အပိုင်း (၀၃)
အူကြောင်ကြောင်ဖြစ်နေသော သူတို့ကို ဆရာမလေးက တစ်ချက်ဟန့်လိုက်တော့ လေးယောက်စလုံးစပ်ဖြဲဖြဲလုပ်ကာ ပစ္စည်းတွေကို ကူသယ်ပေးတော့သည်။ ဆရာမလေးသည်လည်း ကျန်သော ပစ္စည်းများမှ လေးလံသောအထုပ်များကို ကျောင်းကစီစဉ်ပေးသော အလုပ်သမားဦးလေးများကို သယ်စေကာ သူသည်တော့ အခြားသော တိုလီမုတ်စများကို သယ်လာခဲ့တော့သည်။
ပစ္စည်းသယ်ပြီးသည်နှင့် ပြန်မည်လုပ်နေကြသော ကလေးတို့ကို ဆရာမလေးဒေါ်ယွန်းလဲ့သုန္ဒြေက
လှမ်းခေါ်လိုက်ရာ ကလေးလေးယောက်စလုံး အူကြောင်ကြောင်ပုံစံနှင့် သူ့ကို ပြန်ကြည့်နေကြသည်။ ယွန်းလဲ့သည် သူတို့ပုံစံကို ကြည့်ကာ ရယ်ချင်သော်လည်း အပြုံးတစ်ပွင့်ဖြင့်သာ စကားစလိုက်ပါ၏။
“အထုပ်အပိုးတွေ သယ်ပေးတဲ့အတွက် သမီးတို့ကို ကျေးဇူးတင်ပါတယ်ကွယ်။ သမီးတို့ကို မုန့်ကျွေးချင်ပေမဲ့ မုန့်က မရှိဘူးဖြစ်နေတယ်။”
ထိုအခါ အသွက်လေးကြည်ပြာက လက်တစ်ခါခါဖြင့် “မလိုပါဘူး ဆရာမရယ်” ဟုဆို၏။
နောက်တွင် ပွင့်ဖူးနှင့် သျှင်မိုးတို့က “ဟုတ်ပါတယ် ဆရာမရယ် သမီးတို့က လမ်းကြုံဝင်ကူလိုက်တာပါ”
အေးချမ်းမေကတော့ ထိုသုံးယောက်စကားကို “သူတို့ပြောသလိုပဲ ဆရာမရဲ့” ဟု သံယောင်လိုက်၏။
”အဲလိုမရပါဘူးနော်။ တစ်ရက်ကြုံရင်တော့ ဝယ်ကျွေးပါမယ်။ အကြွေးမှတ်ထား။”
လေးယောက်စလုံး စပ်ဖြဲဖြဲဖြင့်သာ “ဟုတ်” ဟု လုပ်လိုက်ရ၏။ နောက်တွင် ဆရာမလေးက တွေးစစဖြင့် “သမီးတို့က ဘယ်မေဂျာကတုန်း” ဟုမေးလာပြန်သည်။
တစ်အုပ်စုလုံး ကြောင်အအဖြစ်သွားပြန်သည်။ မနက်အတန်းဝင်စဉ်က သူတို့ ရှိနေသည်ကို ဆရာမလေး သတိမထားမိဘူးပဲ ဟုလည်း တွေးမိသွား၏။ ထိုစဉ် မကျေမနပ်ဖြင့် ဆူပုတ်ပုတ်ဆိုလာသည်က သျှင်မိုးနွယ်ပင်။
“မနက်တုန်းကပဲ သမီးတို့အခန်းထဲ စာလာသင်သွားပြီးတော့”
ထိုစကားကို ကြားလိုက်ရပြီးသော် မျက်နှာပူသွားရသူမှာ ဆရာမလေးပင်။ “ဆရာမသတိမထားမိဘူးကွယ်။ တောင်းပန်ပါတယ်။” သူ၏ စိတ်ထဲတွင် ‘သတိနည်းလိုက်တာ မိယွန်းရယ်။ ကိုယ့်တပည့်ကိုယ်တောင် သတိမထားမိဘူး။’ ဟု တွေးနေမိသည်။
ဆရာမလေး စိတ်မကောင်းသည့် ပုံမြင်တော့ မနေနိုင်စွာ ပြန်ပြောလာသည်ကလဲ သျှင်မိုးနွယ်ပင်။ “ဒါက ဖြစ်တတ်ပါတယ် ဆရာမရဲ့။ စိတ်မကောင်းမဖြစ်ရဘူးနော်။”
“ဟုတ်ပါပြီကွယ်” ဟုသာ ယွန်းတစ်ယောက်
ဆိုလိုက်နိုင်တော့သည်။
နောက်တွင် လေးယောက်စလုံး ပြန်ရန်ပြင်ဆင်တော့သည်။ မပြန်ခင်တွင် အခန်းကိုလဲ တစ်ချက်ဝေ့ကြည့်လိုက်ပါ၏။ ကျောင်းသူတို့လေးယောက်နေရသော အခန်းကို ဆရာမတို့သည်တော့ နှစ်ယောက်သာ နေသည်ဖြစ်သောကြောင့် အခန်းမှာ ပို၍ ကျယ်နေသယောင်ရှိ၏။ တစ်ဖက်ကုတင်တွင်မူ ဆရာမတစ်ဦးရောက်ပြီးနေသည့်ပုံ။ ပစ္စည်းများမှာ စီရရီရှိနေကာ သပ်ရပ်လှ၏။
ဆရာမလေးသည် သူ့ကို နှုတ်ဆက်ကာ ပြန်ရန် ပြင်နေသော တပည့်တစ်သိုက်ကို မြင်သည်နှင့် ‘ဪ ဒီကလေးတွေနှယ့် နာမည်တောင် မမိတ်ဆက်ဘဲ ပြန်တော့မယ်’ ဟူသော အတွေးပင် မဆုံးလိုက်။ နှုတ်က “ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်သွားဦးလေ” အလျင်ပြောမိလိုက်သည်။ ပြန်မည်ဟု ပြင်နေသော လေးယောက်သည်တော့ ဆရာမအသံကြောင့် တုံ့သွားကာ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်လိုက်ကြတော့၏။
ဤတွင် အရင်ဆုံး မိတ်ဆက်သူကတော့ မျက်မှန်ကလေးနှင့် ပုပုသေးသေး ကလေးမလေးဖြစ်၏။
“သမီးနာမည်က ခင်ကြည်ပြာပါ ဆရာမ။ ကြည်ပြာလို့ခေါ်လို့ရပါတယ်။”
အပြုံးလေးဖြင့် တုံ့ပြန်လာသူကတော့ ဆရာမလေးပါပေ။
ခင်ကြည်ပြာမိတ်ဆက်ပြီးသည့်နောက်တွင် မျက်မှန်ကလေးနှင့် မျက်နှာသွယ်သွယ် ကလေးမလေးက
“သမီးနာမည်က ပွင့်ဖူးသစ်ပါ ဆရာမ။ ဖူးသစ်လို့ခေါ်လို့ရပါတယ်။”
ဆရာမလေးသည်တော့ အပြုံးလေးဖြင့် ခေါင်းငြိမ့်ပြလိုက်သည်ပင်။
နောက်တွင် ဆံပင်ခါးလယ်လောက်ထိရှိသော ကောင်မလေးကနေ၍ “သမီးနာမည်က အေးချမ်းမေပါရှင့်။ ဆရာမ အဆင်ပြေရင် အေးချမ်းလို့ခေါ်လို့ရပါတယ်။”
ထိုကလေးမလေးကိုလည်း အပြုံးဖြင့်သာ ခေါင်းငြိမ့်ပြလိုက်သည်ပင်။
နောက်ဆုံးတွင် ပြုံးဖြီးနေသော အရပ်ရှည်ရှည် မျက်ဝန်းလဲ့လဲ့နှင့် ကောင်မလေးကနေ၍ အရွှန်းဖောက်ကာ သူ့ကိုယ်သူ မိတ်ဆက်လာ၏။
“ဆရာမ သမီးနာမည်ကတော့ သျှင်မိုးနွယ်ပါ။ ဆရာမကတော့ သမီးကို မိုးနွယ်လို့ ခေါ်လို့ရတယ်နော်။”
ဤရွှတ်နောက်နောက်ကလေးမလေးကို ကြည့်ရင်း ဒေါ်ယွန်းလဲ့သုန္ဒြေတစ်ယောက် ရယ်မိသွားလေ၏။ နောက်တွင် သျှင်မိုးနွယ်ဟူသော ကလေးမလေးက “ဆရာမကိုပဲ မိုးနွယ်လို့ ပေးခေါ်တာနော်” ဟု ဆိုလိုက်လေသေး၏။ ဒေါ်ယွန်းလဲ့သုန္ဒြေသည်လည်း ခေါင်းခါကာဖြင့် “ဟုတ်ပါပြီရှင်” ဟုသာ ဆိုလိုက်ပါ၏။ မျက်နှာထက်တွင်တော့ အပြုံးပန်းလေးတစ်ခု ပန်ဆင်လျက်ပါပေ။
ဤသို့ဖြင့် လေးယောက်စလုံးအလျှိုလျှိုပြန်ထွက်သွားကြကာ အခန်းထဲသို့ ဝင်လာလိုက်ကြ၏။ နောက်တွင် အခုမှ အသိဝင်စွာဖြင့် ပထမဆုံးစကားစလာသူမှာ သျှင်မိုးနွယ်ပင်။
“အမလေး သူငယ်ချင်းတို့ရေ ငါတို့ ဆရာမနာမည်မေးဖို့ မေ့ခဲ့တယ်ဟ”
“နောက်မှ မေးလဲ ရပါတယ်” လို့ ပြောလာသူက အေးချမ်းမေ။
နောက် ပွင့်ဖူးက တိုးတိုးလေးစကားစလာ၏။ “နင်တို့ သတိထားမိလား”
“ဘာကိုတုန်း” ဤသည်မှာ ကြည်ပြာ၏အသံ။
“ဆရာမလေးကလေ”
“အင်း”
ကျန်လေးယောက်စလုံး ခေါင်းချင်ဆိုင်လာကြသည်။
“အခုလိုကျတော့လည်း တော်တော်လေး ချောသား”
“ဪ အဲတာတော့ ငါတို့လဲ သိတာပေါ့ဟ” ဟု သုံးယောက်စလုံး ထအော်ကာ ရိုက်ချလိုက်တော့၏။
“ဟဲ့ အဲလောက်ထိ လက်သံပြောင်စရာမလိုဘူးလေ” ဟု ဆူပုတ်ပုတ်ပြောလာသူကတော့ ပွင့်ဖူးသစ်ပင်။ သို့နှင့် လေးယောက်စလုံး ရယ်မောမိကြသည်။
စိတ်ထဲတွင် မတင်မကျ ဖြစ်နေသူကတော့ အေးချမ်းမေပင်။ ဆရာမတို့ရှေ့တွင် ရွှတ်နောက်နောက် လုပ်လေ့မရှိသော သျှင်မိုးနွယ်က ဤဆရာမလေးရှေ့တွင်တော့ အသွက်လေးတစ်ယောက်လို ဖြစ်နေသောကြောင့် ဖြစ်၏။
နောက်တွင် ထိုအတွေးကိုဖြတ်ကာ အတန်းချိန်ရှိသေးသည်ကို သတိရလိုက်သဖြင့် “တစ်နာရီခွဲ အတန်းချိန်ရှိသေးတယ်နော်” ဟုဆိုလိုက်လေ၏။
ထိုစကားကို ကြားသော် ကျန်သုံးယောက်မှာ ဤသို့တက်ကြွစွာ ဆိုလာပါတော့၏။
“ငါတော့ မတက်တော့ဘူးဟာ ပျင်းတယ်” ဟု ဆိုလာသူမှာတော့ သျှင်မိုးနွယ်။
“ငါလဲ ပျင်းတယ်” ဟု သန်းဝေရင်း ဆိုလာသူမှာ ခင်ကြည်ပြာ။
“ပထမဆုံးနေ့ပဲဟာ မတက်လဲ ရပါတယ်” ဟု ပြောလာသူကတော့ ပွင့်ဖူးသစ်။
အေးချမ်းမေသည် မခင်ကြည်ပြာ၏ စကားကို ကြားသော် မျက်စောင်းထိုးကာ “ပထမတစ်ပတ်တော့ အတန်းမှန်အောင် တက်မယ်ဆို” ဟု ခနဲ့သောလေသံဖြင့် ပြောလာသည်။
မခင်ကြည်ပြာသည် စပ်ဖြဲဖြဲရုပ်ဖြင့် “အဲစကားကို ပြန်ရုတ်သိမ်းတယ်” ဟု တုံ့ပြန်လိုက်ကာ အိပ်ရန်ပြင်တော့၏။
အေးချမ်းမေလည်း ခေါင်းခါရင်း သည်သူငယ်ချင်း တစ်သိုက်ကိုတော့ မနိုင်ဘူးဟု တွေးကာ စာအုပ်ဖတ်နေတော့သည်။
ကျန်နှစ်ယောက်သည်တော့ ဖုန်းကိုယ်စီနှင့် ဂိမ်းဆော့နေလျက်။
ဤသို့ဖြင့် လေးယောက်စလုံး အတန်းမတက်ဖြစ်တော့ပါလေ။
တစ်ဖက်ခန်းက ဆရာမယွန်းလဲ့သည်တော့ ‘ကလေးတွေက ချစ်စရာကောင်းသား’ ဟုတွေးကာ ကျောင်းသို့ ပြန်သွားရန် ပြင်ဆင်နေတော့၏။ မသိစိတ်ထဲတွင်တော့ မျက်ဝန်းလဲ့လဲ့ကောင်မလေး၏ ပုံရိပ်တစ်ခု ထင်ကျန်နေခဲ့သည်ကို ဆရာမယွန်းလဲ့ တစ်ယောက် သတိထားမိခြင်း မရှိပါပေ။