အပိုင်း (၀၈)
ခြင်းကလေးဆွဲပြီး ဆရာမတို့ဘေးလျှောက်ကာ ဆရာမမျက်နှာတစ်ကမ္ဘာဖြစ်နေသော နှစ်ယောက်နှင့် ထိုနှစ်ယောက်ကို ကြည့်ကာ မျက်စောင်းများ ပစ်သွင်းနေသောနှစ်ယောက်။ ကြားတွင် ပြုံးရယ်နေကြသော ဆရာမငယ်ငယ်နှစ်ဦး။ သူတို့၏ပုံရိပ်မှာ ဆောင်းရာသီညနေခင်း၏ပန်းချီတစ်ခုအလား လှပနေပေ၏။
ကျောင်းသူလေးယောက်နှင့် ဆရာမနှစ်ဦးကြားရှိ အငွေ့အသက်မှာ အေးချမ်းကာ လှပနေလျက်ရှိသည်။ လမ်းလျှောက်ကြရင်းနှင့်ပင် အဆောင်သို့ရောက်မှန်းမသိ ရောက်လာခဲ့ပါ၏။ ထိုအခါ ဆရာမမြကနေ၍
“သမီးတို့က ဆရာမတို့ အခန်းဘေးကမှန်းသိပေမဲ့ ဒီလောက်ဆိုရပါပြီကွယ်။”
“ဆရာမရပေမဲ့ သမီးကတော့ မရပါဘူး။” ဟု သျှင်မိုးနွယ်နှင့် ပွင့်ဖူးသစ်တို့ဆီက သံပြိုင်ထွက်လာ၏။
“သဘော သဘော” ဟု ဆရာမမြက ပြောကာ မနိုင်ပါဘူးဆိုသော သဘောဖြင့် ခေါင်းခါလိုက်၏။ ဆရာမယွန်းသည်တော့ ခပ်ပြုံးပြုံးဖြင့်သာ။ အခန်းရှေ့သို့ရောက်သော် ဆရာမမြက နေ၍
“အခန်းရှေ့ရောက်ပြီကွယ်။ သမီးတို့လဲ နားကြတော့။ ဪ ပြောဖို့ မေ့တော့မလိုပဲ။ သမီးတို့ စာမေးစရာရှိရင် ဘေးအခန်းကိုသာ လာလိုက်သိလား။ ဆရာမယွန်းရော ဆရာမမြပါ ရှိတယ်နော်။”
“ဟုတ်ကဲ့ပါ ဆရာမ” လေးယောက်စလုံး ဖြေလိုက်ကြသည်ပင်။
သျှင်မိုးနွယ်နှင့် ပွင့်ဖူးသစ်တို့သည်တော့ အခန်းရှေ့ရောက်ပြီဖြစ်သောကြောင့် ဆရာမတို့ကို ခြင်းလေးပြန်ပေးလိုက်၏။ ထိုအခါ ဆရာမမြကပင်
“ကျေးဇူးတင်ပါတယ် သမီးတို့ရယ်”
သျှင်မိုးနွယ်က “ရပါတယ် ဆရာမတို့ရယ်။ သမီးတို့ ဆရာမတို့ခြင်းကို ဆွဲပေးချင်လွန်းလို့ကို လာဆွဲပေးတာပါရှင့်။”
ဆရာမယွန်းက ပြုံးကာ “အတတ်ကလေး” ဟု ခပ်တိုးတိုးရေရွတ်လိုက်သံကိုတော့ မည်သူမျှ မကြားပါပေ။
လေးယောက်စလုံးဆရာမတို့ကို နှုတ်ဆက်ကာ ကိုယ့်အခန်းကိုယ် ပြန်ဝင်လိုက်ကြသည်ဖြစ်၏။
အခန်းထဲတွင် အတွေးလွန်ကာ ပျော်တပြုံးပြုံးဖြစ်နေသူကတော့ သျှင်မိုးနွယ်ပါပေ။ ဆရာမယွန်း၏ အပြုအမူ အမူအရာတစ်ခုစီတို့ကို တစိမ့်စိမ့်တွေးကာ ပြုံးနေမိခြင်းဖြစ်ပါ၏။ ဆရာမယွန်း၏ အပြုံးသည် သူ့ရင်ကို အေးမြစေ၏။ သူသည် ဆရာမယွန်းကို အမြဲပြုံးပျော်စေချင်ပါသည်။
တစ်ဖက်တွင် ဝေခွဲမရဖြစ်နေသူကတော့ ပွင့်ဖူးသစ်ဖြစ်ပါ၏။ ဆရာမမြ၏ ပြောဆိုဟန် နှင့် ကိုယ်အမူအရာတို့မှာ သူ့စိတ်ထဲရှိ မိန်းကလေးတစ်ဦးကို သတိရစေ၏။ ထိုမိန်းကလေးမှာ သူ့ထက် ခုနစ်နှစ်ကြီးကာ သူလေးနှစ်သမီးအရွယ်အထိ အတူရှိခဲ့သော သူ၏ ကစားဖော် ကစားဖက်မမကြီးဖြစ်၏။ မမနှင့် ပတ်သတ်သော မှတ်ဉာဏ်များမှာ ယခု အသက်နှစ်ဆယ်အထိ တစ်ခုချင်းမှတ်မိနေဆဲ။ မေ့နိုင်မည်မဟုတ်သော အမှတ်တရများဖြစ်၏။ ထိုအကြောင်းကို တွေးနေစဉ်တွင် နှလုံးသားစည်းချက်များမှာ ယခင်ကနှင့် မတူဘဲ ပိုကျယ်လောင်နေသည်မှာ ရင်ပင် မောလာသလိုရှိသဖြင့် မတွေးတော့ဘဲ လုပ်စရာရှိသည်များကို လုပ်ရန်ပြင်တော့၏။
……..
ဤသို့ဖြင့် အချိန် တစ်လသည် ကုန်ဆုံးမှန်း မသိ ကုန်ဆုံးသွားလေပြီ။ သျှင်မိုးနွယ်သည် ဆရာမယွန်းအချိန်ကို မသိမသာမျှော်တတ်ခဲ့ပြီဖြစ်သလို ပွင့်ဖူးသစ်သည်လည်း ဆရာမမြအချိန်ကို မျှော်တတ်ခဲ့ပြီဖြစ်၏။
ထို့အပြင် သျှင်မိုးနွယ်နှင့် ပွင့်ဖူးသစ်တို့သည် ကျောင်းဆင်းချိန်တိုင်း ဆရာမတို့ကို ခြင်းဆွဲပေးမြဲ ခြင်းဆွဲပေးဆဲ။ ခင်ကြည်ပြာနှင့် အေးချမ်းမေလည်း ထိုနှစ်ယောက်နှင့်အတူ လိုက်ပေးရစမြဲ။ ညနေတိုင်း ခြောက်ယောက်အတူပြန်ဖြစ်ကြဆဲ ပြန်ဖြစ်ကြမြဲ။ တစ်ချို့ရက်များတွင် ဆရာမတို့နှင့် ထိုအုပ်စုသည် ကျောင်းပါ အတူသွားဖြစ်ကြ၏။ ဤသို့ဖြင့် ဆရာမလေးတို့နှင့် ဤကျောင်းသူလေးဦးတို့သည် အရင်ကထက် တစ်စတစ်စပိုရင်းနှီးလာရ၏။
ထို့အတူ ပွင့်ဖူးသစ်၏ ဆရာမမြပေါ် ခံစားချက်သည်လည်း ထင်ရှားရင်း ထင်ရှားလာကာ သူကိုယ်တိုင် သတိထားမိလာခဲ့ပြီဖြစ်၏။ အနှီခံစားချက်များကို ဆရာမမြ မသိအောင် ဖုံးကွယ်ထားရင်း အနားတွင်သာ ရသလောက်ကပ်တွယ်ရန် ကြိုးစားနေရသည်သာ။
………
ကျောင်းဖွင့်ရက် ဒုတိယအပတ်မှစ၍ ယခုအချိန်အထိ Tutorial နှင့် Assignment မရှိသော အပတ်ဟူ၍ မရှိပါပေ။ တစ်ချို့အပတ်များတွင် ငါးရက်စလုံး Tutorial နှင့် Assignment များနှင့် ပြည့်နေတတ်၏။ ထိုကြားထဲတွင် နှစ်ပတ်တစ်ခါ Presentation ကလဲ ရှိသေးသည်။
စာသင်ခန်းထဲတွင်ဖြစ်၏။
ယခုအချိန်တွင် သျှင်မိုးနွယ်တို့ အုပ်စုသည် Business Management ဆရာမပေးသော နောက်တစ်ချိန်တွင် ပြောရမည့် Presentation ခေါင်းစဉ် အတွက် ပြင်ဆင်နေကြခြင်းဖြစ်၏။ Presentation ပြီး နောက် နှစ်ချိန်တွင်လည်း Tutorial နှစ်ခုကလဲ ရှိသေးသည်။
ထို့ကြောင့် စီနီယာများက ကျောင်းနာမည်ကို University of Tutorial and Assignment ပြောင်းသင့်သည်ဟု ပြောသွားသည်မှာ မဆန်းလှ။ သူတို့ကိုယ်တိုင်သည်လည်း ထိုသို့နာမည်ပြောင်းရန် ပါချုပ်ကို ပြောချင်စိတ်ပင် ပေါက်လာနေပြီဖြစ်၏။
ပွဲမဝင်ခင် အပြင်ကကျင်းပဆိုသော စကားအတိုင်း Presenter လုပ်မည့် သျှင်မိုးနွယ်နှင့် ပွင့်ဖူးသစ်တို့ မပြောခင်တွင် အစမ်းလေ့ကျင့်နေကြခြင်းဖြစ်၏။ နောက်နာရီဝက်အကြာတွင် ဆရာမဝင်တော့မည်။ ထို့ကြောင့် ဆရာမ မဝင်ခင် တစ်ခေါက်ရရ နှစ်ခေါက်ရရ ဟူသောသဘောဖြင့် ပြောနေကြခြင်းဖြစ်၏။
နာရီဝက်ကြာသောအချိန်တွင် ဆရာမဝင်လာခဲ့ပြီဖြစ်သည်။ ကျောင်းသားတို့သည်လည်း ဆရာမတို့ကို ထနှုတ်ဆက်၏။ ဆရာမက ထိုင်ရန် အမူအရာပြကာ Presentation လုပ်မည်ဖြစ်ကြောင်းပြောပါသည်။ ကျောင်းသားများ လှုပ်လှုပ်ရွရွဖြစ်သွားပြီဖြစ်၏။ ဆရာမက ချောင်းတစ်ချက်ဟန့်သောအခါ ကျောင်းသားတစ်အုပ်လဲ ငြိမ်သက်သွားကြပြီ။ ထိုအခါ ဆရာမက အဖွဲ့အစဉ်ကို မဲနှိုက်ရွေးမည်ဖြစ်ကြောင်း အစဉ်အတိုင်း လုပ်ရမည်ဖြစ်ကြောင်း ပြောကာ မဲစနှိုက်တော့၏။
ကျောင်းသားအားလုံး ရင်တထိတ်ထိတ်။ သျှင်မိုးနွယ်တို့ အုပ်စုသည်လည်း ထို့အတူပင်။ ပထမဆုံးလုပ်ရမည့်အဖွဲ့ကို ကြေညာသောအခါ အခြားအဖွဲ့ဖြစ်နေသည်ဖြစ်၍ သျှင်မိုးနွယ်တို့ သက်ပြင်းအသာချမိကြ၏။
အစဉ်များမဲနှိုက်ရွေးချယ်ပြီးပြီဖြစ်သည်။ သျှင်မိုးနွယ်တို့အုပ်စုမှာ ဒုတိယမြောက်လုပ်ရမည်ဖြစ်၍ အသင့်ပြင်ဆင်နေကြပြီ။ ပထမဆုံးလုပ်သည့်အဖွဲ့ပြီးသည်နှင့် သျှင်မိုးနွယ်နှင့် ပွင့်ဖူးသစ်တို့ စတင်ပြောရမည်။ သို့ရာတွင် မထင်မှတ်ထားသည်က ပထမအဖွဲ့ပြောနေသည့်အချိန်တွင် Commerce ဌာနက ပါမောက္ခတစ်ဦးနှင့်အတူ ဆရာမမြ နှင့် ဆရာမယွန်းတို့ရောက်လာကြခြင်း။
သျှင်မိုးနွယ်တို့ အလှည့်ရောက်လာပြီဖြစ်၏။ စင်ပေါ်သို့ရောက်သော် နောက်ဆုံးတန်းတွင် ရှိနေသော ပါမောက္ခနှင့် ဆရာမယွန်းတို့ကို မြင်လိုက်ရသည်။ ရင်ထဲထိတ်သွားပြီဖြစ်၏။ စိုးရိမ်စိတ်တို့ ကြီးစိုးလာရ၏။ ဆရာမယွန်းမှနေ၍ သူ့ကို ကြည့်ကာ ပြုံးပြသည်ကို မြင်သော် စိတ်တင်းကာ ပြောလိုက်ရ၏။ အသံမတုန်အောင် ထိန်းလိုက်နိုင်သော်လည်း လက်များတုန်နေသည်ကိုတော့ မထိန်းလိုက်နိုင်။
ပွင့်ဖူးသစ်သည်လည်း ပါမောက္ခတို့ကို မြင်သော် လန့်သွားရသည်ပင်။ ဆရာမမြကြည့်နေသော အသိဖြင့် စိတ်ကို တင်းကာ ပြောလိုက်ရခြင်းဖြစ်၏။ အသံသည်တော့ အနည်းငယ်တုန်ရီနေလျက်။ ပြောပြီးသည်နှင့် ဆရာမမြကို ကြည့်လိုက်မိသော် “တော်တယ် သမီး” ဟု ပါးစပ်လှုပ်ရုံပြောလိုက်သော ဆရာမကို မြင်လိုက်ရသောကြောင့် အလိုလိုနေရင်း ပြုံးမိသွားပေ၏။
Presentation ပြီးသော် တစ်ခွီခွီနှင့်ရယ်နေသော ခင်ကြည်ပြာနှင့် အေးချမ်းမေကို မြင်လိုက်သဖြင့် ထုထောင်းချင်စိတ်များပေါ်လာသူကတော့ သျှင်မိုးနွယ်နှင့် ပွင့်ဖူးသစ်။ ခင်ကြည်ပြာက တိုးတိုးတိုးတိုးဖြင့် ပြော၏။ “ကံဆိုးသူ မယ်ရှင်နှစ်ယောက်ပဲ။ သူတို့အလှည့်အရောက်မှ ပါမောက္ခတို့ရောက်လာရတယ်လို့။”
“ဟုတ်ပဟယ်။ သျှင်မိုးနွယ်တို့များ လက်တွေတောင်တုန်လို့၊ ပွင့်ဖူးဆို အသံတောင် တုန်နေသေး။” အေးချမ်းမေက ပြောလိုက်ခြင်းဖြစ်၏။
“ပါမောက္ခ ရောက်လာတာကို ဘယ်သူက မလန့်ဘဲနေမလဲ။ နင်တို့အလှည့်ရောက်ရင် ဘယ်လိုနေမလဲ ကြည့်ရသေးတာပေါ့။”
ဤသို့ကြိမ်းလိုက်သူကတော့ သျှင်မိုးနွယ်နှင့် ပွင့်ဖူးသစ်တို့ပင်ဖြစ်၏။ နောက်တွင် ခင်ကြည်ပြာက သတင်းတစ်ခုကို သတိရစွာ ပြောပါ၏။
“အဲပါမောက္ခက ငါတို့အဆောင်ရဲ့ အဆောင်မှူးအသစ်ဟ”
“ဟယ်” ဤသည်မှာ ကျန်သုံးယောက်၏ အာမေဋိတ်အသံဖြစ်၏။ အနောက်ရှိ ဆရာမများကြားမည်စိုးသောကြောင်း တိုးတိုး တိုးတိုးဖြင့်သာ ပြောနေကြခြင်းဖြစ်ပါ၏။
ညနေအပြန်တွင်တော့ စကားနည်းလွန်းလှသည့် ဆရာမယွန်းသည်ပင် presenter တို့ကို ချီးကျူးလိုက်သဖြင့် တက်ပြောရသည်မှာ တန်သည်ဟု တွေးမိသူမှာတော့ တစ်မိုးအောက်တစ်ယောက်
သျှင်မိုးနွယ်ဖြစ်ပါသည်။ သို့သော် မကြာလှသောအချိန်တွင် စကားနည်းလွန်းလှသည့် ဆရာမယွန်းဆီက အဆူခံရမည်ကိုတော့ သူတို့လေးယောက်စလုံး သတိထားမိခြင်း မရှိပါလေ။