အပိုင်း (၀၁)
Ayeyar Business University သည် အစိုးရအသိအမှတ်ပြု ပုဂ္ဂလိကပိုင် တက္ကသိုလ်တစ်ခုဖြစ်သည်။ ပုဂ္ဂလိကပိုင် တက္ကသိုလ်ဖြစ်သော်လည်း လူကုံထံတို့တက်ရောက်သော တက္ကသိုလ်မဟုတ်။ လူလတ်တန်းစားအများစုတက်ရောက်သော တက္ကသိုလ်တစ်ခုပါပေ။
ထိုတက္ကသိုလ်ရှိ ကျောင်းသား ကျောင်းသူတို့မှာ ဘွဲ့ရပြီး သတ်မှတ်သောအရည်အချင်းနှင့် ကိုက်ညီပါလျှင် master ဆက်တက်ခွင့်ရှိ၏။ Master တန်း တက်ခွင့်ရသူများအနေဖြင့် ထိုကျောင်းတွင်သာ Master ဆက်ယူမည်လား၊ နိုင်ငံခြားတွင် Master တန်းဆက်တက်မည်လားလည်း ရွေးချယ်ခွင့်ရှိပါ၏။ ဤတက္ကသိုလ်သည် Scholarship အခွင့်အလမ်းပေါများကာ Scholarship မရပါလျှင်လည်း student loan ယူနိုင်သော တက္ကသိုလ်တစ်ခုပါပေ။
ဤတက္ကသိုလ်ရှိ ကျောင်းသား ကျောင်းသူတို့အနေဖြင့် ရွေးချယ်နိုင်သော မေဂျာလေးခုရှိပါ၏။ Commerce, Business Management, Economics နှင့် Statistics တို့ဖြစ်သည်။
ယနေ့သည် Ayar Business University ၏ ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်၏။ ပထမဆုံးကျောင်းဖွင့်ရက်သည် ကြာသပတေးနေ့ဖြစ်သည့် အားလျော်စွာ ကျောင်း၏ Main လမ်းမဖြစ်သော သဇင်လမ်းတွင် ပထမနှစ် နှင့် ဒုတိယနှစ်ကျောင်းသားကျောင်းသူတို့နှင့်သာ စည်ကားနေလျက်ရှိသည်။ အကြောင်းပြချက်များသည်တော့ မတူပါ။ ပထမနှစ်ကျောင်းသားကျောင်းသူတို့မှာ ပထမဆုံးအနေဖြင့် တက္ကသိုလ်မြေကို အခြေချသည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားကာ တက်ကြွနေကြခြင်းဖြစ်၏။ ဒုတိယနှစ် ကျောင်းသားကျောင်းသူတို့မှာမူ ယနေ့သည် မေဂျာခွဲမည့်နေ့ ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေကြခြင်းဖြစ်ပေသည်။
ပထမနှစ် နောက်ဆုံးစာမေးပွဲမတိုင်မီ တစ်ပတ်အလိုတွင်မှ သူတို့သည် နှစ်သက်ရာမေဂျာတို့ကို ပထမဦးစားပေးမှ စတုတ္ထဦးစားပေးအထိစဉ်ကာ လျှောက်ရ၏။ မေဂျာတို့ကို ပထမနှစ် ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်တို့တွင် ရသော အမှတ်များနှင့် ခွဲမည်ဖြစ်ကာ သက်ဆိုင်ရာမေဂျာကို ရလိုသူများအနေဖြင့် သက်ဆိုင်ရာဘာသာလေးမျိုးရှိ ကိုယ်လိုချင်သော မေဂျာ၌ အမှတ် အနည်းဆုံး ၇၀ ရမှသာ ထိုမေဂျာသို့ တက်ရောက်ဖို့ရာ ထည့်သွင်းစဉ်းစားမည်ဖြစ်၏။ သို့သော် မေဂျာလေးခုတို့၏ ကျောင်းသားဦးရေမှာ ယေဘုယျအားဖြင့် အတူတူပင်ဖြစ်သောကြောင့် အမှတ်များလေလေ ကိုယ်လိုချင်သော မေဂျာရရန် သေချာလေလေဖြစ်၏။
မိမိတို့ မည်သည်မေဂျာရမည်ကို စိုးရိမ်နေသော ဒုတိယနှစ် ကျောင်းသူ ကျောင်းသားထဲတွင် သျှင်မိုးနွယ်တို့ သူငယ်ချင်းတစ်သိုက်လဲ ပါဝင်ပေသည်။ ထိုသူငယ်ချင်းအုပ်စုသည် တက္ကသိုလ်တွင်မှ တွေ့ကြသော အုပ်စုပင် ဖြစ်လင့်ကစား ယခုအချိန်တွင် ငယ်ပေါင်းကြီးဖော်များကဲ့သို့ အလွန်ရင်းနှီးနေကြပြီဖြစ်ပါ၏။
သူတို့လေးယောက်စလုံး ဗုဒ္ဓဟူးနေ့တွင် ကျောင်းအိပ်ဆောင်သို့ရောက်၏။ ပထမဆုံးရောက်သည့် အုပ်စုဖြစ်၍ နှစ်သက်ရာ အခန်းရွေးချယ်နိုင်သည်ဖြစ်ရာ ဒုတိယထပ်လှေကားဘက်ခြမ်း၏ ဒုတိယမြောက်အခန်းကို ရွေးချယ်လိုက်ပေသည်။ ထိုရွေးချယ်မှုသည် သျှင်မိုးနွယ်အတွက် အလှည့်အပြောင်းတစ်ခုဖြစ်နိုင်သည်ကိုကား သူတို့ မသိခဲ့ပါပေ။
နောက်တစ်နေ့မနက် ၇ နာရီခွဲအချိန်၌ သျှင်မိုးနွယ်တစ်ယောက် စောစီးစွာနိုးနေပေရာ ချစ်လှစွာသော သူငယ်ချင်းတို့အား အသံကျယ်ကျယ်ဖြင့် နှိုးလိုက်လေတော့သည်။
“ကြည်ပြာ ပွင့်ဖူး အေးချမ်းတို့ရေ မနက်နိုးထလို့ ရပြီဟေ့!”
ထိုသို့ ဆော်ဩလိုက်သော အချိန်တွင် သူငယ်ချင်းသုံးဦး၏မျက်စောင်းလှလှလေးတို့ကို ရရှိလိုက်ပေ၏။ သူတို့သုံးဦး၏ မျက်နှာတို့မှာ ဆူပုတ်ပုတ်။ အသွက်ဆုံးဖြစ်သော ကြည်ပြာက “အမလေး သျှင်မိုးနွယ်တို့ တက်ကြွနေလိုက်တာများ”
သျှင်မိုးနွယ်သည်လည်း မျက်စောင်းကလေးဖြင့် ခပ်ဆူဆူပြန်ပြောပါ၏။
“လူကျပ်မှာစိုးလို့ စောစောနှိုးပေးတာကို နင်တို့နော်”
“အေးပါဟယ် ကျေးဇူးရှင်မကြီးရဲ့!”
ထိုစကားမှာ ကျန်သုံးဦးမှ တစ်ပြိုင်တည်းထွက်သော ဆူအောင့်အောင့်စကားပင်။
သို့နှင့် လေးယောက်သား အသော့နှင့်စွာ ပြင်ဆင်ပြီးသောအခါ၌ ကျောင်းသို့ ရောက်လာတော့၏။ ကျောင်းအပေါက်ဝ၌ရှိနေစဉ်တွင် ပွင့်ဖူးသစ်က အတွေးခပ်စစနှင့် ဆို၏။
“ငါတို့ သဇင်လမ်းပေါ်မလျှောက်တာ နှစ်လတောင် ရှိပြီနော်”
အဆွေးဓာတ်ခံ အေးချမ်းမေက ခပ်ဆွေးဆွေး အသံဖြင့် “ဟုတ်ပကွယ်” ဟုဆို၏။
ကျွန်တော်တို့၏ အသွက်လေး ခင်ကြည်ပြာကမူ ဝင်ကြရအောင်ဟု ဆော်ဩလိုက်ကာ ကျောင်း၏ Notice board ကပ်ထားသော နေရာသို့ ခပ်သော့သော့လေး ပြေးသွားပေ၏။
သို့နှင့် ကျန်သုံးယောက်မှာလည်း ခင်ကြည်ပြာနောက်အပြေးလိုက်ရတော့သည်။
Notice Board နေရာ၌ လူများပြည့်ကျပ်လျက်ရှိ၏။ မိမိတို့လိုချင်သော မေဂျာရ၍ပျော်သူများရှိသကဲ့သို့ နှစ်သက်သောမမေဂျာမရ၍ ဝမ်းနည်းနေသူများလည်း ရှိပေသည်။ သျှင်မိုးနွယ်တို့
လေးယောက်သည်လည်း ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် Commerce မေဂျာအောက်၌ မိမိတို့နာမည်ကို အသည်းအသန်ရှာဖွေနေကြသည်။ သူတို့လေးဦးစလုံး commerce မေဂျာကို စိတ်ဝင်စားသည်နှင့် မတိုင်ပင်ပါဘဲ ထိုမေဂျာကိုသာ လျှောက်ဖြစ်ကြ၏။ မကြာပါ မိဆွေးဆွေး အေးချမ်းမေမှ အသံထွက်လာ၏။ “Commerce မေဂျာ ခုံနံပါတ် ၉၁ ခင်ကြည်ပြာ ၉၃ သျှင်မိုးနွယ် ၉၅ အေးချမ်းမေ ၉၈ ပွင့်ဖူးသစ်”
သူတို့လေးဦးစလုံးမေဂျာတူကျ၍ အလိုလိုပြုံးမိကြပေသည်။ နောက်ဆုံးလေးမှ ကပ်ဝင်သွားသည် ဖြစ်သော်လည်း လိုချင်သော မေဂျာရလိုက်ပြီ ဖြစ်ပါ၏။
နောက် သူတို့စာသင်ရမည့်အခန်းကို ကြည့်သောအခါ ကျောင်း၏ အဓိကအဆောင်ဖြစ်သော သဇင်ဆောင် ဖြစ်ပေသည်။ သုံးထပ်ဆောင်၏ အပေါ်ဆုံးထပ်ဖြစ်သော သုံးထပ်မြောက်တွင် ကျသည်ဖြစ်သောကြောင့် လေးယောက်စလုံးနှာရှုံ့မိကြ၏။ စိတ်ထဲတွင်လည်း ‘ငါတို့တော့ နေ့တိုင်းခြေတိုပြီ’ ဟူ၍ တွေးနေမိကြသည်ပင်။
Notice Board နားတွင် လူများအုံကျပ်နေသလောက် စာသင်ခန်းထဲတွင်တော့ လူအလွန်နည်းပေသည်။ အလွန်ဆုံး သူတို့အပါအဝင် ဆယ်ယောက်လောက်သာရှိ၏။ သျှင်မိုးနွယ်တို့အုပ်စုသည်လည်း ထိုင်နေကျအတိုင်း နောက်ဆုံးတန်း၏ ရှေ့နှစ်ခုံ ပြတင်းပေါက်ဘက်ခြမ်းတွင် ထိုင်နေပေသည်။ ခပ်ဆွေးဆွေး အေးချမ်းမေသည် ပြတင်းပေါက်ဘက်တွင် ထိုင်သည်ဖြစ်၍ သျှင်မိုးနွယ်သည်တော့ အပြင်ထွက်ရန် အလွယ်ကူဆုံးနေရာတွင် ထိုင်၏။
သူတို့အခန်းထဲရောက်၍ မကြာလှသောအချိန်တွင် အခန်းထဲသို့ ဆရာမအငယ်လေးတစ်ဦး ရောက်ရှိလာခဲ့ပေသည်။ ထိုဆရာမလေးသည် အရပ်ရှည်ရှည်နှင့် တည်ကြည်သောမျက်နှာပိုင်ရှင် အမျိုးသမီးဖြစ်၏။ သူ၏ ဆံကေသာထက်တွင်မူ နှင်းဆီဖြူတစ်ပွင့်က လှပစွာနေရာယူထားပေသည်။
သျှင်မိုးနွယ်သည် ထိုဆရာမလေးအား မျက်တောင်မခတ်နိုင်စွာ စိုက်ကြည့်နေမိ၏။ ဘေးရှိကြည်ပြာမှ လက်ကုပ်လိုက်သောကြောင့် ကြောင်အမ်းအမ်းနှင့် ထကာ ဆရာမကို နှုတ်ဆက်လိုက်ပေ၏။
ဆရာမလေးသည် ခေါင်းငြိမ့်ပြကာ ထိုင်ကြရန် အမူအရာပြလေ၏။ ထို့နောက်ဆရာမ၏အေးချမ်းတည်ငြိမ်သောအသံကို သျှင်မိုးနွယ်တစ်ယောက် ကြားလိုက်ရပေသည်။
“မင်္ဂလာပါကွယ်။ ဆရာမက သမီးတို့ကို Accounting သင်မဲ့ ဆရာမပါ။ ဒီနေ့တော့ လူနည်းနေတုန်းမို့ Accounting ဆိုတာ ဘာလဲဆိုတဲ့သဘောလေးကိုပဲ အကြမ်းဖျင်းရှင်းပြပြီး ဆင်းပေးလိုက်ပါမယ်။”
ဆရာမ၏ အသံကို ကြားလိုက်ရသည့် တစ်ခဏ၌ သျှင်မိုးနွယ်တစ်ယောက် ဆရာမထံမှ အကြည့်လွှဲနိုင်ခြင်းမရှိတော့ပါပေ။ စာကိုများစွာ စိတ်ဝင်စားခြင်းမရှိသော သျှင်မိုးနွယ်သည်တော့ ဆရာမလေး၏ Accounting အချိန်ကို သေချာလိုက်သင်ဖြစ်တော့မည် ထင်ပါသည်။ အနားရှိသူငယ်ချင်းသုံးဦးသည်တော့ သျှင်မိုးနွယ်၏ အမူအရာကို ကြည့်ကာ အပြန်အလှန်မေးဆတ်ပြမိလိုက်ကြပြီဖြစ်သည်။