အပိုင်း (၀၅)
သတိပေးစကားပြောပြီးဖြစ်ပေါ်လာသော ကျောင်းသားတို့၏အမူအရာကို ကြည့်ကာ ဒေါ်မြသန္တာတစ်ယောက် ပြုံးမိသွားပြန်သည်။ သို့သော် စာမသင်၍ မဖြစ်တာမို့ စားပွဲကို အသာရိုက်ကာ အတန်းကို ငြိမ်စေ၏။ “ဖတ်စာအုပ်ရပြီလို့ သတင်းရထားတယ်နော်။ ဖတ်စာအုပ်ထုတ်။ Ch 1 စသင်မယ်။”
ဆရာမလေး ဒေါ်မြသန္တာသည် အပြုံးချိုသလောက် စာအသင်အပြလည်း ကောင်းလှသူပင်။ CMA ဘာသာရပ်က ခက်သည်။ အကျများသည်ဟု ပြောထားသောကြောင့် ကျောင်းသားတို့ စာနားမထောင်ဘဲ မနေရဲ။ စာသာမလုပ်ချင် မလုပ်ဘဲနေမည်။ စာမေးပွဲတော့ အကျမခံနိုင်ကြပါပေ။
သျှင်မိုးနွယ်တို့ အုပ်စုသည်လည်း ဆရာမ သတိပေးစကားကြောင့် စာအုပ်နဲ့မျက်နှာ မခွဲဘဲ မနေရဲပါပေ။ သို့ရာတွင် စာအုပ်ကို မကြည့်ဘဲ ဆရာမကို ငေးနေသော ကျောင်းသူတစ်ဦး ရှိနေပါသည်။ ထိုကျောင်းသူမှာ ပွင့်ဖူးသစ်ဖြစ်ပါ၏။
ဒေါ်မြသန္တာသည်လည်း သူ့ကိုသာ စိုက်ကြည့်နေသော ကလေးမလေး တစ်ယောက်ကို သတိထားမိသည်ဖြစ်သည်။ မျက်မှန်လေးတပ်ထားကာ မျက်လုံးဝိုင်းဝိုင်း မျက်နှာသွယ်သွယ်နှင့် ကောင်မလေးဖြစ်၏။ သတိပေးဖို့ရာ တောက်ပနေသော မျက်ဝန်းပိုင်ရှင်ကလေးမနားသို့ လျှောက်ချိန်တွင်လည်း ထိုကလေးမ၏ အကြည့်က သူ့ထံမှ ဖယ်ခွာခြင်းမရှိပါပေ။
သူထိုကလေးမ ထိုင်သောအတန်းနားသို့ ရောက်ကာ ထိုကလေးမကို လှမ်းကြည့်ပြီး မျက်လုံးချင်းဆုံသွားသော အခါမှ ထိုကလေးမသည် သူနှင့်မျက်လုံးချင်း မဆုံနိုင်စွာဖြင့် စာအုပ်အား ငုံ့ကြည့်နေ၏။ သို့သော် သူဖွင့်ထားသည်က သူသင်နေသော စာမျက်နှာမဟုတ်။ သို့နှင့် စာရွက်လှန်ပေးပြီး သင်နေသောနေရာကို ထောက်ပြလိုက်၏။ “စာသေချာကြည့်နော် သမီး” ဟု အပြုံးဖြင့် နှုတ်ခမ်းလှုပ်ရုံပြောကာ စာသင်ခန်းရှေ့သို့ ပြန်သွားလိုက်၏။
ပွင့်ဖူးသစ်တော့ ဘယ်လိုခံစားရသည်လဲ မသိ။ သူ့အနားရှိသုံးယောက်မှာတော့ ဆရာမအနားရောက်လာချိန်တွင် ချွေးစေးများပြန်နေခဲ့ကာ ရင်တထိတ်ထိတ်ရှိလှသည်။
ပွင့်ဖူးသစ်တစ်ယောက်သည်မူ ဆရာမနှင့် မျက်လုံးချင်းဆုံသွားချိန်တွင် သူခိုးလူမိသွားသကဲ့သို့ ခံစားလိုက်ရကာ စာအုပ်ကို အယောင်ယောင်အမှားမှား ကြည့်လိုက်မိသည်။ သင်နေတဲ့နေရာကို ရှာမတွေ့။ ဘေးရှိ သျှင်မိုးနွယ်ကို တွတ်ထိုးကာ ပြခိုင်းရန် ပြင်နေစဉ်တွင်ပင် ဆရာမက အနားရောက်လာကာ စာအုပ်လှန်ပေးလိုက်ပြီး သင်နေသောနေရာကို ထောက်ပြသည်ကို တွေ့လိုက်မိသဖြင့် ဆရာမကို မော့ကြည့်မိ၏။ “စာသေချာကြည့်နော် သမီး” ဟု နှုတ်ခမ်းလှုပ်ရုံ ပြောသွားသော ဆရာမကို ကြည့်ကာ ရင်ထဲတွင် လှိုင်းလေးတစ်ခု ထသွားသလို။
စာသင်ချိန်ပြီး၍ နာရီကို ကြည့်လိုက်သော် ၁၁ နာရီခွဲနေပြီဖြစ်သည်။ Timetable ကို သေချာကြည့်တော့မှ CMA နှင့် Accounting အချိန်မှာ ပုံမှန်ကဲ့သို့ နှစ်ချိန်ဆက်မဟုတ်ဘဲ သုံးချိန်ဆက် ဖြစ်နေသည်လေ။
စာသင်ချိန်ပြီးသည်နှင့် သျှင်မိုးနွယ်တို့လေးယောက်စလုံး စာအုပ်သိမ်းကာ ကန်တင်းသွားရန် ပြင်တော့၏။ ကန်တင်းသွားရာလမ်းတွင် ပုံမှန်ထက်ပို၍ တိတ်ဆိတ်နေသူက ပွင့်ဖူးသစ်ဖြစ်၏။ ပွင့်ဖူးကျေးဇူးနှင့် ဆရာမ သူတို့အနားရောက်လာသောကြောင့် ရန်တွေ့ရန် ကြံစည်နေသော ကျန်သုံးယောက်မှာ ဘာပြောရမှန်းပင် မသိတော့။
ကန်တင်းရောက်သော် စားနေကျ ‘ငုဝါ ထမင်းဆိုင်’ မှာ လူပြည့်နေသောကြောင့် အခြား ဆိုင်ကို ပြောင်းထိုင်လိုက်ရ၏။ ဆိုင်သို့ရောက်ပြီး စားစရာမှာပြီးနောက် ကြည်ပြာက စကားစ၏။
“ဒီနေ့ကတော့ မမိုက်ဘူးဟာ”
“ဟုတ်ပဟယ်။ မနက်ကလဲ ငါတို့ မကြိုက်ပါဘူးဆိုတဲ့ အသုပ်၊ အခုလဲ စားနေကျဆိုင်က နေရာမရှိပြန်ဘူး။”
“ပွင့်ဖူးသစ် ကျေးဇူးနဲ့ ဆရာမက အနားရောက်လာသေး” သျှင်မိုးနွယ်နှင့် ခင်ကြည်ပြာတို့ ပြောကာဆိုကာဖြင့် ပွင့်ဖူးသစ်ဆီသို့ အကြည့်ပို့လိုက်၏။
ပွင့်ဖူးသစ်တစ်ယောက်သည်တော့ သူ့နားရှိလူနှစ်ယောက် သု့အတင်းတုတ်လိုက်သည်ကို သိဟန်မတူ။ တစ်နေရာသို့သာ စိုက်ကြည့်နေ၏။ ကျန်သုံးယောက်သား ပွင့်ဖူးငေးကြည့်နေရာကို ကြည့်လိုက်သော် ဆရာမလေးနှစ်ယောက်ကို မြင်လိုက်ရသည်ပင်။ ထိုဆရာမလေးနှစ်ယောက်မှာ အခြားသူများမဟုတ်ပါ။ မနက်ကမှ တွေ့လိုက်ရသော ဆရာမဒေါ်မြသန္တာနှင့် နာမည်မသိရသေးသူ Accounting ဆရာမလေးတို့ဖြစ်ကြ၏။
Accounting ဆရာမလေးကို တွေ့သည်နှင့် အလျင်စလို ထသွားသူကတော့ သျှင်မိုးနွယ်ပင် ဖြစ်သည်။ သူလျှောက်သွားသော ဦးတည်ရာမှာလည်း ဆရာမနှစ်ယောက်ဆီသို့။
ဆရာမနား ရောက်သောအခါတွင် အာစေးမိနေသူမှာလည်း အခြားသူမဟုတ် ကျွန်တော်တို့၏ ဇာတ်လိုက်ကျော် သျှင်မိုးနွယ်ပင် ဖြစ်၏။
ဒေါ်ယွန်းလဲ့သုန္ဒြေနှင့် ဒေါ်မြသန္တာတို့ သူတို့ရှေ့ရောက်ကာ အာစေးမိနေသော ကလေးမလေးကို ကြည့်ကာ ပြုံးမိလိုက်ကြ၏။ ဆရာမယွန်းလဲ့ကပင် အာစေးမိနေသော ကလေးမလေးကို စကားစကာ
“သမီးမိုးနွယ် ဆရာမတို့ဆီလာတာလား”
“ဟုတ်ပါတယ် ဆရာမ”
တွန့်ဆုတ်နေသော ကလေးကို ကြည့်ကာ ပြောလေဟူသော သဘောဖြင့် မေးဆက်လိုက်သော် ကလေးမက တရစပ်ပြောလာသည်လေ။
“ဆရာမ ကန်တင်းကိုလာတာလား။ ကန်တင်းကတော့ တွေ့တဲ့အတိုင်း လူပြည့်နေတာရယ်။ သမီးတို့နဲ့ ပေါင်းထိုင်မလား။”
ဒေါ်ယွန်းလဲ့တစ်ယောက် ဒေါ်မြသန္တာကို ဘယ်လိုလဲ ဟူသော သဘောနှင့် ကြည့်သော် သဘောတူသည့်ဟန်ဖြင့် ပြန်ကြည့်လာသော ဒေါ်မြသန္တာကို တွေ့သောကြောင့် လက်ခံသည့်သဘောဖြင့် “ထိုင်ကြမယ်လေ သမီး” ဟုဆိုလိုက်ပါ၏။
“ဟုတ်ကဲ့ သမီးနောက်လိုက်ခဲ့နော်။” ဟုဆိုကာ သူတို့ထိုင်နေသော နေရာဆီသို့ လျှောက်လာနေ၏။
ပွင့်ဖူး၊ ကြည်ပြာနှင့် အေးချမ်းတို့ သုံးယောက်မှာတော့ သျှင်မိုးနွယ်နှင့်အတူ လိုက်လာသော ဆရာမလေးတို့ကို ကြည့်ကာ အကြည့်ချင်းစကားပြောနေကြပေ၏။ စိတ်ထဲတွင်လည်း ‘မိသျှင်မိုးနွယ်တစ်ယောက် လုပ်ချလိုက်ပြန်ပါပြီ’ ဟုသာ တွေးမိလိုက်ကြ၏။
သူတို့နားသို့ ဆရာမတို့ရောက်လာသောအခါတွင် ခင်ကြည်ပြာက ဆရာမတို့ကို နေရာဖယ်ပေးကာ
“ဆရာမတို့ ဒီမှာထိုင်ပါရှင့်” ဟု ချိုသာစွာဆိုလိုက်၏။ ဆရာမတို့နှစ်ယောက်သည်လည်း အပြုံးဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
ဒေါ်မြသန္တာတစ်ယောက် သူ့ကို ငေးနေသော ကလေးမလေးကို ဒုတိယမ္မိတွေ့လိုက်ရပြန်သည်။ ဒီတစ်ခေါက်တွင်တော့ ကလေးမလေးကို စချင်စိတ်ပေါ်လာသဖြင့် ထိုကလေးမ၏ ပုခုံးကို ပုတ်လိုက်ကာ
“သမီး ဆရာမကို ဒီလိုပဲ စိုက်ကြည့်နေတော့မှာလား။ ဆရာမထိုင်ဖို့ နေရာလေးဖယ်ပေးပါဦး။”
ပွင့်ဖူးသစ်သည်လည်း အယောင်ယောင်အမှားမှား ဖြစ်စွာဖြင့် ဆရာမကိုနေရာဖယ်ပေးလိုက်မိသည်။ သျှင်မိုးနွယ်၊ ခင်ကြည်ပြာနှင့် အေးချမ်းမေတို့၏ အကြည့်များသည်တော့ ထိုဆရာတပည့်ဆီတွင်သာ ရှိနေသည်။
ယခုအချိန် ထမင်းစားဝိုင်း၌ ခင်ကြည်ပြာ၊ အေးချမ်းမေနှင့် သျှင်မိုးနွယ် တို့က တစ်တန်းတည်းရှိနေကာ သူတို့၏ မျက်နှာချင်းဆိုင်တွင် ပွင့်ဖူးသစ်၊ ဒေါ်မြသန္တာနှင့် ဒေါ်ယွန်းလဲ့သုန္ဒြေတို့ ရှိနေကြပေ၏။