အပိုင်း (၀၇)
၁၂ နာရီခွဲတိတိတွင် ဆရာမယွန်း အတန်းထဲ ဝင်လာပြီဖြစ်သည်။ ကျောင်းသားကျောင်းသူများအားလုံး ဆရာမကို နှုတ်ဆက်ကြ၏။ ဆရာမက ထိုင်စေရန် အချက်ပြလိုက်ပြီး ဖတ်စာအုပ်ထုတ်ရန်ပြောသည်။ စာရင်းများ တွက်ရမည် ဖြစ်သောကြောင့် နောက်အပတ်တွင် ဗလာစာအုပ်အရှည်ထုတ်ရန်လည်း ဆိုပါသည်။ ထို့အတူ note များကို သေချာလိုက်မှတ်မှသာ စာမေးပွဲတွင် အဆင်ပြေမည်ဖြစ်ကြောင်း မှာလေ၏။
မှာစရာရှိသည်များကို မှာပြီးသည်နှင့် ဆရာမလေးသည် စာစသင်ရန်ပြင်ပါတော့သည်။ စာမသင်ခင်တွင် သျှင်မိုးနွယ်တို့ကို မျက်လုံးဝေ့ရှာသော် နောက်ဆုံးတန်း ရှေ့နှစ်ခုံမြောက် ပြတင်းပေါက်ဘက်ခြမ်းတွင် ထိုင်နေသော အုပ်စုကို တွေ့လိုက်ရပေသည်။ ထိုကလေးတို့ သူပြောနေသည်ကို သေချာအာရုံစိုက်ကာ နားထောင်နေသည်ကို သတိထားမိတော့ မသိလိုက်ဘာသာဖြင့် ပြုံးမိသွားပေသည်။ ဤသည်မှာလည်း ခဏလေးမှ ခဏလေးပါပေ။
သျှင်မိုးနွယ် ဆရာမလေးဘက်ကြည့်လိုက်ချိန်တွင် တစ်ချက်မျှ အသာအယာပြုံးနေသော ဆရာမကို မြင်သောကြောင့် အလိုလိုနေရင်း သူပါလိုက်ပြုံးမိသွားရ၏။ ဘေးရှိပွင့်ဖူးက ဘာတွေပြုံးတာလဲဟုမေးလိုက်သော် သူခိုးလူမိဖြစ်သွားသကဲ့သို့ ဘာမှမပြုံးပါဘူးဟုဆိုကာ စာကိုသာ ကြည့်နေလိုက်၏။
ပွင့်ဖူးသည်လည်း ဘာမျှမပြောတော့ဘဲ စာရှင်းနေသည်ကိုသာ အာရုံစိုက်နေပါ၏။
အခန်းထဲတွင် ဆရာမ၏ စာရှင်းသံ ကြည်ကြည်ရှင်းရှင်းလေးသည်သာ ပျံ့လွင့်နေ၏။ အချိန်များ မည်သို့ကုန်လွန်သွားသည်ပင် မသိလိုက် ဆရာမစာရှင်းသံတွင် မျောနေကြသည်သာ။
ဆရာမလေးသည် သုံးနာရီထိုးသည်နှင့် အတန်းဆင်းပေးလိုက်၏။ သျှင်မိုးနွယ်တို့ အုပ်စုသည်လည်း စာအုပ်များကို သိမ်းဆည်းရင်းနှင့် စကားပြောနေကြသည်။ ဤတွင် သျှင်မိုးနွယ်က တစ်ခုကို တွေးမိကာ ဆို၏။
“ငါတို့ အဆောင်မပြန်ခင် ကျောင်းဝန်းထဲက ကြာကန်နား သွားထိုင်ကြမလား။”
ဤတွင် မဆိုင်းမတွ လက်ခံလိုက်သည်က အေးချမ်းမေဖြစ်၏။
“အေး သွားမယ်လေ။ သစ်ပင်ရိပ်အောက် အေးအေးလူလူ ခဏနေကြတာပေါ့။”
ကျန်နှစ်ယောက်သည်လည်း သွားမယ်ဆိုသော သဘောဖြင့် ဆော်ဩလိုက်သဖြင့် လေးယောက်စလုံး ကြာကန်ဆီကိုသာ သွားလိုက်ကြ၏။
တက္ကသိုလ်ဝင်းကြီးမှာ သစ်ပင်များနှင့် စိမ်းစိမ်းစိုစိုပင်။ သစ်ပင်ကြီးများဖြစ်သော ပိတောက်၊ ငုဝါ၊ ကုက္ကိုလ်ပင်တို့က အရိပ်အာဝါသပေးရုံမျှမက ပန်းခြုံငယ်လေးများဖြင့်လည်း ဝေဆာနေ၏။ လေးယောက်စလုံးကျောင်းဝန်းရှိအေးချမ်းမှုကိုသာ ခံစားနေကြရင်း စကားမပြောဖြစ်ကြ။
ကြာကန်ကြီးသည် သဇင်လမ်း၏ဘေး၊ သဇင်ဆောင်နှင့်မနီးမဝေးနေရာတွင် ရှိသော ရေကန်ကြီး တစ်ကန်ဖြစ်၏။ ကျောင်းသား ကျောင်းသူအများစု စိတ်အပန်းဖြေရာနေရာဟု ဆိုနိုင်ပါသည်။ ယနေ့ သူတို့ရောက်လာချိန်မှာတော့ ပုံမှန်ထက် လူရှင်းနေ၏။ ကန်ပတ်ဝန်းကျင်တွင် အတွဲများ၊ ဓာတ်ပုံလာရိုက်သော ကျောင်းသူများ ရှိသကဲ့သို့ သူတို့ကဲ့သို့ အကြောင်းပြချက်မရှိ ကန်ကြီးဘေး လာထိုင်နေကြသူများလည်းရှိပါသည်။
လေးယောက်စလုံး ကန်ကြီးဘေးနေထိုင်ရင် လေနုအေးကို တစ်ဝကြီး ရှုရှိုက်လိုက်ကာ ကန်ကြီးကို ငေးနေကြ၏။ သူတို့လေးဦးစလုံး ဤသို့ ရှိနေကြသည်မှာ နာရီဝက်ကြာသည်အထိ။
ဤသို့ကြာရှည်သော တိတ်ဆိတ်မှုကို မလိုလာသည့်အလား ခင်ကြည်ပြာက စကားစ၏။
“ဒုတိယနှစ်လေး စခဲ့ပြီပေါ့ကွယ်။ CMA နဲ့ Accounting ကတော့ ငါတို့ကို မိတ်ဆက်ပေးပြီးပြီ။ အခြားဘာသာတွေရော ဘယ်လိုလာမလဲမသိ။”
ဤသို့ဖြင့် တိတ်ဆိတ်နေသော သူတို့ရပ်ဝန်း၌ စကားသံများဖြင့် အနည်းငယ် ဆူလာရ၏။
“အေးဟာ။ CMA ကြီးက အခုသာ လွယ်နေတာ နောက်ကျ တကယ်ခက်မဲ့ပုံ။ Accounting ကလဲ မနှစ်တုန်းက အခြေခံသာ သင်ပြီးတာ ခက်တယ်လို့ ခံစားနေရတုန်း။”
၎င်းမှာ ပွင့်ဖူးသစ်၏ စကားသံဖြစ်၏။
နောက်တွင် အေးချမ်းမေက
“General Management တို့ Stats တို့ကလဲ ဘယ်လိုလာမလဲ မသိ။”
“သင်္ချာကလဲ ရှိသေးတယ်။”
အခုစကားဝိုင်းထဲ ဝင်လာသူကတော့ သျှင်မိုးနွယ်။
သူတို့လေးယောက်စလုံး ခက်ခဲမည့် ပထမနှစ်ဝက်ကိုတွေးကာ ခေါင်းခါမိလိုက်ကြ၏။
နောက် တွေးတွေးဆဆဟန်ဖြင့် ဆိုလာသူကတော့ မခင်ကြည်ပြာပင်။
“စာတွေသာ ခက်တာ။ ငါတို့ကို စာသင်ပေးတဲ့ ဆရာမလေးနှစ်ယောက်ကတော့ ချောလိုက်တာမှ လွန်ရောပဲ။”
“အရေးထဲ”
ပြန်ပက်လိုက်သူကတော့ သျှင်မိုးနွယ်။
ဤတွင် ခင်ကြည်ပြာက မျက်စောင်းလေးဖြင့် “ဆရာမလေးတွေက တကယ်ချောလို့ ချောတယ်ပြောတာလေ။”
“အေးပါ။ ဆရာမလေးတွေ
ချောတာသိပါတယ်။” ဟု အေးချမ်းမေက ဆို၏။
ထိုနှစ်ယောက်စကား ပြောနေစဉ် ပွင့်ဖူးသစ်က သျှင်မိုးနွယ်ကို လက်ကုပ်ကာ တစ်နေရာသို့ လက်ညှိုးထိုးပြလိုက်၏။ လက်ညှိုးညွန်ရာဘက်သို့ သျှင်မိုးနွယ် ကြည့်လိုက်တော့ မြင်လိုက်ရသည်မှာ သူတို့စကားဝိုင်းထဲမှ ချောလှပါပေ့ဆိုသော ဆရာမလေး နှစ်ယောက်ပင်။
သျှင်မိုးနွယ်လည်း စကားများနေသူနှစ်ဦးကို တပ်လှန့်ကာ ဆရာမလေးတို့ဘက်အား မေးဆတ်ပြလိုက်၏။ နောက်တွင် ကုန်းရုန်းထကာ လစ်ခနဲ ဆရာမတို့ဆီသို့ရောက်သွားတော့၏။ ပွင့်ဖူးသစ်သည်တော့ သျှင်မိုးနွယ်ကို ပြပြီးသည်နှင့် အလိုလိုထလျက်သား။ သျှင်မိုးနွယ်ပြေးထွက်သွားသည်ကို မြင်မှ သူသည်လည်း အပြေးလိုက်တော့သည်။
ကျန်နေသောသူနှစ်ဦးမှာ သူတို့ကို မနိုင်ပါဟူသော သဘောဖြင့် ခေါင်းခါကာ ဖြည်းဖြည်းဆေးဆေးသာ လမ်းလျှောက်လာ၏။
ဆရာမယွန်းနှင့် ဆရာမမြတို့သည် ၃ နာရီခွဲသည်နှင့် ပြန်ကြရအောင်သဘောဖြင့် အလုပ်ကို လက်စသတ်ကာ ပြန်ရန် ပြင်ဆင်တော့၏။ ကျန်နေသော ဆရာမတို့ကို နှုတ်ဆက်ကာ စကားပြောရင်း ထွက်လာကြသည်ပင်။ သေချာပေါက် ပြောသူမှာ ဆရာမမြဖြစ်ပြီး နားထောင်သူမှာ ဆရာမယွန်း ဖြစ်ပါ၏။
ဆရာမမြသည် စကားပြောရင်း လမ်းလျှောက်ရင်းနှင့်ပင် သူတို့ဆီလာနေသော အရိပ်ကလေးနှစ်ခုကို မြင်လိုက်သဖြင့် စကားစရပ်ကာ ဆရာမယွန်းကို မေးဆတ်ပြလိုက်၏။ ထိုအရိပ်နီးကပ်လာချိန်တွင် မြင်လိုက်ရသည်မှာတော့ သျှင်မိုးနွယ်နှင့် ပွင့်ဖူးသစ်ပင်။
“မိုးနွယ်”
“ဖူးသစ်”
‘မိုးနွယ်’ ဟုခေါ်လိုက်သူမှာ ဆရာမယွန်းဖြစ်ကာ ‘ဖူးသစ်’ ဟုခေါ်လိုက်သူမှာတော့ ဆရာမမြဖြစ်၏။
“ဆရာမသုန္ဒြေ ဆရာမကို သမီးခြင်းကူဆွဲပေးမယ်နော်”
“ဆရာမသန္တာခြင်းကို ကူသယ်ပေးချင်လို့ပါ ဆရာမ”
သျှင်မိုးနွယ်နှင့် ပွင့်ဖူးသစ်တို့နှစ်ယောက်စလုံး မတိုင်ပင်ထားပါဘဲ သက်ဆိုင်ရာ ဆရာမတို့ဆီမှ ခြင်းကို ကူသယ်ပေးလိုက်၏။ သူတို့ကူသယ်ပေးပြီး မကြာသောအချိန်တွင် ကြည်ပြာနှင့် အေးချမ်းတို့သည်လည်း အနားသို့ရောက်လာသည်ပင်။
ရောက်လာသည်နှင့် ကြည်ပြာက ဆူပွပွပုံစံနှင့် ဆရာမတို့ကို လှမ်းတိုင်တော့၏။
“ဆရာမယွန်း ဆရာမမြ အဲနှစ်ယောက်ကလေ ဆရာမတို့ကို မြင်တာနဲ့ ပြေးတာမှ တန်းနေရော။ သမီးတို့မယ် မနည်းလိုက်လာရတယ်။”
ဤတွင် ဆရာမမြသန္တာက ရယ်ကာ
“မနည်းလိုက်နေရတယ်လို့သာ ပြောတာကွယ်။ ချွေးတောင် တစ်စက်မတွေ့ရဘူး။ ဟိုနှစ်ယောက်ကသာ ချွေးတွေ ထွက်ပြီး မောနေတာ။”
“ဟာ ဆရာမနော်”
မျက်နှာအီလည်လည်ဖြစ်သွားသူကတော့ ခင်ကြည်ပြာပင်။
ခင်ကြည်ပြာ၏ အီလည်လည်ပုံစံကိုကြည့်ကာ ဆရာမနှစ်ယောက်လုံးရယ်မိသွားကြ၏။ သျှင်မိုးနွယ်နှင့် ပွင့်ဖူးသစ်တို့ကတော့ လျှာလေးထုတ်ပြလျှက်။ အေးချမ်းမေသည်တော့ မနိုင်ပါဘူးဆိုသော သဘောဖြင့် ခေါင်းခါမိသွားသည်ပင်။