Stalk
(၁)
ကျွန်တော် သူ့ကို သတိထားမိနေတာ တော်တော်ကြာပြီ။ ဝန်ခံပြီး ပြောရရင်တော့ ကျွန်တော် သူ့ကို Stalk နေတာ။
အဲ့ကောင်လေးက အသားဖြူတယ်။ နီလာရောင် ရွှန်းလဲ့နေတယ်လို့ ထင်ရတဲ့ မျက်ဝန်းတစ်စုံရှိတယ်။ ကျွန်တော်ခံစားရတာတော့ သူ့မျက်ဝန်းတွေက ရေခဲတွေလို အေးတိအေးစက်ပဲ။ သူ့မျက်တောင်မွှေးတွေက နှင်းတွေလို ဖြူစွတ်နေတယ်။ အနက်ရောင်ဆေးဆိုးထားတဲ့ ဆံပင်အရှည်ရှိတယ်။
အဲ့ကောင်လေးက ငယ်ငယ်တုန်းက ပိန်သေးသေးလေးပဲ။ အခုတော့ gym ဆော့လို့ တောင့်တောင်းတင်းတင်း ကိုယ်ခန္ဓာရှိနေပြီ။ ကိုယ်ခန္ဓာ အချိုးအစားရော အရပ်ရော ကျွန်တော်နဲ့ အတူတူနီးပါး ဖြစ်နေပြီ။ ဂုဏ်ဆာပြီး ပြောရရင် ကျွန်တော်က တောင့်တောင့်ဖြောင့်ဖြောင့် အရပ်ရှည်ရှည်ယောကျာ်းတစ်ယောက်ပေါ့ဗျာ။
အဲကောင်လေးကို ကျွန်တော်ဘယ်ချိန်ကတည်းက Stalk လာတာလဲလို့ မေးရင် သူ ၁၀ နှစ် ၁၁ နှစ်ကတည်းကလို့ပြောရမယ်။ သူ သူ့ခွေးပေါက်စကို ကျောင်းနေချိန်မှာ ကျွန်တော် သူ့ကို စတွေ့ခဲ့တယ်။ အသားဖြူဖြူ၊ နီလာရောင်လဲ့နေတဲ့ နွေးထွေးနေတဲ့ သူ့မျက်ဝန်းတွေ၊ ပြုံးရောင်သန်းနေတဲ့ နှုတ်ခမ်းက ကျွန်တော့်ကို ဆွဲဆောင်တယ်။ ဖြူဖွေးဖွေး ဆံပင်ဂုတ်ဝဲနဲ့ မျက်တောင် ဖြူဖြူတွေကတော့ သူ့ရဲ့နွေးထွေးတဲ့ ပုံစံနဲ့ မလိုက်ဖက်လှဘူး။
စသတိထားမိနေချိန်ကစပြီး သူ့နောက် မနားတမ်းလိုက်နေတာ အခု သူ ၁၈ နှစ်ပြည့်ချိန်ထိပဲ။ ကျွန်တော်သတိထားမိသလောက် ပြောရရင် သူကအမြဲအေးတိအေးစက်နေတဲ့သူ၊ သူ့အကြည့်၊ သူ့အပြုံးက အမြဲလိုလို အေးစက်စက်ပဲ။ သူ့ရဲ့ နွေးထွေးတဲ့ပုံစံကို မြင်ရတဲ့အချိန်က တစ်ချိန်ပဲ ရှိတယ်။ အဲတာက သူခွေးနဲ့ အတူရှိနေချိန်။
သူက ချမ်းသာတဲ့အိမ်က သူဌေးသားလေး။ ကျွန်တော်ကတော့ သူ့ကို စတွေ့ချိန်က စပြီး သူ့အိမ်ဘေးမှာနေတယ်။ သူ့အိမ်က အမြဲပိတ်ထားတာမို့ သူအိမ်ထဲမှာ ရှိနေချိန်ဆို သူဘာလုပ်နေလဲ မသိရဘူး။ ကျွန်တော်ကလဲ သူ့ကိုသာ Stalk နေတယ်ပြောနေတာ။ သူ့အိမ်မှာ ဘာဖြစ်နေလဲဆိုတာကို ထောက်လှမ်းဖို့ စိတ်ကူး တစ်စက်မှမရှိဘူး။ ဘာလို့လဲဆို ရှင်းရှင်းလေးပဲ။ ကျွန်တော့်မှာလဲ ကျွန်တော့်အလုပ်ရှိတယ်။ ကျွန်တော်က မိသားစုပိုင် လုပ်ငန်းကို ဦးစီးနေရတဲ့သူတစ်ယောက်မို့ အမြဲလိုလို မအားနေဘူး။
(၂)
ကျွန်တော်ငယ်ငယ်ကတည်းကနေ အခုချိန်ထိ သတိထားမိတာတစ်ခုရှိတယ်။ ကျွန်တော့်နောက်ကို အသက်ကြီးကြီး အစ်ကိုတစ်ယောက်က လိုက်ကြည့်နေတယ်ဆိုတာပဲ။ ဒါပေမဲ့ သူ့ကို အမြဲလိုလို မတွေ့ရတတ်ဘူး။ အတိအကျပြောရရင် ကျွန်တော်အပြင်ထွက်ချိန်မှာပဲ သူ့ကိုတွေ့ရတယ်။ ကျွန်တော်အိမ်ထဲအောင်းနေရင် သူ့ကို မတွေ့ရတော့ဘူး။ အာ့ကြောင့် တစ်နေ့တစ်ခါတော့ အကြောင်းအမျိုးမျိုးလုပ်ပြီး အပြင်ထွက်လေရှိတယ်။
သူ ကျွန်တော့်နောက်လိုက်နေတာကို သတိထားမိကတည်းက ကျွန်တော့်လူတစ်ယောက်ကို သူ့အကြောင်း စုံစမ်းခိုင်းဖြစ်သေးတယ်။ သူ့အကြောင်းများများစားစားမသိရတာတော့ အမှန်ပဲ။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်သူ့အကြောင်း ကောင်းကောင်းသိချင်တယ်။ သူ့ရဲ့တစ်နေ့တာလုပ်ငန်းအစအဆုံး အလုံးစုံကိုပေါ့။
သူက တော်တော်ထူးဆန်းတဲ့လူတစ်ယောက်လို့ ခံစားမိတယ်။ ကျွန်တော့် အသက် ၁၁ နှစ်ကတည်းက သူကျွန်တော့်ကို စောင့်ကြည့်နေခဲ့တာ အခုထိ။ အဲတာကြောင့် သူကျွန်တော့်လှုပ်ရှားမှုတွေ တော်တော်များများသိထားလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်စိတ်မပူပါဘူး။ အဲတာက ကျွန်တော်သူ့ဆီက ရတဲ့ အငွေ့အသက်အရလို့ ပြောလို့ရတယ်။ ကျွန်တော်ကိုယ်ပိုင် ခံစားချက်အရ ပြောရရင် သူကျွန်တော့်ကို စိတ်ဝင်စားပြီး စောင့်ရှောက်ချင်နေတာ။
ကျွန်တော်ကတော့ သူ့ကို သဘောကျတယ်။ သူက ကျွန်တော့်ရဲ့ ideal boyfriend type မျိုး။ ချောမောတဲ့ရုပ်ရည်၊ စူးရှထက်မြက်တဲ့ မျက်ခုံး မျက်လုံးတွေ၊ အရပ်ရှည်ရှည်၊ တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လို့ ပြောလို့ရတယ်။ သူ့ဆိုင်ကို လာတဲ့လူတိုင်းက သူ့ကို ကြောင်ဖို့ လာတဲ့သူချည်းပဲဆိုတာကိုလဲ ကျွန်တော်သိတယ်။ သိဆို ကျွန်တော့်လူတစ်ယောက်ကို သူ့ဆိုင်ဝန်ထမ်းအနေနဲ့ ကျွန်တော်ထည့်ထားတာ။ ကျွန်တော့်ကို stalk နေတဲ့ လူတစ်ယောက် ရှိတာ တော်တော်တော့ ပျော်ဖို့အကောင်းသားပဲ။ ကျွန်တော့်ကို ဂရုစိုက်တဲ့လူတစ်ယောက်ရှိတယ်ဆိုတဲ့ ခံစားချက်မျိုး ရလို့လေ။
(၃)
ယနေ့ Joshua တစ်ယောက် သူစောင့်ကြည့်နေသော နီလာရောင်မျက်ဝန်းပိုင်ရှင် အပြင်ထွက်သွားသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူ့ဆိုင်ကို ယုံကြည်ရသောမန်နေဂျာနှင့် အပ်ထားခဲ့ကာ လိုက်သွားလိုက်၏။ သူ့စိတ်ထဲတွင် ထိုကောင်လေး၏ လှုပ်ရှားမှုများမှာ အတော်လေး ထူးဆန်းနေသည်။ မူမှန်နေခြင်းမရှိဆိုလျှင် ပိုမှန်ပါ၏။
သို့သော် သူကြားကြာတွေးနေဖို့ရာ အချိန်မရှိပါ။ ထိုကောင်လေး၏ လှုပ်ရှားမှုများမှာ မြန်ဆန်လွန်းလှသောကြောင့် အလျင်မီအောင် လိုက်နေရသည်။ စိတ်ထဲတွင်တော့ သိပ်နေလို့မကောင်းလှ။ တစ်ခုခု ဖြစ်တော့မည်ဟု ခံစားနေရ၏။
သူခံစားမိသည်အတိုင်းပင် ထိုကောင်လေးသည် မီးစိမ်းနေသော ကားလမ်းပေါ်သို့ ပြေးဟန်ပြင်၏။ ထို့နောက် သူထိုကောင်လေး၏ ရွှင်မြူးနေသော အသံကို ကြားလိုက်ရကာ ကြက်သေသေသွားတော့သည်။
ထိုကောင်လေးက “Joshua” ဟူသော သူ၏နာမည်ကို ခေါ်လိုက်ကာ အရှိန်နှင့်မောင်းလာသော ကားရှေ့တွင်ရပ်နေပေ၏။
Joshua မှာ ကောင်းကောင်းအံ့ဩချိန်ပင် မရလိုက်ဘဲ ထိုကောင်လေးကို ကယ်ရန် အမြန်ပြေးရတော့သည်။ သူစိတ်ထဲတွင် သူအမြဲစောင့်ကြည့်နေသော ထိုကောင်လေး ပျောက်ကွယ်သွားမည်ကို လွန်စွာစိုးရိမ်မိ၏။ စိတ်ထက် လူကပိုမြန်ပါသည်။ ထိုကောင်လေးကို လျင်မြန်စွာ ကယ်တင်လိုက်နိုင်၏။
သို့ရာတွင် အရှိန်ကြောင့် သူတို့နှစ်ဦးစလုံးဖက်လျက်သားနှင့် တစ်ဖက် လူသွားလမ်းဆီသို့ လိမ့်ကျသွားတော့သည်။ Joshua ကောင်လေးအား စိုးရိမ်စွာဖြင့် ကြည့်လိုက်သော် ရွှင်မြူးနေသော နီလာရောင်မျက်ဝန်းပိုင်ရှင်ကိုသာ မြင်တွေ့လိုက်ရ၏။
အံ့ဩခြင်းတစ်ဝက် စိတ်တိုခြင်းပေါင်းများစွာဖြင့် ထိုကောင်လေးကို ထဆူမည်ဟု ကြံလိုက်ချိန်မှာပင် ထိုကောင်လေးက သူ့ကို ဖက်ထားလိုက်တော့၏။ ဖက်ထားလိုက်သည်မှာလဲ တင်းတင်းကြပ်ကြပ်။ Joshua တစ်ယောက် စိတ်တိုနိုင်ခြင်းပင်မရှိတော့။ စိတ်ထဲထွင် ထူးဆန်းမှု၊ အံ့ဩမှုလှိုင်းတို့ သည်သာ ရိုက်ခက်နေသောကြောင့် ဖြစ်၏။
(၄)
နီလာရောင်မျက်ဝန်းပိုင်ရှင် Johnathan ။ ထိုကောင်လေးသည် Joshua နှင့် နီးစပ်နိုင်ဖို့ရာ တမင်ကားရှေ့ရပ်လိုက်ခြင်း။ သူသေရမည်ကို ကြောက်လန့်နေခြင်းမရှိပါ။ ထို့အတူ သူ့စိတ်ထဲတွင် Joshua သူ့ကို ကယ်မည်ဟု တစ်ထစ်ချယုံကြည်နေသည်။ ထို့အတူ သူယုံကြည်သည့်အတိုင်းလည်း ဖြစ်လာခဲ့၏။
Johnathan တစ်ယောက် Joshua ၏ နားနား ကပ်ကာ တိုးတိတ်စွာဖြင့် တစ်ခု ဝန်ခံလိုက်၏။ ထိုအရာမှာ “အစ်ကို Joshua ကို ချစ်တယ်” ဟု။
Joshua ၏ တုံ့ပြန်ချက်မှာ အံ့ဩနေသော အမူအရာသာ။ အခြားမည်သည်ကိုမျှ မခံစားရ။ သူ့အတွက် အဖြစ်အပျက်များမှာ မြန်ဆန်လွန်းလှ၏။ Johnathan က ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ရာ ကြိုးစားခြင်း၊ သူအနားရှိနေသည်ကို သိနေသည့်ပုံဖြင့် သူ့နာမည်ကို အော်ခေါ်လိုက်ခြင်း၊ ကောင်လေး၏ ရွှင်မြူးနေသောအမူအရာအပြင် အဆစ်အနေဖြင့်
အဖက်ခံထားရင်း ဖွင့်ပြောခံလိုက်ရသည်။
သူမည်သို့တုံ့ပြန်ရမည်လဲ မသိတော့။ စိတ်ထဲတွင် ရှက်စိတ်များမွှန်ထူလာသဖြင့် ကောင်လေးကို ထားကာ ထွက်ပြေးလာတော့၏။ ကောင်ငယ်လေး မည်သို့ကျန်ခဲ့မည်လဲ သူမသိတော့ စိတ်လဲမဝင်စားနိုင်တော့။
ထိုအချိန်မှစ၍ Johnathan နှင့် Joshua တို့၏ အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားသည်ဟု ဆိုနိုင်၏။ ပြောင်းပြန်ဖြစ်သည်ဟုလဲ တစ်ထစ်ချပြော၍ မရ။ အကြောင်းမှာ Johnathan တစ်ယောက် Joshua အနား တစ်ဝဲဝဲ တစ်လည်လည်ရှိနေကာ Joshua ကို ပိုးပန်းနေခြင်းကြောင့်တည်း။
(၅)
တစ်ပတ်၊ နှစ်ပတ်၊ တစ်လ၊ နှစ်လ စသဖြင့် အချိန်များကုန်ဆုံးသွားရင်းနှင့် တစ်နှစ်ဆိုသော အချိန်တစ်ခု ရောက်ရှိလာခဲ့ပေသည်။ Joshua မှာ သူ့ကို ဇွဲကောင်းကောင်းနှင့် လိုက်နေသော Johnathan ကို မည်သို့ကိုင်တွယ်ရမည်မှန်းမသိပါ။ သူ့စိတ်ထဲတွင် ကောင်းကောင်းသိနေသည်မှာ ထိုကောင်လေးသည် သူစ stalk နေသည့်အချိန်ကတည်းကပင် stalk ခံနေရသည်မှန်း သိရှိပြီး ဖြစ်ကာ မသိချင်ယောက်ဆောင်နေခြင်းဖြစ်၏။ ထို့အတူ အသက် (၁၈) နှစ် တစ်နည်းဆိုလျှင် အင်အားတစ်ခုတည်ဆောက်ပြီးသော အချိန်၌ သူ့ကို ခေါ်ထုတ်ကာ အပိုင်သိမ်းရန် ကြံစည်ထားခြင်းပင် ဖြစ်သည်။
Joshua တစ်ယောက် Johnathan ၏ ကျော့ကွင်းထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခြင်း ဖြစ်သည်။ သူ့စိတ်ထဲတွင် ထိုကောင်လေးကို သံယောဇဉ်တွယ်မိသည်မှာ မှန်၏။ ချစ်သူအနေဖြင့် တစ်နည်းအားဖြင့် ဘဝလက်တွဲဖော်အနေဖြင့်မူ စိတ်ကူးပင် မယဉ်ဖူး။ သို့ရာတွင် ကောင်ကလေးသည် တစ်နှစ်လုံးလုံး တစ်ရက်တွင်မှ မပျက်မကွက် လာရောက်ပိုးပန်း၏။ ယနေ့တွင်မူ သူ့အား ဤသို့ပြောသွား၏။
“Joshua ကို လိုက်တာ ဒီမျှပါပဲ နှုတ်ဆက်ပါတယ်” ဟု။
ထို့ကြောင့် Joshua တစ်ယောက် Johnathan အကြောင်း အတွေးနယ်ကျွံနေခြင်း ဖြစ်သည်။ ထိုကောင်လေး၏ ဤအပြောတွင် အဓိပ္ပာယ်တစ်ခု ရှိနေသည်မှန်း အလိုလိုသိနေခြင်းကြောင့်ပင်။ ထို့ကြောင့် နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခုချကာ မနေနိုင်စွာဖြင့် သူ့ဘေးအိမ်သို့ ဆိုက်မြိုက်စွာ ရောက်ရှိသွားတော့၏။
(၆)
Joshua ဘေးအိမ်သို့ ရောက်သွားသော အခါ၌ အထုပ်အပိုးပြင်နေသော Johnathan ကို တွေ့လိုက်ရ၏။ ထို့အတူ Johnathan သည်လည်း Joshua ရောက်လာသည်ကို အံ့ဩသွားကာ ပြုံးမိလိုက်သည်ပင်။ နောက်တွင် ပီပြင်ရှင်းလင်းသော Joshua အသံကို ကြားလိုက်ရ၏။
“မင်း တကယ်ထွက်သွားဖို့ လုပ်နေတာလား”
“ဟုတ်တယ်”
ထိုအသံမှာ Joshua ၏ နားစည်ထဲသို့ ကျယ်လောင်စွာ ရိုက်ခတ်သွား၏။ စိတ်ထဲတွင်လည်း မချင့်မခံသာဖြစ်လာကာ ဆူပွက်လာသည်ပင်။ ဤသို့ဖြင့် သတိလက်လွတ်ဖြစ်စွာဖြင့် ဤသို့ အော်မိလိုက်တော့၏။
“ငါမင်းကို ထွက်သွားဖို့ ခွင့်ပြုလို့လား!!!!!” ဟူ၍။
သတိလက်လွတ်အော်လိုက်မိပြီးသည့်နောက်တွင် Johnathan ၏ ရယ်သံကို ကြားလိုက်ရ၏။ နောက်တွင် ကြည်လင်သောအသံဖြင့် “Joshua က ခွင့်မပြုချင်ဘူးလား။ ဒါပေမဲ့ Joshua ခွင့်ပြုချက်ကို ကျွန်တော် တောင်းစရာမလိုဘူးဆိုတာတော့ သေချာတယ်။”
“မင်းရဲ့ လက်တွဲဖော်အနေနဲ့ ငါမင်းကို ခွင့်မပြုနိုင်ဘူး”
၎င်းမှာ Johnathan ၏ စကားမဆုံးသေးခင်တွင် ထွက်ပေါ်လားသော Joshua ၏ စကားသံ။
ဤအချိန်တွင် အံ့ဩရသူက Johnathan။ Joshua တစ်ယောက်ဤသို့ တည့်တိုးဖွင့်ပြောလာမည်ဟု မထင်မိပါပေ။ သို့သော် အချိန်ကြာကြာ မအံ့ဩနိုင်။ တိကျပြတ်သားစွာဖြင့် စကားတစ်ခွန်းကိုသာ ဆိုလိုက်ပါ၏။
“ကျွန်တော့်ရဲ့ လက်တွဲဖော် Joshua, ကျွန်တော်နဲ့ အတူ Australia ကိုလိုက်ခဲ့ပါ” ဟူ၍။
ဤဇာတ်လမ်း သည်မှာတင် အဆုံးသတ်လေသတည်း။
3rd May 2024
Author Note
မနှစ်ကတည်းက ရေးမယ်လို့ တွေးထားတဲ့ ဇာတ်လမ်းကို အခုမှပဲ အပြီးသတ်နိုင်ခဲ့တယ်ကွယ်။ 2024 ရဲ့ ပထမဆုံး One shot ပေါ့ဗျာ။
ချစ်ခြင်းများစွာဖြင့်
သျှားမိုးဝသုန်