အပိုင်း (၀၆)
စာသင်ချိန်ပြီး၍ ဌာနသို့ ပြန်သော လမ်းတွင် ဒေါ်မြသန္တာတစ်ယောက် သူ့ကို ငေးနေသော ကလေးမလေးကိုသာ တွေးနေမိသည်။ ထိုကလေးမလေးသည် သူ့အား မျက်ဝန်းဝိုင်းဝိုင်းကြည်ကြည်လေးများနှင့် သူ့ကို မျက်တောင်မခတ်တမ်း ငေးကြည့်နေခဲ့၏။ ထိုသို့တွေးနေရင်း ဒေါ်မြသန္တာတစ်ယောက် အလိုလိုနေရင် ပြုံးနေမိသည်ကိုကား သူ့ကိုယ်သူပင် သတိထားမိခြင်းမရှိပါပေ။
သူအတွေးနယ်ကျွံနေသည်မှာ မည်မျှကြာပြီလဲ မသိပါ။ ဌာနရှေ့သို့ပင် ရောက်မှန်းမသိရောက်လာရပြီဖြစ်၏။ “မြရေ” ဟုဆိုသော ဆရာမယွန်းလဲ့၏ ခေါ်သံကြောင့်သာ သူသတိဝင်လာခြင်းဖြစ်၏။
“မြ ဘာတွေအတွေးလွန်နေတာတုန်း။”
“ဘာမှအတွေးမလွန်ပါဘူး ယွန်းလဲ့ရယ်။ ဘာမှမစားရသေးဘူးမလား။ ကန်တင်းသွားကြရအောင်။”
ဒေါ်ယွန်းလဲ့သုန္ဒြေသည်လည်း ဘာမျှမမေးတော့။ ခေါင်းတစ်ချက်ငြိမ့်ပြကာ နှစ်ယောက်အတူ
ကန်တင်းသို့ လျှောက်လာခဲ့ကြ၏။
သူတို့နှစ်ဦး စကားပြောကာ လျှောက်လာကြရင်း ကန်တင်းဘက်သို့ ရောက်မှန်းမသိရောက်လာရ၏။ ဒေါ်မြသန္တာသည် သူ့ကို တစ်ယောက်ယောက်ကြည့်နေသည်ကို ခံစားမိ၍ မျက်စိဝှေ့ကာ ကြည့်လိုက်သော် မနက်က သူ့ကို ငေးနေသော ကလေးမလေးကို မြင်၏။ ‘အဲကလေးမ ဒီဆရာမကို ငေးပဲ ငေးနိုင်လွန်းတယ်’ ဟု တွေးမိသည်ပင်။
အကြည့်တို့ကို မသိချင်ယောင်ဆောင်ကာ ဆိုင်ထိုင်ရမည့်နေရာကို ရွေးနေကြစဉ်တွင် သူတို့အနား ကလေးမလေးတစ်ယောက် ရောက်လာပြန်သည်။ ထိုကလေးမလေး၏ အကြည့်မှာတော့ သူ့ဘေးရှိ ယွန်းလဲ့ဆီကိုသာ ဖြစ်သည်။ သူထိုကောင်မလေးကို မှတ်မိနေသလိုရှိ၍ တွေးကြည့်လိုက်သော် မနက်က သူ့ကိုငေးနေသော ကလေးမလေးဘေးတွင် ထိုင်နေသောကလေးမ ဖြစ်နေ၏။
ထိုကလေးမလေးနှင့် ယွန်းလဲ့တို့ ပြောသည်များကို ကြားနေရသည်။ ကလေးမလေးက သူတို့ကို ကန်တင်းအတူထိုင်ရန် ပြောနေခြင်းဖြစ်၏။ ယွန်းလဲ့မှ သူ့ဘက်ကို စောင်းငဲ့ကြည့်သော် လက်ခံလိုက်သည့်အမူအရာပြလိုက်လေ၏။ သူ သူ့ကိုငေးနေသော ကလေးမလေးနှင့် ရင်းနှီးချင်သည်လေ။
ဆိုင်သို့ရောက်တော့ သူ့ကလေးမဘေးရှိ ပုပုသေးသေး မျက်မှန်နှင့်ကောင်မလေးက နေရာဖယ်ပေးလာ၏။ ဟိုကလေးမသည်တော့ သူ့ကိုသာ ငေးကြည့်နေမြဲပင်။ စချင်စိတ်ဖြင့် ပုခုံးကို ပုတ်လိုက်တော့ လန့်သွားပုံလေးက ချစ်စရာ။ နေရာဖယ်ပေးပါဦးဟု ပြောလိုက်တော့ ထိုကလေးမက အယောင်ယောင်အမှားမှားဖြင့် ဘေးတိုးပေးလာ၏။ ဤသို့ဖြင့် သူသည်လည်း ထိုကလေးမဘေးတွင် ထိုင်လိုက်ပါ၏။
သူတို့ရောက်ပြီး မကြာသောအချိန်တွင် နေရာဖယ်ပေးသော ကလေးမလေးက စကားစလာ၏။
“ဆရာမတို့ စားချင်တာရှိရင် မှာပါရှင့်။ သမီးတို့ကတော့ မှာပြီးသွားပါပြီ။”
“ဟုတ်ပါပြီ သမီး”
ပြန်ဖြေလိုက်သူသည်မှာ ဒေါ်မြသန္တာပင်ဖြစ်၏။ နောက်တွင် စားပွဲထိုးကို ခေါ်လိုက်ကာ ဆရာမနှစ်ယောက်စလုံး စားချင်သည်ကို မှာလိုက်ကြ၏။
ဝိုင်းတွင်အတော်လေး တိတ်ဆိတ်နေသည်ပင်။ ဒေါ်မြသန္တာ ကလေးများကို သတိထားကြည့်မိတော့ သူတို့နှစ်ယောက်ကို ရှိန်နေကြသယောင်။ တစ်ခါတရံမှ အသံထွက်တတ်သော မယ်ယွန်းလဲ့ကတော့ ရေခဲတုံးအတိုင်း တုတ်တုတ်မျှလှုပ်မည်မဟုတ်။ သူသည်သာ စကားစရ၏။
“သမီးတို့ကို အတန်းထဲမှာ ကိုယ့်ကိုယ့်ကိုယ် မိတ်ဆက်ပြီးပြီဆိုပေမဲ့ ပြန်မိတ်ဆက်ပေးမယ်နော်။ ဆရာမနာမည်က ဒေါ်မြသန္တာ။ ဆရာမကို ဆရာမမြလို့ ခေါ်လို့ရတယ်။ ဆရာမဘေးမှာ ထိုင်နေတဲ့ ဆရာမကတော့ နာမည်ကပ်စေးကုပ်ဆိုတော့ သူ့ကိုယ်သူ မိတ်ဆက်ပေးရဦးမှာ မဟုတ်ဘူး။ အာ့ကြောင့် ဆရာမပဲ မိတ်ဆက်ပေးလိုက်မယ်နော်။ ဆရာမလှလှလေးမှာ နာမည်လှလှ ရှိတယ်ရှင့်။ နာမည်က ဒေါ်ယွန်းလဲ့သုန္ဒြေတဲ့နော်။”
“မြနော်” ဟု ဆရာမယွန်းလဲ့ တစ်ယောက်ယောက် ရှက်ရမ်းရမ်းကာ အသံဆူဆူဖြင့် ပြောလာပါသည်။
“နာမည်ကပ်စေးကုပ်” ဟုဆိုလိုက်သောကြောင့် ကလေးလေးယောက်စလုံး ရယ်မိသွားကြ၏။ သျှင်မိုးနွယ်သည်တော့ ဆရာမယွန်းလဲ့၏ ရှက်ရှက်နဲ့ ခပ်ဆူဆူပြောပုံကို ကြည့်ကာ ချစ်စရာလေးဟု တွေးမိသွားရ၏။
နောက်တွင် မခင်ကြည်ပြာကနေ၍ သူတို့လေးယောက်စလုံးကို မိတ်ဆက်ပေးလိုက်သည်။
“သမီးနာမည်က ခင်ကြည်ပြာပါ။ ဆရာမမြဘေးမှာ ထိုင်နေတဲ့သူက ပွင့်ဖူးသစ်၊ သမီးဘေးက သူငယ်ချင်းနာမည်က အေးချမ်းမေ၊ ဆရာမယွန်းရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ သူက သျှင်မိုးနွယ်ပါရှင့်။”
မိတ်ဆက်ပေးနေစဉ်တွင် ပွင့်ဖူး၊ အေးချမ်းနှင့် သျှင်မိုးနွယ် တို့သည် ဆရာမမြသန္တာကို ပြုံးပြလိုက်ကြပါ၏။
ဆရာမမြသည်လည်း ပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်၏။ သူတို့မိတ်ဆက်ပြီးသော အချိန်တွင် မှာထားသည်များရပြီ ဖြစ်သောကြောင့် ဘာမျှမပြောဖြစ်ကြဘဲ နေ့လယ်စာကိုသာ စားနေကြသည်ဖြစ်၏။
နေ့လည်စာစားနေချိန်တွင် ဆရာမယွန်းကို မသိမသာ ကြည့်ကြည့်နေသူမှာ သျှင်မိုးနွယ်ပင်။ ကေသာထက်ပေါ်ရှိ နှင်းဆီဖြူကို မြင်လိုက်ရသော် မသိမသာ ပြုံးမိသူမှာလည်း သျှင်မိုးနွယ်ပင်ဖြစ်၏။ ဆရာမယွန်းသည်တော့ သူ့ကို ခိုးခိုးကြည့်နေသော သျှင်မိုးနွယ်ကို သတိထားမိခြင်းမရှိပါပေ။
စားပြီးချိန်တွင် နာရီကို ကြည့်လိုက်သော် ၁၂ နာရီ ၁၅ မိနစ်ရှိနေပြီဖြစ်သည်။ ပိုက်ဆံရှင်းရန် စားပွဲထိုးကို ဒေါ်မြသန္တာက ခေါ်လိုက်ကာ ဈေးတွက်စေ၏။ ဆရာမယွန်းလဲသည်တော့ ပြောဖူးသည့်အတိုင်း ကလေးလေးယောက်အတွက် ရှင်းပေးဖို့ရာ ပြင်နေတော့သည်။
သျှင်မိုးနွယ်တို့လေးယောက်သည် ဆရာမယွန်း၏အပြုအမူကို သတိထားမိသည်နှင့် တားရန်ပြင်လိုက်ပါသော်လည်း လျင်မြန်လှစွာ ပိုက်ဆံရှင်းလိုက်ပါသော ဆရာမယွန်းပင်။ နောက် ဆရာမယွန်းကပြောလိုက်ပါသေး၏။
“သမီးတို့ ဆရာမကို ကူသယ်ပေးတာတစ်ခုတည်းကြောင့် ဝယ်ကျွေးတာ မဟုတ်ရပါဘူး။ သမီးတို့လေးယောက်က ချစ်စရာကောင်းလို့ပါကွယ်။”
သျှင်မိုးနွယ်တို့ အုပ်စုသည်လည်း ဆရာမလေးက ဤသို့ ဆိုလာသောကြောင့် “ကျေးဇူးတင်ပါတယ် ဆရာမ” ဟုသာ ပြုံးကာ ပြောလိုက်၏။ နောက်တွင် သျှင်မိုးနွယ်တို့ အုပ်စုသည် အတန်းထဲသို့ ပြန်တော့မည်ဖြစ်ကာ ဆရာမတို့နှစ်ယောက်သည်လည်း ဌာနသို့ပြန်မည်ဖြစ်၏။ ပြန်ရန် အရင်ဆုံးနှုတ်ဆက်သူမှာတော့ ခင်ကြည်ပြာပင်။
“ဆရာမ အတန်းရှိသေးလို့ သမီးတို့ သွားလိုက်ဦးမယ်နော်”
ထိုအခါ ဆရာမမြကနေ၍
“ဟုတ်ပါပြီကွယ်။ အတူထိုင်ဖို့ခေါ်ပေးတဲ့သမီးတို့ကို ဆရာမတို့က ကျေးဇူးတင်ပါတယ်။”
“မဟုတ်တာ ရပါတယ်ရှင့်။ သမီးတို့ သွားလိုက်ဦးမယ်နော်။”
“ဟုတ်ပြီ ဟုတ်ပြီ သမီး”
ဤသို့ဖြင့် ကျောင်းသူတို့က အတန်းထဲပြန်ကာ ဆရာမတို့ကဌာနသို့ ပြန်လာခဲ့ကြသည်။ အပြန်လမ်းတွင် နှစ်ဖွဲ့စလုံးစကားတပြောပြောဖြင့် ပြန်လာကြသည် ဖြစ်ရာ ကျောင်းသူတို့ စကားဝိုင်းမှာကား။
“ဆရာမယွန်းက ငါတို့အတွက်ပါ ရှင်းပေးသွားတော့ အားနာလိုက်တာ”
စကားစလိုက်သူကတော့ ခင်ကြည်ပြာပင်။
ဤတွင် အေးချမ်းမေက စကားပြန်၏။
“ဟုတ်တယ်ဟယ်။”
နောက်တွင် သျှင်မိုးနွယ်က
“အားနာစရာကြီးဆိုပေမဲ့ ဆရာမလေး စေတနာကို ငါတို့က လေးစားရမှာပေါ့။”
သျှင်မိုးနွယ်စကားကို ထောက်ခံသလို ကျန်သုံးယောက်စလုံး ခေါင်းငြိမ့်၏။ ခဏအကြာတွင် ခင်ကြည်ပြာက စကားစပြန်သည်။
“ဆရာမယွန်းနဲ့ ဆရာမမြက တော်တော်လေး ရင်းနှီးကြပုံပဲနော်”
အေးချမ်းမေက ထိုစကားကို ထောက်ခံလိုက်ကာ
“ဟုတ်တယ်နော်။ ပြီးတော့
သူတို့နှစ်ယောက်မှာ ဆရာမမြက ဖော်ရွေပြီး သွက်တယ်။ ဆရာမယွန်းကတော့ အနေတည်ပြီး အေးတယ်။”
“အွန်း။ ပုံစံမတူပေမဲ့ ဆရာမနှစ်ယောက်လုံးက ချစ်စရာလေးတွေလို့ ခံစားရတယ်။”
“ဟုတ်တယ်နော်” ဟု ဆိုလာသူကတော့ နောက်မှ စကားဝိုင်းထဲ ဝင်လာသော သျှင်မိုးနွယ်။ နောက်သူက ထပ်ပြောလာသည်။ “ငါတော့လေ ဆရာမနှစ်ယောက်လုံးကို ချစ်တယ်ဆိုပေမဲ့ ဆရာမသုန္ဒြေနဲ့တော့ ပိုရင်းနှီးချင်တယ်သိလား။”
“ဟမ် ဆရာမသုန္ဒြေ??”
ခင်ကြည်ပြာမှာ အူကြောင်ကြောင်။
အေးချမ်းမေက ဝင်၍ “ဆရာမယွန်းကို ပြောတာဟဲ့” ဟု ခပ်ဆတ်ဆတ်ပြော၏။
နောက်ခင်ကြည်ပြာက သျှင်မိုးနွယ်ကို စူးစူးစိုက်စိုက် ကြည့်ကာ
“နင်…..”
“ပြော”
“ဆရာမယွန်းကို ရိုးရော ရိုးရဲ့လား။”
အနှီမေးခွန်းကြောင့် သျှင်မိုးနွယ် ပြူးတူးပြာတာဖြင့်
“ဟဲ့ ဘာတွေပြောနေတာတုန်း။”
သျှင်မိုးနွယ်၏ အမူအရာကို ကြည့်ကာ သုံးယောက်စလုံးရယ်မိကြသည်ပင်။
“ရိုးတယ်ဆိုလဲ ပြီးတာပဲ။ ပြီးမှနော်။ ဟင်းးးး”
“ဘာဟင်းတုန်း”
“ဘာမှမဟုတ်ဘူး”
“ပြီးတာပဲ”
နောက်တွင် ခင်ကြည်ပြာ၏ ဦးတည်ရာက ပွင့်ဖူးသစ်ဆီသို့ဖြစ်၏။
“နင်ရော။ ဆရာမမြကို ရိုးရဲ့လား။ ကြည့်လိုက်တိုင်း ဆရာမမြကို ချည်း ငေးးးးနေတာပဲ။”
“ရိုး ရိုးပါတယ်” ပွင့်ဖူးသစ်မှာ အထစ်ထစ် အ အအ။
ခင်ကြည်ပြာသည်တော့ တစ်ခုခုမြင်သွားဟန်နှင့် ဘာမျှဆက်မပြောတော့ပါချေ။ အခန်းရှေ့ရောက်ပြီ ဖြစ်သောကြောင့် အခန်းထဲသို့ဝင်ကာ ဆရာမယွန်းဝင်မည်ကိုသာ စောင့်နေလိုက်ကြတော့၏။
တစ်ဖက်ရှိ ဆရာမတို့စကားဝိုင်းမှာတော့ စကားစလာသူက ဆရာမမြပင်။
“ကလေးတွေနဲ့ အဆောင်မှာပါတွေ့ပြီးပြီပေါ့။”
“ဟုတ်တယ်ရယ်။ ငါပစ္စည်းသယ်မယ်လုပ်နေချိန်မှာပဲ သူတို့ရောက်လာပြီး ငါ့ကို ကူသယ်တော့တာပဲ။”
“ငါသူတို့နဲ့ မတွေ့ရဘူးဟာ။ နာလိုက်တာ။”
“နင့်မှာ စာသင်ချိန်ရှိနေတာကိုး။ မပူပါနဲ့ သူတို့လေးတွေနဲ့ ထပ်တွေ့ရဦးမှာပါ။”
“ဟင်” ဆရာမယွန်း၏ အပြောကြောင့် ဆရာမမြတစ်ယောက် အံ့ဩသွားရ၏။ နောက်တွင် ဆရာမယွန်းက အံဩနေသူအား အဖြေပေးပါသည်။
“ငါတို့ဘေးခန်းက ကလေးတွေက သူတို့ပေါ့။”
“ဪ ရေစက်တွေက ဆုံမှ ဆုံပေတတ်ကော။”
ထိုကလေးလေးယောက်ထဲမှ နှစ်ယောက်နှင့် တစ်ဘဝလုံးစာသံယောဇဉ်ရစ်နှောင်မည်ကိုကား ထိုစကားဝိုင်းရှိ ဆရာမလေးနှစ်ယောက်စလုံး မသိရှာပါပေ။