အပိုင်း (၀၉)
ပထမဆုံးအချိန် အတန်းဆင်းပြီးချိန်တွင် ဖြစ်၏။ သျှင်မိုးနွယ်တို့အခန်းသို့ ပထမနှစ်ကျောင်းသူတစ်ဦးရောက်လာကာ
“အစ်မသျှင်မိုးနွယ်၊ အစ်မပွင့်ဖူးသစ်၊ အစ်မခင်ကြည်ပြာနဲ့ အစ်မ အေးချမ်းမေတို့ကို ဆရာမယွန်းနဲ့ ဆရာမမြတို့က ဌာနကို လာခဲ့ပါလို့ ညီမကို ပြောဖို့ မှာလိုက်ပါတယ်”
ထိုစဉ် အကြည့်အားလုံးက သူတို့လေးဦးဆီသို့ ရောက်လာ၏။ သူတို့လေးဦးသည်လည်း အချင်းချင်းပြန်ကြည့်မိကြသည်ပင်။ သို့သော် ဆရာမတို့ကို အချိန်ကြာကြာစောင့်ခိုင်း၍ မဖြစ်သည်ကို သိသောကြောင့် လေးယောက်သား အမြန်လစ်ကြတော့၏။
ဌာနနားသို့ရောက်သော် လေးယောက်သားမဝင်ရဲသဖြင့် တွန့်ဆုတ်တွန့်ဆုတ်။ သျှင်မိုးနွယ်က ဌာနထဲသို့ အသာချောင်းလိုက်သော် တည်တင်းနေသော ဆရာမယွန်းနှင့် ဆရာမမြကို တွေ့၏။ ရင်ထဲထိတ်သွားပေသည်။ နောက်သို့လှည့်ကာ ကျန်သုံးယောက်ကို အခြေအနေမကောင်းဘူးဟူသော သဘောဖြင့် ခေါင်းခါပြ၏။
ကျန်သုံးယောက်မှာတော့ သျှင်မိုးနွယ်၏နောက်ဘက်ကို ကြည့်ကာ လန့်နေပေသည်။ သျှင်မိုးနွယ်သည်လည်း နောက်ကျောမှ အေးစက်စက်အငွေ့အသက်ရလိုက်သောကြောင့် ထိတ်ခနဲ။ နောက်လှည့်ကြည့်သော် ဆရာမယွန်းက ဝင်ဟူသောသဘောဖြင့် မေးဆက်ပြလာ၏။ လေးယောက်စလုံး ကုပ်ကုပ်ကလေး ဝင်လာတော့သည်။
ဆရာမမြသည်တော့ ထိုလေးယောက်ပုံကို ကြည့်ကာ ရယ်ချင်ချင်။ သို့သော် ပြောစရာရှိသည်ကို ပြောရမည်ဖြစ်၍ တည်တံ့စွာသာ နေနေပေ၏။ ဆရာမယွန်းက သူ့နေရာတွင်သူ ထိုင်လိုက်ပြီးသော် လေးယောက်စလုံးကို တည်တင်းနေသော အမူအရာနှင့်ကြည့်ကာ
“သမီးတို့”
“ရှင့်”
လေးယောက်စလုံးဆီမှ သံပြိုင်ထွက်လာသော အသံဖြစ်သည်။
“ဆရာမ သမီးတို့ကို စာလုပ်ပါလို့ မှာထားလား မမှာထားဘူးလား။”
“မှာထားပါတယ်။ ဆရာမ”
သျှင်မိုးနွယ်၏ ဖြေသံ။
“လုပ်ရော လုပ်ရဲ့လား”
“မလုပ်ပါဘူး ဆရာမ”
ဤသည်မှာ ခင်ကြည်ပြာ၏အသံ။ ဆရာမယွန်း မျက်စောင်းက ခင်ကြည်ပြာဆီသို့ ဒိုင်းခနဲ။ ကျန်သုံးယောက်မှာ ရယ်ချင်လာသော်လည်း ဆရာမယွန်း၏ မျက်စောင်း သူတို့ဆီရောက်မည်စိုး၍ မရယ်ရဲ။ ဆရာမမြသည်တော့ ပြုံးကာသာ ခေါင်းခါလိုက်မိသည်ပင်။
နောက်ဆရာမယွန်းကနေ၍
“အမှန်အတိုင်းတော့ ဖြေသားပဲ။ တစ်ခါလဲ မဟုတ် နှစ်ခါလဲမဟုတ်။ Tutorial စစ်တိုင်း ဒီလေးယောက် တလွဲတွေချည်းဖြေနေတာ။ မှားလိုက်ရင်လဲ တစ်ပုံတည်းကွယ်။ အဖြေလွှာကြည့်တာနဲ့ မင်းတို့ ရမ်းသန်းဖြေထားမှန်း ဆရာမက သိတယ်။ အာ့ကြောင့် အခုလို ခေါ်သတိပေးရတာပဲ။ ဒီနေ့မှ စပြီး စာသေချာလုပ်နော်။ နောက်တစ်ခါ ထပ်မခေါ်ချင်ဘူး။”
“ဟုတ် ဟုတ်ကဲ့ပါ ဆရာမ”
လေးယောက်စလုံး မျက်နှာငယ်လေးနှင့် ဖြေ၏။ ဆရာမယွန်းပြောပြီးသည်နှင့် ဆရာမမြကပါ ဝင်၍
“သမီးတို့ တလွဲတွေ ရမ်းဖြေထားတာ Accounting တစ်ခုတည်း မဟုတ်ဘူးနော်။ ဆရာမဘာသာလဲ ပါတယ်။ စာသေချာလုပ်ကြကွယ်။ ဆရာမတို့က စေတနာနဲ့ ပြောတာပါ။ ကဲ ကဲ သွားချေတော့ မသိတာရှိရင်လဲ ဆရာမတို့ကို လာမေး။ ကြားလား။”
“ဟုတ် ဟုတ်”
နောက်တွင် မျက်နှာငယ်လေးနှင့် အလျှိုလျှိုထွက်သွားကြလေ၏။ ဆရာမမြသည်တော့ ဆရာမယွန်းကို ကြည့်ကာ ခေါင်းခါမိသည်။ ဆရာမယွန်းအတွက်ပါမက မိမိကိုယ်တိုင်အတွက်ပါ ခေါင်းခါမိသည်ဖြစ်၏။ ဆရာမယွန်းရော မိမိပါ ထိုကလေးတို့ကို အခြားတပည့်လေးများထက် သံယောဇဉ်ပိုတွယ်မိလာပြီလေ။ ဆရာမယွန်းကိုပဲ ကြည့်ပါလား။ Tutorial တွေမှာ ကလေးတွေ ဘယ်လောက်တလွဲလုပ်လုပ် အခန်းထဲမှာပဲ သတိပေးပြီး ဘယ်သူ့ကိုမှ ဌာနထိ ခေါ်မဆူဖူးတဲ့ ဆရာမက ဒီသျှင်မိုးနွယ်တို့ကိုတော့ ခေါ်ဆူပါသတဲ့။ ပုံမှန်စကားနည်းတဲ့ ဆရာမယွန်းက ဒီကလေးတွေကို စကားများများပြောပါသတဲ့။
ဆရာမယွန်းသည်တော့ သျှင်မိုးနွယ်၏ မျက်နှာငယ်လေးကို မျက်စိထဲ၌ မထွက်နိုင်။ သောကြာနေ့ညနေတွင် ဆရာမမြနှင့်တကွ အဆောင်နေကလေးများအိမ်ပြန်ကြသော်လည်း အိမ်မပြန်ဘဲ သူ့ကိုစောင့်နေတတ်သော ကလေးမလေး။ စနေ၊ တနင်္ဂနွေနေ့များ၌ သူ့ကို အဖော်ပြုပေးတတ်သော ကလေးမလေး။ အို သူမတွေးချင်တော့ပါ။ စာစစ်စရာရှိသည်တို့ကိုသာ ဆက်စစ်နေတော့သည်။
သျှင်မိုးနွယ်တစ်ယောက်မှာလည်း ဆရာမယွန်း၏ မျက်နှာတည်တည်နှင့် ဆူနေပုံကို မျက်စိထဲက မထွက်။ ဆူပြီးနောက်ဖြစ်သွားသော ဆရာမ၏ ဝမ်းနည်းခြင်းအရိပ်အငွေ့ကိုလဲ သူသတိထားမိသည်။ ထို့ကြောင့် ယနေ့ကစ၍ စာသေချာလုပ်ရန် စိတ်ဆုံးဖြတ်လိုက်၏။
ဆရာမယွန်းနှင့် ဆရာမမြတို့သည် သျှင်မိုးနွယ်တို့ အုပ်စုအား ခေါ်ဆူလိုက်သဖြင့် ညနေခင်းအဆောင်ပြန်ချိန်တွင် ထိုကလေးတို့ သူတို့ကို စောင့်မည်မဟုတ်ဟုသာ တွက်ထားကြပေ၏။ သို့သော် ညနေ သုံးနာရီခွဲအချိန်တွင် သဇင်ဆောင်က ထွက်လာသော် သူတို့ကို စောင့်နေကြသော ကလေး လေးယောက်ကို တွေ့လိုက်ရသောကြောင့် ပြုံးမိရသည်ပင်။ သျှင်မိုးနွယ်သည် ဆရာမယွန်း၏ ခြင်းကို လှမ်းယူပေးလိုက်သကဲ့သို့ ပွင့်ဖူးသစ်သည်လည်း ဆရာမမြ၏ ခြင်းကို ကူဆွဲပေးလိုက်သည်သာ။
ထိုအခါ ဆရာမယွန်းက မနေနိုင်စွာဖြင့် “ဆရာမတို့ကို စိတ်မဆိုးဘူးလား” ဟု မေးလိုက်သော် “ဆရာမက သမီးတို့ကို ကောင်းစေချင်လို့ဆူတာပဲဟာ။ သမီးတို့စိတ်မဆိုးရက်ပါဘူး။” ဟူသော သမီးမိုးနွယ်၏အဖြေကိုရ၏။ ကျန်သုံးယောက်သည်လဲ သျှင်မိုးနွယ်၏ အဖြေကို ထောက်ခံလျက်သား။ ဆရာမနှစ်ယောက်သည်လည်း ထိုကလေးလေးယောက်ကို ချစ်စရာလေးတွေဟု တွေးလိုက်မိပေသည်။
အဆောင်သို့ရောက်သော် ရေမိုးချိုးပြီးသည်နှင့် စာအသေအကြေလုပ်နေသော သျှင်မိုးနွယ်ကို ကျန်သုံးယောက် တွေ့လိုက်ရ၏။ အချင်းချင်းအကြည့်တို့ဖြင့် စကားပြောနေကြသည်။ သူတို့ဆိုလိုသော အဓိပ္ပာယ်မှာကား
“ပုံမှန်ဆို ဆရာမစကားကို တစ်နားဝင် တစ်နားထွက်တဲ့ သျှင်မိုးနွယ်တို့က ဆရာမယွန်းက တစ်ခွန်းကို တစ်ခွန်း ပြောလိုက်တာနဲ့လိမ္မာသွားလိုက်တာများ” ဟူ၍ ဖြစ်၏။
ဟုတ်သည်။ သျှင်မိုးနွယ်သည် သူနားထောင်ချင်တဲ့စကားကိုသာ နားထောင်သောသူဖြစ်သည်။ ကျန်သုံးယောက် ဆရာမစကား ဆယ်ခွန်းလျှင် ခုနစ်ခွန်းလောက် နားထောင်ကာ လိုက်နာကြသည်က များသော်လည်း အနှီသျှင်မိုးနွယ်သည်တော့ ဆယ်ခွန်းပြောမှ တစ်ခွန်းနားထောင်သည့်သူ ဖြစ်သည်လေ။ သူတို့သုံးယောက်စလုံး အကြည့်ဖြင့် ထပ်ပြောလိုက်သည်က
“သျှင်မိုးနွယ်ကို နိုင်မည့်သူ တွေ့ပြီ”
“တစ်ခုခုဆို ဆရာမယွန်းကို သွားတိုင်ရအောင်” ဟုသာ။
မျက်လုံးချင်းစကားပြောကြပြီးသည်နှင့် သူတို့သည်လည်း ဆရာမစကားနားထောင်ကာ သျှင်မိုးနွယ်နည်းတူ စာကြိုးစားကြလေသတည်း။