အပိုင်း (၁၀)
အခုရက်ပိုင်းတွင် သျှင်မိုးနွယ်သည် သူ့ဆရာမသုန္ဒြေ၏မူမမှန်မှုကို သတိထားမိနေ၏။ မူမမှန်မှုဟု ဆိုသောကြောင့် အခြားမထင်ပါနှင့်။ ဆရာမ၏လှုပ်ရှားမှုနှင့် မျက်နှာအမူအရာမှာ နွမ်းလျလျက်ရှိသည်ကိုလည်းကောင်း အသံမှာ ယခင်ကထက် အနည်းငယ် ပျော့နေသည်ကိုလည်းကောင်း ဆိုလိုခြင်းဖြစ်ပါ၏။
ယခုအချိန် အဆောင်ပြန်လမ်း၌ ဆရာမသုန္ဒြေတစ်ယောက် လမ်းလျှောက်နေပုံမှာ ယိုင်နဲ့နဲ့။ သျှင်မိုးနွယ်နှင့်တကွ ဆရာမမြနှင့် ကျန်သုံးယောက်သည်လည်း ဆရာမယွန်းအတွက် စိတ်ပူလှသည်။ ဆေးခန်းသွားရန် ဆရာမမြက ပြောသော်လည်း ခေါင်းမာလှသော ဆရာမယွန်းမှာ တုတ်တုတ်မျှမလှုပ်။ ဒေါ်ယွန်းလဲ့သုန္ဒြေဟုခေါ်သော သူငယ်ချင်းမအကြောင်း ကောင်းကောင်းသိသော ဒေါ်မြသန္တာခမျာ နားချနိုင်မည်မဟုတ်မှန်းသိသောကြောင့် အရိပ်တကြည့်ကြည့်ဖြင့်သာ စောင့်ကြည့်နေရသည်။
လမ်းလျှောက်နေရင်းနှင့်ပင် ဆရာမယွန်းတစ်ယောက် လဲမလို ထပ်ဖြစ်သွားပြန်၏။ ဤသို့ဖြင့် သျှင်မိုးနွယ်တစ်ယောက် မနေနိုင်စွာဖြင့် ဆရာမခြင်းကို အနားရှိ အေးချမ်းမေကို ပေးလိုက်ကာ ဆရာမရှေ့တွင် ထိုင်၍
“ဆရာမသုန္ဒြေ သမီးကျောပေါ်တက်။ အဆောင်ထိ ကုန်းပိုးပေးမယ်။”
သျှင်မိုးနွယ်၏ ထိုအပြုအမူကြောင့် အနားရှိလူငါးယောက်လုံး အံ့ဩသွားကြပေသည်။ အပြောခံရသော ဆရာမယွန်းသည်တော့ သျှင်မိုးနွယ်ကို ကြည့်ကာတုတ်တုတ်မျှပင် မလှုပ်ပါလေ။ မျက်လုံးများသည့်တော့ ဂနာမငြိမ်ဖြစ်နေကာ ပါးများမှာ နီရဲနေသယောင်။ သေချာသည်ပေါ့။ ဆရာမယွန်း ရှက်နေသည်လေ။
တုံ့ပြန်မှု မရသဖြင့် သျှင်မိုးနွယ်တစ်ယောက် အနောက်သို့လှည့်ကြည့်သော် ပါးများနီရဲနေကာ ကြက်သေသေနေသော ဆရာမယွန်းကို မြင်လိုက်ရသည်ပင်။ ဆရာမယွန်းတစ်ယောက် ရှက်နေသည်ပုံမှာ ချစ်စရာဟုတွေးမိသွားသော်လည်း ခပ်တည်တည်ဖြင့်ပင်
“ဆရာမသုန္ဒြေ သမီးကုန်းပိုးတာမခံရင် သမီးက ဆရာမကို မင်းသမီးလေးလို ပွေ့ချီသွားမှာ။”
“ဒီကလေး ဆရာမကို ဆရာမမှန်းသိ။ လူကို ပွေ့မယ်လေး ဘာလေးနဲ့။” ဟုပြောပြီး ပွစိပွစိရေရွတ်နေသူမှာ ဒေါ်ယွန်းလဲ့သုန္ဒြေပါလေ။
“ဆရာမ သမီးကျောပေါ်မတက်ရင် သမီးက ချီမသွားမှာ။” ပြောရင်း တကယ်ချီမသွားမည့်ဟန်ပြင်နေသော သျှင်မိုးနွယ်ကို ကြည့်ကာ မနိုင်မှန်းသိသောကြောင့် ဆရာမယွန်းတစ်ယောက် သျှင်မိုးနွယ်ကို မျက်စောင်းထိုးကာ ဆူပုတ်ပုတ်ကလေးဖြင့်
“တက်မယ်။ တက်မယ်။ မိုးနွယ်တို့ကို ဆရာမဒေါ်ယွန်းလဲသုန္ဒြေမနိုင်ပါဘူးရှင်။” ဟု ဆူအောင့်အောင့်အသံဖြင့် ပြောကာ သျှင်မိုးနွယ်ကျောပေါ်သို့တက်လိုက်၏။
ထို ဆရာတပည့်နှစ်ယောက်ကိုကြည့်ရင်း အကဲခတ်နေသူမှာတော့ ဆရာမမြနှင့် အေးချမ်းမေပင်။ ခင်ကြည်ပြာသည်တော့ ထိုနှစ်ယောက်ကို ကြည့်နေသော်လည်း အာရုံထဲသိပ်မထားပါလေ။
မြသန္တာ၏ အတွေးထဲတွင် သူငယ်ချင်းယွန်းလဲ့၏ တစ်ဖက်ခြမ်းကို မြင်တွေ့လိုက်ရသလို ခံစားမိ၏။ သူ၏သူငယ်ချင်း ယွန်းလဲသည် အခုလို ချွဲနွဲ့နွဲ့ပြောတတ်သည်လား။ ဤသို့သော ယွန်းလဲ့သုန္ဒြေ၏ပုံစံကို ကျောင်းသူဘဝကတည်းကပင် မမြင်ဖူးပါ။ ယွန်းလဲ့သည် အေးတိအေးစက်နှင့် စကားနည်းသူဖြစ်ကာ သူ့ကိစ္စကလွဲအခြားအကြောင်းအရာတို့ကို စိတ်ထဲတွင် မရှိ။ အလုပ်တစ်ခုလုပ်နေလျှင် ထိုနေရာတွင်သာ အာရုံရှိကာ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်သမျှတို့ကို သတိထားမိခြင်း မရှိပါသောသူ။ ယွန်းလဲ့၏ တည်ငြိမ်သော ဟန်ပန်ကြောင့် မည်သူမျှစကားမပြောရဲသောအချိန်တွင် မြသန္တာတစ်ဦးတည်းကသာ စကားစပြောရင်း သူငယ်ချင်းဖွဲ့ခဲ့၏။
အကင်းပါးသူဖြစ်သော ဆရာမမြမှာ သျှင်မိုးနွယ်၏အမူအရာကို ကြည့်ကာ သျှင်မိုးနွယ်သည် စစတွေ့ချိန်တုန်းကတည်းက ဆရာမယွန်းအပေါ် အခြားသူများနှင့် မတူ ပိုပိုသာသာသံယောဇဉ်ရှိနေသည်ကို သတိထားမိ၏။ နောက်ပိုင်းတွင် သျှင်မိုးနွယ်၏ အပြုအမူများမှာ သူ၏သူငယ်ချင်းဖြစ်သော ယွန်းလဲ့ပေါ်တွင် မြတ်နိုးခြင်း အရိပ်အယောင်များနှင့် တန်ဖိုးထားခြင်း အရိပ်အယောင်များ ရှိနေသည်ကို ရိပ်စားမိသည်။ သည်ကလေးနှင့်သာဆိုလျှင် သူ၏သူငယ်ချင်းမလေးကို စိတ်ချထားနိုင်မည်လား။ ယခုအချိန်တွင် ဆရာတပည့်စည်းရှိနေစေကာမူ သူတို့နှင့် ဤကလေးတို့သည် အသက်ကွာလှခြင်းမရှိပါ။ ဆရာမအဖြစ်သာ တွေ့ဆုံခဲ့ခြင်းမရှိပါက သူတို့သည် ဤကလေးတို့၏ အစ်မသာ ဖြစ်မည်လေ။
သို့သော် ‘ငါဘာတွေတွေးနေတာလဲ။ မဟုတ်သေးပါဘူးလေ။’ ဟူ၍သာ ဤအတွေးကို အဆုံးသတ်လိုက်ပါ၏။
အေးချမ်းမေသည်တော့ သျှင်မိုးနွယ်ကို ကြည့်ကာ စကားပြောဖို့ရာ လိုနေပြီဟု စဉ်းစားမိ၏။ သူငယ်ချင်းမ၏ အပြုအမူများမှတစ်ဆင့် သူခံစားမိနေသည်မှာ ဆရာမယွန်းကို မြတ်နိုးခြင်း၊ တန်ဖိုးထားခြင်းနှင့်အတူ လက်တွဲဖော်ကို ထားရှိသော ချစ်ခြင်းမေတ္တာကိုပင်။ သို့သော် သူ့စိတ်ထဲတွင် အလိုလိုသိနေသည်မှာကား သျှင်မိုးနွယ်ဟူသောသူငယ်ချင်းမသည် သူ့ခံစားချက်ကို သူကိုယ်တိုင်ပင် မသိဟု။
ကာယကံရှင်နှစ်ယောက်မှာမူ နီးကပ်နေမှုကြောင့် ရင်ခုန်နေသလို ခံစားချက်နှင့်တကွ ရှက်ရွံ့ခြင်းကိုလဲ တစ်ပြိုင်တည်း ခံစားနေရသလို။ သေချာကြည့်မည်ဆိုပါလျှင် သူတို့နှစ်ဦးစလုံး၏ ပါးပြင်ကလေးများနှင့် နားရွက်ဖျားတို့မှာ နီရဲနေသည်ကို မြင်တွေ့ရလိမ့်မည်။
ဆရာမတို့၏ အဆောင်ရှေ့သို့ရောက်သည်အထိ သျှင်မိုးနွယ်မှာ ဆရာမယွန်းကို အောက်ချမပေးမိ။ ထို့အတူ ဆရာမယွန်းသည်လည်း ဆင်းဖို့ရာ သတိမရ။ အနားရှိ ဆရာမမြက မသိမသာ ချောင်းဟန့်လိုက်မှသာ နှစ်ဦးစလုံးသတိရကာ သျှင်မိုးနွယ်သည် ရှက်ရှက်နှင့် ချပေးဖို့ရာ သတိရလိုက်သလို ဆရာမယွန်းသည်လည်း ဆင်းဖို့ရာ သတိရ၏။ သို့နှင့် ဆရာမယွန်းတစ်ယောက် အေးချမ်းမေဆီက ခြင်းကို ဆွဲယူလိုက်ကာ အခန်းထဲသို့ ဝင်သွားလေ၏။
ဆရာမမြသည် သျှင်မိုးနွယ်ကို ဆက်နေဖို့ရာ အချက်ပြလိုက်ပြီးနောက် ကျန်ကလေးသုံးယောက်ကို အခန်းထဲ ဝင်စေလိုက်သည်။ ဤသို့ဖြင့် အခန်းရှေ့တွင်ကျန်နေသူ ဆရာမမြနှင့် သျှင်မိုးနွယ်တို့ နှစ်ဦးသာဖြစ်၏။ နောက်တွင် ဆရာမမြကနေ၍ သျှင်မိုးနွယ်ကို စကားစလာ၏။
“သျှင်မိုးနွယ် သမီး”
“ဟုတ်ကဲ့ပါ ဆရာမ”
“မနက်ဖြန်နေ့လယ် သမီး အိမ်ပြန်မှာလား”
“မပြန်ပါဘူး ဆရာမ”
“သမီးကို တစ်ခုလောက် တောင်းဆိုချင်တယ်ကွယ်”
ထိုစကားကြောင့် အံ့ဩရသူမှာ သျှင်မိုးနွယ်ပင်။ သိချင်စိတ်သည်လည်း လွန်ကဲသွားရကာ ဆရာမပြောမည်ကိုသာ နားစွင့်လိုက်ပါ၏။
“သမီး ဆရာမယွန်းအခြေအနေကို တွေ့တယ်မလား”
“ဟုတ်”
“သမီးဆရာမယွန်းက တွေ့တဲ့အတိုင်း နေသိပ်ကောင်းတာ မဟုတ်ဘူးကွယ်။ ဆေးခန်းသွားဖို့ကိုလဲ ပြောလို့မရဘူး သမီးရဲ့။ အဲတာလေ မနက်ဖြန်နေ့လယ်နဲ့ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ သမီးဆရာမယွန်းကို ဂရုစိုက်ပေးနိုင်မလားကွယ်။ ဆရာမမြ မဖြစ်မနေ အိမ်ပြန်ရမှာမို့ပါကွယ်။ သမီးစိတ်ထဲ ဆရာမယွန်း မဖြစ်မနေဆေးခန်းသွားရမယ်လို့ ခံစားလာရရင် သူ့ကို ဆေးခန်းရအောင်လွှတ်နော်။ ဆရာမမြတောင်းဆိုတာလေးကို လုပ်ပေးနိုင်မလား။”
“ဟုတ်ကဲ့။ ဆရာမသုန္ဒြေကို သမီးသေချာ စောင့်ရှောက်ထားလိုက်ပါ့မယ်။”
“စိတ်ချမယ်နော် သမီး”
“စိတ်ချလိုက်ပါ ဆရာမမြ။”
ပြုံးကာ ပြောလာသူကို မြသန္တာတစ်ယောက် စိတ်ချမိသွားရ၏။ “ဆရာမဝင်တော့မယ်နော်” ဟုဆိုလာသော် “ဟုတ်ကဲ့” ဟု ပြန်ဖြေလာသော ကလေးမလေးကို ကြည့်ကာ ပြုံးရင်း အခန်းထဲသို့ ဝင်လာလိုက်၏။ အခန်းထဲသို့ရောက်သော် အိပ်ပျော်နေသော ယွန်းလဲ့ကိုမြင်သဖြင့် “ငါ့သူငယ်ချင်းလေးပင်ပန်းနေပြီပဲ” ဟု ရေရွတ်လိုက်မိရင်း တိုးတိတ်စွာသာ စာဖတ်နေလိုက်၏။
သျှင်မိုးနွယ် အခန်းထဲသို့ ဝင်လာသောအခါ သူငယ်ချင်းသုံးယောက်က ဆရာမမြ ဘာပြောသလဲဟု မေးဆတ်လာသဖြင့် ဆရာမယွန်းကို စောင့်ရှောက်ပေးဖို့ရာ မှာလိုက်ကြောင်းကို ပြောပြလိုက်၏။ ခင်ကြည်ပြာက သူနေခဲ့ရမလားဟုပြောသော် ရပါကြောင်း အချက်ပြကာ ကိုယ့်နေရာကိုယ်ပြန်ရင်း စာဖတ်ဖို့ရန်သာ ပြင်လိုက်သည်။
မကြာသောအချိန်တွင် အေးချမ်းမေ မေးလာသော စကားတစ်ခွန်းကြောင့် အခန်းထဲရှိ လူအားလုံး အာစေးမိသွားရလေပြီဖြစ်သည်။