အပိုင်း (၀၂)
ဆရာမလေးက Accounting ဆိုတာ ဘာလဲ ဆိုသည်ကို အရင်ရှင်းပြ၏။ နောက်တွင် သင်ကြားရမည့်အခြားဘာသာရပ်များအကြောင်းကိုလည်း အကြမ်းဖျဉ်းပြောပြနေသည်ပင်။ သျှင်မိုးနွယ်သည်တော့ ဆရာမလေး ရှင်းပြသမျှကို သေချာနားထောင်နေကာ စိတ်ထဲ၌ သေချာမှတ်သားနေပေ၏။ အကြည့်များသည်တော့ ဆရာမဆီမှ ဖယ်ကွာခြင်း မရှိပါပေ။
ဆရာမလေးမှ သူ့ဘက်သို့ ကြည့်လာသောအခါတွင် သျှင်မိုးနွယ်တစ်ယောက်လန့်သွားကာ မျက်လုံးချင်းမဆုံလိုက်နိုင်ပေ။ အကြည့်အမြန်လွှဲသွားကာ ဆရာမပြောနေသည်များကို ရေးမှတ်နေယောင်ဆောင်နေမိ၏။
ဆရာမလေးသည် ဘာသာရပ်များနှင့်ပတ်သတ်၍ အကြမ်းဖျဉ်းပြောပြပြီးစဉ်တွင် နာရီကို တစ်ချက်ကြည့်လိုက်၏။ သူ့စာသင်ချိန်မကုန်သေးသော်လည်း ကျောင်းသား ကျောင်းသူတို့အား အနားပေးကာ ထွက်လာခဲ့လိုက်သည်။ သျှင်မိုးနွယ်၏ မျက်ဝန်းများသည်တော့ ဆရာမလေးဆီမှ တစ်ဖဝါးမှ မခွာနိုင် ကြည့်နေမြဲ ကြည့်နေသည်သာ။
သူဆရာမလေးအား အချိန်ကြာကြာ မငေးလိုက်ရပါ။ ကြည်ပြာ၏ လက်သံပြောင်ပြောင်ကြောင့် သူအသိဝင်လာရ၏။ အနားရှိသူငယ်ချင်းသုံးဦးစလုံးမှာ သူ့ကို စူးစမ်းသည့်ပုံစံနှင့် ကြည့်နေကြပေသည်။ မကြာသောအချိန်တွင် ပွင့်ဖူးသစ်က စကားစ၏။
“အမလေးလေး။ သျှင်မိုးနွယ်တို့ ဆရာမကို ငေးနေတာများမျက်လုံးကျွတ်မတတ်ပဲ။”
ခင်ကြည်ပြာက မျက်စောင်းတစ်ချက်ထိုးကာဖြင့် ပွင့်ဖူး၏စကားကို ထောက်ခံကာ ခနဲ့ပြန်သည်။ “ဟုတ်ပဟယ်။ ဆရာမတွေနဲ့ ဝေးဝေးနေကောင်းတယ်ဆိုတဲ့ အစ်မ အခုတော့ဆရာမကို ငေးနေလိုက်တာများ။”
အေးချမ်းမေသည်တော့ သျှင်မိုးနွယ်ကို ဘာမှမပြောပါ။ သက်ပြင်းကိုသာ အသာချမိ၏။
ထိုအခါ ပြုံးစစဖြင့် စကားပြောလာသူက သျှင်မိုးနွယ်။ “ဘယ်လိုဖြစ်သွားတာလဲ မသိပါဘူး။ ဒါနဲ့ ငါတို့အတန်းလစ်ပြီး ကန်တင်းသွားထိုင်ကြတော့မလား။”
အတန်းလစ်ကြမယ်ဟူသောစကားအရောက်တွင် သျှင်မိုးနွယ်၏အသံမှာ ပို၍ တက်ကြွလာသယောင်။
သူငယ်ချင်းသုံးယောက်တို့သည်မှာကား ခေါင်းသာအသာခါမိတော့သည်။ မခင်ကြည်ပြာကတော့ ပထမဆုံးတစ်ပတ်ကို အပြည့်တက်လိုက်ပါဟုဆို၏။ ကျန်နှစ်ယောက်သည်လည်း ထိုစကားကို ထောက်ခံလျက်သား။ သျှင်မိုးနွယ်တစ်ယောက်မှာတော့ အောင့်သက်သက်နှင့် ကျန်နေခဲ့ရ၏။
နောက်တစ်ချိန်တွင်တော့ ဆရာဝင်ပါသည်။ အင်္ဂလိပ်စာအချိန်ဖြစ်၏။ ပထမဆုံးနေ့ဖြစ်သည့်အားလျော်စွာ ဆရာသည်လည်း စာသိပ်မသင်ပါ။ ကျောင်းသားများနှင့် ရင်းနှီးဖို့ရန်သာ အာရုံစိုက်ပါ၏။ မကြာသောအချိန်တွင် နောက်တစ်ချိန်မဝင်ဘူးဟုဆိုလိုက်ကာ အတန်းဆင်းပေးလိုက်ပါ၏။
သို့နှင့် သူငယ်ချင်းလေးဦးတို့ ကန်တင်းထိုင်ကာ နေ့လည်စာစားပြီးနောက် အဆောင်သို့ပြန်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
ကန်တင်းတွင် ထိုင်နေကြစဉ် သူတို့လေးဦးစလုံး ဘာစကားမှ မပြောမိကြပါ။ သူငယ်ချင်းသုံးယောက်သည်တော့ သျှင်မိုးနွယ်၏ ပြောင်းလဲမှုကိုသာ ကြည့်နေပေ၏။ သျှင်မိုးနွယ်တစ်ယောက် ဘာတွေတွေးနေသည်မှန်းမသိ တစ်ယောက်တည်း တစ်ပြုံးပြုံးဖြစ်နေပေ၏။
သို့နှင့် တိတ်ဆိတ်မှုကို မနေနိုင်သော ခင်ကြည်ပြာက စကားစလိုက်၏။ “ဟဲ့ သျှင်မိုးနွယ် နင်ဘာတွေတွေးနေတာတုန်း”
“အမလေး ဆရာမလေးက လှလိုက်တာ”
ဤသည်မှာ သျှင်မိုးနွယ် လန့်ဖြတ်ကာဖြင့် ထွက်ပေါ်လာသော စကားပင်။
ခင်ကြည်ပြာက အမြင်ကတ်စွာဖြင့် “နင့်ဆရာမလေးအကြောင်းကိုပဲ။ အဲမှာတွေးနေလိုက်။ ဒီမှာ စားလို့ရပြီ။”
ပွင့်ဖူးသစ်နှင့် အေးချမ်းမေသည်တော့ အချင်းချင်းကြည့်ကာ ခေါင်းခါမိကြ၏။ နှစ်ဦးစလုံး၏အတွေးထဲတွင် သျှင်မိုးနွယ်တစ်ယောက်ကိုတော့ မနိုင်ပါ ဟုသာ တွေးနေမိသည်ဖြစ်သည်။
ယနေ့ဤထမင်းဝိုင်းသည် ပုံမှန်နှင့်မတူပါ။ ပုံမှန်စကားများနေကျ ခင်ကြည်ပြာတစ်ယောက်မှာ စားနေရင်းဖြင့် ခေါင်းတစ်ခါခါသာလုပ်နေမိ၏။ ကျန်နှစ်ယောက်တို့သည်လည်း သူ့ကိုမနိုင်တော့ပါဟူသော အမူအရာဖြင့်။ အကြောင်းမှာ သျှင်မိုးနွယ်တစ်ယောက် ယနေ့မနက်တွင်မှ တွေ့သော ဆရာမလေးကို ချီးကျူးခန်းဖွင့်နေသောကြောင့်ပင်တည်း။
စားပြီးသည့်အချိန်အထိ ပြောမဆုံးနိုင်ဖြစ်နေသော သျှင်မိုးနွယ်ကို ပွင့်ဖူးသစ်က အမြင်ကတ်စွာဖြင့်
“တော်ပါတော့ ဒေါ်သျှင်မိုးနွယ်ရယ်။ နင်ဟာလေ ဆရာမလေးနဲ့ ပထမဆုံးတွေ့တောတောင် ဒီလောက်ဖြစ်နေတာ။ ရင်းနှီးသွားရင်တော့ ဘယ်လိုနေမှန်းကို မသိဘူး။”
နောက် ခင်ကြည်ပြာက ထောက်ခံသည့်သဘောနှင့် ဤသို့ဆို၏။
“ဟုတ်ပဟယ်။ အခုထိ နာမည်တောင် မသိရသေးတဲ့ကိစ္စကို နင်ဟာလေ။ ငါတော့ မိသျှင်မိုးနွယ်နဲ့ ဆရာမ မရင်းနှီးပါစေနဲ့လို့ပဲ ဆုတောင်းတယ်။”
ထိုဆုတောင်းသည်ကား မပြည့်နိုင်သော ဆုတောင်းသာ ဖြစ်သည်ကိုတော့ ခင်ကြည်ပြာတစ်ယောက် မသိလိုက်ပါပေ။
အေးချမ်းမေသည်တော့ နောင်ဖြစ်လာမည့်အရေးကိုတွေးကာ စိတ်မအေးနိုင်ပါ။ ဤသည်မှာ အချစ်ရဲ့အစဟု သူသိနေသောကြောင့်ဖြစ်ပါ၏။
သျှင်မိုးနွယ်ကတော့ ထိုနှစ်ယောက်ကို မျက်စောင်းထိုးလိုက်ကာ ပြန်မယ်ဟူသော သဘောဖြင့် ထထွက်သွားတော့သည်။ ကျန်သုံးယောက်သည်တော့ သူ့နောက်မှ အပြေးလိုက်လာရတော့၏။
အဆောင်သို့ရောက်သောအခါတွင် အဆောင်အဝင်ဝ၌ အထုပ်အပိုးအချို့ကို မြင်တွေ့လိုက်ရ၏။ အထုတ်အပိုးတို့ကို မြင်တွေ့ပြီး မကြာပါ။ သနပ်ခါးပန်းကို နားတွင် ပန်ထားသော ဆရာမလေးကို မြင်လိုက်ရ၏။
ဆရာမလေးကို မြင်လိုက်သည်နှင့် အသွက်လေးခင်ကြည်ပြာက ဆရာမကို လောကွက်စကားပြု၏။
“ဆရာမက ဒီနေ့မှ အဆောင်ကို ရောက်တာလား”
ဆရာမလေးက အပြုံးဖြင့် ခင်ကြည်ပြာကို စကားပြန်ပါသည်။
“မဟုတ်ပါဘူးကွယ်။ ဆရာမက အရင်က ဆရာမသီးသန့်အဆောင်မှာနေတာရှင့်။ ဒီနေ့မှ ဒီအဆောင်မှာ Hall Tutor အနေနဲ့တာဝန်ကျလာလို့ အဆောင်ပြန်ပြောင်းရတာ။”
ခင်ကြည်ပြာက “ဪ ဟုတ်ကဲ့” ဟုဆိုကာ ခေါင်းညိမ့်လိုက်၏။ ဆရာမကို ကူသယ်ပေးရမလားဟု ပြောရန်ပြင်နေစဉ်တွင်ပင် သျှင်မိုးနွယ်က ဝင်၍
“ဆရာမက အခန်းက ဘယ်မှာလဲဟင်။ သမီးကူသယ်ပေးပါ့မယ်။”
ကျန်သုံးယောက်သည်လည်း မနေနိုင်စွာဖြင့် ဆရာမလေးကို ဝင်ကူသယ်ပေးရန် ပြင်လိုက်၏။ ဆရာမလေးမှာ ကလေးလေးယောက်ကို ကြည့်ကာ အားနာသွားဟန် တူသော်လည်း မသယ်ပေးဖို့ရာ ပြော၍ ရမည်မဟုတ်မှန်း သိနေသောကြောင့် ပေါ့ပါးသော ပစ္စည်းအချို့ကိုသာ ကူသယ်စေ၏။
“ကျေးဇူးပါကွယ် အာ့ဆိုရင် ဒီအထုတ်လေးတွေကို အခန်းနံပါတ် ၂၀၈ ကို တစ်ချက်သယ်ပေးပါဦးနော်။”
အခန်း ၂၀၈ ဟု ကြားသည်နှင့် ကူသယ်ပေးရန်ပြင်နေကြသည့် သူငယ်ချင်းလေးယောက်မှာ အချင်းချင်း အပြန်အလှန် ကြည့်မိသွားကြသည်။ အကြောင်းမှာ ဆရာမ၏အခန်းမှာ သူတို့၏ဘေးချင်းကပ်အခန်းဖြစ်သောကြောင့်ပင်တည်း။