အပိုင်း (၀၄)
ယနေ့သည် တနင်္လာနေ့ဖြစ်သည်။ သောကြာနေ့က သျှင်မိုးနွယ်တို့ လေးယောက် ကျောင်းရောက်သွားသော်လည်း အတန်းထဲတွင် လူမရှိသောကြောင့် အသာပြန်လစ်လာခဲ့လိုက်ကြ၏။ စနေ တနင်္ဂနွေနေ့များမှာတော့ အဆောင်နေ ကျောင်းသား ကျောင်းသူများ အဆောင်သို့ ရောက်လာကြပြီဖြစ်ကာ ပစ္စည်းအသယ်အရွှေ့များနှင့် ဆူညံနေသည်ပင်။ သူတို့လေးယောက်သည်သာ အခန်းထဲတွင် အေးအေးလူလူ သာသာယာယာ။
ထိုသုံးရက်တွင် ဘေးချင်းကပ်အခန်းတွင် ရှိနေကြသော ဆရာမလေးနှစ်ယောက်နှင့် ထိုသူငယ်ချင်းတစ်သိုက်မှာ တစ်ခါလေးမျှပင် မဆုံကြ။ သျှင်မိုးနွယ်သည်တော့ ဆရာမလေးနှင့် မတွေ့ရသဖြင့် စိတ်ထဲတွင် တစ်ခုခုလိုနေသလို ခံစားနေရသည်။
မနက် ၇ နာရီအချိန်တွင် ထုံးစံအတိုင်း သျှင်မိုးနွယ်တို့ နိုးနေကာ အနားရှိ လူများကို အိပ်ရာထရန် ဆော်ဩနေပါတော့၏။ ကျန်သုံးယောက်တို့၏ မျက်စောင်းသည်လည်း သျှင်မိုးနွယ်ဆီသို့ တန်းခနဲပင်။ ဤသည်ကို သျှင်မိုးနွယ်တစ်ယောက် ဂရုမစိုက်စွာဖြင့် အတန်းတက်ရန်သာ ပြင်ဆင်နေတော့သည်။
အတန်းတက်ရန် ပြင်ဆင်ပြီးသည်နှင့် အခန်းမှထွက်ရန် တံခါးအဖွင့်၊ ဆရာမလေးအခန်းမှလည်း တံခါးပွင့်လာ၏။ သူတို့နှစ်ဦးစလုံး အချင်းချင်းရှိရာဘက်သို့ လှည့်ကြည့်မိကာ ပြုံးမိသွားကြ၏။
သို့ရာတွင် ဘာမျှမပြောကြဘဲ တိတ်ဆိတ်နေကြပေသည်။ ဆရာမလေးကပင် စကားစကာ “သမီးတို့က ဆရာမဘေးခန်းမှာ နေတာလား။ သတိမထားမိပြန်ဘူးကွယ်။”
“ဟုတ်ပါတယ်ရယ်။ ဆရာမ ကျောင်းသွားတော့မလို့လား။”
စကားလွှဲလိုက်သူကတော့ သျှင်မိုးနွယ်။
“ဟုတ်တယ် သမီး။ ဆရာမကျောင်းသွားတော့မလို့။ သမီးရော ကျောင်းမသွားသေးဘူးလား။”
“သမီးတို့ကတော့ မနက်စာမစားရသေးတော့ စားပြီးမှပဲ ကျောင်းလာတော့မယ်ရယ်။ အခုတော့ ဟိုသုံးယောက် ပြီးအောင် စောင့်နေရတာ ဆရာမရေ။”
‘ဟိုသုံးယောက်ပြီးအောင် စောင့်နေရတာ’ ဆိုသော နေရာတွင် အထဲရှိလူတို့ကြားရန် အသံကျယ်ကျယ်လေးနှင့် ပြောလိုက်သည်ပင်။
“ဟုတ်ပါပြီ သမီးရေ။ ဆရာမတော့ ကျောင်းသွားတော့မယ်နော်”
“ဟုတ်”
ဆရာမလေးသည် ရှေ့သို့လျှောက်ရင်း လှေကားနား အရောက်တွင် တုံ့သွားကာ သျှင်မိုးနွယ်ကို ပြောလိုက်၏။
“သမီးမိုးနွယ်ရေ ဒီနေ့ ဖတ်စာအုပ်တွေရမယ် ကြားတယ်။ အတန်းထဲက သမီးသူငယ်ချင်းတွေကို ပြောလိုက်ပါဦး။ ပြီးတော့ ဒီနေ့ညနေ ဆရာမအချိန်ပါတယ်နော်။ အတန်းပြေးဖို့တော့ စိတ်မကူးနဲ့။”
“ဟုတ်ကဲ့ပါ ဆရာမ” ဟု သျှင်မိုးနွယ်တစ်ယောက်
ပြုံးဖြီးဖြီးနှင့် ပြန်ဖြေလိုက်ပါသည်။
ဆရာမသွားပြီး မကြာခင်တွင် အေးချမ်းမေထွက်လာ၏။ ကျန်နှစ်ယောက်သည်လည်း အလျှိုလျှိုထွက်လာကြသည်။ အေးချမ်းမေက စကားစကာ သျှင်မိုးနွယ်ကို မေးတော့၏။
“နင်ခုနက ဘယ်သူနဲ့ စကားပြောနေတာတုန်း။”
“ဆရာမလေးနဲ့လေ”
“ဪ”
နောက်တွင် သူတို့လေးယောက်စလုံး ထမင်းစားဆောင်သို့ သွားကြတော့၏။ သျှင်မိုးနွယ်သည် ဆရာမလေး မှာသွားသည်များကို သူငယ်ချင်းသုံးယောက်ကို ပြန်ပြောနေပေသည်။ ဖတ်စာအုပ်ကို ဆရာမလေးအချိန်မတိုင်ခင်တွင်မှ ဝယ်ရန် သူတို့ လေးယောက်စလုံး သဘောတူလိုက်ကြ၏။
ထမင်းစားဆောင်ရောက်၍ မနက်စာကို ကြည့်လိုက်သောအခါ အသုပ်ဖြစ်နေသောကြောင့် လေးယောက်စလုံးနှာခေါင်းရှုံမိကြ၏။ သို့သော် မတတ်နိုင်။ စားရမည်သာပင်။ သူတို့မကြိုက်သော အသုပ်ရသည်ဖြစ်သောကြောင့် ခပ်သုပ်သုပ်စားကာ ကျောင်းသို့သွားရန် ပြင်ဆင်လိုက်တော့၏။
စကားပြောရင်း လျှောက်လာကြသည်မှာ ကျောင်းသို့ ရောက်လာကြပြီဖြစ်သည်။ ရှေ့ရက်များတွင် Timetable မထွက်သေးသဖြင့် ထွက်ပြီလားဟု Notice Board တွင် ကြည့်လိုက်ရာ သင်ပုန်းတွင် Timetable က နေရာယူထား၏။ သူတို့သည်လည်း အချိန်စာရင်းကို ကြည့်ကာ ဖုန်းဖြင့်လည်း ဓာတ်ပုံရိုက်ထားလိုက်၏။
ပထမဆုံးအချိန်သည် Cost and Management Accounting အချိန်ဖြစ်သည်။ Commerce မေဂျာ၏ မေဂျာဘာသာဖြစ်သောကြောင့် အခုချက်ချင်း စာအုပ်ဝယ်မှ ဖြစ်မည်ဖြစ်ကြောင်း သိလိုက်ပေ၏။
သို့နှင့် ဒုတိယထပ်လှေကားထောင့်ရှိ Commerce ဌာနသို့ လေးဦးစလုံး အသော့နှင်လေသည်။ ဌာနသို့ရောက်သောအခါ ဌာန၌ မည်သူမျှမရှိ။ Accounting ဆရာမလေးသည်သာ ထိုင်နေသည်ပင်။ အသွက်ကလေးကြည်ပြာမှနေ၍ ဌာနထဲသို့ ခေါင်းပြူလိုက်သော် ဆရာမနှင့် တည့်တည့်မျက်လုံးချင်းစုံပါ၏။ ဆရာမက “ဖတ်စာအုပ်လာဝယ်တာလား သမီး။ ဝင်ခဲ့လို့ရတယ်နော်။” ဟု ပြောလိုက်ရာ လေးယောက်စလုံးအခန်းထဲသို့ ဝင်လာကြပေ၏။
ဆရာမလေးသည် Major နှစ်ဘာသာ၏ ဖတ်စာအုပ်များကို ထုတ်ပေးလိုက်ကာ စာရင်းမှတ်ရန်အတွက် ကျောင်းသားစာရင်းကို ဖွင့်လိုက်ကာ နာမည်ရှာနေသည်ပင်။ ဤသို့ဖြင့် လေးယောက်စလုံး၏ ခုံနံပါတ်ကို တွေ့သောအခါ ဆရာမလေးတစ်ယောက် ပြုံးမိသွားလေ၏။ နောက်တွင် သူ့ရှေ့ရှိ တပည့်လေးယောက်ကို ကြည့်ကာ “စာလဲသေချာလုပ်ကြဦး။ မသိတာရှိရင် မေး။” ဟု ပြောလာပါ၏။
အပြောခံရသောလေးယောက်မှာ အူကြောင်ကြောင်။ မျက်စိလျင်သော သျှင်မိုးနွယ်တစ်ယောက် စာရင်းစာအုပ်ကို ငုံ့ကြည့်သောအခါ သူတို့နာမည်များနှင့် ခုံနံပါတ်ကို တွေ့လိုက်ရသဖြင့် မျက်နှာအနည်းငယ်ပူသွားပါ၏။ ဆရာမလေး ဤသို့ပြောရသည့်အကြောင်းကိုလည်း နားလည်သွားရ၏။ စပ်ဖြဲဖြဲမျက်နှာဖြင့် “ဟုတ်ကဲ့ပါ ဆရာမ” ဟုဆိုကာ ကျန်သုံးယောက်ကို ဆွဲခေါ်သွားတော့သည်။
အပြင်ရောက်သောအခါတွင် ကြည်ပြာက မကျေမနပ်လေသံဖြင့် “ဘာလို့ ငါတို့ကို အတင်းဆွဲခေါ်သွားရတာတုန်း” ဟုဆို၏။
“အဲတာက အရေးမကြီးဘူး” ဟု ဆိုလာသူကတော့ ပွင့်ဖူးပင်။
“အရေးကြီးတာက ဘာတုန်း” ကြည်ပြာက ပြန်ပြောလိုက်၏။
“ခုနက ဆရာမပြောသွားတာလေ” အေးချမ်းမေကဆို၏။
“ဟုတ်သား”
နောက်တွင် သျှင်မိုးနွယ်က အူကြောင်ကြောင်ဖြစ်နေသောသုံးယောက်ကို ရှင်းပြလိုက်ပါ၏။
“ဆရာမ ငါတို့ခုံနံပါတ်ကို မြင်လို့။ အဲလိုပြောသွားတာဟေး”
ပွင့်ဖူးသစ်က မျက်နှာအုပ်ကာ “ဟယ် ရှက်စရာကြီး” ဟု ပြောသော် ကျန်သုံးယောက်က “အမလေး နင်ကရှက်တယ်ပေါ့။ မထင်ပေါင်။” ပြန်ပက်ကြလေသဖြင့် ဇက်လေးပုသွားတော့သည်။
လေးဦးစလုံးအတန်းထဲသို့ ရောက်သော် CMA သင်မည့်ဆရာမ မဝင်သေးပါ။ ထို့ကြောင့် EC အား ဖတ်စာအုပ်ရပြီဖြစ်ကြောင်းပြောပြီး ထိုင်နေကျနေရာတွင် ဝင်ထိုင်လိုက်ကြ၏။
ဖတ်စာအုပ်ရပြီဟု EC ကဆော်ဩလိုက်သဖြင့် အခန်းထဲရှိသူများ ဌာနသို့ အလျှိုလျှိုထွက်သွားကြတော့သည်။ ကျန်ခဲ့သူများမှာ သျှင်မိုးနွယ်တို့အုပ်စုသာ။
ပထမဆုံးနေ့ ဖြစ်၍လား မသိ ဖတ်စာအုပ်ဝယ်သူများ အလျှိုလျှိုပြန်ရောက်လာပြီဖြစ်သော်လည်း အခန်းထဲသို့ ဆရာမ မဝင်သေးပါ။ အချိန်ကို ကြည့်သော် ၉ နာရီထိုးပြီ။ ကျောင်းတက်ချိန်မှာ ၈ နာရီခွဲဖြစ်သော်လည်း အတန်းဝင်မည့်ဆရာမ မရောက်သေးပါ။ ၉ နာရီခွဲမှသာ အတန်းထဲသို့ အသားဖြူဖြူ အပြုံးချိုချိုနှင့် ဆရာမလေးတစ်ဦး ဝင်လာပါ၏။ ကျောင်းသားကျောင်းသူတို့သည် ဆရာမကို မြင်သည်နှင့် “မင်္ဂလာပါ ဆရာမ” ဟု နှုတ်ဆက်လိုက်ကြသည်။ ဆရာမက ထိုင်ဟု ဆိုအမူအရာပြကာ သူ့ကိုယ်သူမိတ်ဆက်တော့သည်။
“အားလုံးပဲ မင်္ဂလာပါ သားတို့ သမီးတို့။ ဆရာမက Cost and Management Accounting သင်မှာမှန်း သိပြီးပြီ ထင်ပါတယ်။ ဆရာမနာမည်ကတော့ ဒေါ်မြသန္တာပါ။”
နောက်တွင် မူပိုင်အပြုံးချိုချိုနှင့်ဆိုလာပါ၏။ “Cost and Management Accounting က ခက်တယ်နော်။ အကျများတယ်။ သေချာလုပ်နိုင်မှ တော်ကာကျမယ်။” ဟူ၍ပင်။
ထိုစကားကိုကြားသည်နှင့် အခန်းထဲရှိ ကျောင်းသားကျောင်းသူ အားလုံးမှာ ‘ဟင် ဟာ’ ဟူသော အသံပေါင်းစုံဖြင့် ဆူညံသွားတော့သည်။ သျှင်မိုးနွယ်တို့အုပ်စုမှာတော့ ဆရာမလေး၏ အပြုံးကြောင့် ကြက်သီးမွှေးညှင်း ထသွားသည်ဟုသာ ခံစားနေမိရပါ၏။