အပိုင်း (၁၁)
“သျှင်မိုးနွယ် ငါနင့်ကို မေးစရာရှိတယ်။”
“မေးလေ အေးချမ်းရဲ့။”
“နင် ဆရာမယွန်းပေါ် ဘယ်လိုသဘောထားရှိလဲ။ အင်း…. ပြောရရင် ဆရာမယွန်းကို ထားတဲ့ ခံစားချက်ဆို ပိုမှန်မယ်။”
အမေးခံရသော သျှင်မိုးနွယ်သည်သာမက နားထောင်နေပါသော ပွင့်ဖူးနှင့် ကြည်ပြာသည်ပါ ခေါင်းထောင်ကာ အေးချမ်းမေကို အူကြောင်ကြောင်လေး ကြည့်နေကြ၏။ သုံးယောက်စလုံးဘာပြောရမှန်းမသိသကဲ့သို့ အာစေးမိနေလျက်။ ထိုအခါ အေးချမ်းမေက စိတ်မရှည်စွာဖြင့်
“သျှင်မိုးနွယ် ဖြေလေ”
“ဟမ် ဪ အင်း အင်း ဖြေမယ် ဖြေမယ်”
သျှင်မိုးနွယ်ဆိုတဲ့ သူငယ်ချင်းမက တကယ့်အူကြောင်ကြောင်လေးပါပဲ။ ၁၅၀၀ အချစ်ဆိုတာ ဘာမှန်းမသိသေးသည်အထိ ဖြူစင်လွန်းသော သူငယ်ချင်းမလေးကို ကြည့်ပြီး အေးချမ်းမေတစ်ယောက် ရင်လေးမိလာသည်။ သူအတွေးပင် မဆုံးလိုက် သျှင်မိုးနွယ်တစ်ယောက် အတွေးစစကလေးဖြင့် ဖြေလာ၏။
“ဘယ်လိုပြောရမလဲ။ အစကတော့ ဆရာမသုန္ဒြေကို ကြည့်ပြီး ဒီအတိုင်းခင်ချင်လာတာပဲ။ ဆရာမရဲ့ အနေအေးတဲ့ ပုံစံလေးက တကယ် ချစ်စရာကောင်းတယ်လို့ ခံစားမိတယ်။ အာ့ကြောင့် ရင်းနှီးအောင် ကြိုးစားတယ်။ ရင်းနှီးလာတော့ တဖြည်းဖြည်းနဲ့ ပိုသံယောဇဉ် တွယ်လာသလိုပဲ။ ပြီးတော့လေ….”
“အင်း”
“ငါလေ ငါ…. ဆရာမသုန္ဒြေကို စောင့်ရှောက်ချင်လာတယ်။ သူပျော်တာလေးကို မြင်ချင်တယ်။ သူပြုံးတဲ့ပုံစံလေးက တကယ်ချစ်စရာကောင်းပြီး လှတယ်။ ယဉ်ယဉ်အေးအေးလေး။ အရိပ်တကြည့်ကြည့်ကို ဂရုစိုက်ပေးချင်လာတာ။ သူ့မျက်နှာ တစ်ချက်ညှိုးတာနဲ့ကို ငါမနေတတ်တော့ဘူး။ သူအဆင်မပြေတာ တွေ့ရင်လေ ဘာဖြစ်ဖြစ် လုပ်ပေးချင်လာတော့တာပဲ။ ပြီးတော့လေ နောက်ခံစားချက်တစ်ခု ရှိသေးတယ်။”
“ဘာလဲ။ ရင်ထဲ တစ်ခါမှမခံစားဖူးတဲ့ ခံစားချက်မျိုးရတာလား။ ရင်ထဲ တဒိတ်ဒိတ်ဖြစ်လာတာမျိုးလား။ သူနဲ့ အခြားဘယ်သူနဲ့ဖြစ်ဖြစ် အရမ်းရင်းနှီးနေတာတွေ့ရင် နင်သဘောမကျဖြစ်တာမျိုးလား။ ပြီးတော့ နင့်အနားအမြဲရှိနေစေချင်တာမျိုး။”
သူ့ခံစားချက်ကို သိနေသလို ပြောလာတဲ့ အေးချမ်းမေကို သျှင်မိုးနွယ်တွေတွေလေး ငေးကြည့်မိ၏။ ပွင့်ဖူးသစ်နှင့် ခင်ကြည်ပြာတို့သည်လည်း အေးချမ်းမေကို တစ်လှည့် သျှင်မိုးနွယ်ကို တစ်လှည့် ကြည့်နေကြပေ၏။ သျှင်မိုးနွယ်ကို အဖြေကို စောင့်နေကြသလို။ နှစ်ယောက်စလုံး၏ ရင်ထဲမှာတော့ သျှင်မိုးနွယ်က ဟုတ်တယ်လို့ ဝန်မခံစေချင်။ ဤသည်က အချစ်ဆိုတာကို သူတို့ရိပ်မိကြသည်။ ခက်ခဲပြီး ပင်ပန်းမဲ့ အချစ်မီးထဲသို့ သူငယ်ချင်းကို မတိုးစေချင်။ မိန်းကလေးအချင်းချင်းဖြစ်နေရုံသာမက ဆရာတပည့်စည်းပါခြားနေလေပြီ။ အဓိကအကြောင်းအရာသည်တော့ ဆရာမယွန်း၏ သဘောထားကို သူတို့မသိရခြင်းပင်။
တွေတွေလေးခေါင်းငြိမ့်လာသော သျှင်မိုးနွယ်ကို ကြည့်ကာ သုံးယောက်စလုံး သက်ပြင်းချမိကြ၏။ ခင်ကြည်ပြာသည်တော့ မချိတင်ကဲဖြစ်စွာဖြင့် “နင်ဟာလေ” ဟုသာ ပြောနိုင်လိုက်၏။
သူခေါင်းငြိမ့်လိုက်တော့ ဖြစ်လာသည့် သူငယ်ချင်းသုံးယောက်၏ အမူအရာကို ကြည့်ကာ သျှင်မိုးနွယ်တစ်ယောက် ဘာဖြစ်လို့ ဒီလိုဖြစ်နေရသလဲဟူသော အမူအရာနှင့်ကြည့်လာ၏။ ထိုအခါ ပွင့်ဖူးသစ်က သျှင်မိုးနွယ်၏ ပုခုံးနှစ်ဖက်ကို ကိုင်ကာ လှုပ်ရမ်းလာပြီး
“နင် ဆရာမယွန်းကို ချစ်မိနေပြီ။ ပုံမှန် ဆရာတပည့်အချစ်မဟုတ်ဘဲ လက်တွဲဖော်လို အချစ်မျိုးဟဲ့။”
“ဟမ် ဘယ်လို ဘယ်လို။ ငါ ငါကလေ ဆရာမသုန္ဒြေကို…. အဲလို…. အဲလိုမျိုး ချစ်မိတာလား”
မျက်လုံးပြူး မျက်ဆံပြူးနှင့် ပြန်မေးလာသော သျှင်မိုးနွယ်။ ဆရာမယွန်းပေါ် ဤသို့သော ခံစားချက်ရှိနေသည်ကို သူ့ကိုယ်သူလက်မခံနိုင်သေး။ စိတ်ထဲတွင် မိမိကိုယ်ကို အပြစ်တင်စိတ်များဝင်လာရ၏။
“ဆရာမက ငါ့ကို ရိုးရိုးသားသား ဆက်ဆံတာကို ငါက ငါကလေ အဲလိုခံစားချက်မျိုး ရှိနေတာလား ဟင်”
မျက်ရည်ဝဲစွာဖြင့် မယုံကြည်နိုင်သကဲ့သို့ ပြောလာသော သျှင်မိုးနွယ်ကို ကြည့်ကာ ကျန်သုံးယောက်မှာ စိတ်မကောင်းဖြစ်မိသည်။ သို့သော် မတတ်နိုင်၊ ဤသည်မှာ တစ်ချိန်မဟုတ် တစ်ချိန်သတိထားမိမည့်ကိစ္စဖြစ်ကာ စောစောသိလျှင် ပိုကောင်းလေဖြစ်သည်။ မသိလိုက်ပါဘဲ ဒီထက်ပို၍ ခံစားချက်တွေနက်ရှိုင်းလာပါလျှင် သျှင်မိုးနွယ် ဒီထက်ပို၍ ခံစားရမည်။
ခင်ကြည်ပြာက သျှင်မိုးနွယ်ကို ကြည့်ကာ ပြော၏။
“နင်အခု စိတ်အေးအေးထားပြီး ကိုယ့်ကိုယ်ကိုယ်လက်ခံနိုင်အောင် ကြိုးစားလိုက်ဦး။ သေချာစဉ်းစားပြီး နင့်ဆုံးဖြတ်ချက်ကို ငါတို့ကိုပြော။ ဘာပဲဖြစ်ဖြစ် နင်က ငါ့သူငယ်ချင်းပဲ။ ဟုတ်ပြီလား။”
အေးချမ်းမေနှင့် ပွင့်ဖူးသစ်ကို ကြည့်လိုက်တော့ သူတို့သည်လည်း ‘နင့်နားမှာ ငါတို့ရှိတယ်နော်’ ဟူသော အကြည့်ဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်ရသောကြောင့် သျှင်မိုးနွယ်ပြုံးမိသွားလေသည်။
သို့ရာတွင် ဆရာမယွန်းလဲ့သည် သျှင်မိုးနွယ်၏ရင်ထဲတွင် ဖယ်ရှား၍ မရနိုင်သည်အထိ တွယ်ငြိနေပြီဟူအချက်ကို သျှင်မိုးနွယ်ကိုယ်တိုင်ပင် သတိထားမိခြင်းမရှိပါပေ။
……….
နောက်တစ်နေ့ မနက်၌
ဒေါ်မြသန္တာ ပုံမှန်ထနေကျ မနက် ခြောက်နာရီတွင် အလိုလိုနိုးလာပေ၏။ နိုးလာ၍ ဘေးကုတင်မှ သူငယ်ချင်းကို ကြည့်လိုက်သော် အိပ်ပျော်နေသေးသည်ဖြစ်သော ကြောင့် ခဏနေနိုးလာမှာပါလေ ဟူသော သဘောဖြင့် မျက်နှာသစ်သွားတိုက်ရန် အလို့ငှာ အခန်းထဲက ထွက်လာခဲ့သည်။
မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးပြီးပြန်ရောက်လာသည်အထိ နိုးမလာသော သူငယ်ချင်းမကို ကြည့်ကာ သူ့စိတ်ထဲမသင်္ကာတော့။ သို့ဖြင့် အနားသို့သွားကာ ကိုယ်ပူစမ်းလိုက်သော် ကိုယ်ခြစ်ခြစ်တောက် ပူနေသော ယွန်းလဲ့။ စိတ်ထဲထိတ်သွားရ၏။ ဆေးခန်းမသွား သွားအောင် မရမက ပြောလိုက်ရင် ကောင်းသားလို့ တွေးလိုက်မိ၏။ သို့သော် အခုမှတော့ ဘာမှမထူးတော့။ အဆောင်မှူးကို အသိပေးကာ အိမ်မပြန်ခင်အချိန်ကလေးတွင် ယွန်းလဲ့ကို သူကိုယ်တိုင်သာ ပြုစုပေးတော့မည်။
အဆောင်မှူး ဒေါ်အေးမြတ်သစ္စာ တစ်ယောက် ယွန်းလဲ့၏ ဖျားနေပြီဟု သိသိချင်းမှာပင် ယွန်းလဲ့တို့နေသော အခန်းကို အပြေးရောက်လာကာ တံခါးခေါက်လာပေသည်။ ဆရာမမြသည်လည်း တံခါးခေါက်သံကြားသောကြောင့် အဆောင်မှူးလာပြီဟု သိလိုက်သဖြင့် တံခါးဖွင့်ပေးလိုက်၏။ ထိုအခါအဆောင်မှူးက စိတ်ပူစွာဖြင့်
“ယွန်းလဲ့လေး ဖျားနေတယ်ဆို ဘယ်လိုဖြစ်တာလဲ မြရယ်”
“ယွန်းနေမကောင်းဖြစ်ချင်သလို အားနည်းနေတာ လေးငါးရက်လောက် ရှိနေပြီ ဆရာမရယ်။ သမီးသူ့ကို ဆေးခန်းသွားပါ ပြောတာလဲ ပြောမရဘူး။ ပေတေတေနေနေတာ။ အခုတော့ ဖျားပြီ။”
ဒေါ်အေးမြတ်သစ္စာတစ်ယောက် ယွန်းလဲ့ကိုကြည့်ကာ သက်ပြင်းသဲ့သဲ့သာ ချမိသည်။ ယွန်းလဲ့သုန္ဒြေနှင့် မြသန္တာတို့မှာ ဒီအဆောင်တွင်နေရင်း ကျောင်းတက်ခဲ့သော သူ့တပည့်ကလေးတွေ ဖြစ်၏။ ယွန်းလဲ့သည် ကျောင်းသူဘဝကတည်းက အခုထိ ကျန်းမာရေးဂရုမစိုက်ကာ ပေတေတေနေသော ကလေးမလေးဖြစ်သည်။ ‘ဆရာမဖြစ်တာတောင် ဒီအကျင့်က မပျောက်သေးဘူးကိုး’ ဟုတွေးမိသည်။
ဒေါ်မြသန္တာနှင့် ဒေါ်ယွန်းလဲ့သုန္ဒြေသည် ဆရာမအဖြစ် အလုပ်လုပ်နေပြီဖြစ်စေကာမူ ဒေါ်အေးမြတ်သစ္စာအတွက်တော့ အဖိုးတန်တပည့်လေးတွေသာ။ မိဘမဲ့ကလေးဖြစ်သော ယွန်းလဲ့လေးကို သမီးအရင်းတစ်ယောက်ကဲ့သို့ ပိုဂရုစိုက်သကဲ့သို့ အိမ်အဆင်မပြေသော မြသန္တာလေးကိုလဲ သနားစိတ်ပိုကာ သမီးကလေးကဲ့သို့ စောင့်ရှောက်ပါသည်။ ဤသည်မှာ ဆရာမတစ်ယောက်၏ မေတ္တာတရားပင်။
“အေးကွယ်။ သမီးယွန်းရဲ့ ခေါင်းမာတဲ့အကျင့်က မပျောက်သေးဘူးကိုး။ ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ပါနဲ့ သမီးမြရယ်။ ဆရာမ ဆရာဝန်ခေါ်လိုက်ပါမယ်ကွယ်။ သမီးစိတ်ချလက်ချသာပြန် ဟုတ်ပြီလား။”
“ဟုတ်” ဟု မျက်နှာငယ်ငယ်ဖြင့် ခေါင်းငြိမ့်လာသော ဆရာမမြပါလေ။
“သမီး ဆရာမသုန္ဒြေအတွက် ဆရာဝန်ခေါ်လိုက်မယ်နော်”
သူတို့နောက်မှ အသံလေးတစ်သံကြား၍ ဆရာမဒေါ်အေးမြတ်သစ္စာနှင့် ဒေါ်မြသန္တာတို့ လှည့်ကြည့်သော် အခန်းရှေ့တွင် ဖုန်းလေးကိုင်ကာ မတ်တပ်ရပ်နေသော သျှင်မိုးနွယ်ကို တွေ့လိုက်ရတော့၏။