောင်မလေးတစ်ယောက်ကို ကြိုက်တယ်လို့လဲ သတင်းသဲ့သဲ့လေး ထွက်လာသေးတယ်။ သူကတော့ ကျွန်မကို ဆက်သွယ်လေ့မရှိဘူး။ ဒါပေမဲ့ တစ်ခါတလေကျွန်မအစ်ကိုကို သူ့အစ်ကိုကနေ တစ်ဆင့် မေးတယ်ဆိုပဲ။
တစ်ရက်က ကျွန်မ သူ့သူငယ်ချင်းတွေနဲ့ တွေ့ဖို့ အကြောင်းဖန်လာခဲ့တယ်။ ဘယ်လိုတွေ့တာလဲ ဆိုတာကို ပြောရရင် သူ့အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်ရဲ့ အဖေတွေက ကျွန်မအဖေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ။ သူတို့အဖေ တောင်ကြီးကို အလုပ်ကိစ္စနဲ့ လာတော့ သူတို့ပါ သူတို့အဖေအလုပ်ကို လေ့လာဖို့ လိုက်လာခဲ့တယ် ဆိုလားပဲ။ ကျွန်မကတော့ အဲ့လိုမထင်ဘူး။ တောင်ကြီးက ဘယ်လိုဆိုတာကို စပ်စပ်စုစုသိချင်လို့ ရောက်လာတာပဲနေမှာ။
ကျွန်မနဲ့ သူ့သူငယ်ချင်းနှစ်ယောက် တွေ့ကြတယ်ဆိုပါတော့။ ကျွန်မကလဲ သူအခြားကောင်မလေးကို ကြိုက်တယ်လို့ ကြားထားတော့ အဲ့အကြောင်းကို မေးခဲ့လိုက်သေးတယ်။ ဘာလို့ဆို သူကျွန်မကို ချစ်တယ်လို့ ပြောခဲ့သလို ကျွန်မဆီကို လိုက်လာခဲ့မယ်လို့လဲ ပြောသေးတယ် မဟုတ်ဘူးလား။ အဲ့တာကို ဘာလို့ သူက အခြားကောင်မလေးကို သဘောကျရတာလဲ။ ကလေးတုန်းက ပြောခဲ့တဲ့ စကားဆိုပေမဲ့ ကျွန်မကတော့ သူပြောခဲ့တဲ့ စကားကို အတည်လို့ မှတ်ထားခဲ့တာလေ။
နောက်ဆုံးတော့ အကြောင်းစုံသိလိုက်ရပြီ။ တကယ်တော့ သူက ကြိုက်နေတာမဟုတ်ဘဲ တစ်ဖက်ကောင်မလေးကပဲ ကြိုက်နေတာ။ ဟိုက ဖွင့်ပြောတော့ သူက ကျွန်မရှိတယ်ဆိုပြီး အဲ့ကောင်မလေးကို ငြင်းခဲ့တာတဲ့။ အဲ့ကောင်မလေးက ကျွန်မအဲ့သတင်း ကြားရအောင် တမင် လုပ်ခဲ့တာ။ သူ့ကို ကျွန်မ မရအောင်လို့ပေါ့။
သူတို့ဆီကနေ ကျွန်မ သူ့ရဲ့ Facebook acc သိခဲ့ရတယ်။ သူနဲ့ ကျွန်မလဲ အဲ့နေ့ကစပြီး တစ်ရက်မှ အဆက်အသွယ် မပြတ်ခဲ့ဘူး။ သူက သူကျောင်းမှာ ဖြစ်ခဲ့တာတွေ၊ သူ့အိမ်နဲ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ တစ်နေ့တာ အကုန် ကျွန်မကို သံတော်ဦးတင်တယ်။ ဒါပေမဲ့ ကျွန်မဆီလာမယ်လို့ တစ်ခွန်း တစ်ပါဒမှ မပြောခဲ့ဘူး။ ကျွန်မ သူလာမယ်ဆိုတာကို မျှော်နေခဲ့မိတာပဲ။ သူ့ကို ကျွန်မစိတ်ထဲ ထည့်ထားမိတယ်ထင်တယ်။
နှစ်နှစ်လောက်အကြာထိ သူနဲ့ ကျွန်မ သာမန်သူငယ်ချင်းတွေလိုပဲ။ တစ်နေ့တာ အကြောင်းတွေ ပြောမယ်။ မကျေနပ်တဲ့ သူတွေ အကြောင်း အတင်းတုပ်မယ်။ ရင်ဖွင့်မယ် ဒီလောက်ပဲ။
ရှစ်တန်းနှစ်ရောက်တော့ သူက ကိုယ်ပိုင်အလုပ်စပြီး လုပ်နေပြီလို့ ပြောတယ်။ အောင်မြင်ရင် ကျွန်မကို လာတွေ့မယ်ဆိုပဲ။ ပြီးတော့ သူကျွန်မကို ချစ်လားလို့ အဖြေတောင်းတယ်။ ကျွန်မသူ့ကို သဘောကျမိပြီ ချစ်မိနေပြီဆိုပေမဲ့ မချစ်ဘူးလို့ပဲ ဖြေလိုက်မိတယ်။ အဲ့အချိန်ကျ သူကျွန်မကို ဘာမှပြန်မပြောဘူး။ ကျွန်မ မှားသွားပြီထင်တယ်။
အဲ့ချိန်ကစ သူနဲ့ ကျွန်မလဲ အဆက်အဆံ ကျဲ သွားခဲ့တယ်။ ကျွန်မ သူ့ကို သတိရမိတယ်၊ လွမ်းမိတယ်ဆိုပေမဲ့ ကျွန်မသူ့ကို စကားစမပြောမိဘူး။ သူကလဲ ကျွန်မကို အရင်လိုနေ့တိုင်း စကားလာမပြောတော့ဘူး။ ဘာလို့များနဲ့ သူကျွန်မကို လက်လျှော့ခဲ့ပြီလား။ ကျွန်မကို ပေးခဲ့တဲ့ ကတိတည်အောင် မလုပ်တော့ဘူးလား။ ရင်ထဲမှာ တစ်မျိုး ဆို့နစ်သွားခဲ့လေရဲ့။
တစ်နေ့ကျ သူကျွန်မဆီကို ဖုန်းဆက်လာခဲ့တယ်။ ပြီးတော့ သူက ပြောတယ်။ “နှင်းယွန်းသဒ္ဓါ ငါခွန်လွန်းလေ အခု ငါနင့်အိမ်ရှေ့ကို ရောက်နေပြီ” တဲ့။ ကျွန်မလဲ အဲ့သြခြင်းအပြည့်နဲ့ အိမ်ရှေ့ကို ထွက်ကြည့်တော့ ငယ်ရုပ်သိပ်မပျောက်သေးတဲ့ သူ့ကို တွေ့လိုက်ရတယ်။ အရပ်ကြီးက ရှည်လို့ပေါ့။ ကျွန်မက သူ့ရဲ့ ပုခုံးလောက်ပဲ ရှိတော့တယ်ထင်တယ်။
ကျွန်မက သူ့ကို စောင့်မျှော်နေခဲ့တဲ့ သူဆိုတော့ သူရောက်လာတဲ့အခါ အိမ်ရှေ့ကို အပြေးထွက်သွားပြီး သူ့ကို ဖက်ထားလိုက်မိတယ်။ တကယ့်ကို တင်းတင်းကြပ်ကြပ်ပဲ။ “လွမ်းနေတာ” လို့လဲ ရေရွတ်မိတယ်။ သူကလဲ ကျွန်မကို ပြန်ဖက်ထားတယ်။ “အရူးမလေး ချစ်ရဲ့သားနဲ့ ကိုယ့်ကို စောင့်မျှော်နေခဲ့ရဲ့သားနဲ့ ဘာလို့ မချစ်ဘူးလို့ ငြင်းခဲ့သေးလဲ” တဲ့။ ကျွန်မအနေနဲ့ သူ့ကို ဘာစကားမှ ပြန်မပြောနိုင်ခဲ့ဘူး။
အခုတော့ ကျွန်မရော သူပါ အသက်နှစ်ဆယ်ကျော်ခဲ့ပြီ။ အဲ့အချိန်ကစလို့ ကျွန်မ သူ့လက်ကို တွဲခဲ့တယ်။ သူဟာ ငယ်ငယ်ကတည်းက အခုချိန်ထိ ကတိမမည်တဲ့ ကတိစကားတွေကို တည်ဆဲပါပဲ။
>>>ပြီးပါပြီ<<<
ဒီ One Shot လေးကိုတော့ ခင်မင်ရတဲ့ ညီမလေးပြောပြတဲ့ သူနဲ့ သူ့ crush ဇာတ်လမ်းကို မှီပြီး ပုံဖော်ခဲ့တာပါ။ 2023 မှာ ရေးတဲ့ ကျွန်တော့်ရဲ့ ပထမဆုံး One Shot ပါပဲ။ အရင်ရေးခဲ့တာတွေထက် တိုတယ်ဆိုပေမဲ့ ရသတစ်ခု ခံစားမိရင် ကိုပဲ ကျွန်တော် ကျေနပ်လှပါပြီ။
ချစ်ခြင်းများစွာဖြင့်
သျှားမိုးဝသုန်