အပိုင်း (၁၂)
သျှင်မိုးနွယ်တစ်ယောက် ညက သူ့စိတ်သူ တွေးရင်း အတွေးလွန်ကာ ကောင်းကောင်းအိပ်မပျော်သကဲ့သို့ မနက်တွင်လည်း ပုံမှန်ထက် စောစီးစွာနိုးနေပေ၏။ ပြန်အိပ်ရန်ပြင်နေစဉ်တွင်ပင် တံခါးခေါက်သံသဲ့သဲ့ကြားလိုက်ရသည်ဟု ခံစားမိသောကြောင့် အခန်းရှေ့ထွက်ကြည့်သော် မည်သူမျှမရှိ။ အထဲပြန်ဝင်မည်လုပ်စဉ် ဘေးအခန်းတံခါးပွင့်နေသည်ကို မြင်သောကြောင့် ခြေသံဖော့ဖော့ဖြင့် ဘေးအခန်းကို ချောင်းကြည့်မိတော့ အိပ်ပျော်နေသော ဆရာမသုန္ဒြေနှင့် ကုတင်ဘေးတွင် စကားပြောနေကြသော ဆရာမဒေါ်အေးမြတ်သစ္စာနှင့် ဒေါ်မြသန္တာတို့ကို မြင်လိုက်ရ၏။ ခိုးနားထောင်ဖို့ရာ စိတ်ကူးမရှိသော်လည်း ဆရာမယွန်း ဖျာနေသည်ဟု သိလိုက်ရသောကြောင့် နေရာတွင် တောင့်ခနဲ။
ဆရာဝန်ခေါ်မယ်ဟုပြောလိုက်သော အဆောင်မှူး၏ အသံကို ကြားလိုက်ရသော် သူ မနေနိုင်စွာဖြင့် အခန်းရှေ့ရပ်ကာ
“သမီး ဆရာမသုန္ဒြေအတွက် ဆရာဝန်ခေါ်လိုက်မယ်နော်” ဟု ပြောလိုက်မိ၏။
သူ့အသံကြားသောကြောင့် အနောက်သို့လှည့်လာသော ဆရာမနှစ်ယောက်။ နှစ်ဦးစလုံး အံ့ဩသွားဟန်ရှိကာ ဒေါ်အေးမြတ်သစ္စာကနေ၍
“သမီးမှာ အသိဆရာဝန်တွေများ ရှိလို့လားကွဲ့”
“ဟုတ် သမီးမိဘတွေနဲ့ သမီးအစ်မက ဆရာဝန်တွေပါ။”
ဖေဖေကတော့ လောကကြီးမှာ မရှိတော့ဘူး ဆရာမရယ်လို့တော့ မပြောဖြစ်ပါ။
“အလို သမီးက ဆရာဝန်မျိုးရိုးကပဲ။ ဆရာမအကူအညီတောင်းပါတယ်ကွယ်”
“ဟုတ်ကဲ့” ဟုပြောကာ အဆောင်ထဲ ဝင်သွားသော သျှင်မိုးနွယ်။
……..
Night Duty အခုမှပြီးသဖြင့် အိမ်မပြန်ဘဲ ဆေးရုံအိပ်ဆောင်တွင် မေလင်းနွယ်တစ်ယောက် အိပ်ဖို့ရာကြံနေစဉ်တွင် ဖုန်းမြည်သံကြားလိုက်ရ၏။ အိပ်ချင်ပါတယ်ဆိုမှ စောစောစီးစီးဘယ်သူခေါ်နေမှန်းမသိ ဟုတွေးကာ စိတ်ပေါက်ပေါက်ဖြင့် ဖုန်းပြန်ပိတ်မည်အလုပ် ဖုန်းခေါ်သူကိုကြည့်လိုက်တော့ သူ၏တစ်ဦးတည်းသော ညီမဖြစ်သူက မဆက်မဖူး ဆက်သည်ဖြစ်သောကြောင့် ဖုန်းကိုင်ကာ ဆူအောင့်အောင့်လေသံဖြင့်
“မဆက်စဖူး ဆက်တဲ့ သျှင်မိုးနွယ်တစ်ယောက် ဆက်တော့လဲ လူအိပ်ချိန်ပါလား ဟေ့။”
“လူအိပ်ချိန်မဟုတ်ဘူး။ ခြောက်နာရီကျော်နေပြီ။ ညီမလေးကို ရစ်ချင်ရင် နောက်မှ ရစ်ပါ မမရယ်။ အခုက အရေးကြီးလို့။”
“ဘာလဲ ပြော”
“ညီမလေးအဆောင်ကို လာခဲ့ပေးပါလား မမရယ်။ ညီမလေးရဲ့ ဆရာမ တော်တော်ဖျားနေလို့။”
“ဟင်” အံ့ဩသွားရသူမှာ မေလင်းနွယ်။
“မမရေ မေးစရာရှိတာ နောက်မှမေး။ ပြီးရင် ပြောပြပါမယ်။ နော်။”
ဆူအောင့်အောင့်နှင့် ချွဲလာသော ညီမဖြစ်သူကြောင့် ”အင်း အင်း” ဟုပြောကာ ဆေးသေတ္တာကို အမြန်ပြင်ဆင်ရင်း ညီမလေးရှိရာ အဆောင်သို့ ပြေးရန် ပြင်ရ၏။
ဆေးရုံကအထွက် ကားလေးနှင့်ရောက်လာသော အမေဖြစ်သူ ဒေါ်အေးသီတာနွယ်ကို တွေ့လိုက်ရ၏။ သူဆေးရုံကထွက်လာသည်ကို မြင်သော် မေမေက ကားပါကင်အမြန်ထိုးကာ သူ့နားရောက်လာပါ၏။
“သမီးရေ မနက်စောစောစီးစီး လောလော လောလောနဲ့ ဘယ်သွားမလို့တုန်း။ ညကလဲ Night Duty နဲ့မလား။”
“ဟုတ်တယ် မေမေရယ်။ ချစ်လှစွာသော ညီမလေးက မနက်စောစောစီးစီးဖုန်းခေါ်ပြီး သူ့ဆရာမဖျားနေလို့ အဆောင်ကို လာကြည့်ပေးပါဦးဆိုလို့လေ။ အပြေးထွက်လာရတာ။”
“ဟေ” ဒေါ်အေးသီတာနွယ်သည်လည်း အံ့ဩသွားရ၏။ ကျောင်းရောက်သည်နှင့် ပိုက်ဆံလိုချိန်မှလွဲ တစ်ခါမှ သတိတရ ဖုန်းဆက်၍ မလာသော၊ Night out ခွင့်ရချိန်တွင် အိမ်ပြန်လာဖို့ရာ ခေါ်သော်လည်း အိမ်တွင် တစ်ယောက်တည်း မနေချင်ဟုဆိုကာ အိမ်ပြန်မလာသော သျှင်မိုးနွယ်က သူ့ဆရာမ နေမကောင်း၍ မနက်စောစောစီးစီး အစ်မဖြစ်သူကို ဖုန်းဆက်လာသတဲ့။ ထိုဆရာမသည် သူ့သမီးအတွက် အရေးပါသောသူဖြစ်ရမည်ကို ရိပ်စားမိသောကြောင့် စနည်းနာရန် သူကိုယ်တိုင်သွားမည်ဟု ဆုံးဖြတ်လိုက်၏။
“သမီးရေ ဆေးရုံအုပ်ကို ကိစ္စရှိလို့ မေမေနောက်ကျမယ်လို့ ခွင့်တိုင်ပေးပါဦး။ ခွင့်တိုင်ပြီးရင် အနားယူလိုက်နော်။ သမီးညီမလေးဆီ မေမေပဲ သွားလိုက်ပါမယ်။”
“ဟုတ်ကဲ့ မေမေ” ဟုဆိုကာ ဆေးရုံအုပ်ကို ခွင့်သွားတိုင်ပြီးသည်နှင့် အိပ်ဆောင်သို့ ဝင်ကာ အိပ်လိုက်တော့၏။
…….
ဆယ့်ငါးမိနစ်ကြာသော်
အဆောင်ရှေ့တွင်ထိုင်ကာ လည်တမျှော်မျှော်လုပ်နေသော သျှင်မိုးနွယ်သည် အဆောင်နားသို့ ကားတစ်စီးတွေ့သည်နှင့် ကားနားသို့ အမြန်ပြေးသွားလိုက်၏။ ကားပါကင် ထိုးပြီးသည်နှင့် ထွက်လာသော သူကို ကြည့်လိုက်တော့ အံ့ဩရသူမှာ သျှင်မိုးနွယ်ပင်။
“သမီး မမကို ခေါ်လိုက်တာပါ။ ဘယ်လိုလုပ် မေမေက ရောက်လာတာလဲ။”
“ကိုယ့်အမေကိုတွေ့တာတောင် ဒီလိုနှုတ်ဆက်လိုက်တယ်ပေါ့လေ။ သမီးက မေမေ့ကို မမြင်ချင်ဘူးနဲ့ တူပါတယ်။”
“အဲလို မဟုတ်ပါဘူး မေမေရယ်။ လာပါ။ သမီးဆရာမကို ကြည့်ပေးပါဦး မေမေရယ်။”
“ဟုတ်ပါပြီ သမီးရယ်။ သမီးမမက အခုမှ Night Duty ပြီးတာမို့လို့လေ။ သူကျောင်းကို အလာ မေမေနဲ့ တွေ့တာနဲ့ မေမေကပဲ လာလိုက်တာ။ ကဲ သမီး လူနာဆီ မေမေ့ကို ပို့ပေးပါဦးကွယ်။”
“ဟုတ်ကဲ့”
သမီးငယ်၏ ဆရာမဆီသို့ ဒေါ်အေးသီတာနွယ်ရောက်ခဲ့ပေပြီ။ အခန်းရှေ့တွင် ရပ်နေသော သူ့ထက် အနည်းငယ်လောက်ငယ်မည့် ဆရာမကို ပြုံးပြကာနှုတ်ဆက်လိုက်ပြီး အထဲသို့ ဝင်သော် အိပ်ရာတွင် ချွေးစေးများပြန်ကာ အိပ်ပျော်နေသောဆရာမလေးတစ်ဦးနှင့် ဘေးတွေရေဝတ်တိုက်ပေးနေသော ဆရာမလေးတစ်ဦးကို မြင်လိုက်ရ၏။ ဆရာမလေးတို့၏ ပုံစံမှာ သမီးကြီးထက်ပင် ငယ်မည့်ပုံပင်။ ဖျားနေသော ဆရာမလေး၏ပုံစံလေးမှာတော့ အတော်လေးကိုပင် ဂရုဏာသက်စရာကောင်းလှပေ၏။
သူ များများစားစား ထပ်တွေးမနေတော့ဘဲ လူနာကိုသာ ကြည့်ရန်ပြင်လိုက်၏။ ဆရာမလေး၏မျက်နှာကို ကြည့်မိသောအခါ တစ်စုံတစ်ဦး၏မျက်နှာကို မြင်ယောင်လာသလို။ သို့သော် ဒေါ်သီတာနွယ် ဘာမျှထပ်တွေးမနေတော့ဘဲ လူနာကိုသာ သေချာစစ်ဆေးပေးတော့သည်။ သျှင်မိုးနွယ်က အမေဖြစ်သူ၏ လုပ်ပုံကိုင်ပုံများကို မျက်တောင်ခတ်မတမ်း ကြည့်နေကာ စစ်ဆေးပြီးသည်နှင့် တစ်ခါတည်း တန်းမေးတော့၏။
“မေမေ သမီးဆရာမ တော်တော်နေမကောင်းဖြစ်နေလားဟင်”
ဒေါ်အေးသီတာနွယ်က သက်ပြင်းသဲ့သဲ့ချလိုက်ကာ
“လူနာက အားမရှိသလိုဖြစ်တာ ဘယ်လောက်ကြာပြီလဲ”
ထိုအခါ ဒေါ်မြသန္တာက ဖြေ၏။
“လေးငါးရက်လောက် ရှိပါပြီ ဆရာမ။”
“ဒီကြားထဲ ဆေးခန်းမသွားဘူးလား။”
“ညီမဆေးခန်းသွားခိုင်းတာပဲ ဆရာမရယ်။ သူက ခေါင်းမာတယ် မသွားဘူး။”
“ဆရာမ အနေနဲ့ကတော့ ဆေးရုံတက်ဖို့ အကြံပေးချင်တယ်။ သူ့သွေးအားက တော်တော်နည်းနေတာ။ သွေးသွင်းမှ ဖြစ်လိမ့်မယ်။ သွေးအားနည်းတာနဲ့ ပင်ပန်းတာနဲ့ ပေါင်းပြီး အခုလိုဖျားသွားတာပါ။ နောက်တစ်ခါတော့ ဒီလိုမဖြစ်စေနဲ့။ ကြာရင် သူ့အတွက်မကောင်းဘူး။”
သွေးသွင်းရမည်ဟု အသံကြား၍ သျှင်မိုးနွယ် ဆရာမသုန္ဒြေရှိရာဆီ ကြည့်လိုက်သော် ဖြူရော်ရော်ဖြစ်နေသော နှုတ်ခမ်းကို တွေ့လိုက်ရ၏။ ဆရာမလေး၏ နှုတ်ခမ်းသည် ပုံမှန်အချိန်တွင်ပင် ရဲရဲစိုနေခြင်းမရှိသောကြောင့် မနေ့က သူဤသည်ကို သတိမထားမိခြင်းဖြစ်ပေ၏။
ဒေါ်အေးသီတာနွယ်စကားဆုံးသည်နှင့် ဒေါ်အေးမြတ်သစ္စာက
“ကျွန်မတပည့်လေး နေကောင်းရင် ဖြစ်ပါတယ် ဆရာမရယ်။ လိုအပ်သမျှ စီစဉ်ပေးပါ။ ကျွန်မ ဆေးရုံလိုက်ခဲ့ပါ့မယ်။”
“အာ့ဆို ကျွန်မကားပါလာတယ်။ ဆရာမလေးကို ခေါ်ပြီး ကျွန်မကားနဲ့ သွားကြတာပေါ့။ ဆရာမပါလိုက်ခဲ့ရင် ပိုကောင်းပါမယ်။”
“မေမေ သမီးလဲ လိုက်ချင်တယ်။”
ဒေါ်အေးသီတာနွယ် သမီးဖြစ်သူကို မလိုက်စေချင်သော်လည်း စိုးရိမ်နေသော အမူအရာကို မြင်လိုက်သော် မငြင်းနိုင်တော့ဘဲ လိုက်ခဲ့ဟုသော မေးဆတ်ပြလိုက်၏။
ဒေါ်မြသန္တာက ဆရာမဒေါ်အေးမြတ်သစ္စာကို ကြည့်ကာ “သမီးလိုက်ခဲ့လို့ရမလား” ဟုမေး၏။
“လိုက်ချင်ရင် သပ်သပ်လိုက်ခဲ့ပါ သမီးရယ်။ ဆရာမကို အားနာစရာကြီး။”
ဒေါ်အေးမြတ်သစ္စာက ဤသို့ပြောလာသော် ဒေါ်အေးသီတာနွယ်ကပင်
“မလိုပါဘူး ဆရာမရယ် ဆရာမလေးလဲ လိုက်ချင်ရင် တစ်ခါတည်း လိုက်ခဲ့ပါ။ ကျွန်မကို အားနာစရာမလိုပါဘူး။ ကားက လူကုန်ဆံ့ပါတယ်။”
“ကျေးဇူးတင်လိုက်တာ ဆရာမရယ်။ အားနာလိုက်တာ။”
“အားနာစရာမလိုပါဘူးရှင်။ သမီးလေးကို စောင့်ရှောက်ပေးနေတဲ့ ဆရာမတို့ကို ကျွန်မက တတ်နိုင်သမျှကူညီပေးတာပါပဲ။”
ဒေါ်အေးမြတ်သစ္စာက ကျေးဇူးတင်သော အပြုံးဖြင့် ဒေါ်အေးသီတာနွယ်ကို ပြုံးပြလိုက်ကာ ယွန်းလဲ့လေးကို ကားပေါ်တင်ရင် ပြင်ဆင်တော့၏။ ထိုအခါ သျှင်မိုးနွယ်ကနေ၍ ဆရာမယွန်းလဲ့ကို ချီမကာ ထွက်လာခဲ့တော့သည်။ ဒေါ်အေးမြတ်သစ္စာနှင့် ဒေါ်အေးသီတာနွယ်တို့မှာ အံ့ဩသွားသော်လည်း ဘာမျှမပြောပါချေ။
ဤသို့ဖြင့် ဆေးရုံသို့ ပြန်လာသော ဒေါ်အေးသီတာနွယ်၏ ကားလေးပေါ်တွင် လူလေးယောက်တိုးလာခဲ့တော့သည်။